ချိန်းဆိုထားသောနေရာသို့ သွားကြခြင်း
Vol. 06 Ch. 298
ဗီဗီယန်နီ၏မျက်နှာထက်မှ ဒေါသထွက်နေသောအမူအရာသည် ကွယ်ပျောက်သွားပြီဖြစ်သည်။ သူမ၏ဆွေမျိုးများအတွက် လက်စားချေရန် မအောင့်အည်းနိုင်တော့သောကြောင့် ဒေါသနှင့်အမုန်းတရားသည် သူမ၏သုံးသပ်နိုင်စွမ်းအား ဖုံးလွှမ်းသွားသည်ကိုတော့ဖြင့် သူမ ဝန်ခံရပေမည်။
သူ၏စကားများသည် အတော်အတန်ထိရောက်သည်ကို သိလိုက်သောကြောင့် တွမ်ရတ်ဂီက အလျင်အမြန် ထပ်ပြောလိုက်ပြန်သည်။
“မစ္စဗီဗီ အဲ့ဒါကို သေချာစဉ်းစားပါဦး။ လက်စားချေတာက လုပ်ကိုလုပ်ရမယ့်အရာပါ။ ဒါပေမယ့် မလုပ်ခင်မှာ မင်းကိုယ်မင်း တည်ငြိမ်အောင် အရင်လုပ်ဖို့လိုတယ်။ မင်းရဲ့ဆွေမျိုးတွေကို သတ်သွားတဲ့သူတွေက သေချာပေါက်ကို ပုံမှန်မဟုတ်တဲ့နောက်ခံရှိကြမှာပဲ။ အဲ့ဒီလိုလူမျိုးတွေက လွှမ်းမိုးနိုင်စွမ်းရှိကြပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းအမျိုးမျိုး သုံးကြလိမ့်မယ်။ မင်းရဲ့အကဲဖြတ်နိုင်စွမ်းကို ဖုံးလွှမ်းခံနေရရင် မင်းရဲ့စုံစမ်းထောက်လှမ်းမှုဖြစ်စဉ်မှာ သက်ရောက်မှု ရှိသွားလိမ့်မယ်။ မမျှော်လင့်တဲ့ ကံခေမှုလည်း ဖြစ်ခဲ့မယ်ဆိုရင် လက်စားချေတာက ကျရှုံးသွားပြီး မင်းကိုယ်တိုင်တောင်မှ အန္တရာယ်ရှိသွားလိမ့်မယ်။”
ဗီဗီယန်နီ တည်ငြိမ်သွားခဲ့သည်။ သူမ၏ရင်တွင်းတွင် ဒေါသနှင့်အမုန်းတရားများ လောင်မြိုက်နေသော်လည်း တွမ်ရတ်ဂီပြောသောစကားများသည် ကျိုးကြောင်းဆီလျော်သည်။ သူမ၏ဆွေမျိုးများကို သတ်နိုင်လောက်သည့်အထိ သူမ ထိပါးခဲ့သော အတိတ်ကရန်သူများအား မှတ်မိနိုင်စေရန်အတွက် သူမ စိတ်တည်ငြိမ်မှရပေမည်။
“သွားတော့။ ကျွန်မတစ်ယောက်တည်း နေပါရစေ။” ဗီဗီယန်နီက လက်ကိုဝှေ့ယမ်းက ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
တွမ်ရတ်ဂီ တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း
“မစ္စဗီဗီ… မင်းက ငါ့ရဲ့ကျေးဇူးရှင်ပါ။ မင်းလုပ်ချင်ရင် ရန်သူတွေရဲ့သတင်းကို စုံစမ်းရာမှာ ကူညီဖို့နဲ့ သတင်းအချက်အလက်တွေစုဆောင်းဖို့ ငါ လူတစ်ချို့ကို လွှတ်ပေးမယ်။ အချိန်ကျလာတဲ့အခါလည်း လူအင်အားတစ်ချို့ကို ငါ ခေါ်လာပြီး မင်းရဲ့လက်စားချေတဲ့နေရာမှာ ကူညီပေးပါမယ်။ မင်းရဲ့ရန်သူက ငါ့ရဲ့ရန်သူပါပဲ။”
အလေးအနက်ထားသောအသွင်ရှိသည့် တွမ်ရတ်ဂီအား ဗီဗီယန်နီ အကဲခတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူမက ခေါင်းညိတ်ပြကာ
“ကျေးဇူးတင်ပါတယ် တွမ်။”
သူ၏ခေါင်းအား ယမ်းလိုက်ပြီး တွမ်ရတ်ဂီက ပြန်ပြောသည်။
“မစ္စဗီဗီ… မင်းက ငါ့နှလုံးသားထဲမှာ ထာဝရ လင်းလက်နေမယ့် မြင့်မြတ်တဲ့သူတစ်ယောက်ပါ။ မင်း ငါ့အပေါ် အဲ့လို ယဉ်ယဉ်ကျေးကျေးမလုပ်ပါနဲ့။ ကျေးဇူးပြုပြီး နားလိုက်ပါဦး။ ငါလည်း မစ္စတာထန်ဆီ သွားရဦးမယ်။ သူသာ ဒီအကြောင်းကို မပြောပြခဲ့ရင် ဒီကိစ္စအကြောင်း မသိလိုက်ရမှာကို တွေးပူတယ်။”
“သွားပါ။” ဗီဗီယန်နီက လက်ဝှေ့ယမ်းပြလိုက်သည်။
တွမ်ရတ်ဂီ ထွက်သွားပြီးနောက် ဗီဗီယန်နီသည် ဆိုဖာပေါ်တွင် ပုံ့ပုံ့လေးထိုင်လျက် အကျီတွင် မျက်ရည်များစိုရွှဲသွားအောင် ရှိုက်ကြီးတငင်ငိုချလိုက်ရင်း သူမ၏မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် မသေဆုံးမီ နှစ်များ၌ သူမ ထိပါးခဲ့သော လူများနှင့် အင်အားစုများအား ပြန်လည်စဉ်းစားနေမိသည်။
တဖြည်းဖြည်းနှင့် သူမ၏ထက်မြက်သော မှတ်ဉာဏ်ကြောင့် တစ်ဒါဇင်ကျော်ခန့်ရှိသော သံသယလူများအား ရရှိလာပြီး တိတ်တဆိတ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမ၏မိသားစုဝင်များအား သတ်ဖြတ်သွားသောသူများကို လုံးဝသုတ်သင်ရမည်ဖြစ်သည်။
“မစ္စတာထန်။”
သူမ၏မျက်နှာထက်မှ မျက်ရည်စများအား သုတ်လိုက်ရင်း ဗီဗီယန်နီသည် ဆိုဖာမှ ထလိုက်ကာ တံခါးဆီသို့ လျှောက်သွားခဲ့သည်။ သူမ ထန်ရှုကို တွေ့မှဖြစ်ပေမည်။ ထိုလူသည် စစ်မှန်ရင့်ကျက်သော လူတစ်ယောက်ဖြစ်ပြီး အရာဝတ္ထုများ၏ သဘာဝတရားကို မြင်နိုင်စွမ်းရှိသူဖြစ်သည်။
သူသာ တွမ်ရတ်ဂီအား မပြောပြခဲ့ပါလျှင် သူမသည် ဒေါသနှင့်အမုန်းတရား ဖုံးလွှမ်းမှုကြောင့် မျက်ကန်းတစ်ယောက်ပမာ၊ စဉ်းစားဉာဏ်မရှိသူပမာ လုပ်ဆောင်မိပေလိမ့်မည်။
ပင်လယ်ဘေးဘန်ဂလို…
ထန်ရှုသည် ဖက်တီးလီတို့လင်မယားနှင့် စကားပြောနေစဉ် တွမ်ရတ်ဂီ ပြန်လာသည်ကို မြင်လိုက်ရသည်။ သူ၏ပုံစံမှတဆင့် ဗီဗီယန်နီ စိတ်တည်ငြိမ်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမအား စိုးရိမ်ပူပန်နေမှုသည် ချက်ချင်း ကွယ်ပျောက်သွားရသည်။ သို့သော်လည်း မေးစရာမရှိဘဲ သူမသည် ပါတီပွဲသို့ ပြန်လာလိမ့်မည်ဟု ထန်ရှု ထင်မထားမိချေ။
“စဉ်းစားဉာဏ်မရှိတာက နတ်ဆိုးတစ်ကောင်လိုပဲဆိုတာ မင်း ခုတော့ နားလည်သွားပုံပေါ်တယ်။”
ထန်ရှုက ပြုံးကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မစ္စတာထန်။ ကျွန်မရဲ့ရန်ငြိုးတွေကို ဖြေရှင်းပြီးတာနဲ့ ရှင့်ကို လက်ဆောင်ကောင်းကောင်းနဲ့ ကျေးဇူးဆပ်ပါ့မယ်။” ဗီဗီယန်နီက ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။
ထန်ရှုက လက်ကိုဝှေ့ယမ်းလိုက်ပြီး
“မလိုပါဘူးဗျာ။”
ဗီဗီယန်နီက စကားထပ်မဆိုတော့ဘဲ လှေကားဆီသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။ သူမသည် ပါတီပွဲတက်ရောက်ရန် စိတ်မပါသော်လည်း စွမ်းအားကြီးသော ကျွမ်းကျင်သူများအကြား တိုက်ပွဲတစ်ခုရှိလိမ့်မည်ဟု ညနေက ထန်ရှုပြောထားသည်ကို ပြန်လည်သတိရခဲ့သည်။ သူမတွင် တိုက်ပွဲအတွေ့အကြုံမရှိသည်ကိုလည်း ယခု နားလည်သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် သူမ ပိုသန်မာလာစေရန် သင်ယူရမည် ဖြစ်သည်။
သူမ ပိုသန်မာလာမှသာလျှင် သူမ၏မိသားစုဝင်များ၊ ဆွေမျိုးများအတွက် လက်တုံ့ပြန်နိုင်မည်သာမက အနာဂတ်တွင် သူမ ဂရုစိုက်ရသောသူများကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ညနေပိုင်းဧည့်ခံပွဲ ပြီးဆုံးသွားသောကြောင့် တွမ်ရတ်ဂီက နှုတ်ဆက်ကာ ထွက်ခွာသွားသည့်နည်းတူ ဖက်တီးလီက သူ၏ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့အား ပြန်ပို့ကာ အပြေးပြန်လာခဲ့သည်။ ဝမ်ရွီနှင့် ထန်ရှု၏လက်အောက်ငယ်သားတစ်ယောက်တို့ တိုက်ခိုက်ကြမည်ကို သူ သိလေသည်။
ဒုတိယထပ်ရှိ ဝရန်တာတွင်…
ထန်ရှု၊ ဗီဗီယန်နီနှင့် ဖက်တီးလီတို့သည် စားပွဲဝိုင်းလေးတွင် ထိုင်ကာ လက်ဘက်ရည်စုပ်သောက်ရင်း အေးဆေးစွာ စကားပြောလျက်ရှိသည်။ မိုအားဝမ်နှင့် မိုအားဝူတို့သည် ယခုအခါတွင် အိမ်၏အနောက်ဘက်ထဲ၌ တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံလျက်ရှိသည်။
“ချင်ချန်းတောင်ချာတိတ်က ခုထိ မလာသေးဘူးလား။”
တစ်နာရီကြာ စောင့်ပြီး ဖက်တီးလီ အနည်းငယ် စိတ်မရှည်ဖြစ်လာခဲ့သည်။
“ချိန်းဆိုထားတာက ၁၂နာရီမှလေ။ အခုမှ ၁၁နာရီခွဲရှိသေးတာဆိုတော့ နာရီဝက်လိုသေးတယ်။ စိတ်ရှည်ရှည် ထားပါဗျ။”
ထန်ရှုက တစ်ချက်ပြုံးကာ ပြောသည်။
“ငါ တိုက်ပွဲကို စောပြီး ကြည့်ချင်လှပြီ။ မင်းရဲ့ပွဲကို မစောင့်နိုင်တော့ဘူး။”
ဖက်တီးလီက ညည်းညူပြောဆိုလိုက်သည်။
“ဟမ် ကျွန်တော့်ရဲ့ပွဲ။” ထန်ရှုက အံ့အားသင့်သွားသည်။ “ဘာပွဲများလဲ။”
“မင်း မေ့သွားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်။ မင်း…” ဖက်တီးလီ အော်ပြောရင်း တစ်ဝက်တစ်ပျက် ရပ်သွားသည်။ ဗီဗီယန်နီသည် တွေဝေစဉ်းစားနေလျက် သူတို့ဆီ အာရုံမရောက်သည်ကို တွေ့သောအခါမှ ထန်ရှုအား စနောက်သောအကြည့်တစ်ချက် ပစ်လွှတ်လိုက်ကာ ဗီဗီယန်နီနှင့် မျက်နှာချင်းဆိုင် ထိုင်နေသောကြောင့် အခြားအမျိုးသမီးရှေ့တွင် ဖော်ပြခြင်းငှာ မသင့်လျော်သောအစီအစဉ်တစ်ခု၏ အမည်အား နှုတ်ခမ်းလှုပ်ကာ ပြောလိုက်သည်။
ထန်ရှု အနည်းငယ် မျက်မှောင်ကြုပ်သွားပြီး သူ၏စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာသည်။ ထို့နောက် သူက ရယ်မောလိုက်ရင်း
“အာ… ခင်ဗျားပြောတာ ကျွန်တော် ရွေးထားတဲ့ မကြာမီလာတော့မယ့်အစီအစဉ်အကြောင်း ပြောနေတာမဟုတ်လား။ အင်း ဘာပါလိမ့်… အာ… နတ်သမီးခုနှစ်ဖော်အကမဟုတ်လား။ ဟုတ်တယ်။ အဲ့ဒါပဲ။ ဖက်တီးလီ… နတ်သမီးခုနှစ်ဖော်အကက ဘာလဲဆိုတာ အတိအကျ မပြောဘဲ ကျွန်တော့်ကို ခန့်မှန်းခိုင်းထားတုန်းပဲနော်။”
“ညီအစ်ကို ထန်… ဒီအစီအစဉ်က ငါတို့ရဲ့စိတ်ကို နှောင့်ယှက်ဖို့ ရည်ရွယ်ထားတာပဲ။ စကားနဲ့ ပြောလို့မရနိုင်ဘူး။ မင်း ဆင်နွှဲပြီးရင်သာ ဘာလဲဆိုတာ နားလည်လာလိမ့်မယ်။ ငါ အတော်အိုသွားတာ နာသကွာ။ ငါ့ရဲ့ခြေတွေလက်တွေက မမြန်ဆန်နိုင်တော့တာ အချိန်အကြာကြီး ရှိခဲ့ပြီ။ နို့မို့လို့ကတော့ တကယ်ကို ဆင်နွှဲချင်သေးတာ။”
“ဒီအစီအစဉ်က လေ့ကျင့်ခန်းတွေ အများကြီးလိုတာလား။”
ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။
ဖက်တီးလီက အခိုင်အမာ ပြောလိုက်သည်။
“အများကြီး လိုတာပေါ့။ လူအများစုက အဲ့ဒါကို မခံနိုင်ကြဘူးလေ။”
“အာ … အဲ့ဒါက အဲ့လိုလား။ ဒါပေမယ့် ကျွန်တော်က ခင်ဗျားပြောတဲ့ သာမန်လူ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ပြသနာမရှိဘူးလို့ထင်တယ်။”
ထန်ရှုက တစ်ချက်ပြုံးကာ ပြောသည်။
ထိုအချိန်မှာပင် တင်ပျဉ်ခွေထိုင်နေသော မိုအားဝမ်သည် ရုတ်တရက် ခုန်ထလာသည်။ သူသည် လှေကားအား လှမ်းကြည့်လိုက်ရာ လူတစ်ယောက်သည် သက်တော်စောင့်နှစ်ယောက်နှင့် ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းအော်ခေါ်လိုက်သည်။
“သူဋ္ဌေး…ဧည့်သည်တွေက ဒီမှာရောက်နေကြပြီ။”
လှေကားရှိရာကို လှမ်းကြည့်လိုက်ရာ စီးကရက်တစ်လိပ်အား နှုတ်ခမ်းကြားညှပ်ထားသော ဝမ်ရွီအား ထန်ရှု တွေ့လိုက်ရသည်။ သူ့ဆီသို့ ထန်ရှု သွားလိုက်စဉ် သူ၏အမူအရာမှာ ဇဝဇေဝါဖြစ်နေသည်။
“ဝိုး…ညီအစ်ကိုထန်က တကယ်မိုက်တာပဲ။ ငါနဲ့အတူ လောင်းကစားခဲ့တဲ့ ဒီမိန်းမလှလေးကိုတောင်မှ ဆွဲဆောင်နိုင်ခဲ့တာလား။”
ဝမ်ရွီက အပြုံးမမည်သောအပြုံးဖြင့် ပြောလိုက်သည်။
“ဒီလို အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့ဗျာ။ ဗီဗီယန်နီက ကျွန်တော့်ရဲ့သူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ ခင်ဗျား ကျွန်တော့်လူနဲ့တိုက်ခိုက်ရမှာ ရှင်းရှင်းလင်းလင်း သိထားတာတောင် အပျော်အပါးကို မရှောင်နိုင်ဘူးပဲ။ ခင်ဗျားရဲ့ခွန်အားတွေကို အမျိုးသမီးတစ်ယောက်အပေါ်မှာ ဖြုန်းတီးခဲ့တယ်မဟုတ်လား။”
“မင်း ဘယ်လိုသိလဲ။”
ဝမ်ရွီက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ခင်ဗျားရဲ့ပုံက သိပ်မဖျတ်လတ်တဲ့ပုံပဲလေ ကျွန်တော်တို့ တွေ့တဲ့အချိန်တုန်းကထက်တောင် ပိုပြီးဆိုးနေသေးတယ်။ ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့သွေးစုပ်ခြင်းကို မခံရတာဆိုရင်တော့ ခင်ဗျားရဲ့ခွန်အားကို အမျိုးသမီးတစ်ယောက်အပေါ်မှာ ဖြုန်းတီးခဲ့တာပဲဖြစ်ရမယ်။”
ထန်ရှုက ပေါ့ပါးစွာ ပြောလိုက်သည်။
သူ၏လက်မအား ထောင်ပြကာ ဝမ်ရွီက ချီးကျူးလိုက်သည်။
“ညီအစ်ကိုထန်က အံ့သြဖို့ကောင်းတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကို မင်း ထွင်းဖောက်မြင်နိုင်တာပဲ။ မင်းရဲ့လူနဲ့ ကစားရတာထက်စာရင် မင်းနဲ့ကစားရတာက ပိုပြီးစိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ ရုတ်တရက် ငါ ခံစားရတယ်။ ငါနဲ့တိုက်ခိုက်ရင်ရော ဘယ်လိုလဲ။”
ထန်ရှုက တစ်ချက်ပြုံးလိုက်ပြီး
“ခင်ဗျား ကျွန်တော့်လူကို အလဲထိုးနိုင်ရင် ကျွန်တော် ခင်ဗျားကို အဖော်လုပ်ပြီး ကစားပေးမယ်။ ဒါပေမယ့် ကျွန်တော့်လူရဲ့တိုက်ပွဲခွန်အားကြောင့် အောင်နိုင်တာမျိုး မဖြစ်ရအောင်လို့ ခင်ဗျား ၂နာရီလောက် နားလိုက်ရင် ပိုကောင်းမယ်။”
ဝမ်ရွီက လက်ကိုဝှေ့ယမ်းလိုက်ရင်း
“အဆင်ပြေတယ်။ ငါ အနားယူဖို့မလိုဘူး။”
“အဲ့ဒါဆိုလည်း ခဏထိုင်ပြီး လက်ဘက်ရည်တစ်ခွက်လောက် သောက်ပါဦး။ သဘောတူထားတဲ့အချိန် ရောက်ဖို့ နာရီဝက်လိုသေးတယ်။ ကျွန်တော်တို့ ကမ်းခြေကို သွားကြရင်ရော ဘယ်လိုလဲ။”
ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“ဒီလိုပဲ ဆုံးဖြတ်ကြတာပေါ့။” ဝမ်ရွီက တစ်ချက်ပြုံးလိုက်ကာ တုံ့ပြန်လိုက်သည်။
နေရာတကျ ထိုင်လိုက်ကြပြီးနောက် ဝမ်ရွီက ထန်ရှုအား မျက်စိတစ်ချက်စွေကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။
“ညီအစ်ကိုထန် … ငါက မင်းရဲ့နာမည်လောက်ပဲ သိတယ်။ ဘယ်ကလာတာလဲဆိုတာ မသိဘူး။ လေးစားစရာမိသားစုကြီးတွေရဲ့အကြောင်း ဓာတ်ပုံတွေ၊ နာမည်တွေ…စတဲ့ သတင်းအချို့ ငါ့မှာရှိပေမယ့် မင်းရဲ့အကြောင်း ငါ လုံးဝမကြားဖူးဘူး။”
ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း
“ကျွန်တော်က ဖော်ပြဖို့ မထိုက်တန်တဲ့ ဘာမှမဟုတ်တဲ့လူတစ်ယောက်ပါ။”
ဝမ်ရွီက ခေါင်းယမ်းလိုက်ရင်း
“ဒီလိုစွမ်းအားရှိတဲ့ သက်တော်စောင့်တွေကို ဖိတ်ခေါ်ထားနိုင်တယ်ဆိုကတည်းက ရိုးရှင်းတဲ့ပုံရိပ်တစ်ခု မဟုတ်ဘူး။ တစ်ခုခုပြောပါ။ ငါ ကြိုးစားကြည့်မယ်။ မင်း ပြောတဲ့အချက်ပေါ်မူတည်ပြီး ငါ တစ်ခုခု သိချင်သိနိုင်ပါတယ်။”
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်ခြည်းပင် ရယ်ကြဲကြဲမျက်နှာဖြင့်
“အမှန်တော့ ကျွန်တော်က တက္ကသိုလ်ကို ဒီနှစ်မှစတက်မယ့် ကျောင်းသားတစ်ယောက်ပါ။ နောက်ပြီး ကြယ်တာရာတိုင်းရင်းဆေးရုံကြီးမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က သမားတော်တစ်ပိုင်းအဖြစ်လည်း အလုပ်လုပ်ခဲ့သေးတယ်။”
ကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ တရားမဝင်သမားတော်တစ်ယောက်တဲ့လား။
အစကတည်းက ဝမ်ရွီသည် ထန်ရှု၏စကားများအား မှန်သည်ဟု လုံးဝလက်မခံချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ ကာစီနိုတွင် လမ်းခွဲပြီးသည်နှင့် ထန်ရှုအကြောင်းအား စုံစမ်းရန် လူအချို့အား ချက်ချင်းလွှတ်ခဲ့သည်။ သို့သော် ကာစီနို၌ ထန်ရှုသည် ၁ဘီလီယံ အနိုင်ရသွားသည်ဟူသော ဆိုင်ပန်မှသတင်းမှတပါး ပြည်မကြီးဆီမှ မည်သည့်သတင်းကိုမျှ သူ မရခဲ့ပါချေ။ လောင်းကစား စားပွဲတွင် သူ၏အောင်မြင်မှုနှင့် နှိုင်းယှဉ်လိုက်ပါက ထန်ရှု၏အောင်မြင်မှုသည် ပိုမိုမြန်ဆန်ပြီး ကြီးမားသော အနိုင်ရမှုဖြစ်သည်။
သို့သော်လည်း သူ့အတွက် အံ့အားသင့်စေရသည်မှာ ထန်ရှုသည် ဘေးကင်းနေဆဲဖြစ်ပြီး ယခုဆို ၁ဘီလီယံပင် ရသွားသည်ဟု ကြားနေရသည်။
“ညီအစ်ကို ထန်… မင်းက မရိုးဘူး။ ဖြစ်နိုင်တာက ဖက်တီးလီက ငါ့အကြောင်းပြောထားတာပဲဖြစ်ရမယ်။ ငါက မင်းအကြောင်းကို မေးပေမယ့် မင်းက လျှို့ဝှက်နေတုန်းပဲ။ တကယ်ကို ပျင်းစရာကောင်းတယ်။” ဝမ်ရွီက ခြေတစ်ဖက်ချိတ်ထိုင်လိုက်ပြီး စီးကရက်ကို မီးညှိဖွာရှိုက်လိုက်သည်။
ထန်ရှုက မျက်မှောင်ကြုပ်လျက်
“ကျွန်တော် မလိမ်ဘူး။ ကျွန်တော်က တကယ်ကို ဒီနှစ်မှစတက်မယ့် ကျောင်းသားတစ်ယောက် ဖြစ်ပြီးတော့ တရားမဝင်သမားတော်တစ်ယောက်ပါ။ ခင်ဗျားမယုံရင် စုံစမ်းနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အကြောင်း စုံစမ်းတာကို မုန်းတဲ့ လူတစ်ယောက်ပဲ။ အဲ့လိုလုပ်တာကို သိရင် အဲ့ဒီလူတွေကို တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းမယ်။”
ဝမ်ရွီက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် ရယ်မောလိုက်ကာ
“ညီအစ်ကို ထန်က အဲ့ဒီအကြောင်းမပြောချင်မှတော့ ငါကလည်း သူများမကြိုက်တာကို ဖိအားမပေးချင်တဲ့ လူတစ်ယောက်ပါပဲ။ ကောင်းပြီ။ ဒီတစ်ကြိမ် ငါက မင်းထက် လောင်းကစားငွေ ပိုမိုနိုင်ထားတဲ့အတွက် ငါ အိမ်ပြန်ရောက်ရင် ခမ်းနားတဲ့ဧည့်ခံပွဲလုပ်ပြီး မင်းကို ဖိတ်လိုက်မယ်။”
ထန်ရှုသည် အလွန်အလေးအနက်ထားသည့်ဟန်မပြဘဲ စကားအနည်းငယ်ဖြင့်သာ ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။ ထို့နောက် မိုအားဝမ် ကြည့်ပြီး တည်ငြိမ်သောလေသံဖြင့်
“ခင်ဗျားရဲ့အကောင်းဆုံး ခွန်အားကို ပြပြီး မအောင်မမြင် မဖြစ်စေနဲ့။”
မိုအားဝမ်က ဝမ်ရွီအား တစ်ချက် ကြည့်လိုက်ပြီး သိုင်းပညာရှင်တစ်ယောက်၏စိတ်အခြေအနေ ပြောင်းလဲမှုအား သေချာစွာ နားလည်စေရန် ဆက်လက်ဆင်ခြင်နေသည်။ ထန်ရှု၏လမ်းညွှန်မှုများသည် သူ့အား အလင်းပြခဲ့ပြီးဖြစ်ပြီး သူ့အတွက် အကြီးအကျယ် တိုးတက်မှုရခဲ့သည်။ ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်အခြေအနေအချို့ကို နားလည်နိုင်သည်နှင့် ရှေ့တိုးရန် အလှည့်အပြောင်းတစ်ခု ဖြစ်လိမ့်မည်ဟု သူ နားလည်ခဲ့လာသည်။ ဖြစ်နိုင်မည်ဆိုပါက နေ့စဉ် အလင်းပြမှုဒါဇင်ခန့်အား နေ့စဉ် သူ လိုချင်မိပေသည်။
အချိန်သည် ကုန်ဆုံးလာခဲ့သည်။ ထန်ရှုက ရုတ်တရက် ထရပ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အချိန်ကျပြီ။ အားဝမ်… ခင်ဗျားနဲ့ မစ္စတာဝမ်က ကမ်းခြေကို သွားပါ။ မစ္စတာဝမ်နဲ့ တခြားသူတွေကို စိတ်မပျက်စေနဲ့။”
“အဲ့ဒီလို မဖြစ်စေရပါဘူး။”
***