← Chapters

တစ်စုံတစ်ယောက်နှင့် ဆက်ဆံရေးမှ အကျိုးအမြတ်ရရှိခြင်း

Vol. 06 Ch. 290

တစ်စုံတစ်ယောက်နှင့် ဆက်ဆံရေးမှ အကျိုးအမြတ်ရရှိခြင်း

Vol. 06 Ch. 290

ထန်ရှု ပြုံးလိုက်ကာ စကားဆက်မပြောတော့ချေ။ ချန်းကျီကျူံးသည် သူ၏တပည့်ဖြစ်သည်ကိုလည်း သူ မဖော်ပြချေ။ ဂီဇာဖက်တီးလီအား ယနေ့မှ သူ တွေ့ဖူးသောကြောင့် ထိုသူ၏အကျင့်စရိုက်အား သဘောကျသည့်တိုင် မလိုအပ်ဘဲ အပိုစကားများ မဆိုချင်ပေ။

ဂီဇာဖက်တီးလီသည်လည်း ချန်းကျီကျုံးနှင့် ထန်ရှုအကြောင်းအား ဆက်မပြောချင်တော့သည့်ဟန် ရှိသည်။ သူသည် ဆိုင်ပန်၏ ဒေသအခြေအနေနှင့် ဓလေ့စရိုက်အကြောင်းနှင့်တကွ သည်နေရာမှ နှစ်သက်ဖွယ်ကောင်းသော ဖျော်ဖြေမှုများအား ပြောင်းလဲပြောပြသည်။

“ညီငယ်လေး… မင်း ဒီကို လာတုန်းက အစီအစဉ်စာရင်း ရတယ်မဟုတ်လား။ မင်း ဘာတွေရွေးထားလဲဆိုတာ ဒီအစ်ကိုကြီးကို ပြောပြပါဦး။”

ဂီဇာဖက်တီးလီက ရုတ်တရက် ပြုံးကာ မေးသည်။

“ကျွန်တော် ၂ခုပဲ ရွေးထားတယ်။ တစ်ခုက ထိုင်းအနှိပ်ဖြစ်ပြီးတော့ နောက်တစ်ခုက နတ်သမီးခုနှစ်ဖော်အကပါ။”

ဂီဇာဖက်တီးလီ တစ်ချက်မျှ စိုက်ကြည့်မိပြီး သူ၏မျက်လုံးများသည် ပြူးကျယ်လာကာ အော်ဟစ်လိုက်သည်။

“မင်း ဘာပြောလိုက်တယ်။ နတ်သမီးခုနှစ်ဖော်အကကို ရွေးခဲ့တယ်ဟုတ်လား။ သောက်ကျိုးနည်း။ ကောင်းတယ်ကွာ။ သိပ်ကောင်းတာပဲ။ အဖွားရေ … ဒီဂီဇာဖက်တီးလီက အနည်းငယ် အိုသွားတော့ ဒီလိုစိတ်ဝင်စားစရာကို မရတော့ဘူး။”

မကြာမီ သူ၏မျက်နှာထက်တွင် အားကျသောအကြည့်များဖြင့် ပြည့်လာကာ

“ငယ်ရွယ်တာ သိပ်ကောင်းတာပဲ။ ငါသာ အတိတ်ကို ပြန်သွားလို့ရမယ်ဆိုရင်တောင် နတ်သမီးခုနှစ်ဖော်အကကို မရွေးရဲပေမယ့် အဲ့ဒီအတွေ့အကြုံတော့ လိုချင်သေးတယ်ကွာ။”

ထန်ရှုနှင့် ဂီဇာဖက်တီးလီအား နှိပ်နယ်ပေးနေသော မိန်းမချောလေးများပင် အမူအရာပြောင်းသွားကာ ထန်ရှုအား ကြည့်လာကြသည်။ အခန်းတွင်းရှိ မိန်းကလေး၄ယောက်၏ မျက်ဝန်းများမှ ရဲရဲတောက်နေသော အလင်းများပင် ထွက်လာသယောင်ရှိသည်။ ထန်ရှုသည် စိတ်ရှုပ်ထွေးသွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။

“အဲ့ဒီနတ်သမီးခုနှစ်ဖော်အကက ဘယ်လိုအစီအစဉ်မျိုးလဲ။”

“ဟမ် မင်း မသိဘူးလား။” ဂီဇာဖက်တီးလီက အံ့သြစွာ မေးသည်။

“ဟင့်အင်း” ထန်ရှုက ခေါင်းယမ်းပြသည်။ “အစီအစဉ်စာရွက်ကို ဖတ်ကြည့်တော့ ဒီအစီအစဥ်နာမည်လေးက ကောင်းမယ့်ပုံလေးဆိုပြီး ရွေးလိုက်တာ။”

“ဟား…ဟား…ဟား…”

ဂီဇာဖက်တီးလီ မျက်ရည်များထွက်အောင် အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထန်ရှုအား ကြည့်သော သူ၏အမူအရာမှာ စနောက်လိုဟန်ရှိသည်။ သူ၏ရယ်သံ တဖြည်းဖြည်း လျော့လာပြီးနောက်

“ညီငယ်လေး … အစ်ကိုကြီးက ဖြစ်ခဲပေမယ့် မင်းကို ဒီနေ့မှာတော့ လေးစားသွားပြီ။ နတ်သမီးခုနှစ်ဖော်အကကို ဘာမှန်းမသိပဲ မင်း ရွေးရဲတယ်ပေါ့ဟုတ်လား။ အဲ့ဒါ ဘာလဲဆိုတာကို အစ်ကိုကြီး ပြောပြမှာမဟုတ်ဘူး။ အချိန်တန်တော့ မင်းဘာသာ သိလာပါလိမ့်မယ်။ ဟားဟားဟား… ငါတို့ဖုန်းနံပါတ်တွေ လဲရအောင်။ နတ်သမီးခုနှစ်ဖော်အကကို ကြည့်ပြီး ဖြစ်လာမယ့် မင်းရဲ့ပုံစံကို ငါ ကြည့်ချင်နေပြီ ဟားဟားဟား။”

သူ၏အမူအရာကို ကြည့်ပြီး နတ်သမီးခုနှစ်ဖော်အကအကြောင်း ထန်ရှု ပိုမိုသိချင်သွားရသည်။ ထိုလူကြီးက သူ့အား ခန့်မှန်းရခက်အောင် လုပ်သွားသော်လည်း ထပ်မံမေးရန် သူ တွန့်ဆုတ်နေမိသည်။

ထိုဝန်ဆောင်မှုက နှစ်သက်ဖွယ်မကောင်းလို့များလား။ မည်သို့ပင်ဖြစ်စေ သူ တောင်းဆိုပြီးမှတော့ ထိုဝန်ဆောင်မှုအား သူ မြည်းစမ်းကြည့်ရပေမည်။

ထိုင်းအနှိပ်ခံပြီးသွားသော် ထန်ရှုသည် သူ၏အဝတ်အစားများအား ပြန်လည် ဝတ်ဆင်လိုက်သည်။ ဂီဇာဖက်တီးလီသည် သူ့ထက် နာရီဝက်စောပြီးသွားသော်လည်း ထွက်ခွာမသွားသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် ခန်းမအတွင်းတွင် အနံံ့အရသာကောင်းမွန်သော လက်ဘက်ရည်အား သောက်သုံးလျက် ဆေးပြင်းလိပ်ဖွာရင်း ထိုင်ခုံအား မှီကာ ထိုင်နေသည်။

“အို ညီငယ်လေး… ထိုင်းအနှိပ်ကို ဘယ်လိုသဘောရလဲ။”

ထန်ရှု ထွက်လာသည်ကို မြင်သောအခါ ဂီဇာဖက်တီးလီက ချက်ချင်း ပြုံးကာ မေးလာသည်။

“မဆိုးပါဘူးဗျ။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။

ဂီဇာဖက်တီးလီက မတ်တတ်ရပ်လိုက်ကာ အပြုံးဖြင့်

“ညီငယ်လေး… နတ်သမီးခုနှစ်ဖော်အကက များသောအားဖြင့် ညဘက်မှာ ပြုလုပ်တာ။ ငါတို့ အခု တစ်နေရာကို သွားကြရင်ရော ဘယ်လိုလဲ။”

ထန်ရှုက ဇဝေဇဝါဖြစ်သွားပြီး “ဘယ်ကို သွားမှာလဲ။”

ဂီဇာဖက်တီးလီက တခိခိရယ်မောရင်း “ကာစီနိုကိုပေါ့။”

ထန်ရှု စက္ကန့်အနည်းငယ်မျှ စဉ်းစားကာ ချီတုံချတုံဖြစ်နေပြီးမှ ခေါင်းညိတ်လျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အိုကေ … ကာစီနို သွားကစားကြတာပေါ့။ ဒါပေမယ့် ကျွန်တော်က လူဆင်းရဲတစ်ယောက်ဆိုတော့ ငွေနည်းနည်းပဲ ပါတယ်နော်။”

“ပြသနာ မရှိဘူး။ တို့ညီအစ်ကိုတွေ တွေ့ရတာ ရေစက်ရှိလို့ပဲ။ ငါ မင်းကို ဒီနေ့ ထောက်ပံ့ပေးမှာပေါ့ကွ။ မင်းရဲ့အစ်ကိုကြီးက တအား မချမ်းသာပေမယ့် ပျော်ဖို့အတွက် ၁.၈ဘီလီယံ ယူလာပါတယ်။ ကစားဖို့ ပြသနာမရှိလောက်ဘူး။”

ထန်ရှုက ခေါင်းကို ယမ်းလျက်

“ခင်ဗျား အဲ့လိုလုပ်ဖို့ မလိုပါဘူးဗျ။”

ဂီဇာဖက်တီးလီက သူ၏လက်ကိုဝှေ့ယမ်းကာ

“အဲ့ဒါတော့ မင်းဆုံးဖြတ်လေ။ မင်းမှာ ပိုက်ဆံရှိရင် ကစားတဲ့ငွေကြေးတွေ ဝယ်နိုင်တယ်။ မင်း ပိုက်ဆံကုန်သွားရင် ဒီအစ်ကိုကြီးကို လာပြော။ ငါတို့က ဒီနေရာကို အားလပ်ရက်အပန်းဖြေဖို့ ပျော်ဖို့ရွှင်ဖို့ လာတာလေကွာ။”

ထန်ရှုက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။ ဂီဇာဖက်တီးလီထံမှ ကြီးကဲသော  ခပ်ဖျော့ဖျော့အော်ရာတစ်ခုအား သူ ခံစားနိုင်သည်။ ထိုလူသည် နိုင်ငံရေးလောကမှ မဟုတ်သောကြောင့် စီးပွားရေးလောကတွင် လွှမ်းမိုးမှုရှိသည့် လူတစ်ယောက်ဖြစ်နိုင်ပေသည်။ ယွမ် ၁.၈ဘီလီယံသည် သူ့အတွက် စာမဖွဲ့လောက်သည့် ငွေပမာဏအနည်းငယ်သာ ဖြစ်နိုင်သည်။

လောင်းကစားရာတွင် မည်သို့ကန့်သတ်ရမည်ကို သိခြင်း။ သည်အချင်းအရာမှတဆင့် သည်ဂီဇာဖက်တီးလီသည် သာမန်မဟုတ်သော လူတစ်ယောက်သာဖြစ်ပေမည်။

စိတ်တွင်းမှ သက်ပြင်းချကာ ထန်ရှုသည် အပြင်ဘက်သို့ ထိုလူနှင့် ထွက်လာခဲ့သည်။ အပြင်ဘက်ခန်းမသို့ အရောက်တွင် ဂျက်စမင်းနှင့် မိုအားဝမ် ရောက်လာသည်။

“ထိုင်းအနှိပ်ကို စိတ်ကျေနပ်မှု ရှိပါရဲ့လား မစ္စတာထန်။”

“မဆိုးပါဘူး။ ကျွန်တော့်ခန္ဓာကိုယ်က အခုအတော်နေလို့ ကောင်းသွားတယ်။”

ထန်ရှုက အပြုံးဖြင့် ဖြေလိုက်သည်။

ဂီဇာဖက်တီးလီအား တစ်ချက်ကြည့်လိုက်ပြီး ဂျက်စမင်းက ပြုံးကာ ထပ်မေးသည်။

“အဲ့ဒါဆို နတ်သမီးခုနှစ်ဖော်အကကို အခု သွားကြည့်ကြတော့မလား။”

“အလျင်မလိုပါနဲ့ဦး။ ကျွန်တော် ဒီအစ်ကိုကြီးနဲ့ ကာစီနိုကစားဖို့ အရင်လိုက်သွားဦးမယ်။ အားဝမ် အခု အနားသွားယူချေတော့။ ကျွန်တော့်နောက်ကို လိုက်ဖို့မလိုဘူး။”

ထန်ရှုက ပြုံးကာ ပြောသည်။

“ဟုတ်ကဲ့။”

မိုအားဝမ်က ထိုစကားကြားသည်နှင့် ချက်ချင်း အဖြေပေးလိုက်သည်။

ဂျက်စမင်းနှင့် မိုအားဝမ်းကို ကြည့်ရင်း ဂီဇာဖက်တီးလီသည် အံ့အားသင့်နေဟန်ရှိသည်။

“ညီငယ်လေး … သူတို့က…”

“သူမကတော့ ဒီကဝန်ထမ်းတစ်ယောက် ထင်တယ်။ သူကတော့ ကျွန်တော့်လက်အောက်ကပါ။”

ထန်ရှုက ပြုံးကာဖြေလိုက်သည်။

ဂီဇာဖက်တီးလီက အံ့အားသင့်စွာဖြင့် တုံ့ပြန်လိုက်သည်။

“မင်းလူက တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ။ သူရဲ့ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ သန်မာတဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ရတာ ကျွမ်းကျင်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လိမ့်မယ်။ မင်း ကစားဖို့ထွက်လာတာကို သက်တော်စောင့်တွေလည်း ခေါ်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး ညီငယ်လေး။”

ထန်ရှုက မရှင်းပြတော့ပဲ ခပ်ဖွဖွသာ ပြုံးမိသည်။

ဂျက်စမင်းက သူမ၏အိတ်ထဲမှ စီးပွားရေးကတ်တစ်ကတ်အား ထုတ်ယူကာ ဂီဇာဖက်တီးလီအား ပေးရင်း အပြုံးဖြင့်

“ဟယ်လို လူကြီးမင်း။ ကျွန်မက လောင်ကမ်းခြေဟိုတယ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ အိုင်ဂျက်စမင်းပါ။ ကျွန်မကို မန်နေဂျာ ဂျက်စမင်းလို့ ခေါ်နိုင်ပါတယ်ရှင်။ မစ္စတာထန်က ကျွန်မတို့ရဲ့ အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်ဖြစ်တာမို့ ကျွန်မကိုယ်တိုင် လာရောက်ဧည့်ခံပေးနေတာပါ။”

ဒုတိယဥက္ကဋ္ဌတစ်ယောက်ဟုတ်လား။ သူက အရေးကြီး ဧည့်သည်တစ်ယောက်တဲ့လား။

ပထမဆုံးအကြိမ်အဖြစ် ဂီဇာဖက်တီးလီသည် ထန်ရှု၏ပုံရိပ်အား သိလိုလာခဲ့သည်။ လောင်ကမ်းခြေဟိုတယ်သည် အထက်တန်းကျပြီး ခမ်းနားလှသော အပန်းဖြေနေရာတစ်ခု ဖြစ်သည့်အပြင် နောက်ကွယ်ရှိ အင်အားသည် အတော် အာဏာရှိသည်ဟုလည်း သူ ကြားဖူးသည်။ တစ်စုံတစ်ယောက်သည် ထိုကဲ့သို့နေရာမျိုးတွင် ဒုတိယဥက္ကဋ္ဌတစ်ယောက်ဖြစ်လာသည်မှာ သာမန်မဟုတ်သော ပုံရိပ် သေချာပေါက်ရှိမည် ဖြစ်သည်။ ထိုကဲ့သို့သောလူမျိုးမှ ထန်ရှုအား အဖော်လုပ်ပေးပြီး သူသည် အရေးကြီး ဧည့်သည်တစ်ယောက်ဟုဆိုခြင်းမှာ ထန်ရှုသည် ကိုယ်တိုင်ပြောပြစဉ်ကထက် အလွန်သာလွန်သော ပုံရိပ်ရှိမည်မှာ မလွဲပင်။

“ငါက လီလောင်ရှမ်းပါ။ ဒီဟာက ငါ့ရဲ့စီးပွားရေးကတ်ပါ။”

ဂီဇာဖက်တီးလီကလည်း သူ၏စီးပွားရေးကတ်အား ဂျက်စမင်းအား ပြန်ပေးသည်။

“ကောင်းပါပြီ။ ဒီအပန်းဖြေနေရာရဲ့ ကြိုဆိုရေးမန်နေဂျာကို ကျွန်မ အကြောင်းကြားလိုက်ဦးမယ်။ မစ္စတာလီက မစ္စတာထန်ရဲ့သူငယ်ချင်းတစ်ယောက်ဆိုမှတော့ ရှင့်ရဲ့ကုန်ကျစရိတ်ကနေ ၄၀% လျှော့ပေးရမှာပေါ့။ ဒါက ကျွန်မလုပ်ပိုင်ခွင့်ထဲက အမြင့်ဆုံး လျှော့ပေးနိုင်တာပဲ။”

ဂီဇာဖက်တီးလီသည် ထန်ရှုအား ထူးဆန်းသော အမူအရာဖြင့် ကြည့်မိရင်း ပြုံးမိသွားရသည်။

“ထိုင်းအနှိပ်မှာ ညီငယ်လေးနဲ့ မမျှော်လင့်ပဲ ဆုံတွေ့ခဲ့တာ ဒီလိုအကျိုးရမယ် ထင်မထားမိဘူး။ ဂျက်စမင်းကို ကျေးဇူးတင်ပါတယ်။”

ဂျက်စမင်းက ပြုံးကာ ခေါင်းညိတ်သည်။

“ဒါနဲ့ ဂျက်စမင်း … ကျွန်တော့်နောက်ကို လိုက်စောင့်ပေးဖို့ မလိုပါဘူးခင်ဗျာ။ ခင်ဗျားမှာ လုပ်စရာရှိရင် သွားလုပ်ပါ။ တွမ်က ညစာ စားဖို့စတင်ရင်သာ ကျေးဇူးပြုပြီး ကျွန်တော့်ကို အကြောင်းကြားပေးပါ။”

ထန်ရှုက ပြောသည်။

“ကောင်းပါပြီတဲ့ရှင်။” ဂျက်စမင်းက တခစ်ခစ်ရယ်မောကာ ခေါင်းညိတ်ပြသည်။

ဂျက်စမင်း ထွက်သွားပြီးနောက် ဂီဇာဖက်တီးလီက ထန်ရှု၏ပခုံးအား ဆုပ်ကာညှစ်လိုက်သည်။ သူက တခိခိရယ်မောရင်း

“ညီငယ်လေး မင်းက လျှို့ဝှက်နေတာလား။ ဒုဥက္ကဋ္ဌကတောင် ကိုယ်တိုင်လိုက်ပီး စောင့်ရှောက်ပေးရတဲ့လူတစ်ယောက်က စီးပွားရေးလုပ်ငန်းအသေးစားကို ပိုင်ဆိုင်တဲ့ ကျောင်းသားတစ်ယောက်ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား။ ငါ့ကို မြန်မြန်ပြောပြပါကွာ မင်းဘယ်အင်အားစုက လာတာလဲ။”

ထန်ရှုက သူ၏ပခုံးများအား တွန့်ပြကာ အပြုံးဖြင့်

“မဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့်လက်အောက်လူဆီက အကျိုးကျေးဇူးရတာပါ။ သူနဲ့ ဂျက်စမင်းရဲ့သူဋ္ဌေးက ရဲဘော်ရဲဘက် သူငယ်ချင်းတွေ။ ဒါဆိုရင် ခင်ဗျား သိလောက်ပါပြီ။”

ဂီဇာဖက်တီးလီက ထန်ရှုပြောသည့်အဓိပ္ပာယ်အား နားလည်သွားပြီး အပြုံးဖြင့်

“ဝိုး… ငါတို့၂ယောက်စလုံးက အခြားသူတွေဆီက အကျိုးကျေးဇူး ရခဲ့တဲ့ပုံပဲ။ ဒါနဲ့ ငါတို့ ကာစီနိုသွားကြမလား။ ဒီနေ့ ကံကောင်းနေတယ်လို့ ငါ သေချာသိနေတယ်။ လောင်းကစားမှာလည်း ငါ့ရဲ့ကံကောင်းလိမ့်မယ်။”

“အိုကေ…”

သိပ်မကြာခင် ဂီဇာဖက်တီးလီ၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား လောင်ကမ်းခြေဟိုတယ်၏ကာစီနိုသို့ သွားခဲ့ကြသည်။ နှစ်ထပ်အဆောက်အဦး ကာစီနိုသည် ကြီးမားသောဧရိယာတွင် တည်ဆောက်ထားသည်။ ပထမထပ်သည် ကြီးမားသော ခန်းမကျယ်ကြီးတစ်ခုဖြစ်ပြီး လူအများ လောင်းကစားနိုင်ရန် ပြုလုပ်ပေးထားသည်။ ခန်းမအတွင်းတွင် လူများစွာ ဝိုင်းအုံနေသော လောင်းကစားပွဲများ ရှိသည်။ ဒုတိယထပ်သည် သီးသန့်အခန်းများအတွက် ဖြစ်သည်။ ၁ဘီလီယံအထက် လောင်းကြေးမပါဘဲ ထိုသီးသန့်ခန်းများအတွင်းသို့ ဝင်နိုင်မည်မဟုတ်ချေ။

ဂီဇာဖက်တီးလီသည် ထိုနေရာနှင့် အကျွမ်းတဝင်ရှိဟန်တူသည်။ ထန်ရှုအား အတွင်းရှိ ကောင်တာတစ်ခုသို့ ခေါ်ဆောင်ကာ ပိုက်ဆံများအား လောင်းကစားငွေပြားများဖြင့် လဲလှယ်လိုက်သည်။ သူသည် ၁ဘီလီယံသာ လဲလှယ်သောကြောင့် ထန်ရှုလည်း ထိုအတိုင်းသာ လုပ်လိုက်သည်။

“ညီငယ်လေး … မင်း ကစားချင်လား။” ဂီဇာဖက်တီးလီက သိလိုစိတ်ဖြင့် မေးလိုက်သည်။

ထန်ရှုက ခေါင်းယမ်းလိုက်ပြီး

“ကာစီနိုက လောင်းကစားစည်းမျဉ်းတွေနဲ့ ဓလေ့ထုံးစံတွေကို ကျွန်တော် အများကြီး မသိဘူး။ ခင်ဗျား အရင်ကစားပါ။ ကျွန်တော် ဒီနေရာက လောင်းကစားစက်တွေကို စူးစမ်းလေ့လာလိုက်ဦးမယ်။ နည်းနည်းပါးပါး သိသွားရင် ကျွန်တော် တစ်ချို့ကစားနည်းတွေကို ကစားကြည့်မယ်။”

ဂီဇာဖက်တီးလီက ခေါင်းယမ်းလိုက်ရင်း

“ငါတစ်ယောက်တည်းဆိုရင် ပျင်းဖို့သိပ်ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် မင်းသိချင်တာမှန်သမျှ ငါ ရှင်းပြပေးပါမယ်။ ငါတို့ညီအစ်ကိုတွေကြားမှာ ဘယ်သူပိုနိုင်မလဲ ကြည့်ရအောင်။”

“ခင်ဗျားပိုက်ဆံတွေ အကုန်ဆုံးရှုံးသွားမှာ မကြောက်ဘူးလား။”

ထန်ရှုက ရယ်ရမ်းသွေးကာ ပြောလိုက်သည်။

ဂီဇာဖက်တီးလီက သူ၏မျက်ခုံးများအား ပင့်တင်ကာ သွားဖြဲရယ်မောလိုက်ရင်း

“ငါ အကုန်ရှုံးမယ်ဆိုရင် ရှုံးပါစေ။ နတ်သမီးခုနှစ်ဖော်အကကို ရွေးတဲ့အတွက် ပေးလိုက်တယ်လို့ သဘောထားပါ။ ကောင်းပြီ။ ငါတို့ လျှောက်ကြည့်ရအောင်။”

ကာစီနိုအတွင်းရှိ လေထုသည် သက်ဝင်လှုပ်ရှားကာ ဆူညံနေခဲ့သည်။ လောင်းကစားသမားများစွာသည် အလောင်းအစား ပြုလုပ်နေကြသည်။ နိုင်သွားသောသူများ၏မျက်နှာပေါ်တွင် အပျော်လွန်နေသည့်ဟန်များ ရှိနေသကဲ့သို့ ရှုံးသွားသည့်လူများ၏မျက်နှာထက်တွင်လည်း ခါးသီးမှုများအား မြင်တွေ့နိုင်မည်ဖြစ်သည်။

ပုံမှန်လာနေကြဖောက်သည်တစ်ယောက်အနေဖြင့် ဂီဇာဖက်တီးလီသည် သည်နေရာအတွင်းရှိ လောင်းကစားစက်များအား သိသဖြင့် လောင်းကစားဂုရုတစ်ယောက်ကဲ့သို့ ထန်ရှုအား မည်သို့ကစားရမည်နှင့် နည်းလမ်းများကိုပင် သင်ကြားပေးနေသေးသည်။

လျှောက်ကြည့်ပြီးနောက် ဂီဇာဖက်တီးလီသည် စားပွဲထိုးတစ်ယောက် သယ်လာသော လင်ဗန်းထက်မှ ဝိုင်နီတစ်ခွက်အား သက်တောင့်သက်သာ ယူလိုက်ကာ အာပေါင်အာရင်းသန်သန်ဖြင့် ရှင်းပြနေခဲ့သည်။ သူသည် ဝိုင်နီအား သောက်လိုက်ပြီးနောက်

“ကဲ မင်း ကစားချင်ပြီလား ညီငယ်လေး။ ငါ မင်းကို ဒီနေ့ အဖော်လုပ်ပြီး မင်းကစားတာ လိုက်ကစားပေးမယ်။ ငါတို့ညီအစ်ကို၂ယောက် ယှဉ်ပြိုင်ကြရအောင်။”

“အံစာခေါက်ကြတာပေါ့။”

ထန်ရှုက ရယ်မောကာ ပြောလိုက်သည်။

ဂီဇာဖက်တီးလီက ခေါင်းညိတ်ပြီး

“သွားကြစို့။ နံပါတ်ကြီးဖြစ်စေ အသေးဖြစ်စေ မင်းကြိုက်တာ လောင်းရုံပဲ။ ဒီကစားနည်းက ရိုးရှင်းကောင်းမွန်တဲ့ နည်းတစ်ခုဖြစ်ပြီးတော့ ဒီဂီဇာဖက်တီးလီ ထူးချွန်တဲ့ သဘာဝကစားနည်းတွေ ဖြစ်တယ်။”

သူတို့၂ယောက် အံစာခေါက်ကစားနည်းနေရာသို့ ရောက်လာသောအခါ ထိုနေရာတွင် လူများစွာ စုရုံးနေသည်။

ဒိုင်မှာ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး လောင်းကစားသမားများစွာသည် စားပွဲတွင် နေရာယူထားကြသည်။

“ဂုဏ်သရေရှိ အမျိုးသား အမျိုးသမီးတို့ … ကျေးဇူးပြုပြီး ရှင်တို့လောင်းဖို့အတွက် အချိန်ယူကြပါ။”

ဒိုင်၏စကားသံ ထွက်လာသည်နှင့် လောင်းကစားသမားများသည် ငွေကြေးအား ကိုယ်စားပြုသော လောင်းကစားငွေပြားများအား ထုတ်ကာ သူတို့လောင်းချင်သလောက် တင်လိုက်ကြသည်။

ထန်ရှုသည် လောင်းရန် အလျင်မလိုသေးဘဲ တိတ်တဆိတ် စောင့်ကြည့်နေသည်။ ဆန့်ကျင်ဘက်အားဖြင့် ဂီဇာဖက်တီးလီသည် ထန်ရှုမှာ လောင်းမည့်ဟန်မရှိသည်ကို တွေ့သောအခါ သူသည် ငွေပြား ၁သောင်း ၂ပုံအား ထုတ်ကာ တင်လိုက်သည်။

သူသည် နံပါတ်အကြီးတစ်ခုတွင် လောင်းလိုက်သည်။

ထိုအရာမှာ ၄၊ ၅နှင့် ၆ဖြစ်ပြီး စုစုပေါင်း ၁၅ဖြစ်သည်။

၁၅သာ ထွက်ပေါ်လာပါက သူသည် ၁၀ဆ အနိုင်ရမည်ဖြစ်သည်။ အံစာသည် ၄၊၅၊၆ မဟုတ်ပါက သူသည် နှစ်သောင်း ရှုံးမည်ဖြစ်သည်။

ဒိုင်၏အံစာလှုပ်သည့် နည်းစနစ်သည် အလွန်မြန်ဆန်ပြီး အကြိမ်ရေ များစွာ လှုပ်ခါခြင်းဖြစ်သည်။ ကျားလွေဒေါင်ဆီမှ အံစာတုံးလှုပ်ခါနည်းစနစ်အား မည်သို့နားထောင်ရသည်ကို သင်ယူခဲ့ပြီးဖြစ်သဖြင့် ဒိုင်မှ အံစာတုံးအား စားပွဲပေါ်သို့ တင်လိုက်သည့်အခါတွင် ဂီဇာဖက်တီးလီမှာ ငွေ၂သောင်း ရှုံးတော့မည်ကို သူ သိနေသောကြောင့် ထန်ရှုသည် ခေါင်းယမ်းလိုက်မိပေသည်။

***

All Chapters