← Chapters

ဗီဗီယန်နီ

Vol. 06 Ch. 295

ဗီဗီယန်နီ

Vol. 06 Ch. 295

မိုအားဝမ်၏နားလည်ထိုးထွင်းနိုင်စွမ်းသည် ထန်ရှုအား စိတ်ကျေနပ်စေပြီး ပြောရသည်နှင့်ထိုက်တန်သည်ဟု ခံစားမိစေသည်။

သူသည် စကားလက်စသတ်လိုက်သည်။

“ကျင့်ကြံမှုကို ဖော်ပြရမယ်ဆိုရင် စူးစမ်းလေ့လာပြီး သင်ယူရမှာဖြစ်သလို ဥာဏ်အလင်းတွေကို တွေးတောကြံဆပြီး ကြိုးစားအားထုတ်ရမယ်လို့ ဆိုမှပဲ မှန်လိမ့်မယ်။ ဒါပေမယ့် ကျင့်ကြံသူတွေအတွက်တော့ ဒီ့ထက်ပိုတဲ့ နားလည်မှုအနှစ်သာရတစ်ခု ရှိသေးတာပေါ့လေ။ ကောင်းကင်နဲ့ မြေကြီးကြားက မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာပါဝင်တဲ့ သိမြင်နားလည်ခြင်းဆိုတာ ကျင့်ကြံတဲ့လမ်းကြောင်းတစ်လျှောက် လေးနက်ကောင်းမွန်တဲ့အကျင့်တွေကို သယ်ဆောင်လာပြီး လူတစ်ယောက်ရဲ့စိတ်ကို ပြောင်းလဲလိုက်ခြင်းပါပဲ။”

ထိုစကားများကို ကြားရသည့်အခါ တောက်ပသော မီးပြတိုက်တစ်ခုမှ မှန်ကန်သော လမ်းကြောင်းအား ညွှန်ပြပေးလိုက်သကဲ့သို့ မိုအားဝမ်၏စိတ်ပင်လယ်နှင့် နှလုံးသားအတွင်းတွင် ကြာရှည်စွာ လင်းလက်နေခဲ့သည်။

လူတစ်ယောက်၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ပန်းပွင့်များနှင့် သစ်ပင်များရှိသော ကမ္ဘာတစ်ခုအား ခံစားရန် လေ့လာလိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

ခံစားမှုဖြင့် လှုပ်ရှားခြင်း၊

နှလုံးသားဖြင့် လေ့လာသင်ယူခြင်း။

မိုအားဝမ်သည် ထိုအရာအား ခံစားမိသောကြောင့် သူ၏နှလုံးသားသည် တဆတ်ဆတ်ခုန်လာခဲ့ပြီး ဝရန်တာတွင် တင်ပျဉ်ခွေထိုင်လိုက်ကာ မျက်လုံးများအား ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

ထိုအခိုက်အတန့်၌ ထန်ရှုမှာ အံ့သြမိန်းမောသွားကာ ထူးဆန်းသောအမူအရာတစ်ခုသည် သူ၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ သူ၏စကားများသည် အမှန်တကယ်ပင် မိုအားဝမ်၏နှလုံးသားအား ထိရှသွားစေလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူ၏သာလွန်ထက်မြက်သောအာရုံငါးပါးဖြင့် ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်ချီအချို့သည် မိုအားဝမ်ဆီသို့ စုပုံစုဝေးလာသည်ကို ခံစားမိသည်။ သူ၏အမူအရာသည် ချက်ချင်းပင် ရွှင်ပျသွားရပြီး ဝရန်တာမှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သည်။

နာရီဝက်ကြာပြီးနောက် မြင့်မြင့်မားမား နှင့် ထက်သန်ကြံ့ခိုင်လှသည့်ဟန်ရှိသော မိုအားဝူသည် အံ့အားသင့်နေသည့်ပုံဖြစ်နေသော တွမ်ရတ်ဂီနှင့်အတူ ရောက်လာသည်။ ထန်ရှုက ထိုသူများအား တိတ်တိတ်နေရန် အချက်ပြပြီးနောက် ၃ယောက်သား ပထမထပ်ရှိ ခန်းမသို့ လျှောက်လာခဲ့ကြသည်။

ထန်ရှုက အပြုံးဖြင့်

“အခုချိန်မှာ အားဝမ်ကို အနှောင့်အယှက် ဖြစ်သွားလို့မရဘူး။ ဒါနဲ့ ခင်ဗျားတို့၂ယောက်က ဘယ်လိုဖြစ်ပြီး အတူရောက်လာကြတာလဲ။”

တွမ်ရတ်ဂီက အနေရခက်သည့်အပြုံးဖြင့်

“မစ္စတာထန် … အားဝူက အားဝမ်ရဲ့ညီအစ်ကိုအရင်း ဖြစ်တယ်ဆိုတာကို ငါ အခုမှ သိတယ်။ ဒီညီအစ်ကို၂ယောက်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ။”

“ခင်ဗျားပြောချင်တာက သူတို့ရဲ့တိုက်ခိုက်မှု စွမ်းအားကိုလား။” ထန်ရှုက အံ့အားသင့်စွာ မေးသည်။

တွမ်ရတ်ဂီက ခေါင်းယမ်းပြရင်း

“တိုက်ခိုက်မှုစွမ်းအားလား။ ဒါပဲဆိုရင်တော့ ငါ ဒီလို မတုန်လှုပ်ပါဘူး။ ငါ ပြောနေတဲ့အကြောင်းက သူ့ရဲ့ယောကျာ်းတစ်ယောက်ခွန်အားကိုလေ။ ၃နာရီကြာတယ်။ ဒီလူက အခန်းထဲမှာ ၃နာရီကြာတဲ့အထိ နေခဲ့ပြီး အမျိုးသမီး၄ယောက်ကို အိပ်ရာထဲကနေ တွားသွားဖို့တောင် မတတ်နိုင်တဲ့အထိ ခွန်အားပြခဲ့တယ်။ ဒီလိုနေရာမှာ ခွန်အားကြီးတဲ့ အမျိုးသားတော်တော်များများ ငါ တွေ့ဖူးပါတယ်ကွာ။ သူ့လောက် သန်မာတဲ့သူတော့ တစ်ယောက်မှ မတွေ့ဖူးဘူး ကိုယ့်လူရေ။”

တွမ်ရတ်ဂီက ပြောနေစဉ်အတွင်းမှာပင် အားကျသည့်အမူအရာက သူ၏မျက်နှာအား လွှမ်းခြုံထားသည်။

ထန်ရှု၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ တဆတ်ဆတ်လှုပ်ခါသွားပြီး သူ၏မျက်နှာအား ဘယ်ထားရမည်မသိဖြစ်သွားရသည်။

မိုအားဝူတစ်ယောက် နွားသိုးကြိုးပြတ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ မည်သည့်အခါမျှ မထင်ထားမိခဲ့ချေ။ သည်လိုကိစ္စမျိုးတွင် သူသည်လည်း မဆိုးဟု ထန်ရှု သူ့ကိုယ်သူ စဉ်းစားနိုင်သော်လည်း မိုအားဝူနှင့် နှိုင်းယှဉ်မည်ဆိုပါလျှင် သူက ပိုကောင်းနိုင်ပါလိမ့်မည်လား။

သည်လူသည် ရိုးရှင်းစွာပင် ယောကျာ်းတစ်ယောက်အရေခြုံထားသော စွမ်းအားပြည့်လှသည့် တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ချေတော့သည်။

“လာ ထိုင်ပါဦး။ စကားပြောကြတာပေါ့။”

စကားအကြောင်းအရာအား ပြောင်းကာ ထန်ရှုက ထို၂ယောက်အား ထိုင်ရန် လက်ဟန်ပြသည်။

“သူဋ္ဌေး …. အားဝမ် သူ…” မိုအားဝူက မေးလိုက်သည်။

ထန်ရှုက သူ၏လက်အား မြှောက်ကာ မိုအားဝူအား ဟန့်တားလိုက်ပြီး ခပ်ဖွဖွအပြုံးဖြင့်

“သူက ကောင်းပါတယ်။ အရင်ထက် ပိုပြီးကောင်းလာလိမ့်မယ်။ မစိုးရိမ်နဲ့။ ခဏကြာရင် သူ အောက်ဆင်းလာလိမ့်မယ်။”

“အင်း။”

ထန်ရှုက သူ့အား ညာလိမ့်မည်မဟုတ်ဟု မိုအားဝူ သိသောကြောင့် ခေါင်းညိတ်ကာ ဆက်မမေးတော့ချေ။

တွမ်ရတ်ဂီအား ကြည့်ကာ ထန်ရှုက တစ်ချက်ပြုံးလိုက်ရင်း

“ဒါနဲ့ ကျွန်တော် သူငယ်ချင်းအချို့ကို ဒီညဧည့်ခံပွဲတက်ဖို့ ဖိတ်ထားတယ်။ ခင်ဗျားအတွက် အဆင်ပြေမလား။”

“ပြသနာ မရှိဘူး။ မင်းရဲ့သူငယ်ချင်းတွေက ငါ့ရဲ့သူငယ်ချင်းတွေပဲပေါ့။ ငါ့မှာလည်း သူငယ်ချင်းများများစားစား မရှိလှပါဘူး။”

တွမ်ရတ်ဂီက အပြုံးဖြင့် ပြောလိုက်သည်။

ထန်ရှု သူ့အား ကြည့်မိစဉ်တွင် မဖော်ပြနိုင်သော ခံစားချက်တစ်ခုသည် သူ၏ရင်တွင်းတွင် ဖြစ်ပေါ်လာသည်။

သူငယ်ချင်းတွေတဲ့လား။

ယခင်ဘ၀က သူ၏သူငယ်ချင်းများကြောင့် များပြားလှသည့် နာကျင်မှုများကို သူ ခံစားခဲ့ရသည်။ လက်ရှိကာလ သူ့တွင် သူငယ်ချင်းများစွာ ရှိသည့်ပုံထင်ရသော်လည်း အမှန်တကယ် သစ္စာရှိသောသူများမှာ အနည်းငယ်သာလျှင် ရှိပေလိမ့်မည်။ သူကိုယ်တိုင်ကပင်လျှင် ထိုသူငယ်ချင်းများအပေါ် သတိကြီးစွာ ထားနေဆဲဖြစ်သည်။ သူ၏သူငယ်ချင်းများအား မယုံကြည်ခြင်းမဟုတ်သော်လည်း သူငယ်ချင်းဖွဲ့ခြင်းသည် သူ့အတွက် အလွန်သတိကြီးစွာ ထားရသောအရာတစ်ခုဖြစ်ပေတော့သည်။

လူတွေ ပြောကြသည်မှာ လူတစ်ယောက်သည် အခြားသူများအား နာကျင်အောင် လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်သော်လည်း ထိုလူအား နာကျင်အောင် တခြားသူများမှ လုပ်ဆောင်လာပါက မိမိကိုယ်ကိုကာကွယ်ရမည်ဖြစ်သည်။

တစ်ကြိမ် မြွေကိုက်ခံရဖူးသော တစ်စုံတစ်ယောက်သည် ကောင်းမွန်သော ကြိုးကို မြင်သည့်အခါတိုင်း မြွေအမှတ်ဖြင့် ဆယ်နှစ်တိုင်အောင် ကြောက်နေရသည့်အဖြစ်ကဲ့သို့ ထန်ရှုသည် သူကိုယ်တိုင်အား အမှန်တကယ်ပင် ထိုသို့ သတိကြီးစွာ စဉ်းစားထားရသည်။

ဥပမာအားဖြင့် ဖက်တီးလီသည် ဒီနေ့မှ အပေါင်းအဖော်ဖြစ်ခဲ့သောလူတစ်ယောက်ဖြစ်သည်။ ထိုလူ၏ပွင့်ပွင့်လင်းလင်းနှင့် ဟောဟောဒိုင်းဒိုင်း ပြောတတ်သော စရိုက်အား သူ သဘောကျသော်လည်း လူတစ်ယောက်၏ရင်တွင်းမှ အကြောင်းအရာအမှန်အား မည်သူမျှ မသိချေ။ ဖက်တီးလီ၏စိတ်တွင်းတွင် မစ္ဆရိယစိတ်မရှိပါဟု မည်သူ အာမခံနိုင်ပါမည်နည်း။ သည်ကမ္ဘာတွင် ယုံကြည်နိုင်သော အရာဟုမရှိဘဲ စိတ်ဝင်စားမှုများနှင့် အကျိုးစီးပွားများ၏ ပမာဏထုထည်ကြောင့် ယုံကြည်မှုမှသည် မယုံကြည်နိုင်သော အရာအသွင်သို့ ပြောင်းလဲသွားနိုင်ပေသည်။

သူသည် အင်တာနက်မှ သတင်းတစ်ပုဒ်အား တစ်ခါက ဖတ်ဖူးသည်။ ထိုသတင်းမှ ဖော်ပြထားသည်မှာ အမြွာညီအစ်ကို၂ယောက် ရှိခဲ့ပြီး အကြီးဆုံးမှာ ရိုးသားကာ သေသေချာချာ စဉ်းစားတွေးခေါ်တတ်သူ ဖြစ်သည့်အပြင် သူ၏ညီငယ်အား ချစ်ခင်စွာဖြင့် စိတ်ရောကိုယ်ပါ စောင့်ရှောက်လာသူဖြစ်သည်။ သို့သော် သူ အရက်မူးနေသောအချိန်တွင် အမှန်တရားသည် ပွင့်ထွက်လာသည်။

“တစ်ယောက်ယောက်က ငါ့ကို ၁၀၀မီလီယံပေးပြီး ငါ့ညီလေးကို ထိခိုက်ဒဏ်ရာရခိုင်းစေမယ်ဆိုရင် ငါကိုယ်တိုင် ဓားနဲ့ထိုးမှာ အသေအချာပဲ။ တစ်ယောက်ယောက်က ၁ဘီလီယံပေးမယ်ဆိုရင် ငါ့ညီလေးကို ရောင်းဖို့ စဉ်းစားမိလိမ့်မယ်။ ဘယ်သူမဆို ငါ့ကို ၁၀ဘီလီယံ ပေးလို့ကတော့ ငါ့ညီလေးကို ရောင်းပြီး အဲ့ဒီပိုက်ဆံကို ယူသွားလိုက်တော့မယ်။”

သစ္စာဖောက်မှုသည် တန်ကြေးအလွန်မြင့်မားစွာ ရပါက မဖြစ်နိုင်ဟု ယူဆမရနိုင်ပါချေ။

ဟောင်ကောင်မှ ဒုချန်ဇီနှင့် ချီချန်းရှန်တို့အား ကြည့်ကာ သိနိုင်သည်။ ထို၂ယောက်သည် ဆယ်စုနှစ်များစွာ သူငယ်ချင်းဖြစ်လာကြပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအရဖြစ်စေ၊ ပုဂ္ဂိုလ်ရေးဆက်ဆံမှုအရဖြစ်စေ သူငယ်ချင်းကောင်းများဟု ကောင်းစွာသိထားကြသည်။ သို့သော် ဒုချန်ဇီသည် ၃ဘီလီယံ လျော်ကြေးပေးရမည် ဆိုသောအခါ ချီချန်းရှန်အား သတင်းရောင်းစားခြင်းဖြင့် သူ၏ဆုံးရှုံးမှုအား ကာမိစေရန် အမြတ်ထုတ်လိုက်သေးသည်။

တွေဝေမိန်းမောနေသော ထန်ရှုအား ကြည့်ပြီး တွမ်ရတ်ဂီက မျက်မှောင်ကြုပ်ရင်း မေးလိုက်သည်။

“မစ္စတာထန် ငါ့စကားများ မှားသွားတာရှိလို့လား။”

ထန်ရှုက အသိပြန်ဝင်လာပြီးနောက် ခေါင်းကို ယမ်းကာ ပြုံးလိုက်ရင်း

“မရှိပါဘူး။ တစ်ခါတရံမှာ သူငယ်ချင်းတွေ အများကြီးရှိတာကလည်း အတော် စပ်စုတတ်ကြတယ်။ ကမ္ဘာကြီးက ကြီးပြီး သူငယ်ချင်းဖွဲ့ဖို့ ဆိုတာကလည်း နည်းလမ်းအများကြီး ရှိပါတယ်။ ဒါကြောင့် သူငယ်ချင်းဖွဲ့ဖို့တော့ နှိုင်းနှိုင်းဆဆ လုပ်ရမယ်။”

တွမ်ရတ်ဂီက လက်ခုပ်လက်ဝါးတီးလိုက်ပြီး

“သူငယ်ချင်းဖွဲ့တာကို သတိကြီးစွာ ထားတယ် … မစ္စတာထန်က လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကမ္ဘာကြီးရဲ့သဘာဝအကြောင်းကို ပညာဉာဏ်ရှိရှိ နားလည်နိုင်တာပဲ။ မဆိုးဘူး။”

ထန်ရှု ပြုံးလိုက်ရင်း စကားထပ်မဆိုတော့ချေ။

မကြာမီ လောင်ကမ်းခြေအပန်းဖြေဟိုတယ်၏ ဝန်ထမ်းများသည် တန်ဖိုးကြီးလှသော ဟင်းပွဲများနှင့် ကောင်းမွန်သော ဝိုင်များအား သယ်ယူလာကြသည်။

သည်နေရာတွင် သူဋ္ဌေးကြီး တွမ်ရတ်ဂီမှ သူ၏သူငယ်ချင်းများအား ဧည့်ခံလိုမှတော့ ဟိုတယ်၏စုဆောင်းထားမှုများမှ အကောင်းဆုံး ဝိုင်များနှင့် ဟင်းပွဲများအား သယ်ဆောင်တည်ခင်းရန် ညွှန်ကြားချက်အား သူတို့ ရရှိထားသည်။

ထိုသူတို့ အလုပ်ရှုပ်နေကြစဉ်အတွင်း ထန်ရှုနှင့် တွမ်ရတ်ဂီသည် ပထမထပ်ခန်းမတွင် စကားစမြည် ပြောဆိုနေကြသည်။ မိုအားဝူကမူ အမျိုးသမီးများနှင့် မာရသွန်တစ်ခုအား ယခုလေးတင်မှ ပြီးစီးလာခဲ့သောကြောင့် နီရဲသောမျက်နှာဖြင့် နားရွက်ထိမတတ် ပြုံးကာ အပေါ်ထပ်သို့ အိပ်စက်ရန် တက်သွားခဲ့သည်။

ဖက်တီးလီသည်လည်း သူ၏မိန်းမနှင့် သမီးအား ခေါ်ဆောင်ကာ လျင်မြန်စွာ ရောက်လာခဲ့သည်။ ထန်ရှု အံ့အားသင့်ရသည်မှာ ထိုသူ၏မိန်းမသည် အသက်၄၀ရှိပြီဖြစ်သော်လည်း နုပျိုဟန်ရှိပြီး သူ၏သမီးဖြစ်သူမှာ မျှော်လင့်မထားစွာပင် ထန်ရှုထက် တစ်နှစ်ခန့်သာ ငယ်မည့်ပုံပေါ်သည်။

“ဦးလေးထန်…”

လီဝမ်ဝမ်သည် အနည်းငယ် တွန့်ဆုတ်စွာဖြင့် ခေါ်လိုက်သည်။ ဖခင်ဖြစ်သူမှ သူမနှင့် သက်တူရွယ်တူခန့်ရှိမည့်ဟန်ရှိသော လူငယ်တစ်ယောက်အား “ဦးလေး”ဟု အတင်းအကျပ် ခေါ်ခိုင်းခြင်းအတွက် သူမ အတော်စိတ်ဆိုးနေရသည်။ သူတို့ကြားတွင် သွေးသားတော်စပ်မှုရှိပါက ထိုသို့ခေါ်ဆိုရန် သူမ ဝန်လေးမည်မဟုတ်သော်လည်း သူမနှင့် ထန်ရှုသည် သူစိမ်းများသာဖြစ်ကာ သွေးသားတော်စပ်မှုလည်း မရှိပါချေ။ ထို့ကြောင့် ထန်ရှုအား ဦးလေးဟု ခေါ်ရခြင်းအတွက် အမှန်တကယ်ပင် သူမအား စိတ်မသက်မသာဖြစ်စေခဲ့သည်။

ထန်ရှုကမူ ရှေးရိုးစွဲလူကြီးများ၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာစိတ်ကူးများအား ကောင်းစွာ သိနားလည်သည်။ တွန့်ဆုတ်နေဟန်ရှိသည့် လီဝမ်ဝမ်အား ကြည့်ရင်း

“အဲ့ဒီအတွက် ဂရုစိုက်နေဖို့ မလိုပါဘူး။ ဝမ်ဝမ်က ငါ့ကို ထန်ရှု ဒါမှမဟုတ် အစ်ကိုထန်လို့ပဲ ခေါ်ပါ။ နောက်ပြီး ငါတို့က ခေတ်သစ်မှာ နေနေကြတာလေ။ အစ်ကိုဖက်တီးလီ… ကျွန်တော်တို့ ဒီရှေးရိုးရာထုံးစံတွေနဲ့ အငယ်တွေကို ချုပ်နှောင်ဖို့ မလိုပါဘူးဗျာ။ အဆင်ပြေသလို ခေါ်ပါစေ။”

ဖက်တီးလီ၏မိန်းမသည်လည်း သိမ်မွေ့ကာ အသက်အရွယ်အရ အတွေ့အကြုံရှိသော အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် သမီးဖြစ်သူမှ လူငယ်တစ်ယောက်အား “ဦးလေး”ဟုခေါ်ခြင်းသည် မသင့်တော်ဟု ခံစားမိဟန်ရှိသည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။

“အမှန်ပဲ လူငယ်တွေ အဆင်ပြေသလို နေပါစေ ရှင်။”

ဖက်တီးလီက တစ်ချက်တွေဝေသွားကာ တခိခိရယ်လိုက်ရင်း

“ညီလေးထန်က ဒီလိုပြောမှတော့ ငါ ဝင်ပါရင် ဟာသတစ်ပုဒ်ဖြစ်တော့မယ်။ မင်းတို့ လူငယ်တွေ အဆင်ပြေသလို လုပ်ပါကွာ။”

ထန်ရှုက ပြုံးကာ တွမ်ရတ်ဂီအား ညွှန်ပြရင်း

“သူက တွမ်ရတ်ဂီပါ။ ကျွန်တော့်လူတစ်ယောက်ရဲ့သူငယ်ချင်းဖြစ်ပြီးတော့ ဒီက ဒေသခံသူဋ္ဌေးတစ်ယောက်လည်း ဖြစ်တယ်။”

တွမ်ရတ်ဂီက ပြုံးလိုက်ရင်း ဖက်တီးလီနှင့် လက်ဆွဲနှုတ်ဆက်ကာ ရယ်ရယ်မောမောဖြင့်

“မစ္စတာလီ … ဆိုင်ပန်ကို အလည်လာတဲ့ ခင်ဗျားတို့မိသားစုကို ကြိုဆိုပါတယ်။ မစ္စတာထန်က ခင်ဗျားကို မိတ်ဆက်ပေးကတည်းက ဒီဟိုတယ်မှာ ခင်ဗျားတို့ ဆန္ဒရှိသလောက် နေထိုင်နိုင်၊ ဝန်ဆောင်မှုတွေ ယူနိုင်ပါတယ်ဗျာ။ ကုန်ကျစရိတ် မယူဖို့လည်း ဟိုတယ်ကို ငါ အကြောင်းကြားထားလိုက်မယ်။”

“ကုန်ကျစရိတ် မယူဘူးလား။” ဖက်တီးလီ ကြောင်သွားသည်။

ပထမဦးစွာ ဒုတိယဥက္ကဋ္ဌ အိုင်ဂျက်စမင်းက သူ့အား ဈေးလျှော့ပေးရာ သူ့အတွက် အကြီးအကျယ် အံအားသင့်ခဲ့ရသည်။ သူ့အား ယခုကဲ့သို့ ကုန်ကျစရိတ် ကင်းလွတ်ခွင့်ပြုလိမ့်မည်ဟုပင် မမျှော်လင့်ထားမိပါချေ။

ထိုသူက … ဒီနေရာက သူဋ္ဌေးကြီး ဖြစ်နိုင်လား။

ဖက်တီးလီက ထန်ရှုအား ကြည့်ရင်း အသာအယာ မျက်စပစ်လိုက်သည်။

“တွမ်ရတ်ဂီက ဂျက်စမင်းရဲ့သူဋ္ဌေးလေ။” ထန်ရှုက ပြောပြသည်။

ဖက်တီးလီ ချက်ချင်းပင် နားလည်သွားသည်။ ကြည့်ရသည်မှာ သည်တွမ်ရတ်ဂီက သည်လောင်ကမ်းခြေအပန်းဖြေဟိုတယ်၏ သူဋ္ဌေးအစစ်အမှန် ဖြစ်သည့်ဟန်ရှိသည်။ လောင်ကမ်းခြေအပန်းဖြေဟိုတယ်၏ ဒုတိယဥက္ကဋ္ဌသည် အိုင်ဂျက်စမင်းဖြစ်ပြီး သူမ၏သူဋ္ဌေးသည် တွမ်ရတ်ဂီဖြစ်သည်ကို အဆုံးသတ်တွင် သူ ရှင်းလင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်ဗျာ။ ငါတို့နိုင်ငံကို မင်းအလည်လာတဲ့အခါလည်း ငါ့ကို ချက်ချင်းဆက်သွယ်ပါ။ အဲ့ဒီမှာ မင်းကို အစစအရာရာ ငါ အဖော်လုပ်ပေးပါမယ်။”

ဖက်တီးလီက အပြုံးဖြင့် စကားဆိုလိုက်ရာ တွမ်ရတ်ဂီကလည်း အပြုံးဖြင့် ခေါင်းညိတ်သည်။

ထိုအချိန်မှာပင် လှပသော မိန်းမပျိုလေးတစ်ဦးသည် ရောက်ရှိလာခဲ့သည်။ သူမသည် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်လျက် စင်တီမီတာများစွာ မြင့်သော ဒေါက်ဖိနပ်ကို စီးကာ သူမ၏လက်ထဲတွင် အဖြူရောင် အိတ်တစ်လုံးကို ကိုင်ဆောင်ထားသည်။ သူမ၏တင့်တယ်လှပသော ဆံနွယ်များသည် လှိုင်းလေးများသဖွယ်ဖြစ်ကာ လှုပ်ရှားမှုတိုင်းသည် မိန်းမပီသပြီး တည်ငြိမ်သောခံစားမှုအား ရရှိစေသည်။

“ကောင်းသော ညနေခင်းပါ။ ငါ လာတာ နောက်များကျသွားလား။”

သူမ၏ကြည်သာချိုမြသောအသံသည် လူတိုင်း၏နားအတွင်းသို့ ဆွဲဆောင်မှုရှိစွာ ရောက်ရှိသွားတော့သည်။

သူ၏မျက်ဝန်းများထဲတွင် အံ့သြသော အမူအရာတစ်ခုနှင့်အတူ ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားရသည်။ သို့သော်လည်း သူ မတုံ့ပြန်ရသေးခင်မှာပင် တွမ်ရတ်ဂီ၏အမူအရာသည် အနည်းငယ် ပြောင်းသွားပြီး သူမဆီသို့သွားကာ နှုတ်ဆက်စကားဆိုသည်။

“ကြိုဆိုပါတယ် မစ္စဗီဗီယန်နီ။ ငါတို့ရဲ့လောင်ကမ်းခြေဟိုတယ်အပေါ်မှာ စိတ်ကျေနပ်မှုရှိပါရဲ့လား။”

ဗီဗီယန်နီက ခေါင်းညိတ်ပြကာ အပြုံးဖြင့် ပြန်ဖြေသည်။

“ရှင်က ဒီမှာ နေရာကောင်းတစ်ခု ရှိတာပဲ။”

သူမ၏ရိုးရှင်းသော စကားသည် တွမ်ရတ်ဂီအား ပြုံးသွားစေပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ

“မင်း ဒီလိုခံစားမိရင် တကယ်ကောင်းတယ်။”

ထန်ရှုနှင့် ဖက်တီးလီသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ ချမ်းသာပြီး အင်အားကြီးသော လူတစ်ယောက်က ထိုကဲ့သို့ အနည်းငယ် မြှောက်ပင့်သည့်ဟန်ဖြင့် ဆက်ဆံနေသည့် တွမ်ရတ်ဂီ၏အပြုအမူမှတဆင့် ဗီဗီယန်နီ၏ပုံရိပ်သည် သာမန်မဟုတ်ကြောင်း သူတို့ ကောက်ချက်ချနိုင်သည်။

တွမ်ရတ်ဂီမှ သူမအား ထိုကဲ့သို့ ဆက်ဆံနေအောင် ပြုလုပ်နိုင်သည့် သူမ၏ပုံရိပ်သည် မည်သည့်အရာများ ဖြစ်မည်နည်း။

“မင်းရဲ့နာမည်က ဗီဗီယန်နီလား။”

ထန်ရှုက မေးလိုက်သည်။ ထိုမိန်းမလှလေးသည် ထန်ရှုနှင့် ကာစီနိုတွင် တွေ့ခဲ့သော မိန်းမလှလေးပင် ဖြစ်တော့သည်။

သူမက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း

“အမှန်ပါပဲရှင်။ ရှင့်ရဲ့နာမည်ကို ခုထိ ကျွန်မ မသိရသေးဘူးနော်။”

“ထန်ရှုပါ။ ထန်က ခမ်းနားကြီးကျယ်ခြင်းနဲ့ ပေါများကြွယ်ဝခြင်း ဖြစ်ပြီးတော့ ရှုက သင်ယူလေ့လာခြင်းနဲ့ ကျင့်ကြံခြင်း အဓိပ္ပာယ်ပေါ့ဗျာ။”

ဗီဗီယန်နီက ပြုံးကာ တုံ့ပြန်လိုက်သည်။

“ထန်ရှု… နာမည်ကောင်းတစ်ခုပဲ။ ရှင်က တရုတ်လူမျိုးလား။ ရှင်တို့တိုင်းပြည်က နိုင်ငံကောင်းတစ်ခုပါ။ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေနဲ့ အရှေ့တိုင်းက ရှေးဟောင်းဘုရင်တွေ အုပ်စိုးခဲ့တဲ့ နယ်မြေတွေက ကျွန်မ လေ့လာရတာ နှစ်သက်တဲ့ ဘာသာရပ်ပဲ။”

“မင်းက ဘယ်ကလာတာလဲ။” ထန်ရှုက မေးသည်။

“ရောမကပါ။” ဗီဗီယန်နီက အပြုံးဖြင့် ဖြေသည်။

ထန်ရှု မျက်ခုံးများအား ပင့်လိုက်မိသည်။ ဗီဗီယန်နီ၏မူရင်းပုံရိပ်အကြောင်း သူ့တွင် ခန့်မှန်းချက်အချို့ ရှိထားသည်။ ရောမ၏ ဘုရားကျောင်းအား ဗာတီကန်၏ ကက်သလစ် အသင်းတော်အဖြစ်လည်း သိကြသည်။ သူမ၏ လျှို့ဝှက်ဆန်းကြယ်သော အင်အားသည် ဗာတီကန်၏ ကျင့်ကြံမှုစနစ်မှ ဆင်းသက်လာဟန် ရှိသည်။

(Charm Ming Nge - ကက်သလစ်ဗဟိုအသင်းတော် ဗာတီကန်အား ကက်သလစ်အသင်းတော်၏ ရဟန်းမင်းကြီး ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့ Holy See ဟုခေါ်သည်။ ဗာတီကန်သည် မြို့နှင့် နိုင်ငံ တစ်ခုတည်းဖြစ်ပြီး ဗာတီကန်နိုင်ငံတော်၏ နိုင်ငံဦးသျှောင်သည် ပုပ်ရဟန်းမင်းကြီး ဖြစ်ပါသည်။)

“ကောင်းတယ်။ လမ်းအားလုံးက ရောမဆီ ဦးတည်သွားနေကြတာပဲ။ မရေမတွက်နိုင်တဲ့ လူတွေရဲ့နှလုံးသားထဲမှာ မြင့်မြတ်နယ်မြေတစ်ခု ရှိတယ်။ ရောမက နေရာကောင်းတစ်ခုပါ။”

ထန်ရှုက အေးအေးဆေးဆေး ပြောလိုက်သည်။

ဗီဗီယန်နီက တစ်ချက်ပြုံးလိုက်ပြီး

“ထန်ရှု … ကျွန်မတို့ သီးသန့်စကားပြောဖို့ နေရာတစ်ခု ရှာကြမလား။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှင့်ကို ကျွန်မ အတော် စိတ်ဝင်စားတယ်။”

ထန်ရှုက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်ကာ

“ကျွန်တော်လည်း မင်းလို လှပတဲ့ မိန်းကလေးတစ်ယောက်ကို ထပ်တူ စိတ်ဝင်စားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ။”

***

All Chapters