ခေါင်းဆောင်ကို ဦးစွာဖမ်းခြင်းဖြင့် လူဆိုးများအား လက်ရဖမ်းဆီးခြင်း
Vol. 07 Ch. 303
“နိုင်ငံသားတစ်ဖွဲ့ကို ပြန်ပေးဆွဲထားတယ်လို့ ခင်ဗျား ကြားခဲ့တာလား။” ထန်ရှုက မေးသည်။
“ဟုတ်တယ်။ ငါ ဓားပြတစ်ယောက်ကို အတင်းနှိုက်ထုတ်မေးလာတာ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လုပ်ငန်းက တအားမကောင်းလေတော့ အခွင့်အလမ်းအချို့ရဖို့ ကျွန်းတစ်ကျွန်းကို တိတ်တဆိတ် ခိုးဝင်ပြီး နိုင်ငံသားတစ်ရာလောက်ကို ပြန်ပေးဆွဲထားတယ်။ အများစုက အမျိုးသမီးတွေ။”
ထန်ရှု၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းတစ်ချက် ဖြတ်သန်းသွားသည်။ ပြန်ပေးဆွဲခံရသော အမျိုးသမီးများသည် မည်သို့သောပြုမူမှုနှင့် ခံစားနာကျင်မှုများ ရရှိလိမ့်မည်ကို သူ ကောင်းစွာ သိပေသည်။ သူသည် သတ်ဖြတ်ခြင်းကို လှုံ့ဆော်ခဲသော်လည်း များပြားလှသောမကောင်းမှုများအား ကျူးလွန်ထားသည့် ထိုဓားပြများအတွက်မူ သနားညှာတာမှုကင်းမဲ့ရပေမည်။
“ဒီဓားပြတွေအားလုံး ပြုတ်ပြုတ်ပြုန်းစေရမယ်။”
ဝံပုလွေခေါင်းက အစဉ်အလာတိုင်း ပြောလိုက်သည်။
“သူဋ္ဌေး…ငါတို့မှာ လက်နက်တွေ မရှိဘူး။ သူတို့ကို တိုက်ခိုက်မယ်ဆိုရင် လုံးဝသုတ်သင်လိုက်နိုင်ရင်တောင်မှ ငါတို့ဘက်က ဆုံးရှုံးမှုအချို့ရှိလိမ့်မယ်။ အစီအစဉ်တစ်ခု ဆွဲပြီးမှ လှုပ်ရှားရလိမ့်မယ်လို့ ငါ ထင်တယ်။”
“ခင်ဗျား ဒီကို ရောက်နေတာ ရက်များစွာ ကြာပြီဆိုတော့ ဘယ်လိုအစီအစဉ်များ စိတ်ထဲမှာ ရှိလဲ။” ထန်ရှုက မေးလိုက်သည်။
“ဒီနေရာမှာ ငါတို့ ကင်းထောက်ခဲ့တယ်။ သွေးငါးဓားပြအဖွဲ့က အဖွဲ့ဝင်အားလုံးက ရဲတိုက်ထဲမှာ ရှိပြီး ပတ်ပတ်လည်မှာ ဓားပြအချို့က နေရာများစွာကို စောင့်ကြပ်နေတယ်။ ဆိုတော့ ဒီအစောင့်တွေကို အမြန်ဆုံးအရှိန်နဲ့ ဖယ်ရှားပြီး သူတို့လက်ထဲက သေနတ်တွေကို လုယူမယ် ပြီးရင် ရဲတိုက်ထဲကို တိတ်တဆိတ် ဝင်ရောက်ပြီး ခေါင်းဆောင် ဒက်ဖ်စကိုင်းကို အရင်ရှာတာ အကောင်းဆုံးပဲ။ သူ့ကို ဖမ်းနိုင်တာနဲ့ ငါတို့အတွက် ပိုလွယ်သွားမယ်။” ဝံပုလွေခေါင်းက ပြောသည်။
“သူတို့ခေါင်းဆောင်ကို အရင်ဖမ်းပြီး ဓားပြအုပ်စုကို ဖမ်းမယ် - အစီအစဉ်က မဆိုးပါဘူး။ ဒါပေမယ့် ဒက်ဖ်စကိုင်းကို ဖမ်းပြီးရင် ဓားပြတွေကို ခင်ဗျားသတ်နိုင်သလောက် သတ်နိုင်တယ်။ သူတို့များများသေလေ နောက်ပိုင်း ကျွန်တော်တို့ရင်ဆိုင်ရမယ့် အန္တရာယ်နည်းလေလေပဲ။ အားဝူ…ခင်ဗျားနဲ့ဝံပုလွေခေါင်းက ဒက်ဖ်စကိုင်းကို ပစ်မှတ်ထားရမယ့်အဖွဲ့။ အခြားသူတွေက အစီအစဉ်အတိုင်း လှုပ်ရှားဖို့ စောင့်ပါ။” ထန်ရှုက အေးစက်စွာ ပြောလိုက်သည်။
“နားလည်ပြီ။”
ထန်ရှုက မိုအားဝူအား ကြည့်ကာ ပြောလိုက်သည်။
“အားဝမ်ကို ဒီခေါ်လိုက်ပါ။ ဓားပြတွေ တစ်ယောက်မှ မလွတ်စေရဘူး။”
“ငါ အခုပဲ သွားလိုက်မယ်။” မိုအားဝူက လေးနက်စွာ ပြောသည်။
အစီအစဉ်တစ်ခု ရေးဆွဲပြီးသည့်နောက် လစ်ဟာခြင်းမရှိ သေချာစေရန် ထပ်ခါထပ်ခါ မှာကြားလိုက်ပြီး မိုအားဝမ်နှင့် မိုအားဝူရောက်လာသည်နှင့် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ဝံပုလွေခေါင်း၊ မိုအားဝမ်နှင့် အခြားလူ၁၂ယောက်တို့နှင့် ပူးပေါင်းမည့်အစား ထန်ရှုသည် ရဲတိုက်ဆီသို့ တစ္ဆေတစ်ကောင်အလား တိတ်တဆိတ် ချဉ်းကပ်သွားသည်။ သူ၏စိတ်ဝိညာဉ်အာရုံသည် စူးရှထက်မြက်လှသော အမြင်အာရုံနှင့်အတူ မီတာ၂၀၀ပတ်လည်အား လွှမ်းခြုံထားသောကြောင့် မကြာမီ သူသည် ရဲတိုက်နံရံဆီသို့ ရောက်လာခဲ့သည်။
“ကြည့်ရတာ ဒီဓားပြတွေက နဂါးကိုးကောင်ကျွန်းမှာ အခြေစိုက်ထားတဲ့ပုံပဲ။ ရဲတိုက်ရဲ့နေရာအနှံ့မှာ စောင့်ကြည့်ကင်မရာတွေတောင်မှ တပ်ထားပြီးနေပြီ။”
ထန်ရှု၏မျက်လုံးအိမ်အတွင်းမှ အေးစက်မှုသည် ပိုမိုသိပ်သည်းထူထပ်လာသည်။ နံရံဆီသို့ တိတ်တဆိတ် ကပ်လိုက်ပြီးနောက် သူက လျင်မြန်စွာပင် ချုံပတ်အစုတွေအတွင်း ပုန်းခိုလိုက်သည်။ ထိုအချိန်မှာပင် သောက်စားမူးယစ်ထားသော ဓားပြတစ်တယောက်သည် သေနတ်တစ်လက်အား စွဲကိုင်လျက် အဆောက်အဦးထဲမှ ထွက်လာကာ ထန်ရှုပုန်းခိုနေသောနေရာဆီသို့ လျှောက်လာသည်။
“မင်းတော့ သေဖို့သာပြင်ထားတော့။”
ထန်ရှုက စိတ်တွင်းမှ အေးစက်စွာ ကြုံးဝါးလိုက်သည်။ ထိုလူသည် သူပုန်းခိုနေသောနေရာနှင့် ၆မီတာ-၇မီတာအကွာနားတွင် ဘောင်းဘီကိုချွတ်ကာ သေးပေါက်တော့မည့်ဆဲဆဲတွင် ထက်ရှလှသော ဓားမြှောင်တစ်ချောင်းသည် ထိုသူ၏လည်ပင်းအား လှီးဖြတ်သွားပြီး နှလုံးအား ဓားဖြင့်ထိုးစိုက်ခြင်းကို ခံရသောကြောင့် သွေးများ ပန်းထွက်လာသည်။
ထန်ရှုသည် လျင်မြန်တိတ်ဆိတ်စွာ လှုပ်ရှားကာ ထိုသူ၏ကိုယ်အား ချုံပုတ်အတွင်းသို့ ဆွဲသွင်းလိုက်သည်။
ရဲတိုက်အနီးတွင်…
သေနတ်များနှင့် ဓားပြ၂ယောက်သည် စကားပြောရင်း သမ်းဝေနေကြသည်။ တစ်ယောက်သည် စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိပြီး အားပါးတရ ဖွာရှိုက်လိုက်လျက် ညည်းညူပြောဆိုသည်။
“ချီးပဲကွာ။ ဒီလိုကောင်းမွန်တဲ့ညတစ်ညမှာ လူတိုင်းက အမျိုးသမီးတွေနဲ့ အတွင်းမှာ ဖောင်းဒိုင်းလုပ်နိုင်နေချိန် ငါတို့ညီအစ်ကိုတွေက ဒီမှာ ညစောင့်တာဝန်ကျနေရတယ်။ ငါ ဒုတိယအကြီးအကဲကို သွားရှာပြီး ငါတို့ဂျူတီကို နေ့ဘက်ပြောင်းပေးဖို့ သွားပြောရတော့မယ်။”
အခြားဓားပြတစ်ယောက်က သွားဖြဲရယ်လိုက်ရင်း
“မင်းကလည်း အများကြီး ပျော်ရွှင်စရာပဲတွေးပါကွ။ အဲ့ဒီကောင်မတွေက ငါတို့ကို နေ့ဘက်ဆိုရင် အရမ်း ပင့်မြှောက်နေကြတာပဲ။ မင်းမှာ ညတာဝန်မရှိရင်တောင်မှ မင်းရဲ့ဟာကို ထည့်သွင်းပြီး ပျော်နိုင်သေးလို့လား။”
“ငါ မလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ၂ကြိမ်လုပ်ပြီးတာတောင်မှ ငါက စွမ်းနိုင်သေး…”
သူ၏စကားပင်မဆုံးသေးမီ ကြီးမားသောလက်တစ်စုံက သူ၏ပါးစပ်အား ဖုံးအုပ်ကာ ထက်ရှလှသော မစ်ဆူဘီရှီ စစ်သုံးဓားမြှောင်ဖြင့် သူ၏လည်ပင်းအား အနောက်မှ လှီးဖြတ်လိုက်သည်။ သူ၏အဖော်ဓားပြမှာလည်း အသက်ငင်နေသည်ကို တွေ့လိုက်ရပြီး သူ၏နှလုံးအား ဓားဖြင့် ထပ်မံထိုးစိုက်ခြင်းခံလိုက်ရသောကြောင့် သူ၏အမြင်အာရုံသည် မှောင်အတိကျသွားခဲ့ပြီ ဖြစ်သည်။
ဝမ်မင်က “အိုကေ” သင်္ကေတအား သူ၏တပ်ဖွဲ့အား အချက်ပြလိုက်ပြီးနောက် သူတို့သည် ချက်ချင်းပင် ထိုအလောင်းများဆီမှ ရိုင်ဖယ်သေနတ်များအား ယူက အတွင်းသို့ လျင်မြန်စွာ တိတ်တဆိတ် ဝင်ရောက်လာကြသည်။
တစ်ချိန်တည်းမှာပင် အခြားနေရာ၃ခုမှ ဓားပြ၆ယောက်သည်လည်း ရက်စက်စွာ သုတ်သင်ခံလိုက်ရပြီဖြစ်သည်။ ထိုသူတို့၏အသက်မဲ့ခန္ဓာကိုယ်များသည် သစ်ပင်များအား မှီရပ်နေသည့်အသွင် သို့မဟုတ် နံရံပေါ်တွင် ထားခြင်းခံရပြီး လက်နက်များမှာမူ ဆောင်ယူသွားခြင်းခံရပြီဖြစ်တော့သည်။
ရဲတိုက်နောက်ရှိ သစ်ပင်အုပ်အတွင်းတွင်…
ထန်ရှုသည် တစ်ပတ်ပတ်ပြီးနောက် ထိုနေရာသို့ ရောက်လာသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်သော ရဲတိုက်၏ ၅ပုံ၁ပုံသာ ဖုံးလွှမ်းနိုင်သည်။ သို့သော်လည်း ကံကောင်းသည်ဟု ဆိုနိုင်မလားပင်။ ဒက်ဖ်စကိုင်းအား သူ၏နေရာတွင် ဖွံ့ဖွံ့ထွားထွားဖြင့် အဝတ်အစား ဗလာနတ္ထိဖြစ်နေသော အမျိုးသမီးတစ်ယောက်နှင့်အတူရှိနေသည်ကို တွေ့လိုက်ရပြီဖြစ်သည်။
ဝံပုလွေခေါင်းက ထိုသူအား တိတ်တဆိတ် ဓာတ်ပုံရိုက်ယူလာပြီး ဓာတ်ပုံထဲမှလူနှင့် ရုပ်သွင်တူညီသောကြောင့် ထိုသူမှာ ဒက်ဖ်စကိုင်းမှန်း ထန်ရှု သေချာပေသည်။
ဝှစ်…
လျင်မြန်ဖျတ်လတ်သော စိတ်ဝိညာဉ်လူဝံတစ်ကောင်အလား ထန်ရှုသည် ဒုတိယထပ် ပြတင်းပေါက်ဆီသို့ တက်ပြီး ရဲတိုက်အတွင်းသို့ တိတ်တဆိတ် ဝင်လာသည်။ အခန်းသည် အတွင်းတွင် ကိုယ်လက်ကြံံ့ခိုင်ရေး လေ့ကျင့်ရေးပစ္စည်းများစွာရှိသော အားကစားခန်းတစ်ခုဖြစ်သည်။ သိသာစွာပင် ထိုပစ္စည်းများသည် ယခင်ပိုင်ရှင်ဟောင်းမှ ချန်ထားခဲ့သော ပစည်းများဖြစ်ပေသည်။ အားကစားခန်းမအတွင်းတွင် တစ်ကိုယ်လုံးအမာရွတ်များဖြင့် ပြည့်နေသော ဓားပြတစ်ယောက်သည် မျက်ရည်များဖြင့် အိပ်ပျော်နေသော အမျိုးသမီးတစ်ယောက်အား ပွေ့ဖက်လျက်နေသည်။
“ရွှပ်…”
ဓားပြ၏လည်မျိုအား ဓားမြှောင်ဖြင့် လှီးဖြတ်လိုက်ပြီး ထန်ရှုသည် အမျိုးသမီးအား အနှောင့်အယှက်မပေးဘဲ တံခါးဖွင့်ကာ အခန်းတွင်းမှ တိတ်တဆိတ် ထွက်လာသည်။
မကြာမီ ထန်ရှုသည် ကော်ရစ်ဒါမှ ဓားပြ၂ယောက်အား သတ်ပြီးနောက် ဒက်ဖ်စကိုင်း၏အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ဘယ်သူလဲ။”
နိုးနိုးကြားကြားရှိသူတစ်ယောက်ဖြစ်သောကြောင့် တိုးညှင်းသော တံခါးဖွင့်သံသည် ဒက်ဖ်စကိုင်းအား အိပ်ပျော်နေရာမှ နိုးလာစေပြီး သူ၏လက်များသည် ခေါင်းအုံးအောက်သို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိသွားသည်။
“ရွှစ်…”
ထန်ရှုက လက်တွင်းမှ ဓားမြှောင်ဖြင့် လှမ်းပေါက်လိုက်ရာ ဒက်ဖ်စကိုင်း၏လက်အား တိကျစွာ ထိမှန်သွားသည်။ ထန်ရှု၏ပုံရိပ်သည်လည်း ဖျတ်ကနဲ ဒက်ဖ်စကိုင်း၏အရှေ့တွင် ပေါ်လာပြီး သူ၏ခေါင်းအား လက်သီးဖြင့် ပြင်းစွာထိုးနှက်ကာ တစ်ချိန်တည်းမှာပင် ပါးစပ်အား အုပ်ထားလိုက်သည်။
“ဘန်း…”
ရုတ်တရက် ထန်ရှုသည် သူ၏နောက်ကျောမှ လက်သီးတစ်ချက်အား ခံစားမိလိုက်ပြီး ပြင်းထန်သောအားကြောင့် မသဲမကွဲ ညည်းညူလိုက်မိသည်။ ချက်ချင်းပင် သူသည် အိပ်ရာထက်မှ ခုန်ထွက်လိုက်ရာ အဝတ်မဲ့ခန္ဓာကိုယ်ဖြင့် အမျိုးသမီးသည်လည်း အိပ်ရာထက်မှ ခုန်ထွက်လာပြီး တိုက်ခိုက်ရန်အနေအထားတစ်ခုဖြင့် ရှိနေသည်ကို တွေ့ရသည်။
သူမကလည်း ရန်သူတစ်ယောက်ပဲလား…
ထန်ရှု၏မျက်ဝန်းအိမ်ထဲတွင် အေးစက်တောက်ပသော အလင်းတစ်ချက်ဖြတ်သန်းသွားပြီး သူမဆီသို့ တစ်ဟုန်ထိုးပြေးကာ တိုက်ခိုက်လိုက်သည်။ သူမသည် အဖမ်းခံထားရသော သာမန်အမျိုးသမီးတစ်ယောက်သာ ဖြစ်ပါလျှင် သူမအား ထန်ရှု သတ်လိမ့်မည် မဟုတ်သော်လည်း ဓားပြတစ်ယောက်ဖြစ်ပါက အမျိုးသမီးဖြစ်စေကာမူ သူသည် သနားညှာတာလိမ့်မည်မဟုတ်ပေ။ သူ၏လက်ကိုပင် အသုံးမပြုဘဲ လျင်မြန်သော ကန်ချက်အရှိန်ဖြင့် အလဲထိုးကာ လွယ်ကူစွာ သတ်လိုက်သည်။
ထန်ရှုသည် ကြက်သေသေနေသော ဒက်ဖ်စကိုင်းအား ပြန်ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးမိသည်။ သူသည် အမျိုးသမီးအား လစ်လျူရှုထားမိခဲ့ပြီး တစ်စုံတစ်ခုအား ရုတ်တရက် နားလည်လာခဲ့သည်။ သူ့အား ခြိမ်းခြောက်မှုတစ်ခု လုပ်နိုင်သည်မှာ အမျိုးသားများသာမကဘဲ အမျိုးသမီးများသည်လည်း အလွန် အန္တရာယ်ပေးနိုင်သည်ဟုပင်။ ကံကောင်းသွားသည်မှာ ထိုအမျိုးသမီးသည် လက်နက်မဲ့ဖြစ်နေသည်။ သို့မဟုတ်ပါက ချက်ချင်းပင် သူ အပစ်ခံရပြီးဖြစ်လိမ့်မည်။ သူ မသေလျှင်တောင်မှ နီးကပ်စွာ အပစ်ခံရမှုသည် သူ့အား ဒဏ်ရာရအောင် လုပ်နိုင်ပေသည်။
ထို့ပြင် ကျည်ဆံများသည် သူ၏ကိုယ်တွင်းသို့ လွယ်ကူစွာ မထိုးဖောက်နိုင်သောကြောင့် ဒဏ်ရာရခြင်းသည် အသေးအမွှားဖြစ်လင့်ကစား သေနတ်သံကြားသည်နှင့်ချက်ချင်း ထိုအသံသည် တိတ်ဆိတ်သောညတွင် အလွန်ကျယ်လောင်ပေမည် ဖြစ်သောကြောင့် နေရာတစ်ခုလုံးမှ ဓားပြများအားလုံးအား သတိပေးလိုက်သကဲ့သို့ ဖြစ်ပေမည်။
ကြိုးတစ်ချောင်းအား ရှာလိုက်ပြီးနောက် ထန်ရှုသည် ယဲ့ယဲ့လေးသာရှိတော့သော ဒက်ဖ်စကိုင်းအား တုပ်နှောင်လိုက်ပြီးနောက် အခန်းတွင်းမှ ထွက်လာသည်။ ယခု သူသည် ထိုဓားပြများအား ပြောက်ကျားစနစ်ဖြင့် သီးခြားစီ တိုက်ခိုက်နိုင်ပေတော့မည်။ ထိုသူများအား သူ ပိုပြီးသတ်ဖြတ်နိုင်လေ သူတို့အတွက် နောက်ပိုင်းတွင် အန္တရာယ်နည်းလေဖြစ်သည်။
၁၀မိနစ်ကြာပြီးသော် ဓားပြဒါဇင်ပေါင်းများစွာသည် အိပ်စက်နေစဉ်အတွင်း အသတ်ခံလိုက်ရပြီ ဖြစ်ပေသည်။ ရဲတိုက်အတွင်းရှိ အချို့ဓားပြများသည် အမျိုးသမီးများအား မေထုန်အမှုကို ကျူးလွန်နေစဉ် ရက်စက်စွာ အသတ်ခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသော အမျိုးသမီးများအားလုံးနီးပါးသည် သနားဖွယ်ကောင်းသော အခြေအနေဖြစ်သောကြောင့် ထန်ရှုနှင့် သူ၏လူများသည် ထိုအမျိုးသမီးများအား မသတ်ဖြတ်ဘဲ ထွက်သွားခိုင်းလိုက်သည်။
“ဒိုင်း…”
တိတ်ဆိတ်ငြိမ်သက်နေသောညသည် နောက်ဆုံးတော့ သေနတ်သံတစ်ချက်ကြောင့် ပျက်စီးသွားရသည်။
ချက်ချင်းပင် ကိုယ်လုံးတီးဖြစ်နေသော ဓားပြများသည် အော်ဟစ်ကြုံးဝါးလိုက်ကြပြီး သေနတ်များစွဲကိုင်လျက် တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြကာ မည်သည့်အချင်းအရာဖြစ်ပွားသည်နှင့် မည်သူ သေနတ်ပစ်လိုက်သည်ကို ကျယ်လောင်စွာ အော်မေးနေကြသည်။
ထိုသို့ ဇဝေဇဝါဖြစ်နေစဉ်အတွင်း ထန်ရှုနှင့် သူ၏လူ၁၄ယောက်သည် တိုက်ခိုက်လိုက်ကြပြီး အံ့အားဖို့ကောင်းလောက်စွာ ဓားပြအယောက်၂၀ကျော်အား သတ်ဖြတ်လိုက်ကြပြီ ဖြစ်တော့သည်။
“ပြန်တိုက်ကြ။”
ထန်ရှုသည် မိုအားဝူနှင့် ဝံပုလွေခေါင်း၏ဘေးတွင် ပေါ်လာပြီး တုံ့ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။
ရဲတိုက်အတွင်းမှ ပြင်းထန်သော သေနတ်သံများ စတင်လာသည်။ ထန်ရှုနှင့် သူ၏လူများ ပူးပေါင်းဆောင်ရွက်မှုကြားတွင် ထိုဓားပြများသည် ပဏာမတိုက်ခိုက်မှုနှင့်ပင် ထိခိုက်ဒဏ်ရာရကာ ပြိုကွဲကုန်ကြသည်။ ဓားပြအယောက်တစ်ရာကျော်သည် ထိုပဏာမပစ်ခတ်တိုက်ခိုက်မှုပြီးနောက် သေဆုံးခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် မိုအားဝူသည် ထန်ရှုထံမှ ဒက်ဖ်စကိုင်းအကြောင်းအား ကြားပြီးဖြစ်သောကြောင့် သူ့အား ခေါ်လာပြီးနောက် ရပ်ခိုင်းလိုက်သည်။
“ယီးပဲ မင်းတို့ကောင်တွေ ဘယ်သူလဲ။”
ဒက်ဖ်စကိုင်းက သူ့အား ချုပ်နှောင်ထားပြီး မစ်ဆူဘီရှီဓားတစ်ချောင်းက လည်ပင်းအား ထောက်ထားသည်ကို တွေ့လိုက်ရသောကြောင့် မတ်တတ်ရပ်ပြီးနောက် ချက်ချင်းအော်မေးလိုက်သည်။
“ငါက ဒီကျွန်းပိုင်ရှင်ပဲ။ မင်းရဲ့လူတွေကို လက်နက်ချဖို့နဲ့ ရဲတိုက်အပြင်ဘက်က မြေကွက်လပ်ဆီသွားဖို့ ပြောလိုက်။ အဲ့လိုမှ မဟုတ်ရင် ငါ အရင်ဆုံးသတ်မယ့်သူက မင်းပဲ။” ထန်ရှုက ထီမထင်ဟန်ဖြင့် ပြောသည်။
ဒက်ဖ်စကိုင်း၏မျက်ဝန်းများထဲတွင် အလင်းတစ်ချက် ပျံ့နှံ့တောက်ပသွားသည်။ သူ၏ဘဝတစ်လျှောက်တွင် များပြားလှသော ကူကယ်ရာမဲ့အခြေအနေများနှင့် ကြုံတွေ့ဖူးသော်လည်း ယခုကဲ့သို့ ပိုပြီး အသက်အန္တရာယ်ရှိသော အခြေအနေမျိုးနှင့်တော့ မကြုံခဲ့ရဖူးပေ။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူသည် ကော်ရစ်ဒါမှ ဓားပြအဖွဲ့သားများဘက်သို့ လှည့်ကာ အော်လိုက်သည်။
“မင်းတို့အားလုံး လက်နက်တွေချပြီး အပြင်ဘက်က မြေကွက်လပ်ဆီသွားကြ။”
ဓားပြများ မယုံနိုင်ဟန်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ လက်နက်ချလိုက်သည်နှင့် အသတ်ခံရနိုင်သောကြောင့် ချဖို့ရာ သူတို့ တွန့်ဆုတ်နေကြသည်။
“ဒိုင်း…ဒိုင်း…”
မုတ်ဆိတ်နှင့်ဓားပြတစ်ယောက်က ရှေ့သို့ ခြေ၂လှမ်းတက်လာပြီး သူ၏သေနတ်ဖြင့် ထန်ရှုဘက်သို့ ၂ကြိမ်တိုင်တိုင် ပစ်လိုက်သည်။ ပစ်မှတ်သည် ထန်ရှုနှင့် သူ၏လူများ မဟုတ်ဘဲ ဒက်ဖ်စကိုင်း ဖြစ်ပေသည်။ သူ၏လက်ဆသည် လွန်စွာတိကျသောကြောင့် တစ်ချက်သည် ဒက်ဖ်စကိုင်း၏နှလုံးအား ထိမှန်ပြီး နောက်တစ်ချက်သည် သူ၏နဖူးအား ထိမှန်သွားကာ ချက်ချင်း သေဆုံးသွားစေသည်။
“ရှောင်ကြ…”
ထန်ရှု၏ခန္ဓာကိုယ်သည် လျှပ်တစ်ပြက်အတွင်း အနီးရှိအခန်းတွင်းသို့ ရောက်သွားသကဲ့သို့ ကျန်သောသူ၏အဖွဲ့သားများသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ နီးစပ်ရာအခန်းများအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ကာ ပုန်းခိုလိုက်ကြပြီး ပွင့်ဟနေသော ပြတင်းပေါက်များမှတဆင့် ရှောင်ထွက်သွားကြသည်။
***