ချိုးဖြတ်ခြင်း
Vol. 07 Ch. 309
ချမ်းသာတယ်တဲ့လား။
ယခုအချိန်တွင် ထန်ရှုတွင် အပြတ်လတ်ဆုံးအရာကို မေးပါက ငွေ..ငွေ..ဟုသာ ဖြေရချေလိမ့်မည်။ နဂါးကိုးကောင်ကျွန်းအား ပြန်လည်တည်ဆောက်ခြင်းအတွက် ကြောက်စရာကောင်းလောက်သော ငွေကြေးပမာဏ လိုအပ်လျက်ရှိသော်လည်း သူ၏လက်ထဲတွင် ငွေကြေးလုံလောက်စွာ မရှိပါချေ။ ထို့ကြောင့် လုံကျန့်ယုအား သူ ဖုန်းဆက်ချိန်တွင် သူ၏အတွေးထဲတွင် အကြံအစည်များ ပြည့်လျက်ရှိသည်။
သို့သော်လည်း နဂါးကိုးကောင်ကျွန်းအား ပြန်လည်တည်ဆောက်ခြင်းသည် အချိန်တိုအတွင်း ပြီးစီးနိုင်သည့် စီမံကိန်းတစ်ခု မဟုတ်ချေ။ အချိန်အချို့ ပေးရမည်ဖြစ်ပြီး ထိုအချိန်ကာလတွင် သူ၏ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းသည် အမြတ်အစွန်းတစ်ချို့အား စတင် ဖော်ဆောင်နိုင်ပေလိမ့်မည်။ ထိုတည်ငြိမ်သော ငွေကြေးစီးဆင်းလည်ပတ်မှုတစ်ခုနှင့်သာဆိုပါက နောက်ပိုင်းတွင် သူ့အနေဖြင့် ငွေကြေးအတွက် သောကရောက်ရန် လိုမည်မဟုတ်နိုင်တော့ချေ။
“ဆိုပါဦး ငါ့ကို ဘာအတွက် လိုတာလဲ။” ထန်ရှုက ခေါင်းစဉ်ပြောင်းကာ ပြောလိုက်သည်။
“စားစရာအတွက် မဟုတ်ရင် ဘာများဖြစ်ဦးမလဲ။” ရီလျန်ယန်က တစ်ချက်ပြုံးကာ ပြောသည်။
“မနက်စာ စားဖို့ ရှင့်ကို လိုက်ရှာနေတာ ဘယ်မှာမှ ရှာမတွေ့ဘူးလေ။ နေ့လည်တောင် ရောက်နေပြီ။ ဒီနေရာကို လာပြီး ကံစမ်းကြည့်တာပဲ။ ရှင် ဒီနေရာမှာ ရှိလိမ့်မယ်လို့ ကျွန်မ ထင်တောင်မထင်ထားမိဘူး။”
“ဒါဆိုလည်း ပြန်ပြီး မနက်စာ စားကြတာပေါ့။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။
ထိုအချိန်တွင် ဓားပြများ၏အသက်မဲ့ခန္ဓာကိုယ်များအား စုပုံကာ မီးရှို့ပြီးဖြစ်သကဲ့သို့ ဖမ်းခေါ်လာခြင်းခံရသောလူများကိုလည်း ပြန်ပို့နေပြီဖြစ်သည်။ ထိုသူများ တည်ငြိမ်စေရန်နှင့် မည်သည့်အရာလုပ်ချင်သည်ဆိုသည့်ကိစ္စမှာမူ သူတို့ကိုယ်တိုင်အပေါ်တွင်သာ မူတည်တော့ပေသည်။
ဝံပုလွေခေါင်းနှင့် ကျန်သောသူများသည် မနက်တစ်ပိုင်းလုံး ရဲတိုက်အား သန့်ရှင်းခြင်းနှင့် ကျိုးပျက်သည့်အရာများအား ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်နေကြရာ ယခုအခါ ရဲတိုက်သည် တော်တော်များများပင် သပ်သပ်ရပ်ရပ် ရှိနေပြီဖြစ်သည်။
နေ့လည်စာ စားပြီးနောက် စားပွဲခုံနှင့် ပန်းကန်ခွက်ယောက်များအား ရီလျန်ယန် လျင်မြန်စွာ ရှင်းနေသည်ကို စောင့်ကြည့်ရင်း ထန်ရှုသည် ဝံပုလွေခေါင်းအား အချက်ပြကာ ရဲတိုက်၏ဂိတ်ဆီသို့ လျှောက်လာခဲ့သည်။
“သူဋ္ဌေး…ဘာများ ပြောချင်လို့လဲ။”
“ကျွန်တော် လုပ်စရာရှိလို့ ဆိုင်ပန်ကို ပြန်ရဦးမယ်။ ဒီနေရာကို ခင်ဗျား စီမံဖို့ ထားခဲ့လိုက်မယ်။” ထန်ရှုက ပြောသည်။
“စိတ်ချပါ သူဋ္ဌေး။” ဝံပုလွေခေါင်းက ကတိပေးသည်။
“အဲ့ဒီမိန်းကလေး ရီလျန်ယန်က ဒီမှာ နေချင်နေတာမို့ သူ့ကို နေခိုင်းပြီး ဂရုစိုက်လိုက်ပါ။ သူက အချက်အပြုတ်နဲ့ အလျှော်အဖွပ်တွေလည်း လုပ်ပေးလိမ့်မယ်။ ကျွန်တော် ခရီးသွားနေတဲ့အချိန် ကျွန်းတစ်ကျွန်းလုံးကို စုံစမ်းထားလိုက်ပါဦး။ သည်နေရာမှာ အခြားလူတွေရှိရင် သူတို့ကို ချက်ချင်း ဖမ်းပြီး ပြသနာကို ကိုင်တွယ်ဖို့ ကျွန်တော် ပြန်လာတဲ့အထိ စောင့်ပါ။ မရှိရင်တော့ ဒီကျွန်းကို စောင့်ကြပ်ထားပါ။ ဆောက်လုပ်ရေးအဖွဲ့ ဒီကိုလာဖို့ အချိန်သိပ်မလိုဘူးလို့ ကျွန်တော် ယုံတယ်။”
“ကောင်းပြီ။ ငါတို့ ဒီမှာ စခန်းချနေမှာပါ။ ဒါပေမယ့် ကျွန်းတစ်ကျွန်းလုံးကို စောင့်ကြပ်ဖို့ဆိုတာကတော့ ငါတို့မှာ လူနည်းနည်းပဲ ရှိတာမို့ တော်တော်ခက်လိမ့်မယ်။” ဝံပုလွေခေါင်းက ပြောသည်။
“ကျွန်တော် သိတယ်။ ကျွန်တော့်လက်အောက်မှာ လူနည်းနည်းပဲရှိတယ်။” ထန်ရှုက သက်ပြင်းတစ်ချက်ချကာ ပြောသည်။
ဝံပုလွေခေါင်း၏မျက်နှာ အရောင်လက်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
“သူဋ္ဌေး… ပြည်မကို ပြန်ပြီး လူမစုဘူးလား။ အဲ့ဒီလိုစုမယ်ဆိုရင် ဒီတစ်နှစ်-၂နှစ်အတွင်း အငြိမ်းစားယူသွားတဲ့ အထူးတပ်ဖွဲ့က စွမ်းအားရှိတဲ့သူအချို့ကို ငါသိတယ်။ သူတို့သာ သေချာလေ့ကျင့်ခံရရင် ဆက်ပြီး တိုးတက်နိုင်တယ်။”
ထန်ရှု လှုပ်လှုပ်ရှားရှားဖြစ်လာကာ
“သူတို့က ခင်ဗျားနဲ့ ဘယ်လို ယှဉ်နိုင်ပါ့မလဲ။”
“လူတစ်ချို့ကတော့ ငါ့ထက် အားမနည်းပါဘူး။ ကျန်တဲ့သူတွေကတော့ အရင်က ငါ့အဖွဲ့ထဲကပဲ။” ဝံပုလွေခေါင်းက ပြောပြသည်။
“ကောင်းတယ်။ ဒီကိစ္စကို ခင်ဗျား တာဝန်ယူလိုက်ပြီး ခုခံကာကွယ်တဲ့အလုပ်ကို အခြားသူတွေနဲ့လွှဲခဲ့လိုက်။ ခင်ဗျား ခေါ်လာတဲ့သူတွေက အနည်းငယ် အားနည်းရင်တောင် ကျွန်တော် စိတ်မဆိုးဘူး။ ကျွန်တော် လိုအပ်တာက အကျင့်စရိုက်ကောင်းတဲ့သူနဲ့ ကျွန်တော့်အပေါ် လုံး၀ သစ္စာရှိတဲ့သူတွေကိုပဲ။”
“ဒီအချက်ကို ငါ အာမခံနိုင်ပေမယ့် လစာက…”
ထန်ရှု စကားပြောနေရာမှ ရပ်တန့်သွားပြီး ဝံပုလွေခေါင်းအား အားတုံ့အားနာဟန်ဖြင့် ကြည့်လိုက်မိကာ အနေရခက်သောအပြုံးဖြင့်
“ကျွန်တော်တို့ ပထမအကြိမ်တွေ့တုန်းက ဒီအကြောင်းကို ဆွေးနွေးဖူးတာ မှတ်မိသေးတယ်မလား။ ကြည့်ရတာ ကျွန်တော် ခင်ဗျားကို လစာကိစ္စထိ မကမ်းလှမ်းရသေးဘူး ထင်တယ်။ ဆိုတော့ ခင်ဗျားတို့၁၂ယောက်ကို ကျွန်တော် နှစ်စဉ် ၅သိန်းစီ ပေးမယ်။ ခင်ဗျားခေါ်လာမယ့်သူတွေကိုတော့ တစ်နှစ်ကို ၃သိန်းစီ ပေးမယ်ဗျာ။ သူတို့ရဲ့ ပထမနှစ် လုပ်ဆောင်ချက်က ကောင်းတယ်ဆိုရင် နောက်နှစ်တွေမှာ ခင်ဗျားတို့နဲ့ လစာအတူတူ ရမယ်လို့ ပြောပေးပါ။”
“ကောင်းပါပြီကွာ။” ဝံပုလွေခေါင်းက တဟားဟားရယ်မောကာ ပြောလိုက်သည်။
“ဆိုင်ပန်ကို ကျွန်တော် သွားနေတုန်း ခင်ဗျား ဒီမှာ စီမံလို့ရအောင် ၂၀မီလီယံ ထုတ်ပေးထားခဲ့မယ်။ ပိုက်ဆံပြတ်သွားတဲ့အခါကျရင် ကျွန်တော့်ဆီ ဖုန်းဆက်လိုက်။ ပစ္စည်းကိရိယာတွေ ဝယ်ဖို့လိုရင်လည်း ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ လိုအပ်လို့ သုံးတာတွေအတွက် ကျွန်တော် ဘာမှ ကန့်သတ်မှာမဟုတ်ဘူး။”
ဝံပုလွေခေါင်း၏မျက်နှာထက်မှ အပြုံးသည် ပိုမိုသိပ်သည်းလာခဲ့သည်။ ထန်ရှု၏အနောက်သို့လိုက်ခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှုဖြစ်သည်ကို သူ ရုတ်တရက် သိလိုက်ရသည်။ သူ၏အနောက်သို့လိုက်သောနေ့ရက်များသည် အလွန်ခမ်းနားတောက်ပကာ စိတ်လှုပ်ရှားစရာ ကောင်းပေတော့သည်။ တရားခံများအား သတ်နိုင်ခြင်း၊ ဓားပြများအား သတ်ဖြတ်ခြင်းနှင့် သေနတ်များ၊ ကျည်ဆံမိုးများအောက်တွင် အသက်ရှင်နေနိုင်ခြင်းတို့သည် လွန်ခဲ့သောနှစ်များဆီက သူ၏သွေးပူသောဘဝအား ပြန်လည်အသက်ဝင်လာစေသည်။ ယခုဆိုလျှင် လုံလောက်သောငွေကြေးပမာဏကိုလည်း ရရှိနိုင်တော့မည်ဖြစ်သည်။
“စိတ်ချပါ သူဋ္ဌေး။ ထူးချွန်တဲ့ စစ်သည်အဖွဲ့တစ်ဖွဲ့ကို လေ့ကျင့်ဖို့ ငါ မင်းကို ကူညီပါမယ်။”
ထန်ရှုက လက်ကိုဝှေ့ယမ်းလိုက်ရင်း
“စစ်တပ်ဓလေ့ထုံးတမ်းစဉ်လာနဲ့ပတ်သက်ပြီးတော့ ပြသနာမရှိပါဘူး။ သိုင်းပညာလေ့ကျင့်ဖို့အတွက်ကတော့ ခင်ဗျားတို့တွေ မိုအားဝမ်ရဲ့အုပ်ချုပ်မှုအောက်မှာ နေရလိမ့်မယ်။ သူက သန်မာပြီး သိုင်းပညာမှာ ထူးချွန်တာကြောင့် ဒီနေရာမှာ သူ့ကို စီမံဖို့ ကျွန်တော် တာဝန်ပေးမယ်။”
“နားလည်ပါတယ်။”
ထန်ရှု၏စီမံမှုနှင့်ပတ်သက်ပြီး ဝံပုလွေခေါင်းတွင် စောဒကတက်ရန် မရှိချေ။ မိုအားဝမ်၏ခွန်အားနှင့် ထိုသူမည်မျှ ကြောက်စရာကောင်းသည်ကို သူ မြင်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်ရောကိုယ်ပါ ယုံကြည်သည်။
“ဒါနဲ့… ကျွန်တော် ဒီမနက် ကျွန်းကို လိုက်လျှောက်ကြည့်တော့ ဓားပြတွေရဲ့သဘောၤကို တစ်စင်းမှ မမြင်မိဘူး။ သူတို့ ဘယ်နေရာကနေ သဘောၤတွေ ထွက်ကြလဲ။” ထန်ရှုက မေးသည်။
ဝံပုလွေခေါင်းက ရယ်မောနေရင်း
“သူတို့တွေ ဆိပ်ကမ်းမကပ်ကြပေမယ့် ရေနက်ကမ်းခြေတစ်နေရာမှာ ရှိကြတယ်။ အဲ့ဒီဓားပြတွေ ဒီနေရာကို လာတဲ့အချိန် မဆူညံရဲကြဘူး။ ဒီကျွန်းပေါ်မှာ အန္တရာယ်ဖြစ်သွားမှာကို သူတို့ကြောက်ကြတယ်။ ငါတို့ အဲ့ဒီသဘောၤတွေကို စစ်ဆေးပြီးသွားပြီ။ စုစုပေါင်း သဘောၤ(၃)စင်း ရှိတယ်။ တစ်စင်းက ရှေးကျတဲ့သဘောၤပဲ။ သူတို့ ဘယ်က ရလာလဲဆိုတာတော့ ငါတို့မသိဘူး။ သဘောၤတိုင်းမှာ လက်နက်အပြည့်ပါတယ်။”
ထန်ရှုက ခေါင်းညိတ်ပြီး
“ဓားပြတွေအနေနဲ့က နှစ်များစွာ ကြာလာပြီဆိုတော့ အရင်းအမြစ်က မဆိုးဘူး။ ကျွန်တော်တို့ ပင်လယ်ကို ဖြတ်တဲ့အခါကျရင် သူတို့ကို လွယ်လွယ်မသတ်နိုင်မှာပဲစိုးမိတယ်။ သူတို့ကို ဖျက်ဆီးနစ်မြှုပ်ပစ်မှပဲဖြစ်နိုင်တော့မယ်။”
“ဟုတ်တယ်။ ဓားပြတွေအတွက် ပင်လယ်ကို အတားအဆီးမရှိ ဖြတ်နိုင်ဖို့ဆိုရင် အရင်းအမြစ်ရှိမှကိုရမယ်။ ဒါနဲ့ သူဋ္ဌေး… နဂါးကိုးကောင်ကျွန်းကို သူဋ္ဌေးစီးလာတဲ့ သဘောၤက အခု တောင်ပိုင်းငှက်ကျွန်းမှာနေတဲ့သူတွေကို ပြန်ပို့နေတယ်။ ဓားပြတွေရဲ့သင်္ကေတက အရမ်းကို ထင်ရှားလွန်းနေတော့ သူတို့လှေကို သုံးပြီး သူဋ္ဌေး ဆိုင်ပန်ကို ပြန်မယ်ဆိုရင် မလွယ်လောက်ဘူး။ သူဋ္ဌေး အဲ့ဒါကို စီးမယ်ဆိုရင် အမြောက်တွေနဲ့ပစ်မြှုပ်တာ ခံရပြီး ဆိုင်ပန်ကိုတောင် ရောက်နိုင်မယ်မထင်ဘူး။”
ထန်ရှု အနည်းငယ် မျက်မှောင်ကြုပ်လိုက်မိသည်။ တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အဲ့ဒီသဘောၤတွေကို ခင်ဗျား ယာယီပုံပြောင်းလိုက်နိုင်မလား။”
ဝံပုလွေခေါင်းက ခေါင်းယမ်းလိုက်ရင်း
“ဒါက မလွယ်လောက်ဘူး။ သူတို့က လက်နက်တွေ အများကြီး တပ်ဆင်ထားတာဆိုတော့ အဲ့ဒါကို ဖြုတ်ဖို့ ရက်အနည်းငယ် အချိန်ယူရလိမ့်မယ်။”
ထန်ရှုက မချိပြုံး ပြုံးလိုက်ပြီး
“အဲ့လိုဆိုမှတော့ ထားလိုက်ပါတော့။ ဆိုင်ပန်ကို သွားဖို့ ကျွန်တော့်သဘောၤပြန်လာတာကို ၂ရက်ကျော်လောက် စောင့်ရတော့မှာပေါ့။”
ညအချိန်…
ရဲတိုက်၏ ခေါင်မိုးပေါ်တွင် ထန်ရှုသည် တင်ပျဉ်ခွေခြေချိတ်ထိုင်ပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ သူ၏ခန္ဓာကိုယ်တွင်းတွင် ကြယ်စွမ်းအားသည် ပိုမိုသန်မာလာပြီး အသားသန်မာခြင်းအဆင့်အား အချိန်မရွေး ချိုးဖြတ်နိုင်သည့် ချိုးဖြတ်မှုတစ်ခု ပြုလုပ်နိုင်ပေသည်။ သို့သော်လည်း သူမည်မျှပင် ကြိုးစားစေကာမူ အမြဲလိုလို နောက်ဆုံးအတားအဆီးတွင် ကျရှုံးနေမြဲဖြစ်သည်။
မနက်၄နာရီအထိ သူသည် ခေါင်မိုးထက်တွင် ရှိနေပြီး ထိုနေရာမှာ ထွက်ခွာကာ ဆိပ်ကမ်းသို့ ဦးတည်နေသောလမ်းအဆုံးဆီသို့ လာခဲ့သည်။ ထိုနေရာတွင် စိတ်ဝိညာဥ်စမ်းချောင်းရှိသော နေရာရာတည့်တည့်ပေါ်တွင် တင်ပျဉ်ခွေခြေချိတ် ထိုင်လိုက်သည်။ မနေ့က သည်နေရာတွင် အကြီးမြတ်ဆုံးဧကရာဇ်၏ ခရမ်းချီတည်ရှိမှုအား သူရှာတွေ့ခဲ့သည်။ ထို့ကြောင့် ဒီနေ့တွင် ထပ်မံပေါ်ပေါက်လာပါက စုပ်ယူရန် ထိုအရာအား သူ ကြိုးစားကြည့်ချင်သည်။
အချိန်များ ကုန်ဆုံးလာသည်။ နီရဲတောက်ပသော နေလုံးကြီး မြင့်တက်လာပြီး သူ၏ပထမဆုံး အလင်းတန်းအား ပင်လယ်ဆီသို့ သက်ရောက်လာချိန်တွင် အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှ အကြီးမြတ်ဆုံးဧကရာဇ်၏ ခရမ်းချီအလင်းတန်းတစ်ခု ကျဆင်းလာကာ ချက်ချင်းပင် ထန်ရှု၏နဖူးထက်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
“ဘန်း…”
တင်ပျဉ်ခွေခြေချိတ်ထိုင်ကာ ကျင့်ကြံနေရင်း ထန်ရှု၏ခန္ဓာကိုယ်သည် လှုပ်ခါသွားသည်။ သူ၏အသိစိတ်ပင်လယ်အား မမြင်နိုင်သော အင်အားမှ ထက်ခြမ်းခွဲလိုက်သည့်နှယ်ဖြစ်သည်။ သိပ်မကြာမီ အကြီးမြတ်ဆုံးဧကရာဇ်၏ ခရမ်းချီလမ်းကြောင်းသည် ထန်ရှု၏အသိစိတ်ပင်လယ်ထဲသို့ ၎င်းဘာသာ ဝင်ရောက်လာပြီး အောက်ဘက်သို့ စီးဆင်းသွားသည်။ အသက်ရှုချိန်ဒါဇင်အနည်းငယ်အတွင်း ထိုခရမ်းချီသည် ထန်ရှု၏မရီဒျန်အတွင်း အကြိမ်အနည်းငယ်မျှ လှည့်ပတ်ခဲ့ပြီးဖြစ်သည်။
“သူ ငါ့ကို မပေးချင့်ပေးချင် ဖြစ်နေတာပဲ။”
ထန်ရှု၏အသိစိတ်ပင်လယ်သည် ထိုအကြီးမြတ်ဆုံးဧကရာဇ်၏ ခရမ်းချီ ၎င်း၏အတွင်းရှိနေခြင်းအား ခက်ခဲနေခဲ့သည်။ ပါးလွှာသော စုတ်ဖြဲရန် ကြိုးစားနေမှုအား အမှီပြုပြီးနောက် သူ၏ဒန်တျန်ဆီသို့ ဆွဲခေါ်ကာ ဒန်တျန်အတွင်းရှိ ကြယ်စွမ်းအားကို ခရမ်းချီဆီသို့ တဖြည်းဖြည်း ချဉ်းကပ်ကာ ရစ်ပတ်ပြီး သန့်စင်ရန် ကြိုးစားနေသည်။
သို့သော်လည်း သည်အကြီးမြတ်ဆုံး ဧကရာဇ်ခရမ်းချီသည် အလွန်သန်မာသည့် ခုခံတွန်းလှန်အားကို ထုတ်လွှတ်ပြီး အချိန်နှင့်အမျှ ရုန်းကန်တွန်းလှန်နေပေရာ ရစ်ပတ်ဖုံးအုပ်ရန် ကြိုးစားနေသော ကြယ်စွမ်းအားသည် မကြာခဏ ကျိုးပျက်လုနီးပါးဖြစ်နေရသည်။ တဖြည်းဖြည်းချင်းနှင့် ကြယ်စွမ်းအား၏တည်ရှိမှုအား အကျွမ်းတဝင် ဖြစ်လာသည့်အခါမှ ရုန်းကန်နေသော အကြီးမြတ်ဆုံးဧကရာဇ်ခရမ်းချီသည် ပျော့ပြောင်းစပြုလာသည်။ မရမက တိုးဝင်နေသော ကြယ်စွမ်းအားနှင့်အတူ အကြီးမြတ်ဆုံး ဧကရာဇ်ခရမ်းချီစီးကြောင်းသည် လက်မအရွယ် အလုံးလေးတစ်လုံးအဖြစ်သို့ ကျုံ့ဝင်သွားသည်။
“ဂျစ်…”
သူ၏သွားများအား တင်းတင်းကြိတ်ထားရင်း ထန်ရှုသည် သူ၏ကြယ်စွမ်းအားကို ထိန်းချုပ်ပြီး အကြီးမြတ်ဆုံးဧကရာဇ်ခရမ်းချီ၏ထုထည်အား ကျစ်လျစ်စေရန် ဖိညှစ်လိုက်သည်။ ၁၀မိနစ်ကျော်ကြာပြီးနောက် ကြယ်စွမ်းအားနှင့် အကြီးမြတ်ဆုံးဧကရာဇ်ခရမ်းချီသည် နှံ့နှံ့စပ်စပ် ချိတ်ဆက်မိလာပြီး ၎င်း၏တွန်းလှန်နေသော အင်အားသည် နောက်ဆုံးတွင် ပျံ့လွင့်ပျောက်ကွယ်သွားကာ ကြယ်စွမ်းအားနှင့် တစ်သားတည်း ပေါင်းစပ်သွားတော့သည်။
“ဟူး…”
သူ၏ခန္ဓာကိုယ်သည် မီးလောင်နေသကဲ့သို့ ပူလောင်နေသည်ကို ခံစားမိသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ခေါင်းမှ ခြေဖဝါးထိ သွေးများအားလုံးသည် ပူလောင်ဆူပွက်နေပြီး သူ၏ကိုယ်တွင်းအင်္ဂါများအား မမြင်နိုင်သောစွမ်းအားတစ်ခုမှ ဆေးကြောသန့်စင်နေပေသည်။ သူ၏အရေပြားအလွှာအတွင်းရှိ စွမ်းအားသည် ပိုမိုခိုင်မာသိပ်သည်းလာကာ ကြံ့ခိုင်မှုသည်လည်း ပိုမိုသန်မာကြံ့ခိုင်လာခဲ့သည်။
သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထန်ရှုသည် ခန္ဓာကိုယ်အတွင်းရှိ အခြေအနေအား စစ်ဆေးကြည့်လိုက်သည်။ အကြီးမြတ်ဆုံးဧကရာဇ်ခရမ်းချီကြောင့် ရူးသွက်လောက်သော ပြောင်းလဲမှုဖြစ်စဉ်အလယ်တွင် သူ၏ခန္ဓာကိုယ်ရှိနေသောကြောင့် စိတ်ကျေနပ်ဝမ်းမြောက်နေမိသည်။ သူ၏ကိုယ်တွင်းအင်္ဂါများအား အဆက်မပြတ် သန့်စင်ခံရပြီး သစ်လွင်သန်မာလာစေသဖြင့် ပိုမိုအားကောင်းလာသည်။ သူ၏အကြောမျှင်၊ ကြွက်သားကြောများနှင့် အရိုးများသည် ပိုမိုကြံ့ခိုင်ကျစ်လျစ်လာကာ ခန္ဓာကိုယ်ရှိ ကြွက်သားများသည် အဆက်မပြတ် ခွဲဖြာမှု စတင်နေသည်။
ကြွက်သားဆဲလ်တစ်ခုစီတိုင်းသည် တစ်ခုမှ ၂ခု၊ ၂ခုမှ ၄ခုသို့ ခွဲဖြာသည်။ အားနည်းသောဆဲလ်များသည် အညှာအတာကင်းမဲ့စွာ သူ၏ခန္ဓာကိုယ်မှ အတင်းအကျပ် ထုတ်ပယ်ခြင်းကို ခံရပြီး သန်မာသော ကြွက်သားဆဲလ်များသာ ကျန်ရှိစေသည်။ ကြွက်သားအလွှာရှိ ဆဲလ်တစ်ခုချင်းစီတိုင်းသည် ကြွက်သားခွဲဖြာမှုတိုးခြင်းအား လုပ်ဆောင်မှု စတင်နေကြသည်။ ကြွက်သားဆဲလ်တိုင်းသည် ပိုမိုသန်မာလာပြီး အလွှာတစ်ခုစီတိုင်းသည် ယခင်ကထက် ပိုမိုသိပ်သည်းကျစ်လစ်လာကာ နာရီဝက်အတွင်းတွင် အရေအတွက် ၂ဆဖြစ်လာသည်။
ပြင်ပပုံသဏ္ဍာန်အား ကြည့်ပါက ပြောင်းလဲမှုအား တွေ့ရမည်မဟုတ်သော်လည်း ထန်ရှု၏ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် သိပ်သည်းကျစ်လျစ်မှုတို့တွင် အဆပေါင်းများစွာ အရှိန်အဟုန်ကြီးမားလာခဲ့ပြီ ဖြစ်ပေသည်။ တစ်စုံတစ်ယောက်အား သူ့အား သေနတ်ဖြင့်ပစ်ပါက သူ၏အရေပြားအား ထိုးဖောက်သွားနိုင်တော့မည်မဟုတ်ဘဲ ကျည်ဆံသည် အလွန်ဆုံးမှ သူ၏အရေပြားပေါ်တွင် အရာလေးသာ ချန်ထားနိုင်ပေလိမ့်မည်။
“ဟား…ဟား…ဟား…”
ပူပင်ကြောင့်ကျမဲ့သော ရယ်သံသည် ထန်ရှုထံမှ ထွက်ပေါ်လာပြီး သူ၏မှိတ်ထားသော မျက်လုံးများအား ဖွင့်လိုက်သည်။ သူတစ်ချက် ခုန်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်ပေါ်တွင် ရောက်လျက်ရှိနေပြီဖြစ်သည်။
ပင်လယ်သမုဒ္ဒရာရေအား ထိုးမွှေကာ ရေများ မြင့်တက်စေလျက် ဗွမ်းကနဲ ဖြာထွက်ကျစေခြင်း။
ထန်ရှုသည် အဆင့်ချိုးဖျက်နိုင်မှုအတွက် ပျော်ရွှင်လှသဖြင့် သူ့ကိုယ်သူ မိနစ်အနည်းငယ် စိတ်အလိုလိုက် လိုက်မိရာ သူပြန်လာသောအခါ ရေများစိုရွှဲနေတော့သည်။ ကျင့်ကြံနေစဉ်အတွင်း စိတ်ဝိညာဉ်စမ်းချောင်းအတွင်းမှ စိတ်ဝိညာဉ်စွမ်းအားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ဆွဲယူခြင်းခံရသည်ကို သူ တွေ့ရှိခဲ့သည်။ ထို့ပြင် စိတ်ဝိညာဉ်စွမ်းအား၏ ထုတ်နှုတ်မှုအရ ကြယ်တာရာစွမ်းအားကို စုပ်ယူနိုင်သော သူ့အမြန်နှုန်းသည် ယခင်ကတထက် ပိုမိုလျင်မြန်လာခဲ့ပြီဖြစ်သည်။
***