အဆိပ်ပြင်းတယ် တကယ့်ကို အဆိပ်ပြင်းတယ်
Vol. 1-8 Ch. 16
လီချန်ရှို့သည် နေရာတော်တော်များများ ရှာဖွေပြီးနောက် ယန်အဆိပ်နဂါးနီ၏ တံတွေးက တဖြည်းဖြည်း လုံးပါးပါးလာလေသည်။
လွမ့်ကျန့်တောအုပ်အနီးနှင့် ရှေးဟောင်းကျမ်းစာများမှ ဖော်ပြထားသောနေရာတွင် ဆေးပင်အား ရှာမတွေ့သေးပေ။
ယုံချင်ရွှမ်းယာအား မတော်တဆ ကယ်တင်ပြီးနောက် သုံးရက်အကြာမှာပင် လီချန်ရှို့တစ်ယောက် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် အား ရှာမတွေ့သေးချေ။ သို့သော်လည်း မြောက်ကျွန်းအတွင်းပိုင်းသို့ ဝင်ရောက်လာသောအခါ အသုံးဝင်သည့် များစွာသော အခြား အဆိပ်ပင်များနှင့် ဝိညာဉ်ဆေးပင်များကို တွေ့လာရသည်။
သူသည် အလောင်းဖျောက်ဆေးမှုန့်အဖြစ် ဖော်စပ်နိုင်သော တန်ဖိုးကြီးသည့် အသေကောင်စား ပိုးကောင်နှစ်ကောင်ကိုပင် ဖမ်းမိခဲ့သည်။ ထိုဆေးမှုန့်နှင့်ဆိုပါက လီချန်ရှို့တွင် အလောင်းဖျောက်နိုင်သည့် နည်းလမ်း ( ၁၂ ) မျိုး ရှိသွားပြီ ဖြစ်သည်။
လီချန်ရှို့သည် မချင့်မရဲ ဖြစ်နေသော်ငြား အန္တရာယ်များသည့် မြောက်ကျွန်းသို့ ရောက်ရှိနေကြောင်းကိုမူ တဒင်္ဂမျှ သတိလက်လွတ် မဖြစ်ဘဲ တချိန်လုံး သတိကြီးစွာထားနေသည်။
အကျိုးသင့်အကြောင်းသင့်ဆိုရလျှင် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်သည် အလွန်အဖိုးတန်သော်လည်း သုံးလေ့သုံးထရှိသော ဆေးပင်မျိုး မဟုတ်ပေ။ လူအနည်းငယ်သာ ထိုဆေးပင်အား ရှာဖွေကြသည်။
လီချန်ရှို့ ရှာဖွေနေခဲ့သောနေရာသည် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် ပေါက်ရောက်ရန် သင့်တော်သော အနေအထား ရှိသည်။ သို့သော်ငြား အပင်ပေါက်တစ်ပင်မျှ မတွေ့ရှိရသေးသည်မှာ ထူးဆန်းလှပေသည်။
လီချန်ရှို့သည် ကျင့်ကြံချိန်များမှ ဖဲ့၍ အဆိပ်များနှင့် ဆေးပင်များအကြောင်း ရေးသားထားသည့် ရှေးဟောင်းကျမ်းစာများကို ကြိုးစား၍ ရှာခဲ့ရသည်။ သူဖတ်ရှုခဲ့သမျှသည် အလိမ်အညာများပင်လော။
‘ ဆရာအဘိုးကြီးကတော့ အရမ်း ကံဆိုးတာပဲ ’
လီချန်ရှို့သည် ထိုသို့သာ ကိုယ့်စိတ်ကိုယ် ဖြေရလေသည်။ မည့်သည့်အချိန်တွင် ပြန်လှည့်ရမည်ကို စတင်တွေးတောနေမိ၍ ဖြစ်ပေါ်လာသော သူ၏ခံပြင်းဒေါသစိတ်များကို ပယ်ရှားလိုလှသည်။
သူသည် အနောက်ဘက်သို့ လီ ( ၂၀၀ ) ထပ်သွားရဦးမည် ဖြစ်သည်။
ထိုနေရာတွင် ဆေးပင်အား ရှာမတွေ့သေးပါက လီချန်ရှို့ လက်လျှော့လိုက်တော့မည် ဖြစ်ပြီး မြို့သို့ပြန်သွားကာ ဈေးဆိုင်များတွင် လိုက်ရှာမည်ဖြစ်သည်။ သို့သော်လည်း ေဆးပင်အား ရှာတွေ့ရန်မှာ ဖြစ်နိုင်ချေ သိပ်မရှိလှပေ။
လီချန်ရှို့က ခပ်သုတ်သုတ် သွားလိုက်ရာ သူ၏ခြေဖဝါးအောက်တွင် အရိပ်များ ပေါ်လာလေသည်။ သူ ရှာရန်ကျန်သည့် နောက်ဆုံးနေရာကို ခပ်မြန်မြန်ပင် ရှာဖွေချင်ေနသည်။
လီ ( ၅၀ ) ခန့် ထပ်မံရှာဖွေပြီးသော်လည်း မည့်သည့်ဆေးပင်မျှ မတွေ့သေးချေ။
လီချန်ရှို့သည် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် ပေါက်ရောက်နိုင်သောနေရာများတစ်လျှောက် စုစုပေါင်း လီ ( ၁၀၀ ) ပတ်လည် ရှာဖွေခဲ့သည်။ သို့သော်လည်း အရိပ်အယောင်မျှ မတွေ့ရသေးပေ။ မထင်မှတ်ဘဲ အားအင်မဲ့နတ်ဆေးအဖြစ် ဖော်စပ်ရာတွင် အသုံးပြုနိုင်သော ဝိညာဉ်ဆေးပင်အမြောက်အမြားကိုမူ သူတွေ့ခဲ့လေသည်။
‘ ကြည့်စမ်း ... ငါ့အတွက် အသုံးဝင်တဲ့ဆေးပင်တွေကျတော့ သိုလှောင်ဓမ္မအဆောင်ထဲဝင်ဖို့ တန်းစီနေတာပဲ။ ဒါပေမဲ့ ငါ ဘယ်လောက်ကြိုးစားရှာရှာ ဆရာ့အတွက် အသုံးဝင်မယ့်ဆေးပင်ကျတော့ ရှာမတွေ့သေးဘူး။ အေးလေ ဆရာက ငါနဲ့ယှဉ်ရင် အကျင့်စာရိတ္တက အပြတ်အသတ်ပဲ ဆိုတော့လဲ ကွာမှာပေါ့။ ငါ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် ကိုရှာမတွေ့ရင် နတ်ဝိဇ္ဇာပျော်ဝင်ဆေးကို ဘယ်လိုမှဖော်နိုင်မှာမဟုတ်ဘူး။ ဒီလိုဆို အဲဒီနည်းလမ်းက အလုပ်ဖြစ်မှာမဟုတ်တော့ဘူး။ တခြား အကြံတစ်ခု၊ နှစ်ခု ထပ်ရှိထားလို့ တော်သေးတာပေါ့။ ဒါပေမဲ့ အဲ့အကြံအစဉ်တွေက နတ်ဝိဇ္ဇာပျော်ဝင်ဆေး အကြံလောက်တော့ စိတ်မချရဘူး။ အနည်းဆုံးတော့ ဆရာ့အတွက်အထောက်အကူဖြစ်မှာပါ ’
‘ ဖျစ် ... ’
ကောင်းကင်နှင့် မြေကြီး၏ စိတ်တန်ခိုးတွင် လှုပ်ခတ်မှုများ ဖြစ်ပေါ်လာသည်။ တစ်နေရာရာတွင် လူအများ တိုက်ခိုက်နေကြခြင်း ဖြစ်ပေမည်။
လီချန်ရှို့သည် စိတ်အာရုံအား သုံး၍ ထိုလှုပ်ခတ်မှုဖြစ်ပေါ်လာသော အရင်းအမြစ်နေရာအား ရှာဖွေလိုက်သည်။ သို့သော် သူ၏ရှေ့တွင် ညစ်ညမ်းချီများက ထူထူထပ်ထပ် ကာဆီးထားသည်ဖြစ်၍ သူ၏ စိတ်အာရုံသည် အချင်း လီ ( ၂၀ ) ပတ်လည်သာ ကောင်းကောင်းရောက်နိုင်လေသည်။
တိုက်ပွဲက လီ ( ၃၀ ) အကွာလောက်၌ ဖြစ်နေခြင်းပင်။ သူသည် လှုပ်ရှားနေသည့် လူရိပ်များကိုသာ အာရုံခံ၍ ရသည်။
ေရှ့မှာရှိနေသည်က လေလွင့်ကျင်ကြံသူများ ကျင်လည်ကျက်စားရာနေရာလော။
မြောက်ကျွန်းတွင် ကျင့်ကြံသူအမြောက်အမြား ရှိြကသည်။ သာမန်အားဖြင့် ထိုလူများသည် တန်ဖိုးကြီးကာ လျှို့ဝှက်ဆန်းကြယ်သော ပန်းများ၊ သစ်ဥသစ်ဖုများကို ရှာဖွေရန် မြောက်ကျွန်းအတွင်းပိုင်း လီထောင်ပေါင်းများစွာအထိ ဝင်ရောက်ကြသည်။ ယင်းနောက် ထိုပန်းများ၊ သစ်ဥသစ်ဖုများကို သူတို့၏ ကျင့်ကြံခြင်းအား အထောက်အပံ့ပေးမည့်ပစ္စည်းများနှင့် လဲလှယ်ကြသည်။
လီချန်ရှို့ သတ်ခဲ့သည့် လုပ်ကြံရေးသမား လိပ်ပျံလွှားအား ဥပမာအဖြစ် ကြည့်နိုင်သည်။ ထိုလူသည် တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိေနပြီး ဒုစရိုက်အလုပ်များကို သူ မလုပ်နေသည့်နေ့များတွင် အခြားပစ္စည်းများနှင့် လဲလှယ်ရန် ပန်းများ၊ သစ်ဥသစ်ဖုများအား ရှာဖွေနေတတ်၏။
လီချန်ရှို့သည် ချက်ချင်းပင် ပြန်ဆုတ်ရန် တွေးလိုက်သည်။ ထို့ကြောင့် သူသည် ရပ်တန့်လိုက်ကာ ကျောက်တုံးတစ်တုံးနောက်တွင် ပုန်းခိုလိုက်ပြီး နောက်ခြေလှမ်းအတွက် ဂရုတစိုက် စဉ်းစားနေလေသည်။
လီချန်ရှို့သည် ဤဒေသအကြောင်းမှန်သမျှကို ရှေးဟောင်းကျမ်းစာများတွင် ဖတ်ထားပြီး ဖြစ်သည်။ ကျင့်ကြံသူများသည် သူ သွားရမည့် လမ်းကြောင်းပေါ်၌ တိုက်ခိုက်နေကြခြင်း ြဖစ်သည်။ ယခုပြန်မဆုတ်ပါက နောက်ထပ် ပြန်ဆုတ်နိုင်တော့မည် မဟုတ်ပေ။
“ လူကြီးလူကောင်းတစ်ယောက်က အန္တရာယ်ရှိသော အရပ်တွင် မနေသင့် ” ဆိုသော ဆိုရိုးအတိုင်း ဤမြောက်ကျွန်းသို့ ခရီးစဉ်သည် နောင်တများဖြင့်သာ အဆုံးသတ်လေမည်လော။
လီချန်ရှို့ ရုတ်တရက် ထခုန်လိုက်သည်။ ကံအားလျော်စွာ သူ၏စိတ်အာရုံသည် သူ၏နေရာမှ အနောက်မြောက် ( ၂၃ ) လီအကွာရှိ ကျောက်ကမ်းပါးထိပ်တစ်ခု၌ လေယူရာ ယိမ်းနွဲ့နေသော ကျောက်စိမ်းရောင် ဆေးပင်သုံးပင်အား အာရုံခံမိလိုက်သည်။
၎င်းတို့သည် သစ်ခွပန်းသဏ္ဍန်ရှိသော်လည်း များစွာ ပို၍ တိုသည်။ အရွက်ပေါ်တွင်လည်း ထူးဆန်းသောအင်းကွက်များ ရှိ၏။ ဆေးပင်တစ်ပင်စီက အရောင်ဖျော့ဖျော့လက်နေသည်။
နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်တွေ …
ထိုဆေးပင်များကား မူလနတ်ဝိဇ္ဇာများအား အဆိပ်မိစေကာ အတုမဲ့နတ်ဝိဇ္ဇာများ၏ ဝိညာဥ်များကို အတွင်းဒဏ်ရာ ရစေနိုင်သည့် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်များပင် ဖြစ်ပေသည်။
ထို့ပြင် အရွက်ပေါ်ရှိ အင်းကွက်များ၏ သိပ်သည်းမှုအား ကြည့်ကာ အလယ်ရှိဆေးပင်သည် နှစ် ( ၃၀၀၀ ) ရှိပြီဖြစ်ကြောင်း လီချန်ရှို့ ပြောနိုင်လေသည်။ ဘေးနှစ်ဘက်မှဆေးပင်များကား နှစ် (၁၀၀၀) ကျော်ရှိပေလိမ့်မည်။
လီချန်ရှို့တစ်ယောက် ကျောက်တုံးနောက်မှ ခုန်ထွက်မတတ်ဖြစ်သွားသည်။
သို့သော်လည်း သူသည် ချက်ချင်းပင် စိတ်မလှုပ်ရှားစေရန် စိတ်ငြိမ်မန္တန်အား စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဆေးပင်အား လက်ဆုပ်လက်ကိုင်မရသေးသဖြင့် အောင်ပွဲခံရန် စောလွန်းနေသေးသည် မဟုတ်လော။
‘ စိတ်အေးအေးထား။ ငါဆေးပင်ကိုယူပြီး မြောက်ကျွန်းက ပြန်နိုင်မှပဲ နည်းနည်းပါးပါး အောင်ပွဲခံလို့ရမယ်။ မဟုတ်သေးပါဘူး … ဆေးလုံးရတဲ့အထိ ဖော်စပ်ဖို့ကလည်း တော်တော်ဒုက္ခများဦးမှာ။ ငါ ချုံတောင်ကို ပြန်ရောက်ပြီး နတ်ဝိဇ္ဇာပျော်ဝင်ဆေးကို အောင်အောင်မြင်မြင်ဖော်စပ်ပြီးမှ အောင်ပွဲခံရင်လည်း နောက်မကျသေးပါဘူး။ ကဲ စကြတာပေါ့ကွာ ... ’
လီချန်ရှို့သည် မြေကိုယ်ယောင်ဖျောက်အတတ်အား အသုံးပြု၍ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် ရှိရာသို့ သွားလိုက်သည်။ တချိန်တည်းမှာပင် သူ၏ စိတ်အာရုံအား မြေအောက်မှ အပေါ်သို့ ဖြန့်ကျက်လိုက်ကာ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် ရှိရာ နေရာတဝိုက်ကို စူးစမ်းလိုက်သည်။
နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် နံဘေးတွင် အရွက်များကင်းမဲ့နေသော ထင်းရှူးပင်အိုကြီး တစ်ပင်ရှိ၏။ သူ့အနေဖြင့် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် အနီးသို့ မြေကိုယ်ယောင်ဖျောက်အတတ်မှ သစ်ကိုယ်ယောင်ဖျောက်အတတ်ကို ပြောင်းသုံး၍ သွားနိုင်ပေသည်။
သို့သော်လည်း အဆိပ်သားရဲများအတွက် ထိုကဲ့သို့ နှစ်ထောင်ချီနေသော အဆိပ်ဆေးပင်မျိုးသည် လွန်စွာ ခွန်အားဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် ဆေးပင်တွင် အစောင့်အကြပ်မရှိခြင်းမှာ မဖြစ်နိုင်ပေ။
ဟုတ်လေစွ။ အမှန်တကယ်ပင် အနီးနား၌ မျက်စိသုံးလုံးရှိသော အပြာလှိုင်းမြွေနဂါးတစ်ကောင် ရှိနေကြောင်း လီချန်ရှို့ အလျင်အမြန် ရှာတွေ့လိုက်ရသည်။
ထိုမြွေနဂါးသည် ေချာက်ကမ်းပါးအောက်နားတွင် ပါးပါးနပ်နပ် ပုန်းအောင်းနေလေသည်။ ၎င်းသည် ကိုယ်ရောင်ကိုယ်ဝါအား မည်သို့ဖျောက်ထားရမည်ကိုပင် သိလေ၏။ ၎င်း၏ ( ၃ ) ကျန့် မျှရှည်သောခန္ဓာကိုယ်သည် ဘေးပတ်လည်ရှိ ကျောက်တုံးများနှင့် တသားထဲ ရှိနေသည်။ သို့သော်လည်း ၎င်း၏ စိမ်းပြာရောင် အကြေးခွံများသည် လျှို့ဝှက်ဆန်းကြယ်စွာ တလက်လက်တောက်ပနေလေ၏။
( ဘာသာပြန်သူမှတ်စု ။ ၃ ကျန့်မှာ ပေ ( ၃၀ ) ဖြစ်ပေသည် )
အကယ်၍ လီချန်ရှို့သာ ထိုနေရာအား စေ့စေ့စပ်စပ် မစူးစမ်းမလေ့လာခဲ့လျှင် အနီး၌ အဆိပ်သားရဲတစ်ကောင် ပုန်းအောင်းနေကြောင်း သိရှိခဲ့မည် မဟုတ်ချေ။
မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါး၏ ခေါင်းအလယ်ဗဟိုတွင် ကြီးမားသော ဘုကြီးတစ်ဘု ရှိသည်။ ထိုဘုကြီးသည် အလွန်အကျဉ်းတန်ပြီး လူသားများအား ထိတ်လန့်တုန်ရီသွားစေနိုင်သည်။
ယင်း၏ တြိဂံပုံဦးခေါင်းသည် စတင်ရှည်ထွက်နေပြီ ဖြစ်သည်။ ခန္ဓာကိုယ်သည်လည်း အခြားမြွေနဂါးများထက် ကြီးလေသည်။ ထိုကြောင့် ယင်းမြွေနဂါးသည် အမတလမ်းစဉ်သို့ လျှောက်လမ်းနေကြောင်း ထင်ရှားလေသည်။
နှစ်ချို့နေသော နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်မှာ နတ်ဝိဇ္ဇာအဖြစ် ပြောင်းလဲရာတွင် အနှီမြွေနဂါး အသုံးပြုမည့် အထောက်အပံ့ ဖြစ်နိုင်ပေသည်။ သို့သော်လည်း ယခုအခိုက်တွင် ၎င်းသည် များစွာ အဆိပ်မပြင်းသေးသလို တန်ခိုးစွမ်းအား မကြီးသေးပေ။
‘ မင်းမေဘ ... လွယ်မှာတော့ မဟုတ်ဘူး ’
လီချန်ရှို့သည် ချောက်ကမ်းပါးအောက်တွင် ရှိသော အရိုးများကို သတိပြုမိလိုက်သည်။ ထိုအရိုးများကြားတွင် လူရိုးများလည်း ရှိနေပေသည်။
လီချန်ရှို့ ခွန်အားဖြင့် အနိုင်မယူနိုင်ချေ။ သို့ဖြစ်၍ ဉာဏ်အားကို အသုံးချရပေမည်။
အမတလမ်းနှင့် နီးကပ်နေသော ထိုကဲ့သို့ အဆိပ်သားရဲမျိုးသည် လွန်စွာအဆိပ်ပြင်းကာ ရက်စက်ကြမ်းကြုတ်သော သားရဲများဖြစ်ကြသည်။ လီချန်ရှို့သည် သာမန် မူလနတ်ဝိဇ္ဇာများကိုပင် အန္တရာယ်ပြုနိုင်သည့် အဆိပ်ကိုးမျိုးမျှ ယူလာသော်လည်း ထိုကဲ့သို့ သားရဲမျိုးအတွက်မူ အသုံးဝင်မည် မဟုတ်ချေ။
သူ၏ ဓမ္မမန္တန်များနှင့် ခွန်အားသုံးကာ တိုက်ခိုက်နိုင်သော်ငြား မြေမျက်နှာပတ်ဝန်းကျင်အနေအထားသည် မတည်ငြိမ်ဘဲ အန္တရာယ်များလှသည်။
‘ ငါ မြွေနဂါးကို ဘယ်လိုလူလည်ကျရမလဲ။ သစ်ကိုယ်ယောင်ဖျောက်ပညာကိုသုံး၊ ဆေးပင်ကို ခူးပြီးတော့ တန်းပြေးရမလား။ မြွေနဂါးတော်တော်များများက သွက်သွက်လက်လက်ရှိကြတယ်။ ဒါက သိပ်အလုပ်ဖြစ်မယ်မထင်ဘူး ’
လီချန်ရှို့သည် မြေအောက်တွင် သွက်လက်စွာ ဟိုဟိုသည်သည်သွားရင်း လေးလေးနက်နက် စဉ်းစားနေသည်။ မကြာမီ သူ၏ စိတ်ထဲတွင် အကြံအစည်ဆယ်ခုမျှ ပေါ်လာလေသည်။
လီချန်ရှို့က သူ အလိုရှိသော နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်များ အနီးသို့ ပို၍ နီးကပ်လာချိန်တွင် အဝေး၌ဖြစ်နေသော တိုက်ပွဲသည်လည်း သူ၏စိတ်အာရုံမှာ ထင်ရှားလာသည်။
တိုက်ပွဲအပေါ်အာရုံစိုက်လိုက်သောအခါ သူသည် အသက်ရှူမှားကာ မြေအောက်မှာပင် ချောင်းအဆက်မပြတ် ဆိုးသွားရပြီး ထိုနေရာမှပင် ထွက်ပြေးလုမတတ် ဖြစ်သွားရသည်။
‘ သောက်ခွေး ... ဘာလို့အဲဒီတစ်ယောက်နဲ့ လာတိုးပြန်တာလဲကွာ။ အဲဒီ ယုံချင်ရွှမ်းယာဆိုတဲ့ဟာက ကျိန်စာများ မိနေတာလား။ သူ့နာမည်ကို အဆိပ်ရွှမ်းယာလို့ ပြောင်းပစ်သင့်တယ်။ တောင်ဘက်ကိုသွားဖို့ မြေပုံတောင် ဆွဲပေးခဲ့သေးတာကို ဒီမှာဘာလာလုပ်နေတာတုန်း။ သူ ရှိသင့်တဲ့နေရာနဲ့ လီ ( ၂၀၀၀ )လောက် လွဲနေတယ်လေ
’
လီချန်ရှို့၏ နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားသည်။ သူ မသိသောအရာ တစ်ခုခုရှိနေကြောင်း ခံစားလိုက်ရသည်။
‘ ဘာလို့ သူ့ကိုလိုက်နေတဲ့သူတွေထဲမှာ နတ်ဝိဇ္ဇာဖိအားရှိတဲ့သူတွေကို ခံစားမိနေတာလဲ ’
လီချန်ရှို့၏ စိတ်ထဲ အကြံတစ်ခုလက်သွားသည်။ သူ၏စိတ်အာရုံအား တိုက်ပွဲအပေါ် အာရုံစိုက်လိုက်ရာ နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်အား ရယူရန် ပြောင်မြောက်သည့် အကြံတစ်ခု ပေါ်လာလေ၏။
တစ်နည်းအားဖြင့်ကြည့်လျှင် သူ၏လမ်း၌ တိုက်ပွဲတစ်ခုသာ ရှိမနေပါက နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင် သုံးပင်အား သူ သတိမျှပင် ထားမိမည် မဟုတ်ချေ။
ထို့ပြင် ယခုလောလောဆယ် သူ၏အမြင်အရ ထိုလူများက သူ့အား သတိထားမိမည် မဟုတ်ပေ။
ထို့သို့ဆိုလျှင် သူ့အနေဖြင့် ‘အဆိပ်ရွှမ်းယာ’ ကို ကျေးဇူးတင်ရပေမည်။
“ အရင်တစ်ခေါက်က ငါ မင်းကို ကယ်ခဲ့တယ်။ အခုတော့ မင်းကို ပြန်အသုံးချရတော့မယ်။ ငါတို့ကျေပြီလို့ပဲ ယူဆလိုက်မယ်နော် ”
လီချန်ရှို့ တီးတိုးရေရွတ်လိုက်သည်။ သူသည် မြေကိုယ်ယောင်ဖျောက်အတတ် ထပ်မသုံးမီ ခေတ္တရပ်နားလိုက်သည်။
လီချန်ရှို့သည် ဓမ္မတန်ခိုးများအား နှိုးဆွလိုက်ပြီး သူ့ကိုယ်ရောင်ကိုယ်ဝါအား အစွမ်းကုန် ထိန်းချုပ်လိုက်သည်။ သူသည် ချောက်ကမ်းပါးဆီသို့ မြန်နိုင်သမျှ မြန်မြန် သွားလိုက်၏။ ထို့နောက် ယုံချင်ရွှမ်းယာအား တိုက်ခိုက်နေသူများကို စူးစမ်းလိုက်သည်။
ထိုအခိုက် ယုံချင်ရွှမ်းယာ၏ဘေးပတ်လည်တွင် မီးလျှံဓားများ ဝန်းရံလည်ပတ်နေသည်။ သူမသည် လေထဲတွင်ရှိနေကာ ချောက်ကမ်းပါးဆီသို့ပင် လာနေလေသည်။ ဓားများက အစွမ်းကုန် လျင်မြန်စွာ လည်ပတ်နေပေရာ ဒိုင်းကြီးတစ်ခုပမာ အရံအတား ဖြစ်နေတော့သည်။
သို့သော်လည်း တစ်ချက်မျှကြည့်ရုံဖြင့် ယုံချင်ရွှမ်းယာသည် အပြင်ပန်းက အသာစီးရနေဟန်တူသော်ငြား အမှန်စင်စစ်တွင် အရေးနိမ့်နေကြောင်း လီချန်ရှို့ ပြောနိုင်လေသည်။ သူမ၏ ဓားကာဓမ္မမန္တန်က အထွတ်အထိပ်သို့ မရောက်သေးဘဲ မည်သို့သုံးရမည်ကို လှေနံဓားထစ်သာ သိထားသည်ဖြစ်၍ အခြေအနေအား လိုက်၍ အသုံးမချတတ်သေးရာ သူမက ကာကွယ်နေစဉ်အတွင်း အကျိုးရှိရှိ တန်ပြန်မတိုက်ခိုက်နိုင်ပေ။
ဝတ်စုံနက်ခြောက်ယောက်သည် ယုံချင်ရွှမ်းယာအား တိုက်ခိုက်နေကြပြီး ထိုထဲမှ နှစ်ယောက်သည် တာအိုပေါင်းစည်းခြင်းအဆင့်တွင်ရှိကာ ကျန်လေးဦးမှာ ဗလာနတ္ထိအဆင့်တွင် ဖြစ်ကြသည်။ သူတို့သည် ယုံချင်ရွှမ်းယာအား အစွမ်းကုန်တိုက်ခိုက်နေကြသော်ငြား ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရအောင် မပြုကြပေ။ သူမကို အရှင်လိုချင်ကြောင်း သိသာပေသည်။
လီချန်ရှို့၏ ကံတရားသည်လည်း သိပ်မဆိုးပေ။ ထိုအဖွဲ့မှ မူလနတ်ဝိဇ္ဇာ နှစ်ဦးသည် နဂါးချုပ်နှောင်အစီအရင်အတွင်း ရှိနေကြသည်။ ၎င်းအစီအရင်အတွင်းမှ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသည် ထိုမူလနတ်ဝိဇ္ဇာနှစ်ဦးအား အလုပ်များနေအောင် လုပ်ထားနိုင်လေသည်။
‘ ဒီမလောက်လေးမလောက်စားလေးတွေက မျက်လုံးသုံးလုံး အပြာလှိုင်းမြွေနဂါးကို မနိုင်လောက်ဘူး ’
ကံအားလျော်စွာ ယခုအထိ မလှုပ်ရှားသေးသော လူနှစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါနှစ်ခုက လေထဲတွင် ရှိနေသည်။ ထို့ထက် ယင်းကိုယ်ရောင်ကိုယ်ဝါများကို လီချန်ရှို့ ရင်းနှီးနေလေသည်။
ထိုနှစ်ဦးကား ယုံချင်ရွှမ်းယာ၏တိုင်းပြည်မှ သက်တော်စောင့် ယွီဝမ်လင်နှင့် သူတို့ဂိုဏ်းရှိ ကောင်းကင်ခွင်းတောင်မှ ဂိုဏ်းတူညီလေး ယွမ်ချင်းတို့ ဖြစ်ကြသည်။
လီ (၃၀) ပတ်ချာလည်မှာ နတ်ဝိဇ္ဇာတစ်ပါးသာ ရှိကြောင်း လီချန်ရှို့ ခံစားသိရှိလိုက်ရသည်။ ထိုနတ်ဝိဇ္ဇာမှာ ယွီဝမ်လင် ဖြစ်ပေသည်။ မကြာသေးခင်က ခံစားလိုက်ရသော ဖိအားသည် သူ့ထံမှပင် ဖြစ်ရမည်ဟု လီချန်ရှို့ ခန့်မှန်းလိုက်သည်။ လီချန်ရှို့က စိတ်ထဲ တွေးတောလိုက်သည်။
‘ နေစမ်းပါဦး ... ဘာလို့ မခုတ်တတ်တဲ့ကြောင်လေး ယွမ်ချင်းက ဝင်မတိုက်သေးတာလဲ။ တိုက်ပွဲကို အချိန်ဆွဲချင်လို့လား။ တုနတ်ဝိဇ္ဇာဂိုဏ်းမှာ အစွမ်းထက်တဲ့ တခြားသူတွေ မရှိတော့ဘူးလို့ တကယ်ပဲ ထင်နေတာလား ’
တုနတ်ဝိဇ္ဇာဂိုဏ်းသည် အလယ်အလတ်နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း ကျောင်းတော်သုံးကျောင်းမှ တစ်ကျောင်းအဖြစ် ထင်ရှားလေသည်။ ဂိုဏ်းရှိ နတ်ဝိဇ္ဇာအများစုသည် မင်းမျိုးမင်းနွယ်များ ဖြစ်ကြသော်လည်း တုနတ်ဝိဇ္ဇာဂိုဏ်းသည် ထိုကဲ့သို့ လောကီအဆင့်အတန်းများအား အလေးမထားပေ။
ဆရာဒေါ်လေးကျိုးကျိုးနှင့် တပည့်ငါးဦးသည် ဂိုဏ်းသို့ သတ်မှတ်ချိန်အမီ ပြန်မရောက်လာလျှင် သူတို့အားရှာရန် နတ်ဝိဇ္ဇာများအား စေလွှတ်ပေလိမ့်မည်။ ယွမ်ချင်းနှင့် သူ့အဖွဲ့ အချိန်ဆွဲနေခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေသကဲ့သို့ပင် ဖြစ်ချေတော့သည်။
‘ နောက်တစ်ခုဖြစ်နိုင်ချေရှိတာက အဲ့ ကြင်နာယောင်ဆောင်နေတဲ့ကောင်က ရေခဲတောင်အတု,မရဲ့ ခန္ဓာကိုယ်ကို သွားရည်ကျနေတာဖြစ်မယ်။ ထွီ ... အောက်တန်းကျလိုက်တာ ’
လီချန်ရှို့၏မျက်လုံးများထဲတွင် တိမ်စိုင်များအကြား ထိုင်နေသော နတ်ဝိဇ္ဇာယွီဝမ်လင်နှင့် ယုံချင်ရွှမ်းယာအား တိုက်ခိုက်နေသူများအား အသုံးချစရာ အမှတ်တစ်၊ အမှတ်နှစ်၊ သုံးလေးငါး စသည်ဖြင့်သာ မြင်နေလေသည်။
လီချန်ရှို့သည် သူ၏စိတ်အာရုံအား ယုံချင်ရွှမ်းယာအပေါ်တွင် စုစည်းလိုက်ပြီး စကားစေမန္တန်အား သုံးကာ ယုံချင်ရွှမ်းယာ၏ နားအတွင်းသို့ တိုက်ရိုက်ပြောလိုက်သည်။
“ အခုလောလောဆယ် ညီမရှိနေတဲ့နေရာကို မြောက်အရပ်လို့ ယူဆပြီး အနောက်တောင်ဘက်ကို ခြေရှစ်လှမ်းဆုတ်လိုက် ”
သူမ၏ရှေ့ရှိ ဓမ္မရတနာများရန်မှ ကာကွယ်ရန် ဓားကာမန္တန်အားသုံးနေသော ယုံချင်ရွှမ်းယာ ခုန်လိုက်မိသည်။
‘ ဂိုဏ်းတူအစ်ကို ချန်ရှို့ … သူက ဘာလို့ ဒီမှာရှိနေရတာလဲ ’
သူမသည် အနည်းငယ်သံသယဖြစ်နေသော်လည်း လီချန်ရှို့ ညွှန်ကြားသည့်အတိုင်း အလိုလို လုပ်လိုက်သည်။ သူမသည် မြေပြင်နှင့် နီးနီးကပ်ကပ်နေ၍ ဓားပျံများအား အသုံးပြုကာ အနောက်သို့ ဆုတ်လိုက်သည်။ အလင်းတန်းနှစ်တန်းက ရုတ်ခြည်း ဓားမန္တန်အား ရှပ်ထိသွားသည်။
ထိုအလင်းတန်းနှစ်တန်းသည် ဓားမြောင်တစ်ချောင်းနှင့် လှံတိုတစ်ချောင်း ဖြစ်သည်။ ယင်းတို့သည် ယုံချင်ရွှမ်းယာထံ တည့်တည့်မတ်မတ် ဝင်ရောက်ခဲ့သော်လည်း မြေပြင်ပေါ်သို့သာ ကျရောက်သွားရသည်။
“ အနောက်ဘက်ကို ခြောက်လှမ်းထပ်ဆုတ်မယ် ”
လီချန်ရှို့၏အသံသည် အတန်ငယ် အဆောတလျင် ရှိနေ၏။
ယုံချင်ရွှမ်းယာသည် လီချန်ရှို့နှင့် သူ၏ညွှန်ကြားမှုများကို အပြည့်အဝ ယုံကြည်ထားသည်။ အလင်းတန်းနှစ်တန်းသည် ထပ်မံ၍ သူမ၏နံဘေးမှ ဖြတ်သွားသည်။
ထို့နောက် လီချန်ရှို့၏ အသံဩဩက သူမ၏နားတွင် ထပ်ပေါ်လာ၏။
“ စိတ်မပျံ့လွင့်စေနဲ့ ညီမလေး … အစွမ်းရှိသလောက် ပြန်တိုက်ဖို့လုပ်။ မျက်နှာထားကိုလည်း သတိထားဦး။ သူတို့ သံသယဝင်မသွားစေနဲ့ ”
“ ချောက်ကမ်းပါးအောက်မှာ အဆိပ်သားရဲတစ်ကောင်ရှိတယ်။ သူတို့ကို အဲဒီကို မျှားခေါ်သွားလိုက်၊ ပြီးရင် အဆိပ်သားရဲကို အသုံးချပြီး သူတို့ကို အနိုင်ယူဖို့လုပ်။ အနောက်ဘက်ကို ခြေသုံးလှမ်းဆုတ်ပြီး အနောက်တောင်ဘက်ကို ခြေငါးလှမ်းထပ်ဆုတ် ”
ယုံချင်ရွှမ်းယာ၏ မည်းမှောင်နေသည့်အကြည့်များ ပြန်လည်ဝင်းလက်တောက်ပလာသည်။
သူမသည် နှုတ်ခမ်းစေ့၍ ရင်ထဲမှပင် ပြောလိုက်သည်။
“ ဟုတ် ”
ယုံချင်ရွှမ်းယာသည် ကျင်လည်စွာဖြင့် ဘယ်ညာရှောင်တိမ်းလိုက်သည်။ တဖြည်းဖြည်း သူမ၏ ကိုယ်ဟန်အား ထိန်းသိမ်းနိုင်လာပြီး တည်ငြိမ်လာသည်။ ဝတ်စုံနက်ခြောက်ဦးနှင့် အပေါ်မှစောင့်ကြည့်နေသောလူနှစ်ဦး၏ အမြင်တွင် သူမသည် ရုတ်ခြည်း ပို၍ ကျင်လည်သွက်လက်လာပေသည်။
တိုက်ပွဲအတွင်း အဆင့်တက်သွားခြင်းပေလော။
ယုံချင်ရွှမ်းယာသည် ရန်သူခြောက်ဦး၏ တိုက်ကွက်အများစုအား ရှောင်တိမ်းနိုင်ခဲ့လေသည်။ ယခင်က ဓားပျံများအား ဒိုင်းအဖြစ်သာ အသုံးပြုခဲ့သော်လည်း ယခုတွင်မူ မည်သို့ပြန်လည်တိုက်ခိုက်ရမည်ကို သူမ သဘောပေါက်သွားပြီ ဖြစ်သည်။
ထို့ကြောင့်ပင် ယုံချင်ရွှမ်းယာ၏ စိတ်ဖိစီးမှုများ လျော့ပါးလာလေတော့သည်။ သူမသည် တည်တည်ငြိမ်ငြိမ်ဖြင့် မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါးပုန်းအောင်းနေရာ ချောက်ကမ်းပါးအောက်သို့ ဆုတ်ကာသွားနေသည်။
ထိုအခိုက် လီချန်ရှို့သည် ချောက်ကမ်းပါးထိပ်ရှိ ကျောက်တန်းများအကြား ရောက်သွားလေသည်။ သူသည် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်များ နှင့် ကျန့်(၁၀၀) ကျော်သာ ကွာတော့လေသည်။
မျက်စိသုံးလုံး အပြာလှိုင်းမြွေနဂါးသည်လည်း တစ်ခုခု မူမမှန်နေကြောင်း သတိထားမိသွားဟန် တူသည်။ချောက်ကမ်းပါးအောက်မှနေ၍ ပတ်ဝန်းကျင်အား လေ့လာရန် ခေါင်းထောင်လိုက်သည်။
နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်များ၏ အရှေ့တွင် ကွင်းပြင်တစ်ခု ရှိသည်။ ထီးထီးကြီး တည်ရှိနေသော ထင်းရှူးပင်အိုကြီးသည် ကမ်းပါးစွန်းမှ ( ၁၆ ) ကျန့် အကွာတွင် ရှိလေသည်။ ထိုအပင်၏အရိပ်အောက်တွင် နတ်ဝိဇ္ဇာလွတ်မြောက်ဆေးပင်များ ရှိနေပေသည်။
လီချန်ရှို့သည် ညိုညစ်သောသစ်ခေါက်များရှိသည့် ထင်ရှူးပင်ကြီး၏ အမြစ်များအား တွေ့လိုက်ရသည်။ သူသည် ကျောက်တန်းများအကြားသို့ ရောက်သောအခါတွင် မြေကိုယ်ယောင်ဖျောက်ထားခြင်းအား ရပ်တန့်လိုက်သည်။ ထို့ကြောင့် မြေဖိအားဓာတ်ကို ခံလိုက်ရသော်လည်း အံတင်းတင်းကြိတ်၍ သစ်ကိုယ်ယောင်ဖျောက်အတတ်ကို သုံးလိုက်သည်။ ထိုနောက် သူသည် ထင်းရှူးပင်ကြီး၏ အမြစ်များအတွင်း ဝင်ရောက်ကာ ကိုယ်ရောင်ကိုယ်ဝါအား ဖျောက်ထား၍ အပေါ်သို့ ဖောက်ထွင်းတက်သွားလေတော့သည်။
***