← Chapters

ကောင်းကင်ဘုံကျွန်း

Vol. 07 Ch. 308

ကောင်းကင်ဘုံကျွန်း

Vol. 07 Ch. 308

နဂါးကိုးကောင်ကျွန်းအား ကမ္ဘာတွင် ကျင့်ကြံမှုအတွက် အကောင်းဆုံးသင့်လျော်သော ကောင်းကင်ဘုံကျွန်းအဖြစ် အသွင်ပြောင်းမည့် သူ၏အစီအစဉ်အား ထန်ရှုသည် ဝံပုလွေခေါင်းအား မရှင်းပြတော့ချေ။ သူ ရှင်းပြလျှင်တောင် သည်လူက နားလည်နိုင်မည်မဟုတ်ပေ။

နဂါးကိုးကောင်ကျွန်းပေါ်သို့ သူတက်လာပြီးနောက် ကောင်းကင်နှင့်မြေကြီး၏စိတ်ဝိညာဉ်ချီ အစုအဝေးသည် အခြားနေရာများထက် အနည်းဆုံး၅ဆရှိသည်ကို ပြင်းထန်စွာ သူ ခံစားမိပေသည်။ လူတစ်ယောက်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်တိုင်း သူ၏ခန္ဓာကိုယ်သည် သက်တောင့်သက်သာဖြစ်မှုကို ခံစားရလိမ့်မည်။

နဂါးကိုးကောင်ထွေးထုတ်ထားသော ပုလဲ၏ လျှို့ဝှက်သောနေရာအား သည်နေရာတွင် ပြည့်စုံစွာ တည်ဆောက်ပြီးပါက ကျွန်းပေါ်ရှိ စိတ်ဝိညာဉ်ချီ အစုအဝေးသည် အပြင်ဘက်ထက် ၁၂ဆ သာလွန်လိမ့်မည်ဖြစ်ပြီး ၁၀၀ဆထိပင် ရောက်နိုင်ချေရှိပေသည်။

သို့သော်လည်း သူသည် ထိုသို့မလုပ်ရဲပေ။ သည်နေရာ၏စိတ်ဝိညာဉ်ချီအစုအဝေးသည် အပြင်ကမ္ဘာထက် အဆ၁၀၀ထိ ရောက်ရှိသွားပါက သာမန်လူများအတွက် သေဆုံးရန် စုစည်းပိတ်ဆို့ထားလိုက်သည့်နှယ် ဖြစ်ပေမည်။

“မေးခွန်းတွေ အများကြီး မမေးပါနဲ့ဗျာ။ ဒီနေရာကို ပြန်တည်ဆောက်ပြီးသွားရင် ခင်ဗျား နားလည်လာလိမ့်မယ်။”

သူ၏လက်ကို ဝှေ့ယမ်းကာ အခြားအရာများနှင့် သူအလုပ်ရှုပ်နေသည်ကို အရိပ်အမြွက် ပြလိုက်ပြီးနောက် ထန်ရှုက လှည့်ထွက်လာပြီး မြေကွက်လပ်အစွန်းဆီသို့ လျှောက်လာသည်။ ထိုနေရာမှနေကာ အောက်မှ မြေပြင်အား ငုံ့ကြည့်နေရင်း သူ၏အကြည့်များသည် သစ်တောအုပ်နှင့် ကမ်းခြေဖြင့် နယ်နိမိတ်သတ်မှတ်ထားသော မီတာတစ်ရာအကွာမှ မို့မောက်နေသည့်ဧရိယာဆီသို့ ရောက်သွားသည်။

နေလုံးကြီးသည် မြင့်တက်လာလျက် ရှိသည်။

နီရဲတောက်ပနေသော နေလုံးကြီး မြင့်တက်လာသည့်တစ်ခဏ ကောင်းကင်မှ ကမ္ဘာမြေပေါ်သို့ ကျဆင်းနေသည့် ခရမ်းရောင်ချီစီးကြောင်းတစ်ခုအား ထန်ရှုသည် ရှင်းလင်းစွာ မြင်နိုင်သည်။ ထိုချီစီးကြောင်းသည် ကုန်းမြေ၏အမြင့်ဆုံးအပိုင်းသို့ ရောက်ရှိဖြန့်ကျက်ထားသည်။

“အကြီးမြတ်ဆုံးဧကရာဇ်ရဲ့ခရမ်းချီတွေလား။ အကြီးမြတ်ဆုံးဧကရာဇ်တစ်ယောက်ရဲ့ခရမ်းချီတွေက ကမ္ဘာမြေမှာ ပေါ်လာတာ ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။”

ထန်ရှု၏ခန္ဓာကိုယ်သည် အကြီးအကျယ် တုန်လှုပ်သွားပြီး သူ၏မျက်ဝန်းအစုံသည်လည်း တုန်လှုပ်နေသည့်ဟန်ရှိသည်။ တစ်ခုသိရမည်မှာ အကြီးမြတ်ဆုံးဧကရာဇ်၏ခရမ်းချီသည် အင်မော်တယ်ကမ္ဘာရှိ ခရမ်းယန်ကြယ်နယ်မြေ၏ အထင်ရှားဆုံး အမှတ်သင်္ကေတဖြစ်ပေသည်။ ထိုနယ်မြေတွင် ဒေသ၉ခုရှိပြီး ဒေသတစ်ခုစီတွင် ခရမ်းချီစီးကြောင်းသည် နှစ်တိုင်း ထွက်ပေါ်လေ့ရှိကာ အင်မော်တယ်များအတွက် များပြားလှသော အကျိုးကျေးဇူးများကို သယ်ဆောင်လာလေ့ရှိသည်။

ထန်ရှု အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်က များပြားလှသောငွေကြေးများအား ပေးဆပ်ပြီးမှ အကြီးမြတ်ဆုံးဧကရာဇ်၏ခရမ်းချီစီးကြောင်း၂ခုအား ရရှိခဲ့ဖူးသည်။ သို့သော် သည်နေရာတွင် ထိုကဲ့သို့ခရမ်းချီစီးကြောင်း တည်ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။

“အကြီးမြတ်ဆုံးဧကရာဇ်ရဲ့ခရမ်းချီကို ငါ့ခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်အောင် ရောစပ်နိုင်ရင် ငါ့အတွက် အကျိုးကျေးဇူးအများကြီးရလိမ့်မယ်။ အသားသန်မာခြင်းအဆင့်ကိုတောင် ငါ ချိုးဖြတ်နိုင်လိမ့်မယ်နဲ့တူတယ်။”

စိတ်လှုပ်ရှားခြင်း၊ အလွန်အကျူး ဝမ်းမြောက်ခြင်း။

ထိုအချိန်တွင် ဖြစ်ပေါ်နေသော ထန်ရှု၏စိတ်ခံစားမှုအား ဖော်ပြရန် ခက်ခဲလှချေသည်။ အချိန်တိုအတွင်း အင်မော်တယ်ကမ္ဘာမှ သူ ပြန်ရောက်လာခဲ့ရပြီး သူ၏ကျင့်ကြံမှုသည် တိုးတက်မှု နှေးကွေးနေသောကြောင့် သူ့အနေဖြင့် ပိုမိုသန်မာစေလိုပါက ဖြတ်လမ်းနည်းတစ်ခုကို ရှာဖွေရတော့မည်ဖြစ်သည်။

မိနစ်အနည်းငယ်ကြာသော် ထန်ရှုသည် အကြီးမြတ်ဆုံးဧကရာဇ်၏ခရမ်းချီထွက်ပေါ်ရာ နေရာတွင် ပေါ်လာခဲ့ပြီဖြစ်သည်။ သဘောၤပေါ်မှ သူ ဆင်းလာစဉ်က သည်နေရာလေးအား သတိမမူခဲ့မိပေ။ ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှင့်လိုက်ရာ သူ၏မရီဒျာန်အတွင်းမှ ကြယ်စွမ်းအားသည် လှိုင်းလုံးများသဖွယ် တက်လာလေသည်။ သည်နေရာရှိ စိတ်ဝိညာဉ်ချီသည် အလွန်နည်းပါးလှသည်ကို သူ ချက်ချင်း သတိပြုမိသော်လည်း သူ၏ခြေဖဝါးအောက်မှ အတက်အကျပြောင်းလဲနေသော သန်မာလှသည့် စိတ်ဝိညာဉ်အင်အားတစ်ခုကို သူ ခံစားမိလေသည်။

“ဟင်…” ထန်ရှု အံ့အားသင့်ကာ တုန်လှုပ်သွားသည်။

“ဒီ…ဒီအောက်ထဲမှာ စိတ်ဝိညာဉ်စမ်းချောင်းတစ်ခု ရှိနေတာလား။”

သည်တွေ့ရှိမှုသည် သူ့အား တွေဝေမိန်းမောနေရာမှ ပြန်လည်အသိဝင်လာစေရန် အလွန်ခက်ခဲလှသည်။ နဂါးကိုးကောင်ကျွန်းတစ်ခုလုံးတွင် စိတ်ဝိညာဉ်သွေးကြောတစ်ခု ရှိရမည်ဟု သူ မှန်းဆတွေးတောထားသော်လည်း စိတ်ဝိညာဉ်သွေးကြောတစ်ခု ပိုင်ဆိုင်ထားရုံသာမက စိတ်ဝိညာဉ်စမ်းချောင်းတစ်ခုပင် တည်ရှိနေပေသည်။

စိတ်ဝိညာဉ်ခွန်အားရှိသော ကုန်းမြေတစ်ခုသည် ကြီးမားသော စိတ်ဝိညာဉ်အင်အားအစုအပုံဖြစ်အောင် ပြုလုပ်ပေးသည့် စိတ်ဝိညာဉ်စမ်းချောင်းပေါ်တွင် လွှမ်းမိုးမှုတစ်ခုရှိပေလိမ့်မည်။ ကျင့်ကြံသူတစ်ယောက်သည် သည်လိုနေရာမျိုးတွင် ကျင့်ကြံရန်အတွက် ကောင်းကင်နှင့်မြေကြီးကြားက စိတ်ဝိညာဉ်ချီအား စုပ်ယူနိုင်ရုံသာမက စိတ်ဝိညာဉ်စမ်းချောင်းအတွင်းရှိ စိတ်ဝိညာဉ်ခွန်အားကိုလည်း စုပ်ယူနိုင်မည်ဖြစ်ပြီး ကြိုးစားအားထုတ်မှု၏အကျိုးကျေးဇူး ၂ဆအား ရရှိစေမည်ဖြစ်သည်။

“အခြားစိတ်ဝိညာဉ်စမ်းချောင်းတွေများ ရှိနိုင်သေးလား။”

ပင်လယ်ဆိပ်ကမ်းဆီသို့ ချဲ့ထွင်ထားသော လမ်းကြောင်း၈ခုရှိသည်ကို ထန်ရှု သတိရလိုက်သောကြောင့် အနီးဆုံးလမ်းဆီသို့ ထန်ရှု လျှပ်တပြက်အတွင်း ထွက်ခွာသွားသည်။ ၁၀မိနစ်ကြာပြီးသော် ထန်ရှုသည် ထိုနေရာတွင် မတ်တတ်ရပ်လျက် သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှင့်လိုက်ရာ အတွင်းရှိ သူ၏ကြယ်စွမ်းအားသည် အရူးအမူး လည်ပတ်လာလေသည်။ ချက်ချင်းပင် သူ၏မျက်နှာထက်တွင် အလွန်အကျူးပျော်ရွှင်သည့် အမူအရာ ထင်ဟပ်လာရသည်။

သည်နေရာမှာလည်း ရှိနေသည်။

သူသည် စိတ်ဝိညာဉ်စမ်းချောင်းအား ရှင်းလင်းစွာ ခံစားမိပေသည်။

“ကမ်းရိုးတန်းကို သွားတဲ့ လမ်းကြောင်းကိုးခုရဲ့ အဆုံးတိုင်းမှာ စိတ်ဝိညာဉ်စမ်းချောင်းတစ်ခုစီ ရှိနေတာလား။”

ထိုမယုံနိုင်လောက်အောင်ဖြစ်သောအတွေးအား သေချာစေရန် ထန်ရှုသည် နဂါးကိုးကောင်ကျွန်း တစ်ခုလုံးအား မရပ်မနား စတင်လေ့လာတော့သည်။ လမ်းကြောင်း၉ခုမှ လမ်းတစ်ခုသို့ ရောက်သည့်အခါတိုင်း သူ၏မျက်နှာထက်မှ စိတ်လှုပ်ရှားမှုသည် အတန်ငယ်စီ သိပ်သည်းထူထပ်လာခဲ့သည်။ လမ်းကြောင်း၉ခုအား အားလုံးလေ့လာစစ်ဆေးပြီးသွားသည့်အခါ သူ၏စိတ်လှုပ်ရှားနေသောမျက်နှာသည် အတောက်ပလွန်နေခဲ့ပြီဖြစ်သည်။

ဆိပ်ကမ်းသို့သွားသော လမ်းကြောင်း၉ခု၏ အဆုံးတိုင်းတွင် စိတ်ဝိညာဉ်စမ်းချောင်းတစ်ခုစီ ရှိနေပေသည်။

စိတ်ဝိညာဉ်စမ်းချောင်း ၉ခု…

ထိုစိတ်ဝိညာဉ်စမ်းချောင်းများတည်ရှိမှုကြောင့် ထန်ရှုသည် အနာဂတ်တွင် ကျွမ်းကျင်သော ပညာရှင်များစွာအား လွယ်ကူချောမွေ့စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည်။ နဂါးကိုးကောင်ထွေးထုတ်ထားသော ပုလဲ၏လျှို့ဝှက်နေရာအား တည်ဆောက်ပြီးသွားပါက လူပေါင်းများစွာသည် အင်မော်တယ် ကျွမ်းကျင်သူများအဖြစ်သို့ ကျင့်ကြံရန်အတွက်လည်း ပြသနာတစ်ခု မဟုတ်တော့ပါချေ။

“သည်နေရာကို ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံးအချိန်တစ်ခု လုပ်ရမယ်။”

တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် နိုင်ငံခြားဆောက်လုပ်ရေးလုပ်ငန်းများအား အသုံးမပြုရန် ချက်ချင်းပင် သူ ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက် ဂြိုဟ်တုဖုန်းကို ထုတ်ကာ လုံကျန့်ယု၏နံပါတ်အား ဆက်လိုက်သည်။

“ဟယ်လို လုံကျန့်ယု ပြောနေပါတယ်။ ဘယ်သူဆက်တာပါလဲ။” လုံကျန့်ယု၏လေးနက်သောအသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ငါပါ ထန်ရှု။” ထန်ရှုက ပြောသည်။

ကြယ်တာရာ… လုံအုပ်စု၏ဒါရိုက်တာအခန်းတွင် ဖြစ်သည်။

လုံကျန့်ယု တစ်ခဏမျှ ကြောင်သွားပြီးနောက် သူ၏မျက်နှာထက်တွင် ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာသည်။

“ထန်ရှု… ငါ ဒီရက်ပိုင်းတွေထဲ မင်းကို ဖုန်းဆက်နေခဲ့တာ။ ဒါပေမယ့် ဆက်လို့ကို မရခဲ့ဘူး။ မင်း အခု ဘယ်များရောက်နေတာတုန်း။”

“မင်း ငါ့ကို ဖုန်းဆက်နေတာ တစ်ခုခုများဖြစ်လို့လား။” ထန်ရှုက မေးသည်။

“အရမ်းကြီးမားတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မင်း ဆေးပင်တွေ လိုသေးလားလို့ ငါ မေးချင်လို့ပါ။ အဲ့ဒီဆေးပင်တွေက မင်း ချူယီကို ပေးထားတဲ့ဆေးပင်စာရင်းတွေနဲ့ ဆက်နွယ်နေတယ်။ ငါ့အဖေက လွန်ခဲ့တဲ့၂ရက်လောက်က သူ့သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူ့သူငယ်ချင်းက ဟိုက်ချင်းပြည်နယ်မှာ ဆေးပင်စီးပွားရေးလုပ်ငန်းတစ်ခုရှိတယ်။ အဲ့ဒီအချိန်တုန်းက ငါက အဖေနဲ့ အဖော်လိုက်ပြီး သူ့ကို စကားပြောခဲ့ပေမယ့် သူ့မှာ ဆေးပင်တွေ အများကြီး ရှိလိမ့်မယ်လို့ ငါ ဘယ်တော့မှ မတွေးထားခဲ့မိဘူး။” လုံကျန့်ယုက ရယ်လိုက်သည်။

“ငါ အဲ့ဒီဆေးပင်တွေကို တတ်နိုင်သမျှ များများ ယူမယ်။” ထန်ရှုက  ချက်ချင်း ပြောလိုက်သည်။

“အိုကေ… အဲ့လိုဆိုရင် ငါ သူ့ကို နောက်ပြီး ဆက်သွယ်လိုက်မယ်။ အရည်အသွေးကောင်းတဲ့ ဆေးပင်တွေအများကြီး ရဖို့ ငါ ကတိပေးတယ်။ အာ ဟုတ်ပြီ။ တစ်ခုခု ကိစ္စများ ရှိလို့လား။” လုံကျန့်ယုက ပြုံးကာ မေးလိုက်သည်။

“ဟုတ်တယ်။ အရမ်းအရေးကြီးတယ်။ တကယ်တော့ ငါ မင်းကို ကိုယ်တိုင် ပြောပြချင်တာ။ ဒါပေမယ့် အခု ငါက နိုင်ငံခြားရောက်နေတော့ ဖုန်းထဲကပဲ ပြောလို့ရတော့မယ်။” ထန်ရှုက လေးလေးနက်နက် ပြောလိုက်သည်။

“ငါ့ကို ပြောပါ။” လုံကျန့်ယုက အလေးအနက် တုံ့ပြန်လိုက်သည်။

“ငါ နိုင်ငံခြားမှာ ကျွန်းတစ်ခု ဝယ်ထားလို့ အဲ့ဒါကို ဖွံ့ဖြိုးအောင် လုပ်ချင်တယ်။ ဒါပေမယ့် အဲ့ဒီကျွန်းကို ပြန်လည်တည်ဆောက်ဖို့ဆိုရင် ယုံကြည်စိတ်ချရတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ငါ လိုအပ်တယ်။”ထန်ရှုက ပြောသည်။

ဖော်ပြရန်ခက်ခဲသော အမူအရာတစ်ခုသည် လုံကျန့်ယု၏မျက်နှာထက်တွင် ပေါ်လာပြီး ရှုံ့မဲ့သွားကာ

“ညီအစ်ကိုထန်… ဒီကိစ္စက ငါ ကိုင်တွယ်လို့ရတဲ့အရာ မဟုတ်ဘူး။ နိုင်ငံခြားမှာ ငါတို့ရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု မရှိတဲ့အပြင် ပြည်ပက အခြေအနေအသေးစိတ်ကိုလည်း ငါတို့မသိဘူးလေ။”

“ဒီမှာ မင်း ကုမ္ပဏီတစ်ခု မှတ်ပုံတင်နိုင်မလား။ ပြည်မက ဆောက်လုပ်ရေးအဖွဲ့အားလုံးကို ခေါ်လာတာ ပိုကောင်းတယ်။ ငါ ပိုက်ဆံပိုသုံးရရင်တောင် အဆင်ပြေပါတယ်။” ထန်ရှုက ပြောသည်။

လုံကျန့်ယုက မချိပြုံး ပြုံးကာ ပြောသည်။

“ပိုက်ဆံပိုသုံးပြီး ဖြေရှင်းတာက ပြသနာတစ်ခု မဟုတ်ဘူး။ စီမံကိန်းက သေးရင် နိုင်ငံခြားမှာ ကုမ္ပဏီမှတ်ပုံတင်တဲ့အခါ အတော် ဒုက္ခရောက်တယ်။”

“ကျန့်ယု မင်း မှားနေပြီ။ ငါ ပြောနေတဲ့ ကျွန်းဖွံ့ဖြိုးရေးအကြောင်းက စီမံကိန်းအသေးလေး မဟုတ်တာ သေချာတယ်။ ငါ မြှုပ်နှံရမှာ အနည်းဆုံးး ဘီလီယံ၂၀ပဲ။” ထန်ရှုက လေးနက်စွာ ပြောသည်။

“ဘယ်လောက်။” လုံကျန့်ယုက ကုလားထိုင်မှ ခုန်ထကာ အော်လိုက်သည်။

“၂၀ဘီလီယံ။ အဲ့ဒါ အနည်းဆုံး ခန့်မှန်းထားတာပဲ။”

လုံကျန့်ယု၏အသက်ရှူသံ ပိုမြန်လာသည်။ ၂၀ဘီလီယံ အရင်းအနှီးထည့်ထားသော စီမံကိန်းကြီးတစ်ခုအား နိုင်ငံထဲတွင် သူ များစွာ မကြားဖူးပါချေ။ သူ၏လုံမိသားစုသာ သည်လိုစီမံကိန်းကြီးတစ်ခုအား ယူလိုက်ပါက နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် အခြားစီမံကိန်းများအား မလုပ်ဆောင်နိုင်သော်လည်း ထိုစီမံကိန်းမှ ငွေများစွာ ရှာဖွေနိုင်ပေဦးမည်။

“ငါ အဲ့ဒါကို လုပ်မယ်။” လုံကျန့်ယုက အနည်းငယ် နီရဲသောမျက်ဝန်းအစုံဖြင့် အဖြေပေးလိုက်သည်။

“ပြသနာမရှိဘူး။ မင်း အဲ့ဒါကို လုပ်ချင်ရင် မနက်ဖြန်  ငါရှိတဲ့နေရာကို လာတာ ပိုကောင်းတယ်။ ငါ ဆိုင်ပန်မှာ မင်းကို ကြိုဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။” ထန်ရှုက ပြောသည်။

“ကိစ္စတစ်ခုက ငါ့အတွက် နည်းနည်းတော့ စိတ်ပူစေတယ်။ ငါတို့ ဒါကို ဖြေရှင်းနိုင်ရင် ဆောက်လုပ်ရေးအဖွဲ့နဲ့ ပစ္စည်းတွေအတွက်တောင်မှ စီစဉ်တာကို စလုပ်နိုင်ပြီး မင်းရဲ့ကျွန်းကို သွားဖို့ အဆင်သင့်ဖြစ်စေမှာ။” လုံကျန့်ယုက အလျင်အမြန် ပြောလိုက်သည်။

“မင်း စိတ်ပူနေတဲ့အရာက ဘာလဲ။” ထန်ရှုက ပြောသည်။

“ဆိုင်ပန်က အခြေအနေအကြောင်းလေ။ ငါက အဲ့ဒီကနေရာတွေနဲ့ရော အစိုးရပိုင်းနဲ့ရော အကျွမ်းတဝင် မရှိတော့ အခက်အခဲရှိနိုင်တယ်။ အခြားတစ်ဖက်က ကြည့်ရင် မင်းမှာ ပြည်ပအဆက်အသွယ်တွေ ရှိတယ်။ အဲ့ဒီမှာ ငါ့ကို ကူညီဖို့ မင်း ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်များ ရှိမလား။”

ထန်ရှု တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“တစ်ယောက်တော့ ရှိတယ်။”

“ဘယ်သူများလဲ။” လုံကျန့်ယုက အနည်းငယ် ပျော်ရွှင်သွားသည့်အသံဖြင့် အမြန်မေးလိုက်သည်။

“သူက ငါ့လူရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး ကြည့်ရတာ ဆိုင်ပန်မှာ အတော် လွှမ်းမိုးနိုင်တဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်။ မင်း မကိုင်တွယ်နိုင်တဲ့ကိစ္စတွေရှိရင် ငါ သူ့ကို အကူအညီတောင်းလိုက်မယ်။” ထန်ရှုက ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ ငါ မနက်ဖြန် သွားလိုက်မယ်။ မဟုတ်သေးဘူး… ငါ ဒီနေ့ပဲ ဆိုင်ပန်ကို သွားလိုက်မယ်။ မင်းရဲ့လူကို တွေ့ရမယ့်နေရာကို ပြောဦး။” လုံကျန့်ယုက လေးနက်စွာ ဆိုသည်။

“လောင်ကမ်းခြေဟိုတယ်။”

ဖုန်းချပြီးနောက် ထန်ရှု တစ်ခဏမျှ တွေးလိုက်သည်။ တွမ်ရတ်ဂီနှင့် စကားကောင်းတစ်ချို့ပြောရန် သူ ဆိုင်ပန်ကို သွားမှဖြစ်မည်။ သည်ဆောက်လုပ်ရေးအတွက် သည်လူသည် သူတို့နှင့် ပူးပေါင်းလိုပါက အကျိုးခံစားခွင့်အချို့ကို သူ ပေးမည်ဖြစ်သည်။

နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ပြီးဆုံးပြီး သည်နေရာသည် သူ၏အကြီးမြတ်ဆုံးဋ္ဌာနချုပ် ဖြစ်လာပါက ဆိုင်ပန်ကို သူလာရောက်သည့် အကြိမ်သည် များလာမည်ဖြစ်သောကြောင့် တွမ်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းသည် လိုအပ်သောအရာဖြစ်သည်။

“အစ်ကိုကြီး ထန်…”

မီတာတစ်ရာအကွာရှိ ကမ်းရိုးတန်းပေါ်မှ ရီလျန်ယန်သည် မိတ်ကပ်ဖယ်ရှားထားသော သူမ၏ပင်ကိုယ်အလှမျက်နှာဖြင့် ပေါ်လာသည်။

ထန်ရှုသည် ဂြိုဟ်တုဖုန်းအားသိမ်းလိုက်ရင်း သူ၏အရှေ့မှ ရီလျန်ယန်အား ကြည့်လိုက်ပြီး အံ့အားသင့်သောအသံဖြင့်

“မင်းမျက်နှာက…”

ရီလျန်ယန်က ရယ်လိုက်ရင်း

“အဲ့ဒီဓားပြတွေ ကျွန်မကို အာရုံမစိုက်အောင်လို့ ရုပ်ဆိုးအောင်လုပ်ထားတဲ့ အသေးအမွှားလေးပါ။”

ထန်ရှု ရုတ်ခြည်းပင် သဘောပေါက်သွားပြီး ထိုမိန်းကလေး၏ပါးနပ်ချက်ချာမှုအား စိတ်တွင်းမှ လေးစားမိသည်။

“ဒါနဲ့… ငါ့ဆီက တစ်ခုခု လိုအပ်တာများရှိလို့လား။ မင်းတို့အားလုံးကို ပြန်ပို့ပေးဖို့ ငါ့လူတွေကို မပြောထားဘူးလား။”

“ကျန်တဲ့လူတွေကို ပြန်ပို့နေကြပါပြီ။ ကျွန်မက မပြန်ချင်သေးလို့။ သည်နေရာက ကောင်းပြီး အစ်ကိုကြီးထန်နဲ့ နေရတာက ပိုလုံခြုံတယ်လို့ ကျွန်မ ထင်လို့ပါ။ အဲ့ဒါကြောင့် ကျွန်မ ဒီမှာ အချိန်နည်းနည်းလောက် နေချင်သေးတယ်။” ရီလျန်ယန်က အလျင်အမြန် ပြောသည်။

“ငါတို့နောက်က လိုက်နေတာ မင်းအတွက် မကောင်းဘူး။ ငါတို့က အမျိုးသားအဖွဲ့လေ။” ထန်ရှုက ကသိကအောက်ဖြစ်သွားသောအပြုံးဖြင့် ပြောသည်။

“ကိစ္စမရှိပါဘူး။ ရှင်တို့က အမျိုးသားကောင်း အဖွဲ့တစ်ဖွဲ့လေ။ အဲ့ဒါကြောင့် ကျွန်မ ဒီမှာ နေနိုင်ပါတယ်။ နောက်ပြီး ရှင်တို့ စားဖို့ လိုအပ်တယ်မဟုတ်လား။ ကျွန်မ ချက်တတ်ပါတယ်။ ကျွန်မရဲ့ဟင်းချက်လက်ရာက ကောင်းတာထက် ပိုတယ်လို့ဆိုနိုင်တယ်။ ကျွန်မက အလျှော်အဖွပ်နဲ့ သန့်ရှင်းရေးလည်း ရသေးတယ်။ တိုတိုပြောရရင် ကျွန်မ ဒီနေရာမှာ နေတာ ရှင့်အတွက် အရှုံးမရှိပါဘူး။” ရီလျန်ယန်က ပြောလိုက်သည်။

ထန်ရှု ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ရယ်လိုက်ရင်း

“ကောင်းပြီ။ မင်း နေချင်ရင် နေပါ။ ဒါပေမယ့် ငါ လုပ်စရာရှိလို့ ဆိုင်ပန်ကို ဒီနေ့သွားရမယ်။ ရက်အနည်းငယ်ကြာမှ ပြန်ရောက်လိမ့်မယ်။”

“ဆိုင်ပန်မှာ ဘာသွားလုပ်မှာလဲ။” ရီလျန်ယန်က ပဟေဠိဖြစ်စွာ မေးသည်။

“အလုပ်ကိစ္စပါ။” ထန်ရှုက ပြောသည်။

တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် ရီလျန်ယန်က

“ကျွန်မ ရှင်နဲ့ လိုက်လို့ရမလား။”

ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

“မရဘူး။ မင်း ဆိုင်ပန်ကို ငါနဲ့လိုက်ချင်ရင် နောက်ဆို ငါ့နောက်က ထပ်လိုက်စရာမလိုတော့ဘူး။ ငါ့သူငယ်ချင်းကို ဒီကို ခေါ်လာပြီးရင် သူနဲ့ထားခဲ့မယ်။”

တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ရီလျန်ယန်က

“အဲ့ဒါဆို ကျွန်မ နေရစ်ခဲ့မယ်။ ဒီကျွန်းက ပတ်ဝန်းကျင်ကောင်းတစ်ခုရှိတယ်လို့ ကျွန်မ သဘောပေါက်လာတယ်။ ခမ်းနားကြီးကျယ်တဲ့ ရဲတိုက်ထဲမှာ ကျွန်မ နေနိုင်တာကို အသာထားလိုက်ဦး ကျွန်မဘဝမှာ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ရဲတိုက်မျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။ အိုး…အစ်ကိုကြီး ထန်… ရှင်က တကယ့်ကို တအားချမ်းသာတဲ့သူပဲ။”

***

All Chapters