← Chapters

ဝံပုလွေခေါင်း ပြန်လာခြင်း

Vol. 07 Ch. 314

ဝံပုလွေခေါင်း ပြန်လာခြင်း

Vol. 07 Ch. 314

လူများသည် အမြဲလို တစ်ကိုယ်ကောင်းဆန်တတ်ကြပြီး ကိုယ်ပိုင်စိတ်ဆန္ဒများလည်း ရှိကြပေရာ ထင်ရှားသည့် အခြေအနေနှင့် လူပုဂ္ဂိုလ်များဖြစ်သော်လည်း အများစုသည် အပိုအကျိုးကျေးဇူးခံစားခွင့်အနေနှင့် ကော်မရှင်ခအား လက်ခံရန် ရွေးချယ်ကြပေလိမ့်မည်။

မိုအားဝမ်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်စ ပေါ်ထွက်လာပြီး

“ဒီဘလိန်းဒွန်က အရမ်းလောဘကြီးတဲ့လူ။ ကမ္ဘာပေါ်မှာရှိတဲ့ ချမ်းသာကြွယ်ဝမှုမှန်သမျှကို သူ့အိတ်ကပ်ထဲ ထည့်ချင်နေတာလေ။ သူက ငါတို့ မှာယူမှုကို မတော်တဆ ရသွားပြီး အရောင်းကော်မရှင်အဖြစ် ငါတို့ဆီက ၂၀မီလီယံ ရတယ်။ သူ ရမယ့် ရာခိုင်နှုန်းကိုပါ ထပ်ပေါင်းရင် အနည်းဆုံး ၅၀မီလီယံ ရသွားတာပဲ။ နောက်ပြီး ကုမ္ပဏီမှာ သူက ရှယ်ယာအချို့ရှိထားသေးတယ်။ ပမာဏသေးတယ်ဆိုပေမယ့်လည်း ဝင်ငွေကောင်းတယ်လို့ ဆိုနိုင်တယ်။”

“ကြည့်ရတာ လက်နက်ထုတ်လုပ်ရေးနဲ့အရောင်းက တကယ်ကို အမြတ်အစွန်းများတဲ့ပုံပဲ။” ထန်ရှုက ရယ်လိုက်သည်။

“သူဋ္ဌေး… လက်နက်အရောင်းအဝယ် စီးပွားရေးကို လုပ်ချင်ရင် အချို့လက်နက်ထုတ်လုပ်တဲ့သူတွေကို ဖယ်ရှားဖို့ အစီအစဉ်တစ်ခု ရွေးလို့ရတယ်။”

“ဟင့်အင်း။” ထန်ရှုက ခေါင်းခါလျက်

“ထားလိုက်တော့။ ငါ အဲ့ဒါကို စိတ်မဝင်စားဘူး။ ငါ့အတွက် စိတ်ဝင်စားဖို့ အကောင်းဆုံးက ဘဏ်တစ်ခု ဖွင့်ချင်တာပဲ။ နောက်ပိုင်း ငါတို့မှာ ပိုက်ဆံရှိလာရင် ကိုယ်ပိုင်ဘဏ်ဖွင့်ပြီး စီးပွားရေးကို ကစားရမယ်။”

မိုအားဝမ် ပြုံးမိသည်။

ထန်ရှု မည်သို့ပင် ဆုံးဖြတ်ပါစေ သူသည် ထန်ရှုအား ချွင်းချက်မရှိ ထောက်ခံမည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားလူများ၏မျက်လုံးထဲတွင် နတ်ဘုရားတစ်ပါးအား ရှုမြင်သကဲ့သို့ သူ၏မျက်လုံးထဲတွင် ထန်ရှုသည် သီးခြားသာလွန်သော အခြေအနေရှိသည့် လူတစ်ယောက်ဖြစ်ပေတော့သည်။ ကျင့်ကြံမှုအလေ့အကျင့်အား သူ သင်ယူပြီးကတည်းက သူ၏ခွန်အားသက်သက်ပင်လျှင် အချိန်တိုအတွင်း အဆပေါင်းများစွာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခုအချိန်တွင် သူသည် ထာဝရခန်းမရှိ ယခင်ကသူနှင့်လက်ရည်တူတိုက်ခိုက်နိုင်သော အခြားကျွမ်းကျင်သူများအား လျင်မြန်စွာ အနိုင်တိုက်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။

နောက်တစ်နေ့တွင်…

ဘလိန်းဒွန်သည် သူ၏သက်တော်စောင့်များနှင့် ဆိုင်ပန်မှ ပြန်သွားခဲ့သည်။ ကုမ္ပဏီရုံးချုပ်သို့ သူ ပြန်ရောက်သောအခါ ကုမ္ပဏီအကောင့်သို့ ၄၅၀မီလီယံ ငွေလွှဲရောက်ရှိနေကြောင်း ဘဏ္ဍာရေးဋ္ဌာနမှ တင်ပြသော အစီရင်ခံစာအား ရရှိသည်။

ထန်ရှုသည်လည်း ကျင့်ကြံရန်အတွက် နဂါးကိုးကောင်ကျွန်းသို့ အမြန်ပြန်လိုလှပြီဖြစ်သောကြောင့် ဘလိန်းဒွန် ပြန်သွားသည်နှင့် မိုအားဝမ်အား ခေါ်ကာ နဂါးကိုးကောင်ကျွန်းသို့ ပြန်လာခဲ့ကြတော့သည်။

နောက်ရက်များတွင် သူသည် နဂါးကိုးကောင်ကျွန်း၌ နေ့တိုင်းနီးပါး ကျင့်ကြံခဲ့သည်။ သူ၏ကျင့်ကြံမှုအခြေခံသည် အသားသန်မာခြင်း၏ စဦးပိုင်းအဆင့်အား ချိုးဖျက်ကာ အလယ်ပိုင်းအဆင့်သို့ ရောက်ခဲ့ပြီဖြစ်ပြီး နောက်ပိုင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ရာ စက်တင်ဘာ၁ရက်သို့ ရောက်ရန် တစ်ပတ်သာ လိုတော့ချေသည်။ ရဲတိုက်၏အပေါ်တွင် ရပ်ကာ ထန်ရှုသည် အဝေးကြည့်မှန်ပြောင်းဖြင့် အဝေးရှိ ကမ်းရိုးတန်းတွင် လေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်းအတွက် အလုပ်သမားများ အလုပ်လုပ်နေသည်ကို ကြည့်ရှုနေသည်။ သူသည် သက်ပြင်းကြိတ်ကာ ချလိုက်ပြီး

“ချမ်းသာမှုက တကယ်ကို အလုပ်ပြီးမြောက်စေတာပဲ။”

များပြားလှသော ငွေကြေးများအား စီမံကိန်းထဲသို့ ထည့်ဝင်ထားသည်နှင့်အညီ လေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်းဆောက်လုပ်မှုသည် စတင်နေပြီဖြစ်ပြီး တိုးတက်မှုသည် လွန်စွာမြန်ဆန်သည်။ သေချာမသိနိုင်သော နည်းလမ်းများဖြင့် လုံကျန့်ယုသည် ပြည်မမှ လူတစ်ထောင်ကျော် ပါဝင်သော အလယ်အလတ် ဆောက်လုပ်ရေးအဖွဲ့များစွာအား ခေါ်ဆောင်လာခဲ့သည့်နည်းတူ တွမ်ရတ်ဂီသည်လည်း ဆိုင်ပန်ရှိ အကောင်းဆုံးဆောက်လုပ်ရေးကုမ္ပဏီမှ လူရာကျော်ခန့်အား ခေါ်ယူထားသည်။ ဆောက်လုပ်ရေး လုပ်ငန်းစက်ကြီးများကိုလည်း ဝယ်ယူကာ လုပ်ဆောင်နေသောကြောင့် စဦးပိုင်းအလုပ်သည် အောင်မြင်စွာ ပြီးပြည့်စုံခဲ့သည်။

“ဒီနှုန်းနဲ့ဆိုရင် လေယာဉ်ကွင်းနဲ့ လေယာဉ်ပြေးလမ်း ဆောက်လုပ်တာက အများဆုံး ၂လဆိုရင် လုံးဝပြီးစီးသွားမှာပဲ။”

အဝေးကြည့်မှန်ပြောင်းအား ချလိုက်စဉ် ထန်ရှုသည် အောက်မှတစ်စုံတစ်ယောက်၏ခေါ်သံအား ကြားလိုက်ရသောကြောင့် သူ၏အကြည့်များသည် ရဲတိုက်ရှေ့၏မြေကွက်လပ်ဆီမှ ရီလျန်ယန်ဆီသို့ ရုတ်တရက် ရောက်သွားသည်။ သူသည် အောက်သို့ လွယ်ကူစွာ ဆင်းလာပြီး တစ်ပတ်ပတ်လိုက်ပြီးနောက် သူမ၏အရှေ့သို့ ရောက်သွားကာ မေးလိုက်သည်။

“ကိစ္စတစ်ခုခု ရှိလို့လား။”

သူမ၏မျက်ဝန်းများထဲတွင် တွန့်ဆုတ်နေသော အမူအရာဖြင့် ရီလျန်ယန်က

“ကျွန်မ ပြည်မကို ပြန်ရတော့မယ်။ ကျောင်းဖွင့်တော့မယ့်ရက်က ပိုနီးလာပြီ။ ကျွန်မ မပြန်ရင် တက္ကသိုလ်က စစ်မှုထမ်းလေ့ကျင့်မှုကို မီနိုင်တော့မှာမဟုတ်ဘူး။”

သူမအား ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ထန်ရှုက တစ်ခဏမျှ လေးလေးနက်နက် စဉ်းစားလိုက်ပြီးနောက်

“ငါလည်း အိမ်ပြန်ရတော့မှာ။ မင်း စောင့်နိုင်သေးရင် နောက်၃ရက်နေရင် ငါတို့အတူ ပြန်လို့ရတယ်။ လမ်းခရီးမှာ မင်းကို ငါ စောင့်ရှောက်ပေးလို့ရတာပေါ့။”

ရီလျန်ယန်က ပျော်ရွှင်သောအမူအရာဖြင့် ထပ်ကာထပ်ကာ ခေါင်းညိတ်သည်။

သူမသည် နဂါးကိုးကောင်ကျွန်းတွင် တစ်လမျှ နေထိုင်ခဲ့ပြီး ထန်ရှု၏လူများနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့သည်။ ထို့ပြင် သည်နေရာတွင် လှပသော ပတ်ဝန်းကျင်တစ်ခုရှိပြီး ချက်ပြုတ်ခြင်းနှင့် လျှော်ဖွပ်ခြင်းမှတစ်ပါး သည်နေရာတွင် သူမသည် စိတ်လွတ်လပ်ပေါ့ပါးသော ဘဝလေးအား ရရှိခဲ့သည်။ အတန်ငယ် လှမ်းသော်လည်း လူအများစုမှာ တရုတ်လူမျိုးများဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များဆီသို့ပင် သူမသည် မကြာခဏဆိုသလိုပင် အလည်သွားသေးသည်။

သည်နေရာအား သူမ နှစ်သက်လှသည်။ သူမ၏ပညာရေးအား ထိခိုက်ပြီး မိဘများအား စိတ်ဆိုးစေခြင်းကိုသာ ကြောက်ရွံ့ခြင်းမရှိပါက သည်နေရာကဲ့သို့သော လွပ်လပ်ပေါ့ပါးသော ဘဝတစ်ခုတွင် ထာဝရ နေထိုင်လိုလှပေသည်။

“အစ်ကိုကြီး ထန်… သည်နေရာကို ကျွန်မ နောက်ထပ် လာလို့ရဦးမလား။”

သူမထက် ခေါင်းတစ်ဝက်မြင့်သော ထန်ရှုအား မော့ကြည့်ကာ ရီလျန်ယန် မေးလိုက်သည်။

“ဟင့်အင်း… လာလို့ မရတော့ဘူး။” ထန်ရှု ခေါင်းယမ်းကာ ဆက်ပြောသည်။ “ဒီကျွန်းပေါ်ကို မင်း တက်နိုင်တာ ဒါ နောက်ဆုံးအကြိမ်ပဲ။ နဂါးကိုးကောင်ကျွန်း ပြန်လည်တည်ဆောက်ရေး လုံးဝပြီးစီးသွားရင် သည်နေရာကို အပြင်လူ ဝင်ခွင့်မပြုတော့ဘူး။ မဟုတ်ရင်…”

“မဟုတ်ရင် ဘာလဲ။” ရီလျန်ယန်က လျင်မြန်စွာ မေးလိုက်သည်။

“ငါ့အတွက် ထာဝရအလုပ် လုပ်ပေးမယ်ဆိုတဲ့ တစ်သက်တာ စာချုပ်တစ်ခုမှာ မင်း လက်မှတ်မထိုးရင် သည်နေရာကို မင်း ဘယ်တော့မှ ပြန်မလာနိုင်ဘူး။” ထန်ရှုက ပြုံးကာ ပြောသည်။

“ကျွန်စာချုပ်လား။” ရီလျန်ယန်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ မဲ့ရွဲ့သွားကာ မလိုလားဟန်ဖြင့် တုံ့ပြန်လိုက်သည်။ “ရှင်က ကျွန်ပိုင်ရှင်တစ်ယောက်ဖြစ်ပေမယ့် ကျွန်မရဲ့လူ့အခွင့်အရေးကို လိုချင်သေးတယ်။”

“သည်နေရာမှာ ဘာလုပ်ရမယ်ဆိုတာ ငါပဲ ဆုံးဖြတ်ခွင့်ရှိတယ်။” ထန်ရှုက ပြောသည်။

ဒေါသတကြီး မျက်မှောင်ကြုပ်ထားရင်း ရီလျန်ယန်က နှာခေါင်းရှုံ့ကာ ရဲတိုက်ဆီသို့ လျှောက်သွားတော့သည်။ ထို့နောက် သူမသည် ထန်ရှုဘက်သို့ လှည့်ကာ အော်လိုက်သည်။

“ဟေး…ကျွန်မ ဘာနံနက်စာမှ မလုပ်တော့ဘူး။ အခု ကျွန်မ တအား ဝမ်းနည်းနေတယ်။”

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် ခပ်ဖွဖွအပြုံးတစ်ချက် ပေါ်လာသည်။ ရီလျန်ယန်အပေါ်တွင် သူသည် အမြင်ကောင်း ရှိပေသည်။ သည်မိန်းကလေးသည် ခေတ်သစ်လူမှုဝန်းကျင်တွင် ကြီးပြင်းလာသော်လည်း သူမသည် အလွန်ကြင်နာတတ်ကာ လုံ့လဝီရိယရှိပေသည်။ တစ်လကျော်မျှ နေထိုင်ခဲ့စဉ်ကာလအတွင်း သည်မိန်းကလေး၏ စိတ်နေသဘောထားနှင့် အကျင့်စရိုက်အား ထန်ရှု ရှင်းလင်းစွာ မြင်နိုင်သည်။

သူမသည် ရွှင်လန်းတက်ကြွကာ ရဲစွမ်းသတိရှိပြီး လုပ်ဆောင်နိုင်စွမ်းရှိသည်။

နဂါးကိုးကောင်ကျွန်းတွင် သူမ နေထိုင်နိုင်ပြီး သည်နေရာရှိ အရာဝတ္ထုများအတွက် သူ့အား ကူညီလုပ်ဆောင်နိုင်ရန် သူသည်လည်း အမှန်မျှော်လင့်မိပေသည်။ မုချင်းဖျင် လာပြီးနောက် မုချင်းဖျင်၏အလုပ်အချို့ကိုလည်း သူမ ဆောင်ရွက်နိုင်ပေမည်။

ရဲတိုက်သို့ ပြန်ရောက်လာသောအခါ ရီလျန်ယန် မနက်စာပြင်ပေးထားသည်ကို ထန်ရှု တွေ့လိုက်ရသည်။ မိုအားဝမ်တို့ညီအစ်ကိုနှင့် အခြားလူ၁၂ယောက်မှာ အလုပ်များအား ကြီးကြပ်နေသောကြောင့် သူနှင့်ရီလျန်ယန်သာ မနက်စာ စားနေကြသည်။

“ငါတို့ ဆွေးနွေးမှုက ဘယ်လိုလဲ။” မနက်စာ စားပြီးနောက် ထန်ရှုက မေးလိုက်ခြင်းဖြစ်သည်။

“ဘာကိုလဲ။” ရီလျန်ယန်က စိတ်ကောက်နေသည့်အသံဖြင့် ခပ်ဆတ်ဆတ် ပြန်မေးသည်။

“မင်း ဆန္ဒရှိရင် ဘွဲ့ရပြီးတဲ့အခါ ငါ့ဆီမှာ အလုပ်လုပ်ပြီး ငါ့လူတစ်ယောက် ဖြစ်လာနိုင်တယ်။ လစာကတော့ သေချာပေါက် အပြင်ထက် များလိမ့်မယ်။” ထန်ရှုက ပြောသည်။

ရီလျန်ယန်က မျက်လုံးပြူးပြပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ

“ဟွန့်… သည်မိန်းကလေးက ပိုက်ဆံ ပြတ်မနေပါဘူးနော်။ ရှင် ကျွန်မကို နှစ်စဉ်လစာ မပေးဘဲ သည်မှာနေစေချင်လို့ကတော့ အသုံးမဝင်ဘူး။”

“ကောင်းပြီ။ ၃နှစ် အစမ်းခန့်ကာလမှာ ငါ မင်းကို နှစ်စဉ်လစာ ၃သိန်းပေးမယ်။ အဲ့ဒီနှစ်တွေမှာ မင်း ကောင်းကောင်းလုပ်ဆောင်နိုင်မယ်ဆိုရင် ၂ဆဖြစ်မယ်။ နောက်နှစ်တွေအတွက် မင်းရဲ့လစာက အပြင်လောကရဲ့စီးပွားရေးဖြုန်းအားအဆင့်ကို ကြည့်ရလိမ့်မယ်။ ထပ်ပေါင်းအနေနဲ့ မင်း ဒီမှာ ၅နှစ်လုပ်နိုင်ပြီး နောက်ဆုံး ငါ့အတွက် ထာဝရ အလုပ်လုပ်ပေးနိုင်မယ်ဆိုရင် ငါ မင်းကို တစ်ခုခု လက်ဆောင်ပေးမယ်။”

၃သိန်းဟုတ်လား။ ပြီးရင် ၂ဆ ဆိုတော့ … ၆သိန်း ဖြစ်သွားမှာမဟုတ်ဘူးလား။

ထန်ရှု ချမ်းသာမှန်း ရီလျန်ယန် သိသော်လည်း သူမအား ထိုမျှ ပေးလိမ့်မည်ဟု သူမ ထင်မထားချေ။ တစ်ခုသိရမည်မှာ နိုင်ငံအတွင်းရှိ အဓိကကုမ္ပဏီများ၏ ဉာဏဝန်ထမ်းများပင်လျှင် ထိုမျှလောက် လစာမမြင့်မားပေ။

“ဘာလက်ဆောင်လဲ။”

“အခုတော့ မင်း အဲ့ဒီအကြောင်းကို သိဖို့ ဘောင်မဝင်သေးဘူး။”

ထန်ရှုက ခေါင်းခါပြလိုက်သည်။

ရီလျန်ယန်က မျက်မှောင်ကြုပ်လိုက်ရင်း

“ရှင်ပေးတဲ့လစာက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မက တက္ကသိုလ်မှာ လေးနှစ် ပညာသင်ကြားရဦးမယ်။ သည်လေးနှစ်အတွင်း အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ မေ့လိုက်တော့။ နောက်မှ ဒါကို ထပ်ပြောကြတာပေါ့။”

“အလျင်မလိုပါဘူး။ အဲ့ဒါကို သေချာစဉ်းစားပြီးမှ ငါ့ကို ပြန်ပြောပါ။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။

ရီလျန်ယန်က တခစ်ခစ် ရယ်လိုက်ရင်း

“ကျွန်မ အခု သဘောတူရင် ရှင် ကျွန်မကို တစ်နှစ်စာ လစာထုတ်ပေးမှာလား။”

“မထုတ်ပေးဘူး။ မင်း မပေးရင် အတုံ့အလှည့်ကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။ မင်းလိုချင်ရင် ငါ့အတွက် ရာသက်ပန် အလုပ်လုပ်မယ်လို့ ဆုံးဖြတ်သင့်တယ်။ အဲ့ဒါဆို မင်း ဒီကို အားလပ်ရက်လည်း လာလို့ရမယ်။ လစာကတော့ တစ်လကို တစ်သောင်းပေးမယ်။”

“သူဋ္ဌေးထန်…မဟုတ်သေးပါဘူး။ သူဋ္ဌေးကြီးထန်… ရှင်က တကယ်ကို ပုံပြင်ထဲက ချီးကျူးထိုက်တဲ့ ကျိုးနဲ့ တူတာပဲ။ ကောင်းပြီ။ ကျွန်မ ဗိုက်ပြည့်ပြီ။ ဒီပန်းကန်တွေနဲ့ ပန်းကန်လုံးတွေ ရှင်ဆေးဖို့ ထားခဲ့မယ်။”

ထန်ရှု ပြုံးကာ ခေါင်းသာယမ်းမိတော့သည်။ ပန်းကန်များနှင့် စားပွဲခုံအား ရှင်းလင်းဆေးကြောပြီးနောက် တစ်စုံတစ်ယောက်သည် သူ၏ဘေးတွင် လျင်မြန်စွာ ပေါ်လာသည်။ ထိုသူသည် မိုအားဝမ်ဖြစ်ပြီး သူ့အား လေသံတိုးတိုးဖြင့်

“သူဋ္ဌေး… ဝံပုလွေခေါင်း ပြန်လာပြီ။ လူအများကြီး ပါလာတယ်။”

“ဘယ်လောက်ပါလာတာလဲ။” ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

“အယောက်၃၀နီးပါးပဲ။” မိုအားဝမ်က ပြောသည်။

သူ၏လက်များအား စင်ကြယ်အောင် သုတ်လိုက်ပြီးနောက် ထန်ရှုက

“ကောင်းပြီ။ သွားကြည့်ရအောင်။”

မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ရှုသည် ဝံပုလွေခေါင်းအား ရဲတိုက်ရှေ့ မြေကွက်လပ်တွင် တွေ့ရသည်။ သူ၏အနောက်တွင် ကြံ့ခိုင်သော လူများသည် ၃တန်း တန်းကာ ညီညာစွာ ရပ်နေသည်။ ရှင်းလင်းသောဆံပင်တိုတိုဖြင့် စစ်အကျီများ ဝတ်ဆင်ကာ အေးစက်တည်တံ့သောသွင်ပြင်များ ရှိကြသည်။

“သူဋ္ဌေး…”

ဝံပုလွေခေါင်းက လေးစားစွာ အော်ခေါ်လိုက်သည်။

သူ့အား ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး ထန်ရှုက

“သူတို့က ခင်ဗျား တစ်လကျော် ရှာလာခဲ့ရတဲ့ စစ်သားတွေလား။”

“အမှန်ပါပဲ။ သူတို့ကို ရှာဖို့ ငါ အတော် အားစိုက်ခဲ့ရတယ်။ တစ်ချို့ကို ငါ ရှာမတွေ့ခဲ့နိုင်ဘူး။ သူဋ္ဌေး… သူတို့ကို သိမ်းသွင်းချင်တယ်ဆိုရင် သူဋ္ဌေးရဲ့စွမ်းရည်ကို ပြသင့်တယ်။”

ဝံပုလွေခေါင်းက ပြောလိုက်သည်။

ထန်ရှု၏နှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး သူ၏မျက်ဝန်းများထဲတွင် အမျက်ထွက်သည့်အကြည့် ဖြစ်ပေါ်လာသည်။ ဝံပုလွေခေါင်းအား သူ၏ဘေးသို့ လာရန် အချက်ပြလိုက်သည်။

ထို့နောက် သူက လူအယောက်၃၀၏အရှေ့တွင် ရပ်ကာ အားရပါးရ ရယ်လိုက်ပြီး

“မင်းတို့က ငါ့ကို တွေ့ပြီးတဲ့နောက်မှာ ငါက သူဋ္ဌေးဖြစ်ဖို့ အရည်အချင်းမမီဘူးလို့ ထင်တယ်ပေါ့ဟုတ်လား။”

“ဟုတ်တယ်။”

ညီညာကျယ်လောင်သောအသံများဖြင့် သူ့အား တုံ့ပြန်လာသည်။

ထန်ရှုက လက်ခုပ်လက်ဝါးတီးကာ ချီးကျူးလိုက်သည်။

“မင်းတို့ရဲ့အသံက ကျယ်လောင်တယ်၊ ပြတ်သားတယ်၊ စိတ်အားထက်သန်မှုအပြည့်နဲ့ပဲ။ မင်းတို့ရဲ့ခြေလှမ်းတွေကလည်း မြဲမြံတယ်။ မင်းတို့အားလုံးက သာမန်မတတ်ကျွမ်းသူတွေ မဟုတ်ဘူးလို့ သက်သေပြနေသလိုပါပဲ။ ကောင်းကောင်း လေ့ကျင့်ထားခြင်းခံရတဲ့သူတွေပဲ။ လက်အောက်ငယ်သားကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မင်းတို့ ငါ့ကို စိတ်ကျေနပ်မှုမရှိဘဲ လက်မခံချင်ဘူးဆိုရင် ဝံပုလွေခေါင်းနဲ့ ဘာကြောင့် လိုက်လာတာလဲ။”

“အစီရင်ခံပါတယ်။” ကျစ်လျစ်ကြံခိုင်ပြီး မျက်နှာထားတည်ကြည်သော လူတစ်ယောက်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

“သည်နေရာမှာ စစ်တပ်မရှိသလို မင်းတို့ကလည်း ခုချိန်မှာ စစ်သားတွေ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် ဒီလိုမျိုး လုပ်ဖို့မလိုဘူး။ တစ်ခုခု ပြောချင်တာရှိရင် ပြောပါ။” ထန်ရှုက ပြောသည်။

ထိုလူက ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။

“ငါတို့ ဒီကိုလာရတဲ့အကြောင်းက မကျိုးနွံတတ်တဲ့ ဝံပုလွေရိုင်းလိုမျိုး ဝံပုလွေခေါင်းလိုလူက တစ်စုံတစ်ယောက်ရဲ့အသုံးခံ ဘာကြောင့် ဖြစ်လာတာလဲဆိုတာကို သိချင်လို့ပဲ။ မင်းမှာ ဘယ်လိုအစွမ်းအစမျိုး ရှိလဲဆိုတာကို ငါတို့ ကြည့်ချင်တယ်။ ငါတို့ သဘောမကျရင် ပြန်မယ်။”

ကျန်လူများကို ကြည့်ရင်း ထန်ရှုက လေးနက်စွာ မေးလိုက်သည်။

“မင်းတို့အားလုံး အတူတူပဲလား။”

“ဟုတ်တယ်။”

ကျန်၂၉ယောက်လုံး တစ်သံတည်း ဖြေလိုက်ကြသည်။

ထန်ရှုက လက်မထောင်ပြကာ ချီးကျူးလိုက်သည်။

“ဘယ်လောက်တောင် ကောင်းလိုက်တဲ့လူတွေလဲ။ သည်လိုဆိုမှတော့ ငါ မင်းတို့နဲ့ ကစားပေးရတာပေါ့။ လာစမ်းပါ။ မင်းတို့အယောက်၃၀လုံး။”

လူတစ်ယောက်က ခနဲ့လိုက်သည်။

“မင်းက ဘဝင်မြင့်လွန်းတယ်။ သိပ်ကို စိတ်ကြီးဝင်လွန်းတယ်။ ငါတို့အယောက်၃၀လုံး မလိုပါဘူး။ ငါတစ်ယောက်တည်းနဲ့တင် မင်းကို အလဲထိုးဖို့ လုံလောက်ပါတယ်။”

ထိုသို့ပြောပြီးနောက် လူအုပ်အပြင်ဘက်သို့ လျှောက်လာသည်။

***

All Chapters