သူတို့က နတ်ဆိုးတွေ
Vol. 07 Ch. 304
“သူတို့ကို မလွတ်စေနဲ့။ သတ်ပစ်။”
ကော်ရစ်ဒါမှ အသံတစ်သံ ဟိန်းထွက်လာပြီး ပြင်းထန်သော သေနတ်သံများသည် ချက်ချင်း နောက်မှ ပါလာခဲ့သည်။
ဓားပြများသည် အထဲသို့ ပြေးဝင်လာကြပြီး တံခါးအား ကန်ဖွင့်လိုက်သော်လည်း အထဲတွင် တစ်ဦးမျှ မတွေ့ရတော့ဘဲ ပြတင်းပေါက်များအားလုံး ပွင့်နေသည်ကိုသာ တွေ့ရလေသည်။
၂မိနစ်ကြာပြီးသော် ထန်ရှုနှင့်သူ၏အဖွဲ့သားများသည် ရဲတိုက်အနောက်ဘက်ရှိ စိမ်းစိုနေသော တောအုပ်အတွင်းတွင် ပြန်လည်စုစည်းမိကြသည်။ လက်မောင်းတွင် သေနတ်တစ်ချက်မှန်ထားသော လူတစ်ယောက်မှတပါး ကျန်သောသူများသည် ဒဏ်ရာမရရှိကြပေ။
ဒဏ်ရာရထားသောလူအား အသာပုတ်ကာ ထန်ရှုက တီးတိုးမေးသည်။
“မင်းရဲ့ဒဏ်ရာအခြေအနေ ဘယ်လိုလဲ။ ပြင်းထန်လား။”
“ပြသနာမရှိဘူး။” ထိုသူက ခေါင်းယမ်းကာ ဖြေသည်။
ဝံပုလွေခေါင်းဘက်သို့ လှည့်ကာ ထန်ရှုက လေးနက်သောအသံဖြင့် မေးသည်။
“ဒက်ဖ်စကိုင်းကို သတ်ရဲတဲ့ဓားပြက ဘယ်သူလဲ။ တခြားသူတွေက သူ့ကို သတ်မှာ သူမကြောက်ဘူးလား။”
“အဲ့ဒီလူက သွေးငါးဓားပြအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ပဲ။ ဒီဓားပြတွေက ရက်စက်ပြီး အသည်းနှလုံးမရှိတဲ့သူတွေဆိုတာ ငါ မေ့သွားတဲ့အတွက် ငါ့အစီအစဉ်မှာ မတော်တဆမှုဖြစ်သွားရတယ်။ တခြားဓားပြတွေက ဒက်ဖ်စကိုင်းကို သတ်တဲ့အတွက် သူ့ကို အပြစ်တင်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငအတွေမဟုတ်ဘူးလေ။ လက်နက်ချအညံ့ခံပြီးရင် သူတို့ အသတ်ခံရမယ်ဆိုတာ သေချာပေါက်သိတယ်။” ဝံပုလွေခေါင်းက ပြောသည်။
“ဒီနေ့ညအစီအစဉ်က ကျရှုံးသွားတဲ့အတွက် ငါတို့ ချက်ချင်း ဆုတ်ခွာရမယ်။ ငါ့လူတွေကို ဓားပြတွေဆီ အဆုံးရှုံးမခံနိုင်ဘူး။ သူတို့ သတ္တိရှိရင် ရဲတိုက်ထဲမှာ ဆက်နေလိမ့်မယ်။ ဒါပေမယ့် ငါတို့က မနက်စောစောမှာ ဆက်ပြီးတိုက်မယ်။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။
“သူဋ္ဌေးရဲ့နောက်အစီအစဉ်က…” ဝံပုလွေခေါင်းက သိလိုစိတ်ဖြင့် မေးသည်။
“ကျွန်တော့်အစီအစဉ်က ရိုးရှင်းပါတယ်။” ထန်ရှုက ပြောရင်း သုန်မှုန်စွာ ပြုံးလိုက်ကာ
“အဲ့ဒီဓားပြတွေထဲ ဆက်တိုက်စိမ့်ဝင်နိုင်ဖို့ အခွင့်အရေးတိုင်းကို ရှာရမယ်။ တတ်နိုင်သလောက် တစ်ယောက်ပြီးတစ်ယောက် သတ်ပါ။ ကျွန်တော်တို့ သူတို့ကို သတ်မယ်။ သူတို့ အလွန်ကြောက်လာရင် ထွက်ပြေးကြလိမ့်မယ်။ သူတို့တွေ ရဲတိုက်ထဲက ထွက်လာသရွေ့ သေရမယ်။”
ကျန်သောသူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည်လည်း ထိုဓားပြများအား တူညီစွာ မုန်းတီးကြသောကြောင့် ဆုံးမပေးရန် တုံ့ဆိုင်းခြင်း ရှိမနေပေ။
ညနက်ပိုင်းတွင်…
ရဲတိုက်နှင့် ၂ကီလိုမီတာအကွာတွင် ထန်ရှုနှင့်ကျန်သောသူများသည် ကျောက်တုံးကြီးများနှင့် သစ်ပင်များကြားတွင် ပုန်းခိုကာ ရဲတိုက်အား စောင့်ကြည့်နေကြသည်။ ထိုဘက်မှ လာသော သေနတ်သံများနှင့် ဓားပြများ၏ အော်ဟစ်ကြိမ်းဝါးသံများအား ကြားနေရပေသည်။
အသံများသည် ပိုပို နီးလာသည်။
“စက်သေနတ်ကိုင်ထားတဲ့ လူ၁၀ယောက်က မီတာ၆၅၀အကွာမှာ ငါတို့ကို ရှာနေတယ်။” ကျောက်တုံးကြီး၏နောက်ကွယ်တွင် ရပ်နေသော ဝံပုလွေခေါင်းက သူ၏ခေါင်းကို ညိတ်ကာ တီးတိုးပြောဆိုလိုက်သည်။
ထန်ရှုက မိုညီအစ်ကို၂ယောက်အား အကြံပေးလိုက်သောကြောင့် ထို၂ယောက်သည် အနီးရှိသစ်ပင်များအတွင်းသို့ တိတ်တဆိတ် လျှောတိုက်ဝင်သွားသည်။ ထို့နောက် သူက
“ဝံပုလွေခေါင်း…သူတို့ ဒီအနီးနားရောက်တာနဲ့ ချက်ချင်း တိုက်ခိုက်ပါ။ သူတို့ကို အားထုတ်ပြီး အမြစ်ပြတ်သုတ်သင်ဖို့နဲ့ တာဝန်ကို ကောင်းစွာ လွှဲအပ်ဖို့ပဲ စိတ်ထဲထည့်ထားပါ။”
“ဟုတ်ကဲ့။” ဝံပုလွေခေါင်းက အသံနှိမ့်ကာ ပြန်ဖြေသည်။
၇မိနစ်-၈မိနစ်ကြာသော်
လက်နက်များနှင့်ဓားပြ၁၀ယောက်သည် ထန်ရှုတို့အား ဖမ်းဆီးရန်ထွက်လာကြသော်လည်း ရန်သူများမှ မှောင်ရိပ်ခိုကာ တိုက်ခိုက်မည်စိုးသောကြောင့် သူတို့သည် ဓာတ်မီးများအား အသုံးမပြုကြချေ။
ဝှစ်…ဝှစ်…ဝှစ်…
အရိပ်မည်းများသည် ဓားပြများ၏အနီးတွင် တိတ်တဆိတ် ထွက်ပေါ်လာသည်။ ဓားမြှောင်များသည် ဓားပြများ၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလာသောကြောင့် နာကျင်စွာ ရုတ်တရက် အော်မိကြရာ ပိုမိုရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ ရောက်ရှိလာသည်။
၅စက္ကန့် - ၆စက္ကန့်အတွင်း ဓားပြ၁၀ယောက်ခမျာ သေနတ်ပစ်ရန် အချိန်မရလိုက်ဘဲ အသတ်ခံလိုက်ရပြီး ထိုသူများ၏စက်သေနတ်များသည် ဝံပုလွေခေါင်းနှင့် သူ၏လူများဆီသို့ ရောက်ရှိသွားသည်။
ထန်ရှုက လဲကျနေသော ဓားပြတစ်ယောက်အား ကန်လိုက်ပြီး ရဲတိုက်ဆီသို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။ ဝံပုလွေခေါင်း၏ ရေတွက်မှုအရ ရဲတိုက်ထဲရှိ ဓားပြအရေအတွက်သည် အယောက်၁ရာနီးပါး ရှိပေလိမ့်မည်။ ယခု သူတို့က ဓားပြများအား ထပ်သတ်လိုက်သောကြောင့် ဓားပြအရေအတွက်သည် ထပ်မံလျော့နည်းသွားပေမည်။
မကြာမီ မိုညီအစ်ကို၂ယောက်သည် သေနတ်၁၀လက်နှင့်အတူ ပြန်ရောက်လာသည်။ ထန်ရှုနားတွင် သေနတ်များကို ချလိုက်ပြီး သူတို့မျက်နှာပေါ်ရှိ ပေနေသောသွေးများအား သုတ်လျက်
“ငါတို့လည်း အခြားဘက်မှာ ဓားပြ၁၀ယောက်ကို တွေ့ခဲ့လို့ သုတ်သင်ပြီး သူတို့လက်နက်တွေကို ယူလာခဲ့တယ်။ ဒါနဲ့ သူဋ္ဌေး…ငါတို့ တစ်ဟုန်ထိုး ထပ်ပြီးတိုက်ကြမှာလား။”
ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ချက် ပေါ်လာပြီး ခေါင်းကိုယမ်းလျက်
“အလျင်စလို လုပ်ဖို့ မလိုဘူး။ ကျွန်တော်တို့က အခုအမှောင်ထဲမှာ ရန်သူတွေက အလင်းထဲမှာ။ ရဲတိုက်တစ်ခုလုံးကို စောင့်ကြည့်ဖို့ပဲ လိုတယ်။ ထွက်လာတဲ့သူတွေရှိရင် သတ်မယ်။ ကျန်ရှိနေတဲ့ကောင်တွေကို အကြောက်တရားဖြစ်စေပြီး ကြောက်တယ်ဆိုတာ ဘာလဲလို့ သိစေရမယ်။”
“ငါနဲ့ အားဝူ ဒီည ရဲတိုက်ထဲကို ခိုးဝင်ပြီး လူတစ်ချို့ကို သတ်ရင်ရော…” မိုအားဝမ်က မေးလိုက်သည်။
ထန်ရှုက ရယ်မောရင်း
“ပြသနာမရှိဘူး။ ကျွန်တော်လည်း ခိုးဝင်ပြီး လူတစ်ချို့ကို သတ်မှာပဲ။ ဝံပုလွေခေါင်းက ရဲတိုက်တစ်ခုလုံးကို စောင့်ကြည့်နေဖို့ တာဝန်ယူရလိမ့်မယ်။ ခင်ဗျားလုပ်နိုင်မလား။”
ဝံပုလွေခေါင်းက ရှုံ့မဲ့ပြုံးသွားရပြီး
“ဒီရဲတိုက်က တော်တော်လေး ကြီးတဲ့အပြင် ငါတို့အသုံးပြုနိုင်တဲ့ ခိုးဝင်ဖို့နေရာတွေကလည်း အများကြီးပဲ။ ငါတို့အကောင်းဆုံးဖြစ်အောင်တော့ လုပ်ပါ့မယ်။”
“မစိုးရိမ်ပါနဲ့။ ဒီကောင်တွေ အလွယ်တကူ ထွက်မလာရဲပါဘူး။ သူတို့ထွက်လာရင်တောင်မှ အတူထွက်လာကြမှာပါ။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောသည်။
“အဲ့ဒါဆိုရင်တော့ ပြသနာမရှိပါဘူး။ ငါတို့ ၁၂ယောက်က တစ်နေရာစီကို ချုပ်ကိုင်ပြီး တောင်ပေါ်က အလွယ်ဆင်းနိုင်တဲ့ လမ်းတွေကို ပိတ်ဆို့ထားလိုက်မယ်။” ဝံပုလွေခေါင်းက ပြောသည်။
ရဲတိုက်အတွင်းတွင်…
အင်ဂီလန်သည် စက်သေနတ်တစ်လက်အား ကိုင်ထားလျက် ခန်းမထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏အရှေ့ကြမ်းပြင်ပေါ်တွင် အလောင်း၇၈လောင်းသည် သွေးအိုင်ထဲ၌ ရှိနေသည်။ ထိုသူများသည် သူတို့ဖမ်းခေါ်လာခဲ့သော ယောကျာ်းများဖြစ်သည်။ သူသည် သတ်ဖြတ်ရန် သွေးဆူနေသည်။ သွေးတွေ့မှသာလျှင် အကြောက်တရားထဲသို့ သူ့အား ကျရောက်မသွားစေရန် နိုးဆွပေးနိုင်ပေမည်။
ရဲတိုက်အတွင်းရှိ ၂၄၂ယောက်သော ဓားပြများသည် များစွာသော အသက်ဆုံးရှုံးမှုများဖြစ်ရပြီး ၉၆ယောက်သာ ကျန်တော့သည်။ တစ်ဖက်လူများမှာ ဒါဇင်ခန့်သာ ရှိသောလူများသာဖြစ်သည်။
ထိုသူများသည် ကျွမ်းကျင်သူများဖြစ်သည်။ စွမ်းအားကြီးသော ကျွမ်းကျင်သူများသာ ဖြစ်ပေလိမ့်မည်။
သူသည်လည်း တစ်ချိန်က ကျွမ်းကျင်သူတစ်ယောက်ဖြစ်ခဲ့ပြီး အမေရိကန်ရေတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ စစ်တပ်ထဲတွင် တစ်စုံတစ်ယောက်နှင့် ပဋိပက္ခတစ်ခု ဖြစ်ပွားပြီး တစ်ဖက်လူအား သတ်လိုက်မိသောကြောင့် တပ်ထဲမှ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပေသည်။ ထို့နောက် ဒက်ဖ်စကိုင်း၏လက်အောက်တွင် ခိုလှုံခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့သော ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည့်အဖွဲ့အား သူ တစ်ခါမျှ မတွေ့မမြင်ခဲ့ဖူးချေ။ ရေတပ်ထဲမှ ထိပ်သီးစစ်သားစာရင်းတွင် ပါဝင်သော သူပင်လျှင် တစ်ဖက်လူများနှင့် မယှဉ်ပြိုင်နိုင်ပါချေ။
“ဒုတိယအကြီးအကဲ… တတိယအကြီးအကဲဟုတူက ရှာဖွေရေးအဖွဲ့၂ဖွဲ့ကို လွှတ်လိုက်တယ်။ စုစုပေါင်း လူ၂၀ယောက်ရှိမယ်။ သူတို့ ခုထိ ပြန်မလာကြသေးဘူး။ တစ်ခုခုများ ဖြစ်နေကြပြီလား။” ရုပ်ဆိုးအကျည်းတန်ကာ ရက်စက်ကြမ်းကြုတ်သည့်ဟန်ရှိသော လူတစ်ယောက်က စက်သေနတ်အား ကိုင်ဆောင်က အပြင်မှ ဝင်လာပြီး ခါးပတ်လည်တွင်လည်း ကျည်ကတ်များစွာ ချိတ်ဆွဲထားသည်။
အင်ဂီလန်သည် တွေဝေစွာ ကြည့်နေရာမှ သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ဆိုဖာပေါ်မှ ရုတ်တရက် ခုန်ထလိုက်သည်။ သူက ထိုလူ၏အကျီအား ဆုပ်ကိုင်ကာ ဒေါသတကြီး ကြိမ်းမောင်းတော့သည်။
“မင်း ဘာပြောလိုက်တာ။ ဟုတူက ရန်သူတွေကို ရှာဖို့ ညီအစ်ကိုအယောက်၂၀ကို လွှတ်လိုက်တယ်ဟုတ်လား။”
“ဟုတ်တယ်။” ထိုလူသည် ကမူးကရှူးဖြစ်သွားကာ အမြန်ဖြေလိုက်သည်။
“ဘယ်လောက်ကြာပြီလဲ။” အင်ဂီလန်သည် ကြိမ်းမောင်းသည်။
“တစ်နာရီလောက်တော့ ရှိပြီ။” ထိုလူက ကမန်းကတန်းဖြေလိုက်သည်။
ထိုလူအား ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်ပြီး အင်ဂီလန်တစ်ယောက် ဖြူဖျော့သွားကာ စိတ်အတွင်းမှ အတန်ငယ် တုန်လှုပ်လာခဲ့သည်။ သူသည် ပုံမှန်စစ်တပ်လေ့ကျင့်ရေးများအား ကြုံခဲ့ရဖူးပြီး အခြားနိုင်ငံများသို့ လျှို့ဝှက်တာဝန်များ ထမ်းဆောင်ရန် သွားခဲ့ရဖူးသည်။ သေနတ်ပစ်သံများနှင့် ပလူပျံနေသော ကျည်ဆံများအကြားတွင် အကြိမ်ပေါင်းများစွာ သူ အသက်ရှင်ခဲ့သောကြောင့် ထူးချွန်သော လက်ရွေးစင်တစ်ယောက်၏ အစစ်အမှန်ခွန်အားကို သူ ကောင်းစွာ သိပေသည်။
ထိုရန်သူများသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
ညီအစ်ကိုအယောက်၂၀အား အပြင်သို့ စေလွှတ်လိုက်ခြင်းသည် ထိုညီအစ်ကိုများအား သွားသေရန် လွှတ်လိုက်သကဲ့သို့သာ ဖြစ်ပေမည်။
အင်ဂီလန် ဒေါသကြီးစွာဖြင့် “ခွေးမသား ဟုတူက ဘယ်မှာလဲ။”
ထိုလူထွားကြီးက
“တတိယအကြီးအကဲက ခုခံကာကွယ်ဖို့အတွက် စစ်ရေးပြင်နေတယ်။ အချို့ညီအစ်ကိုတွေကို ပုန်းအောင်းခိုင်းထားတယ်။ အချို့ကိုတော့ အပြင်ဘက် မြင်သာတဲ့နေရာမှာ နေခိုင်းထားတယ်။ အဲ့ဒါကြောင့် ရန်သူတွေက ဒီဧရိယာကို ချဉ်းကပ်လာပြီဆိုရင် အလွယ်တွေ့နိုင်တယ်။”
အင်ဂီလန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အခန်းအပြင်သို့ ခြေလှမ်းကြဲများဖြင့် ထွက်သွားရာ ဟုတူအား လျင်မြန်စွာ ရှာတွေ့သည်။ စကားတစ်လုံးမှ မပြောဘဲ ဟုတူဆီသို့ လျှောက်သွားလိုက်ပြီး ထိုသူ၏ ဖြောင့်စင်းသောဆံပင်ရှည်အား ဆုပ်ကိုင်ကာ အားဖြင့်ဆွဲကာ ဟုတူ၏ဗိုက်အား ဒူးဖြင့်တိုက်လိုက်သောကြောင့် ပုဇွန်တုပ်ကွေးသဖွယ် ခန္ဓာကိုယ်သည် ကွေးသွားကာ မြေပြင်ပေါ် နှစ်ပတ်ခန့်လည်သွားသည်။
ဆက်ပြီး အင်ဂီလန်က ဟုတူ၏ကိုယ်လုံးအား အကြိမ်များစွာ ကန်ကျောက်ကာ ဒေါသတကြီး ဆဲဆိုပစ်သည်။
“ယီးလိုပဲ ဦးနှောက်မရှိတဲ့ကောင်… မင်း ရန်သူတွေရဲ့ခွန်အားကို ရှင်းရှင်းလင်းလင်း မမြင်ဘူးလားကွဟေ။ ငါတို့မှာ လူအယောက်၂၀၀ကျော်ရှိပေမယ့် ၁တစ်ဒါဇင်လောက် ရှိတဲ့အဲ့ဒီလူတွေက ငါတို့လူအယောက်၁၀၀ကျော်ကို သတ်သွားတာကွ။ အခု ငါ့ကို ပြောစမ်းပါဦး။ မင်း အရင်တုန်းက ဒီလိုရန်သူမျိုးကို တွေ့ဖူးလို့လား..ဟ”
“အဲ့ဒါကို ငါ့ခွင့်ပြုချက်မရဘဲ ညီအစ်ကို၂၀ကို မင်းက မထင်မှတ်ဘဲ အပြင်လွှတ်လိုက်သေးတယ်။ ခွေးမသား… မင်းက အဲ့ဒီညီအစ်ကိုတွေကို သွားသေခိုင်းလိုက်တာပဲကွ။ ညီအစ်ကိုအယောက်၂၀လုံး ရဲတိုက်နားမှပဲ အသတ်ခံရလောက်ပြီဆိုတာ ငါ ပြောရဲတယ်။”
“မိုက်မဲတဲ့ ယီးလိုဝက်။ မင်းက ဗျူဟာနည်းလမ်းတွေအကြောင်း ဘာမှသိတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်း… ဖင်ကြီးက ကျန်တဲ့ညီအစ်ကိုတွေကို အပြင်လွှတ်ဖို့ စဉ်းစားနေတာလေ။ ငါတို့ညီအစ်ကိုတွေကို ကြီးစွာဆုံးရှုံးမှု ထပ်ဖြစ်အောင်လို့။ ရှေ့လျှောက် မင်းက သွေးငါးဓားပြအဖွဲ့ရဲ့တတိယအကြီးအကဲ မဟုတ်တော့ဘူး။”
“အားလုံးပဲ ငါ့စကားကို နားထောင်ကြ။ သူ သတ်တာကို မင်း မခံရမချင်း ဘယ်သူမှ သူ့စကားကို နားထောင်စရာမလိုဘူး။”
“ငါ ပြောတာ ကြားကြရဲ့လား။”
အနီးတွင် ရှိသော ဓားပြများက မြေပြင်ပေါ်တွင် ကွေးညွတ်ကာ အော်ဟစ်နေသော ဟုတူအား ကြည့်လိုက်ကြပြီးနောက် ဒေါသကြီးနေသော အင်ဂီလန်အား ကြည့်ကာ ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြသည်။
“ဟုတ်… ငါတို့ ကြားပါတယ်။”
အင်ဂီလန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဟုတူအား ဆွဲထူလိုက်ကာ
“မင်းက ငါတို့သွေးငါးဓားပြအဖွဲ့ရဲ့ အဝေးပစ်လက်ဖြောင့်သေနတ်သမားဖြစ်ပြီး ငါ့အပေါ် သစ္စာရှိတာကြောင့်သာ မဟုတ်ရင် မင်းကို ငါ အစောကြီးကတည်းက သတ်ပြီးပြီ။ အခုကစပြီး ငါနဲ့ပဲ နေဖို့ မှတ်ထား။”
“ဟုတ်…”
ဟုတူသည် အင်ဂီလန်၏ခွန်အား မည်မျှ ကြောက်စရာကောင်းပြီး မည်မျှ ရက်စက်တတ်သည်ကို သိသည်။ သူ၏ရင်တွင်းတွင် ဒေါသများရှိနေသော်လည်း ထိုအမျိုးသားအား လေးစားမှုပြနေဆဲဖြစ်သည်။
အင်ဂီလန်က ဟုတူအား လွှတ်ပေးလိုက်ကာ လေးနက်သောအသံဖြင့် စကားဆိုသည်။
“ငါတို့ညီအစ်ကိုတွေကို ရဲတိုက်ကို ပြန်လာဖို့ ခေါ်ပြီး ပစည်းတွေကို ထုပ်ပိုးကြ။ ရဲတိုက်ထဲမှာ ရှိတဲ့ လက်နက်တွေအားလုံးကိုလည်း စုဆောင်းကြ။ ငါတို့ ဒီရဲတိုက်မှာ ကြာရှည်နေလို့မဖြစ်ဘူး နို့မဟုတ်ရင် ရန်သူတွေ သတ်တာ ခံရလိမ့်မယ်။”
“ဒု…ဒုတိယအကြီးအကဲ… ခင်ဗျားဆိုလိုတာက ငါတို့ထွက်ပြေးကြဖို့လား။” သာမန်ဓားပြခေါင်းဆောင်တစ်ဦးက ကျယ်လောင်သောအသံဖြင့် မေးလိုက်သည်။
အင်ဂီလန်က လေးနက်သောအသံဖြင့် ပြောသည်။
“ထွက်ပြေးဖို့ ပြောရတာက ငါတို့ကို နှိမ့်ချသလို ဖြစ်နေပေမယ့် ဒါ အမှန်တရားပဲ။ ရန်သူတွေက အတော်ကို စွမ်းအားကြီးလွန်းတယ်။ ငါ တစ်ချိန်က အမေရိကန်ရေတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ကမ္ဘာ့အနှံ့နိုင်ငံများစွာက ထိပ်သီး တိုက်ခိုက်ရေးသမားများစွာနဲ့ တိုက်ဖူးတယ်။ အဲ့ဒါမို့ ငါတို့ရန်သူတွေရဲ့ခွန်အားအကြောင်း ကောင်းကောင်းကြီးသိတယ်။ အရေအတွက်နည်းပြီး တစ်ဒါဇင်လောက်သာ ရှိပေမယ့် သူတို့ရဲ့တစ်ဦးချင်းစွမ်းရည်ရော အသင်းလိုက်စွမ်းရည်ရောက ငါ့ဘဝမှာ မြင်ဖူးသမျှထဲက အကောင်းဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံးပဲ။ ငါတို့မပြေးရင် ဒီနေရာမှာ သေရလိမ့်မယ်။ သူတို့က အထဲထိ ခိုးဝင်လာပြီး ငါတို့ကို သတ်မှာပဲ။ အခု ငါ့ကို ပြောပါဦး.. မင်းတို့ ဒီနေရာမှာ သေချင်တာလား။”
“ဟင့်အင်း… ငါတို့ ဒီနေရာမှာ မသေချင်ဘူး။”
ကျန်သော ဓားပြများအားလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
“မင်းတို့တွေ မသေချင်ဘူးဆိုမှတော့ ဒီနေရာကနေ ပြေးကြ။ ငါတို့က ဓားပြတွေ။ စွမ်းအားကြီးတဲ့ အဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ရရင် ချက်ချင်း ပြေး၊ အားနည်းတဲ့သူတွေနဲ့ တွေ့ရင် သူတို့မှာ ရှိသမျှအကုန် ညှစ်ထုတ်။ အဲ့ဒါမို့ ဒီကျွန်းကနေ ထွက်ခွာဖို့ အသင့်ပြင်ထားကြ။”
“ဟုတ်…”
***