ညွန်ကြားပြသမှု
Vol. 06 Ch. 294
“ကျွန်တော်က ကစားတာ ရှားပါတယ်။ လောင်းကစားတာကို စိတ်မပါဘူး။”
ထန်ရှုက ခေါင်းယမ်းကာ ပြောသည်။
ဝမ်ရွီက ပြုံးရင်း
“အမှန်တကယ်တော့ ငါလည်း အဲ့ဒီအတိုင်းပဲ။ ငါကိုယ်တိုင် လောင်းကစား လုပ်ရတာ မကြိုက်ပေမယ့် စိန်ခေါ်မှုကို နှစ်သက်ပြီး ပြေးပြေးလွှားလွှားနဲ့ စိတ်တအားလှုပ်ရှားရတာကိုတော့ သဘောကျတယ်။ ငါ့ရဲ့အကန့်အသတ်ကို စိန်ခေါ်လာတဲ့ အရာအားလုံးကို ကစားတယ်။ အဲ့ဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိရင်တော့ ရူးတာပေါ့ကွာ။ မင်း ဘာသိလို့လဲ။ အဲ့ဒီဂျပန်အမျိုးသားက အတော်ကြောက်တတ်တာကွ။”
သူရဲဘောကြောင်သူလား။
ထန်ရှု၏စိတ်တွင်းတွင် ကွဲပြားမှုကို သိနေသည်။ ဂျပန်လူမျိုးအချို့သည် အမှန်တကယ်ပင် ကြောက်တတ်ပြီး သူရဲဘောကြောင်သူများ ဖြစ်သော်လည်း အချို့သည်လည်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံကာ အကြောက်အရွံ့မရှိသူများ ဖြစ်ကြသည်။ ထန်ရှုသည် ထိုနိုင်ငံနှင့် လူမျိုးအား မနှစ်သက်သော်လည်း စက်ဆုပ်ဖွယ်ကောင်းသော လူမျိုးစုနှင့် နိုင်ငံများတွင်ပင် ကောင်းမွန်သော အချက်အလက်များနှင့် ဓလေ့စရိုက်အချို့ ပိုင်ဆိုင်ထားသည်ကိုလည်း သူ ရှင်းလင်းစွာ နားလည်ထားပေသည်။ ကြည့်ရသည်မှာ ထိုအမျိုးသားသည် သန်မာပြီး အလျှော့မပေးတတ်သော နားလည်သဘောပေါက်မှုတစ်ခု ရှိသည့် လှုပ်ရှားမှုများ ပြုလုပ်သည့်ဟန်ရှိသည်။
သိသာထင်ရှားစွာပင် ဂီဇာဖက်တီးလီက သည်ဝမ်ရွီ၏အကြောင်းအား များစွာ သိထားသောကြောင့် အလျင်အမြန်ပင် စကားဆိုလိုက်သည်။
“ဝမ်ရွီ … ညီလေးထန်ကို မင်းရဲ့မကောင်းတဲ့ အကျင့်စရိုက်တွေ မကူးစက်စေနဲ့။ သူက ညီကောင်းလေးတစ်ယောက်ပဲ။ မင်းလို အလွန်အမင်း စိန်ခေါ်မှုတွေကို ကစားရတာ နှစ်သက်တဲ့သူ မဟုတ်ဘူးလေ။ သူက အဲ့လိုစိတ်လှုပ်ရှားစရာ ခံစားမှုမျိုးကိုလည်း ရှာဖွေနေဖို့ အကြောင်းမရှိဘူး။”
ဝမ်ရွီက ပခုံးတွန့်ပြီး အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ဖက်တီးလီက ညီလေးထန်ကို အတော်ဂရုစိုက်နေမှတော့ ဒီအကြောင်းကို မေ့လိုက်ပါတော့။ စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ကို တွေ့ပြီလို့ ငါက ထင်ခဲ့တာ။ ကျွမ်းကျင်သူတစ်ယောက်က တကယ်ကို အထီးကျန်တာပဲ။”
ထန်ရှု၏အမူအရာ တစ်ချက်လင်းလက်သွားသည်။ ထွက်ခွာသွားတော့မည့်ဟန်ပြင်နေသည့် ဝမ်ရွီအား ကြည့်နေရင်း သူ ပြောလိုက်သည်။
“ပိုပြီး စိတ်လှုပ်ရှားရမယ့်အရာတွေ ခင်ဗျားရှာနေရင် ကျွန်တော် အကြံတစ်ခု ပေးမယ်။”
ဝမ်ရွီ တစ်ချက်တုံ့ကနဲဖြစ်သွားပြီး သူ၏မျက်ဝန်းများထဲတွင် ဘဝင်ကျမှုအလင်းရောင် ဖြတ်သန်းသွားသော်လည်း သူ၏အမူအရာအား ပုံမှန်အတိုင်းပင် ရှိနေစေကာ မေးလိုက်သည်။
“မင်း ဘာအကြံပေးမှာလဲ။”
“ကျွန်တော့်လက်အောက်မှာရှိတဲ့ လူ၂ယောက်က သိုင်းပညာကျွမ်းကျင်သူတွေဖြစ်ပြီးတော့ အခြားဆရာသခင်တွေနဲ့ တိုက်ခိုက်မှုများစွာကို လုပ်ထားကြပြီးပြီ။ ခင်ဗျားရဲ့ခွန်အားနဲ့ သူတို့က အတူကစားပေးဖို့ လုံလောက်တယ်မဟုတ်လား။ အရင်ဆုံး သဘောတူညီမှုတစ်ခုတော့ လုပ်ကြရအောင်။ ခင်ဗျားက စိတ်လှုပ်ရှားမှုနဲ့ လှုံ့ဆော်မှုတွေကို လိုအပ်တယ်။ အဲ့ဒါကြောင့် သူတို့က ခင်ဗျားကို ဝမ်းနည်းပက်လက်ဖြစ်စေခဲ့ရင် ကျွန်တော့်ကို ရန်ငြိုးမထားပါနဲ့။”
ဝမ်ရွီက ရယ်ချင်စိတ်ကို မျိုသိပ်မထားနိုင်တော့ပဲ
“ငါက ဝမ်းနည်းပက်လက်ဖြစ်ရမှလား။ ငါ့ကို အဲ့လိုမျိုးလုပ်နိုင်တဲ့သူ မွေးဦးမှာတောင် မဟုတ်သေးဘူး။ မင်းက ဂီဇာဖက်တီးလီရဲ့ညီလေး ဖြစ်နေမှတော့ မင်းရဲ့လူ၂ယောက်နဲ့ ငါ ကစားပေးရမှာပေါ့။”
ထန်ရှုက သူ၏တည်းခိုရာ ဘန်ဂလိုနံပါတ်အား ပြောလိုက်ပြီး
“ကျွန်တော်တို့ အိမ်အပြင်ဘက်မှာ ဒီည၁၂နာရီ စောင့်နေပါမယ်။”
“အိုကေ။”
အိုကေအမူအရာကို ပြကာ ဝမ်ရွီက သာတောင့်သာယာ ထွက်ခွာသွားသည်။
ဝမ်ရွီ လှည့်ထွက်သွားသည်နှင့် အနီးနားတွင် မသိမသာ ကြည့်ရှုနေသော လူ၄ယောက်သည် တည်ငြိမ်အေးဆေးသော ခြေလှမ်းများဖြင့် သူ၏အနောက်မှ တိတ်တဆိတ် လိုက်ပါသွားသည်ကို ထန်ရှု သတိပြုမိလိုက်သည်။ ထိုလူ၄ယောက်သည် အနှောင့်အယှက်ပေးမည့်ဟန်မရှိဘဲ သူတို့၏အမူအရာအား ထိန်းသိမ်းလျက် ဝမ်ရွီအား တိတ်ဆိတ်စွာ ကာကွယ်ပေးနေသည့်ဟန်ရှိပေသည်။
ဂီဇာဖက်တီးလီက ထန်ရှုအား ကြည့်ကာ အံ့သြသည့်အမူအရာဖြင့် မေးသည်။
“ညီလေးထန် … မင်း ဘာဖြစ်လို့ သူနဲ့ သဘောတူညီမှုတစ်ခု လုပ်ရတာလဲ။ ငါ သိသလောက်ဆိုရင် ဝမ်ရွီက သိုင်းပညာ ကျွမ်းကျင်သူတစ်ယောက်ပဲ။ သူ့ရဲ့ကွန်ဖူးကလည်း ကောင်းတဲ့ပုံရှိတယ်။ အနောက်မြောက်ဘက်မှာ စွမ်းအားကြီးပြီး ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ကို ရန်ရှန်ယုလို့ ခေါ်တယ်။ ငါ ကြားရသလောက် သူက သိုင်းဆရာကြီးနယ်ပယ်ကိုတောင် ရောက်နေပြီဆိုပဲ။ ကောလဟလကြားတာတော့ သူနဲ့ ဝမ်ရွီတို့ တစ်ခါပြိုင်ဖူးတာမှာ ဝမ်ရွီက မရှုံးခဲ့ဘူးတဲ့။”
ရန်ရှန်ယုလား။
အံ့အားသင့်သော အရိပ်အယောင်တစ်ချက် ထန်ရှု၏မျက်ဝန်းများထဲတွင် ဖြစ်ပေါ်သွားသည်။ အနောက်မြောက်ဘက်ဒေသ၏ ပျံသန်းနေသော နဂါးသိုင်းပညာကျောင်းမှ ရန်ရှန်ယုအား သူ တွေ့ဖူးသည်။ ထိုသူ၏ဇနီးဖြစ်သူ ခံစားနေရသော ထူးဆန်းသည့် ရောဂါဝေဒနာကိုလည်း ကြယ်တာရာဆေးရုံတွင် သူ ကုသပေးဖူးလေသည်။
သို့သော်လည်း စိတ်တွင်းမှ သူ တိတ်တဆိတ် သရော်လိုက်သည်။ ရန်ရှန်ယု၏ကွန်ဖူးနှင့်ဆိုပါက ဝမ်ရွီအား မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။ သည်ဝမ်ရွီသည် လေးတိလေးကန် လျော့တိလျော့ရဲနှင့် မပူးပေါင်းတတ်သည့်ဟန်ရှိသော်လည်း ထိုသူ၏ခြေလှမ်းများသည် တည်ငြိမ်ကာ ခြေလှမ်းတိုင်းသည် တူညီသော အတိုင်းအတာတစ်ခုတွင် ရှိနေသည်။ လမ်းလျှောက်နေစဉ်အတွင်းမှာပင် ထိုသူ၏ကိုယ်ဟန်သည် အလိုအလျောက်ပင် ခုခံကာကွယ်နိုင်သည့် ကိုယ်ဟန်ဖြစ်သည်။ ထိုကဲ့သို့သော ဖော်ပြမှုက ထိုသူသည် များပြားလှသည့် အန္တရာယ်ကြီးမားလှသော အခြေအနေများအား ဖြတ်သန်းခဲ့သည့် အတွေ့အကြုံရှိသည်ကို ဖော်ပြနေသကဲ့သို့ဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ထို့ကြောင့် ရန်ရှန်ယုသည် ဝမ်ရွီ၏ပြိုင်ဘက်မဟုတ်ချေ။
ရန်ရှန်ယု ၃ယောက် သို့မဟုတ် ၅ယောက်သည်ပင် ဝမ်ရွီ၏ပြိုင်ဘက် မဖြစ်နိုင်ပါချေ။
၁၀မိနစ်ကြာပြီးနောက် ထန်ရှုနှင့် ဂီဇာဖက်တီးလီသည် လမ်းခွဲလိုက်ကြသည်။ ထန်ရှုသည် ကာစီနိုမှ ထွက်ခွာလာပြီးနောက် ရှူခင်းလှည့်ပတ်ကြည့်ရှုသော ကားတစ်စီးအား တွေ့သည်နှင့် ထိုကားကို စီးကာ သူ၏တည်းခိုရာသို့ ပြန်လာခဲ့သည်။ ထိုနေရာတွင် မိုအားဝမ်အား ဒုတိယထပ်ဝရန်တာတွင် တင်ပျဉ်ခွေထိုင်လျက် သမုဒ္ဒရာအား မျက်နှာမူကာ ကျင့်ကြံမှုအား တိတ်ဆိတ်စွာ ပြုလုပ်နေသည်ကို သူ တွေ့လိုက်ရသဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
လုံ့လရှိခြင်း။ ထိုအရာသည် အင်မော်တယ်ကျင့်ကြံသူ တစ်ယောက်အနေဖြင့် အရေးကြီးဆုံးထားရှိမည့် စိတ်ထားတစ်ခုဖြစ်သည်။ အင်မော်တယ်အဖြစ် ကျင့်ကြံခြင်းသည် လှိုင်းလုံးများ၊ ရေစီးကြောင်းများအား ဆန့်ကျင်ကာ ရွက်လွှင့်သွားလာနေသော လှေတစ်စင်းနှင့်တူသည်။ ရှေ့သို့ ရွေ့လျားအောင် မလုပ်နိုင်သောသူတစ်ယောက်သည် အနောက်တွင် မုချကျန်ခဲ့ပေလိမ့်မည်။ မိုအားဝမ်သည် ဇွဲလုံံ့လရှိရှိဖြင့် သူ၏ခွန်အားကို အဆက်မပြတ် တိုးတက်စေနိုင်ခဲ့ပါက တစ်နေ့တွင် သူသည် အင်မော်တယ်နယ်ပယ်သို့ တကယ်ပင် ရောက်ရှိနိုင်ပေလိမ့်မည်။ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလိုပါက ပိတ်ပင်တားဆီးမှုများကို ကျော်ဖြတ်ရမည်ဖြစ်သည်။
“ပြန်လာပြီလား သူဋ္ဌေး။”
သူ၏ထက်မြက်သော အကြားအာရုံဖြင့် မိုအားဝမ်သည် ထန်ရှု၏ခြေလှမ်းများအား ကြားနိုင်သဖြင့် သူ၏မျက်လုံးများကို ဖွင့်ပြီး ချက်ချင်းမတ်တတ်ရပ်ကာ လေးစားစွာ စကားဆိုလိုက်သည်။
သူ၏လက်အား ဝှေ့ယမ်းကာ ထန်ရှုက မေးလိုက်သည်။ “အားဝူရော ပြန်မရောက်သေးဘူးလား။”
မိုအားဝမ်က မချိပြုံး ပြုံးလိုက်ပြီး ပြန်ဖြေသည်။
“သူ အပန်းဖြေသွားတဲ့ အချိန်တိုင်း နာရီများစွာ မသုံးဘဲ မပြီးဘူး။ အန္တရာယ်တစ်ခုခု မဖြစ်ခဲ့ဘူးဆိုရင်ပေါ့။”
“သူ့ကို မေ့လိုက်တော့။ ဒါနဲ့ ဒီညနေမှာ တွမ်ရတ်ဂီ စီစဉ်ထားတဲ့ ဧည့်ခံပွဲကြီးက စတော့မယ်မလား။ ညစာကို စောင့်ရင်း စကားပြောကြတာပေါ့။ ကျွန်တော် စောစော ပြန်လာရနိုင်တယ်။ တစ်ချို့ကိစ္စလေးတွေ လုပ်ဖို့ ရှိနေလို့။”
မိုအားဝမ်က အံ့အားသင့်စွာမေးလိုက်သည်။
“သူဋ္ဌေး တစ်ခုခု လုပ်ဖို့ရှိနေတာလား။ အဲ့ဒါကို ငါဆောင်ရွက်ပေးရမလား။”
ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
“ခင်ဗျားရဲ့စိတ်ဝိညာဉ်ကို ထိန်းသိမ်းနိုင်ဖို့ ဒီညဧည့်ခံပွဲမှာ ကောင်းကောင်းစားသောက်ခဲ့ဖို့ လိုတယ်။ ဒါပေမယ့် ဒီညသန်းခေါင်ယံမှာ ခင်ဗျားနဲ့ချဖို့ ပြိုင်ဘက်ကောင်းတစ်ခု ကျွန်တော် တွေ့ထားတယ်။ သူ့ကို ခင်ဗျားအနိုင်တိုက်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။”
“အဲ့ဒီလူက ရန်သူတစ်ယောက်လား။”
မိုအားဝမ်က စူးစမ်းလိုက်သည်။
“သူက ရန်သူတစ်ယောက်မဟုတ်ပါဘူး။ သူက စိတ်ကြီးဝင် ဘဝင်မြင့်နေတဲ့သူတစ်ယောက်လေးပါ။ ခင်ဗျား သူ့ကို သတ်လို့မရဘူးနော်။ မြင့်တဲ့ အခြားကောင်းကင်တစ်ခု ရှိတယ်ဆိုတာနဲ့ သူ့ထက် ပိုကောင်းတဲ့သူတစ်ယောက် အမြဲရှိတယ်ဆိုတဲ့ အမှန်တရားကို နားလည်စေချင်လို့ သူ့ကို သင်ခန်းစာ ပေးရုံပဲပေးပါ။”
“ဒီတာဝန်ပြီးမြောက်ရမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။”
မိုအားဝမ် စိတ်အားတက်ကြွစွာဖြင့် လေးနက်စွာ တုံ့ပြန်လိုက်သည်။
“ဒီပြိုင်ပွဲကို အိမ်စာတစ်ခုအဖြစ် ယူစရာမလိုပေမယ့် ဒီလူက သူ့ရဲ့ခွန်အားကို နည်းနည်းလေးတောင်မှ မထုတ်ဖော်ဘူးဆိုတော့ သူ့ကို ချက်ကစားပွဲက ပြိုင်ဘက်တစ်ယောက်လို သဘောထားနိုင်တယ်။ ခင်ဗျားရဲ့သိုင်းပညာလမ်းကြောင်း သန်မာလာစေဖို့ ကောင်းမွန်တဲ့ ဓားသွေးကျောက်တစ်တုံး ဖြစ်လာလိမ့်မယ်။ ခင်ဗျား သူ့ကို နိုင်ခဲ့ရင် ကျွမ်းကျင်တဲ့ တကယ့်ပြိုင်ဘက်တွေဆီက တိုက်ခိုက်တဲ့ အတွေ့အကြုံတွေ အများကြီး စုဆောင်းမိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”
“ဒါပေမယ့် ငါ့အတွေ့အကြုံတွေက များပါတယ်။” မိုအားဝမ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
“အားဝမ်… ခင်ဗျားမှာ အလွန်များပြားတဲ့ တိုက်ခိုက်မှုအတွေ့အကြုံတွေနဲ့ သေခြင်းရှင်ခြင်းအခြေအနေတွေကို ကျော်ဖြတ်ရှင်သန်ခဲ့တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါက မတူဘူး။ ခင်ဗျား ဖြတ်သန်းလာရတာက တိုက်ခိုက်မှုစွမ်းရည်နည်းပါးပြီး အလွယ်တကူ သတ်နိုင်တဲ့ ရန်သူတွေနဲ့ ကျည်ဆံတွေကြားဖြစ်ပြီးတော့ ခင်ဗျားလိုအဆင့်တူ တိုက်ခိုက်မှုစွမ်းရည်ရှိတဲ့ စွမ်းအားကြီး ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်တဲ့ အတွေ့အကြုံက နည်းနည်းပဲ ရှိတယ်လေ ကျွန်တော် ပြောတယ်မှန်တယ်မလား။”
မိုအားဝမ် အတွေးထဲတွင် အချိန်အတော်ကြာအောင် နစ်မြုပ်နေပြီးမှ ခေါင်းကိုညိတ်ကာ
“မှန်ပါတယ် သူဋ္ဌေး။ ငါ့ခွန်အား တိုးတက်အောင် စတင်ဖြတ်သန်းလာတဲ့အချိန်ကနေ ၇နှစ်-၈နှစ်အထိက လက်ရည်တူညီတဲ့ တိုက်ခိုက်မှုမျိုးတွေ့ကြုံရတာ ရှားပါတယ်။ အဲ့ဒါကြောင့် ငါ့ရဲ့စွမ်းရည်တိုးတက်မှုက နှေးကွေးနေခဲ့တာပါ။ ဒါပေမယ့် အကြီးအကဲကျိက အင်မော်တယ်ကျင့်စဉ်နည်းစနစ်ကို သင်ပေးပြီးတဲ့နောက်မှာ ငါ့ကိုယ်ထဲမှာ ရှိတဲ့ အစစ်အမှန်ချီက အရည်အသွေးရှိတဲ့ ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်ပြီး အစစ်အမှန်စွမ်းအားအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီးပြီ။ အဲ့ဒါကြောင့် ငါ့ရဲ့ခွန်အားက အရင်ထက် အဆပေါင်းများစွာ တိုးတက်လာပြီးတော့ အတိုင်းအထက်အလွန်များလာတယ်လို့ ငါ ခံစားရတယ်။ အဲ့ဒါအပြင် လက်ရည်တူ ပြိုင်ဘက်နဲ့လည်း မကြုံရသေးဘူး။”
“ကြောက်စရာကောင်းတဲ့ ကျွမ်းကျင်သူတွေနဲ့ တိုက်ပွဲက အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခိုက်အတန့်တွေ အမြဲတမ်း ရှိတယ်။ အဲ့ဒါက သူတို့ရဲ့အလားအလာရှိတဲ့စွမ်းရည်တွေကို တိုးတက်စေတာမို့ ကြိုတင်တိုးတက်နိုင်ကြတယ်လေ။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ခင်ဗျားရဲ့အသက်ကို စတေးဖို့ မဟုတ်ပေမယ့် ကျွမ်းကျင်သူတွေကြားက တိုက်ပွဲမှာ အဲ့ဒီစိတ်ကလေးကို ထည့်သွင်းပြီး ယှဉ်ပြိုင်ဖို့ မျှော်လင့်တာပါ။”
ထန်ရှုက ရှင်းပြသည်။
“သူဋ္ဌေးဆိုလိုတာနဲ့ ရည်ရွယ်ချက်ကို ငါ နားလည်ပါပြီ။” မိုအားဝမ်က ပြောသည်။
သူ၏ပခုံးအား ပုတ်ကာ ထန်ရှုက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး မှောင်မည်းနေသော အပြင်ဘက်က မည်းမှောင်နေသောကောင်းကင်အား ကြည့်နေရင်း သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အနာခံမှ အသာစံရမည်။ အတိဒုက္ခနှင့် စမ်းသပ်မှုများ မရှိဘဲ လူတစ်ယောက်သည် ဂုဏ်အသရေနှင့် ချမ်းသာကြွယ်ဝမှုအား ရရှိနိုင်မည်မဟုတ်ချေ။
ကျင့်ကြံခြင်းနှင့် အင်မော်တယ်သို့ တက်လှမ်းခြင်း လမ်းကြောင်းသည် အမြဲတစေ အနှောင့်အယှက်များနှင့် ကြမ်းတမ်းမှုများပြည့်နှက်နေသည်။ လူတစ်ယောက်သည် ခရီးအတော်ပေါက်လိုပါက သူသည် ပိုမိုသန်မာရပေမည်။ ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်ကာ တိုက်ခိုက်ရန်မှာ ရှောင်လွှဲမရနိုင်သောအရာဖြစ်ပြီး ဘဝတစ်လျှောက်လုံးပင်ဖြစ်ချေသည်။ အင်မော်တယ်ကမ္ဘာရှိ လူအများ၏အထက်တွင် ရှိနေသော စွမ်းအားကြီးသည့် ကျွမ်းကျင်သူများသည် မရေမတွက်နိုင်သောလူများ၏ ခန္ဓာကိုယ်များကို နင်းတက်ကာ အာဏာကို ဆုပ်ကိုင်ခဲ့ခြင်း မဟုတ်တုံလော။ မိုအားဝမ်အား သူ ပြောခဲ့သောစကားများသည် သူ့ကိုယ်သူလည်း ပြောရမည့်စကားများပင် မဟုတ်ပေလော။ သူသည် ကောင်းကင်မှ မြေကြီးသို့ ကျလာသည့်အရသာကို ခံစားခဲ့ဖူးပြီးသည့်အပြင် သူ၏စွမ်းအား ပျောက်ဆုံးနေသည့်နာကျင်မှုကိုလည်း ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။ အနာဂတ်၏တစ်နေ့တွင် သူသည် သူ၏ရန်သူများအား ရှာဖွေရန် အင်မော်တယ်ကမ္ဘာသို့ ပြန်ကာ ထိုသူများ၏အသက်မဲ့ခန္ဓာကိုယ်များပေါ်တွင် နင်းတက်ကာ နတ်ဘုရားကမ္ဘာကို သွားမည့် သူ၏အင်မော်တယ်ခရီးအား ပြီးဆုံးအောင် လုပ်ရပေလိမ့်မည်။
“မင်းတို့အားလုံး ငါ့ကို စောင့်နေဖို့အတွက် ကောင်းကောင်းအသက်ရှင်နေရမယ်။ မင်းတို့ရဲ့လည်ပင်းကို သန့်ရှင်းထားပြီး အင်မော်တယ်ကမ္ဘာကို ငါ ပြန်လာမှာကို စောင့်နေပါ။”
သူ၏လက်မောင်းမှ သွေးကြောစိမ်းများ ထောင်လာသည့်အထိ ထန်ရှု လက်သီးအစုံအား ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏သတ်ဖြတ်လိုသောစိတ်သည် မိုအားဝမ်အား စိတ်တွင်းမှ တုန်လှုပ်သည်အထိ ဖြစ်စေကာ အမှတ်တမဲ့ဖြင့် နောက်သို့ ခြေလှမ်းဝက်ပင် ဆုတ်လိုက်မိသည်။
ရုတ်တရက် ထန်ရှု ဘေးကို လှည့်လျက် စိုးရိမ်ကြောင့်ကြနေသောအသွင်ရှိသည့် မိုအားဝမ်အား ကြည့်လိုက်ပြီး အကန့်အသတ်မရှိ အဆုံးမရှိသော သမုဒ္ဒရာအား ညွှန်ပြကာ လေးနက်သောအသံဖြင့်
“ကျွန်တော့်ကို ပြောပါ။ ခင်ဗျား အဲ့ဒီမှာ ဘာမြင်လဲ။”
မိုအားဝမ် တစ်ခဏတွေးလိုက်ပြီး
“သမုဒ္ဒရာပါ။”
“တခြားဘာရှိလဲ။” ထန်ရှုက မေးသည်။
မျက်မှောင်ကြုပ်ကာ ပြင်းပြင်းထန်ထန် လေးလေးနက်နက် စဉ်းစားနေသည့်အသွင်သည် မိုအားဝမ်၏မျက်လုံးများထဲတွင် ဖြစ်ပေါ်နေသော်လည်း သူက ခေါင်းကိုယမ်းကာ
“သမုဒ္ဒရာနဲ့ ညကလွဲပြီး ငါ တခြားဟာ မမြင်ပါဘူး သူဋ္ဌေး။”
“အားဝမ် … ကျွန်တော် ခင်ဗျားကို ဘာကြောင့်သဘောကျလဲသိလား။”
ထန်ရှုက ပေါ့ပေါ့ပါးပါး မေးသည်။
“ဘာကြောင့်လဲ။”
မိုအားဝမ်၏အမူအရာ ပြောင်းသွားကာ ပြန်မေးလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက နားလည်နိုင်သိမြင်နိုင်စွမ်းရှိပြီး ပါးနပ်ချက်ချာလို့ပဲ။ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်မှုနဲ့ နားလည်သိမြင်နိုင်မှုက တိုက်ခိုက်မှုခွန်အားထက် ပိုပြီး ကြောက်စရာကောင်းတယ်ဆိုတာ ခင်ဗျား မကြာခဏ သိတယ်။ ခင်ဗျားအကြောင်းကို ဂူရှောင်ရွှဲ့ကို မေးကြည့်တော့ သူမက အများကြီး ပြောပြခဲ့တယ်။”
“သူဋ္ဌေးဆိုလိုချင်တာကို ငါ ခုထိ သဘောမပေါက်သေးဘူး။”
မိုအားဝမ်က ဆိုလိုက်သည်။
“ကျင့်ကြံမှုလမ်းကြောင်းဆိုတာ ဆင်ကန်းတောတိုး ကြိုးစားဖမ်းဆုပ်ရတဲ့ စွမ်းအားမဟုတ်သလို ခင်ဗျားရဲ့စိတ်နေသဘောထားအတွင်းပိုင်းကိုလည်း တိုးတက်အောင်လုပ်ရတဲ့အရာလို့ ကျွန်တော် ခင်ဗျားကို ပြောချင်တယ်။ ခင်ဗျားနဲ့ အားဝူက သန်မာတဲ့ စိတ်စွမ်းအားကို ပိုင်ဆိုင်ထားပေမယ့် အစစ်အမှန်ကျင့်ကြံသူတစ်ယောက်က ဘာလဲဆိုတာကို အမှန်တကယ် ဆက်စပ်နားလည်နိုင်မှုမရှိသေးဘူး။ ကျွန်တော် လူအများကြီးနဲ့ ကြုံဖူးတယ်။ သူတို့တွေက ခွန်အားကိုသာ မျက်ကန်းတစ်ယောက်လို ကြိုးစားအားထုတ်နေပြီး စိတ်ပိုင်းဆိုင်ရာကို တိုးတက်အောင်လုပ်ဖို့ လစ်လျူရှုထားနေကြတယ်။ အဲ့ဒီအတွက်ရလဒ်က သူတို့ရဲ့စိတ်ထဲက အတွင်းစိတ်နတ်ဆိုးကို မကျော်လွှားနိုင်တဲ့အတွက် သူတို့ရဲ့ အတိဒုက္ခကို ကျော်ဖြတ်ရာမှာ ကျရှုံးသွားကြတာပဲ။ အဆုံးသတ်မှာ သေလုမျောပါးဖြစ်ပြီး ပျက်စီးကုန်ကြတော့တာ။”
မိုအားဝမ်က ထပ်ပြီး စူးစမ်းလိုက်သည်။
“သူဋ္ဌေးပြောတဲ့ ကျော်ဖြတ်ရတဲ့ အတိဒုက္ခဆိုတာ ဘာများလဲ။ ရှန်းရှဝတ္ထုတွေထဲကလိုလား။”
“ခြားနားမှုအချို့ရှိပေမယ့် နည်းနည်းဆင်တူတယ်။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။
မိုအားဝမ်က ထပ်ပြီးမေးလိုက်သည်။
“ဒီလိုဆို ငါတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို တစ်ချိန်တည်းမှာ ဘယ်လိုလေ့ကျင့်ရမှာလဲ သူဋ္ဌေး။”
ထန်ရှုက ခေါင်းကိုယမ်းကာ
“စိတ်ပိုင်းဆိုင်ရာကို ကျင့်ကြံခြင်းဆိုတာက ခင်ဗျားရဲ့အာရုံခံစားမှုတွေကို စူးစိုက်ထားဖို့ပဲ။ ခင်ဗျားကို ရှင်းပြဖို့ အရိုးရှင်းဆုံး ဥပမာတစ်ခု ပြောပြမယ်။ ဥပမာ … ခင်ဗျားကို စောစောပိုင်းက ကျွန်တော်မေးခဲ့တဲ့ မေးခွန်းက ခင်ဗျားအပြင်ဘက်ကို ကြည့်တော့ ဘာကိုမြင်ရသလဲဆိုတဲ့ မေးခွန်းမဟုတ်လား။ ခင်ဗျားက သမုဒ္ဒရာနဲ့ ညကောင်းကင်ယံကို မြင်တယ်လို့ပဲ ပြောခဲ့တယ်။ ကျွန်တော် အဲ့ဒီမှာ ဘာကိုတွေ့သလဲဆိုတာ ခင်ဗျား သိလား။”
မိုအားဝမ်က ပဟေဠိဖြစ်သွားပြီး ထပ်မေးသည်။
“ဒါဆို သူဋ္ဌေးက ဘာကို မြင်တာလဲ။”
“ကျွန်တော်က အကန့်အသတ်မရှိ အတိုင်းအဆမရှိ ကျယ်ဝန်းပြီး အကန့်အသတ်မရှိတဲ့ သမုဒ္ဒရာရဲ့တည်ရှိမှုအဓိပ္ပာယ်ကို ခံစားမိသလို ကောင်းကင်အမိုးခုံးက ညကန့်လန့်ကာရဲ့ လှပပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေကို မြင်တယ်။”
ထန်ရှုက လေးနက်စွာ ပြောလိုက်သည်။
ပါးနပ်ချက်ချာပြီး နားလည်သိမြင်နိုင်စွမ်းရှိသော မိုအားဝမ်က ချက်ချင်းပင် ထန်ရှု၏စကားနောက်ကွယ်မှ အဓိပ္ပာယ်အား နားလည်သဘောပေါက်သွားကာ
“သူဋ္ဌေးဆိုလိုတာက စေ့စေ့စပ်စပ် စူးစမ်းစစ်ဆေးပြီး သင်ယူရမှာဖြစ်သလို ပညာဗဟုသုတကိုလည်း စဉ်းစားဆင်ခြင်ပြီး ကြိုးစားအားထုတ်ရမှာလို့ ပြောချင်တာမဟုတ်လား။”
***