← Chapters

ရယ်စရာကောင်းသော တောင်းဆိုမှုတစ်ခု

Vol. 06 Ch. 296

ရယ်စရာကောင်းသော တောင်းဆိုမှုတစ်ခု

Vol. 06 Ch. 296

အေးမြသော လေပြည်သည် ကမ်းရိုးတန်းတွင် ညှင်းသွဲ့စွာ တိုက်ခတ်လျက်ရှိသည်။ ထန်ရှုသည် လက်ပိုက်လျက် ကျောက်ဆစ်ရုပ်တစ်ခုသဖွယ် မတ်တတ်ရပ်လျက်ရှိကာ ကမ်းခြေတွင် ဖိနပ်ချွတ်ပြီး ခြေဗလာဖြင့် ပြေးလွှားနေသော ဗီဗီယန်နီအား ကြည့်နေသည်။ ဗီဗီယန်နီ၏ တိုင်းတပါးအလှသည် အင်မော်တယ်ကမ္ဘာတွင် သူ တစ်ကြိမ်မြင်ခဲ့ဖူးသော ကညာစင်နတ်သမီးတစ်ပါး၏ရှုမငြီးသည့်အလှအလား သူ့အား သဘောကျနှစ်သက်ဖွယ်ကောင်းသော ခံစားမှုတစ်ခုအား ပေးစွမ်းစေသည်။

“မစ္စတာထန်… ရှင် ပင်လယ်သမုဒ္ဒရာကို သဘောကျလား။”

ဗီဗီယန်နီ၏တဖျတ်ဖျတ်လွင့်ခါနေသော ဝတ်စုံထဲတွင် သူမ၏လက်မောင်းလေးများသည် ကနေသည့်အလား လှုပ်ရှားနေခဲ့ပြီး ရုတ်တရက် သူမက ခေါင်းလှည့်ကာ အော်မေးလိုက်သည်။

ထန်ရှုက ခေါင်းယမ်းကာ အေးချမ်းစွာ ပြန်ပြောလိုက်သည်။

“လူတွေမှာ စိတ်ခံစားမှု ၇ပါးနဲ့ အာရုံ၆ပါး ရှိတယ်။ ပင်လယ်သမုဒ္ဒရာကလည်း ပြောင်းလဲလွယ်တဲ့ စိတ်အခြေအနေကို ကိုယ်စားပြုတယ်။ ကျွန်တော်က ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကို နှစ်သက်တဲ့အထဲမှာ ပါတဲ့သူမဟုတ်ဘူး။”

ဗီဗီယန်နီက ရတနာများသဖွယ် တလက်လက် တောက်ပနေသော မျက်ဝန်းအစုံဖြင့် ထန်ရှုအား ကြည့်ကာ စူးစမ်းလိုက်သည်။

“ရှင်က ပင်လယ်သမုဒ္ဒရာကို မထိန်းချုပ်နိုင်ဘူးလား။”

“အခုလက်ရှိ ကျွန်တော်ကတော့ အမှန်တကယ် အဲ့လို မလုပ်နိုင်သေးဘူး။” ထန်ရှုက ပြောသည်။

“အဲ့ဒါဆို ရှင်က အခု ဘာကို ထိန်းချုပ်နိုင်တာလဲ။” ဗီဗီယန်နီက ရယ်မောကာ မေးလိုက်သည်။

“လက်ရှိမှာ ကျွန်တော် ထိန်းချုပ်နိုင်တာ ကျွန်တော့်ရဲ့ကိုယ်ပိုင်ကံကြမ္မာပဲ။”

ထန်ရှုက ဖြေသည်။

“ဘဝနဲ့သက်ဆိုင်တဲ့အရာအားလုံးကို ကောင်းကင်ဘုံက ကြိုတင်ဆုံးဖြတ်ထားတဲ့ အကြောင်းအရာတစ်ခုလို့ ရှင်တို့ တရုတ်လူမျိုးတွေက မတွေးကြဘူးလား။ ဘာကြောင့် ကိုယ့်ရဲ့ကံကြမ္မာကို ထိန်းချုပ်နိုင်တယ်လို့ ရှင်ကပြောတာလဲ။ ကျွန်မရဲ့ဗဟုသုတအရဆိုရင် ဘယ်သူမှ ကိုယ့်ရဲ့ကံကြမ္မာကို အမှန်တကယ် မထိန်းချုပ်နိုင်ကြဘူး။ ဘဝရဲ့ရပ်တည်ချက်ကြားက ခြားနားမှုတွေ၊ လူမှုဆက်ဆံရေးကြီးစိုးမှုတွေ၊ တိုင်းပြည်ရဲ့အခြေအနေနဲ့ မူဝါဒတွေက သန်မာတဲ့ ကန့်သတ်ချက်တွေပဲလေ။” ဗီဗီယန်နီက ပြောသည်။

ထန်ရှုက ခေါင်းယမ်းလိုက်ပြီး

“မင်းရဲ့ငြင်းဆိုမှုက ခိုင်လုံပေမယ့် လုံးဝကြီး မှန်ကန်တာတော့ မဟုတ်ဘူး။ ဥပမာအားဖြင့် မင်းကိုယ်တိုင်ပေါ့။ မင်း သွားချင်တဲ့ ဘယ်နေရာမဆို ဆန္ဒရှိသလို သွားနိုင်ပြီး ဘယ်နေရာမှာမဆို ရှင်သန်နေထိုင်နိုင်တယ်။ မင်းကို ချည်နှောင်ထားမယ့်အရာက မင်းရဲ့စိတ်အခြေအနေပဲ ဖြစ်လိမ့်မယ်။”

“ရှင် ဘာကြောင့် အဲ့လို ပြောတာလဲ။” ဗီဗီယန်နီက အံ့အားသင့်စွာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ မင်းက လုံလောက်အောင် သန်မာတယ်လေ။ စွမ်းအားကြီးတဲ့ သူတွေက အမြဲတစေ အားလုံးရဲ့အထက်မှာ ရှိနေတာပဲ။” ထန်ရှုက ပြောသည်။

ဗီဗီယန်နီ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထန်ရှု၏စကားများသည် သူမ၏စိတ်ခံစားချက်များအား ဂယက်ထသွားစေသည်။

သူမ မွေးဖွားလာစဉ်ကတည်းက သူမ၏ခန္ဓာကိုယ်သည် သာမန်လူများနှင့် နှိုင်းယှဉ်ပါက သိသာခြားနားစွာ  ပြောင်းလဲမှုများ ဖြစ်ပေါ်လာသဖြင့် ထန်ရှု၏ငြင်းဆိုမှုသည် ကျိုးကြောင်းဆီလျော်သည်ဟု သူမ ထင်သည်။ ထိုပြောင်းလဲမှုများသည် သူမအတွက် ကောင်းသည်၊ ဆိုးသည်ဟု သူမ မပြောနိုင်သော်လည်း သူမသည် သာမန်လူများထက် ပိုမိုသန်မာသော ခွန်အား၊ စိတ်ဝိညာဉ်၊ ကျန်းမာရေး၊ သင်ယူနိုင်မှုစွမ်းရည်နှင့် ရှင်သန်နိုင်မှုစွမ်းရည်တို့အား ပိုင်ဆိုင်ထားသည်ကို သူမ သတိပြုမိခဲ့သည်။

ထို့ကြောင့်ပင် သူမသည် သာမန်လူများ ဉာဏ်မမီနိုင်သည့် ထူးကဲသော အဖွဲ့အစည်းတစ်ခုက ရွေးချယ်ခြင်းခံရပြီး လေ့ကျင့်ပေးခြင်းခံခဲ့ရသည်။ သူမသည် ထူးခြားသော တည်ရှိမှုတစ်ခုအဖြစ် ရှိခဲ့သည်မှာ ကာလတန်ကြာခဲ့ပြီ ဖြစ်တော့သည်။ ကက်သလစ်အသင်းတော်ကြီးမှ ပုပ်ရဟန်းမင်းကြီးကဲ့သို့ တည်ရှိမှုအလားပင် ဖြစ်သည်။ သူမသည် နောက်တက်လာမည့် ပုပ်ရဟန်းမင်းကြီး မဖြစ်နိုင်သော်လည်း ပုပ်ရဟန်းမင်းကြီးကဲ့သို့ ရပ်တည်မှုနှင့် အထူးအခွင့်အရေးများအား တူညီစွာ ရထားသော သူတော်စင်တစ်ပါးအဖြစ် အမိန့်ထုတ်ခြင်းခံထားရသည်။

ထိုအရာသည် သူမပိုင်ဆိုင်ထားသော စွမ်းအားများကြောင့် ဖြစ်သည်။

သို့သော်လည်း သူမသည် အသက်၁၄နှစ်တွင် ဗာတီကန်မှ ခွဲခွာလာခဲ့ပြီး အမြစ်မဲ့ ဘဲစားမြက်သဖွယ် လွပ်လပ်စွာ နေထိုင်သွားလာနိုင်သည်ဟု တွေးထင်ဖူးသော်လည်း သူမ၏ကံကြမ္မာအား သူမကိုယ်တိုင် ထိန်းချုပ်နိုင်သည်ဟု မပြောရဲပါချေ။

“ရှင်က စိတ်ကြီးဝင်နေတဲ့သူတစ်ယောက်ပဲ။”

အချိန်အတန်ကြာမျှ တွေးတောပြီးနောက် ဗီဗီယန်နီက ထန်ရှုအား ကြည့်ကာ ထိုသို့ပြောလိုက်ခြင်း ဖြစ်သော်လည်း သူမ၏မျက်ဝန်းများသည် ညအမှောင်ထဲတွင် သောက်ရှူးကြယ်ပွင့်များအလား မယုံနိုင်လောက်အောင် တလက်လက် တောက်ပနေခဲ့သည်။

ထန်ရှုက တစ်ချက်ပြုံးလိုက်ပြီး

“ကျွန်တော်က စိတ်ကြီးဝင်တာမဟုတ်ပါဘူး။ ဘာကြောင့်ပြောနိုင်တာလဲဆိုတော့ ကျွန်တော် လုံလောက်အောင် သန်မာနေလို့ပဲ။ မင်းရဲ့ ခန္ဓာကိုယ်က ပိုင်ဆိုင်တဲ့ ခွန်အားက ကျွန်တော့်ထက် ပိုသန်မာပေမယ့် ကျွန်တော်တို့တွေ တကယ်တိုက်ခိုက်ကြမယ်ဆိုရင် မင်းက ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ ကျွန်တော့်မှာ ရှိသမျှအရာရာကို အသုံးပြုရမယ်ဆိုရင် မင်းကို သတ်ဖို့ နည်းလမ်းတစ်ဒါဇင်မက ရှိတယ်။”

ဗီဗီယန်နီက တောက်ပစွာ ပြုံးကာ

“ကျွန်မက ဘာကြောင့် ရှင်နဲ့တိုက်ခိုက်ရမှာလဲ။ ကျွန်မအတွက် စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ကို တွေ့ဖို့ဆိုတာ ခက်ခဲလှတယ်။ အဲ့ဒါကြောင့် ကျွန်မက ရှင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုပဲ တည်ဆောက်မှာပါ။ ဒါနဲ့ ရှင် ကာစီနိုထဲမှာ တစ်ဘီလီယံ နိုင်ခဲ့တယ်လို့ ကျွန်မ ကြားတယ်။”

“အဲဒါက တိုက်ဆိုင်မှုပါ။ ကျွန်တော် ကံကောင်းသွားတာလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မင်းကိုကြည့်ရတာ ဒီနေ့ အများကြီး ရှုံးခဲ့သလိုပဲ။” ထန်ရှုက အပြုံးဖြင့် ပြောသည်။

သူမ၏လက်ကလေးများကို ဖြန့်ရင်း ဗီဗီယန်နီက ပြန်လည်တုံ့ပြန်လိုက်သည်။

“တကယ်တော့ ကျွန်မလို လူမျိုးတွေက ငွေရလွယ်တာ မဟုတ်ဘူးလား။ ကျွန်မရဲ့စွမ်းရည်တစ်ခုက လောင်းကစားမှာ လိမ်လည်နိုင်တာပဲ။ ဒါပေမယ့် ကျွန်မက လိမ်လည်ခြင်းကို မနှစ်မြို့တဲ့အခါ အလွယ်တကူ ရှုံးနိမ့်သွားရောလေ။”

ထန်ရှုက သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်မထောင်ပြကာ ချီးမွမ်းလိုက်သည်။

“မင်းက ကျွန်တော့်ထက် အများကြီး ပိုတော်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ပိုက်ဆံသုံးတဲ့နှုန်းက ပိုက်ဆံရှာတဲ့နှုန်းထက် ပိုမြန်နေတယ်လေ။ အဲ့ဒါကြောင့် ကျွန်တော်က ငမွဲလေးတစ်ယောက် ဖြစ်နေတယ်။”

“ဟီ...ဟိ… ဒါနဲ့ ရှင်တို့ တရုတ်လူမျိုးတွေက ကြောက်ရွံ့တတ်လား။ ရှင် ခုနကပြောတယ်မဟုတ်လား ကျွန်မတို့နှစ်ယောက်က စွမ်းအားကြီးတယ်ဆို။ ကျွန်မတို့ မတော်တဆ ကြုံကြိုက်တဲ့ တိုက်ခိုက်ပွဲလေးတစ်ခု လုပ်ကြရင်ရော ဘယ်လိုလဲ။ ကျွန်မ အသက်၁၆နှစ်ကစပြီး ကျွန်မထက် သန်မာတဲ့သူကို မတွေ့ရတော့ဘူး။ သာမန်လူတွေရဲ့မျက်စိထဲမှာ အလွန်စွမ်းအားကြီးတယ် ဆိုတဲ့သူတောင်မှ ကျွန်မရဲ့လက်ဝါးတစ်ချက်ကို မခံနိုင်ကြဘူးလေ။”

ထန်ရှုသည် အမှန်တကယ်ပင် ဗီဗီယန်နီနှင့် တိုက်ခိုက်ရန် ဆန္ဒရှိခဲ့သည်။ သို့သော် သူမသည် အသက် ၁၆နှစ်အရွယ်ကတည်းက မည်သည့်ကျွမ်းကျင်သူနှင့်မျှ မဆုံဖူးသည်ကို သူ ကြားရသောအခါ ထိုအတွေးသည် ပျောက်ကွယ်သွားတော့သည်။ သူက ခေါင်းကို ယမ်းကာ

“မင်းမှာ တိုက်ပွဲအတွေ့အကြုံက နည်းတယ်။ သိပ်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကို မေ့လိုက်ပါ။”

ဗီဗီယန်နီ မျက်မှောင်ကြုပ်သွားရပြီး မခံချင်စိတ်ဖြင့် ပြောသည်။

“ထန်ရှု … ကျွန်မ ရှင့်ကို မရိုက်နိုင်ဘူးလို့ ရှင်ထင်တာလား။”

တစက္ကန့်မျှ ထန်ရှု ကြောင်သွားပြီးမှ အားရပါးရ ရယ်မောကာ

“ဟုတ်ပါပြီ။ မင်း ကျွန်တော့်ကို အမှန်တကယ် ရိုက်နိုင်တယ်လို့ ဝန်ခံပါတယ်။ ဒါဆို အဆင်ပြေပြီလား။ ဘန်ဂလိုပြန်ပြီး တစ်ခုခု စားကြရအောင်။”

ဗီဗီယန်နီက မည်သည့်စကားမျှ မဆိုချေ။ သူမက ချက်ချင်း လှုပ်ရှားလိုက်ရာ ထန်ရှု၏ဘေးသို့ ရောက်လာပြီး သူမ၏ဖြူဝင်းသွယ်လျသော လက်အစုံသည် ထန်ရှုဆီသို့ ဦးတည်ကာ တိုက်ခိုက်လိုက်သည်။

သူမ၏အလျဉ်သည် ထန်ရှု၏အကောင်းဆုံး အလျဉ်ထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။ သူမ၏လက်ဝါးသည် ထန်ရှု၏ပခုံးအား ထိတော့မည့်ဆဲဆဲတွင် ထန်ရှုက အလွန်လျင်မြန်စွာဖြင့် ရှောင်ရှားလိုက်သည်။

“ဟိုက်ယား…”

သိမ်မွေ့စွာ မာန်သွင်းအော်ဟစ်လိုက်ရင်း ဗီဗီယန်နီ၏ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲသို့ ၇မီတာ-၈မီတာခန့် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်သည် တစ်ပတ်လည်သွားပြီး သူမ၏လက်မောင်းများသည် တဖျတ်ဖျတ်လွင့်နေသော ဝတ်ရုံထဲတွင် အောက်စိုက်လျက်ရှိသည်။

ထန်ရှု၏မျက်ခုံးများ တွန့်ချိုးသွားသည်။ ဗီဗီယန်နီသည် မည်သို့တိုက်ခိုက်ရမည်ကို မသိကြောင်း သူ တွေ့လိုက်ရသည်။ သူမသည် အလွန်မြန်ဆန်လှသော်လည်း  ဟာကွက်များစွာ ရှိနေသောကြောင့် သူ့အနေဖြင့် အချိန်မရွေး ရှောင်ရှားနိုင်သည်။

“နောက်ဆုတ်…”

ထန်ရှု၏ခြေမသည် မြေပြင်အား အားပြုကာ တို့ထိလိုက်ပြီး ဗီဗီယန်နီ၏လက်ဝါးရိုက်ချက်အား ချက်ချင်း ရှောင်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် သူမ၏ဘေးသို့ ရောက်သွားကာ သူ၏လက်များသည် လျှပ်စီးတန်း၏အလျဉ်သဖွယ် ရွေ့လျားသွားပြီး ဗီဗီယန်နီ၏ပျော့ပျောင်းသွယ်လျသော ခါးလေးအား ဆုပ်ကိုင်လိုက်သည်။ သူ၏လက်ကောက်ဝတ်သည် မြင့်တက်လှုပ်ရှားလိုက်သဖြင့် ချက်ချင်းပင် ထန်ရှုသည် ဗီဗီယန်နီအား သူ၏လက်မောင်းအတွင်းတွင် ဖမ်းမိသွားတော့သည်။

“အာ့…”

ထန်ရှုက ပွေ့ဖက်လိုက်သောကြောင့် ဗီဗီယန်နီ၏ဟန်ချက် ပျက်သွားပြီး သူမသည် ထန်ရှု၏ သန်မာတောင့်တင်းသော ရင်အုပ်၏နွေးထွေးမှုအား ခံစားလိုက်ရသည်။

“မင်း အခု သိပြီလား။ မင်းရဲ့အလျဉ်နဲ့ ခွန်အားက ကျွန်တော့်ထက် ပိုသာပေမယ့် တိုက်ခိုက်မှုစွမ်းရည်ကို မင်း ဘာမှ မသိဘူးဆိုတာကိုလေ။ ကျွန်တော်သာ ဆန္ဒရှိရင် အလွယ်လေး ရှောင်ရှားနိုင်တယ်။ အဲ့ဒါမို့ ကျွန်တော်တို့ကြားက နှိုင်းယှဉ်မှုတွေက ဘာမှ အသုံးမဝင်ဘူး။ တိုက်ခိုက်မှုမြင်ကွင်းဆိုတာ ဘာလဲလို့ မင်း သိချင်ရင် ဒီညမှာ တိုက်ပွဲတစ်ခုရှိတယ်။ မင်း လာကြည့်ရင် သိလိမ့်မယ်။”

ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ဗီဗီယန်နီ၏လက်ကလေးများသည် ထန်ရှု၏လည်ပင်းတွင် တွယ်ချိတ်ထားသည်။ သူမ၏ဖြူဝင်းသော မျက်နှာလေးမှာ နီရဲလျက်ရှိကာ မျက်ဝန်းများသည် ပိုမိုတောက်ပလာခဲ့သည်။ သူမ၏လက်မောင်းလေးများက ထန်ရှု၏လည်ပင်းတွင် ချိတ်ထားစဉ် ထန်ရှုက သူမအား စကားပြောလိုက်သောအခါ ဆွဲအားတစ်ခု ရုတ်တရက် သက်ရောက်ဖြစ်ပေါ်သွားပြီး ဗီဗီယန်နီ၏နီရဲသော နှုတ်ခမ်းနုထွေးလေးသည် ထန်ရှု၏နှုတ်ခမ်းနှင့် ထိကပ်သွားတော့သည်။

“အု…”

ထန်ရှု၏မျက်ဝန်းအစုံသည် ပန်းကန်ပြားတစ်ချပ်အလား ပြူးကျယ်သွားကာ အချိန်တိုတစ်ခုမျှ ကြောင်အသွားရသည်။ အရာရာကို သူ တွက်ဆထားသော်လည်း ဗီဗီယန်နီက မမျှော်လင့်ဘဲ သူ့အား စတင်နမ်းလိမ့်မည်ဟု မခန့်မှန်းထားခဲ့မိသလို သူမ၏မြန်ဆန်လှသောအရှိန်ကြောင့် သူ မရှောင်တိမ်းနိုင်ခဲ့ပေ။

“ရပ်တော့…”

ထန်ရှုသည် သူမအား အောက်ချပေးလိုက်ပြီး သူမ၏တွယ်ချိတ်ထားသော လက်ကလေးများအား ဖြုတ်လိုက်ရင်း ပျော်ရွှင်ရခက်ခက် အနေရခက်ခက် ဖြစ်နေခဲ့သည်။

ယခုလေးတင် ပြီးဆုံးသွားသော အနမ်း၏အရသာအား ခံစားရန် ဗီဗီယန်နီက သူမ၏နှုတ်ခမ်းလွှာအား ဖွင့်ဟကာ ပန်းရောင်အဆင်းရှိသော လျှာလေးအား ဆန့်ထုတ်လိုက်သည်။ သူမက တခစ်ခစ် ရယ်မောလိုက်ရင်း

“ကျွန်မတို့၂ယောက်ရဲ့အနမ်းက ဒီလိုနဲ့ပဲ ပြီးသွားတာပေါ့။ အဲ့ဒါက တီဗွီမှာ အချစ်ခန်းကို သရုပ်ဆောင်နေတဲ့အတိုင်းပဲ။ ချစ်သူအစစ်အမှန်တွေဆိုရင် ပြင်သစ်အနမ်းတစ်ခုတော့ ရှိရမှာမဟုတ်ဘူးလား။ ငယ်ငယ်လေးကနေ ကျွန်မ ကြီးပြင်းလာတဲ့အထိ အမျိုးသားအနည်းငယ်ကိုပဲ တွေ့ဖူးတယ်။ အဲ့ဒါကြောင့် ပြင်သစ်အနမ်းက ဘာလဲဆိုတာကို ကျွန်မ ဘယ်တော့မှ မသိရဘူး။ ကျွန်မ ရှင့်ကို အဲ့ဒီအနမ်းလေး ကြိုးစားကြည့်လို့ရမလား။”

(Charm Ming Nge -  ပြင်သစ်အနမ်းသည် ချစ်သူချင်း၊ ရည်းစားချင်း ချစ်ရည်ရွှမ်းလဲ့စွာ နမ်းသည့်အနမ်းမျိုး ဖြစ်သည်။ ပြင်သစ်အနမ်းသည် နှုတ်ခမ်းချင်းနမ်းရုံတင်မဟုတ်ဘဲ လျှာချင်းပါ ထိတွေ့ကစားပြီး အချိန်ကြာကြာ အားပါးတရစုပ်နမ်းသော အနမ်းမျိုးဖြစ်သည်ဟု စာအုပ်အချို့တွင် ဖော်ပြထားသည်။)

မည်မျရယ်စရာကောင်းသော တောင်းဆိုမှုလေး ဖြစ်ပါသနည်း။

ထိုကဲ့သို့သော ယုတ္တိမတန်သော ရယ်စရာတောင်းဆိုမှုတစ်ခုအား ထန်ရှု တစ်ခါမှ မကြားဖူးချေ။ မည်သို့ပင်ဖြစ်စေ ဗီဗီယန်နီသည် မိန်းကလေးတစ်ယောက်သာ ဖြစ်သေးသည်။ သူမ၏အပြုအမူအရ လူ့လောကအပြုအမူ လူမှုဆက်ဆံရေးများတွင် အတွေ့အကြုံနည်းသေးသော အမျိုးသမီးတစ်ယောက်ဆိုသည်မှာ သေချာပေသည်။

“ဗီဗီယန်နီ… မင်း ဒီဟာကို အတွေ့အကြုံမရှိနိုင်ဘူးဆိုပေမယ့် လူတွေကို မမြင်ဖူးတာတော့ မဟုတ်ဘူးမလား။ ရုပ်သံစီးရီးတွေမှာ ပြသတာတွေက တကယ့်အစစ်အမှန်တွေနဲ့ အတော်နီးစပ်မှုရှိပါတယ်။ အဲ့ဒါမို့ နှစ်ဦးနှစ်ဖက် ချစ်ခင်စုံမက်ကြမှသာ တစ်ယောက်နဲ့တစ်ယောက် နမ်းရှိုက်တာကို မင်း နားလည်သင့်တယ်။ အဲ့လိုမှမဟုတ်ရင် မင်းက မသင့်တော်တာကို ပြုမူနေသလို ဖြစ်လိမ့်မယ်။”

သူမ၏ရယ်စရာကောင်းသောတောင်းဆိုမှုအား ဟန့်တားရန်အလို့ငွာ ထန်ရှုက အလျင်အမြန် ပြောလိုက်သည်။

ဗီဗီယန်နီက တစ်ခဏမျှ ကြက်သေ သေသွားကာ ကြောင်ငေးသွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူမက ရှေ့တိုးနောက်ငင် ရယ်မောလိုက်ရာ နောက်ဆုံးတွင် သူမ၏ဗိုက်ကလေးကိုပင် နှိပ်ထားရလေသည်။ သူမက ထန်ရှုအား လက်ညှိုးထိုးကာ အပြုံးဖြင့်

“ခိခိ… ကျွန်မ ဘယ်တော့မှ မထင်ထားခဲ့မိဘူး … မစ္စတာ ထန်… ရှင်က တကယ်ကို ဒီလို စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ ကျွန်မ တကယ်ကို ထင်မထားခဲ့မိဘူး။  ဟားဟားဟား… ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မ ရှင့်ကို စရုံစနေတာပါ။”

ထန်ရှုမှာ တိတ်တဆိတ် စိတ်သက်သာရာ ရသွားပြီး ရယ်မောကာ

“ကျွန်တော့်ကို စရုံစနေတာဆိုလို့ စိတ်သက်သာရာ ရသွားပြီ။ အထဲမှာ တစ်ခုခုသွားစားပြီး ဝိုင်ကောင်းတစ်ခွက်တစ်ဖလား သောက်ကြစို့ရဲ့။”

ဗီဗီယန်နီက သူမ၏ဒေါက်ဖိနပ်အား လက်က ဆုပ်ကိုင်ကာ ပြေးလာပြီး ထန်ရှု၏အနောက်မှ လိုက်ပါလာခဲ့သည်။ သို့သော်လည်း သူမက နှုတ်ဆိတ်မနေဘဲ

“မစ္စတာ ထန် ကျွန်မ ရှင့်ကို တစ်ခုလောက် မေးလို့ရမလား။”

“မင်း ဘာမေးချင်တာ ရှိလဲ။”

“ရှင့်မှာ ချစ်သူမိန်းကလေး ရှိလား ဒါမှမဟုတ် လက်ထပ်ပြီးပြီလား။”

ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားကာ ပြန်ဖြေသည်။

“ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူးလို့ ဖြေရမယ့်ပုံပဲ။ ခံစားမှုတွေနဲ့ အထူးခံစားချက်တွေက ရှုပ်ထွေးနေတယ်။ စကားအနည်းငယ်နဲ့ ပြောရင် ရှင်းမှာ မဟုတ်ဘူး။”

ဗီဗီယန်နီက အံ့အားသင့်စွာ ပြန်လည်ပြောဆိုသည်။

“ပြောရမယ်ဆိုရင် ရှင့်ကို ရယူပြီးသားလို့ ထည့်တွက်ရမှာဖြစ်ပေမယ့် ရှင်က လွပ်လပ်သူတစ်ယောက်လည်း ဖြစ်နေတာပေါ့ဟုတ်လား။ အဲ့လိုဆိုမှာဖြင့် ဒီနေရာမှာ ပိုပြီး လက်တွေ့ကျကျ လှုပ်ရှားမှုလေး လုပ်ကြရအောင်။ ရှင့်ရဲ့ချစ်သူနဲ့ ပြသနာလေးတွေ ရှိနေတယ်မဟုတ်လား။ ရှင့်ရဲ့ချစ်သူဖြစ်ဖို့ ကျွန်မရဲ့ကြိုးစားမှုတွေ ကျရှုံးသွားတာ ရှင်ကံကောင်းတယ်မှတ်။ နို့မဟုတ်ရင် ကျွန်မ အလွန်သဘောမကျတဲ့ လူတွေထဲ ရှင်လည်းတစ်ယောက် ပါသွားလိမ့်မယ်။”

ထန်ရှုက သူ၏လက်အား ဝှေ့ယမ်းကာ

“ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။ နို့မိုဆို ကျွန်တော်လည်း အဲ့ဒီထဲကတစ်ယောက် ချက်ချင်း ဖြစ်သွားနိုင်ပါတယ်။”

ဗီဗီယန်နီက ကြည်လင်ရွှင်ပျစွာဖြင့် ဆတ်ကနဲ ပြောလိုက်သည်။

“ကျွန်မက သူမလောက် ကောင်းတဲ့ မိန်းကလေးတစ်ယောက် မဟုတ်ဘူးလို့တော့ မပြောဘူးမဟုတ်လား။ ဘာကြောင့် ရှင် ကျွန်မကို ရှောင် ဖယ်ထားသလိုပဲလို့ ကျွန်မ ခံစားနေရတာလဲ။”

“ကျွန်တော် မင်းကို ရှောင်ဖယ်နေတာမဟုတ်ပါဘူး။ ဒါက ကျွန်တော့် မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ချုပ်နှောင်ခြင်းခံနေဖို့ အစီအစဉ်မရှိသေးတဲ့ အကြောင်းသက်သက်ပါပဲ။ ကျွန်တော် ပြောတာ သဘောပေါက်ရဲ့လား မသိဘူး။”

“ဟင့်အင်း သဘောမပေါက်ဘူး။” ဗီဗီယန်နီက တုံ့ပြန်သည်။

ထန်ရှုက တစ်ခဏမျှ စဉ်းစားပြီးနောက်

“ဒီလို ပြောကြည့်ရအောင်။ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်အကြားက ချစ်ခြင်းမေတ္တာဆိုတာ ဒီအတိုင်း အချုပ်အနှောင်တစ်ခုလိုပါပဲ။ ကျွန်တော်က ဒီလိုအချုပ်အနှောင်မျိုးကို သဘောမကျလှဘူး။ အဲ့ဒီအကြောင်းကြောင့် ကျွန်တော် ချစ်သူမိန်းကလေးတစ်ယောက် ရှာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ မျိုးဆက်မပြတ်စေဖို့ ကိစ္စအတွက်တော့ ပုံမှန်အတိုင်း လက်ထပ်ဖို့ အမျိုးသမီးတစ်ယောက်ကို ရှာဖို့ ကြိုးစားရမှာပေါ့လေ။ သူမက ကျွန်တော့်အတွက် ကလေးတစ်ယောက်မွေးပေးဖို့ပဲလိုတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာအကြောင်း စဉ်းစားစရာ၊ ပြောစရာမလိုတော့ဘူး။”

စဥ်းစားရကျပ်သွားဟန်ဖြင့် ဗီဗီယန်နီက သက်ပြင်းတစ်ချက် ချလိုက်ကာ

“ရှင့်မှာရှိတဲ့ တွေးခေါ်ပုံတွေက အတော်ထူးခြားတယ်။ ရှင်က တကယ်ကို ထူးဆန်းတာပဲ။ ကျွန်မရဲ့ စောစောပိုင်းက စကားတွေက ရှင့်ကို နောက်နေခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ပထမဆုံး တွေ့ဆုံခြင်းမှာ ရှင့်အပေါ် ကြွေဆင်းသွားဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ ရှင့်ကို မာယာနဲ့ကစားချင်လို့သာ ကျွန်မက စိတ်ခံစားချက်တွေအကြောင်း ပြောပြနေခဲ့တာ။ အခုတော့ ရှင်က ပို ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာ ကျွန်မ တွေ့လာရပြီ။”

ထန်ရှုက မချိပြုံး ပြုံးလိုက်ပြီး

“ဟေး…ကျွန်တော်က ကစားစရာ အရုပ်တစ်ရုပ်မဟုတ်ဘူးနော်။ ခင်ဗျားက ကျွန်တော့်ကို စိတ်ဝင်စားတယ်ဆိုတာကို တွေးရရင် ကျွန်တော့်မှာ ငိုရမှာလား၊ ရယ်ရမှာလားတောင် မသိတော့ဘူး။ ကဲပါဗျာ ဖိနပ်အမြန်စီးလိုက်ပါဦး။ အထဲမှာ တစ်ခုခု သွားစားကြအောင်။”

ဗီဗီယန်နီက နာခံစွာ ပြုလုပ်ရင်း ရုတ်တရက် စကားဆိုလိုက်သည်။

“စကားမစပ်…ဒီက သူဋ္ဌေးတွေထဲက တစ်ယောက်ဖြစ်တဲ့ တွမ်ရတ်ဂီက ကျွန်မကို သိကျွမ်းပြီး ဘာကြောင့် တအားလေးစားနေရတာလဲဆိုတာ ရှင် သိချင်လား။”

***

All Chapters