← Chapters

ပင်လယ်ပြင်ဆီသို့ ခရီးထွက်ခြင်း

Vol. 07 Ch. 302

ပင်လယ်ပြင်ဆီသို့ ခရီးထွက်ခြင်း

Vol. 07 Ch. 302

ထန်ရှုက အမိုးဖွင့်ပြိုင်ကားလေးအား ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ကားကိုပတ်ကာ ရှေ့ခန်းတွင် ဝင်ထိုင်သည်။ ထို့နောက် သူက ဂျက်စမင်းအား  ကြည့်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

“မင်းတို့ရဲ့ဒီအပန်းဖြေနေရာက ကာစီနိုတစ်ခုလည်း ရှိတဲ့အပြင် ဒီလိုနေရာမျိုးလည်း ရှိနေတာ ဒေသခံအာဏာပိုင်တွေရဲ့စုံစမ်းစစ်ဆေးမှာကို မကြောက်ဘူးလား။”

ထန်ရှုအား ထူးဆန်းသောအမူအရာများဖြင့် ကြည့်ရင်း ဂျက်စမင်းက ပေါ့ပါးစွာ ရယ်မောလိုက်ကာ

“မစ္စတာထန်… ရှင် မသိသေးလို့ပါ။ ဒေသခံအာဏာပိုင်တွေထဲမှာ အစစ်အမှန်အာဏာရှိတဲ့ အကောင်ကြီးကြီးကလည်း ဒီအပန်းဖြေနေရာမှာ ရှယ်ယာပါထားတယ်လေ။ နှစ်တိုင်း သူက ဒီကနေ အမြတ်အများကြီး ရနိုင်တာပေါ့။”

“ဒီလိုဆိုမှတော့လည်း…”

ခေါင်းညိတ်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း အဖြစ်အပျက်များစွာအတွက် တရားဝင်အကာအကွယ် ရထားသည့် နေရာအကြောင်း ပြောဆိုရမည်ကို သူကိုယ်တိုင် မနှစ်သက်သလို ဖြစ်သွားသည်။ သည်ထူးခြားဆန်းကျယ်သောအသွင်သည် နိုင်ငံခြားတိုင်းပြည်များတွင် အထူးတလည် ပြောဆိုရန်မဆိုထားဘိ သာမန်ကိစ္စရပ်လေးတစ်ခုပင် ဖြစ်နေချေသည်။

၂မိနစ်ကြာသော် ပြိုင်ကားလေးသည် ထန်ရှု တည်းခိုရာ ဘန်ဂလိုအရှေ့တွင် ဆိုက်ရောက်ခဲ့ပြီဖြစ်သည်။

“ကောင်းသောညဖြစ်ပါစေ မစ္စတာထန်…” ဂျက်စမင်းက အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

သူမအား ခေါင်းညိတ်တုံ့ပြန်ကာ ဘန်ဂလိုခြံဝင်းထဲ ဝင်တော့မည့်ဆဲဆဲတွင် ထန်ရှု ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားသည်။

“မစ္စဂျက်စမင်း…ပင်လယ်ပြင်မိုးလေဝသ သတင်းတွေ မင်း နားထောင်တယ်မဟုတ်လား။ မနက်ဖြန် ပင်လယ်ပြင်မှာ မုန်တိုင်း ရှိမလား။”

ဂျက်စမင်းက ပြန်ဖြေသည်။

“ဒီနေ့ ရေကြောင်းမိုးလေဝသ သတင်းက မနက်ဖြန် ပင်လယ်ပြင်မှာ ရာသီဥတု တည်ငြိမ်မယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမယ့် ဒီသတင်းက သိပ်မယုံရဘူးလို့ ကျွန်မ ထင်တာပဲ။ ပင်လယ်ပြင်ဆိုတာ အချိန်နှင့်အမျှ ရာသီဥတု ပြောင်းလဲနေတာဆိုတော့။ အခုချိန်မှာ ရာသီဥတုက ငြိမ်သက်နေတာဆိုပေမယ့် ရုတ်ခြည်းဆိုသလို မုန်တိုင်းက ဖြစ်ပွားနိုင်တာမျိုးလေ။”

“ပင်လယ်သမုဒ္ဒရာရဲ့ရာသီဥတုက ပြောင်းလဲလွယ်တယ်လို့ ပြောနေတာလား။”

ထန်ရှုက မေးသည်။

ဂျက်စမင်းက ခေါင်းတစ်ချက်ညိတ်ကာ

“ကျွန်မ ပြောချင်တာနဲ့ကွက်တိပဲ။”

ထန်ရှုက တစ်ခဏမျှ စဉ်းစားလိုက်ပြီး လေးနက်သောအသံဖြင့် ပြောသည်။

“ပင်လယ်သမုဒ္ဒရာရဲ့ရာသီဥတုက ပြောင်းလဲလွယ်တယ်ဆိုမှတော့ ဒီမှာ ဆက်နေဖို့ မလိုတော့ဘူးပေါ့။ ကျေးဇူးပြုပြီး တွမ်ကို ပြောပေးပါ။ ကျွန်တော်တို့ မနက်ဖြန်မနက်စောစော ထွက်မယ်ဆိုတာရယ်၊ စီးပွားရေးကိစ္စတွေ လုပ်ပြီးရင် ဒီမှာပဲ တည်းခိုဦးမယ်ဆိုတာရယ်ကိုပါ။”

“ပြောလိုက်ပါမယ်။” ဂျက်စမင်း ခေါင်းညိတ်သည်။

နောက်တစ်နေ့ မနက်ခင်းတွင် ထန်ရှုနှင့် မိုညီအစ်ကိုတို့သည် လောင်ကမ်းခြေအပန်းဖြေနေရာမှ ထွက်လာကြပြီး တွမ်ရတ်ဂီ စေလွှတ်လိုက်သော လူတစ်ယောက်နှင့်အတူ သဲနီကမ်းခြေသို့ ထွက်လာကြသည်။ ထိုနေရာသို့ သူတို့ရောက်သောအခါ ဇိမ်ခံသဘောၤကြီး ဆိုက်ကပ်ထားသော ပင်လယ်ရေပြင်မှ မီတာဒါဇင်များစွာ ဆန့်ထုတ်ထားသည့် ယာယီသဘောၤကုန်းပတ်အား တည်ဆောက်ထားပြီးဖြစ်သည်ကို တွေ့ရသည်။

ထိုနေရာတွင် တွမ်ရတ်ဂီ ရောက်ရှိနေသည်မှာ ကြာနေပြီဖြစ်ပြီး ထန်ရှုအား စောင့်နေခဲ့သည်။ သူတို့ရောက်လာသည်ကို တွေ့ရသောအခါ သူက ရယ်မောလျက်

“အားလုံး ပြင်ဆင်ပြီးပြီ။ ပင်လယ်ထဲ မိုင်ပေါင်းများစွာထိလည်း လူများစွာကို ရွက်လွှင့်စေလွှတ်ပြီးပြီ။ အရာအားလုံးက ပုံမှန်ပဲ။ သဘောၤသားတွေ၊ မင်းရဲ့လမ်းခရီးမှာ လိုအပ်မယ့် အစားအစာနဲ့သောက်စရာတွေလည်း သဘော်ပေါ်မှာ အဆင်သင့်ပဲ။ တစ်ပတ်စာ လုံလောက်တယ်။”

“ကျေးဇူးပါဗျာ။” ထန်ရှုက ပြုံးကာ ဆိုလိုက်သည်။

“မလိုပါဘူးကွာ။” တွမ်ရတ်ဂီက သွားဖြဲရယ်မောကာ သူတို့၃ယောက်အား သဘောၤပေါ်သို့ လိုက်ပို့သည်။ သူတို့ သဘောၤပေါ် ရောက်သည်နှင့် ထန်ရှုက ရုတ်တရက် မေးလိုက်သည်။

“တွမ်…ခင်ဗျားရဲ့သဘောၤကို ကျွန်တော် ဝယ်မယ်ဆိုရင် ဘယ်လောက်နဲ့ ရောင်းမလဲ။”

တစ်ခဏမျှ အံ့အားသင့်သွားပြီး စိတ်မပါသောအမူအရာအား ဖော်ပြလျက် တွမ်ရတ်ဂီက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒီသဘောၤကို ပြည်ပကနေ ငါ အော်ဒါ မှာခဲ့ပြီးတော့ သဘောၤဒီဇိုင်းရေးဆွဲသူက ကမ္ဘာ့အကောင်းဆုံးလူပဲ။ စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၆၀ မီလီယံ ကုန်ကျထားတယ်။”

“ကျွန်တော့်ကို အမေရိကန်ဒေါ်လာ ၂၀၀ မီလီယံနဲ့ ရောင်းပါ။” ထန်ရှုက တစ်ချက်ပြုံးကာ ဈေးတစ်ခုပေးလိုက်သည်။

တွမ်ရတ်ဂီ၏မျက်နှာသည် တဖျတ်ဖျတ် လင်းလက်သွားပြီး ဘေးတွင် တိတ်ဆိတ်စွာ ရှိနေသော မိုအားဝမ်အား ကြည့်လိုက်ကာ နှုတ်ခမ်းကိုက်ကာ စဉ်းစားနေပြီးမှ

“အဲ့လိုဆိုမှတော့ ဒီသဘောၤက မင်းဟာပေါ့။”

“အဲ့ဒါဆိုရင် အရောင်းအဝယ်စာချုပ်တွေ ကျေးဇူးပြုပြီး ပြင်ထားပေးပါဦး။ ကျွန်တော်တို့ ပြန်လာတဲ့အခါကျရင် စာချုပ်မှာ လက်မှတ်ရေးထိုးပြီး ငွေချေပါမယ်။” ထန်ရှုက ပြုံးကာ ပြောသည်။

“ပြသနာ မရှိပါဘူး။”

တွမ်ရတ်ဂီက ဆုံးဖြတ်ချက် ချပြီးသောကြောင့် ပျော်ရွှင်စွာဖြင့်  ချက်ချင်း လိုက်လျောသည်။

ထန်ရှုပေးသော ဈေးနှုန်းမှာ အတန်ငယ် မြင့်မားသော်လည်း သူ ရှုံးနေဆဲဖြစ်သည်ဟု ယူဆနိုင်သေးသည်။ ထန်ရှုသည် သူ၏ကာစီနိုတွင် မနေ့ညက ၁ဘီလီယံ အနိုင်ရခဲ့သည်။ ထိုအရာသည် တရုတ်ငွေကြေးဖြစ်သော်လည်း အမေရိကန်ဒေါ်လာနှင့်ဆိုပါက အများဆုံး ၁၀၀မီလီယံဝန်းကျင် ရှိပေမည်။ တစ်နည်းအားဖြင့်ဆိုသော် ထန်ရှုသည် သူ၏သဘောၤအား ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁၀၀မီလီယံသာ အသုံးပြုခဲ့ရပေသည်။

တွမ်ရတ်ဂီ သဘောၤပေါ်မှ ဆင်းသွားပြီးနောက် သဘောၤရွက်လွှင့်ခဲ့ပြီဖြစ်သည်။

မျက်စိတစ်ဆုံး မြင်လေရာအရပ်တိုင်းသည် ကောင်းကင်ပြာနှင့် သမုဒ္ဒရာရေနက်ပြာအား ရှုမျှော်မဆုံး မြင်တွေ့နေရသည်။ သဘောၤ၏ဦးပိုင်းတွင် ထန်ရှုသည် မတ်တတ်ရပ်လျက် တိုက်ခတ်နေသောလေနှင့် လှိုင်းပုတ်သည့်ဒဏ်အား ကြံ့ကြံ့ခံရင်း သူ၏ရင်တွင်းတွင် မျှော်လင့်ချက်ရေးရေးတစ်ခု ရှိနေကာ နဂါးကိုးကောင်ကျွန်းသို့ရောက်ရန် စိတ်စောလျက်ရှိသည်။

လက်ရှိတွင် ကျွန်းသည် ရောင်းချထားသူ၏ စီမံမှုအောက်တွင် ရှိနေသေးဆဲဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူသည် လွန်ခဲ့သောတစ်လကျော်ကပင် ထိုနေရာမှ လူများအား ရွှေ့ပြောင်းရန် ပြင်ဆင်ခဲ့သည်ဟူသော သတင်းများ ရောက်လာချိန်တွင် ထိုကျွန်းအား မည်သည့်အချိန်တွင် သူ လက်ခံမည်နည်းဟူသောအကြောင်းသည် သူ၏အရေးဖြစ်ခဲ့သည်။ ရှေးယခင်က ထန်ရှုသည် အားလပ်ချိန်မရှိသောကြောင့် ထိုကျွန်းအား ယခုအချိန်တွင် စီမံခန့်ခွဲမည့်သူတစ်ဦးမျှ မရှိချေ။

“နဂါးကိုးကောင်ကျွန်းက သမုဒ္ဒရာထဲ လူအရောက်အပေါက်နည်းတဲ့ နေရာမှာ သီးခြားတည်ရှိနေတာဆိုတော့ အဲ့ဒီမှာ အခုချိန် လူတစ်ဦးမှ ရှိမနေဖို့ မျှော်လင့်ရတာပဲ။”

သူ၏အတွေးများ ထိုနေရာသို့အရောက်တွင် ထန်ရှု ဖျော့တော့စွာ ပြုံးလိုက်သည်။ ထိုကျွန်းတွင် လက်ရှိ၌ မည်သူတစ်ဦးမျှ ရှိမနေသည်ဟုဆိုသော်ငြား၊ လူရှိနေခဲ့သည်ဆိုပါကလည်း ထိုသူများအား သူ မောင်းထုတ်ရပေမည်။ သူသည် ထိုကျွန်း၏ ပိုင်ရှင်ဖြစ်ပြီး သူ၏ခွင့်ပြုချက်မပါဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခွင့်မပြုနိုင်ချေ။

“သူဋ္ဌေး… ဖုန်းလာနေတယ်။”

မိုအားဝမ်က သူ၏အနောက်တွင် ပေါ်လာပြီး ဂြိုဟ်တုဖုန်းတစ်လုံးအား လှမ်းပေးသည်။

ထန်ရှုက ယူလိုက်ပြီးနောက် လေးနက်သောအသံဖြင့်

“ထန်ရှု ပြောနေပါတယ်။”

ဂူရှောင်ရွှဲ့၏အသံက ဖုန်းထဲမှ ထွက်လာသည်။

“ဆရာအဘိုး…နဂါးကိုးကောင်ကျွန်းကို သွားတဲ့လမ်းမှာလား။ ငါက အနှောင့်အယှက် မဖြစ်ပါဘူးနော်။”

ဂူရှောင်ရွှဲ့၏အသံကို ကြားသည်နှင့် ထန်ရှု ချက်ချင်းပြုံးသွားပြီး

“အဆင်ပြေပါတယ်။ သဘောၤက ခုမှ စထွက်တာပါ။ တစ်ခုခုများ ဖြစ်လို့လား။”

“ဟုတ်တယ် ဆရာအဘိုး။ ထျန်းလီ၊ ဟောင်လဲ့နဲ့အခြား၂ယောက်က ပြန်လာပြီး အကြီးအကဲကျိကို ဆရာအဘိုးမှာလိုက်တာကို ပြောပြတယ်။ နောက်ပြီး သူတို့ပြန်လာတဲ့အချိန်မှာ ၂၈ဘီလီယံ ယူလာသေးတယ်။ အဲ့ဒါ ဆရာအဘိုးရဲ့ဘဏ်အကောင့်ထဲ လွှဲပေးစေချင်လား။ ဆရာအဘိုး ပြန်လာတာကို စောင့်ရမလား။”

ထန်ရှု တစ်ချက် တွေးလိုက်ပြီး

“၁၈ဘီလီယံကို သိမ်းထားပြီး ၁၀ဘီလီယံကို ငါ့ဆီ လွှဲပေးလိုက်ပါ။ နဂါးကိုးကောင်ကျွန်းကို အသွင်ပြောင်းတဲ့အခါကျရင် ပိုက်ဆံအများကြီး ကုန်လိမ့်မယ်။ ဒါနဲ့ ဂျင်ဆင်းဝယ်ပြီး ကျန်တဲ့၈ဘီလီယံကိုလည်း ငါ သိမ်းထားတယ်နော်။”

“နားလည်ပြီ။ ဆရာအဘိုးရဲ့အကောင့်ထဲကို ငွေလွှဲပေးလိုက်မယ်။ ဒါနဲ့ ဆရာအဘိုး နဂါးကိုးကောင်ကျွန်းကို အသွင်ပြောင်းမှုမှာ ငါ့ကို ကူညီစေချင်လား။” ဂူရှောင်ရွှဲ့က တစ်ချက်ပြုံးကာ မေးလိုက်သည်။

“ဆိုင်ပန်မှာ ထာဝရခန်းမက ယုံကြည်စိတ်ချရတဲ့ ဆောက်လုပ်ရေးကုမ္ပဏီများ ရှိနေလား။ ငါ ဒီမှာ အလွန်ကြီးမားတဲ့ဆောက်လုပ်ရေးကုမ္ပဏီအကြောင်း သိချင်နေတာ။”

“ဟင့်အင်း မရှိဘူး… ဆရာသခင်ရဲ့ လုပ်ငန်းလည်ပတ်မှုက အရင်တုန်းက နိုင်ငံအကန့်အသတ်ရှိတယ်။ ဒါပေမယ့် ငါတို့ထာဝရခန်းမက လူတစ်ချို့ကို မေးလိုက်လို့ သိတဲ့လူတစ်ယောက်ယောက်များရှိရင် ရှင့်အတွက် သူတို့ကို ရှာဖွေလိုက်မယ်လေ။” ဂူရှောင်ရွှဲ့က ရှင်းပြသည်။

“ကောင်းပြီ။” ထန်ရှု တုံ့ပြန်လိုက်သည်။

ဖုန်းပြောပြီးသည်နှင့် ထန်ရှုက ဖုန်းအား မိုအားဝမ်ဆီသို့ ပြန်ပေးလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“အဲ့ဒီဟောင်ကောင်ဘီလျံနာ၄ဦးက တကယ်ပဲ ပိုက်ဆံတွေအများကြီးကို ပေးလိုက်လိမ့်မယ်လို့ ထင်မထားဘူး။ ပထမတော့ နဂါးကိုးကောင်ကျွန်းကို ပြန်လည်ပြုပြင်တည်ဆောက်ရင် ပိုက်ဆံမလောက်မှာကို တွေးမိပေမယ့် ခုကြည့်ရတာ အများကြီး မလောက်ငှတာ မဖြစ်တော့ဘူး။”

မိုအားဝမ်၏အမူအရာက လှုပ်ရှားသွားပြီး

“သူဋ္ဌေး…ခုနက ဆိုင်ပန်က ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုကို ရှာဖွေနေတယ်လို့ ပြောလိုက်သလားလို့။ တွမ်က ဒီဒေသခံပဲ။ သူ အဲ့ဒီအကြောင်း သိလောက်တယ်။”

“အဲ့ဒါကို ကျွန်တော် စဉ်းစားမိသေးတယ်။ ဒါပေမယ့် တွမ်က ခုချိန်မှာ ဘယ်လိုလူစားလဲဆိုတာ ကျွန်တော် သေချာမသိလို့ မပြောပြဖြစ်ခဲ့ဘူး။”

“သူဋ္ဌေး… သူရဲ့အကျင့်စရိုက်ကို အခြားသူတွေနဲ့ ရောစပ်ဖို့ဆိုတာ တွမ်အတွက် မဖြစ်နိုင်တာမို့ အဲ့ဒါအတွက် ပြသနာမရှိပါဘူး။ ငါတို့ သင်ယူတဲ့စွမ်းရည်မျိုး သူ မသင်နိုင်ပေမယ့် အဲ့ဒါကို သူ မသိဖို့ ဖုံးကွယ်ထားဖို့ မလိုအပ်ဘူးလို့ထင်တယ်။ နောက်ပြီး နဂါးကိုးကောင်ကျွန်းကို ပြန်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းအများကြီးက ဆိုင်ပန်ကို ဖြတ်ပြီးလာရမှာ။ အချိန်ကျလာရင် တွမ်က ဒေသခံဖြစ်နေတော့ ဒီအကြောင်းကို သိဖို့ဆိုတာ သူ့အတွက် မခက်ခဲဘူး။”

ထန်ရှုက တစ်ခဏမျှ ငြိမ်သက်သွားပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အရင် စောင့်ကြည့်ကြတာပေါ့။ ဒီက ဆောက်လုပ်ရေးလုပ်ငန်းကြီးအကြောင်းကို သိတဲ့ ထာဝရခန်းမက တစ်စုံတစ်ယောက်များ ရှိလေမလားဆိုတာ ရှာကြမယ်။ ရှိခဲ့ရင် သူ့ကို အနှောင့်အယှက်ပေးဖို့ မလိုတော့ဘူး။ မရှိခဲ့ရင်တော့ သူ့ကို ထပ်ပြီး ပြောကြတာပေါ့။”

မိုအားဝမ် ခေါင်းညိတ်ပြကာ နောက်ထပ်စကားမဆိုတော့ချေ။

နှစ်ရက်နှင့်နေ့တစ်ပိုင်း ကုန်ဆုံးပြီးနောက် နောက်ဆုံးတွင် သဘောၤသည် နဂါးကိုးကောင်ကျွန်းသို့ နေဝင်ချိန်တွင် ရောက်လာခဲ့ပြီဖြစ်သည်။

သဘောၤသည် ချဲ့ထွင်ထားသော မာရီနာဆိပ်ကမ်းတွင် ရပ်လိုက်သောကြောင့် ထန်ရှုက မိုအားဝမ်အား သဘောၤတွင် နေခဲ့ရန် အမိန့်ပေးလိုက်ပြီး မိုအားဝူနှင့်အတူ နဂါးကိုးကောင်ကျွန်းပေါ်သို့ တက်ခဲ့သည်။ သူတို့သည် လမ်းအတိုင်း တက်လာခဲ့ပြီး တောင်ပေါ်ရှိ နယ်မြေအတွင်းပိုင်းသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။

“သူဋ္ဌေး…မမှန်ကန်တဲ့အရာ ရှိနေတယ်။”

တောက်ပစွာ တည်ဆောက်ထားသော ရဲတိုက်ကို ကြည့်ပြီး မိုအားဝူ၏မျက်မှောင်ကြုပ်သွားသည်။ သူနှင့် ထန်ရှုသည် ထက်မြက်သော အမြင်အာရုံကို ပိုင်ဆိုင်ထားသောကြောင့် တစ်ကီလိုမီတာအကွာရှိ အဆောက်အဦးအတွင်းမှ လူအများအပြားအား ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သေနတ်ကိုင်ဆောင်ထားသော လူများအား အဆောက်အဦး၏အပြင်ဘက်တွင် တွေ့ရသည့်အပြင် ပြောက်ကျားနည်းစနစ်ဖြင့် ပုန်းခိုနေသောလူများလည်း ရှိနေသည်။

ထန်ရှု ခေါင်းညိတ်လိုက်ပြီး တုံ့ပြန်တော့မည့်ဆဲဆဲတွင် သူ၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားကာ အော်လိုက်သည်။

“ဘယ်သူလဲ။”

“ကျွန်တော်ပါ သူဋ္ဌေး။”

ဝမ်ဒေါင်နှင့်အခြားလူတစ်ယောက်က တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး ထန်ရှု၏ဘေးနားသို့ ရောက်လာသည်။ သူက ရဲတိုက်ဆီသို့ အမြန်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်

“ဒီမှာ ထူးခြားတဲ့အခြေအနေတစ်ခု ဖြစ်နေတယ် သူဋ္ဌေး။ ကျွန်တော်တို့ အဲ့ဒီကို ယာယီမသွားနိုင်သေးဘူး။”

“ဘာတွေ ဖြစ်လို့လဲ။ ရဲတိုက်ထဲမှာ ဘယ်သူရှိနေတာလဲ။”

ထန်ရှုက မျက်မှောင်ကြုပ်ကာ မေးလိုက်သည်။

ဝမ်ဒေါင်က မချိပြုံး ပြုံးလိုက်ပြီး

“ကျွန်တော်တို့ ဒီကို သူဋ္ဌေးထက် ရက်အနည်းငယ် ကြိုပြီး ရောက်နေတာ။ ကျွန်တော်တို့ ဒီနေရာကို ရောက်တော့ ဓားပြအုပ်စုတစ်စုက အပိုင်စီးထားတာကို တွေ့ရတယ်။ အရေးကြီးဆုံးက သူတို့က နိုင်ငံသားရာပေါင်းများစွာကို ပြန်ပေးဆွဲထားပြီး ဒီနေရာမှာ ချုပ်နှောင်ထားကြတာ။”

“ဓားပြအဖွဲ့က လူဘယ်နှစ်ယောက် ရှိလဲ။”

ထန်ရှုက မေးသည်။

“လူအယောက်၂ရာကျော်တယ်။ လူတိုင်းမှာ သေနတ်တစ်လက်စီ ရှိကြတယ်။ ဝံပုလွေခေါင်းဆောင်က အဲ့ဒီနေရာကို မနေ့က သွားစုံစမ်းတာ ဓားပြတစ်ယောက်က သူ့ကို တွေ့သွားလို့ သူ အဲ့ဒီကောင်ကို သတ်လိုက်တယ်။ ခေါင်းဆောင်က ဆိပ်ကမ်း၉ခုနားမှာ ကျွန်တော်တို့တွေကို လွှတ်ထားပြီး သူဋ္ဌေးလာတာကို စောင့်ခိုင်းထားခဲ့တာ။”

“ဝံပုလွေခေါင်းဆောင်နဲ့ အခြားလူတွေကို ဆက်သွယ်ပြီး သူတို့ကို ဒီနေရာကို ချက်ချင်းလာဖို့ ပြောလိုက်။”

“အမိန့်အတိုင်းပါ သူဋ္ဌေး။” ဝမ်ဒေါင်က တုံ့ပြန်ကာ ဂြိုဟ်တုဖုန်းဖြင့် လျင်မြန်စွာ ဆက်သွယ်လိုက်သည်။

နာရီဝက်ကြာပြီးနောက် ဝံပုလွေခေါင်းဆောင်နှင့် အခြားလူများ ရောက်လာသည်။

“သူဋ္ဌေး…ဝမ်ဒေါင် ဒီက အခြေအနေတွေ ပြောပြပြီးသွားပြီမဟုတ်လား။”

“သူ ပြောပြီးပြီ။ ဒီဓားပြအဖွဲ့က ဘယ်ကလာတာလဲဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီလား။”

“စုံစမ်းပြီးပြီ သူဋ္ဌေး။ အဲ့ဒီဓားပြတွေက ဒီအနီးနားက ပင်လယ်မှကျက်စားနေတဲ့ကောင်တွေ။ နေရာအတည်တကျ မရှိဘူး။ သူတို့ကျက်စားတာ နှစ်များစွာ ကြာပြီ။ ဒီဧရိယာမှာ သဘောၤအနည်းငယ်လောက်ပဲ ဖြတ်သန်းကြတော့ အစားအစာ လုံလုံလောက်လောက်ရဖို့ ခဲယဉ်းတယ်လေ။ ဒီဓားပြအဖွဲ့ကို သွေးငါးဓားပြအဖွဲ့လို့ ခေါ်ပြီးတော့ ခေါင်းဆောင်က ဒက်ဖ်စကိုင်းတဲ့။ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ရက်စက်တဲ့ ရာဇဝတ်သားတစ်ယောက်ပေါ့။ သူတို့ နဂါးကိုးကောင်ကျွန်းကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ရောက်ပြီး ရဲတိုက်အနောက်ဘက်မှာ နေတဲ့ လူတွေအများကြီးကို သတ်ပြီး ဒါကို သိမ်းပိုက်လိုက်တာ။”

***

All Chapters