လေယာဉ်များ ဝယ်ယူခြင်း
Vol. 07 Ch. 313
ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သူ့ကို အခု မမေးနဲ့ဦး။ အရင်ဆက်သွယ်ပြီး ဆိုင်ပန်ကို လာနိုင်မလား ပြောကြည့်။ စီမံကိန်းမစခင် ကုန်တင်လေယာဉ် နည်းနည်းဝယ်ထားရင် ငါတို့အတွက် အချိန်ကုန်သက်သာပြီး ပိုအဆင်ပြေလိမ့်မယ်။”
မိုအားဝမ်က ခေါင်းညိတ်တုံ့ပြန်ကာ ခပ်လှမ်းလှမ်းသို့ သွားပြီး ဖုန်းဆက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ရှု၏ဘေးသို့ ပြန်လာပြီး လေးစားသောဟန်ဖြင့် ပြောသည်။
“ငါ ဒုဥက္ကဋ္ဌ ဘလိန်းဒွန်နဲ့ စကားပြောပြီးပြီ။ ကျွန်တော်တို့နဲ့ စီးပွားရေးလုပ်ဖို့ သူ ပျော်နေတယ်။ အရေးကြီးတဲ့ လုပ်လက်စတစ်ခု လက်စသတ်ပြီး တစ်ပတ်အတွင်း ဆိုင်ပန်ကို လာတွေ့မယ်လို့ ပြောတယ်။”
ထန်ရှုက ခေါင်းညိတ်လိုက်ရင်း
“အဲ့ဒါဆို ခင်ဗျား သူနဲ့ အဆက်အသွယ်မပြတ်စေနဲ့။ ကျန့်ယု… လေယာဉ်ကွင်းနဲ့လေယာဉ်ပြေးလမ်းကို အရင်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ဒီဆောက်လုပ်ရေးဒီဇိုင်းအတွက် အင်ဂျင်နီယာတွေ ရှာဖို့ မင်းကို အပူကပ်ရတော့မှာပဲ။ အဲ့ဒါပြီးတာနဲ့ မင်း ချက်ချင်း လုပ်ငန်းစနိုင်ပြီ။”
“စိတ်ချ… ငါ ရှာပြီး လုပ်ထားလိုက်မယ်။ ပြီးတာနဲ့ မင်းဆီ မြန်မြန်ပို့ပေးမယ်။” လုံကျန့်ယုက ပြောပြီး ဆက်မေးလိုက်သည်။
“ဒါနဲ့ ငါ မင်းကို ကြိုမေးရဦးမယ်။ လေယာဉ်ကွင်းကို ဘယ်လောက်ကြီးရမလဲ။ လေယာဉ်ပြေးလမ်း ဘယ်နှစ်ခု မင်း ထည့်မှာလဲ။”
ထန်ရှုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ
“လေယာဉ်လေးစင်းနဲ့ ဟယ်လီကော်ပတာ၁၂စီးလောက် ရပ်ဖို့ အဆင်ပြေရမယ်။ လေယာဉ်ပြေးလမ်းကတော့ ၃ခုဆိုရင် လုံလောက်ပါပြီ။”
“မှတ်ထားလိုက်ပြီ။” လုံကျန့်ယုက ခေါင်းညိတ်သည်။
နဂါးကိုးကောင်ကျွန်းအား ပြီးပြည့်စုံစွာ ကွင်းဆင်းလေ့လာပြီးနောက် နောက်တစ်နေ့တွင် လုံကျန့်ယုနှင့် တွမ်ရတ်ဂီသည် ၎င်းတို့၏လက်ထောက်များနှင့် ပြန်သွားကြသည်။ ထန်ရှုသည် ကျင့်ကြံခြင်းတွင် စိတ်ရောကိုယ်ပါ စိတ်နှစ်လေ့ကျင့်လျက်ရှိသည်။
နေ့စဉ်ကျင့်ကြံမှုနှင့်အတူ သူ၏ကျင့်ကြံမှုအခြေခံသည် တဖြည်းဖြည်းပိုပြီး တိုးတက်လာခဲ့သည်။ အထူးသဖြင့် နေလုံးမြင့်တက်လာချိန်တွင် စိတ်ဝိညာဉ်စမ်းချောင်းပေါ်တွင် ထိုင်ရင်း အကြီးမြတ်ဆုံး ဧကရာဇ်၏ခရမ်းချီအား စုပ်ယူသည့်အခါတွင်ဖြစ်သည်။ ၅ရက်မှ ၆ရက်အတွင်း သူ၏ကျင့်ကြံမှုအမြန်နှုန်းသည် လျင်မြန်စွာဖြင့် ယခင်ကထက် ၁၀ဆ တိုးတက်ခဲ့သည်။
အသားသန်မာခြင်းအဆင့်၏အလယ်ပိုင်းအဆင့်သို့ ရောက်ရန် ၃ရက်မှ ၅ရက်ထိသာ အချိန်ယူရလိမ့်မည်ဟု သူ ခန့်မှန်းထားသည်။ သြဂုတ်လအကုန်လောက်တွင် အသားသန်မာခြင်း၏နှောင်းပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်သို့ပင် ရောက်နိုင်ပေလိမ့်မည်။
မူလက နွေရာသီအားလပ်ရက်အတွင်း ကောင်းစွာကျင့်ကြံကာ စက်တင်ဘာ၁ရက်နေ့ ကျောင်းမဖွင့်မီတွင် အသားသန်မာခြင်းအဆင့်အား ချိုးဖျက်ရန် သူ ကြံရွယ်ထားသည်။ အသားသန်မာခြင်း၏ စဦးပိုင်းအဆင့်သို့ ရောက်ရှိလျှင်ပင် အကောင်းဆုံး ဖြစ်ပေမည်ဟု လက်ခံထားသည်။ သို့သော် စိတ်ဝိညာဉ်စမ်းချောင်းအား ရှာဖွေတွေ့ရှိမှုနှင့်အတူ အကြီးမြတ်ဆုံး ဧကရာဇ်၏ခရမ်းချီအထောက်အပံ့ဖြင့် သူ၏ကျင့်ကြံမှုအဆင့်သည် ခုန်ပျံတိုးတက်သွားခဲ့သည်။
မနက်စောစောတွင်…
ထန်ရှုသည် စိတ်ဝိညာဉ်စမ်းချောင်းရှိရာ မြေထက်တွင် တင်ပျဉ်ခွေခြေချိတ်ထိုင်ကာ ယခုလေးတွင်မှ သူ၏ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူထားသော အကြီးမြတ်ဆုံး ဧကရာဇ်၏ခရမ်းချီအား သန့်စင်နေသည်။ တစ်ချိန်တည်းမှာပင် ကျွန်းမှ စိတ်ဝိညာဉ်စွမ်းအားကိုလည်း ဆွဲယူနေပေရာ စကြာဝဠာလမ်းကြောင်းမှ လာသော ကြယ်စွမ်းအားနှင့် နေစွမ်းအင်ကိုလည်း မဆုံးနိုင်အောင် စုပ်ယူနေခဲ့သည်။
“ထပ်ပြီး မသန့်စင်နိုင်တော့ဘူးလား။”
မျက်ခုံးများအား တွန့်ချိုးလျက် ထန်ရှု မျက်လုံးများအား ဖွင့်ကာ စိတ်တွင်းမှ မချိပြုံး ပြုံးလိုက်သည်။ သူ၏ကိုယ်မှ လက်ခံနိုင်သော အကန့်အသတ်ထိ အကြီးမြတ်ဆုံး ဧကရာဇ်၏ခရမ်းချီအား စုပ်ယူပြီးဖြစ်သောကြောင့် ရှေ့ခရီးမဆက်မီ သူသည် ထိုအရာအား ဖြည်းညှင်းစွာ သန့်စင်ရန် အချိန်အချို့ လိုအပ်ပေသည်။ ထို့ကြောင့် သူသည် အကြီးမြတ်ဆုံး ဧကရာဇ်၏ခရမ်းချီအား စုပ်ယူပြီး ဒန်တျန်ထဲတွင် ချိတ်ပိတ်ထားရုံသာ တတ်နိုင်တော့သည်။
“ငါ့ရဲ့ကျင့်ကြံမှုက အရမ်းကို အားနည်းသေးတာပဲ။ ဒီနေ့ အကြီးမြတ်ဆုံး ဧကရာဇ်ရဲ့ခရမ်းချီကို ပြီးပြည့်စုံအောင် စုပ်ယူထားနိုင်ပြီးရင် ငါ့ရဲ့ ကျင့်ကြံမှုစွမ်းအားက ယခုထက်၂ဆဖြစ်လာလေမလား။”
စိတ်တွင်းမှ သက်ပြင်းချလိုက်ရင်း ထန်ရှု ကောင်းကင်အား မော့ကြည့်လိုက်သည်။
တောင်ပေါ်လမ်းတွင်…
မိုအားဝမ်သည် မြန်ဆန်လှသောအရှိန်ဖြင့် ထန်ရှုရှေ့သို့ ရောက်လာပြီး လေးစားသောအမူအရာဖြင့်
“သူဋ္ဌေး… လေယာဉ်ကုမဏီက ဒုဥက္ကဋ္ဌ ဘလိန်းဒွန်က ဆိုင်ပန်ကို လာတဲ့လမ်းပေါ်ရောက်နေပြီ။ ငါတို့ ဘယ်အချိန် ဒီကထွက်ကြမလဲ။”
ထန်ရှု၏မျက်ခုံးများအား ပင့်တင်သွားရင်း
“ပြန်ပြီး လိုအပ်တာတွေ ပြင်ဆင်ပါ။ ငါတို့ ချက်ချင်းထွက်ကြမယ်။ အစီအစဉ်မတိုင်ခင် လေယာဉ်တွေ စောရထားလေ၊ ဒီကနေ ငါထွက်ခွာသွားတဲ့အချိန်မှာ ပိုပြီး စိတ်သက်သာရာ ရလေပဲ။ ဟယ်လီကော်ပတာတွေ မှာဖို့လည်း ပြင်ဆင်ထားပြီးပြီ။ ခေတ်ရှေ့ပြေး စစ်တပ်သုံးတွေ ရရင်အကောင်းဆုံးပဲ။ ဘလိန်းဒွန်တို့ဘက်က အဲ့ဒါကို ဖြည့်ဆည်းပေးနိုင်မလား။”
“အရင် ငါ လုပ်ခဲ့တဲ့အဖွဲ့အစည်းမှာတုန်းက သူတို့ဆီက စစ်တပ်သုံး တိုက်ခိုက်ရေး ဟယ်လီကော်ပတာ၂စီး မှာဖူးတယ်။ အဲ့ဒီ၂စီးစလုံး ခေတ်လွန်နည်းပညာတွေနဲ့ တည်ဆောက်ထားတာ။ ပြန်ပြောင်းပြောရမယ်ဆိုရင် ဘလိန်းဒွန်ကို အဲ့ဒီတုန်းက ဆက်သွယ်ခဲ့တဲ့သူကလည်း ငါပဲ။” မိုအားဝမ်က ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။
“ငါတို့ တိုက်ခိုက်ရေး ဟယ်လီကော်ပတာ နည်းနည်း ဝယ်ထားဖို့လိုမယ်လို့ ခင်ဗျားထင်လား။”
တစ်ခဏမျှ တွေဝေသွားပြီးနောက် မိုအားဝမ်က အားယူပြုံးလိုက်ရင်း
“သူဋ္ဌေး… ဒီလိုမေးခွန်းမျိုးအတွက် အဖြေ ငါ မသိဘူး။”
တစ်ခဏမျှ တွေးလိုက်ပြီး ထန်ရှုက ပြုံးကာ
“ခင်ဗျား မသိဘူးဆိုမှတော့ မသိဘူးပဲပေါ့။ ငါပဲ စဉ်းစားလိုက်ပါ့မယ်။ ဘလိန်းဒွန်တို့ဆီက ကုန်တင်လေယာဉ်၄စင်းနဲ့ စစ်တပ်သုံး တိုက်ခိုက်ရေး ဟယ်လီကော်ပတာ ၄စီးကို ပထမ မှာမယ်။ ငါတို့မှာ ငွေကြေးက အကန့်အသတ်ဖြစ်နေတော့ တတ်နိုင်သမျှ နေရာတိုင်းမှာ ချွေတာရမယ်။ လေယာဉ်မလုံလောက်ဘူးဆိုရင် ပိုက်ဆံများလာတဲ့အခါ ထပ်မှာကြတာပေါ့။”
“ဒါလည်း ကောင်းတယ်။” မိုအားဝမ်က ခေါင်းညိတ်သည်။
နှစ်ရက်ကြာပြီးနောက်…
ထန်ရှုနှင့် မိုအားဝမ်တို့ ဆိုင်ပန်သို့ ရောက်လာသည်။ ဘလိန်းဒွန်ဆီမှ မိုအားဝမ်ရသော လိပ်စာအရ နှစ်ယောက်သား လောင်ကမ်းခြေဟိုတယ်တွင် သူ့အား တွေ့ရန် ချီတက်ကြသည်။ ထိုလူသည် အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနှင့် အနည်းငယ် ဝသော သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး ရှည်လျားသော ဆံနွယ်ခွေများနှင့်ဖြစ်သည်။ အနောက်တိုင်းဝတ်စုံအား ဝတ်ဆင်ထားသည့် ထိုသူအား အေးစက်စက်အကြည့်များ ပိုင်ဆိုင်ထားသော သက်တော်စောင့်၄ယောက်မှ ဝန်းရံထားသည်။
“ငါတို့ ထပ်တွေ့ကြပြန်ပြီ မစ္စတာမို။”
ဘလိန်းဒွန်နှင့် မိုအားဝမ်တို့ အချင်းချင်း ပွေ့ဖက်နှုတ်ဆက်ကာ နွေးနွေးထွေးထွေး ပြုံးလိုက်ကြသည်။
“မစ္စတာ ဒွန်… ဒါက ငါ့သူဋ္ဌေး။ သူလည်း ငါ့လိုပဲ တရုတ်ပြည်က လာတာ။ သူ့ကို သူဋ္ဌေးထန်လို့ ခေါ်နိုင်တယ်။” မိုအားဝမ်က အပြုံးဖြင့် မိတ်ဆက်ပေးလိုက်သည်။
ဘလိန်းဒွန်က သူ၏မျက်ခုံးများအား ပင့်တင်လိုက်ပြီး ထန်ရှုအား ညင်သာစွာ ပွေ့ဖက်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ရင်း
“သူဋ္ဌေး ထန်… ခင်ဗျားက တကယ် အံ့သြဖို့ကောင်းတဲ့လူပဲ။ မစ္စတာမိုကိုတောင် ခင်ဗျားရဲ့ဝန်ထမ်းဖြစ်အောင် လုပ်ထားနိုင်တယ်။ ဒီဟာက ရွှေတောင်ကြီးကို ကောက်ရတာထက် ပိုပြီး ကံကောင်းတာပဲ။ ဒါနဲ့ မစ္စတာမိုက ငါ့ကို ဖုန်းထဲမှာ ပြောတယ်။ ခင်ဗျားက ငါတို့ကုမ္ပဏီကနေ ကုန်တင်လေယာဉ်မှာချင်လို့ဆို။”
“ဟုတ်တယ်ဗျ။ ကျွန်တော် ကုန်တင်လေယာဉ်တွေ မှာချင်တာ။ ဒါပေမယ့် ခင်ဗျားရဲ့ဈေးနှုန်းက အခြားလေယာဉ်ကုမ္ပဏီတွေထက် များနေရင် ကျွန်တော် တခြားမှာ ဝယ်မယ်။” ထန်ရှုက ပြောသည်။
“မစိုးရိမ်ပါနဲ့။” ဘလိန်းဒွန်က ပြန်ဖြေကာ အပြုံးဖြင့် ဆက်ပြောလိုက်သည်။
“မစ္စတာမိုနဲ့ ငါ အလုပ်လုပ်တာ ပထမဆုံးအကြိမ် မဟုတ်တဲ့အတွက် ဈေးနှုန်းက သေချာပေါက်ကို အလွန်သင့်တင့်တဲ့ ဈေးနှုန်းဖြစ်မှာပါ။ ခင်ဗျား လေယာဉ်ဘယ်နှစ်စင်းလောက် မှာမလဲလို့ မေးလို့ရမလား။”
“ကုန်တင်လေယာဉ်၄စင်းနဲ့ စစ်တပ်သုံး ဟယ်လီကော်ပတာ၄စီး။ ခင်ဗျားတို့မှာ ရှိတဲ့အထဲက နည်းပညာအကောင်းဆုံးနဲ့ မော်ဒယ်အမြင့်ဆုံးကို လိုတယ်။”
ဘလိန်းဒွန်က အံ့အားသင့်သွားကာ
“ခင်ဗျားက စစ်တပ်သုံး ဟယ်လီကော်ပတာတွေပါ လိုတာလား။”
“ဟုတ်တယ်ဗျ။ ပထမအသုတ်အနေနဲ့က စစ်တပ်သုံး ဟယ်လီကော်ပတာ၄စင်းလောက်ပါပဲ။ တစ်ချို့ကိစ္စလေးတွေ ဖြေရှင်းပြီးသွားရင် နောက်ထပ် စစ်တပ်သုံး ဟယ်လီကော်ပတာတွေ ပိုဝယ်မယ်။ ငွေကြေးလုံလောက်ရင် ခင်ဗျားမှာ ရှိတဲ့ တိုက်ခိုက်ရေးသုံး ဟယ်လီကော်ပတာတွေပါ ဝယ်မှာဗျာ။” ထန်ရှုက ဖြေလိုက်သည်။
ဘလိန်းဒွန်မှာ စိတ်တွင်းမှ တုန်လှုပ်နေပြီဖြစ်သည်။ လွန်ခဲ့သောအချိန်က ထန်ရှုအား ရှုမြင်သည့် သူ၏အတွေးမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ထွဋ်ခေါင်လေကြောင်းနည်းပညာကုမ္ပဏီ၏ဒုဥက္ကဋ္ဌ ဖြစ်သောကြောင့် သူကိုယ်တိုင် ဝန်ဆောင်မှုပေးရန် မလိုသော်လည်း မိုအားဝမ်၏ သာမန်မဟုတ်သော တစ်ချိန်ကပုံရိပ်အား ကောင်းစွာ သိထားသူတစ်ယောက်ပီပီ ဒီနေရာသို့ သူကိုယ်တိုင် လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထိုကဲ့သို့သော ကြီးမားသည့်အရောင်းအဝယ်အား မလိုချင်သောသူ ရှိလိမ့်မည်မဟုတ်ပါလော။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဘလိန်းဒွန်က သူ၏လက်ဆွဲအိတ်ထဲမှ စာရွက်တစ်ရွက်အား ဆွဲထုတ်လိုက်ကာ ထန်ရှုအား လှမ်းပေးလိုက်သည်။
“မစ္စတာ ထန်… ဒီဟာက ငါတို့ကုမ္ပဏီက ရနိုင်တဲ့ လေယာဉ်အမျိုးအစားစာရင်းနဲ့ တစ်စင်းစီရဲ့ အထူးအချက်အလက်တွေပါ။ မင်း ရွေးပြီးသွားတဲ့အခါ စာရင်းက ဈေးနှုန်းထက် ၁၀ရာခိုင်နှုန်း ငါ လျှော့ပေးလိုက်မယ်။”
ထန်ရှုက စာရွက်အား ယူလိုက်သည်။ ထိုစာရင်းအား ဖတ်ပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဈေးနှုန်းက တကယ်မသေးဘူးပဲ။ ကျွန်တော် သိသလောက်ဆိုရင် လေယာဉ်ထုတ်လုပ်သူများစွာက ခင်ဗျားထက် ပိုသက်သာတဲ့ ဈေးပေးနိုင်တယ်။”
ဘလိန်းဒွန်က မျက်စိစွေကြည့်ကာ ပြုံးလိုက်ပြီး
“ငါတို့ကုမ္ပဏီရဲ့လေယာဉ်တွေနဲ့ ဟယ်လီကော်ပတာတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်နေတာကို မစ္စတာထန် မသိသေးဘူးထင်တယ်။ ဒါကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်က မြင့်တယ်။ မစ္စတာထန်က ငါတို့နည်းပညာနဲ့ ငါတို့ကုမ္ပဏီရဲ့အားသာချက်ကို လေးစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
“ကျွန်တော် လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ခင်ဗျားပေးနေတဲ့ဈေးနှုန်းက များလွန်းတယ်။ ဆိုတော့ ခင်ဗျားနဲ့ မိုအားဝမ် ညှိနှိုင်းဆွေးနွေးပြီး ဈေးတစ်ခုကို သဘောတူနိုင်တယ်။”
ဘလိန်းဒွန်က သူ၏အကြည့်အား ထန်ရှု၏ဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေသော မိုအားဝမ်ဆီသို့ ရွှေ့လိုက်ပြီး သူ၏ပခုံးအား တွန့်လိုက်ကာ
“ပြသနာ မဟုတ်ပါဘူး။”
“ဟုတ်ပြီ။ ဒါဆို ခင်ဗျားတို့နှစ်ယောက် ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို သွားတွေ့လိုက်ဦးမယ်။ နောက်ပြီး ဒုဥက္ကဋ္ဌဒွန်ကို ဒီည ကျွန်တော်နဲ့အတူ ညစာစားပြီး အတူသောက်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။”
“ကောင်းပြီဗျာ။”
ဘလိန်းဒွန်က အပြုံးဖြင့် တုံ့ပြန်သည်။
ထန်ရှုက လျင်မြန်စွာပင် ဆိုင်ပန်ရှိ ဂိုဒေါင်ကြီးတစ်လုံးထဲတွင် ပစ္စည်းများ တင်ပို့ရန် အလုပ်သမားများအား ညွှန်ကြားနေသော တွမ်ရတ်ဂီအား သွားရောက်တွေ့ဆုံသည်။ အလုပ်ရှုပ်နေသည့် မြင်ကွင်းအား ကြည့်ရင်း သစ်သားသေတ္တာများမှတစ်ပါး ထိုအလုပ်သမားများ သယ်ယူနေသည့် ပစ္စည်းများအားလုံးနီးပါးသည် ဆောက်လုပ်ရေးပစ္စည်းများ ဖြစ်သည်ကို ထန်ရှု တွေ့သွားသည်။
“ပြင်ဆင်မှု စနေပြီလား။”
ထန်ရှုကိုယ်တိုင်ပင် တွမ်ရတ်ဂီ၏အရည်အချင်းအား အသိအမှတ်ပြုမိသည်။
“မင်း လုံကျန့်ယုကို ၁၀ဘီလီယံ လွှဲလိုက်ပြီးနောက် ဒီမှာ ဆောက်လုပ်ရေးပစ္စည်းတွေ ဝယ်ထားဖို့ သူက ငါ့ဆီကို ၂ဘီလီယံ တန်းလွှဲပေးတယ်။ သူ အခု ဆောက်လုပ်ရေးစက်တွေ ဝယ်ဖို့ ညှိနှိုင်းနေတယ်။ လဝက်လောက်ဆိုရင် ဆောက်လုပ်ရေးပစ္စည်းတွေရော၊ ဆောက်လုပ်ရေးစက်တွေရော အများကြီးစုမိလောက်ပြီ။ အဲ့ဒါဆိုရင် နဂါးကိုးကောင်ကျွန်းကို ပထမတစ်သုတ် ပစ္စည်းပို့ဖို့ စပြီးစီစဉ်လို့ရပြီလေ။”
တွမ်ရတ်ဂီက အပြုံးဖြင့် ပြောသည်။
ထန်ရှုက လက်မထောင်ပြီး ချီးကျူးလိုက်သည်။
“ဒီစီမံကိန်းထဲ ခင်ဗျားပါဖို့ ကျွန်တော် ရွေးချယ်လိုက်တာ မှန်သွားတယ်။ ဒါနဲ့ ခင်ဗျားအလုပ်ပြီးသွားရင် ဒီည ညစာအတူစားရအောင်။”
“ဒီနေရာကို ကြီးကြပ်ဖို့ ငါ့လူတွေ ရှိပါတယ်။ အချိန်မရွေး ထွက်လို့ရတယ်။ ပြသနာမရှိဘူး။” တွမ်က ပြုံးကာ ပြောသည်။
“အဲ့ဒါဆို ကျွန်တော့်ကို အဆောက်အဦး ပစ္စည်းလေးတွေ ပြပါဦး။” ထန်ရှုက ပြောလိုက်သည်။
“ငါ့နောက်လိုက်ခဲ့ပါ။”
၂နာရီ ကြာပြီးနောက် ထန်ရှုနှင့် တွမ်ရတ်ဂီသည် ဂိုဒေါင်ကြီးထဲမှ ထွက်လာသည်။ လောင်ကမ်းခြေကို ပြန်လာပြီးနောက် သူတို့သည် ရေမိုးချိုး အဝတ်အစားလဲကာ ဟိုတယ်၏ စားသောက်ခန်းမအတွင်းသို့ ခပ်သုတ်သုတ်လာလိုက်ကြသည်။
ညနေခင်း စားသောက်ပွဲသည် ခမ်းနားစွာ ပြင်ဆင်ထားပြီးဖြစ်သည်။
တွမ်ရတ်ဂီသည် ဘလိန်းဒွန်၏အကြောင်းအား သိရှိပြီးနောက် သူ စုထားသော ဝိုင်များမှ ၂ပုလင်း ယူလာခဲ့သည်။ အတိုချုပ်အားဖြင့် ညနေခင်း စားသောက်ပွဲကြီးသည် ဧည့်သည်များအားလုံးအား မိမိနေအိမ်တွင် ရှိနေသကဲ့သို့ သက်တောင့်သက်သာ ရှိစေသည်။
အရာအားလုံး ပြီးဆုံးသွားပြီးနောက် ထန်ရှုနှင့် မိုအားဝမ်သည် သူတို့တည်းခိုရာ ဘန်ဂလိုသို့ ပြန်လာကြသည်။ မိုအားဝမ်က ဘလိန်းဒွန်နှင့် ညှိနှိုင်းမှုအား အစမှ အဆုံးထိ အစီရင်ခံပြီးနောက်
“သူဋ္ဌေး… ငါတော့ အကောင်းဆုံး လုပ်လာခဲ့တာပဲ။ ကတ်တလောက်ဈေးနှုန်းကနေ ၁၈ရာခိုင်နှုန်း သေချာတယ်။ ငါလည်း စာရင်းထဲက အကောင်းဆုံး အမျိုးအစား ကုန်တင်လေယာဉ်နဲ့ စစ်တပ်သုံး ဟယ်လီကော်ပတာကို ရွေးလိုက်တယ်။ ဈေးလျှော့ပေးပြီးနောက် ငါတို့ သူတို့ကုမ္ပဏီကို ၁.၄၅ ဘီလီယံ ပေးဖို့ လိုတယ်။ ဒါပေမယ့် ငါတို့ ဘလိန်းဒွန်ကို အပို ၂၀မီလီယံ ပေးဖို့လိုတယ်။”
“သူက ကော်မရှင်ယူတာလား။”
ထန်ရှု မျက်မှောင်ကြုပ်သွားသည်။
စီးပွားရေးသမားများ ယူကြသည့် ကော်မရှင်အား ယခင်က သူ ကြားဖူးနားဝရှိထားသည်။ သို့သော် ဘလိန်းဒွန်ကဲ့သို့ နာမည်ကြီးလူတစ်ယောက်က အရောင်းကော်မရှင်အား ဂရုစိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါပေ။
***