ဒီအလောင်းကို ရောင်းမလား
Vol. 101 Ch. 1413
အလောင်းအားလုံး ပြန့်ကျဲထွက်လာသည့် အခိုက်အတန့်တွင် အလောင်းတစ်လောင်းထံမှ ကြောက်မက်ဖွယ် လှိုင်းဂယက်များက စတင်ဖြာထွက်လာသည်။ ရလဒ်အနေဖြင့် အာကာပြင်ကျယ်ကျောင်းတော်မှ ဂိုဏ်းသားတစ်သန်း၏မျက်နှာများ ဖြူဆုပ်ကုန်ကြပြီး သူတို့၏ပါးစပ်မှ သွေးများ ပန်းထွက်ကုန်၏။ သူတို့က အထိတ်တလန့် နောက်ဆုတ်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ ထိန်းမနိုင်သိမ်းမရ ပရမ်းပတာ ဖြစ်သွား၏။
အစွမ်းထက်ပညာရှင်ထောင်ပေါင်းများစွာ၏ မျက်နှာများလည်း ရိပ်ခနဲဖြစ်သွားပြီး သူတို့မှာ အင်အားကြီးမားသောတန်ခိုးရှင်တစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ ချာချာလည် မူးဝေကုန်သည်။ ရုတ်တရက်ဆိုသလို အလောင်းပုံများ၊ သွေးပင်လယ်များဖြင့် ၀န်းရံခံလိုက်ရပြီး ၎င်းတို့အထဲမှ ပဲ့တင်ထပ်လာသော ဟိန်းဟောက်သံများက သူတို့ကို ဝါးမြိုနေသကဲ့သို့ ခံစားလိုက်ကြရလေသည်။
ဤဖြစ်ရပ်က အရာအားလုံးကို တဝုန်းဝုန်း တုန်ခါလာစေ၏။
အလောင်းထံမှ ဖော်ပြမတတ်နိုင်သော စွမ်းအားသည် အရာအားလုံးကို လွှမ်းခြုံ၍ အောက်ရှိ တောင်တစ်သန်းကိုပင် လှုပ်ခါလာစေသည့် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုဖြစ်လာသည်။ မြေငလျင်များ တဝုန်းဝုန်း လှုပ်ခတ်ကုန်သဖြင့် ပထမဆုံး ဖုန်သဲမှုန်များ လေပေါ် ပျံတက်လာသည်။ ထို့နောက် အောက်သို့ ပြန်ကျသွား၏။ တောင်ထိပ်များကို ဆက်သွယ်ထားသည့် ကြိုးတံတားများလည်း လှုးလွန့်လှုပ်ခတ်နေပြီး ဂိုဏ်းသားများမှာ မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။
တောင်သန်းပေါင်းများစွာမှ ထုတ်လွှတ်နေသော စွမ်းအားများမှာ ဤအခိုက်အတန့်တွင် ဧရာမလက်ကြီးတစ်ဖက်ဖြင့် ဖိနှိပ်ချေမှုန်းခံလိုက်ရ၍ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည့်အလားထင်ရ၏။
ပတ်၀န်းကျင်ရှိ လူတိုင်း ပင့်သက်ရှိုက်နေကြရသည်။ မောင်နှမနှစ်ယောက်သာလျှင် မည်သည့်ဖိအားကိုမှ မခံစားကြရပေ။ သို့သော် သူတို့သည် ဖြစ်ပျက်နေသောအရာကို မြင်နေရပြီး ခပ်တုံးတုံးယွင်ရှန်းက ထိုအလောင်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမမှာ ၎င်းကို ကောက်တင်လာခဲ့ပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသည့်အရာများကို ပြန်တွေးပြီးနောက် သွေးဆုတ်ဖြူလျော်သွား၏။
“ငါ ဘယ်....ဘယ်လိုအလောင်းကြီးကို ကောက်ခဲ့မိတာပါလိမ့်” သူမက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ဂိုဏ်သားသန်းပေါင်းများစွာ သွေးအန်နေရသည်ကို သူမမြင်နေရသည်။ မြေငလျင်များ လှုပ်ခတ်နေသည်ကို သူမ မြင်နေရသည်။ တောင်ထိပ်များ တုန်ခါနေသည်ကိုလည်း သူမမြင်နေရသည်။ အစွမ်းထက်ပညာရှင်ထောင်ပေါင်းများစွာ၏ အံ့ဩတုန်လှုပ်နေမှုကို သူမမြင်နေရ၏။ ခရမ်းရောင်၀တ်ရုံနှင့်အဘိုးအို၏မျက်လုံးများမှ ဖြာထွက်လာနေသော မျက်စိတ်ကျိန်းမတတ်အလင်းရောင်ကိုလည်း သူမ မြင်လိုက်ရ၏။
သူမ သတိမထားမိသည့် တစ်ခုတည်းသောအရာမှာ အလောင်းနှင့်အတူ သူမ ကောက်ခဲ့သော သွေးခွေးကြီးအား မည်သည့်နေရာတွင်မှ မမြင်ရခြင်းပင်။
ဤအရာများ ဖြစ်ပျက်နေစဉ် အလန့်တကြားအော်သံများအား ကြားရနိုင်၏။
“အဲ့..အဲ့ဒါက”
“ပါရာဂွန်အလောင်းတစ်လောင်းပဲ။ အဲ့ဒါက ပါရာဂွန်တစ်ယောက်ရဲ့အလောင်းပဲ။ ဘုရားရေ အနှစ်သာရ ၉ ခုပါရာဂွန်အလောင်းကြီးဟ”
“အာကာပြင်ကျယ်ခေါင်းလောင်း မြည်ခဲ့တာလည်း အံ့ဩစရာမရှိဘူး။ အာကာပြင်ကျယ်စကြ၀ဠာထဲမှာ အနှစ်သာရ ၉ ခုပါရာဂွန်က များများစားစားမှ မရှိတာ။ ဒါပေမဲ့ ယွင်မျိုးနွယ်စုက ဒီလူနှစ်ယောက်က အဲ့ဒီအနှစ်သာရ ၉ ခုအလောင်းကို သိုလှောင်အိတ်ထဲမှာ ထည့်ထားတယ်တဲ့လား”
“အဲ့အလောင်းက အဖိုးထိုက်ရတနာတစ်ခုပဲ” ဆူညံပွက်လောရိုက်နေသံများကြားတွင် ခရမ်းရွှေရောင်၀တ်ရုံနှင့်အဘိုးအိုက အင်္ကျီလက်စကို ခါလိုက်ရာ မရေမတွက်နိုင်သော ချုပ်နှောင်သင်္ကေတများသည် မန်ဟို၏အလောင်းအပေါ် ပျံဝဲကျရောက်သွား၏။ ၎င်းတို့ သူ့အပေါ် ကျသွားသည့်အခါ ပတ်၀န်းကျင်ရှိအရာအားလုံး ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော် လူတိုင်းမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေဆဲပင်။
အဘိုးအိုက မန်ဟို၏အလောင်းကို ကြည့်ပြီးနောက် ယွင်ရှန်းဟုခေါ်သော မိန်းကလေးကို လှမ်းကြည့်သည်။
“ဒီအလောင်း ဘယ်က လာတာလဲ” သူက မေးသည်။
“ကျွန်မ လမ်း.. လမ်းမှာ ကောက်ရခဲ့တာ” သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေသည်။
သူမစကားမှာ လုံး၀လက်ခံနိုင်စရာမရှိသည့်အလား ပတ်၀န်းကျင်ရှိ လူတိုင်းက မျက်လုံးပြူးကြီးများဖြင့် တအံ့တဩ ကြည့်သည်။ မကြာမီ ကျင့်ကြံသူအားလုံး၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာ၏။ အဘိုးကြီးမှာမူ မိုးကြိုးဖြင့်ပစ်ချလိုက်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူက တအံ့တဩ ငေးကြည့်နေပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
သူသည် စောစောက တည်ငြိမ်နေခဲ့ပုံပေါ်ခဲ့သော်လည်း သူ့နှလုံးသားထဲတွင်တော့ အံ့ဩခြင်းလှိုင်းလုံးကြီးများ ထကြွနေခဲ့၏။ အာကာပြင်ကျယ်စကြ၀ဠာထဲတွင် အနှစ်သာရ ၉ ခု ပါရာဂွန် များများစားစား မရှိချေ။ တစ်ဦးတစ်ယောက်စီတိုင်းသည် ပြီးပြည့်စုံသောပညာရှင်များဖြစ်၍ တစ်ခါလောက်လေး လှမ်းမြင်လိုက်ရလျှင်ပင် ကံကောင်းပြီဟု ယူဆရနိုင်သည်။ ထို့အပြင် ၎င်းက အသက်ရှိစဉ်တွင် ဖြစ်သည်။ သူတို့သေဆုံးသွားပြီးနောက် သူတို့၏အလောင်းကို မြင်တွေ့ဖို့ကား ဖီးနစ်ငှက်မွှေးနှင့်ချီနင်ချိုများကို ရှာဖို့ထက် ပိုခက်ခဲလေသည်။
အနှစ်သာရ ၉ ခုပါရာဂွန်ပညာရှင်များသည် အင်မတန် အသက်ရှည်၏။ တရားထိုင်ရင်း ကွယ်လွန်သွားတတ်သူများ မဟုတ်ပေ။ တာအိုအရင်းအမြစ်နယ်ပယ်သို့ တက်လှမ်းဖို့ ကြိုးစားရင်း မအောင်မြင်၍ ခန္ဓာနှင့်စိတ်ဝိညာဉ်ပါ ဖျက်စီးခံလိုက်ရသည့်အခါမှ သေဆုံးနိုင်သည်။ မည်သို့ဆိုစေ သူတို့၏အလောင်းကား ကျန်ခဲ့မည်မဟုတ်ပေ။
ဖြစ်နိုင်ခြေနောက်တစ်ခုက တိုက်ပွဲတွင် အသတ်ခံရခဲ့ခြင်းဖြစ်မည်။ သို့သော် အနှစ်သာရ ၉ ခုပါရာဂွန်များ တိုက်ခိုက်လျှင် ရှုံးနိမ့်သွားသောပုဂ္ဂိုလ်၏ခန္ဓာကိုယ်က ပကတိအတိုင်းကျန်ခဲ့မည်မဟုတ်ပေ။ များသောအားဖြင့် ရလဒ်က စုတ်ပြတ်သပ်နေသော အလောင်းတစ်လောင်းသာဖြစ်လိမ့်မည်။ ထိုအရာအားလုံးကြောင့် အကောင်းပကတိရှိသော အနှစ်သာရကိုး ၉ ခုပါရာဂွန်အလောင်းမှာ အတိုင်းထက်အလွန် ရှားပါး၏။
ခရမ်းရွှေရောင်၀တ်ရုံနှင့်အဘိုးအို တခဏ တွေးနေသည်။ ယခုတွင် အကျိုးအကြောင်း သူ နားလည်သွားလေပြီ။ ဤမောင်နှမနှစ်ယောက်သည် လမ်းတွင် ဤအလောင်းကို ရှာတွေ့ခဲ့၏။ အာကာပြင်ကျယ်ဂြိုဟ်ကို ရောက်လာသည့်အခါ အလောင်းက မန္တန်ဝင်္ကပါ၏အာရုံကို ဆွဲဆောင်ခဲ့၍ ခေါင်းလောင်းအား မြည်စေခဲ့သည်။ မိန်းကလေး၏သိုလှောင်အိတ်ထဲတွင် တစ်စုံတစ်ယောက် ပုန်းနေသည်ဟု သူ ယူဆထားခဲ့သည်မှာ မှားနေခဲ့လေသည်။
ယခုတော့ အကုန်လုံးအဆက်အစပ်မိသွားပြီးဖြစ်သော်လည်း .... အချက်တစ်ချက်ကို စဉ်းစားစရာရှိသေးသည်။ လူသေက မန္တန်ဝင်္ကပါ၏အာရုံကို ဆွဲဆောင်၍ ခေါင်းလောင်းကို မြည်စေနိုင်စွမ်း မရှိသင့်ပေ။
“သူ့ကိုယ်ထဲမှာ အသက်စွမ်းအားအနည်းငယ် ရှိသေးတယ်” သူက တွေးသည်။ “တိုက်ပွဲတစ်ပွဲ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး မသေခင် ထွက်ပြေးလာနိုင်ခဲ့တာဖြစ်မယ်။ ဝိညာဉ်ပြိုကွဲလုနီးနီးအထိတောင် ဒဏ်ရာတွေရထားတာ။ သူ့အတွက် ပြန်သက်သာလာဖို့ နှစ်ထောင်နဲ့ချီ ကြာလိမ့်မယ်” လောဘသည် အဘိုးအို၏မျက်လုံးများတွင် တောက်ပလာ၏။ သူက ပြုံးရင်း အလောင်းကို ယူရန် လက်လှမ်းလိုက်သည်။ မောင်နှမနှစ်ယောက်ကိုတော့ သူ ဂရုကိုမစိုက်သည်သာ။
သို့သော် အလောင်းပေါ်ရှိ တစ်စုံတစ်ခုကို သတိထားမိလိုက်သဖြင့် သူက မျက်မှောင်ကြုတ်သွားလေသည်။
“ဟမ်... ကံကြွေးမျှင်တွေ...” သူက တွေးသည်။ “အိမ်း ပြဿနာတော့ နည်းနည်းရှိလာပြီ။ သူ့ဝိညာဉ်က အများစုပြိုကွဲနေခဲ့ပေမယ့် ဒီမောင်နှမနဲ့ ဆက်သွယ်မှုတချို့ ရှိနေသေးတယ်။ ကျေးဇူးအကြွေးတင်နေတာလိုမျိုး”
အဘိုးအို ဘာလုပ်ရမလဲ အကြံအိုက်နေစဉ် လူအုပ်ကြီးသည် ထူးဆန်းသောမျက်လုံးများကို ကြည့်နေကြ၏။ တစ်ယောက်မှ မောင်နှမနှစ်ယောက်ကို အာရုံရှိပုံမရပေ။
ယွင်ရှန်းမှာ တဆတ်ဆတ် တုန်နေသည်။ ဤအခိုက်အတန့်မှာ သူမသည် ကြောက်နေသလို၊ နောင်တလည်း ရနေ၏။ ထိုအလောင်းကို မကောက်ခဲ့သင့်ကြောင်း၊ တစ်ပတ်ရိုက်လက်ထပ်ဖို့ သူ့မောင်ကိုလည်း ခေါ်မလာခဲ့သင့်ကြောင်း တွေးနေသည်။
သို့သော် သူမ ကြောက်လန့်တုန်ရီနေစဉ် သူမမောင်က သက်ပြင်းချပြီး လက်ယှက်လိုက်သည်။ ပုံမှန်ဆိုလျှင် သူ့ပုံစံမှာ လျော့တိလျော့ရဲ အားနည်းပုံပေါ်သော်လည်း ယခုတော့ သန်မာတောင့်တင်းသည့်ပုံစံ ပေါ်နေ၏။
သူမသည် မောင်ဖြစ်သူကို လှမ်းကြည့်လိုက်ရာ သူမမောင်က ကြောက်စိတ်တို့ကို ဘေးချိတ်ရင်း သူမကို ခေါင်းညိတ်ပြသည်။
တခဏကြာသော် ခရမ်းရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုက လင်းလက်တောက်ပနေသော မျက်လုံးများဖြင့် သူတို့ကို ကြည့်သည်။ သူက ပြုံးရင်း ပြောသည်။ “ဒီအလောင်းကို ရောင်းမလား ငါ ဝယ်ချင်လို့”
အဘိုးအို၏တောင်းဆိုမှုကြောင့် ယွင်ရှန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမ ပြန်ဖြေတော့မည့်အချိန်မှာပဲ သူမမောင်က ရှေ့တစ်လှမ်းတက်၍ သူမရှေ့၌ ရပ်ပြီး အဘိုးအိုအား လက်ယှက်အရိုအသေပေးလိုက်သည်။
“စီနီယာ ကျွန်တော်က ယွင်ဖုန်းပါ။ ဒီနေ့ အာကာပြင်ကျယ်ကျောင်းတော်ကို ကျွန်တော်တို့ လာရတဲ့အကြောင်းရင်းက အာကာပြင်ကျယ်သမီးတော်တစ်ဦးကို လက်ထပ်ခွင့်တောင်းဖို့ပါခင်ဗျာ။ ဒီအလောင်းက ရောင်းဖို့အတွက်မဟုတ်ပါဘူး။ ဒီအလောင်းကို လက်ဆောင်အဖြစ် လက်ခံပေးပါ” ယွင်ရှန်းမှာ သူမမျက်စိသူမ မယုံနိုင်ပေ။ သူမမောင်ဖြစ်သူ ပြောလိုက်သောစကားလုံးများနှင့် သူ၏ဟန်ပန်မှာ သူမမောင်ဟုပင် မထင်ရပေ။
အဘိုးအိုသည် ယွင်ဖုန်း၏စကားကြောင့် အထင်ကြီးသွား၏။
“မင်းက အလာသားပဲကွ။ ကောင်းပြီ။ အာကာပြင်ကျယ်ကျောင်းတော်ကို ဝင်လိုက် မင်းကို အတွင်းစည်းထဲ တန်းထည့်ပေးမယ်
“လက်ထပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးလို့ကတော့ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်း နှစ်နှစ်ထောင်အတွင် တာအိုနယ်ပယ်အဆင့်တက်ရင် ငါ မင်းကို လက်ရှိမျိုးဆက်ရဲ့ သန့်ရှင်းသောသမီးတော်တစ်ဦးနဲ့ လက်ထပ်ပေးမယ်”
ယွင်ဖုန်းမှာ ချီတုံချတုံဖြစ်နေသော်လည်း သူ့အစ်မကတော့ ထခုန်မတတ် ဝမ်းသာသွားသည်။ အာကာပြင်ကျယ်ကျောင်းတော်သို့ လာခဲ့ရသည့် သူတို့၏ရည်ရွယ်ချက်မှာ တစ်နည်းမဟုတ်တစ်နည်းဖြင့် အမြတ်ထွက်ရန် မဟုတ်ပါလော။ သူမမောင်လေးသာ အာကာပြင်ကျယ်ကျောင်းတော်သားတစ်ဦး ဖြစ်လာနိုင်လျှင် ထီဆုကြီးပေါက်သလို အမြတ်ထွက်ချေပြီ။ သူမ လက်ခံတော့မည့်အချိန်တွင် မောင်ဖြစ်သူ၏အသံကို ကြားလိုက်ရ၏။ “ကျွန်တော့်အစ်မကရော...”
“သူ့ကျင့်ကြံခြင်းအခြေခံက မဆိုးဘူး” အဘိုးအိုက ချက်ချင်း ပြန်ဖြေသည်။ “ဒါပေမဲ့ အခြေက ခိုင်မာသွားပြီးသားဆိုတော့ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ကျင့်စဉ်ကို ကျင့်ကြံလို့မရတော့ဘူး။ ဒါပေမဲ့ အတွင်းစည်းဂိုဏ်းသားတိုင်း အဖော်တွေခေါ်နိုင်တယ်။ မင်းရဲ့အစ်မကိုလည်း အဖော်အဖြစ် ခေါ်လိုက်ပေါ့” အဘိုးအိုသည် စကားပြောပြီးသည့်အခါ မန်ဟို့အလောင်းကို ကြည့်လိုက်ပြီး ကျေးဇူးအကြွေးကြေသွားသဖြင့် မောင်နှမနှစ်ယောက်နှင့် ဆက်သွယ်နေသော ကံကြွေးမျှင်ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်၏။ ထိုအခါ အဘိုးအိုက အင်္ကျီလက်စကို ခါလျက် မန်ဟို၏အလောင်းကို အဝေးသို့ သယ်သွားတော့သည်။
ကျန်ကျင့်ကြံသူများလည်း ဖြစ်ပျက်ခဲ့သောပုံရိပ်များကို ပြန်မြင်ယောင်ရင်း လူစုခွဲသွားကြသည်။ မကြာမီ ဂိုဏ်းသားတချို့က အာကာပြင်ကျယ်ကျောင်းသားအဖြစ် တရားဝင်လက်ခံရန် ယွင်ရှန်းနှင့် ယွင်ဖုန်းဆီ ချဉ်းကပ်လာကြသည်။ သူတို့လမ်းလျှောက်နေစဉ် လူငယ်မှာတော့ ငေးငေးငိုင်ငိုင် ဖြစ်နေ၏။ အခြားတစ်ဖက်တွင် သူ့အစ်မမှာ သည့်ထက်ပိုမပျော်နိုင်တော့ပေ။ သူမစဉ်းစားရသရွေ့ သူတို့နှစ်ယောက်အတွက် ရွှေတွင်းကြီးတူးမိသည်နှင့် တူလေသည်။
သူမက ချီးကျူးပြီး မျှော်လင့်နေသောမျက်လုံးများဖြင့် သူမမောင်ကို လှမ်းကြည့်သည်။ သူမမျက်လုံးထဲတွင် သူမမောင်လေးသည် အတန်ငယ်ရင့်ကျက်လာခဲ့လေပြီ။
ယွင်ဖုန်းတစ်ယောက်သာလျှင် အမှန်ကို သိသည်။ စောစောက အသံတစ်သံက သူ့နားထဲ၌ စကားပြောခဲ့ပြီး သူ့ကို မည်သို့ပြောရမလဲ ညွှန်ကြားခဲ့၏။
“ငါ့ကို ဘာလုပ်ရမလဲ ပြောခဲ့တဲ့အသံက ... အဲဒီအလောင်းများ ဖြစ်နိုင်မလား” အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းသားများအနောက်မှ လျှောက်နေစဉ် သူ၏မျက်ဝန်းများသည် ငေးကြောင်နေ၏။
ထိုစဉ် အဋ္ဌမဘုရားကျောင်းအစုအဝေးကို ဖွဲ့စည်းထားသည့် တောင်ပေါင်းများစွာအနက်မှ တောင်တစ်လုံးပေါ်တွင် ခရမ်းရွှေရောင်ဝတ်ရုံနှင့် အဘိုးသည် ဝမ်းသာပျော်ရွှင်နေမှုကို မဖုံးမဖိနိုင်ဘဲ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်နေ၏။ မကြာမီ တောင်များ၏အတွင်းထဲရှိ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခုထံ သူ ရောက်လာခဲ့၏။ ထို့နောက် ထိုမုခ်ဝထဲ မဆိုင်းမတွ ဝင်ရောက်လိုက်သည်။
မုခ်ဝသည် ဂျိန်းခနဲ ထစ်ချုန်းသွားပြီး လင်းလက်တောက်ပလာပြီးနောက် အဘိုးအို ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ သူသည် အာကာပြင်ကျယ်ဂြိုဟ်၏ မျက်နှာပြင်အောက်ရှိ အာကာပြင်ကျယ်ကျောင်းတော်၏ အူတိုင်တွင် ဖြစ်လေသည်။
အာကာပြင်ကျယ်ဂြိုဟ်သည် အတွင်းပိုင်းထဲတွင် နေတစ်စင်း၊ လတစ်စင်းနှင့် ဂြိုဟ်များဖြင့် ပြည့်စုံသော ကိုယ်ပိုင်ကြယ်တာရာကောင်းကင်တစ်ခုကို ပိုင်ဆိုင်ထား၏။ ထိုဂြိုဟ်တစ်လုံးစီမှ တရားထိုင်နေပုံရသည့် အစွမ်းထက်ပညာရှင်တစ်ဦးစီ၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ဂြိုဟ်၏အတွင်းအူတိုင်တွင် မီးပင်လယ်တစ်စင်းလည်း တည်ရှိသည်... ထိုပင်လယ်ထဲ၌ နစ်မြုပ်နေသည်မှာတော့ ဂြိုဟ်တစ်လုံး၏ တစ်ဝက်ဖြစ်သည်။
ထိုဂြိုဟ်တစ်ဝက်၏ အစိတ်အပိုင်းအများစုမှာ ပြိုကွဲကြေမွနေပြီး အချိန်နှင့်ဆွေးမြည့်ခြင်းအခိုးအငွေ့ကို ထုတ်လွှတ်နေသည်။ စေတီများ၊ ဘုရားကျောင်းများက ဂြိုဟ်မျက်နှာပြင်ကို တန်ဆာဆင်ထားပြီး ဂြိုဟ်မှာ ရှေးဆန်သောအငွေ့အသက်ကိုလည်း ဖြန့်ကျက်နေသည်။
ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုက မီးပင်လယ်နှင့် ဂြိုဟ်တစ်ဝက်ရှိရာဘက်သို့ ချက်ချင်း ထွက်သွားသည်။ အနားရောက်သွားသည့်အခါ သူ့အသံသည် ပဲ့တင်ထပ်သွား၏။ “တာအိုရောင်ရင်းတို့ ငါ မင်းတို့အတွက် ဘာယူလာလဲ လာကြည့်ပါဦး”
သူက တဟားဟားရယ်ရင်း မန်ဟို့အလောင်းကို အောက်ရှိ အဆောက်အဦးများ၏အပေါ်၌ ပျံဝဲနေစေလိုက်သည်။
မန်ဟို့အလောင်းပေါ်လာသည်နှင့် သူ့အပေါ်၌ စီရင်ခံထားရသော ချုပ်နှောင်အမှတ်အသားများ မှေးမှိန်ပျောက်ကွယ်လာရာ ကြောက်မက်ဖွယ်အခိုးအငွေ့များက ဂြိုဟ်တစ်ပိုင်းလုံးအား ဖုံးလွှမ်းသွားစေသည်။ အောက်ရှိလူများမှာ အံ့အားသင့်သွားကြပြီး အနှစ်သာရ ၉ ခု နတ်ဘုရားအာရုံစီးကြောင်းခြောက်ကြောင်းက ရုတ်တရက် မန်ဟို့ကို ဝန်းရံရစ်သိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် လူခြောက်ယောက် ရောက်ချလာသည်။
“ပါရာဂွန်တစ်ဦးရဲ့ အလောင်း၊ အဘိုးကြီးငါး မင်း ဒါကို ဘယ်ကနေဘယ်လို ရလာတာလဲ”
“မသေဘူးဟ ဝိညာဉ်ကျန်နေသေးတယ်”
“ဒီလိုပါရာဂွန်အလောင်းမျိုးက မယုံနိုင်လောက်အောင် ရှားတယ်ကွ။ ကံဆိုးစွာနဲ့ ဒီအလာင်းက အကောင်းအတိုင်းရှိသေးမယ့် အတွင်းကလီစာတွေ ခမ်းခြောက်ကုန်ပြီ”
“ခမ်းခြောက်နေလဲ ဘာဖြစ်လဲ။ ငါတို့အာကာပြင်ကျယ်ကျောင်းတော်ရဲ့ အရင်းအမြစ်တွေနဲ့ဆို ဒီအလောင်း ထိပ်ဆုံးအဆင့်ပြန်ရောက်သွားအောင် ပြုပြင်ပေးလို့ ရတယ်။ ဒီအလောင်းနဲ့ဆို ကိုးယောက်ပါရာဂွန်ကို ကြိုဆိုဖို့က ထင်ထားတာထက် ပိုမြန်တော့မယ်”
ခရမ်းရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုက စိတ်လှုပ်ရှားစွာ ရယ်သည်။ ဤအခိုက်အတန့်တွင် ဤလူခုနစ်ယောက်အတွက်ပင် ကြောက်စရာကောင်းသော နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းက ဂြိုဟ်တစ်ဝက်ထံမှ ပေါ်ထွက်လာ၏။ ၎င်းပတ်ဝန်းကျင်တွင် ပြည့်နှက်လာသည့်အခါ အဘိုးအိုနှင့် ကျန်ပါရာဂွန်ခြောက်ဦးက လေးနက်သောအမူအရာများဖြင့် လက်ယှက်အရိုအသေပေးလိုက်ကြသည်။
“ဂါဝရပြုပါတယ် ဂိုဏ်းချုပ်”