← Chapters

ထုချေလွှာ

Vol. 06 Ch. 300

ထုချေလွှာ

Vol. 06 Ch. 300

စိတ်ပျက်လက်ပျက်နှင့်ညိုးငယ်နေသော ဝမ်ရွီအား ကြည့်ကာ ထန်ရှု တစ်ချက်ပြုံးလိုက်ရင်း

“စိတ်မပျက်ပါနဲ့။ သိုင်းပညာရပ်လမ်းကြောင်းမှာ ဆုံးခန်းတိုင်တယ်ဆိုတာ မရှိပါဘူးဗျာ။ တစ်ခါတရံမှာ အခက်အခဲတစ်ခုရှိတယ်ဆိုတာကလည်း ကောင်းတဲ့အရာတစ်ခုပါပဲ။ သိုင်းပညာရှင်တွေမည်သည် စိတ်ကြီးဝင်တာနဲ့ စိတ်မြန်လက်မြန်ရှိတာကို ထိန်းသိမ်းနိုင်ရမယ်ဗျ။ တစ်ခုသိရမှာက ကိုယ့်ထက် ပိုတော်တဲ့ တစ်ယောက် အမြဲရှိနေတယ်ဆိုတာရယ် ကောင်းကင်အထက်မှာ ကောင်းကင်တစ်ခု ရှိနေတယ်ဆိုတာပါပဲ။ ခင်ဗျား ပိုပြီးသန်မာလာတဲ့အခါ ကျွန်တော့်လူကို ထပ်ပြီး စိန်ခေါ်မှာကို စောင့်နေမယ်ဗျာ။”

ဝမ်ရွီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လေးနက်စွာ  ပြောသည်။

“ငါက မင်းရဲ့လူကို ထပ်ပြီး စိန်ခေါ်ဦးမှာပါ။ ဒါပေမယ့် ငါ့ရဲ့နောက်ဆုံးပန်းတိုင်က မင်းပဲ။ တစ်နေ့မှာ မင်းကို စိန်ခေါ်ပြီး ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။”

“ကျွန်တော် စောင့်နေပါ့မယ်။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။

ဘေးတွင် ဗီဗီယန်နီသည် ပုံမှန်မဟုတ်သည့်အရောင်များ မျက်ဝန်းထဲတွင် တောက်ပလျက်ရှိကာ မိုအားဝမ်၏အရှေ့သို့ ရောက်လာသည်။

“ကျွန်မကို ရှင့်ရဲ့ကွန်ဖူးပညာ သင်ပေးပါ။ ရှင့်ကို ကျွန်မရဲ့ဆရာအဖြစ် အသိအမှတ်ပြုချင်ပါတယ်ရှင့်။”

ဆရာအဖြစ် အသိအမှတ်ပြုချင်တာလား။

မိုအားဝမ် ဆွံ့အသွားပြီး ချက်ချင်းပင် ထန်ရှုအား ကြည့်လိုက်မိသည်။

“ဟေး…ကျွန်တော့်ကို မကြည့်နဲ့။ ခင်ဗျားတို့အထဲ ကျွန်တော် မပါဘူးနော်။” ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောသည်။

မိုအားဝမ်က တစ်ခဏမျှ တွေးလိုက်ပြီးနောက် ဗီဗီယန်နီအား ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူးဗျာ။ ငါ့မှာ တပည့်တွေလက်ခံဖို့ ရည်ရွယ်ချက်မရှိဘူး။”

ဗီဗီယန်နီက အမြန်ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း ရှင် အစွမ်းရှိသလောက် ကျွန်မကို ပြုလုပ်ပေးနိုင်သရွေ့ ကျွန်မ ဘယ်လောက်ကျကျ ပေးမယ်လေ။ ကျွန်မ ပိုက်ဆံပေးမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ။ ကျွန်မက ချမ်းသာပြီး ပိုက်ဆံအများကြီး ရှိပါတယ်။”

မိုအားဝမ်က ခေါင်းယမ်းလိုက်ကာ

“ငါက ပိုက်ဆံ မလိုပါဘူး။ မင်း ငါ့ကို ရွှေတောင်ကြီး ပုံပေးရင်တောင်မှ ငါ့မှာ အချိန်မလောက်ငလို့ မင်းကို တပည့်အဖြစ် လက်ခံနိုင်မှာမဟုတ်ဘူး။”

ဗီဗီယန်နီက ထန်ရှုဘက်သို့ ကူပြောပေးစေလိုသောအကြည့်ဖြင့် လှည့်ကြည့်လာသည်။

ထန်ရှုက တိတ်ဆိတ်နေရာမှ ခေါင်းကို ယမ်းလိုက်ကာ

“သူက မင်းကို တပည့်အဖြစ် လက်မခံချင်ဘူးဆိုမှတော့ ကျွန်တော့်မှာလည်း နည်းလမ်းမရှိတော့ဘူး။ ကျွန်တော့်လူဆိုပေမယ့်လည်း သူ မလုပ်ချင်တဲ့အရာကို ကျွန်တော် ဘယ်တော့မှ ဖိအားပေးမှာမဟုတ်ဘူး။ နောက်ပြီး သူက မင်းရဲ့ဆရာဖြစ်ဖို့ အံဝင်ဂွင်ကျမရှိလှဘူး။ သူ့ရဲ့အရည်အချင်းက သတ်ဖြတ်ခြင်းစွမ်းရည်မှာ ကျွမ်းကျင်တာ။ ဥပမာပြောရရင် ခုလေးတင် ပြီးသွားတဲ့ သူနဲ့ဝမ်ရွီတို့ရဲ့တိုက်ပွဲမှာ အရှေ့ကနေသာ တစ်ဟုန်ထိုး တိုက်မယ်ဆိုရင် ဝမ်ရွီက ၁၀ကွက်အတွင်း အသတ်ခံရဖို့ အများဆုံးပဲ။”

ဝမ်ရွီ တုန်လှုပ်သွားကာ သတိလစ်သွားလုမတတ်ဖြစ်သွားရသည်။

“ဒါက အတော်ကြီး ပိုလွန်းတယ်မဟုတ်ဘူးလား ထန်ရှု။ ငါက သူ့ထက် အားနည်းတယ်ဆိုရင်တောင်မှ မိုအားဝမ်က ၁၀ကွက်အတွင်း ငါ့ကို သတ်နိုင်ပါ့မလား။”

မိုအားဝမ်က ကြားဖြတ်ပြောလိုက်သည်။

“၁၀ကွက်က များလွန်းပါတယ်။ ငါးကွက်အတွင်း မင်းကို ငါ သတ်နိုင်တယ်။”

ဝမ်ရွီ၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ လှုပ်ခါသွားသော်လည်း အသံတစ်ချက်မျှ ထွက်မလာပါချေ။ သို့သော်လည်း သူ၏မျက်နှာထက်မှ မယုံကြည်ဟန်အကြည့်က သူ၏ခံစားချက်ကို ဖော်ပြနေပေသည်။

ထိုအချိန်မှာပင် ထန်ရှုက အလင်း၏အလျဉ်အတိုင်း လှုပ်ရှားကာ ဝမ်ရွီ၏ညာဘက်လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။ ဝမ်ရွီ မတုံ့ပြန်ရသေးခင် ထန်ရှုက ဝမ်ရွီ၏လက်ကောက်ဝတ်အား ဆွဲခါလိုက်ပြီး တခြားလက်ဖြင့် ဝမ်ရွီ၏ပခုံးကို ကိုင်လိုက်သည်။

ခရက်ဟူသောအသံနှင့်အတူ ဝမ်ရွီ၏အမူအရာမှာ အကြီးအကျယ် ပြောင်းသွားပြီး သူ၏အဆစ်ပြုတ်နေသောလက်မောင်းမှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။

သူ၏လက်များကို ပြန်ရုတ်လိုက်ပြီး ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျား အဲ့ဒါကို သံသယရှိဖို့ မလိုဘူး။ မိုအားဝမ် ခင်ဗျားနဲ့ တိုက်ခိုက်နေတုန်းက ခင်ဗျားကို သတ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရပေမယ့် ခင်ဗျားက ရန်သူတစ်ယောက်မဟုတ်လို့ သူ ညှာခဲ့တာ။ သူ့ခွန်အားအပြည့်လည်း မသုံးခဲ့ဘူးလေ။”

ဝမ်ရွီက သူ၏လက်မောင်းအား ဝှေ့ယမ်းလိုက်သည်။ ခပ်ဖျော့ဖျော့နာကျင်မှုမှတစ်ပါး အခြားနာကျင်မှုများ မရှိတော့သောကြောင့် သူ၏မျက်လုံးအတွင်းမှ ဒေါသများသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကာ ခါးသီးသောအပြုံးတစ်ခုက အစားထိုး ဝင်ရောက်လာသည်။ သူက ခေါင်းညိတ်လျက်

“သူ အားကုန်မသုံးဘူးဆိုတာ ငါ သိပါတယ်။”

ထန်ရှုက ဘေးသို့ လှည့်လိုက်ရာ မပျော်ရွှင်ဟန်ဖြစ်နေသော ဗီဗီယန်နီအား ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“တကယ်တော့ ငါ့မှာ မင်းကို ပိုသန်မာလာအောင် လုပ်ဖို့နည်းလမ်းရှိပါတယ်။ ဒါပေမယ့် အန္တရာယ်များတယ်။”

ဗီဗီယန်နီ စိတ်အား ပြန်လည်တက်ကြွလာသည်။ သူမသည် အမုန်းတရားများ ပြည့်နှက်လျက်ရှိပေရာ သူမ၏မိဘဆွေမျိုးများအား သတ်သွားသည့် လူများအား ရှာဖွေကာ လက်တုံ့ပြန်လိုလှသောကြောင့် အလျင်အမြန်ပင် မေးလိုက်သည်။

“အဲ့ဒါ ဘာများလဲ။”

“ကျွန်တော်တို့ အဲ့ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့။” ထန်ရှုက ပြောလိုက်သည်။

ထိုသို့ ပြောပြီးသည်နှင့် သူက ဖက်တီးလီနှင့် ဝမ်ရွီတို့အား ကြည့်ကာ ခပ်ဖွဖွအပြုံးဖြင့် စကားဆိုသည်။

“ခင်ဗျားတို့နှစ်ယောက်ရော ဒီနေ့အတွက် ကိစ္စဝိစ္စတွေက ပြီးပြီဆိုတော့ အနားပြန်ယူသင့်တယ်မဟုတ်လား။”

လက်သီးဆုပ်လျက် ဝမ်ရွီက နှုတ်ဆက်ကာ သူ၏လူနှစ်ယောက်နှင့်အတူ လှည့်ထွက်သွားသည်။

ဖက်တီးလီကမူ မလှုပ်ရှားသေးဘဲ ထန်ရှုအား ရွှင်မြူးစွာ ကြည့်လျက် အပြုံးဖြင့် မေးလိုက်သည်။

“ညီအစ်ကိုထန်… နတ်သမီးခုနှစ်ဖော်အကကို မကြည့်တော့ဘူးပေါ့။ အလှလေးတစ်ယောက်က မင်းကို ဒီည အဖော်လုပ်ပေးမယ်ဆိုတော့ မင်း မသွားသင့်ပါဘူးလေ။ ဒါပေမယ့် မင်း အဲ့ဒါကို မနက်ဖြန်အထိ မကြည့်ပဲ မနေဘူးမဟုတ်လား။ နတ်သမီး၇ဖော်အကကို အကုန်လုံး ပြီးအောင် မင်း ကြည့်နိုင်ရင် ငါ မင်းကို စားသောက်ပွဲအကြီးကြီးနဲ့ ပြုစုမယ်ကွာ။”

“ကျွန်တော် အခြေအနေ အရင် ကြည့်ရဦးမယ်။ မနက်ဖြန် ထွက်ခွာဖို့ကို ကျွန်တော်က စီစဉ်ထားတာဆိုတော့လေ။ ဒါပေမယ့် ပင်လယ်က မုန်တိုင်းတိုက်တာ မငြိမ်သေးဘူးဆိုရင် ကျွန်တော် နောက်တစ်ရက် ထပ်နေရဦးမှာပေါ့။ အဲ့ဒီအခါကျရင်တော့ နတ်သမီး၇ဖော်အကကို ကျွန်တော် အတွေ့အကြုံ ယူပါ့မယ်။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောသည်။

“မင်း သွားတော့မလို့လား။ ဘယ်ကိုလဲ။ အိမ်ပြန်တော့မှာလား။” ဖက်တီးလီက အံ့အားသင့်စွာ မေးသည်။

“မဟုတ်ဘူးဗျ။ ကျွန်တော် ခရီးတစ်ခု သွားဖို့ရှိနေလို့။” ထန်ရှုက ခေါင်းယမ်းကာ ပြန်ဖြေသည်။

ထူးဆန်းသောအမူအရာဖြင့် ဖက်တီးလီက ထန်ရှုအား ကြည့်ရင်း ခေါင်းယမ်းကာ အပြုံးဖြင့် စကားဆိုသည်။

“အခုခေတ်လူငယ်တွေက စိတ်ကူးကောင်းတွေ ရှိကြတာပဲ။ ဒါပေမယ့် မင်း စွန့်စားခန်းဖွင့်မယ်ဆိုရင် ချင်ချန်းတောင်က ချာတိတ်ကို မပြောနဲ့နော်။ နို့မဟုတ်ရင် သူက ပလာစတာလိုပဲ မင်းနောက်က မခွာတမ်းလိုက်နေလိမ့်မယ်။ ခွာချလို့ ရမှာမဟုတ်ဘူး။”

“သဘောပေါက်ပြီ။” ထန်ရှုက ခေါင်းညိတ်သည်။

သူနှင့်နီးကပ်သော ရင်းနှီးသောသူများမှတစ်ပါး သူ ဝယ်ယူထားသော ကိုယ်ပိုင်ကျွန်းအကြောင်းအား အခြားသူများကို ပြောပြရန် ထန်ရှု ရည်ရွယ်ချက်မရှိချေ။ ထိုနေရာတွင် အခြေစိုက်ကာ သူ၏ကိုယ်ပိုင်စစ်တပ်အား လေ့ကျင့်ရန် စိတ်ကူးထားသောကြောင့် ဧကန်ပင် မဖော်ပြနိုင်ပါချေ။

ဖက်တီးလီ ထွက်ခွာသွားပြီးနောက် ထန်ရှုက မိုအားဝမ်နှင့် မိုအားဝူတို့အား အနားယူရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ဗီဗီယန်နီအား ဧည့်ခန်းသို့ ခေါ်ဆောင်လာကာ

“မင်း ပိုပြီး သန်မာချင်တယ်ဆိုရင် လေ့ကျင့်ရေးစခန်းတွေမှာ လေ့ကျင့်ပြီး လက်တုံ့ပြန်ဖို့ လုပ်နိုင်တယ်။ အဲ့ဒီအကြောင်းကို မိုအားဝမ် ပြောတာ ကျွန်တော် ကြားဖူးတယ်။ လေ့ကျင့်ရေးအတွက် ကျွမ်းကျင်သူတွေရှိတဲ့ လေ့ကျင့်ရေးစခန်းတွေ ကမ္ဘာပေါ်မှာ အထူးသီးသန့်အနေနဲ့ရှိတယ်။ မင်း အဲ့ဒီကို သွားချင်တယ်ဆိုရင် သူများထက် ပိုသာလွန်သွားလိမ့်မယ်။”

လေ့ကျင့်ရေးစခန်းတစ်ခုလား။

တွမ်ရတ်ဂီတွင်လည်း တစ်ချိန်က ထိုကဲ့သို့ အတွေ့အကြုံရှိခဲ့သည်ကို ဗီဗီယန်နီ ပြန်လည်အမှတ်ရသွားပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။ ယခင်ကဆိုလျှင် သူမသည် အမြဲလိုလို သနားကြင်နာတတ်ကာ စိတ်နှလုံးသား နူးညံ့သူဖြစ်သည်။ ဆိုးယုတ်သောအရာများကို ပြုလုပ်သောသူများနှင့် ဆုံတွေ့ရင်တောင်မှ ထိုသူများအား သူမ မသတ်ဘဲ ပြင်းထန်သော သင်ခန်းစာများကိုသာ ပေးပြီး ပြသနာရှင်းရန် ထိုသူများထံမှ ငွေပမာဏများစွာကို ရယူသည်။

သူမ၏စိတ်နှလုံးသားနူးညံ့မှုကပင် သူမ၏မိသားစုဝင်များကို သတ်ခဲ့သလိုဖြစ်ရသည်ကို ယခုတော့ သူမ နားလည်ခဲ့ပြီဖြစ်ပေသည်။

“ကျေးဇူးပါထန်ရှု။” ဗီဗီယန်နီက ပြောကာ လှည့်ထွက်သွားသည်။

သူမ၏နောက်ကျောအား ကြည့်ရင်း ထန်ရှု တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူမအတွက် သူ ကောင်းတာ လုပ်မိသည်လား၊ ဆိုးတာလုပ်မိသည်လားကို မပြောနိုင်ပါပေ။ သို့သော် သူမသာ ပိုပြီး မသန်မာလာပါက သူမ၏ထူးကဲလှသောခွန်အားသည် အလဟသဖြစ်သွားပေလိမ့်မည်ဆိုသည်ကိုတော့ သူတွေးမိသည်။

“အမ်…နတ်သမီးခုနှစ်ဖော်အကလား။”

သူ ယခင်က ရွေးချယ်ထားသော အစီအစဉ်အား ပြန်လည်သတိရသွားပြီး ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းလိုက်မိသည်။ ဖက်တီးလီက ထိုအရာအား လျှို့ဝှက်ဆန်းကြယ်သည့်ဟန် ပြုလုပ်သွားပေရာ အလွန်သိလိုသောစိတ်သည် သူ၏စိတ်နှလုံးအတွင်းတွင် ပျံ့နှံ့လျက်ရှိသည်။ ယခု သူသည်လည်း အိပ်မပျော်နိုင်သည့်တူတူ ထိုအစီအစဉ်အား အတွေ့အကြုံယူရန်နှင့် မည်မျှ ဆန်းကြယ်သည်ကို ရှာဖွေရန် သူ ဆုံးဖြတ်လိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို နတ်သမီး၇ဖော်အက စီစဉ်ပေးပါ။”

အဆောက်အဦးအတွင်းရှိ လိုင်းဖုန်းမှတစ်ဆင့် ဂျက်စမင်းအား ဆက်သွယ်ကာ ထန်ရှုက တည့်တိုးပင် ပြောလိုက်သည်။

“ကောင်းပါပြီ။ မကြာခင် ရှင့်ကို တစ်ယောက်ယောက် လာခေါ်ပါမယ်။”

မိနစ်အနည်းငယ်ကြာပြီးနောက် ညအိပ်ဝတ်စုံဖြင့် ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် ထန်ရှု၏ဘန်ဂလိုသို့ ရောက်လာကာ ကျွမ်းကျင်သော အင်္ဂလိပ်ဘာသာစကားဖြင့်

“ရှင်က မစ္စတာထန်လား။ ဒုဥက္ကဋ္ဌဂျက်စမင်းက ရှင့်ကို သာယာချမ်းမြေ့စင်တာကို လမ်းပြပေးဖို့ ခိုင်းထားလို့ပါ။”

“ဟုတ်ပါတယ်။ ကျွန်တော်ပါ။” ထန်ရှုက ခေါင်းညိတ်သည်။

ထိုမိန်းကလေး၏အနောက်မှ လိုက်ပါသွားရင်း ထန်ရှုက စပ်စုလိုက်သည်။

“မိန်းမလှလေး… နတ်သမီး၇ဖော်အကအစီအစဉ်က ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော့်ကို ကြိုတင်ပြောပြပေးနိုင်မလား။ ကျွန်တော့်သူငယ်ချင်းက အဲ့ဒီအကြောင်းကို ပြောတိုင်း လျှို့ဝှက်ဆန်းကြယ်တဲ့ဟန်နဲ့ လျှို့လျှို့ဝှက်ဝှက်နဲ့မို့။”

“ခွိ…”

မိန်းမလှလေးက ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ ရယ်မောလိုက်ပြီးမှ အပြုံးဖြင့်

“နတ်သမီး၇ဖော်အကကို ရှင် ဘာမှ မသိထားဘူးလား လူကြီးမင်း။”

“ကျွန်တော် တကယ်ကို မသိပါဘူး။” ထန်ရှုက ခေါင်းယမ်းကာ ပြောလိုက်သည်။

မိန်းမလှလေးက တစ်ချက်ပြုံးလိုက်ပြီး

“ရှင် မသိဘူးဆိုမှတော့ ကျွန်မနဲ့အတူလိုက်ခဲ့တာ ကောင်းပါတယ်။ အဲ့ဒီအစီအစဉ်ကို ရှင် ရှင်းရှင်းလင်းလင်း သိသွားတဲ့အထိ စောင့်ပါ။ ရှင် ကောင်းကောင်းမွန်မွန် ရှင်သန်နေသေးသရွေ့ အဲ့ဒီအရာကို ရှင် သေချာပေါက်ကို ရွှင်မြူးခံစားနိုင်ပါလိမ့်မယ်။”

ကောင်းကောင်းမွန်မွန် ရှင်သန်နေသေးသရွေ့ ဟုတ်လား။ ဒါကြီးက ဘာအဓိပ္ပာယ်များလဲ။

ထန်ရှု၏မျက်နှာထက်တွင် ပဟေဠိဖြစ်သွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ မိန်းမလှလေးကို ကြည့်ရသည်မှာလည်း ထပ်ပြီး ရှင်းပြလိုဟန် မရှိသောကြောင့် သိလိုစိတ်အား မျိုသိပ်ကာ သူမနှင့်အတူ လိုက်ပါလာခဲ့သည်။

၇မိနစ်-၈မိနစ်ကြာပြီးသော် သူတို့သည် ဥရောပစတိုင်အဆောက်အဦးတစ်ခုသို့ ရောက်လာခဲ့ကြသည်။ ဘေးပတ်လည်အား တစ်ချက်ကြည့်လိုက်ရာ ထိုအဆောက်အဦးသည် အနည်းငယ်ထူးခြားနေသည်ကို ထန်ရှု သတိပြုမိသည်။ ပထမဦးစွာ အဆောက်အဦး၏ပြင်ပနံရံသည် အနီရောင်သုတ်ထားပြီး ပြတင်းပေါက်တိုင်း၏ လိုက်ကာများသည် ဆွဲတင်ထားသဖြင့် ၎င်း၏အတွင်းဆေးခြယ်သမှုသည် နီရဲတောက်ပသောအရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အစိမ်းရင့်ရောင်၊ မဲနယ်ရောင်၊ ဟသာၤပြဒါးအရောင်နှင့် ခရမ်းနုရောင်များဖြင့် ခြယ်သထားသည်။

“ကြိုဆိုပါတယ် ဂုဏ်သရေရှိလူကြီးမင်းရှင့်။”

အဆောက်အဦးရှေ့တွင် စကတ်အရှည်များ ဝတ်ဆင်ကာ ဆွဲဆောင်မှုရှိစွာ ပြင်ဆင်ထားပြီး မတ်တတ်ရပ်နေသော မိန်းမပျို၄ဦးက ထန်ရှုအား နှုတ်ဆက်သည်။

ထန်ရှုက ခေါင်းညိတ်ပြကာ အဆောက်အဦးအတွင်းသို့ မိန်းမပျိုလေးအနောက်မှ လိုက်သွားလိုက်သည်။ နံရံများ ဝန်းရံထားသော ခန်းမ၏အလယ်တွင် တောက်ပသည့် သံမဏိတိုင်လုံးအား တည်ဆောက်ထားပြီး တဖျတ်ဖျတ်လင်းလက်နေသော ရွှေရောင်အလင်းများဖြင့် အလှဆင်ထွန်းညှိထားသဖြင့် အတွင်းဒီဇိုင်းနှင့်အပြင်အဆင်သည် သံသယဖြစ်စရာ လေထုဖြင့် ပြည့်နှက်နေသည်ကို သူ သိလာသည်။ ထိုနေရာတွင် အနည်းငယ် ထူးခြားဆန်းကြယ်သော အပြင်အဆင်ဖြင့် မိန်းမလှတစ်ဦး ရှိနေရုံတင်မကဘဲ ရုပ်ရည်ချောမောသော သို့မဟုတ် ခပ်မိုက်မိုက် ခပ်တောင့်တောင့် အမျိုးသားများလည်း များစွာ ရှိနေပေသည်။

“မစ္စတာထန်… ကျွန်မတို့ဆီမှာ သာယာချမ်းမြေ့စင်တာက ခုနှစ်ထပ်က အတူတကွရှိတယ်။ ရှင် ဘယ်အထပ်ကို သွားချင်လဲ။” ထန်ရှုကို ခေါ်ဆောင်လာသော မိန်းကလေးက ဓာတ်လှေကားဆီသို့ ခေါ်ဆောင်လာရင်း အပြုံးဖြင့် မေးသည်။

“ကွာခြားချက်က ဘာတွေလဲ။” ထန်ရှုက ပြန်မေးလိုက်သည်။

“အထပ်မြင့်လေ ပိုလှတဲ့ မိန်းမလှလေးရှိလေ ဖြစ်ပြီးတော့ ဈေးလည်း ပိုကြီးလေပါရှင့်။ ဒါပေမယ့် ဒုဥက္ကဋ္ဌက ရှင်က ပိုက်ဆံအကုန်အကျ လုံးဝကင်းလွတ်ပါတယ်လို့ ရှင်းပြလိုက်တာမို့ ရှင် ကြိုက်တာကို ရွေးချယ်နိုင်ပါတယ်။” မိန်းကလေးက ရှင်းပြသည်။

“အဲ့လိုဆိုမှတော့ ၇ထပ်ကို သွားမယ်။” ထန်ရှုက မစဉ်းစားတော့ဘဲ ပြောလိုက်သည်။

“ကောင်းပါပြီရှင်။”

ဓာတ်လှေကားတံခါး ပွင့်လာသည်နှင့် မိန်းကလေးက ထန်ရှုအား ခေါ်ဆောင်လာသည်။ သူတို့ ခုနှစ်ထပ်သို့ ရောက်သောအခါ လှစ်ဟဖော်ပြထားသော ဝတ်စားဆင်ယင်မှုဖြင့် အမျိုးသမီးတစ်ဦးအား ထန်ရှုတွေ့ရသည်။ သူမသည် အလွန်အမင်း ခပ်ဟော့ဟော့ ၀တ်စားထားပြီး စိတ်ဆွပေးနိုင်သော ပုံသဏ္ဍာန်ဖြင့် အပြင်တွင် မတ်တတ်ရပ်နေပြီး တောက်ပသောအပြုံးပွင့်သည် သူမ၏မျက်နှာထက်တွင် ချိတ်ဆွဲလျက်ရှိသည်။

မိန်းကလေးက မိတ်ဆက်ပေးလိုက်သည်။

“မစ္စတာထန်… သူမက ခုနှစ်ထပ်က တာဝန်ခံ ရေဘယ်လ်ပါ။ ဒီနေရာကို ရောက်ရင် ကျွန်မရဲ့အလုပ်က ပြီးဆုံးပါပြီရှင်။ ဒီနေရာမှာ ပျော်ရွှင်စရာလေးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။”

ပြောပြီးသည်နှင့် မိန်းကလေးက ထန်ရှုအား အနည်းငယ် အရိုအသေပေးလိုက်ပြီး ဓာတ်လှေကားဆီသို့ လှည့်ထွက်သွားတော့သည်။

“ကျေးဇူးပြုပြီး လမ်းပြပါ။”

ထန်ရှုက တစ်စုံတစ်ခုကို ခပ်ရေးရေး ခန့်မှန်းမိသော်လည်း ယခုထိ မသေချာသေးပါချေ။ ထို့ကြောင့် ရေဘယ်လ်အား တိုက်ရိုက်သာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး…”

ရေဘယ်လ်က ထန်ရှုအား ခရမ်းနုရောင် အလင်းများအောက်မှ လျှောက်ကာ လမ်းပြလာသည်။ ကော်ရစ်ဒါ၂ခုအား ကျော်ပြီးသော် ကောင်းစွာ ပြင်ဆင်ထားသော မှုန်ဝါးဝါးစတိုင်ပုံစံအခန်းတစ်ခုသို့ ရောက်လာသည်။ ထို့နောက် သူမက ပြုံးကာ ပြောလိုက်သည်။

“မစ္စတာထန်… ကျေးဇူးပြုပြီး ခဏနားပါဦး။ စားပွဲပေါ်မှာ သစ်သီးတွေနဲ့ အချိုပွဲတွေရှိသလို ရေခဲသေတ္တာထဲမှာလည်း သောက်စရာအမျိုးမျိုး ရှိပါတယ်။ ရေအရင်ချိုးချင်ရင်လည်း ဘေးအခန်းက ရေချိုးခန်းထဲမှာ သွားချိုးနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ ပြင်ဆင်ဖို့ မိနစ်၂၀အချိန်ယူရမှာမို့ ခွင့်ပြုပေးပါရှင်။ ပြီးရင် အစီအစဉ်က ပုံစံတကျ စတော့မှာပါ။”

“ဒီအစီအစဉ်က ဒုက္ခရောက်မယ့်ဟာလား။”

ထန်ရှုက မေးသည်။

“ဟင့်အင်း မဟုတ်ပါဘူး။ ရှင့်ရဲ့စွမ်းရည်ကောင်းနေသရွေ့ ဒီဟာက ကမ္ဘာပေါ်မှာ အကောင်းဆုံး ပျော်ရွှင်စရာဆိုတာ အသေအချာပါ။ ရှင့်မှာ တခြားပြောစရာ မရှိတော့ဘူးဆိုရင် ကျွန်မကို သွားခွင့်ပြုပါဦး။”

ရေဘယ်လ်က အပြုံးဖြင့် ထွက်ခွာသွားသည်။

ထန်ရှုက သူ၏အကြည့်အား ရွေ့လျားလိုက်ရာ အခန်းသည် ၂၀၀-၃၀၀စတုရန်းမီတာ ကျယ်ဝန်းသည်ကို တွေ့လိုက်ရသည်။

ခမ်းနားကြီးကျယ်လှပေသည်။

သားရေဆိုဖာရှည်ကြီး၏အရှေ့တွင် အမျိုးမျိုးသော အချိုပွဲများ၊ သစ်သီးများတင်မက အထူးကောင်းမွန်သော အရန်ဟင်းပွဲများဖြင့် ပြည့်နေသည့် စားပွဲရှည်တစ်လုံး ရှိနေပေသည်။ ဆိုဖာအနီးတွင် ဖက်ရှင်မဂ္ဂဇင်းများရှိနေသောစင်ရှိပြီး ဗီရိုအသေးတစ်လုံးပင်ရှိနေပေသည်။ နံရံထက်တွင် လက်မ၆၀ရှိသော LCD တီဗွီတစ်လုံးအား ချိတ်ဆွဲထားပြီး တီဗွီအား အသံပိတ်ထားသော်လည်း တီဗွီမျက်နှာပြင်ထက်တွင် မိန်းမလှများ၏ ဓာတ်ပုံများအား ပြသလျက်ရှိနေသည်။

“ငါ ရေချိုးရလိမ့်မယ်။”

***

All Chapters