← Chapters

မျှားခေါ်ခံလာရမှု

Vol. 101 Ch. 1412

မျှားခေါ်ခံလာရမှု

Vol. 101 Ch. 1412

ဒိုင်းအကာအကွယ်မှ အာကာပြင်ကျယ်စကြဝဠာ၏ ပတ်ပတ်လည်ကို ဝန်းရံလိုက်သောအခါ နလပိန်းတုံးမိန်းကလေးသည် မန်ဟိုအပါအဝင် တိုလီမုတ်စပစ္စည်းများနှင့် အလောင်းအားလုံးကို လျင်လျင်မြန်မြန် သိမ်း၍ သူမ၏သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ အလွန်ခြေမြန်လက်မြန် လုပ်သွားသည့်အတွက် သူမမောင်ဖြစ်သူမှာ တားရန် အချိန်မရလိုက်ပေ။

သူမ၏ ရိုးရှင်းသောအတွေးထဲတွင် သူမ စုဆောင်းခဲ့သမျှ အရာအားလုံးက သိမ်းထားဖို့ တန်လေသည်။ သို့သော်လည်း ထိုကဲ့သို့တိုလီမုတ်စပစ္စည်းများအား စုဆောင်းသည့်အတွက် သူတို့မောင်နှမနှစ်ယောက်ကို အာကာပြင်ကျယ်‌ကျောင်းတော်မှ လူများ အထင်သေးသွားပြီး လက်ထပ်ကတိစာချုပ်နှင့်ပတ်သက်လာပါက ပြဿနာဖြစ်မည်ကို သူမ စိုးရိမ်၏။

လာနေသော အလင်းတန်းများစွာကို မြင်လျှင် မိန်းက‌လေးမှာ အလွန်စိတ်လှုပ်ရှားလာတော့သည်။ သူမသည် အဝတ်စများကို အလျင်အမြန် သပ်သပ်ရပ်ရပ်လုပ်ပြီး အလွန်မာနကြီးသောပုံစံ ဖမ်းလိုက်၏။ ထို့နောက် ကြောက်ဒူးတုန်နေသော မောင်ဘက် လှည့်၍ စိန်းစိန်းဝါးဝါးကြည့်ကာ ပြောသည်။ “သန်မာတဲ့ပုံဖမ်းထားလေ ဘာလုပ်နေတာတုန်း။ နင်က ယွင်မျိုးနွယ်စုရဲ့ ဆက်ခံသူဆိုတာ မမေ့နဲ့”

အလင်းတန်းများက အမြန်ဆုံးပျံသန်းလာပြီး သူတို့လွန်းပျံအရှေ့သို့ ရောက်လာသဖြင့် စကားထပ်ပြောရန် အချိန်မရှိပေ။

ရှေ့ဆုံးမှ ဦးဆောင်နေသူမှာ ခရမ်းရွှေရောင်ဝတ်ရုံနှင့် လူတစ်ယောက် ဖြစ်သည်။ သူ့ဆံပင်များသည် ရှည်လျားဖြူဆွတ်ပြီး မိုးကြိုးများသဖွယ် လင်းလက်တောက်ပနေသာ သူ၏မျက်ဝန်းများက သူ့အား နတ်မင်းကြီးတစ်ပါးသဖွယ် ရှိန်စရာကောင်းနေစေသည်။ သူက မောင်နှမနှစ်ယောက်ကို ကြည့်ပြီး လူငယ်ကို အပေါ်ယံမျှသာကြည့်၍ မိန်းကလေးအပေါ် အာရုံစိုက်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ မဆိုစလောက် ပြူးကျယ်သွား၏။

သူ့အ‌နောက်ရှိ ကျင့်ကြံသူများသည်လည်း အစွမ်းထက်ရန်သူတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ လွန်စွာလေးနက်သောအမူအရာများ ရှိကြသည်။

ဤအစွမ်းထက်ပညာရှင်အားလုံးမှ သက်ရောက်နေသော ဖိအားကား မယုံနိုင်စရာကောင်းပေသည်။ သူတို့သည် သူတို့၏စွမ်းအားကို ထိန်းထားသော်လည်း ကြယ်တာရာကောင်းကင်မှာ တုန်ရီနေသေး၏။ အနားရှိလူတိုင်း ထိုဖိအား၏ဒဏ်ကို ခံစားကြရလေသည်။ လွန်းပျံပေါ်ရှိ လူငယ်မှာ တဆတ်ဆတ် တုန်နေပြီး မနည်းမတ်မတ် ရပ်နေရ၏။ သူ့သွေးများလည်း ဆူပွက်နေသည်သာမက သူ့မှာ ပေါက်ကွဲတော့မည့်အလား ခံစားရလေသည်။

ကြည့်ရသရွေ့ ဤလူများသာ သူတို့၏အရှိန်အဝါကို ထိန်းမထားလျှင် ဤလူငယ်နှင့် ပတ်ဝန်းကျင်ရှိ ကျန်ကျင့်ကြံသူအားလုံး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသေဆုံးရမည့်ပုံပေါ်သည်။

သူ့အစ်မမှာ နည်းနည်းခံသာသော်လည်း အံတင်းတင်းကြိတ်ထားရပြီး စိတ်နှလုံးတုန်လှုပ်နေသေးလေသည်။ သို့သော် သူမသည် နည်းနည်းလေးမှ စိတ်ဓာတ်ကျပုံမပေါ်။ အာကာပြင်ကျယ်ကျောင်းတော်မှ ဤအစွမ်းထက်ပညာရှင်များ၏ တင်းမာခက်ထန်သောမျက်လုံးများကို မြင်ပုံလည်းမရပေ။

သူမက လက်နှစ်ဖက်ယှက်၍ လေးနက်စွာ အရိုအသေပေးရင်း ပြောသည်။ “ကျွန်မက ယွင်မျိုးနွယ်စုက ယွင်ရှန်းပါ။ ဒါက ကျွန်မတို့မျိုးနွယ်စုရဲ့ လက်ရှိဆက်ခံသူ ယွင်ဖုန်းဖြစ်ပါတယ်။ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ စီနီယာအဖွဲ့ဝင်တို့ ဂါဝရပြုပါတယ်ရှင်” ထို့နောက် သူမသည် ယွင်မျိုးနွယ်သက်သေခံတံဆိပ်ပြားကို လျင်မြန်စွာ ထုတ်၍ ခေါင်းပေါ် မြှောက်လိုက်၏။

သူမအနောက်ရှိ ယွင်ဖုန်းမှာတော့ ကြောက်လန့်တုန်ရီစွာဖြင့် လက်နှစ်ဖက်ယှက်၍ အရိုအသေပေးရင်း အစ်မဖြစ်သူကို ကြိတ်ဆဲနေသည်။

ယွင်ရှန်း၏စကားကို တုံ့ပြန်သည့်အနေဖြင့် အာကာပြင်ကျယ်ကျောင်းတော်မှ ပညာရှင်များ၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။ ရှေ့ဆုံးရှိ အဘိုးအိုက မျက်မှောင်ကြုတ်သွားသည်။ ယွင်ရှန်းဟု ခေါ်သော ဤမိန်းကလေးကို ကြည့်နေစဉ် သူ့အကြည့်သည် သက်သေခံတံဆိပ်ပြားကို အဖက်မလုပ်ဘဲ သူမသိုလှောင်အိတ်အပေါ်၌ ရစ်ဝဲနေ၏။

အတန်ကြာသော် သူက ပြောသည်။ “ယွင်မျိုးနွယ်စု...”

သိုလှောင်အိတ်ကို ထိုးဖောက်၍ မန်ဟို့ကို မြင်နိုင်သည့်အလား သူ၏မျက်လုံးများသည် တစ်ချိန်လုံး သိုလှောင်အိတ်ထံမှ မခွာပေ။ အတန်ကြာသော် သူ၏မျက်လုံးများ လင်းလက်လာပြီး သူက ရုတ်တရက် ခေါင်းခါကာ တဟားဟား ရယ်တော့သည်။

“ဟော့ဒီ ဂုဏ်သရေရှိ ဧည့်သည့်တွေကို ကြိုဆိုဖို့ အာကာပြင်ကျယ်ကို ဖွင့်၊ ကြယ်လမ်းကို ခင်းကြ။ ဂိုဏ်းသားတွေကိုလည်း ဆင့်ခေါ်ပြီး အာကာပြင်ကျယ်မိုးပျံလမ်းကိုလည်း ဖော်ဆောင်မယ်” ဤအဘိုးအို စကားပြောနေစဉ် သူ့စကားလုံးများက စည်းမျဉ်းဥပဒေအလားပင်။ အာကာပြင်ကျယ်ကျောင်းတော်၏ အစွမ်းထက်ပညာရှင်များသည် ခေါင်းညိတ်လိုက်ကြပြီး အာကာပြင်ကျယ်ဂြိုဟ်မှ ထစ်ချုန်းသံများ ရုတ်တရက် ထွက်ပေါ်လာ၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် တဖျပ်ဖျပ်လက်နေသော ကြယ်အ‌ရောင်အဝါကို ထမ်းလျက် လမ်းလျှောက်လာသော ဘီလူးကြီးနှစ်ကောင် ပေါ်လာသည်။ ထိုအရောင်အဝါက လမ်းတစ်လမ်းကို စတင်ခင်းပေးနေလေသည်။

တစ်ချိန်တည်းမှာပင် ဘီလူးကြီး၏အနောက်၌ မရေမတွက်နိုင်သောအလင်းတန်းများ ပေါ်လာသည်။ အာကာကျယ်ဂိုဏ်းသားဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်သန်းလည်း ထွက်လာသည်။ သူတို့က ကြယ်လမ်း၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြရာ .... ဂိုဏ်းသားများ စီတန်းနေသော မိုးပျံလမ်းတစ်လမ်း ဖြစ်လာတော့၏။

ကြယ်တာရာကောင်းကင်ထဲရှိ သင်းကွဲကျင့်ကြံသူများမှာ မျက်လုံးပြူးလျက် ကြည့်နေကြသည်။ တချို့က ခေါင်းလောင်းခုနစ်ကြိမ်မြည်ခြင်း၏ အဓိပ္ပါယ်ကို မသိကြပေ။ သို့သော် အာကာပြင်ကျယ်ဂြိုဟ်ကို ယခုလိုအဝင်အထွက်ပိတ်၍ ကြယ်အရောင်အဝါကို ထမ်းထားသော ဘီလူးများထွက်လာပြီး ဂိုဏ်းသားတစ်သန်းမှ လမ်းတစ်လမ်းကို ဖော်ဆောင်နေခြင်း၏ အဓိပ္ပါယ်ကိုတော့ လူတိုင်း သိကြလေသည်။

“ဒါက အာကာပြင်ကျယ်ကျောင်းတော်ရဲ့ အခမ်းနားဆုံး ကြိုဆိုပွဲပဲ”

“အာကာပြင်ကျယ်ကျောင်းတောင် ဒီလိုမကြိုဆိုတာ နှစ်နဲ့ချီနေပြီ။ အဲဒီမောင်နှမနှစ်ယောက် ဘယ်ဂိုဏ်း၊ ဘယ်မျိုးနွယ်စုက လာတာပါလိမ့်”

“ဂိုဏ်းသားတစ်သန်းက ... လမ်းတစ်လမ်းကို ဖော်ဆောင်ပေးနေတဲ့လား။ အာကာပြင်ကျယ်ကျောင်းတော်က မယုံနိုင်လောက်အောင် အင်အားကြီးမားတဲ့ လူတစ်ယောက်အတွက်ပဲ ဒီလိုအခမ်းအနားမျိုး ကျင်းပပေးမှာ” လူတိုင်း လုံးလုံးလျားလျား အံ့အားသင့်နေကြသည်။

“ကျေးဇူးပြုပြီး ကြွပါ” ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုက အင်္ကျီလက်စဝှေ့ယမ်း၍ လမ်းဖယ်ပေးကာ ပြောသည်။ သူသည် ပြုံးရွှင်စွာ ပြောနေသော်လည်း သူ့မျက်လုံးများက ယွင်ရှန်း၏သိုလှောင်အိတ်မှ မခွာပေ။ အာကာပြင်ကျယ်ကျောင်းတော်မှ ပညာရှင်များလည်း အတွေးနက်သောအမူအရာများဖြင့် ကြည့်ပြီးနောက် ဘေးဖယ်ပေးကြသည်။ လွန်းပျံ၏အရှေ့၌ ကြယ်အရောင်အဝါများတောက်ပနေသော မိုးပျံလမ်းကား ‌အတားအဆီးမရှိ ဖြောင့်ဖြူးလျက်ရှိ၏

ယွင်ရှန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ လက်ဖက်ရည်ပန်ကန်းပြားလောက် ပြူးကျယ်နေသည်။ ယခုလိုအရာမျိုးကို သူမအိပ်မက်ထဲတွင်ပင် မမက်ခဲ့ဖူးပေ။ သို့သော် ယခု သူမ၏မျက်စိရှေ့မှောက်၌ အမှန်တကယ် ဖြစ်ပျက်နေလေပြီ။ သူမသည် တုံးအသော်လည်း အတန်ငယ်သံသယမဝင်မိဘဲ မနေတော့ပေ။

“ယွင်မျိုးနွယ်စုက အရင်တုန်းက အဲဒီလောက်ကြီးကျယ်ခမ်းနားခဲ့တာလား” သူမက မောင်ဖြစ်သူကို မေးသည်။ “သူတို့လို ချွတ်ခြုံကျနေတဲ့ မျိုးနွယ်စုတစ်စုက .. အာကာပြင်ကျယ်‌ကျောင်းတော်ကို အခုလိုအခမ်းအနားနဲ့ တကယ်ကြီးကြိုဆိုစေနိုင်တာ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး

“အင်းးးး ကြည့်ရတာ ငါ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ ယွင်မျိုးနွယ်စုမှာ ရှိကိုရှိရမယ်။ နောက်မှ ဝိညာဉ်ကျောက်တုံးနည်းနည်းပါးပါး သုံးပြီး မွှေနှောက်စုံစမ်းကြည့်ရမယ်” မှန်သည်၊ သူမ၏အတွေးက ထုံးစံအတိုင်း ကြောင်တောင်တောင်သာ။ သူမသည် လွန်စွာစိတ်လှုပ်ရှားနေသောပုံစံဖြင့် ချက်ချင်း လမ်းပေါ် ခြေချလိုက်၏။

ယွင်ရှန်းကား ဘုရင်မတစ်ပါးလို မောက်မာဝင့်ကြွားစွာ လမ်းလျှောက်နေရင်း ရံဖန်ရံခါ မောင်ဖြစ်သူယွင်ဖုန်းကို စကားပြောတတ်သည်။

“လာ ငါ့အနောက်က လိုက်ခဲ့။ ‌ခေါင်းကို မော့ထား။ မမေ့နဲ့ ငါတို့က ယွင်မျိုးနွယ်စုက၊ နင်က ဆက်ခံသူ

“သူတို့ ငါတို့ကို ဘယ်လိုအလေးနက်ထားရလဲ မြင်လား မောင်လေး။ အာကာပြင်ကျယ်ကျောင်းတော် ဟားဟားဟား” ယွင်ရှန်းသည် စိတ်လှုပ်ရှားနေသော်လည်း လေးလေးစားစား အရိုအသေပေးနေသော အာကာပြင်ကျယ်ကျောင်းတော်၏တပည့်များအရှေ့မှ လမ်းဆက်လျှောက်သွားလေ၏။ စောစောက လှုပ်မရခဲ့သော သင်းကွဲကျင့်ကြံသူများမှာတော့ သူမ အာကာပြင်ကျယ်ဂြိုဟ်ထဲ ဝင်ရောက်သွားသည်ကို အားကျမနာလိုစွာ ကြည့်နေကြသည်။

သူမမောင်မှာ သူမနောက်မှလိုက်လာရင်း ပို၍စိုးရိမ်နေသည်။ အထူးသဖြင့် အာကာပြင်ကျယ်ကျောင်းတော်က ယွင်မျိုးနွယ်စု၏သက်သေခံတံဆိပ်ပြားကို စစ်ပင်မစစ်ဆေးခဲ့ကြောင်း သဘောပေါက်လိုက်သောအခါ တစ်ခုခုမူမမှန်ကြောင်း ထင်ရှားလာသည်။ ထို့အတွက် အကြောင်းရင်းက သူ့အစ်မ ကောက်ချက်ချခဲ့သော အကြောင်းရင်းနှင့် ဆီနှင့်ရေလို မအပ်စပ်ပေ။

သို့သော် ယခုတော့ အခြေအနေနှင့်ပတ်သက်၍ ဘာမှလုပ်မရတော့။ ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုက မလှမ်းမကမ်းမှ လိုက်လာပြီး သူ့အနောက်တွင် အာကာပြင်ကျယ်ကျောင်းတော်၏ အစွမ်းထက်ပညာရှင်ထောင်ချီ ရှိသည်။

ယွင်ဖုန်းခမျာ ပို၍ခေါင်းနပန်းကြီးလာတော့သည်။ “ဒါ.. ဒါက ကြိုဆိုပွဲမဟုတ်ဘူး” သူက တွေးသည်။ “အကျဉ်းသားတွေကို လုံခြုံရေးနဲ့ ထိန်းသိမ်းထားသလိုကြီး”

သူတို့နှစ်ယောက် လမ်းအတိုင်း ဆက်လျှောက်ရင်းနောက်ဆုံး.. အာကာပြင်ကျယ်ဂြိုဟ်ဆီ ရောက်သွားတော့သည်။

အာကာပြင်ကျယ်ဂြိုဟ်မှာ အဆုံးတစ်ဖက်နှင့်တစ်ဖက်ကို မမြင်ရသည့်တိုင်အောင် ဧရာမကြီးမားလှလေသည်။ သူတို့ရောက်သွားသောနေရာတွင် တောင်တန်းများအပြည့်ဖြင့် မျက်စိတဆုံး ဆန့်တန်းနေသည့်မြေပြင်တစ်ခု ရှိသည်။ တောင်ထိပ်တချို့က ပတ်ဝန်းကျင်တွင် ပြည့်နှက်နသည့် လျှို့ဝှက်ဆန်းကြယ်မြူတိမ်များ၏အပေါ် ထိုးထွက်နေကြလေသည်။

တောင်ထိပ်များ၌ တည်ဆောက်ထားသော နန်းတော်များကိုလည်း မြင်ရနိုင်ရာ တစ်နေရာလုံးသည် အရှိန်အဝါကြီးမားသောဂိုဏ်းတစ်ဂိုဏ်း၏ ခမ်းနားကြီးကျယ်မှုကို ခံစားရစေ၏။ ကြိုးတံတားများက တောင်ထိပ်များစွာကို ဆက်သွယ်ထားရာ ထည်ဝါခံ့ညားသော အာကာပြင်ကျယ်ကျောင်းတော်၏ ဂုဏ်ကျက်သရေကို ပေါ်လွင်နေစေသည်။

ယွင်ရှန်းနှင့် ယွင်ဖုန်းတို့ ဂြိုဟ်ထဲ ဝင်လိုက်သည်နှင့် တောင်ပေါင်းများစွာကို မြင်လိုက်ရသဖြင့် ချာချာလည်မူးဝေးသွားလေသည်။ ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုက ပြုံး၍ ရှင်းပြသည်။

“အာကာပြင်ကျယ်ဂြိုဟ်ပေါ်မှာ ကျင့်ကြံသူမျိုးနွယ်စုတွေ အများကြီးရှိပေမယ့် ဂိုဏ်းတွေနဲ့ ပတ်သက်လာရင်တော့ ... အာကာပြင်ကျယ်ကျောင်းတော်တစ်ကျောင်းပဲ ရှိတယ်။ တကယ်တမ်းပြောရရင် အာကာပြင်ကျယ်ကျောင်းတော်ကြောင့်ပဲ ကျန်တဲ့မျိုးနွယ်စုတွေ တည်ရှိနေတာ

“အာကာပြင်ကျယ်ကျောင်းတော်က အာကာပြင်ကျယ်ဂြိုဟ်ရဲ့ အခြေခံအုတ်မြစ်ပဲ။ ငါတို့မှာ ဘုရားကျောင်းအစုအဝေးရှစ်စု ရှိတယ်။ မင်းတို့ အခုကြည့်နေတဲ့ အစုအဝေးကတော့ ရှစ်စုမြောက်ပဲ

“ငါတို့ဂိုဏ်းရဲ့ နယ်နိမိတ်ကတော့ မိုးကောင်းကင်အောက်မှာ တည်ရှိသမျှ ငါတို့နဲ့သက်ဆိုင်တယ်

“ဒါပေမဲ့ တကယ့်ဂိုဏ်းက အာကာပြင်ကျယ်ဂြိုဟ်ရဲ့အတွင်းထဲမှာ တည်ရှိတာ။ တကယ်တော့ ဂြိုဟ်ဟာ အခေါင်းပေါက်လိုပဲ။ ဒါ့ကြောင့် အပြင်မှာမြင်ရတာထက်စာရင် အထဲမှာ ပိုလို့တောင် ကြီးမားသေးတယ်။ အဲဒါကမှ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ အူတိုင်စစ်စစ်ပဲ”

မောင်နှမနှစ်ယောက်မှ အဘိုးအို၏အသံပဲ့တင်ထပ်နေစဉ် ပင့်သက်မရှိုက်မိဘဲ မနေပေ။ အဆုံးမဲ့သောတောင်တန်းများ၊ မရေမတွက်နိုင်သော စေတီနန်းဆောင်များ၊ ဟိုဟိုသည်သည် ပျံသန်းသွားလာနေသော ကျင့်ကြံသူများကို သူတို့ မြင်နေရလေသည်။ ပထမတုန်းက သူတို့ ကြည့်နေရသည်မှာ အာကာပြင်ကျယ်ကျောင်းတော်တစ်ခုလုံးဟု သူတို့ထင်ခဲ့သော်လည်း ယခုတွင် ... အစိတ်အပိုင်းသေးသေးလေးတစ်ခုသာ ရှိသေးကြောင်း သူတို့ သဘောပေါက်သွားလေပြီ။

ဤသည်မှာ ဘုရားကျောင်းအစုအ‌ဝေးရှစ်စုထဲမှ တစ်စုသာ ရှိသေးသည်။

“အပြင်ဘုရားကျောင်းအစုအဝေးတွေအားလုံးသာ ဒီအတိုင်းဆိုရင်” ယွင်ဖုန်းက တွေးသည်။ “မြေကြီးအောက်မှာ ရှိတဲ့ အတွင်းအူတိုင်က ဘယ်လောက်တောင် ခမ်းနားလိုက်မလဲမသိဘူး...” သူ့မှာ အသက်ရှူမြန်လာပြီး အလိုရမ္မက်တို့က သူ့မျက်ဝန်းထဲတွင် ပထမဆုံးအကြိမ် တောက်ပလာ၏။

လူငယ် တုန်လှုပ်နေချိန်မှာပင် သူ့အစ်မက ထရယ်သည်။

“မဆိုးဘူး မဆိုးဘူး” သူမက ပြောသည်။ “အာကာပြင်ကျယ်ကျောင်းတော်က အဆင့်မြင့်ဆုံးတာအိုအစည်းအရုံးဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်။ ယွင်မျိုးနွယ်စုတော့ လိုက်မှီဖို့ နည်းနည်းလိုသေးတယ်” သူမမျက်နှာမှာ ဖြူဆုပ်နေသော်လည်း သူမသည် အထင်မကြီးသည့်ပုံစံ ဖမ်းထား၏။ သို့သော် မောင်ဖြစ်သူ၏ လျင်မြန်စွာ မြန်လာနေသော နှလုံးခုန်သံက ခေါင်းကိုက်စရာကောင်းသည်။

ခရမ်းရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုက ခပ်ဟက်ဟက် ရယ်သည်။ ထို့နောက် သူသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရပ်တန့်သွားသော အသံဖြင့် စကားပြောလိုက်၏။

“အခမ်းအနားလည်း ပြီးသွားပြီ၊ ဂိုဏ်းလည်း စုရုံးလာခဲ့ပြီးပြီ။ လောကဝတ်လည်း ကျေအောင်လုပ်ပြီးပြီ။ တာအိုဆရာရောင်ရင်း အခု ခင်ဗျားမျက်နှာပြဖို့ အချိန်ကျပြီ”

အဘိုးအို၏မျက်လုံးများက ယွင်ရှန်း၏သိုလှောင်အိတ်ကို မမှိတ်မသုန် ကြည့်နေသည်။

တစ်ချိန်တည်းမှာပင် မန္တန်ဝင်္ကပါအမြောက်အမြားပေါ်လာသဖြင့် လေပြင်းတစ်ချက် ဝုန်းခနဲ တိုက်ခတ်သွားသည်။ မရေမတွက်နိုင်သောဂိုဏ်းသားများက စက်ဝန်းသဏ္ဍာန်‌နေရာယူရင်း ပို၍ပင်ကြီးမားသည့်မန္တန်ဝင်္ကပါကို ဖော်ဆောင်ကြ၏။

ခရမ်း‌ရောင်ဝတ်ရုံနှင့် အဘိုးအိုကို ခြံရံထားသော အစွမ်းထက်ပညာရှင်သောင်းပေါင်းများစွာသည်လည်း မိုးနှင့်မြေကို မှေးမှိန်စေ၍ အရာအားလုံးကို တုန်ခါလာစေသော စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

အောက်ရှိ တောင်များမှလည်း အရှိန်အဝါများစွာ ထွက်လာရာ တစ်နေရာလုံးကို မြေအောက်ကမ္ဘာသဖွယ် ဖြစ်သွားစေသည်။

စွမ်းအင်များပေါ်ထွက်လာမှုက ယွင်ဖုန်းကို သွေးအန်၍ သတိလစ်မတတ် ဖြစ်သွားစေသည်။ သူ့အစ်မလည်း တွေဝေအံ့ဩမှုအပြည့်ဖြင့် မျက်နှာဖြူဆုပ်သွားပြီး သွေးအန်လိုက်ရ၏။

သူမသည် အင်အားကြီးမားသောစွမ်းအင်များကို ထုတ်လွှတ်နေသည့် ကျင့်ကြံသူများကို ကြည့်ပြီး ဤမျှများပြားသောပညာရှင်များ တစ်နေရာတည်းတွင် စုဝေးနေသည်ကို တစ်ခါမှမမြင်ခဲ့ဖူးကြောင်း သဘောပေါက်လိုက်၏။

“စီနီယာတို့...” သူမမှာ စကားလုံးများထွက်လာအောင် မနည်းပြောလိုက်ရလေသည်။

ခရမ်းရောင်ဝတ်ရုံနှင့်အဘိုးအိုမှာ လွန်မသွားအောင် ဂရုစိုက်နေသည်။ တကယ်တမ်း သူ၏အတွေးလေးတစ်ချက်ဖြင့် ဤမောင်နှမကို အသက်နုတ်နိုင်သည်မဟုတ်ပါလာ။ တခဏကြာသော် သူက မျက်မှောင်ကြုတ်သွား၏။ သူ၏ကျင့်ကြံအဆင့်နှင့် အသက်အရွယ်အရ လူကဲခတ်တော်သဖြင့် ဟန်ဆောင်နေခြင်းဟုတ်မဟုတ် ခွဲခြားနိုင်လေသည်။ ကြည့်ရသရွေ့ ဤမောင်နှမမှာ ဖြစ်ပျက်နေသောအရာကို အမှန်တကယ် သိရှိပုံမရပေ။

အဘိုးအို ရင်ဒိန်းခနဲ ခုန်သွားသည်။ သူသည် ညာလက်ဖြင့် ဝှေ့ယမ်းရင်း ယွင်ရှန်း၏သိုလှောင်အိတ်အား သူ့ထံ ပျံသန်းလာစေ၏။ သို့သော် ၎င်းကို ဖမ်းဆုပ်မည့်အစား အင်္ကျီလက်စကိုသာ ခါလိုက်သည်။

သိုလှောင်အိတ်သည် ဘန်းခနဲ ပွင့်ထွက်သွားရာ အလောင်းများအပါအဝင် တိုလီမုတ်စပစ္စည်းများ ပြန့်ကျဲသွား၏...

အဘိုးအို၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။ သူက တိုလီမုတ်စများကို လျစ်လျူရှုရင်း အလောင်းတစ်လောင်းအပေါ် အကြည့်ရောက်သွားသည့်အခါ စိတ်နှလုံးတုန်လှုပ်သွားလေသည်။

၎င်းကို မြင်လိုက်သည်နှင့် သူ၏မျက်လုံးများက မတောက်စဖူး လင်းလက်စွာ တောက်ပလာတော့သည်။

All Chapters