လွတ်မြောက်သွားကြသူများ
Vol. 07 Ch. 307
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ခန်းမအတွင်းရှိ ရာကျော်သော လူများသည် မျှော်လင့်ချက် ပိုမိုကုန်ဆုံးလာကြသည်။ နဂါးကိုးကောင်ကျွန်း၏တည်ရှိမှုကို သိရှိသော လူအနည်းငယ်မှတပါး အများစုမှာ သည်ကျွန်းအကြောင်း ကြားပင်မကြားဖူးကြချေ။ နိုင်ငံခြားပတ်ဝန်းကျင်ကဲ့သို့ ရက်စက်သောဓားပြများနှင့် သေနတ်သံများအား အချိန်နှင့်အမျှ ကြားနေရပြီး ထိုအရာများသည် သူတို့၏သေခြင်းတရားဆီသို့ ဆော်သြနေသော ကျိန်စာတာအိုအတတ်ပညာသဖွယ် ဖြစ်ဟန်ရှိကာ သူတို့အား ခြောက်ခြားတုန်လှုပ်စေသည်။
ခန်းမထောင့်တွင် ရီလျန်ယန်သည် သူမ၏နောက်ကျောတွင် ချည်နှောင်ထားသော လက်များအား ကြိုးဖြည်နိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် သူမသည် မတ်တတ်မရပ်သေးဘဲ သူမ၏ကျောပြင်လေးအား ခန်းမထောင့်သို့ပင် တွန်းလိုက်ကာ ယခင်အနေအထားမပျက် ရှိစေသည်။ သူမ၏လက်ထဲတွင် ခေါက်ဓားတစ်လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက်ရှိသည်။
သူမသည် ပင်လယ်သမုဒ္ဒရာအား ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး သူမ၏နွေရာသီအားလပ်ရက်အား ရှန်ဟိုင်းမှ တောင်ပိုင်းငှက်ကျွန်းသို့ အလည်လာကာ ကုန်ဆုံးခြင်းဖြစ်သည်။ သည်နေရာရှိ လှပသော ပတ်ဝန်းကျင်တွင် လည်ပတ်ခြင်းနှင့် ဓလေ့ထုံးစံများအား လေ့လာလျက်ရှိပြီး သူမတည်းခိုသော ဟိုတယ်သည်ပင် ပင်လယ်သမုဒ္ဒရာအား မျက်နှာမူထားသော ဟိုတယ်ဖြစ်ပေသည်။ နွေးထွေးသော နေရောင်အောက်တွင် ပန်းလေးများက နေရာအနှံ့ ပွင့်လန်းနေကြသည်။
ကံအကြောင်းမလှစွာဖြင့် သူမသည် တောင်ပိုင်းငှက်ကျွန်းတွင် လဝက်ကျော်နေထိုင်ပြီး ထိုကျွန်းအနီးရှိ အခြားကျွန်းများသို့ သွားရောက်တော့မည့်ဆဲဆဲတွင် ဓားပြများသည် ကျွန်းပေါ်သို့ ခိုးဝင်လာကာ သူတို့၏လုယက်မှုများ စတင်လေတော့သည်။ မျိုးရိုးစဉ်ဆက် ရုပ်ပြောင်းရုပ်လွှဲအတတ်ပညာအား တတ်မြောက်ပိုင်ဆိုင်ထားသည့် စီချွမ်အော်ပရာမိသားစုတွင် နေခဲ့သော သူမ၏ဘဝအား ကျေးဇူးတင်ရပေမည်။ ထို့ကြောင့် သူမသည် အလျင်အမြန်ပင် သူမ သယ်ဆောင်လာသော မိတ်ကပ်များကို အသုံးချကာ သူမ၏ရုပ်သွင်အား ဓားပြများ အာရုံမစိုက်နိုင်မည့်ပုံပန်းသဏ္ဍာန်သို့ ပြောင်းလဲလိုက်သည်။
တကယ်တမ်းအားဖြင့် သူမသည် လှပသော မျက်နှာလေးတစ်ခုအား ပိုင်ဆိုင်ထားသော်လည်း သူမ၏ကြိုးစားအားထုတ်မှုကြောင့် အလွန်အမင်း ရုပ်ဆိုးသည့်အသွင်ဖြစ်လာသည်။ ထို့အတွက် သူမ ကံကောင်းခဲ့ရသည်။ ဓားပြများ၏အနိုင်ကျင့်စော်ကားမှုဒဏ်မှ လွတ်မြောက်ခဲ့ပြီး အခြားသူများနှင့်အတူသာ ပိတ်လှောင်ထားခြင်းခံရသည်။
“လူတိုင်းပဲ ကျေးဇူးပြုပြီး နည်းလမ်းတစ်ခု စဉ်းစားကြပါဦး။ ငါတို့ထဲကတစ်ယောက် ကြိုးပြေသွားရင် ငါတို့အားလုံး လွတ်မြောက်နိုင်ပါတယ်။” ကာဝါဆကီ အိုရှီးမားက ချွေးဒီးဒီးကျလျက် ဆောက်တည်ရာမရ ဖြစ်နေသည်။
မိနစ်ဝက်ကြာပြီးနောက် မည်သူမျှ မတုံ့ပြန်ကြသလို မည်သူမျှလည်း မတ်တတ်မရပ်ကြချေ။
ရီလျန်ယန်၏အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။ ဓားပြများသည် အပြင်ဘက်တွင် ရှိနေဆဲလားဆိုသည်ကို သူမ မသိချေ။ ထိုသူများသာ သည်နေရာတွင် ရှိနေပြီး သူမသည် ပထမဆုံး ကြိုးဖြည်သူတစ်ယောက်မှန်း သိသွားခဲ့ပါက သူမအား သတ်ပေလိမ့်မည်။
“ငါ ဘာလုပ်သင့်လဲ။”
သူမ၏စိတ်အတွင်းပိုင်းတွင် ပြင်းထန်သောတိုက်ပွဲ အစပြုနေသောကြောင့် သူမ၏အမူအရာအား အဆက်မပြတ် ပြောင်းလဲနေစေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ ဇွဲရှိသင့်တယ်။ အသက်ရှင်ဖို့ အခွင့်အရေးမျှင်မျှင်လေးသာ ရှိစေဦး ငါ အဲ့ဒါကို ဆုပ်ကိုင်မိရမယ်။ သေဖို့အတွက် စောင့်ပြီး ဘာမှ မလုပ်တာထက်စာရင် လှုပ်ရှားတာက ပိုကောင်းတယ်။”
နောက်ဆုံးတွင် စိတ်ဆုံးဖြတ်ချက်ချလိုက်သော အမူအရာသည် ရီလျန်ယန်၏မျက်ဝန်းများတွင် ပေါ်ပေါက်လာပြီး သူမ၏ကိုယ်မှ ကြိုးများအား ဖယ်ရှားကာ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။
“ဒိုင်း…”
သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။
ရီလျန်ယန်၏မျက်နှာလေး အကြီးအကျယ် ပျက်ယွင်းသွားသည်။ တစ်စုံတစ်ယောက်သည် ခန်းမတံခါးပေါ်မှ သော့ခလောက်အား ပစ်လိုက်သည်ကို သူမ ချက်ချင်း ခန့်မှန်းမိသည်။ လျှပ်တစ်ပြက်အတွင်း သူမသည် မြေပြင်ပေါ် ငုတ်တုပ်ထိုင်ချလိုက်ပြီး ကြိုးများကို ခဲခဲယဉ်းယဉ်းယူကာ သူမ၏ကိုယ်ပတ်လည်တွင် ပတ်ထားလိုက်သည်။
ခဏအကြာတွင် ခန်းမတံခါးသည် ပြင်းထန်စွာ ပွင့်လာပြီး သာမန်အဝတ်အစားများနှင့် စက်သေနတ်များကိုင်ဆောင်ထားသော လူများသည် ခန်းမထဲသို့ ပြေးဝင်လာကြသည်။ အတွင်းရှိအခြေအနေအား မြင်တွေ့သည်နှင့် ချက်ချင်းပင် ခန်းမအတွင်းရှိလူများအား သေနတ်များဖြင့် ချိန်ထားလိုက်သည်။
“ဓားစာခံတွေက ဒီမှာပါ သူဋ္ဌေး။” လူတစ်ယောက်က ခေါင်းလှည့်ကာ အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
ထန်ရှု၏ပုံရိပ်သည် တံခါးတွင် ပေါ်လာပြီး သူ၏အကြည့်များသည် ခန်းမအတွင်းရှိလူအုပ်ထဲသို့ ရောက်သွားသောအခါ ဒေါသရိပ်များသည် မျက်ဝန်းများထဲတွင် ဖြစ်ပေါ်လာသည်။ သိသာထင်ရှားစွာပင် သည်ဓားစာခံများသည် အမျိုးသမီးများဖြစ်ကြသည်။ အများစုမှာ အလွန်သနားစရာကောင်းကာ စိတ်ကသိကအောက်နိုင်သည့်အခြေအနေထဲတွင် အဓမ္မကျင့်ခြင်းခံရပြီး ဖျက်ဆီးခြင်းခံထားရသူများ ဖြစ်ပေသည်။
ခန်းမထောင့်ရှိ ရီလျန်ယန်၏မျက်လုံးအစုံမှာ အလွန်အကျူးဝမ်းမြောက်မှုနှင့်အတူ ချက်ချင်းပင် ပြူးကျယ်သွားသည်။ လူထွားကြီးသည် အင်္ဂလိပ်စကား၊ ဂျပန်စကားတို့ဖြင့် ပြောဆိုသွားသည်မဟုတ်ဘဲ မန်ဒရင်းဘာသာစကားဖြင့် ပြောလိုက်ခြင်းကြောင့် ဖြစ်သည်။
“မန်ဒရင်းလား။ သူတို့က တရုတ်နိုင်ငံကများလား။”
သူမ၏ရင်ခုန်သံသည် ပိုမိုမြန်ဆန်လာခဲ့သည်။ အသက်ရှူသံအား တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ချက်ချင်း ထရပ်လိုက်ပြီး အော်ပြောလိုက်သည်။
“ဟေး…ကျွန်မက တရုတ်လူမျိုးပါ။ ရှင်တို့တတွေကရော…”
ထန်ရှု အံ့အားသင့်သွားကာ ရီလျန်ယန်၏ အလွန်အမင်းရုပ်ဆိုးလှသောမျက်နှာအား ကြည့်လိုက်ရာ သူမ၏မျက်နှာတွင် ခြစ်ရာအချို့မှတစ်ပါး အဝတ်အစားသည် အကောင်းအတိုင်းရှိနေသည်ကို တွေ့ရလေသည်။ သူက ချက်ချင်းပင် သူမအနားသို့ ချဉ်းကပ်သွားပြီး
“ဟုတ်တယ်။ ငါတို့က တရုတ်လူမျိုးတွေပဲ။ ဒီဓားပြတွေက ငါတို့နိုင်ငံက မိန်းကလေးကိုပါ ပြန်ပေးဆွဲထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ။”
“ရီလျန်ယန်ပါ။”
“မင်းကို ဘယ်လိုဖမ်းမိသွားတာလဲ။” ထန်ရှုက မေးသည်။
“ငါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးတော့ ငါ့အားလပ်ရက်ကို အသုံးချဖို့ ဒီနေရာကို အလည်လာခဲ့တာ။ မမျှော်လင့်ဘဲ အဖမ်းခံလိုက်ရပြီး ဒီနေရာထိ ပါလာခဲ့တာ။” ရီလျန်ယန်က ရှင်းပြသည်။
ထန်ရှုက ခေါင်းကို ယမ်းလိုက်ရင်း သက်ပြင်းချလိုက်ကာ
“မင်းက ကံမကောင်းဘူးပဲ။ ဒါပေမယ့် အဆိုးကြီးလည်း မဟုတ်ပါဘူး။ ဂုဏ်ယူပါတယ်။ အခု မင်း လွတ်လပ်သွားပါပြီ။”
စက်သေနတ်များကိုင်ဆောင်ထားသော လူများသည် သေနတ်ပြောင်းအား အောက်သို့ နှိမ့်လိုက်ပြီး ဓားစာခံများအား ကြိုးဖြည်ပေးကြသည်။ လူတိုင်း မတ်တတ်ရပ်လိုက်ပြီးနောက် ကာဝါဆကီ အိုရှီးမားက စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ထန်ရှု၏အရှေ့သို့ ရောက်လာကာ တလေးတစား စကားဆိုလိုက်သည်။
“ဟယ်လို ငါက ကာဝါဆကီ အိုရှီးမားပါ။ ငါတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းက ငါတို့ရဲ့အသက်သခင် ကျေးဇူးရှင်ပါပဲ။ ငါတို့ မင်းကို သတိရနေမှာပါ။”
ထန်ရှုက မျက်ခုံးများ ပင့်တင်လိုက်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ခင်ဗျားတို့အားလုံးက ဂျပန်လူမျိုးတွေလား။”
“ဟုတ်ပါတယ်။” ကာဝါဆကီ အိုရှီးမားက ဖြေသည်။
“အရင် အနားယူလိုက်ပါဦး။ အရုဏ်တက်ပြီးတာနဲ့ လူတစ်ချို့ ထည့်ပြီး ခင်ဗျားတို့ကို လိုက်ပို့ခိုင်းလိုက်မယ်။ ဒီမှာဖြစ်ပွားတဲ့အရာတွေကိုလည်း မပျံ့နှံ့ဖို့ မျှော်လင့်ပါတယ်။” ထန်ရှုက ပြောသည်။
“လေးစားရတဲ့လူကြီးမင်း… ငါတို့က ဒီကြင်နာမှုရဲ့လှုပ်ရှားမှုကို လူထုကို ချပြဖို့ အကောင်းဆုံး လုပ်ရမယ်။ ဒီဓားပြတွေကို မင်းက မောင်းထုတ်လိုက်ပြီး ငါတို့ရဲ့သူရဲကောင်းဖြစ်လာတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့သူတွေက မင်းရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်ကို သိမှသာ မှန်ကန်လိမ့်မယ်။” ကာဝါဆကီ အိုရှီးမားက ပြောသည်။
ထန်ရှုက သူ့အား ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး ပေါ့ပါးစွာဖြင့်
“ကျွန်တော်တို့က သူရဲကောင်းတွေ မဟုတ်သလို ခင်ဗျားတို့ကို လိုအပ်လို့ လာကယ်တဲ့သူတွေလည်း မဟုတ်ပါဘူး။ ကျွန်တော်က ဒီကျွန်းကို ဝယ်ထားတယ်။ ဓားပြတွေက ဒီကျွန်းမှာ စခန်းချလို့ သူတို့ကို မောင်းထုတ်ဖို့ ကျွန်တော်တို့ လိုတယ်။ အဲ့ဒါမို့ ခင်ဗျားတို့ကို ကယ်တင်တယ်ဆိုတာ ကြုံကြိုက်တဲ့တိုက်ဆိုင်မှုတစ်ခုပါ။ ဒီအကြောင်းကို ဖြန့်လိုက်ရင်သာ ကျွန်တော်တို့အတွက် ပြသနာတွေ သယ်လာလိမ့်မယ်။”
ကယ်တင်ခြင်းခံရသောအယောက်တစ်ရာကျော်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ထန်ရှုပြောသည်ကို နားမလည်ကြသော်လည်း ထန်ရှုသည် သူတို့၏အသက်ကို ကယ်တင်သောသူ တစ်ယောက်ဖြစ်သောကြောင့် သူ့ဆီသို့ ပြသနာများ မရောက်ရှိလိုကြချေ။ ထို့ကြောင့် သည်နေရာတွင် ဖြစ်ပွားသမျှအား နှုတ်ပိတ်ထားရန် ကတိပြုကြသည်။
အထူးသဖြင့် အများစုမှာ အမျိုးသမီးများ ဖြစ်သောကြောင့် သည်အဖြစ်အား လျှို့ဝှက်ထားရန် ထန်ရှု၏တောင်းဆိုချက်အား လွန်စွာ စိတ်ကျေနပ်ကြသည်။ ထိုအမျိုးသမီးတို့သည် ဓားပြများ၏ အနိုင်ကျင့်စော်ကားမှုအား ခံထားရသဖြင့် သူတို့၏နာမည်ဂုဏ်သတင်းအား ပြင်းထန်စွာ ထိခိုက်စေသည်။
ထို့နောက် ထန်ရှုက လေးနက်သောအသံဖြင့်
“ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်တော့ အပြင်ဘက်မှာ လုံးဝစိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ အချို့ဓားပြတွေက လွတ်မြောက်သွားကြတော့ သူတို့လူတွေအတွက် လက်စားချေဖို့ ပြန်ပြီး ခိုးဝင်လာမလားဆိုတာကို ငါ အာမ မခံနိုင်ဘူး။ အဲ့ဒါကြောင့် ကျန်တဲ့ဓားပြတွေကို ငါတို့ရှင်းပြီးတဲ့အထိ ဒီနေရာမှာ နေပေးပါ။”
“ဟုတ်ကဲ့ပါ။”
“ကျေးဇူးတင်ပါတယ်။”
“…”
ထန်ရှုက ခေါင်းကိုယမ်းလိုက်ပြီး ထွက်ခွာသွားတော့မည်ဟန်ပြင်လိုက်သောကြောင့် ရီလျန်ယန်က လျင်မြန်စွာ ပြေးလာကာ သူ၏လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။ သူမက ခေါင်းတခါခါဖြင့်
“ကျွန်မ ဒီနေရာမှာ မနေချင်ဘူး။ ရှင်နဲ့အတူ လိုက်လို့ရမလား။”
ထန်ရှု တစ်ခဏမျှ တွေဝေသွားပြီးနောက် “မင်းက ဒီမှာ တစ်ဦးတည်းသော တရုတ်လူမျိုးလား။”
“ကျွန်မတစ်ယောက်တည်းပါ။” ရီလျန်ယန်က ခေါင်းညိတ်ကာ ပြောသည်။
“အဲ့လိုဆိုမှတော့ လာခဲ့ပါ။ အပြင်ဘက်က မြင်ကွင်းတွေက မင်းကို အရမ်းကြီးမကြောက်သွားစေဖို့ မျှော်လင့်ရတာပဲ။” ထန်ရှုက ပြောသည်။
ခန်းမထဲမှ ထွက်လာပြီးနောက် အလျှိုလျှိုု ထွက်ပေါ်လာသော သူ၏လူများအား ထန်ရှုက ပြောလိုက်သည်။
“အလောင်းတွေကို စုချည်ထား။ ငါတို့ ဝံပုလွေခေါင်းနဲ့ အခြားသူတွေ ပြန်လာတာကို စောင့်ကြတာပေါ့။”
“ဟုတ်…” ထန်ရှု၏အဖွဲ့သားများက ထန်ရှု၏စကား ကြားသည်နှင့် ချက်ချင်း တုံ့ပြန်သည်။
နာရီဝက်ကြာပြီးနောက် ဝံပုလွေခေါင်း၊ မိုညီအစ်ကိုများနှင့် အခြားသူများ ပြန်ရောက်လာကြပြီး အလောင်း၆လောင်းအား သယ်ဆောင်လာကြသည်။ ရဲတိုက်အပြင်ဘက် မြေကွက်လပ်ထဲတွင် ထိုအလောင်းများအား ပစ်ချလိုက်ပြီးနောက် ဝံပုလွေခေါင်းက လေးစားသောအမူအရာဖြင့်
“သူဋ္ဌေး…ငါတို့ ၆ယောက်ပဲ ဖမ်းမိခဲ့တယ်။ လွတ်သွားတဲ့သူတွေကို လိုက်ရှာတော့ အခြားသူတွေက သဘောၤနဲ့ထွက်သွားတာ အတော်လှမ်းနေပြီကို တွေ့လိုက်ရတယ်။”
ထန်ရှုက ခေါင်းညိတ်ရင်း
“သူတို့ လွတ်သွားတယ်ဆိုတော့ အဲ့ဒီကောင်တွေ ကံကောင်းတယ်လို့မှတ်လိုက်ကြတာပေါ့ဗျာ။ ကဲ အလောင်းတွေကို စုပုံထပ်ပြီး မီးရှို့ကြမယ်။ ပြီးရင် ရဲတိုက်ကို သန့်ရှင်းရေး လုပ်ကြစို့ရဲ့။”
“ကောင်းပြီ။” ဝံပုလွေခေါင်းက လေးစားစွာ တုံ့ပြန်လိုက်သည်။
ထန်ရှုသည် မိုအားဝမ်ဘက်လှည့်ကာ
“မနက် အရုဏ်တက်ပြီးတာနဲ့ လူတစ်ချို့ကိုခေါ်ပြီး ဓားစာခံတွေကို တောင်ပိုင်းငှက်ကျွန်းကို လိုက်ပို့ပေးလိုက်ပါ။ အဲ့ဒီကို ရောက်ရင် သူတို့ကို လျှို့ဝှက်ချက်အနေနဲ့ထားဖို့ မမေ့ဖို့အကြောင်းကို သတိပေးလိုက်။”
“နားလည်ပြီ။” မိုအားဝမ်က ခေါင်းတစ်ချက်ညိတ်ကာ ဖြေသည်။
ပြင်းထန်သော ညတိုက်ပွဲတွင် ဓားပြအယောက် ၂၀၀ကျော်အနက် အနည်းငယ်သာ လွတ်မြောက်သွားပြီး ကျန်သူများမှာ သည်နေရာတွင် အသတ်ခံကြရသည် ဖြစ်သဖြင့် အောင်ပွဲအတွက် ထန်ရှု အတန်ငယ် စိတ်ကျေနပ်မိသည်။ သူ၏လူများ တစ်ယောက်မှ ကျဆုံးခြင်းမရှိဘဲ ဒဏ်ရာရသူ အနည်းငယ်သာ ရှိခဲ့သည်။
မည်သို့ဆိုစေကာမူ သေနတ်တိုက်ပွဲများအကြားတွင် ရဲတိုက်၏ပျက်စီးသွားသောပမာဏသည် မနည်းလှချေ။ သို့သော်လည်း ထန်ရှုသည် သည်နေရာအား ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိထားပြီး ဖြစ်သောကြောင့် ထိုပျက်စီးမှုအား စိတ်ထဲ အလေးအနက်မထားတော့ချေ။ မိုအားဝူက သူနှင့်အဖော်လုပ်ပေးသဖြင့် ထန်ရှုသည် ရဲတိုက်တစ်တိုက်လုံးအား နာရီပေါင်းများစွာ ကြာအောင် လျှောက်ပတ်လှည့်လည်ကြည့်ရှုပြီး ရဲတိုက်အပြင်ဘက်ရှိ မြေကွက်လပ်ဆီသို့ စိတ်ကျေနပ်စွာဖြင့် ပြန်လာသည်။
ထန်ရှု၏အနောက်မှ လိုက်ပါနေသော ရီလျန်ယန်သည် သူ့အား မေးခွန်းများမေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားနေသော်လည်း ထန်ရှု စိတ်ဝင်တစား ကြည့်ရှုနေသည်ကို မြင်ရသောကြောင့် သူမ၏မေးခွန်းများအား စိတ်ထဲတွင် မျိုသိပ်ထားလိုက်သည်။
ယခုနောက်ဆုံးတွင် သူမသည် မမျိုသိပ်နိုင်တော့ဘဲ
“အစ်ကိုကြီးထန်… ဒီကျွန်းကို ရှင် တကယ် ဝယ်လိုက်တာလား။”
“ဟုတ်တယ်။” ထန်ရှုက ပြုံးကာဖြေသည်။
ရီလျန်ယန်က ထပ်မေးလိုက်သည်။
“ရှင်က အမှန်တကယ် ဘယ်သူများလဲ။ ဒီလိုမျိုးသီးခြားကျွန်းတစ်ခုမှာ ရှင် ဘာလုပ်မလို့လဲ။ ကျွန်မရဲ့ဗဟုသုတအရဆိုရင် ဒီကျွန်းကနေ တောင်ပိုင်းငှက်ကျွန်းကို သွားဖို့ ၁ရက်လောက် ကြာတယ်။ နောက်ပြီး ဒီနေရာကလည်း လမ်းညွှန်တဲ့သူ မပါရင် ရှာဖို့ အလွန်ခက်ခဲတဲ့နေရာကြီး။”
“မင်း ထောင်ယွမ်မင်းရဲ့ မက်မွန်ပန်းတွေ ပွင့်တဲ့အချိန်ကို ဖတ်ဖူးလား။” ထန်ရှုက ရယ်မောလိုက်သည်။
ရီလျန်ယန်၏မျက်ဝန်းလေးများ ဝိုင်းစက်သွားရကာ အံ့သြကြက်သေ သေသွားပြီး
“ကျွန်မ ဖတ်ဖူးတယ်။ ဂျူနီယာအထက်တန်းကျောင်းဖတ်စာအုပ်တွေထဲမှာ သင်ကြားရတယ်။ ရှင် ဆိုလိုတာက… ဒီနေရာမှာ နတ်ဘုံတစ်ခုအလား တည်ဆောက်ချင်တာပေါ့။”
“ဒါပေါ့။ သည်နေရာမှာ ငါက နတ်ဘုံတစ်ခုကို တည်ဆောက်ချင်တာ။” ထန်ရှုက ရယ်မောရင်းပြောသည်။
ရီလျန်ယန်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ ရှုံ့မဲ့သွားရကာ ထူးဆန်းသောအမူအရာဖြင့် ပြောသည်။
“ရှင့်လို ချမ်းသာတဲ့သူတွေက အလွန်ထူးဆန်းတဲ့ ဝါသနာတွေရှိကြတယ်။ နောက်ပြီး ရှင့်ရဲ့လူတွေကလည်း တအား စွမ်းအားရှိကြတာပဲ။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ဓားပြတွေကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်နိုင်ကြတယ်။ နောက်ပြီး အဲ့ဒီဓားပြတွေက နည်းနည်းနောနော မဟုတ်ဘူး အယောက်၂၀၀တောင် ကျော်သေးတယ်။ အဲ့ဒီလူတွေနည်းနည်းပဲ လွတ်ပြီး ကျန်တဲ့သူတွေက ရှင်နဲ့ရှင့်လူတွေ သတ်တာ ခံလိုက်ရတာချည်းပဲလေ။ ဒီလိုစွမ်းအားကြီးတာကြီးက လွန်လွန်းတယ် မဟုတ်ဘူးလား။”
ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ပြီး
“ဒီမေးခွန်းကိုတော့ ငါ မဖြေပါရစေနဲ့။ ဒါပေမယ့် လွတ်လပ်မှုအတွက် ငါ မင်းကို စကားအနည်းငယ် ပြောပြနိုင်တယ်။”
“ဘာစကားလဲ။” ရီလျန်ယန်က ပဟေဠိဖြစ်စွာ မေးလာသည်။
ထန်ရှုက ပြုံးခြင်းမမည်သော အပြုံးဖြင့်
“စစ်မှန်ပြီး ကြော့ကြော့မော့မော့ရှိတဲ့ လူတစ်ယောက်ဟာ ဘယ်အချိန်မှာ ဘယ်လိုမသိဟန်ဆောင်ရမယ်ဆိုတာကို သိတယ်။ ဒါပေမယ့် တစ်ချို့လူတွေကျတော့ ကိစ္စရပ်တွေကို နှိုက်နှိုက်ချွတ်ချွတ် သိချင်ပေမယ့် ဘာမှ မသိလိုက်ရဘူး - စပ်စုခြင်းက ကြောင်တွေကို သေစေတယ်ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။”
ရီလျန်ယန် တစ်ခဏမျှ တွေဝေသွားပြီး ချက်ချင်း ခေါင်းငုံ့သွားကာ တိတ်ဆိတ်သွားတော့သည်။
ထန်ရှုက မပြုံးချင် ပြုံးချင်ပြုံးလိုက်ပြီးနောက် ဝံပုလွေခေါင်းဘက်သို့ လှည့်ကာ
“နဂါးကိုးကောင်ကျွန်းတစ်ခုလုံးအကြောင်း စုံစမ်းဖို့ ကျွန်တော် အချိန်၁၀ရက်ပေးမယ်။ ကျွန်တော်တို့ကလွဲပြီး ဒီနေရာမှ ဘယ်သူမှ မရှိဘူးဆိုတာ သေချာချင်တယ်။ အဲ့ဒါအပြင် ဆောက်လုပ်ရေးဒီဇိုင်းကိုလည်း ကျွန်တော် ဆွဲမယ်။ ကျွန်တော် ပြည်မကို မပြန်ခင် ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဆောက်လုပ်ရေးလုပ်ငန်းကို စဉ်းစားရလိမ့်မယ်။”
“သူဋ္ဌေး…ဒီမှာရှိတဲ့ အဆောက်အဦးတွေက အတော်ကောင်းသေးတယ်လို့ ငါ ထင်တယ်။ ဘာကြောင့် ပြန်ပြင်ဆောက်ချင်ရတာလဲ။” ဝံပုလွေခေါင်းက မေးသည်။
***