ကောင်းမွန်သော စိတ်သဘောထားတစ်ခု
Vol. 06 Ch. 292
ဒုတိယထပ်ရှိ အထူးဧည့်သည်အခန်းထဲတွင် …
တက်ဂါသည် ထန်ရှုနှင့် ဂီဇာဖက်တီးလီတို့အား နွေးထွေးစွာ ကြိုဆိုပြီး နေရာထိုင်ခင်းများ စီစဉ်ပေးသည်။ ထိုအချိန်တွင် ဂီဇာဖက်တီးလီ၏ စိတ်တွင်းတွင် သိသိသာသာ ရှုပ်ထွေးနေခဲ့သည်။ ထန်ရှုအား အပန်းဖြေနေရာတွင် ကာစီနိုကစားရန် ဖိတ်ခေါ်ခဲ့မှုသည် မမျှော်လင့်စွာဖြင့် ထန်ရှုမှ ၁ဘီလီယံ အနိုင်ရသွားသည်နှင့် အဆုံးသတ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
၁ဘီလီယံ။ သူ၏စီးပွားရေးလုပ်ငန်းစုကြီးမှ နှစ်စဉ်အသားတင်အမြတ်ရငွေသည် ထိုငွေထက်ပင် နည်းနိုင်သေးသည်။ အားကျမှုနှင့် မနာလိုမှုတို့သည် သူ၏ရင်တွင်းတွင် ယခုအခါ ခံစားနေရသည်။ သို့သော် သည်ဆုကြီးအဖြစ်အပျက်သည် ပြသနာ ဖြစ်နိုင်သည်ဟုလည်း သူ ခပ်ရေးရေး ခံစားမိနေသည်။
ကာစီနိုဖွင့်သောသူများသည် ထိုကဲ့သို့ ရင်းရင်းနှီးနှီး အလျှော့ပေးသော အမူအရာဖြင့် ပိုက်ဆံအများကြီးအား မည်သည့်အခါမျှ လွှဲပြောင်းမပေးကြသောသူများ ဖြစ်သည်။
“ထန်ရှုက ငယ်လွန်းသေးတယ်။ သည်နေရာက အဓိကျတဲ့ ပြသနာကို သူ မြင်နိုင်မှာ မဟုတ်ဘူး။” ဂီဇာဖက်တီးလီက စိတ်တွင်းမှ သက်ပြင်းချကာ တစ်ဖက်လူမှ အမှန်တကယ် ပေးလိုစိတ် မရှိပါက သည်နေရာမှ မထွက်ခွာဟု တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။ ခွန်အားကြီးသော နဂါးသည် ဒေသခံမြွေအား ဖိအားပေးနိုင်မည်မဟုတ်ချေ။ တစ်ဖက်သား၏အိတ်တွင်းမှ လွယ်လွယ်ကူကူ အမြတ်အစွန်း ရရှိခြင်းသည် အလွန်အကျူး သက်သေပြရန် ခက်ခဲလှသည်။
“လူကြီးမင်း ငါတို့ ဘယ်လိုဆွေးနွေးသင့်သလဲ။”
ထို၂ယောက်၏အရှေ့တွင် ထိုင်လျက် တက်ဂါက စီးကရက်တစ်လိပ်အား မီးညှိလိုက်ကာ ခြေတစ်ဖက်ချိတ် ထိုင်လိုက်သည်။
“ခင်ဗျားက ဘာကို ဆွေးနွေးချင်တာလဲ။”
ထန်ရှုက တည်ငြိမ်သော အမူအရာဖြင့် ပြန်မေးလိုက်သည်။
“ငါတို့က စမတ်ကျတဲ့လူတွေပါ။ မင်းကို ချောင်ပိတ်မရိုက်ချင်ဘူး။ ငါတို့ကာစီနိုက ကောင်းမွန်ပြီး နှစ်တိုင်း အတော်ကောင်းမွန်တဲ့ ကံကြမ္မာကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ၁ဘီလီယံဆိုတာ အတော်ကြီးမားတဲ့ ပမာဏဖြစ်နေလို့ စက်ကို မင်း ပြင်ဆင်လိုက်တယ်လို့တောင် သံသယဖြစ်နေမိတယ်။ ဒါကြောင့် မင်း ၁ဘီလီယံကို မယူဘူးမလား။”
တက်ဂါက အပြုံးဖြင့် ပြောသည်။
“ဆိုတော့ ခင်ဗျားပြောချင်တဲ့သဘောက မပေးချင်ဘူးပေါ့ ဟုတ်လား။”
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
တက်ဂါ၏မျက်နှာထက်မှ အပြုံးသည် ပိုမိုတောက်ပလာသော်လည်း သူ၏မျက်ဝန်းများထဲမှ အေးစက်မှုသည် ပိုမိုအေးစက်လာခဲ့သည်။ သူသည် ထန်ရှုကို ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး အပြုံးဖြင့်
“ခင်ဗျားရဲ့မျိုးရိုးနာမည်က ဘာလဲ လူကြီးမင်း။”
“ထန်” ထန်ရှုက ဖြေသည်။
တက်ဂါက ပြုံးလျက်ပင် ဆက်ပြောသည်။
“မင်းက အသက်ငယ်ပေမယ့် ဉာဏ်ပညာရှိတဲ့သူ တစ်ယောက်လို့ ငါ ထင်ပါတယ် မစ္စတာထန်။ တချို့ပိုက်ဆံတွေက ယူသွားနိုင်ပေမယ့် တစ်ချို့ငွေကြေးတွေက ယူသွားလို့မရဘူး။ ငါတို့ မင်းကို ၁ဘီလီယံ ပေးနိုင်တယ်ဆိုရင်တောင် မင်း အဲ့ဒါကို ရလို့ မပျော်သွားမှာကို ငါ စိုးရွံ့မိပါတယ်။ ဆိုတော့ကာ ငါတို့ကာစီနိုဆီက မင်း ၁၀မီလီယံကို လက်ခံလိုက်တာ ပိုကောင်းပြီး ဒီပြသနာကို ငါတို့ချင်းပဲ ရှင်းလိုက်ကြအောင်။ မင်း ဘယ်လိုထင်လဲ။”
ထန်ရှုက သက်ပြင်းချကာ ပြုံးလိုက်ပြီး ချီးမွမ်းလိုက်သည်။
“ခင်ဗျားက အတော်အကြင်နာကင်းမဲ့တဲ့သူ တစ်ယောက်ပဲ။ ၉၉%ကို ခင်ဗျားအတွက် ယူထားပြီး ကျွန်တော့်ကို ၁%ပဲ ပေးတယ်ပေါ့လေ။ ကျွန်တော်က ၁၀မီလီယံကို လိုတဲ့သူတစ်ယောက်နဲ့တူတယ်လို့ ခင်ဗျားတွေးတာလား။”
ထိုအခိုက်အတန့်တွင် တက်ဂါသည် မျက်မှောင်ကြုပ်ကာ စိုက်ကြည့်ရင်း
“ငါ အခုပြောလိုက်တာကို နားမလည်တာလား မစ္စတာထန်။ လူတစ်ချို့က ဒီငွေပမာဏအတွက် သတ်ကြလိမ့်မယ်။ ဒီလောက်ငွေပမာဏကို လက်ခံပြီးသွားရင် ဆိုင်ပန်ကနေ ထွက်ခွာသွားနိုင်လိမ့်မယ်လို့ မင်း ထင်နေတာလား။”
ထန်ရှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော် သွားနိုင်မယ်လို့ ထင်တယ်။”
တက်ဂါ၏မျက်နှာထက်မှ အပြုံးသည် လုံးဝကွယ်ပျောက်သွားပြီဖြစ်ပြီး သုန်မှုန်သော အမူအရာက အစားထိုးဖြစ်ပေါ်လာသည်။ သူက စီးကရက်အား ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်ကာ ထန်ရှုအား မျက်လုံးစွေကာ ကြည့်လိုက်သည်။ ထန်ရှုသည် ၁ဘီလီယံ ရရှိပြီးပါက ဆိုင်ပန်မှ ထွက်ခွာနိုင်မည့် အခွင့်အရေး မရှိချေ။ ထိုငွေပမာဏဖြင့် ထွက်ခွာရန်မှာ သူ့အတွက် မဖြစ်နိုင်သောအရာသာဖြစ်ပေသည်။
တက်ဂါသည် သူ၏သူဋ္ဌေးမည်သူဖြစ်သည်ကို သိပေသည်။ ချမ်းသာပြီး အာဏာရှိသော ရက်စက်သော လူတစ်ယောက်ဖြစ်သည်။ ထို့ထပ်ပိုသည်က သည်လောင်ကမ်းခြေအပန်းဖြေနေရာ၏နောက်ကွယ်မှ များပြားသော ရှယ်ယာပိုင်ရှင်များသည်လည်း ဆိုင်ပန်တွင် အာဏာရှိသောသူများသာဖြစ်ကြပြီး သန်မာသော အင်အားနှင့် စွမ်းအားများ ပိုင်ဆိုင်ထားကြသူများချည်းသာဖြစ်သည်။ ဆိုင်ပန်တွင် ထိုသူများနှင့် သွားရှုပ်ရဲသောသူ တစ်ယောက်မျှ မရှိဟုပင် ဆိုနိုင်ပေမည်။
“အဲ့ဒီလူက ဘယ်မှာလဲ။”
ဖွင့်ထားသော အထူးဧည့်သည်အခန်း၏အပြင်ဘက်မှ ဂျက်စမင်း၏အသံသည် အတွင်းထိ ပျံ့လွင့်လာခဲ့သည်။
“သူတို့ ဒီအထူးဧည့်သည်အခန်းထဲမှာပါ။” လေသံပြတ်ပြတ်တိုးတိုးဖြင့် ယောကျာ်းတစ်ယောက်၏အသံမှ ပြန်ဖြေသည်။
ဂျက်စမင်း၏ပုံရိပ်သည် တံခါးတွင် ပေါ်လာသောအခါ ထန်ရှု၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ ပေါ်ထွက်လာစဉ်တွင် ဂီဇာဖက်တီးလီမှာ ထန်ရှုအား ထင်ရှားသောဧည့်သည်တစ်ယောက်အနေဖြင့် ထိုငွေပမာဏကို ဂျက်စမင်းမှ ယူသွားခွင့်ပြုနိုင်သည်အထိ ထန်ရှု၏မျက်နှာကြီးပါ့မလားဆိုသည်ကို မသိသောကြောင့် စိုးရိမ်စိတ်များဖြစ်ပေါ်နေသည်။
ဂျက်စမင်းသည် အထူးဧည့်သည်အခန်းထဲသို့ ဝင်လာသောအခါ ထန်ရှုနှင့် ဂီဇာဖက်တီးလီအား တွေ့လိုက်ရသဖြင့် တစ်ခဏမျှ အံ့အားသင့်သွားသည့်ဟန်ရှိသည်။ သူမသည် ချက်ချင်းပင် ထန်ရှုအနား ရောက်လာပြီး အပြုံးဖြင့်
“ကာစီနိုမှာ ၁ဘီလီယံ အနိုင်ရသွားတာ ရှင်မဟုတ်လား မစ္စတာထန်။”
ထန်ရှုက တစ်ချက်ပြုံးပြလိုက်ပြီး
“ကံကောင်းမှုက လာပြီဆိုရင် အဲ့ဒါကို ရပ်ချင်တာတောင်မှ ရပ်တန့်လို့မရဘူးမဟုတ်လား။ ဒီဟာက အတော် တိုက်ဆိုင်သွားတာပါ။ ဒါပေမယ့် ဒီအပန်းဖြေနေရာကို ကြီးကြပ်တဲ့သူတွေက အတော် အံ့သြဖို့ကောင်းတာပဲ။ စဉ်းစားကြည့်မယ်ဆိုရင် ဒီကာစီနိုမန်နေဂျာက သူကိုယ်တိုင် ဒီငွေပေးဖို့ကို ပယ်ဖျက်ချင်နေတယ်။ ကျွန်တော်သာ နားလည်မှုမလွဲဘူးဆိုရင် သူက ကျွန်တော့်ကို ခြိမ်းခြောက်နေတာပဲ။”
တက်ဂါမှာ ဂျက်စမင်း ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ဆေးလိပ်သောက်နေသည်ကို ရပ်လိုက်ပြီး လေးစားသောအမူအရာဖြင့် မတ်တတ်ရပ်နေသည်။ သို့သော် ထန်ရှုနှင့် ဂျက်စမင်းတို့စကားပြောသည်များကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး ကြက်သေ သေသွားရသည်။ ဂျက်စမင်းသည် ထန်ရှုအား သိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
ဂျက်စမင်း အနည်းငယ် မျက်မှောင်ကြုပ်သွားသည်။ သူမသည် တက်ဂါဘက်သို့ လှည့်ကာ ကြည့်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မစ္စတာထန်ကို တောင်းပန်လိုက်ပါ။”
တက်ဂါသည် ဂျက်စမင်း မည်သူဖြစ်သည်ကို သိပြီး သူမသည် သူဋ္ဌေး၏အမျိုးသမီးများထဲမှ တစ်ယောက်ဖြစ်ကာ ထိုသူ၏အယုံကြည်ရဆုံးသောသူ တစ်ယောက်လည်း ဖြစ်ပေသောကြောင့် သူ ကြောက်မိသည်။
“ငါ တောင်းပန်ပါတယ် မစ္စတာထန်။”
ထန်ရှုက တစ်ချက်ပြုံးလိုက်ရင်း ဂျက်စမင်းဘက်သို့ အကြည့်ရွှေ့လိုက်ကာ
“ကျွန်တော် အနိုင်ရတဲ့ပိုက်ဆံတွေ ထုတ်ယူခွင့်ရှိလားလို့ မေးလို့ရမလား။”
တစ်ခဏမျှ ဂျက်စမင်း တုံ့ဆိုင်းသွားပြီးနောက် သူမက လေးစားစွာဖြင့် ပြန်ဖြေသည်။
“မစ္စတာထန်… ကျွန်မမှာလည်း ဒီကိစ္စကို ကိုင်တွယ်ဖို့ လုပ်ပိုင်ခွင့်မရှိဘူး။ ကျွန်မရဲ့သူဋ္ဌေးဆီက ညွှန်ကြားချက် တောင်းဖို့ အချိန်နည်းနည်း ပေးလို့ရမလား။”
“ပြသနာ မရှိပါဘူး။ ကျေးဇူးပြုပြီး လုပ်ပါ။”
ထန်ရှုက တုံ့ပြန်ကာ မင်းအရင်လုပ်ပါဟူသော အမူအရာပြလိုက်သည်။
အနီရောင်ကမ်းခြေဆိပ်ကမ်းတွင်…
တွမ်ရတ်ဂီသည် နဖူးထက်မှ ပုတီးစေ့ခန့်ရှိသော ချွေးသီးများအား သုတ်ကာ အလုပ်သမားများက သဘောၤအား ပင်လယ်ထဲသို့ ချနေသည်ကို အပေါ်စီးမှ ကြည့်နေသည်။ နောက်ဆုံးတွင် သူ စိတ်သက်သာရာ ရသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်မှာပင် သူ၏ဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည်။
“ဟုတ်တယ်။ ဘာကိစ္စဖြစ်လို့လဲ။”
“သူဋ္ဌေး… မစ္စတာထန်က ကျွန်မတို့ ရဲ့ ကာစီနိုထဲမှာရှိနေပြီး အခုလေးတင် ၁ဘီလီယံ နိုင်ထားတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူဋ္ဌေး ဘာများ ညွှန်ကြားချက်ရှိမလဲလို့ပါ။”
တွမ်ရတ်ဂီ၏အမူအရာ ပြောင်းလဲသွားပြီး ငြိမ်ကျသွားသည်။
သူသည် ထန်ရှုနှင့် မိုအားဝမ်အား လောင်ကမ်းခြေအပန်းဖြေနေရာသည် သူ၏စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ရှယ်ယာ ၅၁%ပိုင်ဆိုင်ကြောင်းအား မပြောထားချေ။ ထို့ကြောင့် ထန်ရှုသည် သူ၏ကာစီနိုမှ ရည်ရွယ်ချက်ရှိရှိ အနိုင်ရခြင်း မဟုတ်နိုင်ပေ။ ထို့ပြင် ထန်ရှု၏အစစ်အမှန်ပုံရိပ်အား သူ သိလိုလှသည်။ မိုအားဝမ်အား လက်အောက်ငယ်သားအဖြစ် ခေါ်ဆောင်ထားနိုင်သော ထန်ရှု၏ပုံရိပ်သည် သေချာပေါက် ရိုးရှင်းလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။ သူသည် မိုအားဝမ်အကြောင်းအား ကောင်းကောင်းသိသည်။ သူနှင့် နှိုင်းယှဉ်မည်ဆိုပါက မိုအားဝမ်သည် ပိုမိုကြောက်စရာကောင်းသော လူစားဖြစ်သည်။ သူတို့၂ယောက် စတွေ့စဉ်အခါက သူတို့၏ခွန်အားစွမ်းအားသည် ညီတူသည်။ သို့သော် နှစ်အနည်းငယ် ကြာသောအခါ မိုအားဝမ်သည် ပိုမိုစွမ်းအားကြီးလာခဲ့သဖြင့် သူ့အနေဖြင့် လက်မြှောက်အရှုံးပေးရန်ပင် တွေဝေခြင်းမရှိခဲ့ပေ။
ထန်ရှုနှင့် အခြားသူများကို သူမြင်တွေ့စဉ်က သူ့အား စိတ်အနှောင့်အယှက်ဖြစ်စေသည့် တစ်စုံတစ်ခုအား သူ တွေ့ရှိခဲ့သေးသည်။ ထိုအရာမှ မိုအားဝမ်၏ဘေးမှ မိုအားဝမ်နှင့်ဆင်တူသော အခြားလူတစ်ယောက်ဖြစ်ပြီး ထိုသူထံမှ လွှင့််ထုတ်နေသော အော်ရာတစ်ခုသည် သူ့အား တိတ်တဆိတ် စိုးရိမ်ကြောင့်ကြမှု ဖြစ်စေသည်။
ထိုသူသည်လည်း ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက်ဟု သူ ပြောနိုင်သည်။
သူသည် ငွေကြေးအား ဂရုမစိုက်ချေ။ သူ ဂရုစိုက်သည်က မိုအားဝမ်နှင့် သူ၏အကြားမှ ရင်းနှီးမှုနှင့် ထန်ရှု၏ပုံရိပ်ကို ဖြစ်သည်။
မိနစ်ဝက်ကြာမျှ တွမ်ရတ်ဂီသည် တွေဝေငေးမောနေပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သူ့ကို ပိုက်ဆံပေးလိုက်ပါ။ ကာစီနိုထဲမှာ သူဆက်ကစားချင်သေးရင်လည်း ခွင့်ပြုလိုက်။”
“ဒါပေမယ့် သူဋ္ဌေး … အခြားရှယ်ယာရှင်တွေကို ကျွန်မတို့ ဘယ်လိုရှင်းပြကြမလဲ။”
ဂျက်စမင်းက မျက်ခုံးများတွန့်ချိုးကာ ပြောလိုက်သည်။
“အဲ့ဒီ၁ဘီလီယံက ငါနဲ့ပဲသက်ဆိုင်တယ်လို့ သူတို့တွေကို ငါ အကြောင်းကြားလိုက်မယ်။” တွမ်ရတ်ဂီက လေးပင်စွာ ပြောလိုက်သည်။
ဂျက်စမင်းသည် စိတ်တွင်းမှ ထိတ်လန့်သွားပြီး သူမ၏မျက်ဝန်းများထဲမှ တုန်လှုပ်သွားသည့် အမူအရာပင် ပေါ်ထွက်လာခဲ့သည်။ သူမ၏သူဋ္ဌေးသည် ထိုကဲ့သို့ဆုံးဖြတ်ချက် ချလိမ့်မည်ဟု သူမ ထင်မထားမိပါချေ။
သူမ၏သူဋ္ဌေးမှ ၁ဘီလီယံပင် ထုတ်ပေးရသည့်အထိ ထန်ရှုသည် မည်သည့်ပုံရိပ်အား ပိုင်ဆိုင်ထားနေပါသနည်း။
“ဟုတ်ကဲ့ သူဋ္ဌေး။”
ဂျက်စမင်းသည် တုံ့ပြန်လိုက်ပြီး အထူးဧည့်သည်အခန်းသို့ ပြန်လာသည်။ သူမ၏မျက်နှာထက်ရှိ အပြုံးသည် ပိုမိုသိပ်သည်းလာပြီး ထန်ရှုအား ပိုမိုလေးစားသော အမူအရာဖြင့် စကားဆိုလိုက်သည်။
“မစ္စတာထန် … ကျွန်မတို့သူဋ္ဌေးက ပြောလိုက်ပါတယ် ရှင် ကာစီနိုထဲမှာ ဆက်ကစားချင်သေးရင် ဆန္ဒရှိသလောက် ကစားနိုင်ပါတယ်တဲ့။ နောက်ပြီး ကျွန်မကို ရှင့်ရဲ့အကောင့်နံပါတ် ပေးပါဦး။ နောက်ပြီးကျရင် ၁ဘီလီယံကို ရှင့်အကောင့်ထဲ ကျွန်မ လွှဲပေးလိုက်ပါမယ်။”
“ဘယ်လို…”
တက်ဂါ ထန်ရှုအား ကြည့်မိရင်း စိတ်တွင်းမှ ကြောက်ရွံ့စိတ်နှင့် မယုံကြည်နိုင်သောစိတ်များ ဒွန်တွဲကာ ထိတ်လန့်တုန်ရီသွားရသည်။ သူဋ္ဌေးကြီးက ပိုမိုအလျှော့ပေးသော အပြုအမူဖြင့် တစ်ဖက်လူအား အမှန်တကယ်ပင် ငွေများပေးလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထင်ထားခဲ့ဖူးပါချေ။ အဆုံးတွင် ဒီလူငယ်လေးသည် မည်သူများဖြစ်ပါသနည်း။ ထိုသူတွင် ကြောက်စရာကောင်းသော ပုံရိပ်နှင့် နောက်ခံ ရှိနေခဲ့တာလား။
“မိုအားဝမ်ကို ရှာပြီး သူ့အကောင့်ထဲကိုပဲ လွှဲပေးလိုက်ပါ။ ဒါပေမယ့် ကျွန်တော် ကာစီနိုကို ထပ်ပြီး မကစားတော့ဘူး။ နောက်ပြီး သူက မဆိုးဘူးလို့ ကျွန်တော်က ပြောတဲ့အကြောင်း ကျေးဇူးပြုပြီး တွမ်ရတ်ဂီကို သတင်းပါးပေးပါဦး။”
“ကောင်းပါပြီရှင်။”
ဂျက်စမင်းက ပြုံးပြီး ခေါင်းညိတ်သည်။ ရုတ်ခြည်းပင် သူမ၏အမူအရာသည် ပြောင်းသွားကာ နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
“မစ္စတာ ထန်… ရှင် လောင်းကစားရတာကို နှစ်သက်တယ်ဆိုရင် ဘာကြောင့်များ နောက်ပိုင်းမှာလုပ်မယ့် အကန့်အသတ်မရှိတဲ့ လောင်းကစားပွဲကို စောင့်ကြည့်ဖို့ မနေတာလဲ။”
အကန့်အသတ်မရှိတဲ့ လောင်းကစားပွဲလား။
ဂီဇာဖက်တီးလီ ပြောပြထားသည့် ကစားပွဲအား ပြန်သတိရသွားပြီး ထန်ရှု ရုတ်တရက် ပိုမို စိတ်ဝင်စားသွားရသည်။
ထိုအချိန်တွင် ဂီဇာဖက်တီးလီသည်ပင် ထန်ရှု၏ပုံရိပ်အား အလွန်အကျူး သိလိုစိတ်ပြင်းပြသွားရသည်။ ဂျက်စမင်းနှင့် တက်ဂါ၏အရှေ့မဟုတ်ပါက သူသည် ထပ်မံ စုံစမ်းမိပေလိမ့်မည်။ ထိုခဏတွင် ဂျက်စမင်း၏နှုတ်ဖျားမှ အကန့်အသတ်မရှိသော လောင်းကစားပွဲအကြောင်းကို သူ ကြားလိုက်ရသောအခါ သူ၏မျက်လုံးများ အရောင်တောက်လာပြီး အလျင်အမြန် ပြောလိုက်သည်။
“ညီအစ်ကို ထန်… ဒီလို အကန့်အသတ်မရှိတဲ့ လောင်းကစားပွဲဆိုတာ ကျင်းပတာရှားတယ်။ အထူးသဖြင့် ချင်ချန်းတောင်က လူပါဝင်တာ တကယ်ကို ရှားပါးဖြစ်ရပ်ပဲ။ ငါတို့ တစ်ချက်လောက် ကြည့်ကြမလား။”
ထန်ရှု အတန်ကြာအောင် စဉ်းစားပြီးမှ ခေါင်းညိတ်ကာ ပြောသည်။
“ဒါဆိုလည်း ကြည့်ကြတာပေါ့။”
ဂျက်စမင်းက ပြုံးလိုက်ရင်း
“အကန့်အသတ်မရှိတဲ့ လောင်းကစားပွဲက ကျင်းပဖို့ နာရီဝက်လောက် လိုသေးတယ်။ ရှင်တို့၂ယောက် အစားအစာ အရင်စားကြမလား။ စားမယ်ဆိုရင် ကျွန်မ စားဖိုဆောင်ကို စီစဉ်ခိုင်းလိုက်မယ်။”
တွမ်ရတ်ဂီနှင့် ဒီညတွင် ညစာစားရန် ချိန်းဆိုထားသည်ကို သတိရလိုက်ပြီး ထန်ရှုက ချက်ချင်း ခေါင်းယမ်းကာ
“မစားတော့ပါဘူး။ ကျေးဇူးတင်ပါတယ်ဗျ။ နာရီဝက်လောက်ပဲဆိုတော့ အောက်ထပ်မှာ ဖက်တီးလီကစားတာကို အဖော်လုပ်ပေးလိုက်ဦးမယ်။”
“ဒါလည်း အဆင်ပြေပါတယ်။”
ဂျက်စမင်းက ပြောသည်။
“အကန့်အသတ်မရှိတဲ့ လောင်းကစားပွဲ စခါနီးကျရင် ရှင်တို့ကို အထူးအခန်းကို လမ်းပြဖို့ ကျွန်မ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။”
ဂျက်စမင်းနှင့် တက်ဂါတို့ ထွက်ခွာသွားပြီး ဖက်တီးလီက ထန်ရှုအား ပုံမှန်မဟုတ်သော အလေးအနက်ထားသည့် အမူအရာဖြင့် စိုက်ကြည့်ကာ
“ညီအစ်ကို ထန် … ဒီအစ်ကိုကြီး ဖက်တီးက မင်းအပေါ် သစ္စာရှိတာတောင် မင်းက လျှို့ဝှက်နေတုန်းပဲနော်။ ပြောစမ်းပါ မင်းက တကယ်ဘယ်သူလဲဆိုတာကို။ လောင်ကမ်းခြေအပန်းဖြေနေရာရဲ့ သူဋ္ဌေးကြီးက ဘာဖြစ်လို့ မင်းကို ကြောက်နေတဲ့ပုံ ပေါ်နေတာလဲ။”
“ကျွန်တော် ခင်ဗျားကို ပြောပြထားသလိုပဲ … ကျွန်တော့်လက်အောက်ကလူရဲ့ကျေးဇူးကြောင့်ပါ။ သည်နေရာပိုင်ရှင်က သူနဲ့ သေအတူရှင်မကွာ သူငယ်ချင်းတစ်ယောက်ဖြစ်မှန်း ကျွန်တော်လည်း အခုမှ သိတာ။”
ဖက်တီးလီက ခေါင်းကို ယမ်းကာ
“ဒီခေတ်ကြီးထဲမှာ သူငယ်ချင်းကို မီလီယံရာပေါင်းများစွာ ပေးတဲ့လူဆိုတာ အတော်ကို နည်းတယ်လို့ ငါထင်တယ်။”
ထန်ရှု ရယ်ချင်စိတ်ကို မျိုသိပ်မထားနိုင်တော့ပေ။
“ခင်ဗျားရဲ့သူငယ်ချင်းကို တကယ် သစ္စာရှိရင် သူ့ကို ၁ဘီလီယံပေးမှာလား။”
“ဒါပေါ့ ဒါပေမယ့်” ဖက်တီးလီက တွေဝေခြင်းမရှိပဲ ချက်ချင်း ဖြေသည်။
မကြာမီ သူသည် တစ်ခဏမျှ စဉ်းစားပြီးနောက် ခါးသီးကာ အောင့််သက်သက်နိုင်သော အပြုံးတစ်ခုအား ပြုံးလိုက်ရင်း
“အာ ထားလိုက်တော့။ မင်းက မပြောချင်ဘူးဆိုရင်လည်း ငါ မမေးတော့ဘူး။ ငါ မင်းကို ပထမစတွေ့စဉ်က အပျော်ခရီးထွက်လာတဲ့ နိုင်ငံတူသားတစ်ယောက်ပဲလို့ တွေးခဲ့မိတယ်။ အဲ့ဒါကြောင့် ငါတို့ဆက်ဆံရေးကလည်း အရမ်း ဖြူစင်တယ်။ အရမ်း အရမ်းကို ဖြူစင်တယ်။”
“အမှန်တကယ်လည်း အဲ့ဒါက ဖြူစင်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ကာစီနိုထဲမှာ တစ်ယောက်ယောက်က ကျွန်တော်နဲ့ ပြိုင်ချင်တယ်ဆိုတာ ပြန်မှတ်မိလာသလိုပဲ။ နောက်ပြီး ခင်ဗျားက လွယ်လွယ်နဲ့ အရှုံးပေးမယ့်လူမျိုး မဟုတ်ပါဘူး ဟုတ်တယ်မလား ဖက်တီးလီ။ တကယ်လို့သာ ခင်ဗျား ရှုံးရင် ပွင့်ပွင့်လင်းလင်းနဲ့ တည့်တိုးဝန်ခံတဲ့ လူစားမျိုးမဟုတ်လား။”
ထန်ရှုက အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။
***