စိတ်ကိုဆွခြင်း
Vol. 06 Ch. 293
“ကိုယ့်လူ … ငါ ကာစီနိုကနေ ၁ဘီလီယံ မနိုင်နိုင်ဘူးဆိုတာ မင်း သိတာတောင် ငါ့ကို အနုနည်းနဲ့ ကျီစားနေသေးတယ်။ အမေရေ … ငါ ရှုံးတယ်ဆိုတာ ဝန်ခံပါတယ်ကွာ။ ငါ့မှာ မင်းလို စွမ်းအားတောင် မရှိပါဘူး။ ငါသာ ၁ဘီလီယံနိုင်ပြီး ယူလာခဲ့ရင် ငါ့အလောင်းလေးဟာ ဒီညမှာ ငါးမန်းစာအဖြစ် ပင်လယ်ထဲ အပစ်ခံရလောက်တယ်။” သူ၏မျက်လုံးများကို ဝိုင်းလိုက်ပြီး ဖက်တီးလီက မရေမရာသောအပြုံးဖြင့် ပက်ကနဲပြောလိုက်သည်။
ဖက်တီးလီ၏စကားများအား ထန်ရှု သံသယမရှိချေ။ ကာစီနိုပိုင်ရှင်များ၏အကျင့်စရိုက်အား သူ ကောင်းစွာ သဘောပေါက်သည်။ ကမ္ဘာမြေဖြစ်စေ အင်မော်တယ်ကမ္ဘာဖြစ်စေ လောင်းကစားဝိုင်းတည်ထောင်ထားသူများသည် လူများကိုသတ်ကာ ထိုလူများ၏ငွေကြေးနှင့် ပိုင်ဆိုင်သည်များအား ယူခြင်းဟူသည့် မကောင်းသော ကိစ္စများကို ကျူးလွန်လေ့ရှိကြသည်။
“ကောင်းပြီ။ အောက်ဆင်းကြစို့။ ကျွန်တော် ခင်ဗျားကစားတာကို အဖော်လိုက်ပေးမယ်။”
သူတို့နှစ်ဦး အောက်ထပ်သို့ ပြန်ရောက်လာချိန်တွင် မျက်လုံးများစွာသည် ထန်ရှုအား စိုက်ကြည့်နေကြသည်။ လူအများစုသည် ထန်ရှု ၁ဘီလီယံ နိုင်သွားခြင်းအတွက် အားကျမှုနှင့် မနာလိုမှုတို့ဖြစ်နေရုံသာမက သနားခြင်း ဂရုဏာသက်ခြင်းတို့ကိုပါ တွေ့မြင်နိုင်ပေမည်။
ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ထိုသူများသည်လည်း ကာစီနို၏မဖော်ပြထားသော စည်းမျဉ်းများအား သိရှိကြသည်ဟု ယူဆရပေမည်။
ထန်ရှုသည် ဖက်တီးလီနှင့် လျှောက်လာရင်း ပြုံးကာ မေးလိုက်သည်။
“ခင်ဗျား ဘာကစားချင်လဲ။ ကျွန်တော့်မှာ လောင်းကစားငွေပြား ၉၉၀ ၀၀၀ ကျန်သေးတာမို့လို့ ခင်ဗျားနဲ့ ကစားပေးမယ်လေ။”
“ဘာပဲဖြစ်ဖြစ် ကစားလို့ရတယ်။”
ဖက်တီးလီက ပြုံးရင်း ပြောသည်။
“ဘယ်ဟာပဲကစား ကစား ငါ တအားကောင်းအောင် မကစားနိုင်ဘူးလေ။”
နာရီဝက်ကြာပြီးသော် ဖက်တီးလီသည် ၁မီလီယံတန်ဖိုးရှိသော လောင်းကစားငွေကြေး အားလုံးအား ရှုံးသွားခဲ့သည်။
ထန်ရှုလည်း ၉၉၀ ၀၀၀တွင် အများဆုံး အသုံးပြုခဲ့သည်။ ကျန်လောင်းကစားငွေကြေးများအား ဒေါ်လာ ၃၀၀၀၀၀ - ၄၀၀၀၀၀ ငွေသားဖြင့် ပြန်လည်လဲလှယ်သည့်အခါ ကာစီနိုမှ သူသည် သားရေလက်ဆွဲအိတ်တစ်လုံး ရလာခဲ့သည်။
“ဟယ်လို ဆရာတို့။ ကျွန်တော်တို့ ဒုတိယဥက္ကဋ္ဌက ဒုတိယထပ်မှာ ရှိတဲ့ အထူးဧည့်သည်အခန်းကို လိုက်ပြဖို့ ကျွန်တော့်ကို လွှတ်လိုက်လို့ပါ။”
ရုပ်ရည်ချောမောသော နိုင်ငံခြားသား လူရွယ်တစ်ယောက်က တင့်တယ်ကောင်းမွန်သော အမူအရာဖြင့် ထန်ရှုနှင့် ဖက်တီးလီဆီသို့ ချဉ်းကပ်လာကာ လေးစားသောဟန်ဖြင့် ပြောဆိုလာသည်။
“ကျေးဇူးပြုပြီး လမ်းပြပါဦး။”
၂မိနစ်ကြာပြီးနောက် သူတို့သည် ဒုတိယထပ်ရှိ ကျယ်ဝန်းသော အထူးဧည့်သည်အခန်းတစ်ခုဆီသို့ ရောက်လာကြသည်။ ထိုအချိန်တွင် လူ၁၂ယောက်ခန့်သည် အခန်းတွင်း ရောက်နှင့်နေကြပြီးဖြစ်ပြီး ခန်းမအပြင်ဘက်လက်ရန်း ဘေးတစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်လျက် အတွင်းရှိ လူ၄ယောက်ရှိနေသော လောင်းကစားစားပွဲအား ကြည့်နေကြသည်။ ထိုလူ၄ယောက်၏အနောက်တွင် လူတစ်ယောက်စီ ရပ်လျက်ရှိပေသည်။
ထို၄ယောက်တွင် ၂ယောက်မှာ အသက်၃၀၀န်းကျင်ခန့်၊ တစ်ယောက်သည် အသက်၅၀အရွယ် ရှိကြပြီး နောက်တစ်ယောက်မှာ လှပသော ရွှေအိုရောင်ဆံပင်၊ မျက်လုံးပြာနှင့် အသက်ခန့်မှန်းရခက်သော မိန်းမပျိုဖြစ်သည်။
ဖက်တီးလီက ထန်ရှု၏လက်မောင်းအား အသာတို့ကာ လေသံတိုးတိုးဖြင့်
“ဟိုမှာ ခေါင်းပြားပြားနဲ့ မျောက်နဲ့တူတဲ့လူကို တွေ့လား။ သူက ချင်ချန်းတောင်က လာတဲ့ ဝမ်ရွီပဲ။ အသက်က ၃၄ဖြစ်ပြီး ပိုင်ဆိုင်မှုက ၁၀ဘီလီယံနဲ့အထက် ရှိတယ်။”
ထန်ရှု၏အကြည့်များသည် ဝမ်ရွီနှင့် အခြား၂ယောက်ဆီသို့ ရောက်သွားပြီး နောက်ဆုံးတွင် ရွှေရောင်ဆံပင်နှင့် မိန်းမပျိုလေးထံတွင် အဆုံးသတ်သည်။ ထိုအမျိုးသမီးထံမှ ထူးခြားသော အော်ရာအား သူ ခံစားမိလိုက်သောကြောင့် ထန်ရှု သူ၏မျက်ခုံးများအား အသာပင့်တင်မိကာ သူ၏သတိသည်လည်း နိုးကြားလာခဲ့သည်။ ထိုအော်ရာသည် တာအိုပညာရှင်လည်း မဟုတ် အင်မော်တယ်ကျင့်ကြံသူများလည်း မဟုတ်ဘဲ အင်မော်တယ်ကမ္ဘာမှ အဖြူရောင်တောင်ပံကလန် အဖွဲ့သားများ၏ အော်ရာမျိုးဖြစ်သည်။
“သူမက အတော် စွမ်းအားကြီးတယ်။ လက်ရှိငါတောင် သူမရဲ့ပြိုင်ဘက်မဟုတ်မှာကို ကြောက်ရတယ်။”
သူကြည့်နေသည်ကို မိန်းမလှလေးက သတိထားမိဟန်ရှိသောကြောင့် ထန်ရှုသည် သူ၏အကြည့်များအား ချက်ချင်း ပြန်ရုတ်သိမ်းကာ စိတ်တွင်းမှ ကြိတ်ကာ ညည်းညူမိသည်။
ထိုအချိန်တွင် ကစားပွဲ စတင်နေပြီဖြစ်သည်။ လူတိုင်း၏ရှေ့တွင် လောင်းကစားငွေကြေးပြားများ တစ်ပုံစီရှိနေပြီး ဒိုင်အဖြစ် သက်လတ်ပိုင်း နိုင်ငံခြားသား အမျိုးသားတစ်ယောက်မှ ပြုလုပ်သည်။
“သူတို့ ဘလက်ဂျက် ကစားနေတာလား။”
ထန်ရှုက သူ၏မျက်ခုံးများအား ပင့်တင်ကာ တီးတိုးပြောသည်။
ဖက်တီးလီက ခေါင်းညိတ်ကာ
“ဟုတ်တယ် ဘလက်ဂျက်ပဲ။ ငါ ဝမ်ရွီကို သဘောမကျပေမယ့် ပြိုင်ဘက်က ဂျပန်တစ်ယောက်ဖြစ်နေတော့ သူ့ကို နိုင်စေချင်တယ်။ အနည်းဆုံးတော့ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ပြီး အဲ့ဒီဂျပန်ရဲ့မာနကို ခပ်ပြင်းပြင်းလေး ရိုက်ချိုးနိုင်တာပေါ့။”
ထန်ရှုသည် ဂျပန်အပေါ်မျက်နှာသာပေးသည့်အမြင် မရှိသော်လည်း ဝမ်ရွီကိုလည်း ဂရုမစိုက်ချေ။ သူ အာရုံစိုက်နေသည်မှာ ရွှေရောင်ဆံပင်များနှင့် မိန်းမလှလေးကိုပင် ဖြစ်သည်။
လောင်းကစားပွဲက စတင်ခဲ့သည်။
ဝမ်ရွီသည် စစချင်းတွင် အများကြီး မလောင်းချေ။ ထိုအချင်းအရာကြောင့် ဂျပန်က ပိုမို မာနကြီးလာကာ ဝမ်ရွီအား လှောင်ပြောင်အထင်သေးနေရုံမျှမက နိုင်ငံခြားသားအဖိုးကြီးကိုလည်း ကစားရာတွင် စိတ်မပါလက်မပါ ဖြစ်စေသည်။ မိန်းမလှလေးသည်သာ သူမ၏အပြုံးအား မျက်နှာထက်တွင် ဆင်မြန်းလျက် သူမ၏ ကတ်အကြီး အသေးကိုသာ အာရုံစိုက်ထားသည်။ သူမသည်လည်း ဝမ်ရွီကဲ့သို့ပင် စစချင်းတွင် ပမာဏအနည်းငယ်သာ လောင်းကြေးထပ်ခဲ့သည်။
တစ်ဒါဇင်ခန့် အလှည့်ပတ်ပြီးသောအခါ နောက်ဆုံးတွင် ဝမ်ရွီသည် သူ၏လောင်းကြေးအား ရုတ်တရက် တိုးမြှင့်ကာ ၁၀ မီလီယံလောင်းကစားငွေပြားများအား တင်လိုက်သည်။ ဂျပန်သည် ကျယ်လောင်စွာ ညည်းညူသံပြုလိုက်သော်လည်း သူသည် ရန်လိုကာပါးနပ်ချက်ချာသူဖြစ်နေသောကြောင့် လောင်းကြေးအား ထပ်မတိုးဘဲ အရှုံးပေးရန် ရွေးချယ်သည်။ ရွှေရောင်ဆံနွယ်လေးများနှင့် မိန်းမပျိုသည်လည်း ထိုနည်းအတိုင်းပင်။
သို့သော်လည်း နိုင်ငံခြားသားလူကြီးကမူ ၁၀မီလီယံ လောင်းကြေးငွေပြားအား တွန်းကာ ထိုခေါ်ဆိုမှုနောက်ကို လိုက်ခဲ့ရာ အဆုံးတွင် ဝမ်ရွီ နိုင်သွားသည်။
မိနစ်၂၀ကြာပြီးသော် ကစားပွဲသည် ပိုမိုစိတ်ဝင်စားစရာကောင်းသော အခြေအနေသို့ ရောက်ရှိလာသည်။ ဝမ်ရွီသည် သူ၏အနောက်မှ သက်လတ်ပိုင်း နိုင်ငံခြားသားလူအား တီးတိုးပြောဆိုလိုက်သည်။ ဂျပန်သည်လည်း နိုင်ငံခြားသားလူကြီး၏လောင်းကြေးခေါ်မှုနောက်သို့ လိုက်နေသောကြောင့် ပိုကောင်းအောင်လုပ်ရန် ငြင်းဆိုသည်။ ဆန့်ကျင်ဘက်အားဖြင့် ရွှေရောင်ဆံပင်နှင့် မိန်းမလှလေးမှာ စွန့်လွှတ်ထားပြီဖြစ်သည်။
“ညီအစ်ကို ထန်… စားပွဲပေါ်က လောင်းကြေးငွေပြားတွေက ၅၀၀မီလီယံထက်တောင် ကျော်ဦးမယ်။ မင်းသဘောအရဆိုရင် ဒီပွဲမှာ ဘယ်သူနိုင်မလဲ။”
ဖက်တီးလီက ထန်ရှုအား ညင်သာစွာတို့လိုက်ကာ တီးတိုးဆိုလိုက်သည်။
“ဂျပန်အမျိုးသား။”
ထန်ရှုက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “သေချာပေါက်ပဲ။”
ထန်ရှုနှင့် ဖက်တီးလီဘေးရှိ သက်လတ်ပိုင်းလူသည် သူတို့နှစ်ယောက် ပြောနေသည်ကို ကြားသောအခါ ထို၂ယောက်အား သနားဟန် ပြုံးလိုက်သည်။
ထန်ရှုက ထိုလူအား တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်များသည် လောင်းကစားပွဲသို့ ပြန်ရောက်သွားသည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ လူ၃ယောက်၏ကတ်များအား စစ်ဆေးရာ ဂျပန်အမျိုးသားသည် အကြီးဆုံးကတ်များအား ကိုင်ထားသည်။ ဝမ်ရွီသည် တစ်ခုခု မလုပ်ပါက သည်ပွဲတွင် သူ ရှုံးမည်ဖြစ်သည်။ သို့သော်လည်း လူတိုင်း၏မျှော်လင့်ချက်နှင့်သွေဖီစွာ ဝမ်ရွီက ရုတ်တရက် စွန့်လွှတ်လိုက်သည်။ နောက်ဆုံးတွင် နိုင်ငံခြားသား လူကြီးသည် ဂျပန်အမျိုးသားထံတွင် ရှုံးနိမ့်သွားရသည်။
“ဟားဟားဟား…. ဝမ်ရွီ မင်းတော်တော်များများ ရှုံးနေပြီးပြီ။ သည်လိုသာ ဆက်ပြီးသွားနေရင် ကာစီနိုကနေ မင်း အဝတ်ဗလာနဲ့ပြန်သွားရလိမ့်မယ်။” ဂျပန်အမျိုးသားက ဘဝင်မြင့်စွာဖြင့် ဝမ်ရွီအား အထင်သေးလှောင်ပြောင်လျက် ရှိသည်။
ဝမ်ရွီက အေးစက်သော အပြုံးတစ်ချက် ပြုံးလိုက်ကာ မည်သို့မျှ မတုံ့ပြန်ပါချေ။
နောက်တစ်ပွဲ စတင်ပြီဖြစ်သည်။ ဝမ်ရွီက သူ၏လောင်းကစားငွေပြားအားလုံးအား တစ်ခါတည်း တွန်းပေးလိုက်ကာ ပေါ့ပါးသော လေသံဖြင့်
“ငါ့မှာ ၂၀၀မီလီယံ ကျန်တယ်။ ဒီတစ်ကြိမ် ငါ ရှုံးရင် ငါ့အရည်အချင်းက မင်းထက် ညံ့တယ်လို့ ဆိုလိုတာပဲ။ စပါ။”
“ငါ လိုက်မယ်။”
သူ၏ကတ်များအား ကြည့်ပြီးနောက် ဂျပန်အမျိုးသားက ချက်ချင်းပင် ပြုံးကာ ၂၀၀မီလီယံတန်ဖိုးရှိသော လောင်းကစားငွေပြားများအား တွန်းလိုက်သကဲ့သို့ နိုင်ငံခြားသားလူကြီးကလည်း တူညီစွာပင် ပြုမူသည်။ မိန်းမပျိုလေးသည်လည်း ၂၀၀မီလီယံတန်ဖိုးရှိသော လောင်းကစားငွေပြားများအား တွန်းလိုက်သည်။
ထိုကစားပွဲသည် ဝမ်ရွီ၏အနိုင်ဖြင့် အဆုံးသတ်သွားသည်။ သူ ရှုံးထားသော ၃၀၀မီလီယံ ပြန်ရသွားရုံသာမက ၃၀၀မီလီယံမကပင် နိုင်သွားသေးသည်။
“ချီးပဲ။ ဆက်ကစားမယ်။”
ဂျပန်အမျိုးသားက ဒေါသတကြီး ဆိုမြည်လိုက်သည်။
နောက်တစ်ပွဲ ထပ်မံစတင်ပြီဖြစ်သည်။ ဝမ်ရွီက ၄၀၀မီလီယံလောင်းကစားငွေပြားအား တစ်ခါတည်း တွန်းပေးလိုက်ကာ ပေါ့ပါးသော လေသံဖြင့်
“မင်းတို့ရဲ့ စားပွဲပေါ်တင်ထားတဲ့ လောင်းကြေးငွေက လုံလောက်မှာမဟုတ်တော့ဘူး။ ငါက မင်းတို့နဲ့ ၄၀၀ မီလီယံ လောင်းချင်ပါသေးတယ်။ ဘယ်သူပဲနိုင်နိုင် ဒီ၄၀၀မီလီယံကို ရနိုင်တယ်။ ဒါပေမယ့် မင်းတို့ ရှုံးသွားရင်တော့ ဒီ၄၀၀မီလီယံကို ပြည့်မီအောင် လောင်းကစားငွေပြားထပ်လဲစရာမလိုပဲ ပွဲက အဆုံးသတ်သွားလိမ့်မယ်။”
မိန်းမပျိုက သူမ၏မျက်ခုံးများအား ပင့်တင်လိုက်မိရင်း သူမအား ကြည့်နေသော ထန်ရှုဆီသို့ ရုတ်တရက် လှည့်ကြည့်လာသည်။ သူမက ချက်ချင်းပင် ထန်ရှုအား ခေါင်းညိတ်ပြသည်။ ထို့နောက် သူမက မတ်တတ်ရပ်ကာ ပြောသည်။
“ငါ မပါတော့ဘူး။ ရှင်တို့ ဆက်ကစားနိုင်တယ်။”
“ငါ ပါမယ်။”
“ငါလည်း ပါမယ်။”
ဂျပန်အမျိုးသားနှင့် နိုင်ငံခြားသားလူကြီးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ထိုပွဲ၏ရလဒ်မှာလည်း ဝမ်ရွီပင် ထပ်မံအနိုင်ရခဲ့သည်။ သူက ထိုလူနှစ်ယောက်၏ လောင်းကစားငွေပြားအားလုံးအား အကုန်သိမ်းလိုက်သည်။ ဝမ်ရွီက ဂျပန်အမျိုးသားအား သူ့ရင်ထဲတွင် ရှိသည့်အတိုင်း လှောင်ပြောင်ပြောဆိုနေစဉ်တွင် မိန်းမပျိုလေးသည် ထန်ရှု၏အရှေ့သို့ ရောက်လာသည်။ လူတိုင်း၏အကြည့်အောက်တွင် သူမသည် စကားတစ်လုံးမျှ မဆိုဘဲ ထန်ရှုအား စိုက်ကြည့်နေခဲ့သည်။
“ကိစ္စတစ်ခုခု ရှိလို့လား မိန်းမချောလေး။”
ထန်ရှုက တည်ငြိမ်အေးဆေးသော အပြုံးအား ပြုံးကာ မေးလိုက်သည်။
မိန်းမပျိုလေးက နူးညံ့စွာ ပြုံးလိုက်ရင်း
“ကျွန်မက ပါရမီရှိတဲ့ လူငယ်တွေကို သဘောကျတယ် အထူးသဖြင့် ရှင့်လို စွမ်းအားကြီးတဲ့ တစ်ယောက်လိုမျိုးပေါ့။ စိတ်မရှိဘူးဆိုရင် ကျွန်မနဲ့ကစားရင်ရော ဘယ်လိုသဘောရလဲ။”
ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
“လောင်းကစားအသေးလေးက ပျော်ရွှင်စရာတစ်ခုဖြစ်ပေမယ့် လောင်းကစားအကြီးဆိုရင်တော့ မင်းကို ထိခိုက်လိမ့်မယ်။ ကျွန်တော်က လောင်းကစားခြင်းကို မနှစ်သက်တဲ့အတွက် မင်းကို အဖော်မလုပ်ပေးနိုင်တော့ပါဘူး။”
မိန်းမပျိုလေးက ရယ်မောလိုက်ရင်း
“ရှင်က လောင်းကစားအကြီးတစ်ခုကို မလိုချင်ဘူးဆိုရင်လည်း တိတ်ဆိတ်တဲ့နေရာတစ်ခု ရှာပြီး အတူသောက်ကြမလား။ အရိုးသားဆုံးပြောရရင် ကျွန်မ ရှင့်အကြောင်းကို သိချင်နေမိတယ်။”
ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော်လည်း အဲ့လိုဆန္ဒရှိပါတယ်။ ဒါနဲ့ ကျွန်တော့်မှာ သီးသန့်ပါတီတစ်ခု ရှိနေလို့ မင်း စိတ်မရှိဘူးဆိုရင် အဲ့ဒီပွဲကို လာနိုင်ပါတယ်။”
“အိုကေ… ကျွန်မ ပြန်ပြီး အဝတ်အစား အရင်သွားလဲလိုက်ဦးမယ်။ ရှင် ဘယ်မှာ နေတာလဲဆိုတာ ကျွန်မကို ပြောပါ။ ကျွန်မ လာရှာလိုက်မယ်။”
“ကောင်းပါပြီ။”
ထန်ရှုက သူ တည်းနေသော ဘန်ဂလိုနံပါတ်အား သူမကို ပြောပြလိုက်ပြီးနောက် ဖက်တီးလီအား ပြောလိုက်သည်။
“သွားကြရအောင်။”
ထွက်ခွာသွားသော မိန်းမလှလေး၏နောက်ကျောအား ကြည့်နေရင်း ဖက်တီးလီက အံ့အားသင့်စွာ ပြောလိုက်သည်။
“ညီလေး ထန် … မင်း အဲ့ဒီသူဋ္ဌေးမကို သိတာလား။”
“ဟင့်အင်း မသိပါဘူး။” ထန်ရှုက ခေါင်းယမ်းသည်။
ထူးဆန်းသောအကြည့်ဖြင့် ဖက်တီးလီက
“ညီလေးထန် … မင်းက အံ့သြဖို့ကောင်းတယ်။ မင်းရဲ့ကံကောင်းမှုက ကောင်းကင်မှာ ပြိုင်ဖက်ကင်းရုံသာမက သူဋ္ဌေးမလှလှလေးတစ်ယောက်ကလည်း မင်းဆီကို သူမကိုယ်တိုင် ရောက်လာတယ်။ ဒီဖက်တီးလီဆီကိုကျတော့ အဲ့လိုကံကောင်းမှုက ဘာလို့ ရောက်မလာတာလဲကွာ။ သောက်ကျိုးနည်း … ဘုရားသခင်က တကယ်ကို မတရားတာပဲ။”
ထန်ရှုက ရယ်မောလိုက်ရင်း
“အဲ့ဒီအမျိုးသမီးက ကောင်းတယ်လို့ ခင်ဗျားထင်တယ်ပေါ့။ သူမကို ခင်ဗျားအခန်းဆီ လွှတ်လိုက်ရင်ရော ဘယ်လိုလဲ။”
“ဟင့်အင်း မလွှတ်နဲ့။ လူကြီးလူကောင်းတစ်ယောက်က အခြားသူ မြတ်နိုးတဲ့အရာတစ်ခုကို ဘယ်တော့မှ မထိရဘူး။ အဲ့ဒီအမျိုးသမီးကို မင်းပဲ ထိန်းသိမ်းထားပြီး သူမနဲ့ ပျော်စရာလေးတွေ ဖန်တီးပါကွာ။”
ဖက်တီးလီက သူ၏လက်အား ထပ်ခါထပ်ခါ ယမ်းလိုက်ရင်း လေသံနှိမ့်ကာ
“တကယ်တော့ ငါ ဆိုင်ပန်ကို တစ်ယောက်တည်း လာတာမဟုတ်ဘူး။ ငါ့မိန်းမနဲ့ ငါ့သမီးလည်း ပါတယ်။ ဆိုတော့ မင်းသိတဲ့အတိုင်း…”
ထန်ရှု ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ အားရပါးရ ရယ်မောမိတော့သည်။ သူက ခေါင်းညိတ်ရင်း
“ဒီလိုဆိုမှဖြင့် မရီးနဲ့ တူမလေးကိုပါ အတူသောက်ရအောင် ဒီညနေ ကျွန်တော့်နေရာကို ခေါ်ခဲ့ပါဦး။”
“အေးပါ။” ဖက်တီးလီက အပြုံးဖြင့် ခေါင်းညိတ်သည်။
“ကမ္ဘာကြီးက တကယ်ကို သေးသေးလေးပါလား။ သူဋ္ဌေးလီနဲ့ တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ တကယ်ကို ငါ ကံကောင်းတာပဲ။”
ထိုအချိန်တွင် ဝမ်ရွီသည် သူ၏လောင်းကစားငွေပြားများအား ငွေသားဖြင့် လဲလှယ်ပြီးချိန်တွင် ဖက်တီးလီအား တွေ့သွားသောကြောင့် အနားရောက်လာကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
ဖက်တီးလီက သူ၏မျက်လုံးများအား ပြူးလျက် နှာတစ်ချက်ရှုံ့လိုက်ပြီး
“ငါ့ကို အဲ့လိုစကားတွေနဲ့ မဆွဲဆောင်ပါနဲ့လား ကိုယ့်လူ။ ဒီည မင်း အကြီးကြီး နိုင်ထားတာဆိုတော့ ငါ့ကို တစ်ပွဲလောက်တော့ ပြုစုသင့်တယ်မဟုတ်လား။”
ဝမ်ရွီက ရယ်မောလိုက်ရင်း
“ပြသနာ မရှိပါဘူး။ နတ်သမီးခုနှစ်ဖော်အကကို သွားကြမယ်လေ။ ဒီညတစ်ညလုံး မင်း စိတ်ကျေနပ်စွာ ကစားစေရမယ်လို့ ငါ ကတိပေးတယ်။”
ဖက်တီးလီက သရော်ဟန်ဖြင့်
“သောက်ကျိုးနည်း။ ငါ့ကိုယ်လုံးကိုလည်း ကြည့်လိုက်ပါဦး။ ငါ မကစားနိုင်တာကို မင်း မမြင်နိုင်တာလားကွာ။ ဒီကိုလာပါဦး။ ဒီနေ့ ငါ ထိုင်းအနှိပ်မှာ တွေ့ခဲ့တဲ့ ညီငယ်လေးတစ်ယောက်နဲ့ မင်းကို မိတ်ဆက်ပေးရဦးမယ်။ သူ့မျိုးရိုးနာမည်က ထန် ထန်ရှု။”
ဝမ်ရွီ၏မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်တစ်ချက် ဖြတ်သန်းသွားသည်။ ထန်ရှု၏ပုံရိပ်အား မသိသောကြောင့် အထင်သေးခြင်း သို့မဟုတ် မထီလေးစားရှိခြင်းတို့အား တစ်ခုမျှ မပြဘဲ အပြုံးဖြင့်
“ညီလေး ထန်… တွေ့ရတာ ဝမ်းသာပါတယ်။ ဖက်တီးလီက ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ နမော်နမဲ့ဟန်ရှိပြီး သူ့ပါးစပ်က ပေါက်ကရလေးဆယ် ပြောတတ်ပေမယ့်လည်း လူတွေကိုတော့ သူ ကြည့်တတ်တယ်။ အဲ့ဒါကြောင့် ညီလေးကလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ရမယ်ဆိုတာ ငါ သေချာသိပါတယ်။”
“အစ်ကိုထန်က နည်းလမ်းတွေမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ။ မူရင်းကို အတုနဲ့အစားထိုးတဲ့ အစ်ကိုရဲ့နည်းစနစ်က တကယ်ကို သာလွန်ပြီး ပြည့်စုံခြင်းအဆင့်ကိုတောင် ရောက်နေပြီ။ ကျွန်တော်ကိုယ်တိုင် သက်သေရှိတာသာမဟုတ်ရင် ခင်ဗျားဘေးနားက ယုံကြည်ရတဲ့ အကြံဉာဏ်ပေးတဲ့သူက အယောင်ဆောင်တစ်ယောက်သာ ဖြစ်တယ်။ အစစ်အမှန်အံ့သြရမယ့်သူက ခင်ဗျားပါပဲ။”
ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
ဝမ်ရွီ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် အလျင်အမြန်ပင် ဘေးပတ်လည်အား ကြည့်လိုက်သည်။ အနားတွင် လူများစွာ ရှိနေသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ထန်ရှု၏စကားများအား ကြားနိုင်ဟန်မရှိသည်ကို တွေ့လိုက်ရသည်။
“ညီလေးထန်ကရော လောင်းကစားအရာမှာ တော်တာပဲလား။”
***