← Chapters

သင့်တော်သော နေရာချထားမှု

Vol. 07 Ch. 315

သင့်တော်သော နေရာချထားမှု

Vol. 07 Ch. 315

သူ၏မျက်လုံးများအား စွေကြည့်ကာ ထိုလူ၏မျက်နှာထက်မှ ဂုဏ်ယူနေသောအမူအရာအား သနားသည့်ဟန်ဖြင့် ထန်ရှု ပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလျက်

“မင်းက တစ်ချိန်တုန်းက စစ်သားတစ်ယောက် ဖြစ်ခဲ့တယ်။ ပြီးတော့ ထူးချွန်တဲ့ စစ်သားတစ်ယောက်။ ဆိုတော့ကာ ပြိုင်ဘက်ကို အထင်သေးရင် စောင့်ကြိုနေတဲ့ ကံတရားကို သူများထက် မင်းက ပိုသိမှာပေါ့။ မင်းတို့အားလုံး အတူတက်လာပြီး အစွမ်းရှိသမျှ ထုတ်စမ်းဗျာ။”

ထိုအငြိမ်းစားစစ်သားဟောင်းက လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကြုံးဝါးလိုက်သည်။

“မင်း ငါ့ကို အနိုင်မတိုက်နိုင်သေးဘဲ တခြားလူတွေရဲ့အချိန်ကို ဖြုန်းဖို့ ဘောင်မဝင်ဘူး။ ငါ မင်းကို တစ်ခု ကြိုပြောလိုက်မယ်။ လွန်ခဲ့တဲ့ ၄နှစ်ကျော်က XX စစ်တပ်ဒေသတစ်ခုလုံးအတွင်းမှာ ငါက တိုက်ခိုက်ရေးချန်ပီယံ ဖြစ်ခဲ့ဖူးတယ်။”

ထိုသူ၏စိတ်အားထက်သန်နေသော အမူအရာအား ကြည့်ကာ ထန်ရှုက သက်ပြင်းချလိုက်ကာ

“စကားစ ဖြတ်လိုက်ကြစို့လား။ မင်းက ငါနဲ့ တစ်ယောက်ချင်း ချချင်နေမှတော့ မင်းကို နမူနာအနေနဲ့ ရိုက်ချိုးပြရသေးတာပေါ့။ လာစမ်းပါ။”

“ဟမ့်…”

ထိုတည်ကြည်သောလူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထန်ရှု၏အရှေ့သို့ ၂စက္ကန့်အတွင်း အပြေးရောက်လာသည်။ သူ၏ကြီးမားသော လက်သီးချက်များက လေဟုန်ခွင်းကာ ထန်ရှု၏မျက်နှာအား ထိုးချေတော့မည့်အလား ရောက်လာသည်။ သူ၏အရှိန်သည် သာမန်လူတစ်ယောက် အောင်မြင်နိုင်သော အကန့်အသတ်အထိသို့ ရောက်လုနီးပါးဖြစ်ပြီး သူ၏ခွန်အားသည် အရွယ်ရောက်နွားတစ်ကောင်အား ကြေမွနိုင်သည့်အထိ အားကြီးပေသည်။ သို့သော် သူ မမျှော်လင့်ထားသည်မှာ ထန်ရှုသည် ထိုလက်သီးချက်အား မရှောင်ရုံသာမက လှမ်းဖမ်းမည့်ဟန်ဖြင့် လက်တစ်ဖက်အား ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်သေးသည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။”

ထိုတည်ကြည်သောလူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏လက်သီးသည် ထန်ရှု၏လက်ဖဝါးထဲတွင် သံပြုတ်တူဖြင့် ညှပ်ထားသည့်အလား အစွမ်းကုန် ကြိုးစားပါသော်လည်း ရုန်းထွက်မရဖြစ်နေတော့သည်။

ကျန်သည့် ၂၉ယောက်သည်လည်း အံ့အားသင့်နေကြသည်။ ထန်ရှုနှင့်ပြိုင်နေသောသူမှာ မည်သူဖြစ်သည်ကို သူတို့ ကောင်းစွာ သိကြသည်။ ထိုသူသည် လွန်ခဲ့သည့်၄နှစ်က XXစစ်တပ်ဒေသတစ်ခုလုံး၏ တိုက်ခိုက်ရေးချန်ပီယံဖြစ်ခဲ့ရုံသာမက မွေးရာပါ ခွန်အားကြီးမားမှုအား ပိုင်ဆိုင်ထားသောသူတစ်ယောက် ဖြစ်သည်။ သူ ထုတ်လွှတ်သော လက်သီးတစ်ချက်စီတိုင်းသည် ကတ်တီတစ်ထောင်နီးပါး ရှိပေသည်။

(Charm Ming Nge - ကတ်တီ သို့မဟုတ် ဂျင်သည် တရုတ်ရိုးရာအတိုင်းအတာယူနစ်ဖြစ်ပြီး တစ်ကတ်တီတွင် ဝ.၆ကီလိုဂရမ်ရှိသည်။)

သို့သော် သူ၏မြန်ဆန်ပြီး ခွန်အားကြီးသော လက်သီးချက်အား တစ်ဖက်လူမှ အလွယ်တကူ ဖမ်းနိုင်လိုက်သည်လား။

ထန်ရှုက ထူးမခြားနားဟန်ဖြင့် ပြုံးလိုက်ပြီး

“ပုရွက်ဆိတ်လေးတစ်ကောင်က သစ်ပင်ကြီးကို လှုပ်သလို ဖြစ်မယ်လို့ ငါ မပြောခဲ့ဘူးလား။ မင်းက ဝါးနိုင်တာထက် ပိုကိုက်ချင်နေပြီး ယုံကြည်မှုလွန်ကဲနေတာပဲ။ လာထား…။”

ထန်ရှု စကားဆုံးသည်နှင့် ထိုလူ အချိန်မီ မရှောင်နိုင်စေရန် ထိုသူ၏ဗိုက်အား ကန်ချက်တစ်ချက် ထည့်လိုက်ပြီးမှ ဖမ်းဆုပ်ထားသော လက်သီးအား ဖြေလျော့ပေးလိုက်သည်။ ထိုတည်ကြည်သောလူသည် ပြင်းထန်စွာ လွင့်ထွက်သွားပြီး ဝုန်းကနဲအသံနှင့်အတူ မြေပြင်ပေါ်တွင် ၄မီတာ-၅မီတာအကွာသို့ လျှောတိုက်ကျသွားရသည်။ သူသည် အတော်ကြံ့ခိုင်သော ကိုယ်ခံအားကို ပိုင်ဆိုင်ထားသဖြင့် ချက်ချင်းအလဲထိုးခြင်း မခံရသော်လည်း သူ့အနေဖြင့် အဆက်မပြတ် ခေါင်းယမ်းမိသည်။ အချိန်အတန်ကြာ အားယူပြီးမှသာ နောက်ဆုံးတွင် မတ်တတ်ရပ်နိုင်ခဲ့သည်။

မြင်ကွင်းတစ်ခုလုံးသည် အသက်မရှိတော့သည့်အလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ကျန်၂၉ယောက်လုံးသည်လည်း ကျောက်ရုပ်များပမာ တွေတွေကြီး စိုက်ကြည့်နေကြရင်း ၎င်းတို့၏နှလုံးခုန်သံများသည် အမြင့်ဆုံးထိ တုန်လှုပ်နေကြတော့သည်။ XXစစ်တပ်ဒေသတစ်ခုလုံး၏ တိုက်ခိုက်ရေးချန်ပီယံ ဖြစ်ပြီး အထူးတပ်ဖွဲ့အင်အားစု၏ ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့သောသူသည် မည်သို့မျှ ပြန်လည်လှုပ်ရှားနိုင်ခြင်းမရှိဘဲ မြေပြင်ပေါ်သို့ လဲကျသွားရလိမ့်မည်ဟု သူတို့ တစ်ခါမျှ တွေးမထားမိကြချေ။

ထန်ရှုသာ ထိုသူအား သတ်ချင်သည်ဆိုပါက အလွယ်လေး သေဆုံးသွားမည်မဟုတ်ပါလော။

ထို၂၉ယောက်၏အံ့သြတုန်လှုပ်နေသော အမူအရာများအား ကြည့်ပြီးနောက် ထန်ရှု၏အကြည့်များသည် မြေပြင်ပေါ်မှ သတိထားကြောက်ရွံ့နေဟန်ရှိသော လူဆီသို့ ရောက်သွားသည်။ ထန်ရှုက တစ်ချက်ပြုံးလိုက်ပြီး

“မင်းက ငါ့ကို သတိပေးချက်တစ်ခုအနေနဲ့ ရိုက်ချင်နေတယ်။ ငါကလည်း အခြားလူတွေကိုပါ သတိပေးချက်တစ်ခုအနေနဲ့ အစကတည်းက ငါ့ခွန်အားကို အသုံးပြုဖို့ ရည်ရွယ်ထားတယ်။ တိုက်ခိုက်ရတဲ့အရသာက ဘယ်လိုနေလဲ။ ခံစားလို့ကောင်းလား။”

“ငါ အရမ်းပေါ့ဆလွန်းသွားတယ်။” ထိုလူက ခါးသီးစွာ တုံ့ပြန်သည်။

ထန်ရှု၏မျက်နှာထက်မှ အပြုံးသည် ဒီရေအလား ချက်ချင်း ပျောက်ပြယ်သွားကာ အေးစက်စွာ တုံ့ပြန်လိုက်သည်။

“မဟုတ်ဘူး။ မင်းရဲ့စိတ်ကြီးဝင်မှုကြောင့်ပဲ။ ကောင်းကင်အထက်မှာ ကောင်းကင်ရှိသလို လူတစ်ယောက်အထက်မှာလည်း သာလွန်တဲ့အခြားတစ်ယောက် အမြဲရှိနေတယ်ဆိုတဲ့ အမှန်တရားကို မင်း နားလည်မယ်လို့ ငါ အစက ထင်ထားခဲ့တယ်။ ဒါပေမယ့် မင်းက ဘဝင်မြင့်ပြီး စိတ်ကြီးဝင်နေဆဲပဲဆိုတာ ငါ အခုတော့ နားလည်သွားပြီ။ မင်းတွေးရမှာက မင်း ရင်ဆိုင်နေရတဲ့သူက ငါမို့လို့သာ နာကျင်မှုလောက်ပဲ ခံစားရတာ။ တကယ်လို့ ငါသာ မင်းရဲ့ရန်သူဖြစ်ခဲ့မယ်ဆိုရင် အခုလောက်ဆို မင်း သေနေတာကြာပြီ။”

“ဟုတ်တယ်။ ငါ့အမှားပါ။”

ထိုလူ၏မျက်နှာထက်တွင် ရှက်ရွံ့သော အမူအရာတစ်ချက် ဖြစ်ပေါ်လာပြီး ခေါင်းငုံ့သွားသည်။

ထိုသူအား တစ်ချက်ကြည့်ပြီးနောက် ထန်ရှုက လက်ချောင်းများအား ကွေးချည်ဆန့်ချည် လုပ်ကာ ကျန်သော ၂၉ယောက်အား အော်ပြောလိုက်သည်။

“ရှုံးနိမ့်ခြင်းရဲ့အရသာကို မြည်းစမ်းပြီးပြီဆိုတော့ သူ့အမှားကို  သူ သိသွားပြီ။ ဒါပေမယ့် မင်းတို့အားလုံးက မသိရသေးဘူးဆိုတော့ မင်းတို့အားလုံး တစ်ခါတည်း တက်ခဲ့ကြ။ ငါ့ကို အနိုင်တိုက်နိုင်ရင် ငါ မင်းတို့ကို အကောင်းဆုံးလုပ်ပေးမယ်။ မလုပ်ပေးနိုင်ရင်တော့ ငါ ပေးတဲ့အလုပ်တိုင်းကို ကောင်းကောင်း လုပ်ဆောင်ရမှာဖြစ်သလို မင်းတို့ရဲ့လေ့ကျင့်မှုကို သေချာစွာ လုပ်ဆောင်ရမယ့် ရွေးချယ်ခံလူတွေအဖြစ်ကို လက်ခံရမယ်။”

“တက်ကြ။”

လူတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်ပြီး ပြေးထွက်လာကြသည်။

သည်အချိန်တွင် ကျန်သောသူများသည် ထန်ရှု မည်မျှ ကြောက်စရာကောင်းသည်ကို သိထားပြီဖြစ်သောကြောင့် စကားများမနေတော့ချေ။ အလွန်လျင်မြန်သောအရှိန်ဖြင့် ထန်ရှုအား လျင်မြန်စွာ ဝိုင်းလိုက်ကြပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။

ထန်ရှု၏ခြေဖဝါးများသည် မြေပြင်တွင် မြဲမြံစွာ ရပ်လျက် သူ၏လက်နှစ်ဖက်အား ဝှေ့ယမ်းလိုက်သည်။ သူ၏လက်ဖဝါးအစုံသည် မုန်တိုင်းသဖွယ် ၀င်ရောက်လာသော တိုက်ချက်များအားလုံးကို တားဆီးလိုက်သည်။ ထိုလူများသည် အလွန်သန်မာသော ကိုယ်ပိုင်ခွန်အားကို ပိုင်ဆိုင်ထားကြပြီး ပူးပေါင်းတိုက်ခိုက်ရာတွင် နားလည်ကျွမ်းကျင်မှုရှိကြသော်လည်း ထန်ရှု၏မျက်လုံးထဲတွင် ထိုသူများ၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်ပြစ်ချက်များလွန်းလှသည်။ အင်မော်တယ်ကမ္ဘာရှိ အနိမ့်ဆုံးအဆင့်များ၏ ပူးပေါင်းတိုက်ခိုက်မှုပင် ထိုသူများထက် အဆတစ်ရာ သာလွန်ပေသည်။

“မင်းတို့ ငါ့ကို ထိအောင် မတိုက်ခိုက်နိုင်ရင် ငါ ပြန်တိုက်ပြီ။”

ထန်ရှု၏ခြေထောက်သည် နောက်ဆုံးတော့ စတင် လှုပ်ရှားလာပြီဖြစ်သည်။ ခြေလှမ်းဝက်မျှ ရှေ့သို့ ဆောင့်နင်းလိုက်ပြီးနောက် သူ၏လက်အစုံသည် ပျံဝဲလာသောခြေကန်ချက်၂ချက်အား တိကျစွာ ဖမ်းလိုက်ကာ တစ်ယောက်ပြီးတစ်ယောက် ဆွဲပေါက်လိုက်သည်။

ထိုသူ၂ယောက်လဲပြိုသွားစဉ်တစ်ချိန်တည်းမှာပင် လက်ဝါးရိုက်ချက်အား တခြားလူ၂ယောက်ဆီသို့ ချက်ချင်းရိုက်ထုတ်လိုက်ကာ လွင့်ထွက်သွားစေသည်။

သူ၏အမြန်နှုန်းသည် ထိုသူများထက် အဆပေါင်းများစွာ မြန်ဆန်လှပေရာ ထန်ရှု၏လှုပ်ရှားမှုအား ထိုသူများသည် သဲကွဲစွာ မမြင်နိုင်ဘဲ ၂၉ယောက်လုံးသည် ထန်ရှု၏တိုက်ခိုက်မှုကြောင့် နေရာအနှံ့သို့ လွင့်ပျံထွက်ကုန်ပေသည်။

“ဘုရားသခင်…သူက လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား။”

“သူ့ရဲ့စွမ်းရည်က ဘယ်လိုဖြစ်ပြီး အဲ့လောက်တောင် ကြောက်စရာကောင်းနေရတာလဲ။”

“ငါတို့က အဆင့်တူတွေ မဟုတ်ဘူး။”

“…”

တစ်ယောက်စီမှ ညည်းတွားသံများနှင့်အတူ ၂၉ယောက်သည် နာကျင်မှုများဖြင့် မြေပြင်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ကုန်းရုန်းထလာကြသည်။ သို့သော် ထန်ရှု၏ခွန်အားသည် သူတို့ယှဉ်ပြိုင်နိုင်သောအရာ မဟုတ်မှန်း သိသွားသောကြောင့် ထပ်မံ မတိုက်ရဲကြတော့ပေ။

ထန်ရှုသည် သူ၏လက်ကောက်ဝတ်များအား လှည့်လိုက်ပြီး စိတ်တွင်းမှ ကျေနပ်နှစ်သိမ့်နေသည်။ သူ၏ခွန်အားသည် အသားသန်မာခြင်းအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးကတည်းက မြင့်တက်လာခဲ့ပေရာ ပုံမှန်လူများအား ရင်ဆိုင်ရခြင်းသည် ပြသနာတစ်ခု မဟုတ်တော့ပါချေ။ ထိုသို့ မချိုးဖြတ်မီက ထိုကဲ့သို့သောလူမျိုး၂၉ယောက်နှင့် ရင်ဆိုင်ရပါလျှင် ထိုလူအားလုံးအား အနိုင်တိုက်နိုင်မည်ဖြစ်သော်လည်း သူ့လည်း ဒဏ်ရာအချို့ရသွားနိုင်သည်ဖြစ်သည်။

သို့သော် ယခုမူ သူသည် ထိုသူများအား လွယ်ကူစွာ အလဲထိုးနိုင်ခဲ့ပြီဖြစ်သည်။

“မြင်ရသလောက်တော့ မင်းတို့အားလုံး မဆိုးပါဘူး။ ငါ ပြန်တိုက်ဖို့ မိနစ်ဝက်လောက် အချိန်သုံးလိုက်ရတယ်။ သာမန်မထူးချွန်တဲ့လူတွေသာဆိုရင်တော့ ၁၀စက္ကန့်တောင် ခံနိုင်မှာမဟုတ်ဘူး။”

ထန်ရှုက ပြုံးကာ ပြောသည်။

“မကောင်းဆိုးဝါးပဲ…”

လူတိုင်း၏ရင်ထဲတွင် ထိုအတွေးသည် တူညီစွာ ဖြစ်ပေါ်လာသည်။

ဘေးဘက်တွင်…

ဝံပုလွေခေါင်းသည်လည်း ထန်ရှု၏ခွန်အားကို တွေ့မြင်ရသဖြင့် အသည်းထိတ်အောင် တုန်လှုပ်နေပြီဖြစ်သည်။ ထန်ရှုနှင့် ကြယ်တာရာပန်းခြံတွင် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်က ထန်ရှုသည် သူ၏ကြောက်မက်ဖွယ်ရာခွန်အားကို မပြခဲ့ချေ။ သူ့တွင် ထန်ရှုနှင့်အတူတိုက်ပွဲဝင်ခဲ့သည့် အတွေ့အကြုံများစွာ ရှိခဲ့သော်လည်း ထန်ရှု၏တိုက်ပွဲဝင်ခွန်အားမှာ မမျှော်လင့်ဘဲ သည်မျှသန်မာလိမ့်မည်ဟု သူ မသိရှိခဲ့ပါပေ။

“သူဋ္ဌေးက သူ့ရဲ့စွမ်းအားတွေကို အမြဲလျှိုထားတယ်လို့ ငါ့ကို မပြောနဲ့နော်။”

ထိုသို့ တွေးမိသည့်နောက် ဝံပုလွေခေါင်း၏စိတ်နှလုံးသည် တင်းကျပ်သွားရသည်။

“တန်းစီ…”

ထန်ရှု၏ပထမဆုံးအကြိမ် ရိုက်ခြင်းကို ခံလိုက်ရသော စစ်သားဟောင်းက ထန်ရှုအား ကြည့်နေသည်။ သူ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် စိတ်ဆိုးခြင်းစသော အမူအရာများ ကွယ်ပျောက်နေပြီဖြစ်ပြီး ထိုအစား ကြည်ညိုမှုနှင့် ရိုသေလေးစားမှုတို့သာ ရှိနေပြီဖြစ်သည်။

သန်မာသော ကျွမ်းကျင်သူများသည် လူအများ၏ ချစ်ကြောက်ရိုသေခြင်းနှင့် လေးစားခြင်းကိုသာ ခံရပေသည်။

အထူးသဖြင့်  သူကိုယ်တိုင်ပင်လျှင် ကျည်ဆံမိုးများအကြား ဖြတ်သန်းခဲ့ရပြီး သေခြင်းရှင်ခြင်း အတွေ့အကြုံရှိသော အထူးစစ်သားတစ်ယောက်ပီပီ သန်မာပြီး အရည်အချင်းရှိမှု၏ အတိုင်းအတာပမာဏသည် မည်မျှ အရေးပါသည်ကို ကောင်းစွာ သိထားသည်။

လူအယောက်၃၀က အတန်း၃တန်းအား ညီညာစွာ ပြန်စီနေသည်ကို ကြည့်နေရင်း ထန်ရှုက ပေါ့ပါးစွာ ပြောလိုက်သည်။

“ကဲ အခု ပြောပါဦး။ ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိရဲ့လား။”

“ရှိပါတယ်။”

အယောက်၃၀စလုံး သံပြိုင်တုံ့ပြန်လိုက်သည်။

“ငါ့နောက်ကို လိုက်မယ်ဆိုရင် ဒီလိုအခြေအနေတွေတော့ ရှိတယ်။ ငါ့နောက်ကို လိုက်ပြီဆိုတာနဲ့ ထာဝရ ငါ့ရဲ့လူ ဖြစ်လိမ့်မယ်။ ဒီဟာက မင်းတို့စစ်တပ်ထဲမှာနေတုန်းကပုံစံနဲ့တော့ ကွာခြားမှုရှိတယ်။ မင်းတို့ရဲ့မိသားစုအပါအဝင် လူနေမှုဘဝပုံစံတွေနဲ့ ခံစားမှုလစာကို ငါက အရမ်းကောင်းမွန်စွာ  ထောက်ပံ့ပေးမှာပါ။ သာမန်လူတွေထက် သာလွန်တဲ့ ပညာရေးနဲ့ အကျိုးခံစားခွင့်တွေကို မင်းတို့ရဲ့သမီးသားနဲ့ ဇနီးမယားတို့ ရရှိလိမ့်မယ်။ စိုးရိမ်ပူပန်မှုတွေ၊ အနားမရမှုတွေ မရှိဘဲ နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ ငါ့နောက်ကို လိုက်ရင်း သန်မာလာကြလိမ့်မယ်။ ငါ လိုချင်တာကတော့ မင်းတို့ရဲ့သစ္စာရှိမှုနဲ့ ငါ့အမိန့်တွေအားလုံးကို နာခံဖို့ပဲ။ မင်းတို့ လုပ်နိုင်မလား။” ထန်ရှုက ပြောသည်။

“ငါတို့ လုပ်နိုင်တယ်။”

အယောက်၃၀စလုံး သံပြိုင် ထပ်မံတုံ့ပြန်လိုက်သည်။

ထန်ရှုက ခေါင်းညိတ်ရင်း

“အချိန်ကာလတစ်ခုရောက်ရင် ငါ အိမ်တော်ထိန်းတစ်ယောက် လွှတ်လိုက်မယ်။ ငါ မရှိတဲ့အချိန် သူမက မင်းတို့ရဲ့အခြေခံ လိုအပ်ချက်တွေကို ကိုင်တွယ်မယ်။ မိသားစုအခြေအနေတွေကို လေ့လာသုံးသပ်ပြီး ငါ့ဆီကို အစီရင်ခံလိမ့်မယ်။ မင်းတို့မိသားစုတွေ အခက်အခဲရှိတာပဲဖြစ်ဖြစ် လိုအပ်တာရှိတာပဲဖြစ်ဖြစ် ငါ့ရဲ့အထောက်အပံ့ကို လိုအပ်ရင်လည်း ငါ့ကို ပြောနိုင်တယ်။ ဒီနေ့ကစပြီး မင်းတို့ ဒီမှာ နေရမှာဖြစ်ပြီးတော့ ဒီနေရာကို စောင့်ရှောက်ဖို့ တာဝန်ရှိသွားပြီ။”

“နားလည်ပါတယ်။” လူအုပ်က ထပ်ပြီး တုံ့ပြန်လိုက်ပြန်သည်။

ထန်ရှုက သူနှင့် ပထမဆုံး တိုက်ခိုက်ခဲ့သည့်လူအား ကြည့်ကာ မေးလိုက်သည်။

“မင်းနာမည်က ဘယ်သူလဲ။”

“အစီရင်ခံပါတယ်ဆရာ။ ငါ့နာမည်က ဝေ့ချန်ရှုံးပါ။”

ထိုလူက အမှတ်တမဲ့ဖြင့် အရိုအသေပေးလိုက်သည်။ သို့သော် သူ၏လက်မှာ တောင့်တင်းနေသောကြောင့် လမ်းတစ်ဝက်တွင် ရပ်သွားကာ ဆက်မလှုပ်ရှားနိုင်ပါပေ။

“မင်းရဲ့ခွန်အားက ဝံပုလွေခေါင်းလိုပဲ အတော်ကောင်းတယ်။ ငါ မင်းကို တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ထားမယ်။ မင်း သူ့ကို တွေ့လား။ သူ့နာမည်က မိုအားဝူလို့ ခေါ်ပြီး သူလည်း တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ။ ဒါပေမယ့် မင်းတို့၃ယောက်စလုံးက မိုအားဝမ်ရဲ့စကားကို နားထောင်ရမယ်။ ငါ ဒီမှာ မရှိတဲ့အချိန် ငါ့ကိုယ်စား သူက အမိန့်ပေးလိမ့်မယ်။” ထန်ရှုက ပြောသည်။

“ဟုတ်ကဲ့။”

လူ၄ယောက်စလုံး တစ်ပြိုင်နက်တည်း အဖြေပေးလိုက်သည်။

ထန်ရှုက မိုအားဝမ်အား ကြည့်လိုက်ပြီးနောက်

“ငါ ဒီ၃ရက်နောက်ပိုင်း တရုတ်ပြည် ပြန်ရဖို့ရှိတယ်။ ဒီနေရာရဲ့ကိစ္စရပ်မှန်သမျှအတွက် မင်းကို လွှဲပေးခဲ့ပြီ။ စိတ်ထဲမှတ်ထားရမှာက နောင်တစ်ချိန်ကျရင် ဒီနေရာက ငါတို့ရဲ့ဋ္ဌာနချုပ်ဖြစ်လာမှာမို့ မင်း အကောင်းဆုံး ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာပဲ။ နောက်၃ရက်ထဲမှာ နဂါးကိုးကောင်ကျွန်းရဲ့ တားမြစ်နေရာတွေကို ငါ ဆွဲပေးမယ်။ မင်းက အဲ့ဒီနေရာတွေမှာ လူ၂ယောက်စီကို အလှည့်ကျ စောင့်ကြပ်ခိုင်းပေးပါ။ အလုပ်သမားတွေအပါအဝင် ဘယ်သူ့ကိုမှ အဲ့ဒီနေရာတွေက ကျောက်တုံးလေးကိုတောင် လုံးဝထိခွင့်ဖျက်ဆီးခွင့် မပြုဘူး။”

“နားလည်ပြီ။” မိုအားဝမ်က ခေါင်းညိတ်သည်။

ထန်ရှုက ဆက်ပြောသည်။

“နောက်ပြီး ကျွန်းရဲ့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကိုလည်း မင်း ကြီးကြပ်ရလိမ့်မယ်။ ငါ ဆွဲထားတဲ့ ပြန်လည်တည်ဆောက်ရေးပုံစံတစ်စုံက မင်းဆီမှာ ရှိပြီးသား။ ဗိသုကာဆောက်လုပ်ရေးကို နားမလည်ရင် ကြီးကြပ်ရာမှာ ကူညီဖို့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာကို သွားပြောပါ။ အဓိကကတော့ ငါဆွဲထားတဲ့ ပုံအတိုင်း ပြန်လည်တည်ဆောက်ရေးစီမံကိန်းက အကောင်အထည်ဖော်ရမှာဖြစ်တယ်။”

“စိတ်ချပါသူဋ္ဌေး။ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဆီ ငါ သွားတွေ့မယ်ဆိုပေမယ့် စီမံကိန်းအရေးကိစ္စတွေမှာ သူ့ကို စွက်ဖက်ခွင့်မပြုပါဘူး။ စီမံကိန်းရဲ့အရည်အသွေးနဲ့ ရှုထောင့်အမျိုးမျိုးက ဆောက်လုပ်ရေးပြသနာတွေကို ကြီးကြပ်ဖို့ပဲ ခွင့်ပြုမှာပါ။”

ပြန်လည်တည်ဆောက်ရေးစီမံကိန်းအား ထန်ရှုအားစိုက်ထားသည်ကို မိုအားဝမ် သိရှိခံစားမိသောကြောင့် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ကောင်းပြီ။” ထန်ရှု ခေါင်းညိတ်သည်။

နောက်၃ရက်အတွင်း ထန်ရှု၊ မိုအားဝမ်နှင့် တပ်ဖွဲ့ခေါင်းဆောင်၃ယောက်သည် တားမြစ်နေရာ၁၁နေရာအား ရေးဆွဲခဲ့ကြသည်။ ထိုနေရာများမှာ နဂါးကိုးကောင်ကျွန်းပတ်လည်ရှိ ဆိပ်ကမ်း၉ခုသို့ ဦးတည်သော အမှတ်၉နေရာ၊ ရဲတိုက်နှင့် ကျွန်းပေါ်ရှိ နဂါးသွေးကြော၏အူတိုင်တို့ ဖြစ်ကြသည်။ လုံကျန့်ယုနှင့် တွမ်ရတ်ဂီတို့ကိုလည်း ထန်ရှု ခေါ်လိုက်ပြီး သူတို့လက်အောက်ရှိ အလုပ်သမားများကို ထိုနေရာများအတွက် တင်းကြပ်ရန် ပြောလိုက်သည်။

၃ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားကာ နောက်တစ်နေ့အစတွင် ထန်ရှုနှင့် ရီလျန်ယန်သည် ကုန်တင်သဘောၤနှင့် ဆိုင်ပန်သို့ ထွက်လာကြပြီဖြစ်သည်။ စီမံကိန်းစတင်တည်းက ကုန်တင်သဘောၤများသည် နဂါးကိုးကောင်ကျွန်းနှင့် ဆိုင်ပန်သို့ နေ့တိုင်း အသွားအလာရှိနေသည်။

***

All Chapters