← Chapters

ရောထွေးနေသော ပူဆွေးသောကနှင့် အမုန်းတရား

Vol. 06 Ch. 297

ရောထွေးနေသော ပူဆွေးသောကနှင့် အမုန်းတရား

Vol. 06 Ch. 297

ရုတ်တရက် ပြောလိုက်သော ဗီဗီယန်နီ၏ စကားအား နားထောင်ကာ ထန်ရှု၏အချိုးအစားကျနသော မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသွားသော အမူအရာတစ်ခုဖြစ်လာခဲ့ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

“ဘာကြောင့်လဲ။”

“ကျွန်မက ချမ်းသာလို့လေ။” ဗီဗီယန်နီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ထန်ရှု ကြောင်အသွားကာ မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ သူသည် အမှန်တကယ်ပင် တွမ်ရတ်ဂီက ဗီဗီယန်နီအပေါ်ထားသော သဘောထားအား ပဟေဠိဖြစ်နေခဲ့ရာ အခုမှ နားလည်သွားတော့သည်။ တွမ်ရတ်ဂီ၏အတွင်းစိတ်ထဲမှ ဗီဗီယန်နီသည် ငွေကြေးများစွာ ပိုင်ဆိုင်သော လူတစ်ယောက်ဖြစ်ချေလိမ့်မည်။

“ကျွန်မ ချမ်းသာတာကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ သူ့ကို ကျွန်မ ကယ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက လက်တင်အမေရိကမှာရှိတဲ့ တစ်ချို့လူတွေကို သူ ပြစ်မှားမိလို့ ဒုက္ခရောက်ခဲ့စဉ်တုန်းက သူ့ရဲ့ပြသနာတွေ ဖြေရှင်းဖို့ မထင်မှတ်ဘဲ ကျွန်မ ကူညီပေးခဲ့ဖူးတယ်လေ။ အဲ့ဒါကြောင့် အဲ့ဒီအချိန်ကစပြီး သူ ကျွန်မကို တအားလေးစားခဲ့တာ။”

လျှပ်တစ်ပြက်အတွင်း ထန်ရှု နားလည်သွားခဲ့ပြီး အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလိုက်ကာ

“မင်း စကားကို တစ်ခါတည်းနဲ့ပြီးအောင် မပြောနိုင်ဘူးလားကွာ။ တွမ်က မင်းကို လိုတရတဲ့ ငွေအိတ်ကြီးလို ဆက်ဆံပြီး မင်းဆီက ပိုပြီးအမြတ်အစွန်း လိုချင်ပုံရတယ်လို့ ကျွန်တော်က တွေးနေမိတာ။”

“ဟွန့်” ဗီဗီယန်နီက နှာခေါင်းရှုံ့လိုက်သည်။ “တရုတ်လူမျိုးတွေက အဲ့ဒါကို မိုက်မဲစွာ ဖြုန်းတီးတယ်လို့ ခေါ်တာမဟုတ်ဘူးလား။ အဲ့ဒါကို အလျှော့ပေးတယ်လို့ ယူလို့မရဘူးလေ။ ကျွန်မသာ ကျွန်မရဲ့ပိုက်ဆံကို မလွှင့်ပစ်ချင်ဘူးဆိုရင် ဘယ်သူမှ တစ်ပြားတစ်ချပ်တောင် ရမှာမဟုတ်ဘူး။”

“မင်းရဲ့ ပိုက်ဆံတွေက ဘယ်နေရာကနေ အများကြီးဝင်တာလဲ။ ကျွန်တော့်ကို မင်းရဲ့ငွေရှာနည်းလျှို့ဝှက်ချက်လေး သင်ပေးလို့ရမလား။”

ထန်ရှုက သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။

ဗီဗီယန်နီက အနည်းငယ်မျှ ကြောင့်ကြစိတ်မရှိဘဲ ပြောသည်။

“ရှင့်ကို သင်ပေးဖို့ ပြသနာ မရှိပါဘူး။ ရှင့်ကို လှုံ့ဆော်တဲ့သူတွေကို  ပြင်းပြင်းထန်ထန် ရိုက်နှက်ဖို့နဲ့ သူတို့ကို ပိုက်ဆံပေးအောင် ဖိအားပေးဖို့လောက်ပဲ လိုတာပါ။ အဲ့ဒီ အမှောင်အင်အားတွေက ဘေးပတ်၀န်းကျင်က လူတွေကို အနိုင်ကျင့်ပြီး မတရားနည်းနဲ့ချမ်းသာလာကြတာမို့ အဲ့ဒီငွေတွေက သူတို့ မပိုင်ဆိုင်သင့်တဲ့အရာတွေပဲ။ အဲ့ဒါကြောင့် ကျွန်မက အဲ့လိုလူတွေကို ခပ်ပြင်းပြင်းလေး ဆုံးမသုတ်သင်ပြီး သူတို့ဆီက တန်ဖိုးကြီးကြီး တောင်းလိုက်တာပဲ။”

ထန်ရှု၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာကာ သူ၏နှုတ်ခမ်းသည်လည်း အကြိမ်အနည်းငယ်မျှ မဲ့ရွဲ့သွားရသည်။ သူမသည် စွမ်းအားကြီးသော ခွန်အားရှိသော်လည်း တိုက်ခိုက်မှုစွမ်းရည် ညံ့သောကြောင့် ယခုချိန်ထိ ဗီဗီယန်နီ အသက်ရှင်နေထိုင်နိုင်ခြင်းသည် အမှန်ကိုပင် အလွန်ထူးခြားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ချေသည်။

သို့သော်လည်း သည်နည်းလမ်းသည် အမှန်ပင် ငွေရမြန်ဆန်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် သူ့အား လှုံ့ဆော်ခဲ့သော ဟောင်ကောင်မှ သူဋ္ဌေးကြီး၄ယောက်ပင် ဖြစ်တော့သည်။ ထိုသူများထံမှ ရရှိခဲ့သော အကျိုးအမြတ်သည် ၁၀ဘီလီယံထက်ပင် အနည်းငယ် ကျော်သေးသည် မဟုတ်ပါလော။

ထိုနေရာသို့ အတွေးအရောက်တွင် လူများအား စိတ်မကျေနပ်မှုဖြစ်စေသောတိုက်ခိုက်ခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်းတစ်ခု ဟုတ်မဟုတ် သေချာမသိသောကြောင့် ထန်ရှုသည် ခေါင်းယမ်းလိုက်မိသည်။

ယနေ့ခေတ်တွင် သူခိုးများသည် ကြောက်စရာမကောင်းလှတော့ချေ။ သို့သော် သင်ထွက်ရှာရန် လိုအပ်သော ထိုသူခိုးများမှာမူ စိတ်ကူးအစီအစဉ်များစွာနှင့်ဖြစ်သည်။ လူတစ်ယောက်သည် စွမ်းအားကြီးသော်လည်း သူသည် အမှောင်အင်အားများစွာအား တိုက်ခိုက်မိပါက ရန်သူများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သူသည် လူဆယ်ဂဏန်းလောက်အား တစ်ယောက်တည်း တိုက်ခိုက်နိုင်မည်ဖြစ်သော်လည်း လူ၁၀၀၊ ၂၀၀ဆိုပါက တစ်ယောက်တည်း တိုက်ခိုက်နိုင်ပါ့မည်လော။ ထို့ပြင် ထည့်သွင်းစဉ်းစားရမည့် သူငယ်ချင်းများနှင့် ဆွေမျိုးများလည်း ရှိသေးပေရာ သူ ဂရုစိုက်သော လူများ အန္တရာယ်ဖြစ်မည့်အရေးကိစ္စကိုလည်း ထည့်တွက်ရပေမည်။

“ဗီဗီ…အနာဂတ်မှာ မင်း ဒီလိုမျိုး ထပ်မလုပ်တော့တာ ပိုကောင်းမယ်။ မင်း အခု ချမ်းသာနေတာမို့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်တာပဲလေ။ အမှောင်အင်အားတွေကို မင်းဆက်ပြီး ထိပါးတိုက်ခိုက်နေလို့ သူတို့ ဒေါသတအား ထွက်လာတဲ့အခါ မင်းအပေါ် လက်စားချေဖို့ လုပ်လာနိုင်တယ်။ မမျှော်လင့်တဲ့ ကံဆိုးမိုးမှောင်ကျမှုကို မင်း ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော် စိုးထိတ်မိတယ်။ သူတို့က မင်းရဲ့မိသားစုကို တုံ့ပြန်လာရင် မင်းကိုယ်မင်း ကာကွယ်ရင်ကာကွယ်နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းချစ်ရတဲ့သူတွေကို မင်း ကာကွယ်နိုင်ပါ့မလား။”

ဗီဗီယန်နီ တွေဝေမိန်းမောသွားရာ ခြေလှမ်းများသည်ပင် ရပ်ဆိုင်းသွားရသည်။ သူမ၏နှုတ်ခမ်းအစုံမှာ ပွင့်ဟလာသော်လည်း အသံအနည်းငယ်မျှ ထွက်မလာပါချေ။

သူမဆီမှ ပုံမှန်မဟုတ်သော တုံ့ပြန်မှုအား မြင်လိုက်ရသဖြင့် ထန်ရှု ပဟေဠိဖြစ်သွားကာ

“ဟေး… မင်း ဘာဖြစ်လို့လဲ။”

ဗီဗီယန်နီက မတုံ့ပြန်ချေ။ သူမ၏မျက်ဝန်းများသည် ဟာလာဟင်းလင်းဖြစ်နေသကဲ့သို့ သူမ၏စိတ်သည်လည်း အသိလွတ်သွားသကဲ့သို့ ပန်းပုရုပ်တစ်ရုပ်အလား မတ်တတ်ရပ်နေလျက်ရှိသည်။ သူမ၏ရွှေရောင်ဆံနွယ်များအား ရောင်ပြန်ဟပ်နေသော လရောင်သည် သူမအား မျက်လုံးကျိန်းသွားအောင် လုပ်လိုက်သည့်နှယ် ဖြစ်သည်။

“သတ်ဖြတ်လိုတဲ့အော်ရာလား…”

ထန်ရှု၏အမူအရာပင် ပြောင်းလဲသွားရသည်။ ဗီဗီယန်နီဆီမှ သူ ခံစားမိသော သတ်ဖြတ်လိုသော အော်ရာသည် ပြင်းထန်ခြင်းမရှိသော်လည်း အစစ်အမှန်တစ်ခုဖြစ်သည်။

ဗီဗီယန်နီသည် သူမ၏တွေဝေမိန်းမောမှုမှ နိုးထလာပြီး အေးစက်သောအလင်းရိပ်တစ်ခုသည် သူမ၏မျက်ဝန်းများထဲတွင် ဖြတ်သန်းသွားကာ ထန်ရှုအား ကြည့်ရန် သူမကိုယ်သူမ တွန်းအားပေးလိုက်ပြီး ရေခဲတမျှအေးစက်သောအသံဖြင့်

“လွန်ခဲ့တဲ့၇နှစ်လောက်က မမျှော်လင့်ဘဲ ကျွန်မရဲ့အဖေ ရုတ်တရက် ကားမတော်တဆမှုနဲ့ သေဆုံးခဲ့သွားရတာတွေ၊ လွန်ခဲ့တဲ့၅နှစ်က လျှပ်စစ်ဝါယာကြိုးက ဘာကြောင့် ပြတ်တောက်သွားပြီး ရေချိုးကန်ထဲက ကျွန်မရဲ့အမေကို ဓာတ်လိုက်သေဆုံးခဲ့တာတွေကို နောက်ဆုံးတော့ ကျွန်မ အဖြေရှာတွေ့ခဲ့ပြီ။ လွန်ခဲ့တဲ့၃နှစ်လောက်က ရုတ်တရက် အိမ်ပြိုကျပြီး ကျွန်မမောင်လေး အသက်ဆုံးရှုံးခဲ့ရတာ ဘာကြောင့်ဆိုတာ နောက်ဆုံးတော့ ကျွန်မ သိခဲ့ပြီ။ ကျွန်မရဲ့ဦးလေး အလိမ်ခံရပြီး သူချမ်းသာသမျှ စွန့်လွှတ်ရတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဖိအားပေးခံရတာ ဘာကြောင့်ဆိုတာ နောက်ဆုံးတော့ ကျွန်မ နားလည်ခဲ့ရပါပြီ။”

ထန်ရှုက ကြက်သေသေသွားကာ မယုံကြည်နိုင်သောအမူအရာဖြင့်

“ဒါတွေအားလုံးကို တိုက်ဆိုင်မှုမဟုတ်ဘူး၊ တစ်ယောက်ယောက်က ကြံစည်တာလို့ မင်းသံသယဖြစ်နေတာလား။”

သူမ၏လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဗီဗီယန်နီ၏မျက်လုံးများထဲမှ သတ်ဖြတ်လိုသောအရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူမ၏မျက်လုံးများထဲတွင် အမျက်သည်းခြင်းပြည့်လာပြီး

“အဲဒီသူတို့ရဲ့ရန်ညှိုးတွေဆိုတာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့မိသားစုဝင်တွေ တစ်ယောက်မှ မကျန်ခဲ့ဘဲ သေကုန်ပြီလေ။ ကျွန်မတို့အိမ်ဘေးက ကြင်နာတတ်တဲ့အဘွား ဘေဆီတောင် ဈေးဝယ်ထွက်တဲ့အချိန် တံတားအောက်ကနေ ပစ်လိုက်တဲ့ ကျောက်တုံးတစ်တုံးကြောင့် သေသွားရတာ။”

“အမှန်တရားက သိပ်မဝေးပါဘူး။” ထန်ရှုက စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။

သူမ၏ဖိနပ်များအား လျင်မြန်စွာ ဝတ်ဆင်ကာ ဗီဗီယန်နီက ဘေးသို့လှည့်ကာ အဝေးသို့ ပြေးသွားသည်။

“ဟေး…မင်း ဘယ်ကို သွားနေတာလဲ။” ထန်ရှုက ကျယ်လောင်စွာ မေးလိုက်သည်။

“ကျွန်မ သူတို့ကို သတ်မယ်။ သူတို့ဘယ်သူတွေပဲဖြစ်ဖြစ် အနာကျင်ရဆုံးတန်ဖိုးကို ပေးဆပ်ရလိမ့်မယ်။”

ဗီဗီယန်နီက ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။

ထန်ရှုက မျက်မှောင်ကြုပ်လိုက်ပြီး သူမအား စိတ်မလွတ်သွားစေရန် သတိပေးလိုသည်။ သူမ၏ဆွေမျိုးများအား သတ်ဖြတ်ခဲ့သော လူသတ်သမားအား သူမ ရှာလိုရင်တောင်မှ ဖြည်းဖြည်းချင်း စုံစမ်းရဦးမည်ဖြစ်သည်။ မတော်တဆမှုများသည် နှစ်ပေါင်းများစွာအကြာက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူနှင့်သူမအကြားက ရင်းနှီးမှုကာလအား ပြန်တွေးကြည့်မိသောအခါ ထို သတိပေးလိုသောအတွေးအား သူ စွန့်လွှတ်လိုက်တော့သည်။

ထန်ရှုသည် ဒီနေ့မှသာ သူမနှင့် တွေ့ဆုံခြင်းဖြစ်သည်။ စကားတော်တော်များများပြောကာ အနမ်းတစ်ခုနှင့်အဆုံးသတ်သွားသော ဟာသဖြစ်ရပ်တစ်ခုသာဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ထိုအရာအားလုံးအား ရင်းနှီးသော ဆက်ဆံရေးတစ်ခုအဖြစ် သတ်မှတ်မရနိုင်သေးပါချေ။

“သူမနောက်ကို လိုက်ဖို့ တစ်ခုခု လုပ်မှရမယ်။ သူမရဲ့မိသားစုဝင်များတွေကို သတ်ဖြတ်သွားသော လူသတ်သမားအား အသက်ရှင်လျက် ရှာတွေ့နိုင်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ။”

ထန်ရှုက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လှည့်ကာ အိမ်ထဲသို့ လျှောက်လာလိုက်သည်။

အတွင်းတွင် တွမ်ရတ်ဂီက ကြည်လင်သော ဖန်ခွက်တစ်ခွက်အား ကိုင်ဆောင်ထားပြီး အဘိုးကြီးဖက်တီးလီနှင့် စကားပြောနေသည်။ သူတို့၏အနောက်တွင် ကျင့်ကြံရာမှ ခုလေးတင်ထလာသော မိုအားဝမ်ရှိနေကာ သိသာစွာပင် သူ၏ကျင့်ကြံမှုမှာ တိုးတက်လာခဲ့သည်။ ယခုအချိန်တွင် သူသည် ကိတ်မုန့်များကို သယ်ဆောင်ကာ အလျင်အမြန် စားသောက်နေသည်။

“မစ္စတာထန်။ မစ္စဗီဗီရော။”

“သူမက အရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့ ပြန်သွားပြီ။” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးကာ တုံ့ပြန်လိုက်သည်။

တွမ်ရတ်ဂီက ပဟေဠိဖြစ်သွားကာ မေးလိုက်သည်။

“မစ္စဗီဗီက ထွက်သွားပြီလား။ သူမရဲ့ဘန်ဂလိုကို ပြန်သွားတာလား။ ဒါမှမဟုတ်…”

“သူမက ဘန်ဂလိုကို ပြန်သွားနေတာ ဒါပေမယ့် ဟိုတယ်ကနေ မကြာမီ ထွက်ခွာနိုင်တယ်။”

ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။

“မင်းကို ကြည့်ရတာ မစ္စဗီဗီ ဘာကြောင့်ပြန်သွားတာလဲဆိုတာကို သိနေတဲ့ပုံပဲ။ မစ္စတာထန် ငါ့ကို အဲ့ဒီအကြောင်း ပြောပြလို့ရမလား။”

ထန်ရှုက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ဗီဗီယန်သည် တွမ်ရတ်ဂီအား အကျိုးပြုထားသောသူဖြစ်သောကြောင့် တွမ်ရတ်ဂီအား ပြောပြရန်အဆင်ပြေသည်ဟု သူခံစားမိသည်။ သူမ၏အပြုအမူအား ပြန်စဉ်းစားကြည့်မည်ဆိုပါက သူမ၏မိသားစုဝင်များသည် လူသတ်သမားကြောင့် သေရပြီး မတော်တဆမှုများမဟုတ်သည်ကို ရုတ်တရက် သိနားလည်လိုက်သဖြင့် ဒေါသများထွက်ကာ သူမ၏ဆင်ခြင်တုံတရားအား ထိခိုက်စေခဲ့သည်။ တွမ်ရတ်ဂီသာ ဗီဗီယန်နီနှင့်တွေ့ဆုံပြီး သူ့ကိုယ်စား အကူအညီပေးပါက ကောင်းမည်ဖြစ်သည်။

“သူမက ရန်ငြိုးတွေအတွက် ပြန်သွားတာ။ သူမရဲ့ဆွေမျိုးတွေက အသတ်ခံရလို့သေတယ်ဆိုတာကို သူမ သိရှိသွားခဲ့တယ်လေ။”

တွမ်ရတ်ဂီက တစ်ချက်တွေဝေသွားပြီး ခေါင်းညိတ်လိုက်ကာ

“မစ္စဗီဗီယန်နီ ဘယ်လောက်သန်မာလဲဆိုတာ ငါ သိတယ်။ သူမက ရက်စက်ကြမ်းကြုတ်တဲ့သူတွေကို သေလုနီးပါးဖြစ်အောင် ရိုက်တယ်ဆိုတာ ငါ တွေ့ဖူးတယ်။ သူမရဲ့မိသားစုဝင်တွေအတွက် အလွယ်လက်စားချေနိုင်မှာပါ။”

“ခင်ဗျားက အကောင်းဘက် သိပ်တွေးလွန်းတယ်။ ကျွန်တော် သူမအကြောင်း အများကြီးမသိပေမယ့် သူမရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကို အမုန်းတရားက ဖုံးလွှမ်းနေတာမို့ ဒီတစ်ကြိမ်လက်စားချေတာက သူမကို ထိခိုက်စေနိုင်တယ်။”

တွမ်၏အမူအရာသည် ပျက်သွားသည်။ စိတ်ရှင်းလင်းခြင်းမရှိသောသူသည် မည်ကဲ့သို့ထိခိုက်နိုင်မည်ကို သူ ကောင်းစွာ သဘောပေါက်သည်။ သည်ခေတ်ကြီးတွင် အင်အားနှင့် ဉာဏ်ပညာသည် ထပ်တူထပ်မျှ အရေးကြီးသည်။ သူမ ပြင်ဆင်ထားမှုမရှိချိန်တွင် တစ်စုံတစ်ယောက်က တိတ်တဆိတ်လုပ်ကြံလိုက်ပါက သူမသည် လွယ်ကူစွာ အသတ်ခံရလိမ့်မည်ဖြစ်သည်။

ထိုနေရာသို့ သူ၏အတွေးများရောက်သွားပြီးနောက် တွမ်ရတ်ဂီက လျင်မြန်စွာ ပြောလိုက်သည်။

“မစ္စတာထန်…ဒီညဧည့်ခံပွဲမှာ မင်းကို အဖော်လုပ်ပေးဖို့ ရည်ရွယ်ထားပေမယ့် ဗီဗီယန်နီကို ငါ စိတ်ပူတယ်။ မင်း စိတ်မဆိုးဘူးဆိုရင် ငါ သူမကို တွေ့ချင်တယ်။”

“ကျွန်တော် အဆင်ပြေပါတယ်။ လိုက်သွားပါ။”

တွမ်ရတ်ဂီက ထန်ရှုဆီမှ တုန့်ပြန်မှုရပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားသည်။ တစ်စုံတစ်ခုအား အငမ်းမရစားသောက်နေသော မိုအားဝမ်ကို ကြည့်ပြီး ထန်ရှု အံ့အားသင့်သွားကာ သူဆီသို့ သွားစကားဆိုလိုက်သည်။

“ဘယ်လိုဖြစ်ပြီး ဆာလောင်နေတဲ့နတ်ဆိုးတစ်ယောက် စားသောက်နေသလိုမျိုး ဖြစ်နေတာလဲ။ ကျွန်တော် ပြန်ရောက်ကတည်းက မင်းစားနေတာ မြင်ပေမယ့် ခုထိဗိုက်မပြည့်သေးဘူးလား။”

ပလုတ်ပလောင်း မျိုချနေရင်း မိုအားဝမ်က ရယ်မောကာ

“သူဋ္ဌေး… ကျွန်တော်လည်း ဘာဖြစ်နေမှန်း မသိဘူး။ ကျင့်ကြံမှုပြီးတဲ့အချိန်မှာ ကျွန်တော့်ရဲ့ကျင့်ကြံမှု တိုးတက်လာတာကို တွေ့ရသလို တအားဆာနေတာကိုလည်း ခံစားရတယ်။ ဆူဖြိုးတဲ့နွားတစ်ကောင်တောင် ကျွန်တော် မျိုချနိုင်လိမ့်မယ်။”

ထန်ရှုက ရယ်မောလိုက်ရင်း

“ဒါဆို မင်း အရင်ကထက် ပိုပြီးသန်မာလာပြီ မဟုတ်လား။”

“၅၀%လောက် ပိုပြီးသန်မာလာတယ်။ သူဋ္ဌေးသာ ကျွန်တော့်ကို ၂ရက်အချိန်ပေးရင် ၂ဆပိုပြီး သန်မာလာနိုင်တယ်။”

မိုအားဝမ်က ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

“ကောင်းတယ်။”

ထန်ရှုက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

လောင်ကမ်းခြေဟိုတယ်…

ဧည့်သည်များတည်းကြသည့် ဘန်ဂလိုများအနက် ဘန်ဂလိုတစ်ခုအတွင်းတွင် ဗီဗီယန်နီသည် သူမ၏ပစ္စည်းများအား လှန်လှောရှာဖွေနေပြီး ပစ်ပေါက်လျက်ရှိသည်။ ဖြစ်ရပ်များ၏နောက်ကွယ်မှ လူသတ်သမားများအား သူမ သဲလွန်စမရှိသော်လည်း ထိုသူများအား သူမ ရှာဖွေနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်လျက်ရှိသည်။ ထိုသူများအား သတ်ပြီး သူမ လက်စားချေရမည်ဖြစ်သည်။

“သူတို့ ဘယ်သူပဲဖြစ်နေပါစေ ငါ သတ်မယ်။” ဖွင့်ထားသော ခရီးဆောင်အိတ်ထဲသို့ သူမ၏ပစ္စည်းများအား ထည့်နေရင်း ဗီဗီယန်နီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဒေါက်…ဒေါက်…”

တံခါးခေါက်သံနှင့်အတူ တွမ်ရတ်ဂီ၏အသံ ထွက်ပေါ်လာခဲ့သည်။

“မစ္စဗီဗီ… တွမ်ပါ။ ငါ မင်းနဲ့ စကားအနည်းငယ်လောက် ပြောဖို့လိုတယ်။”

သူမက တံခါးဆီသို့ လမ်းလျှောက်လာကာ ဖွင့်ပေးလိုက်ပြီး မှုန်မှိုင်းနေသော အမူအရာဖြင့် မေးလိုက်သည်။

“ရှင် ဒီကို ဘာအတွက်ရောက်လာတာလဲ။ တစ်ခုခု ပြောချင်တာရှိလား။”

တွမ်ရတ်ဂီက လေးစားသော အမူအရာဖြင့်

“ကျွန်တော် မစ္စတာထန်နဲ့ တွေ့ပြီးပြီ။ သူက မင်းရဲ့အကြောင်းတွေ ပြောပြတယ်။ မစ္စဗီဗီ မင်းက ငါ့ရဲ့ကျေးဇူးရှင်ပါ။ အဲ့ဒါကြောင့် မင်းရဲ့ကြင်နာမှုကို ငါ ပြန်ပေးဆပ်မယ်။ ဒါပေမယ့် မင်းရဲ့ရန်သူတွေကို ရှာပြီး လက်တုံ့ပြန်ဖို့ဆိုရင် ငါ ပြောတာ မင်း နားထောင်သင့်တယ်လို့ ငါ တွေးတယ်။”

“ပြောပါ။”

ဗီဗီယန်နီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“တရုတ်ပြည်မှာ ရှေးစကားပုံတစ်ခု ရှိတယ်။ ရန်ငြိုးကို လက်တုံ့ပြန်ဖို့ဆိုရင် လူကြီးလူကောင်းတစ်ယောက်အတွက် ၁၀နှစ်ဆိုတဲ့အချိန်က မကြာလှပါဘူး။ လက်ရှိမှာ မင်းရဲ့ရန်သူတွေက ဘယ်သူဖြစ်ပြီး ဘယ်သူ့ကို လက်တုံ့ပြန်ရမလဲဆိုတာ မင်း မသိဘူး။ အဲ့ဒါကြောင့် အဲ့ဒီလူသတ်သမားတွေကို ရှာဖို့၊ သူတို့ရဲ့နောက်ခံကို စုံစမ်းဖို့နဲ့ အစီအစဉ်တစ်ခုဆွဲဖို့အတွက် မင်းအခုဘာလုပ်ရမလဲဆိုတော့ မင်းမှာရှိတဲ့အရာရာတိုင်းကို အသုံးချရမယ်လို့ ငါထင်တယ်။”

တွမ်ရတ်ဂီက ပြောသည်။

“ဟင့်အင်း ကျွန်မ မစောင့်နိုင်ဘူး။” ဗီဗီယန်နီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

တွမ်ရတ်ဂီက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

“မစ္စဗီဗီ…မစ္စတာထန်က ငါ့ကို ဘာပြောလိုက်သလဲဆိုတော့ မင်းရဲ့စိတ်အခြေအနေကို ဒေါသနဲ့အမုန်းတရားက ဖုံးလွှမ်းနေတယ်တဲ့။ အစက ငါ အဲ့ဒါကို မယုံဘူး ဘာဖြစ်လို့လဲဆိုတော့ ငါ့မျက်လုံးထဲမှာ မင်းက မြင့်မြတ်ပြီး ကျက်သရေရှိတယ်။ တင့်တယ်လှပြီး ထွန်းတောက်တဲ့ ပညာဉာဏ်နဲ့ပြည့်စုံတဲ့ နတ်သမီးတစ်ပါးလိုပဲ။ ဒါပေမယ့် အခု မစ္စတာထန်ရဲ့သုံးသပ်ချက်ကို ငါ ယုံရတော့မယ်။ မင်းက ဒေါသနဲ့အမုန်းတရားကြောင့် တကယ်မျက်ကန်းဖြစ်နေပြီ။ အဲ့ဒါကြောင့်မို့ မင်းရဲ့အရာရာကို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ဆုံးရှုံးသွားရတော့မယ်။”

***

All Chapters