← Chapters

ခံစားချက်တစ်ခုမရှိဘဲ ပုံဖော်မှု

Vol. 06 Ch. 299

ခံစားချက်တစ်ခုမရှိဘဲ ပုံဖော်မှု

Vol. 06 Ch. 299

လရောင်သည် ပင်လယ်ရေမျက်နှာပြင်ထက်သို့ တောက်ပစွာ ကျရောက်လျက်ရှိသောကြောင့် ခပ်ပြင်းပြင်းလေတိုက်ခတ်မှုအရှိန်နှင့်အတူ လှိုင်းလုံးများသည်လည်း ရောင်ပြန်ဟပ်ကာ တောက်ပစွာ လှုပ်ရှားနေစဉ်တွင် ဝိညာဉ်သဖွယ် အရိပ်မည်းသဏ္ဍာန်၂ခုသည် ပင်လယ်ကမ်းခြေထက်တွင် တိတ်ဆိတ်စွာ ပေါ်ပေါက်လာခဲ့သည်။

“အမြန်နှုန်းအနေနဲ့ ပြောမယ်ဆိုရင် မင်းက ငါ့ထက် သာတယ်။”

မိုအားဝမ်အား အထင်သေးနေခဲ့သော ဝမ်ရွီသည် အမြန်နှုန်းပြိုင်ပွဲတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ သူ၏အကန့်အသတ်သို့ရောက်သည့်တိုင်အောင် အားကုန်ထုတ်ကာ အရှိန်မြှင့်ခဲ့ပါသော်လည်း မိုအားဝမ်သည် မနှေးလွန်း မမြန်လွန်းသောအရှိန်ဖြင့် သူ၏ဘေးမှ သက်တောင့်သက်သာ ကပ်ပါလာဆဲဖြစ်သည်။

“မင်းရဲ့အစွမ်းကို အကောင်းဆုံးသာ ပြပါ။ ငါ့ကို စိတ်မပျက်စေနဲ့။” မိုအားဝမ်က ပေါ့ပေါ့ပါးပါး တစ်ချက်ရယ်ကာ တုံ့ပြန်လိုက်သည်။

မင်းကို စိတ်မပျက်စေနဲ့ဟုတ်လား။

ဝမ်ရွီ၏မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အယောင်လက်သွားခဲ့သည်။ သူသည် စိန်ခေါ်မှုများကို နှစ်သက်သောသူတစ်ယောက် ဖြစ်သည်ဟု ထန်ရှုအား တစ်ခါ ပြောခဲ့ဖူးသည်။

သို့သော် ထိုလူ၏သက်တော်စောင့်က သူ့အား အမှန်တကယ်ကို စိန်ခေါ်နေသည်တဲ့လား။

ထိုစကားကြောင့် သူ အတော် ခံပြင်းသွားရကာ ထိုအတွက် အကျိုးဆက်အနေဖြင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးဝါးမှုအား ဖြစ်စေရတော့ပေမည်။

“မင်း အရှုံးပေးပြီလို့ ဝန်ခံတဲ့အထိ ငါက မင်းနဲ့ယှဉ်ပြိုင်သွားမှာပါ။ ပြီးရင် မင်းတို့ရဲ့သူဋ္ဌေး ဘယ်လောက် အစွမ်းအစရှိသလဲဆိုတာကို ငါ ကြည့်ရသေးတာပေါ့။”

မိုအားဝမ်က ပြုံးလျက် သူ၏လက်ချောင်းများကို တစ်ဖျောက်ဖျောက်မြည်အောင် ချိုးလိုက်ပြီး

“ငါ့သူဋ္ဌေးရဲ့အစွမ်းအစကို မင်း ကြည့်ဖို့ မလိုသေးဘူး။ လာစမ်းပါ မင်း စွမ်းသမျှ ပြလိုက်။ ခွန်အားဆိုတာ ဘာလဲလို့ မင်းကို သိအောင် ငါပြမယ်။”

“ဟမ့်…”

လက်ဝါးရိုက်ချက်တစ်ခုကို ဖော်ထုတ်လျက် ဝမ်ရွီ လှုပ်ရှားလာပြီး မိုအားဝမ်၏အရှေ့တွင် ပေါ်လာကာ သူ၏လက်ဝါးသည် ဓားတစ်လက်သဖွယ် မိုအားဝမ်၏လည်ပင်းအား ခုတ်ပိုင်းလိုက်သည်။ သူ၏လက်ဝါးဓားအရှိန်သည် မြန်ဆန်ကာ ဝှစ်ကနဲ အသံမြည်သံနှင့်အတူ လေထုကိုပင် လှုပ်ခတ်သွားစေသည်။ ခြေဖျားဖြင့်  မြေပြင်အား အသာထိကာ မိုအားဝမ်သည် ချက်ချင်းပင် နောက်သို့ဆုတ်ကာ ဝမ်ရွီအား လက်ဝါးခုတ်ချက်အား ရှောင်လိုက်သည်။ ထို့နောက် မိုအားဝမ်က တစ်ချက်ခုန်လိုက်ပြီး ခြေထောက်များ ပင့်မြှောက်ကာ ဝမ်ရွီဆီသို့ ကန်ချက်ပြင်းပြင်းတစ်ချက် လွှတ်လိုက်သည်။ အရှိန်အဟုန်ပြင်းစွာဖြင့် အဆက်မပြတ်စေလွှတ်လိုက်သော သူ၏ကန်ချက်များသည် အဆုံးမသတ် ဆက်တိုက်ဖြစ်လေရာ မည်သည့်အရာသည် ပုံရိပ်ယောင် သို့မဟုတ် ကန်ချက်အစစ်အမှန်ဖြစ်မည်ကို လူတစ်ယောက်အား ဝေခွဲမရဖြစ်စေသည်။

“ဘန်း…ဘန်း…ဘန်း…”

ဝမ်ရွီက လျင်မြန်စွာဖြင့် သူ၏ခြေထောက်အား ဆတ်ကနဲ ရှောင်လိုက်သော်လည်း နောက်ကျသွားခဲ့သည်။ လျှပ်တစ်ပြက်အတွင်း ကန်ချက်ပေါင်းများစွာသည် သူတို့၂ယောက်အကြား ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။  ခြေထောက်အချင်းချင်း၊ ခြေဖဝါးအချင်းချင်း တိုက်ခိုက်မှုများကြောင့် လေထုကိုပင် တုန်ခါသွားစေပြီး တစ်ချိန်တည်းမှာပင် သူတို့၂ယောက်၏ အမူအရာများသည်လည်း မသိမသာ ပြောင်းလဲသွားကြသည်။ သို့သော် ဝမ်ရွီသည် သူ့အနေဖြင့် သံတုံးတစ်ခုအား ကန်နေရသကဲ့သို့ ခံစားနေခဲ့ရသည်။ ဖိအားတစ်ခုသည် သူ၏ညာခြေထောက်ဆီသို့ ဖော်ပြခြင်းငှာ မစွမ်းသာသော နာကျင်မှုအား သယ်ဆောင်လာပြီး သူ့အား နောက်ဆုတ်သွားစေသည်။ ဆန့်ကျင်ဘက်အားဖြင့် မိုအားဝမ်၏အမူအရာသည် အနည်းငယ် ပြောင်းလဲမှုရှိသော်လည်း သူ၏ကြောက်မက်ဖွယ်ကောင်းသောအော်ရာမှာ စိုးစဉ်းမျှ အားနည်းသွားခြင်းမရှိပါချေ။ မိုအားဝမ်သည် လူသေအလောင်းပေါ်တွင် ကပ်ကာ စားသောက်နေသော ပိုးကောင်တစ်ကောင်အလား ပြတ်တောက်သွားခြင်းမရှိဘဲ ဝမ်ရွီဆီသို့ သူ၏ကန်ချက်များအား အဆက်မပြတ် သက်ရောက်စေသည်။

ဘန်ဂလိုဝရန်တာထက်တွင် ထန်ရှုသည် လက်ပိုက်ကာ လှံတစ်ချောင်းထောင်ထားသည့်အလား မတ်မတ်ရပ်လျက် ကမ်းခြေတွင် တိုက်ခိုက်နေကြသော လူနှစ်ယောက်အား အပေါ်စီးမှ ကြည့်နေသည်။ သူ၏ဘေးတွင် ဗီဗီယန်နီနှင့် ဖက်တီးလီတို့သည် ကမ်းခြေတွင် ပြင်းထန်စွာ တိုက်ခိုက်နေသော ပုံရိပ်များကို ကြည့်ရင်း အံ့သြတုန်လှုပ်နေလျက်ရှိသည်။

ကြောက်မက်ဖွယ်ခွန်အားနှင့် အမြန်နှုန်းကို ပိုင်ဆိုင်ထားပြီး မည်သို့အသုံးချရမည်ကို မသိသော ဗီဗီယန်နီအတွက် သူမ၏အရှေ့တွင် မိုအားဝမ်နှင့်ဝမ်ရွီတို့သည် ရိုးရှင်းစွာ လှုပ်ရှားသည်ဟု ထင်ရသည့် တိုက်ပွဲဝင်စွမ်းရည်များအား ပိုမိုလျင်မြန်သောအမြန်နှုန်းနှင့် ခွန်အားတို့ဖြင့် တိုက်ခိုက်နေကြသည်ကို တွေ့မြင်ရသောအခါ အံ့သြမိန်းမောနေရင်း စိတ်တွင်းမှ တုန်လှုပ်မိသည်။

ထိုသူများဆီမှ သင်ယူလိုသည့် ပြင်းပြသောစိတ်ဆန္ဒသည် သူမ၏စိတ်နှလုံးအတွင်းတွင် မြင့်တက်လာခဲ့ကာသူမ၏တိုက်ပွဲဝင်အတွေ့အကြုံကို များပြားစေချင်သောစိတ်ဆန္ဒလည်း မြင့်တက်လာ

ပေသည်။

ဖက်တီးလီသည်လည်း တုန်လှုပ်လျက်ရှိသည်။ သူသည် သိုင်းပညာကျွမ်းကျင်သောသူတစ်ယောက်ဖြစ်သည်။ သူသည် ဝလာသောကြောင့် သူ၏စွမ်းရည်များသည် အတိတ်ကာလများနှင့် မယှဉ်နိုင်တော့သော်လည်း သွက်လက်ဖျတ်လတ်ဆဲရှိသေးသည်။ လူမိုက် ၃ယောက်မှ၅ယောက်အထိ သူ အနိုင်ယူ တိုက်ခိုက်နိုင်စွမ်းရှိသေးသည်။ သို့သော် မိုအားဝမ်နှင့် ဝမ်ရွီတို့၏တိုက်ပွဲသည် သူ့အား မျက်စိပွင့်စေကာ တရုတ်ကွန်ဖူးသိုင်းကားများအား ကြည့်ရသည်ထက် ပိုမိုပြင်းထန်လှပေသည်။

သူ၏မျက်လုံးထဲတွင် ကမ်းခြေမှတိုက်ပွဲသည် သိုင်းပညာရှင်အဖွဲ့အစည်းမှ ကျွမ်းကျင်သူနှစ်ယောက်၏ တိုက်ပွဲတစ်ခု ဖြစ်ပေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုပုံစံများနှင့် ကောင်းမွန်သော ရွေ့လျားမှုများသည် သူ့အား အံ့သြမိန်းမောစေသည်။ ထို့ကြောင့် ထိုနှစ်ယောက်ထဲမှ တစ်ယောက်နှင့်သာ သူသည် တိုက်ခိုက်ရမည်ဆိုပါက လျှပ်တစ်ပြက်အတွင်း သူသည် လှဲသိပ်ခံရမည်ကို နားလည်လာရသည်။

“တရုတ်ကွန်ဖူးပညာက တကယ်ကို ကျယ်ပြန့်နက်နဲတာပဲ။”

ဖက်တီးလီက စိတ်လှုပ်ရှားမှုနှင့်အတူ ခပ်ပြင်းပြင်း သက်ပြင်းချလိုက်သည်။

သူ့အား ကြည့်ကာ ထန်ရှုက ရယ်မောလိုက်ရင်း

“ဖက်တီးလီ… ခင်ဗျားရဲ့ခွန်အားက ချီးကျူးစရာပါဗျ။ ခင်ဗျားက ဝတယ်ဆိုပေမယ့်လည်း ပုံမှန်လူတစ်ယောက်က ခင်ဗျားကို တိုက်ခိုက်နိုင်မှာမဟုတ်လောက်ဘူးမလား။ ဒီအဆင့်က ကျွမ်းကျင်သူတွေတိုက်ခိုက်ကြတာကို အရင်တုန်းက ခင်ဗျား မမြင်ဘူးလို့လား။”

“ဒါ ပထမဆုံးအကြိမ်ပဲ။” ဖက်တီးလီက ခေါင်းကိုယမ်းကာ မချိပြုံးဖြင့် ဖြေလိုက်သည်။

“နားလည်ပါတယ်။ ကမ္ဘာပေါ်မှာ သိုင်းပညာလေ့ကျင့်တဲ့သူတွေ အများကြီးရှိပေမယ့် အစစ်အမှန်ကျွမ်းကျင်သူတွေက တအားရှားတယ်။ တစ်ချိန်တည်းမှာ ကျွမ်းကျင်သူနှစ်ယောက်ကို တွေ့မြင်နိုင်ဖို့အပြင် အဲ့ဒီသူတို့၂ယောက် တိုက်ခိုက်တဲ့မြင်ကွင်းကို ကြည့်ရဖို့ဆိုတာလည်း တကယ့်ကို ခက်ခဲတယ်ဗျ။ ဒါနဲ့ ဘယ်သူနိုင်မယ်လို့ ခင်ဗျားထင်လဲ။”

တုံ့ဆိုင်းခြင်းမရှိဘဲ ဖက်တီးလီက ချက်ချင်း အဖြေပေးလိုက်သည်။ “မိုအားဝမ်…”

သူ၏မျက်ခုံးများအား ပင့်တင်ကာ ထန်ရှုက ပြုံးမိသွားရင်း

“ဘာကြောင့်  ခင်ဗျားက သိပ်သေချာနေရတာလဲ။”

ဖက်တီးလီက ထို၂ယောက်အား ညွှန်ပြကာ ပြောလိုက်သည်။

“ဝမ်ရွီရဲ့ကွန်ဖူးက အစွမ်းထက်ပေမယ့် သူ အားစိုက်နေရတာက သိသာတယ်။ ဒါပေမယ့် မိုအားဝမ်ကို တစ်ချက်ကြည့်လိုက်။ သူ့ရဲ့တိုက်ခိုက်မှုက မနှေးလွန်း မမြန်လွန်းဘဲ တည်ငြိမ်တယ်ဆိုပေမယ့် သူ့ရဲ့လှုပ်ရှားမှုတိုင်းက ဝမ်ရွီကို အဆက်မပြတ် နောက်ဆုတ်သွားစေတယ်။ သူက ရှောင်တိမ်းပိတ်ဆို့နိုင်သလို ချက်ချင်းလည်း ပြန်လည်တိုက်ခိုက်နိုင်တယ်လေ။”

ထန်ရှုက ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

“ခင်ဗျားအမြင်က ကောင်းပုံပေါ်တယ် ဖက်တီးလီ။ ဝမ်ရွီက ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံ ရှိပေမယ့်လည်း သူတို့၂ယောက်ကြားမှာ ကွာဟချက်ကြီးတစ်ခု ရှိသေးတယ်။ မတော်တဆသာ မဖြစ်ခဲ့ဘူးဆိုရင် ဝမ်ရွီက ၁၀ကွက်အတွင်းမှာ ရှုံးနိမ့်လိမ့်မယ်။”

ရုတ်တရက် ဗီဗီယန်နီက မေးလိုက်သည်။

“မစ္စတာထန်… ကျွန်မမှာသာ ဝမ်ရွီ့လို တိုက်ပွဲဝင်စွမ်းရည်နဲ့ တိုက်ခိုက်မှုအတွေ့အကြုံရှိခဲ့မယ်ဆိုရင် ရှင့်ရဲ့သက်တော်စောင့်နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ရှင်ထင်လား။”

ထန်ရှုက မျက်လုံးပြူးသွားရရင်း ရွှတ်နောက်နောက် ပြန်ပြောလိုက်သည်။

“မင်းမှာသာ တိုက်ပွဲအတွေ့အကြုံတွေ အများကြီးသာရှိရင် မိုအားဝမ်မပြောနဲ့ ကျွန်တော်တောင်မှ မင်းရဲ့ပြိုင်ဘက် ဖြစ်နိုင်လိမ့်မယ်မထင်ဘူး။”

ဖက်တီးလီမှာ ဗီဗီယန်နီ၏ခွန်အားအကြောင်းကို မသိထားသောကြောင့် ထန်ရှုက သူမအား မြှောက်ပင့်နေသည်ဟု တွေးထင်မိသဖြင့် စနောက်လိုသောအကြည့်ဖြင့် ထန်ရှုအား ပြောလိုက်သည်။

“ညီလေးထန်… မင်း သူမကို မတိုက်ခိုက်နိုင်ဘူးဆိုတာ သူ့အပေါ်မှာ မင်းရဲ့နူးညံ့တဲ့နှလုံးသားက ရှင်းရှင်းလင်းလင်းကြီးရှိနေလို့ မိန်းကလေးကို မနာကျင် မထိခိုက်စေချင်တာမဟုတ်လား။ မင်း တကယ်ကို ကွန်ဖူးပညာအကြောင်းပဲ သိတာဟုတ်ရဲ့လား. ဟ..ဟ။”

ထန်ရှုက ရယ်မောလိုက်ရင်း

“ကျွန်တော်က ကွန်ဖူးပညာအကြောင်း နည်းနည်းပဲသိတာမို့ အဲ့ဒီပညာရပ်မှာ ထူးချွန်တယ်လို့ မပြောနိုင်ပါဘူးဗျာ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့တော့ လုံလောက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။”

ထန်ရှုနှင့်သိသည်မှာ အချိန်ပိုင်းမျှသာ ရှိသေးသော်လည်း ထန်ရှုသည် အတော်ပင် နှိမ့်နှိမ့်ချချနေတတ်သော လူတစ်ယောက်ဖြစ်သည်ကို ဖက်တီးလီ ပြောနိုင်သည်။ ထန်ရှု၏စကားများသည် လွန်လွန်ကျူးကျုးကို နှိမ့်ချလွန်းနေသည်ဟု သူ ခံစားမိသည်။ ထန်ရှု၏ကွန်ဖူးပညာသည် သူ၏သက်တော်စောင့်ထက် နိမ့်ကျရင် နိမ့်ကျနိုင်မည်ဖြစ်သော်လည်း သူ့ထက် သန်မာနေဆဲဖြစ်လိမ့်မည်။

ကမ်းခြေတွင်…

ဝမ်ရွီသည် အလင်း၏အလျင်အလား လျင်မြန်စွာ လှုပ်ရှားသည်။ သူ၏တိုက်ခိုက်မှုနည်းစနစ်များသည် သေကွင်းသေကွက်အား တိုက်ခိုက်သည့် အသေသတ်တိုက်ကွက်များသာ ဖြစ်သည်။

ကံမကောင်းလှစွာ သူ၏ခွန်အားအား အဆင့်တစ်ခုထိ တိုးမြှင့်ထားသည့်တိုင် သူသည် မိုအားဝမ်အား တစ်ချက်လေးမျှ ထိအောင် မလုပ်နိုင်ပဲရှိသည်။ မိုအားဝမ်က သူ့အား လျော့ရဲရဲတိုက်ခိုက်နေသည့်တိုင် သူ အဆက်မပြတ်နောက်ဆုတ်ပေးနေရသည်ဟုပင် ခပ်ရေးရေး သူ ခံစားမိလာသည်။

ဟုတ်ပေသည်။ သူသာ အစွမ်းကုန် တိုက်ခိုက်နေရသော်လည်း မိုအားဝမ်က ထိုသို့ မဟုတ်ပါချေ။

ထိုခံစားမှုသည် သူ့အား တုန်လှုပ်စေသော်လည်း သူ့အား ပိုပြီး ဒေါသထွက်စေသည်။

လက်သီးထိုးချက်များနှင့် ကန်ချက်များ၏ ပြောင်းလဲမှုများအတွင်း ဝမ်ရွီသည် နောက်ဆုံးတွင် သူ၏ခြေလှမ်းများ တုံ့ဆိုင်းလာသည်။ ပြင်းထန်သော ထိရိုက်ချက်များ၏သက်ရောက်မှုအောက်တွင် အဆက်မပြတ် ဗုံးကြဲသကဲ့သို့ ရောက်ရှိလာသော  လက်သီးချက်များကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်လာရတော့သည်။ မပီဝိုးတဝါး အရိပ်လမ်းကြောင်းများတွင် ထိုးခွင်းလာသော လက်သီးချက်များ၏မြည်ဟိန်းသံများကြောင့် လူတစ်ယောက်၏စိတ်နှလုံးအား တုန်ရီလာစေခဲ့သည်။

“သူဋ္ဌေးက ငါ့ကို မင်းနဲ့တိုက်ခိုက်စေချင်တယ်လို့ ပြောတုန်းက မင်းက အတော်သန်မာလိမ့်မယ်လို့ အစက ငါ ထင်ခဲ့မိတယ်။ ဒီလို ကျဉ်းထဲကြပ်ထဲမှာ မျှော်လင့်ချက်စွန့်ဖို့ မင်း အမှန်တကယ် ဖိအားပေးခံရရင် ငါ့ခွန်အားကို ၇၀% သုံးခဲ့ရင်တောင်မှ အသုံးဝင်မှာမဟုတ်ဘူး။ ဒီလိုဆိုမှတော့ ငါ ဒီပွဲကို ကောင်းကောင်းအဆုံးသတ်ပေးရတော့မှာပဲ။”

ဝမ်ရွီက မိုအားဝမ်ဆီ လက်သီးချက်များစွာ ထိုးနှက်ပြီး နောက်သို့ ယိမ်းယိုင်သွားသောအချိန်တွင် မိုအားဝမ်က သူ၏အနောက်တွင် ရုတ်တရက် ပေါ်လာပြီး ထူးဆန်းသော လက်သီးချက်တစ်ခုအား ထိုးခွင်းလိုက်ရာ ဝမ်ရွီ၏ကျောပြင်အား ထိမှန်သွားတော့မည့်ဟန်ရှိသည်။ သို့သော် ဝမ်ရွီက ရုတ်တရက် အလျင်စလို တိမ်းရှောင်လိုက်သောကြောင့် ပခုံးကိုသာ ထိုးနှက်မိသွားခဲ့သည်။ အရိုးများ ကျေသွားသည့်အသံနှင့်အတူ ဝမ်ရွီသည် ကြွေလွင့်သွားသော သစ်ရွက်လေးပမာ ကမ်းခြေဆီသို့ ၇မီတာ-၈မီတာခန့် လွင့်ထွက်ပြုတ်ကျသွားတော့သည်။

“ဘုန်း…”

ခပ်အုပ်အုပ်အသံနှင့်အတူ ကမ်းခြေဆီသို့ လွင့်ထွက်ပြုတ်ကျသွားသော ဝမ်ရွီသည် ဖြူဖျော့နေသော မျက်နှာဖြင့် ငါးကြင်းတစ်ကောင်အလား ခုန်ထလိုက်သည်။ ၇မီတာ ၈မီတာခန့် ဝေးသော ထိုနေရာတွင် မတ်တတ်ရပ်လျက် သူသည် မိုအားဝမ်အား အံ့သြတုန်လှုပ်နေသည့် မျက်ဝန်းများဖြင့် ကြည့်ရင်း သူ၏ရင်ထဲတွင် ခါးသီးသော ခံစားမှုသည် တရိပ်ရိပ် မြင့်တက်လာတော့သည်။

သူ ရှုံးသွားခဲ့ပြီ။ သူ သေချာပေါက် ရှုံးနိမ့်သွားခဲ့သည်ကို သူ သိသည်။

သူ့ဘဝတစ်လျှောက် မြင်ဖူးသမျှထဲတွင် မိုအားဝမ်သည် အလွန်သန်မာလွန်းလှပြီး အကြံ့ခိုင်ဆုံးလည်းဖြစ်သည်။ နိုင်ငံအနှံ့မှ များပြားလှသော သိုင်းပညာရှင်ဆရာကြီးများနှင့် သူ တိုက်ခိုက်ခဲ့ဖူးပြီး ပြီးပြည့်စုံသော ခွန်အားဖြင့် ထိုလူအားလုံးကို သူ အနိုင်ယူခဲ့သည်သာဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များမှ ကျွမ်းကျင်ပညာရှင်များနှင့်လည်း တွေ့ဆုံကာ တိုက်ခိုက်ခဲ့ဖူးသေးရာ တိုက်ခိုက်ရေးဘုရင်ဘွဲ့ရသူ၊ မွေထိုင်းကျွမ်းကျင်သူ၊ တိုက်ကွမ်ဒို သို့မဟုတ် ဂျူဒိုပညာရှင်များသည် သူ့အား အနိုင်တိုက်နိုင်ကြခြင်း မရှိပါချေ။

နောက်ဆုံးတော့ သူသည် လူတစ်ယောက်၏ သက်တော်စောင့်အား ရှုံးနိမ့်ခဲ့ရချေပြီဖြစ်သည်။

“ငါ နားမလည်ဘူး။ မင်းရဲ့ခွန်အားနဲ့ဆိုရင် ဒီလောကထဲမှာ လွှမ်းမိုးဖို့ဆိုတာ အလွယ်လေးပဲကို ဘာဖြစ်လို့ လူတစ်ယောက်ရဲ့ သက်တော်စောင့်အဖြစ်လုပ်ဖို့ ရွေးချယ်ရတာလဲ။” ဝမ်ရွီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သက်တော်စောင့်တစ်ယောက်ဆိုတာ ကောင်းတဲ့အလုပ်တစ်ခုမဟုတ်ဘူးလို့ ခင်ဗျားထင်တာလား။”

မိုအားဝမ်က တစ်ချက်ပြုံးကာ မေးလိုက်သည်။

“မင်း တကယ်ကို သက်တော်စောင့်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ထန်ရှုက မင်းကို ဘယ်လောက်ပေးလဲ။ သူ ပေးတာထက် ၁၀ဆ ငါ မင်းကို ပေးနိုင်တယ်။”

ဝမ်ရွီက မျက်မှောင်ကြုပ်ကာ လေးလေးနက်နက် ပြောလိုက်သည်။

မိုအားဝမ်က ခေါင်းယမ်းလိုက်ရင်း

“ငါ လိုချင်တာ မင်း ပေးနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး ငါက သူဋ္ဌေးရဲ့သက်တော်စောင့် မဟုတ်ဘူး။ သူ့ရဲ့လက်အောက်ငယ်သားသာ ဖြစ်တယ်။ ငါ့သူဋ္ဌေးကို နာကျင်အောင်လုပ်ရဲတဲ့ ဘယ်သူ့ကိုမဆို ငါ့အသက်ပေးရရင်တောင်မှ တစ်ချက်မှ နောက်တွန့်မှာမဟုတ်ဘူး။ နောက်ပြီး မင်းက ငါ့ကိုတောင်မှ မတိုက်ခိုက်နိုင်တာမို့ သေချာပေါက် သူဋ္ဌေးရဲ့ပြိုင်ဖက် မဟုတ်ဘူး။”

“ဘာ…”

ဝမ်ရွီ၏အမူအရာ ပြောင်းသွားကာ အသက်ရှူသံ မြန်လာသည်။ သူက မိုအားဝမ်အား သေချာစွာ ကြည့်ကာ အလျင်အမြန် မေးလိုက်သည်။

“မင်းဆိုလိုတာက ထန်ရှုက မင်းထက်တောင်မှ ပိုပြီးအစွမ်းအစရှိတယ်ပေါ့ဟုတ်လား။”

“သူဋ္ဌေးက ငါ့ထက်တောင်မှ ပိုပြီးအစွမ်းအစရှိတယ်တဲ့လား။ မင်းလို ၁၀ယောက်ရှိရင်တောင်မှ သူဋ္ဌေးရဲ့ပြိုင်ဖက် မဖြစ်သေးဘူးဆိုတာ ငါ ပြောရမှာတောင် အားနာမိတယ်။”

မိုအားဝမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုသို့ ပြောပြီးသည်နှင့် မိုအားဝမ်က ဘန်ဂလိုဘက်ဆီသို့ လှည့်ထွက်သွားတော့သည်။

ဝမ်ရွီ၏အမူအရာမှာ အဆက်မပြတ် ပြောင်းလဲလျက်ရှိနေသည်။ ကာစီနိုထဲ နှင့် ဘန်ဂလိုသို့ သူ ရောက်စဉ်က ထန်ရှု၏ရှေ့တွင် စိတ်ကြီးဝင်စွာ ပြုမူခဲ့သည်များကို ပြန်လည်တွေးတောမိရင်း ရှက်ရွံ့မှုနှင့်အနေရခက်မှုတို့သည် သူ၏မျက်နှာထက်တွင် လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ သူ၏အဖြစ်သည် ငါးတစ်ကောင်အား မည်သို့ရေကူးရန် သင်ပေးမိသကဲ့သို့ ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ အရှေ့တွင် မိမိကိုယ်တိုင် မည်မျှ အရှက်ကွဲစေရန် သူ၏ညံ့ဖျင်းသောစွမ်းရည်အား သရုပ်ပြနေမိသကဲ့သို့ဖြစ်နေချေပြီဟု သူ ခံစားမိတော့သည်။

“ဒီနှစ်များစွာအတွင်း ငါ့အတွက် ဒီလိုမျက်နှာပျက်ရတာမျိုးက ဘယ်အချိန်ထိ ရှိနေလိမ့်မလဲ။”

ခေါင်းကိုယမ်းလျက် ဝမ်ရွီက ခါးသီးစွာ ပြုံးလိုက်ရင်း ဘန်ဂလိုဆီသို့သွားနေသော မိုအားဝမ်၏အနောက်မှ လိုက်လာခဲ့သည်။ သူ၏ညာဘက်လက်မှာ အဆစ်ပြုတ်သွားသောကြောင့် ထပ်မံမတိုက်ခိုက်နိုင်တော့ချေ။ ထို့ကြောင့် ထိုဒဏ်ရာအား ကုသရန် တစ်စုံတစ်ယောက်အား လျင်မြန်စွာ ရှာဖွေရန် သူ လိုအပ်နေပေသည်။

ဘန်ဂလိုဝရန်တာထက်တွင်…

ထို၂ယောက်အား ကြည့်ရင်း ထန်ရှု၊ ဗီဗီယန်နီနှင့် ဖက်တီးလီတို့သည် တိုက်ပွဲရလဒ်အား သိနှင့်နေခဲ့ပြီဖြစ်သော်လည်း သူတို့သည် ဝမ်ရွီအား လှောင်ပြောင်သည့်အကြည့်များဖြင် မကြည့်ခဲ့ပေ။

သူ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်သည်ဆိုပါက မိုအားဝမ် ကြံ့ခိုင်လွန်းနေသည်ကိုပဲ အပြစ်တင်ရမည်သာ ဖြစ်သည်။

သို့သော် သူတို့ထဲတွင် ထန်ရှုသည် စိတ်အပျက်ရဆုံးသူ ဖြစ်တော့သည်။ အဘယ့်ကြောင့်ဆိုသော် ဝမ်ရွီနှင့်မိုအားဝမ်အား ခွန်အားချင်း ညီမျှလိမ့်မည်ဟု သူ တွေးထင်ခဲ့မိသောကြောင့် မိုအားဝမ်အား ထိုတိုက်ပွဲမှ အကျိုးကျေးဇူးရရှိစေရန် သူ ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။ သို့သော် မိုအားဝမ်သည် ရုတ်တရက် ခုန်ပျံကာ အဆင့်တက်သွားသောကြောင့် ဝမ်ရွီသည် သူ၏ပြိုင်ဖက် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ဝမ်ရွီ၏ထက်မြက်ပြီး အစီအစဉ်တကျ တိုက်ခိုက်ခြင်းအား လေ့လာရုံမှတစ်ပါး အခြားအကျိုးကျေးဇူးမရှိချေ။

“သူဋ္ဌေး…” မိုအားဝမ်က အမြဲတစေ လေးစားသောအသံဖြင့် ခေါ်လိုက်သည်။

“ခင်ဗျား ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက် မအောင်မြင်သွားတာတော့ စိတ်မကောင်းစရာပဲပေါ့။ ဒါပေမယ့် ခင်ဗျားရဲ့စွမ်းရည်တိုးတက်လာတာကတော့ ကောင်းတဲ့အချက်တစ်ခုပေါ့ဗျာ။” ထန်ရှုက တစ်ချက်ရယ်လိုက်ကာ ပြောသည်။

***

All Chapters