အမြင့်မားဆုံး တည်ရှိမှု
Vol. 07 Ch. 310
ရဲတိုက်သို့ ပြန်လာသော အပြန်ခရီးတွင် ထန်ရှု၏စိတ်ထဲတွင် အပျော်များ ပြည့်နှက်နေသည်။ အသားသန်မာခြင်းအဆင့်တွင် သူသည် တန့်နေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ရာ အကြီးမြတ်ဆုံးဧကရာဇ်ခရမ်းချီ၏အကူအညီကြောင့်သာ ယခုနောက်ဆုံးတွင် ချိုးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏ခွန်အားချည်းသက်သက်သည် အဆများစွာ မြင့်တက်လာခဲ့ပြီး တစ်ကိုယ်လုံးခွန်အားဆိုပါက ယခင်ကထက် အနည်းဆုံး ၂ဆ မြင့်တက်လာပေသည်။
ယခင်က သူသည် ဗီဗီယန်နီအား ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က သူသည် သူမ၏ပြိုင်ဘက်မဟုတ်ဟု ခံစားမိခဲ့ရပြီး သူမသည် ပုံမှန်မဟုတ်သည့် ကြောက်မက်ဖွယ်အော်ရာအား ပိုင်ဆိုင်ထားသည်။ သို့သော် ယခုဆိုပါက ဗီဗီယန်နီသည် ကျွမ်းကျင်သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပါလျှင်တောင် သူမအား တိုက်ခိုက်ရန် သူ့တွင် ယုံကြည်ချက်ရှိခဲ့ပြီဖြစ်သည်။ သူမအား ပွဲသိမ်းအလဲမချနိုင်သော်လည်း သူသာ ထိုက်တန်စွာ ပေးဆပ်ပါက သူမအား ဒဏ်ရာရအောင်ထိတော့ လုပ်နိုင်ပေမည်။
“ခရမ်းချီကို ငါ နေ့တိုင်း စုပ်ယူနိုင်ခဲ့ရင် အသားသန်မာခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားနိုင်တယ်မဟုတ်လား။”
သူ နဂါးကိုးကောင်ကျွန်းမှ သူ ထွက်ခွာမသွားမီအထိ သည်နေရာတွင် နေ့တိုင်း လေ့ကျင့်ရန် ထန်ရှု စိတ်ဆုံးဖြတ်ချက် ချလိုက်ပြီး အသားသန်မာခြင်းအဆင့်၏ အထွတ်အထိပ်ထိ ရောက်နိုင်ဖို့ရာ အားထုတ်တော့သည်။
၃ရက်ကြာပြီးနောက် ထန်ရှုသည် နဂါးကိုးကောင်ကျွန်း၏ ပြန်လည်တည်ဆောက်ရေးအတွက် ပုံကြမ်းရေးဆွဲခြင်းအား ပြီးစီးခဲ့ပြီဖြစ်သလို တောင်ပိုင်းငှက်ကျွန်းသို့ ဓားပြများဖမ်းထားခဲ့သည့် ဓားစာခံများအား သွားရောက်ပို့ဆောင်ပေးနေသော သဘောၤကြီးသည်လည်း ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“အားဝမ်… ဆိုင်ပန်ကို ငါနဲ့ အဖော်လိုက်ခဲ့ဦး။ နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရင် တွမ်ရတ်ဂီရဲ့အကူအညီ ငါတို့လိုအပ်နိုင်တယ်။” ပြန်လည်တည်ဆောက်ရေး ပုံကြမ်းအား ယူရင်း လေးနက်စွာ ပြောလိုက်သည်။
“ငါတို့ သူ့ကို ယုံကြည်နိုင်ပါတယ် သူဋ္ဌေး။ သူသာ တစ်ခုခုရှုပ်လို့ကတော့ ငါကိုယ်တိုင် ဆုံးမပစ်လိုက်မှာပါ။” မိုအားဝမ်က ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။
ထန်ရှုက ပြုံးလိုက်ရင်း
“သွားကြစို့။ ကျန်တဲ့သူတွေကတော့ ဒီနေရာမှာ စောင့်ကြပ်ပြီး နေခဲ့ပါ။ ဆိုင်ပန်က ဆောက်လုပ်ရေးလုပ်ငန်းကို ရှာဖို့ အစကတော့ အစီအစဉ်ရှိပေမယ့် အခုတော့ ငါ စိတ်ပြောင်းသွားတယ်။ ပြည်မမှာ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းကို လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်ထားတယ်။ ဒီကို သူ့ရဲ့ဆောက်လုပ်ရေးအဖွဲ့ကို ခေါ်ဆောင်လာဖို့ သူလည်း သဘောတူပြီးပြီ။ နဂါးကိုးကောင်ကျွန်းရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းက ချောမွေ့စွာ လုပ်ဆောင်နိုင်မယ်လို့ ငါ မျှော်လင့်ထားတယ်။”
၂ရက်ကြာပြီးနောက် သဘောၤသည် ဆိုင်ပန်ဆိပ်ကမ်းတွင် ဆိုက်ကပ်သည်။ သဘောၤသားများအား သဘောၤကျင်းတင်သည့် ကိစ္စရပ်များအတွက် တာဝန်လွှဲပေးခဲ့ပြီးနောက် ထန်ရှုနှင့် မိုအားဝမ်သည် လောင်ကမ်းခြေသို့ ဦးတည်သည်။
“ဟေး… ငါ ဒီကို ရောက်နေပြီ။”
“ငါက ပင်လယ်ရှုခင်းဘန်ဂလို #17မှာ။”
“ကောင်းပြီ။”
လုံကျန့်ယုအား ဆက်သွယ်ပြီးနောက် ထန်ရှုသည် ချက်ချင်းပင် ပင်လယ်ရှုခင်းဘန်ဂလို #17ဆီသို့ သွားလိုက်သည်။ ကျန့်ယုအား မြင်သည်နှင့် ထန်ရှုက ပွေ့ဖက်နှုတ်ဆက်လိုက်ပြီးနောက် လေးနက်သောအသံဖြင့် စကားဆိုလိုက်သည်။
“ငါ မင်းကို မိတ်ဆက်ပေးရဦးမယ်။ သူက မိုအားဝမ် ငါ့ရဲ့လူ။ အားဝမ်… သူက လုံကျန့်ယု ငါ့ရဲ့သူငယ်ချင်း။”
နှစ်ယောက်က လက်ဆွဲနှုတ်ဆက်လိုက်ကြရင်း မိုအားဝမ်က ချက်ချင်း ပြောသည်။
“သူဋ္ဌေး… တွမ်က လမ်းတစ်ဝက်ရောက်နေပြီ။ မကြာခင် သူ ဒီကို ရောက်တော့မယ်။”
“ဒါဆို သူ့ကို စောင့်ကြတာပေါ့။ ရောက်လာရင် သူ့ကို အပြင်ဧည့်ခန်းမှာ စောင့်ခိုင်းထားပေးပါဦး။ ကျန့်ယုနဲ့ ငါ ဆွေးနွေးစရာလေး ရှိနေလို့။”
“ကောင်းပြီ။”
ထန်ရှုနှင့် လုံကျန့်ယု အတွင်းသို့ ဝင်လာခဲ့ကြသည်။ ထိုင်လိုက်ကြပြီးနောက် ထန်ရှုက စကားကို ကွေ့ဝိုက်မနေဘဲ တည့်တိုးပြောသည်။
“တွမ်ရတ်ဂီက မိုအားဝမ်ရဲ့သူငယ်ချင်းဖြစ်ပြီးတော့ သေခြင်းရှင်ခြင်းအခြေအနေတွေကို ကြုံဖူးထားတဲ့ အတွေ့အကြုံရှိတဲ့ စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်ပဲ။ သူက လောင်ကမ်းခြေဟိုတယ်ရဲ့ အဓိကရှယ်ယာ ပိုင်ရှင်လည်း ဖြစ်ပြီး ဆိုင်ပန်မှာ လွှမ်းမိုးနိုင်မှုရှိတယ်။ ငါ ဝယ်တဲ့ကျွန်းရဲ့ ပြန်လည်တည်ဆောက်ရေးမှာ သူ ကူညီနိုင်တယ်။”
လုံကျန့်ယုက မျက်လုံးစွေကြည့်လိုက်ပြီး
“ငါ သူ့ကို ရှယ်ယာအချို့ ဝယ်ခွင့်ပြုလိုက်မယ်။”
“မင်း ငွေရှာနိုင်မယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါ ပိုက်ဆံပြတ်ပြီး အခက်အခဲရှိနေလိမ့်မယ်။ နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရေးက စီမံကိန်းကြီးတစ်ခုဖြစ်တော့ ငါ အဲ့ဒီထဲကို ပမာဏကြီးတစ်ခု မြှုပ်နှံရမှာဖြစ်တယ်။”
လုံကျန့်ယု တစ်ခဏမျှ တွေဝေသွားပြီးနောက် လေးလေးနက်နက် မေးလိုက်သည်။
“ထန်ရှု… ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါက ညီအစ်ကိုတွေပါ။ ဒါပေမယ့် နဂါးကိုးကောင်ကျွန်းကို ဘယ်လိုအမြင်မျိုးနဲ့ မင်း ပြန်လည်တည်ဆောက်မယ်ဆိုတာ ငါ သိလို့ရမလား။”
ထန်ရှုက သူ သယ်ဆောင်လာသော နဂါးကိုးကောင်ကျွန်း၏ပုံကြမ်းအား လုံကျန့်ယုအား ပေးရင်း
“နဂါးကိုးကောင်ကျွန်းမှာ အဆောက်အဦးအချို့ ရှိပြီးသားပါ။ ဒါပေမယ့် ငါက နေရာအကျယ်အဝန်းကို ထပ်ချဲ့ပြီး အထူးလိုအပ်ချက်တွေ အများကြီးရှိတဲ့ အဆောက်အဦးတွေ ထပ်ထည့်ဖို့လိုတယ်။ တစ်ချက်ကြည့်လိုက်ပါဦး
မင်း သဘောပေါက်သွားမှာပါ။”
ပြန်လည်တည်ဆောက်ရေးပုံကြမ်းအား ဖွင့်ကာ လုံကျန့်ယု အချိန်အနည်းငယ်ပေးကာ ကြည့်လိုက်ရာ သူ၏မျက်ဝန်းအစုံသည် အံ့သြမှုကြောင့် ပြူးထွက်လာသည့်နှယ်ဖြစ်သည်။ အချိန်အတန်ကြာ ပုံအား ကြည့်ပြီးသည့်နောက် သူသည် ထန်ရှုကို ကြည့်လိုက်သော်လည်း သူ၏အံ့သြနေသည့် အမူအရာမှာ မပြောင်းလဲသေးဘဲ
“ငါ တစ်ခုခု သိချင်တယ်။ မင်း ဘာကြောင့် ဒီစီမံကိန်းမှာ ငွေအများကြီး သုံးတာလဲ။”
“ဒီနေရာက နောက်ဆိုရင် ငါ့ရဲ့ဋ္ဌာနချုပ် ဖြစ်လာလိမ့်မယ်။ ငါ အမှန်တကယ်ပိုင်ဆိုင်တဲ့ နေရာဖြစ်ပြီးတော့ ဒီနေရာမှာ ငါက အမြင့်မားဆုံးတည်ရှိဖြစ်လာမယ်။”
ထန်ရှုက ရယ်လိုက်သည်။
လုံကျန့်ယုက အားယူပြုံးလိုက်ရင်း
“ညီအစ်ကိုထန်… မင်းက နယ်မြေတစ်ခု ထူထောင်ချင်တာလား။”
ထန်ရှက ရယ်မောလျက်
“နိုင်ငံတစ်ခု တည်ဆောက်တာလား။ အဲ့ဒါလေးက စတုရန်းကီလိုမီတာဒါဇင်လောက်သာ ရှိရုံပဲ။”
လုံကျန့်ယုက မေးသည်။
“ထန်ရှု… မင်းမှာ ပိုက်ဆံအများကြီး ရှိတာ ငါသိပေမယ့် ဘယ်လောက်ရှိမှန်းတော့ ငါ မသိဘူး။ ဒါပေမယ့် အလုံအလောက်တော့ မရှိဘူးမဟုတ်လား။ နောက်ပြီး ဒီစီမံကိန်းက အတော်ကြီးတယ်။ စဦးပိုင်းကာလမှာ မင်း ဘယ်လောက်မြှုပ်နှံဖို့ လိုမလဲ။ ပထမဆုံးအနေနဲ့ ငါတို့က ညီအစ်ကိုတွေလို နေကြပေမယ့် စီးပွားရေးက စီးပွားရေးပဲ။ ငါ မင်းကို အကောင်းဆုံးလုပ်ပေးနိုင်တာက ဆောက်လုပ်ရေးစီမံကိန်းအတွက် အခကြေးငွေကို အနည်းဆုံး ယူပေးနိုင်တာပဲ။ ဒါပေမယ့် ကြိုတင်ငွေစာရင်းတွေအတွက် ငါက ငွေမစိုက်ထုတ်နိုင်ဘူး။ ငါတို့လုံမိသားစုက ငါတို့ငွေတွေအကုန်နီးပါးကို ပူးပေါင်းလုပ်ငန်းစီမံကိန်းထဲ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ မင်းလည်း အသိသားပဲ။”
ထန်ရှုက လက်ချောင်းတစ်ချောင်းကို ထောင်ပြပြီး ခပ်ပေါ့ပေ့ါ ပြောလိုက်သည်။
“မင်း စီမံဖို့အတွက် ၁၀ဘီလီယံ ငါ ကြိုပေးထားမယ်။ မင်း ပိုက်ဆံပြတ်သွားရင် ငါ့ကို ထပ်ပြီးဆက်သွယ်ပါ။”
လုံကျန့်ယုက အံ့အားသင့်နေရင်း
“ဒီလောက်ငွေတွေအများကြီး မင်း ဘယ်က ရတာလဲ။”
“ငါ ဟောင်ကောင်မှာတုန်းက ပြသနာတစ်ချို့ ကြုံခဲ့တယ်။ ဒါပေမယ့် အဲ့ဒါကနေ မမျှော်လင့်ဘဲ ကံကောင်းမှုတစ်ခုကို ရလိုက်တယ်။ ငါ မင်းကို အသေးစိတ်တော့ မပြောတော့ဘူး။ အတိုချုပ်ပြောရရင် ငါ မင်းကို အချိန်မရွေး ငွေလွှဲပေးနိုင်တယ်ကွာ။ ဒါပေမယ့် ဒီစီမံကိန်းရဲ့အရည်အသွေးကိုတော့ မင်း အာမ ခံရမယ်။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောသည်။
“သေချာတယ်။” လုံကျန့်ယုက တည်ကြည်စွာ ပြောလိုက်သည်။
“နဂါးကိုးကောင်ကျွန်းမှာ နေပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စေ့စေ့စပ်စပ် စစ်ဆေးဖို့ ငါ့မှာ အချိန်မှာ အများကြီး မရှိဘူး။ အဲ့ဒါကြောင့် မင်းမှာလည်း အချိန်မလောက်ဘူးဆိုရင် မင်းအယုံကြည် စိတ်အချရဆုံးလူတစ်ယောက်ကို ဒီနေရာမှာ နေပြီး စီမံခန့်ခွဲဖို့ လွှတ်တာအကောင်းဆုံးပဲ။ နောက်ပြီး ဆောက်လုပ်နေစဉ်အတွင်း ပြသနာတွေ ဖြစ်လာမှာမစိုးရိမ်နဲ့ ငါ့လူတစ်ချို့ အဲ့ဒီကျွန်းမှာ လုံခြုံရေးအတွက် စောင့်ကြပ်နေကြတယ်။”
ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောဆိုသည်။
“သဘောပေါက်ပြီ။” လုံကျန့်ယုက ခေါင်းညိတ်သည်။
အတန်ကြာသော် တွမ်ရတ်ဂီနှင့် မိုအားဝမ် ရောက်လာသည်။
“မင်း ပြန်လာတဲ့အတွက် ဝမ်းသာပါတယ် မစ္စတာထန်။ ဒါနဲ့ ဒီသူငယ်ချင်းက…”
တွမ်ရတ်ဂီက ထန်ရှုအား နွေးထွေးစွာ လက်ကမ်းနှုတ်ဆက်ရင်း လုံကျန့်ယုဘက် လှည့်ကြည့်လိုက်သည်။
ထန်ရှုက မိတ်ဆက်ပေးသည်။
“သူက ကျွန်တော့်နိုင်ငံက သူငယ်ချင်းတစ်ယောက်ပါ။ အထူးသဖြင့် ထူးခြားတဲ့စီမံကိန်းတစ်ခုအတွက် စီးပွားရေးပူးပေါင်းဆွေးနွေးမှုတစ်ခုကို ဆွေးနွေးဖို့ သူ့ကို ဒီကို ခေါ်လိုက်တာ။ ခင်ဗျားကို ဒီကိုလာဖို့ ဖိတ်လိုက်တာကလည်း ကျွန်တော့်ဆီက ငွေကြေးရှာဖို့ စိတ်ဝင်စားသလားမေးဖို့အတွက်ပါပဲ။”
“မင်းဆီကလား။” တွမ်ရတ်ဂီ၏မျက်နှာထက်တွင် ပဟေဠိဖြစ်နေသော အမူအရာတစ်ခု ပေါ်ထွက်လာသည်။
ထန်ရှုက အဖြစ်အပျက်များကို ရှင်းပြလိုက်ပြီး အဆုံးသတ်လိုက်သည်။
“ခင်ဗျားက ဆိုင်ပန်ရဲ့ဒေသခံတစ်ယောက်ဖြစ်တော့ ဒီကအရာတွေကို လုံကျန့်ယုထက် ပိုပြီးကိုင်တွယ်နိုင်တယ်။ အဲ့ဒါကြောင့် ဒီစီမံကိန်းကို ခင်ဗျား ပါဝင်မယ်ဆိုရင် အခု ဆုံးဖြတ်ချက် ချသင့်တယ်။”
တွမ်ရတ်ဂီ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများ ထွက်ပေါ်နေပြီး သူက မေးမြန်းလိုက်သည်။
“ဒါပေမယ့် ၂၀ဘီလီယံဆိုတာကို … မင်း တကယ်ရှာနိုင်ပါ့မလား မစ္စတာထန်။”
“၂၀ဘီလီယံက ပမာဏများတဲ့ငွေလို့ ဆိုနိုင်ပေမယ့် ကျွန်တော့်အတွက် ပြသနာမဟုတ်ဘူး။ ကျွန်တော် ဂရုစိုက်တာက လုပ်ငန်းတိုးတက်မှုနဲ့ အရည်အသွေးပဲ။ ခင်ဗျားမှာ အရည်အသွေးရှိနေသရွေ့ ကျွန်တော့်ဆီက ပိုက်ဆံရနိုင်တယ်။”
“ကောင်းပြီ။” တွမ်ရတ်ဂီက အလေးအနက် ခေါင်းညိတ်ကာ
“ဒီလိုအမြတ်အစွန်းရှိမယ့် စီမံကိန်းကို ငါ စိတ်ဝင်စားတယ်။ မင်းလို သူဋ္ဌေးကြီးမျိုးနဲ့လည်း စီးပွားရေးတစ်ခု ပိုပြီး လုပ်ချင်ပါတယ် မစ္စတာထန်။ ဒါနဲ့ မစ္စတာလုံ… မစ္စတာထန်ရဲ့စီမံကိန်းအတွက် ပူးပေါင်းမှုကို ဘယ်လိုစိတ်ကူးထားလဲ။”
“ရှယ်ယာကိစ္စကို နောက်မှ ငါတို့ သီးသန့်ဆွေးနွေးကြမယ်လေ။” လုံကျန့်ယုက ပြောသည်။
“ကောင်းပြီ။” တွမ်ရတ်ဂီက ရယ်မောရင်း ခေါင်းညိတ်သည်။
“ခင်ဗျားတို့၂ယောက်ကြားက ရှယ်ယာကိစ္စကို ကျွန်တော် မသိချင်တဲ့အတွက် ခင်ဗျားတို့ဘာသာပဲ ဆွေးနွေးကြပါ။” ထန်ရှုက ပြောသည်။
“အတိုချုပ်ကတော့ စီမံကိန်းရဲ့ အရည်အသွေးကောင်းအောင် ထိန်းချုပ်ဖို့နဲ့ တိုးတက်မှုရှိဖို့ ခင်ဗျားတို့ ကိုင်တွယ်ဖို့ပဲ လိုတယ်။ ဒါနဲ့ ခင်ဗျားတို့၂ယောက်စလုံး ကျွန်တော် ဝယ်ထားတဲ့ ကျွန်းကို ကြည့်ချင်လား။”
“အသေအချာပေါ့။ နောက်ပြီး ကျွန်းရဲ့လက်ရှိအခြေအနေကို ငါတို့ ခုထိ မသိရသေးဘူးလေ။ နေရာကို သေချာကြည့်ရှုပြီးရင် တိကျပြီး စစ်မှန်တဲ့ ဆောက်လုပ်ရေးစီမံကိန်းကို ငါတို့ စီစဉ်နိုင်တယ်။” လုံကျန့်ယုက ပြောသည်။
“အခု လိုက်ကြည့်ရင်ရော ဘယ်လိုလဲ။ ဒါမျိုးက အချိန်မဆွဲသင့်ဘူးမလား။” ထန်ရှုက ပြုံးကာ ပြောသည်။
လုံကျန့်ယုက တွမ်ရတ်ဂီအား လှမ်းကြည့်သည်။
တွမ်ရတ်ဂီက ဖော်ပြရန်ခက်ခဲသော အမူအရာဖြင့်
“ငါ့ကို အချိန်ခဏလောက်ပေးနိုင်မလား မစ္စတာထန်။ လုပ်လက်စ အရေးကြီးတဲ့အရာလေးတွေ ရှိနေလို့ နေ့တစ်ပိုင်းလောက် အချိန်ပေးပါ။ အဲ့ဒါလေးတွေ လက်စသတ်ပြီးသွားရင် မနက်ဖြန်မနက်စောစော ငါတို့ထွက်လို့ရပါပြီ။ အဲ့ဒါလေး အဆင်ပြေမလား။”
“ပြသနာမရှိပါဘူး။ ဒီနေ့ ဒီမှာ အနားယူလိုက်ပါမယ်။” ထန်ရှု ပြုံးကာ ပြောသည်။
တွမ်ရတ်ဂီက ချက်ချင်းပင်
“နေဖို့စားဖို့ ငါ စီစဉ်လိုက်မယ်။”
ထန်ရှုက သူ့အား လက်ခါပြရင်း
“ကျွန်တော် ဒီမှာပဲ နေလိုက်မယ်။ လုံကျန့်ယုကလည်း ကျွန်တော်တို့ထဲက တစ်ယောက်ပဲမို့ အထူးတလည် မလိုပါဘူး။ ခင်ဗျားလုပ်စရာရှိတာသာ သွားလုပ်ပါ။ ခင်ဗျားအလုပ်ပြီးရင် ညစာ အတူစားကြတာပေါ့။”
“အဲ့လိုဆိုမှဖြင့် ငါ အရင် ပြန်နှင့်ဦးမယ်။”
တွမ်ရတ်ဂီ ထွက်သွားပြီးနောက် လုံကျန့်ယုက ထန်ရှုအား မျက်စိစွေကြည့်လိုက်ပြီး
“သည်တွမ်ရတ်ဂီက မဆိုးပါဘူး။ တည့်တိုးသမားဖြစ်ပုံပဲ။”
“သူ့မှာ ယုံကြည်ချက်နဲ့ နည်းလမ်းမရှိရင် စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဘယ်လိုလုပ်နိုင်ပါ့မလဲ။ တွမ်ရတ်ဂီမှာ သာမန်မဟုတ်တဲ့ ပုံရိပ်ရှိပြီး အလွန်စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်ပဲ။ သူ့ရဲ့စိတ်နဲ့ ဆုံးဖြတ်နိုင်စွမ်းက ကောင်းတာမို့ မင်း သူ့ကို စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောလို့်ရတယ်။” ထန်ရှုက ပြုံးကာ ပြောသည်။
“အေးဆေးပါ။ နောက်ပြီး ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးဆုံးအရာက ရိုးသားဖြောင့်မတ်မှုနဲ့ ယုံကြည်မှုပဲ။ အဲ့ဒါကိုတော့ ငါ့ကိုယ်ငါ အာမခံနိုင်တယ်။ ဒါနဲ့ ပေကျင်းက ထွက်လာပြီးကတည်းက မင်းရဲ့မိသားစုကို ဆက်သွယ်ပြီးပြီလား။ ငါ အိုးရန်လူလူဆီကနေ ကြားတာတော့ မင်းရဲ့အဖေဘက်ကအဒေါ်က မင်းကို ရှာနေတာ ဆက်သွယ်မရဖြစ်နေတယ်တဲ့။” လုံကျန့်ယုက ရယ်မောလိုက်သည်။
အဖေဘက်ကအဒေါ် ဟုတ်လား။
ထန်မင်း၏မျက်နှာသည် ထန်ရှု၏စိတ်ထဲတွင် ပေါ်လာပြီး ခေါင်းခါပြသည်။
“ငါ ဘယ်သူ့ကိုမှ မဆက်သွယ်ရသေးဘူး။ ပြည်ပကို လာတော့ အရေးကြီးတဲ့သူတွေကို ဆက်သွယ်တာကလွဲလို့ လူအများကြီးကို ငါ မဆက်သွယ်ထားဘူး။ ဒေါ်လေးက ငါ့ကို ဘာအတွက် ရှာတာတဲ့လဲ။”
“ငါ မသိဘူး။” လုံကျန့်ယုက ခေါင်းခါပြသည်။
“မင်း အဲ့ဒီအကြောင်းကို သိချင်ရင် အိုးရန်လူလူကို ခေါ်ပြီးမေးလေ။ ဒါမှမဟုတ်လည်း သူမကို တိုက်ရိုက်ဆက်လိုက်။”
ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ကာ
“ငါ သူမကို နောက်မှ ဆက်လိုက်မယ်။ သွားကြစို့။ ငါ မင်းကို ထိုင်းအနှိပ်ခံဖို့ ခေါ်သွားမယ်။ အဲ့ဒီနေရာက နေရာကောင်းတစ်ခုပဲ။ အာ ဟုတ်သားပဲ။ ငါ အဲ့ဒီနေရာမှာ အပေါင်းအသင်းတစ်ယောက်လည်း ရခဲ့တယ်။ ကြံ့ခိုင်ပြီး သူရဲကောင်းပီသသလို သစ္စာရှိပြီး မြင့်မြတ်တဲ့လူတစ်ယောက်လို့လည်းဆိုနိုင်တယ်။”
“ဘယ်သူလဲ။” လုံကျန့်ယုက မေးသည်။
“သူ ဘာလုပ်လဲဆိုတာတော့ ငါ မသိဘူး။” ထန်ရှုက ခေါင်းယမ်းသည်။
“ဒါပေမယ့် သူက သူဋ္ဌေးကြီးတစ်ယောက်တော့ ဖြစ်လိမ့်မယ်။ သူ့ကိုယ်သူ အဖိုးကြီးဖက်တီးလီလို့ ပြောလို့ ငါလည်း အဲ့ဒီလိုပဲ သူ့ကို ခေါ်တယ်။”
“အဖိုးကြီး ဖက်တီးလီ ဟုတ်လား။” လုံကျန့်ယု၏မျက်နှာထက်တွင် အံ့အားသင့်မှု ဖြစ်ပေါ်လာသည်။
“သူက အရှေ့မြောက်ပိုင်း စတီးလုပ်ငန်းက လီလောင်ရှန်းလို့ မင်း ပြောနေတာလား။”
“ဟုတ်တယ်။ သူ့ကို လီလောင်ရှန်းလို့ ခေါ်တဲ့ပုံပဲ။” ထန်ရှုက ပြုံးကာ ပြောသည်။
သူ၏လက်မအား ထောင်ပြပြီး လုံကျန့်ယုက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
“သောက်ကျိုးနည်း… မင်းက လီလောင်ရှန်းနဲ့ ဒီနေရာမှာ အပေါင်းအသင်းလာဖြစ်လိမ့်မယ်လို့ ငါ တကယ်ကို ထင်မထားမိဘူး။ အဲ့ဒီဖက်တီးက နိုင်ငံထဲမှာဆိုရင် ကြောက်စရာကောင်းတဲ့ ငနဲကြီး။ ကိုယ့်ကိုအထင်ကြီးပြီး သွေးနားထင်ရောက်နေတာလေ။ မင်းရဲ့အရည်အချင်းတွေနဲ့ သူ့ကိုသာ မဆွဲဆောင်နိုင်ခဲ့ရင် သူက ထုံးစံအတိုင်း မင်းကို လစ်လျူရှုထားလိမ့်မယ်။”
“အာ…” ထန်ရှုက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ “မင်းဆိုလိုတာက … သူက ရူးသွပ်တာလား။”
***