အပြန်ခရီး
Vol. 07 Ch. 317
ဝါးရုံတောထဲသို့ သူ ဝင်လိုက်ရာ ဥရောပစတိုင် ဆောက်လုပ်ထားသော အဆောက်အဦးငယ် ၃လုံးအား တွေ့လိုက်ရသည်။ သူ ကားရပ်လိုက်ပြီးနောက် လီကျွီရန်၏လက်ထောက်မှ သူ့အား နှုတ်ဆက်ကာ သူ မည်သူမည်ဝါဖြစ်သည်ကို မေးမြန်းပြီး အဆောက်အဦးငယ်တစ်လုံးအတွင်းသို့ လမ်းပြခေါ်ဆောင်သွားသည်။
“ညီလေးထန်… ငါတို့ ထပ်တွေ့ကြပြန်ပြီ။” လီကျွီရန်က ရပ်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
ထန်ရှုက ခပ်ဖွဖွ ပြုံးရင်း သူ့အား လက်ဆွဲနှုတ်ဆက်လိုက်သည်။
“လူကြီးမင်းလီ ဒီနေရာကို အပြေးလာရအောင် ဒုက္ခပေးမိနေပြီ။ အမှန်တကယ်တော့ ဒီတစ်ခေါက် ကျွန်တော် ဟောင်ကောင်ကို လာရတဲ့အကြောင်းက လူကြီးမင်းလီနဲ့ လုပ်ငန်းလေးတစ်ခု ဆွေးနွေးဖို့ပါ။”
“ဘယ်လိုလုပ်ငန်းမျိုးလဲ။” လီကျွီရန်က ထန်ရှုအား ထိုင်ရန် လက်ဟန်ပြလိုက်ရင်း သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ကျွန်တော် သိသလောက်ဆိုရင် ခင်ဗျားရဲ့ လုပ်ငန်းခွဲတစ်ခုက သဘောၤကုမဏီထင်တယ်။ အဲ့ဒါကြောင့် ကုန်တင်သဘောၤအချို့ ခင်ဗျားဆီက ငှားချင်တာပါ။ ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော် မပြောနိုင်သေးတော့ လစဉ်ငှားရမ်းခ ပေးပါမယ်။” ထန်ရှုက ပြောသည်။
“ညီလေးထန်… မင်းက သဘောၤတွေနဲ့ ဘာလုပ်မလို့လဲ။” လီကျွီရန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ကျွန်တော် ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်း ဝယ်လိုက်တော့ အဲ့ဒီမှာ လုပ်စရာလေးတွေ ရှိနေလို့ပါ။ စီမံကိန်းက အလုပ်အတော်များမှာဆိုတော့ ပစ္စည်းတွေ သယ်ဖို့ ကုန်တင်သဘောၤတွေ လိုနေတယ်လေ။ ပြည်ပကနေ ကုန်တင်လေယာဉ်တွေ မှာယူထားသလို ဆိုင်ပန်ကနေလည်း ကုန်တင်သဘောၤအချို့ငှားပြီး လုပ်နေတယ်ဆိုပေမယ့် အရေအတွက်က လုံလောက်မှာမဟုတ်ဘူး။” ထန်ရှုက ရှင်းပြသည်။
“သဘောၤ ဘယ်နှစ်စင်းလိုတာလဲ။” လီကျွီရန်က မေးသည်။
“အစီး၂၀ လောက်ပါ။” ထန်ရှုက ပြောသည်။
လီကျွီရန် တိတ်တဆိတ် ကြိတ်လန့်သွားရရင်း လေးစားသမှုဖြင့် ပင့်သက်ရှိုက်လိုက်သည်။
“ညီလေးထန်က တကယ်ကို ကြွယ်ဝတာပဲ။ ငါ မင်းကို သဘောၤအစီး၂၀ ငှားမယ်။ မင်း ဘယ်လောက်ကြာကြာ သုံးသုံး အဲ့ဒီအတွက် အဖိုးသားနား မယူပါဘူး။ မင်းတို့ စားသောက်ဆိုင်ကို ငါ မျက်နှာသာပေးရမှာရှိနေတော့ ပိုက်ဆံယူရင် ဘယ်တရားပါ့မလဲ။”
“မဟုတ်သေးဘူး။” ထန်ရှု ခေါင်းယမ်းသည်။ “စီးပွားရေး ညှိနှိုင်းဆွေးနွေးမှုမှာ ငွေကြေးမပါဘဲ ကျွန်တော်တို့ လုပ်မရဘူး။ ခင်ဗျားဈေးနှုန်းဖွင့်ပါ။ အဲ့လိုမှမဟုတ်ရင် ကျွန်တော် အခြားလူဆီက ငှားလိုက်မယ်။”
“ကောင်းပါပြီ။ မင်းက ပေးဖို့ ရည်ရွယ်တယ်ဆိုမှတော့ ငါ လက်ခံပါမယ်။” လီကျွီရန်က အနေရခက်စွာ ပြုံးလိုက်ရင်း
“ဈေးနှုန်းကတော့ မင်းပဲ ဖွင့်ပါ။”
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အဲ့လိုဆိုမှဖြင့် ကျွန်တော့်စီမံကိန်းကို စာချုပ်ချုပ်ပြီး လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်လိုက်မယ်။ သူ ဟောင်ကောင်ကိုလာပြီး ခင်ဗျားနဲ့ ငှားရမ်းတဲ့ကိစ္စတွေကို ဆောင်ရွက်ပါလိမ့်မယ်။”
လီကျွီရန်က ခေါင်းညိတ်ပြရင်း စူးစမ်းလိုက်သည်။
“ညီလေးထန်… ကိုယ်ပိုင်ကျွန်းတစ်ခုကို ဝယ်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်နေတာက အတော် ငွေကုန်ကြေးကျများမှာမဟုတ်လား။ ငါ ဒီလိုမေးရင် သင့်တော်ပါ့မလားမသိဘူး ဘာကြောင့် ကျွန်းတစ်ကျွန်း ဝယ်တာလဲ။ ကမ္ဘာကြီးနဲ့ဝေးရာမှာ သီးခြားနေပြီး အနားယူချင်တာလား။”
“အဲ့လိုမဟုတ်ပါဘူး။” ထန်ရှုက ရယ်မောလိုက်သည်။ “ကမ္ဘာကြီးနဲ့ဝေးရာမှာ သီးခြားနေဖို့ မဟုတ်ပါဘူး။ အဲ့ဒီအပြင်ကို သယ်ယူပို့ဆောင်ရေးနည်းလမ်းက တအားကို ခရီးရောက်ပါတယ်။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အိပ်မက်က ပြီးပြည့်စုံအောင် လှပသာယာတဲ့ သီးခြားကမ္ဘာလေးတစ်ခုကို တည်ဆောက်ချင်တာပါ။ ဒါပေမယ့် အနာဂတ်မှာ ဘာကို တည်ဆောက်နိုင်မလဲဆိုတာ ကျွန်တော်လည်း အဲ့ဒီအကြောင်းကို မသိသေးဘူး။”
“ကိုယ်ပိုင်အိပ်မက်အတွက် ပိုက်ဆံတွေ အများကြီးသုံးတာ။ မင်းလည်း ကိုယ်လုပ်ချင်တာကို မချုပ်ထိန်းဘဲ လုပ်တတ်တဲ့သူပဲ။” လီကျွီရန်က ရယ်မောလိုက်ရင်း
“လက်ဘက်ရည်အရသာကို မြည်းစမ်းကြစို့။ ဒီဟာက တကယ့်ကို အရသာကောင်းတယ်။”
“ကောင်းပြီ။”
နာရီဝက်ကြာ ထန်ရှုနှင့်လီကျွီရန်သည် ခရမ်းပြာဝါးဥယျာဉ်တွင် လက်ဘက်ရည်သောက်ရင်း စကားပြောနေကြပြီးနောက် ထန်ရှုသည် အလျင်စလို ပြန်လာခဲ့သည်။ သူက ဟောင်လဲ့အား ဖုန်းခေါ်လိုက်ပြီး ကုန်တင်သဘောၤတစ်စင်းငှားရမ်းခအား မေးလိုက်သည်။ အဖြေပြန်ရပြီးနောက် သူသည် လီကျွီရန်၏ဘဏ်အကောင့်နံပါတ်ထဲသို့ ငွေအချို့အား လွှဲပေးလိုက်သည်။
ညပိုင်းတွင် ကြီးမားသောအိတ်တစ်လုံးအား သယ်ဆောင်ကာ ပြန်လာသော ရီလျန်ယန်အား ထန်ရှု တွေ့ရသည်။ သူမ၏မောဟိုက်နေသော သွင်ပြင်အား ကြည့်ပြီး သူက ပြုံးရင်း စကားဆိုလိုက်သည်။
“ပစ္စည်းကောင်းကောင်းတွေ ရခဲ့တယ်ပေါ့။”
ရီလျန်ယန်က သူမ၏ပစ္စည်းများအား ဆိုဖာပေါ်သို့ ပစ်တင်လိုက်ရင်း သူမ၏မျက်နှာထက်မှ ချွေးများအား သုတ်ကာ အားယူပြုံးရင်း ပြန်ဖြေသည်။
“ကျွန်မ လျှောက်ကြည့်ပြီး ဈေးဝယ်ထွက်မိတာ နောင်တရမိတယ်။ ရာသီဥတုက စွကျိုးနည်းကို အရမ်းပူလိုက်တာ။ အဖြူရောင်ဗူးလေးကို တွေ့လား အစ်ကိုကြီးထန်။ အထဲမှာ ရှင့်အတွက် လက်ဆောင်ရှိတယ်။ ကျွန်မရဲ့နွေရာသီ အားလပ်ရက်တစ်ဝက်ကျော်လောက်ကို ရှင့်ရဲ့နေရာလေးမှာ ခိုလှုံခွင့်ပြုခဲ့တဲ့အတွက် ကျွန်မရဲ့ကျေးဇူးတင်မှုလေးပါရှင့်။”
လက်ဆောင်တစ်ခုလား။
ထန်ရှုသည် သူတစ်ပါးထံမှ လက်ဆောင်လက်ခံခြင်းမှာ ရှားပါးသည့်အတွက် သိချင်စိတ်ဖြစ်သွားသည်။ ရီလျန်ယန်က သူ့အတွက် ဘယ်လိုလက်ဆောင်များ ပေးတာဖြစ်မည်နည်း။ သူက အဖြူရောင်ဗူးလေးကို ယူကာ ဖွင့်ကြည့်လိုက်ရာ ကြက်သေ သေသွားပြီး ပါးစပ်အာစေးမိသွားသည်။
“ဒီလက်ဆောင်က ငါ့အတွက်ဆိုတာသေချာရဲ့လား။”
အဖြူရောင်ဗူးလေးထဲတွင် အလွန်ချစ်စရာကောင်းသည့် လက်သီးဆုပ်အရွယ် ကံကောင်းစေသည့် ခရမ်းရောင် အရုပ်လေးတစ်ရုပ်ရှိနေသည်။
“သေချာတာပေါ့။ အဲ့ဒါ ရှင့်အတွက် လက်ဆောင်ပဲ။” ရီလျန်ယန်က ဆက်ပြောသည်။
“ကျွန်မ အဲ့ဒီထူးခြားပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်မှာ အချိန်အကြာကြီး ကြာပြီးမှ ဒီအရုပ်လေးကို ရွေးခဲ့တာ။ အစ်ကိုကြီးထန်…ရှင့်ဆီက ရတဲ့ သတ်ဖြတ်ခြင်းအော်ရာက အရမ်းကို များလွန်းတယ်။ ရှင့်ရဲ့ပုံမှန်အချိန်ဆို ရှင်က အရယ်အပြုံး မရှိသလောက်ပဲ။ မြို့တော်မှာရှိတဲ့ အခြားသူစိမ်းတွေက သေချာပေါက် ရှင်နဲ့ဝေးဝေးနေလိမ့်မယ်။ ကျွန်မ စိတ်ထဲအတွေးတစ်ခု ပေါ်လာတာက ရှင့်ရဲ့လက်မောင်းမှာ ဒီအရုပ်လေးကို ချည်ပေးထားရင် သင့်တော်လောက်တယ်ဆိုပြီးပေါ့။ အဲ့ဒါဆိုရင် အခြားလူတွေရဲ့စိတ်ထဲမှာ ရှင်က ပေါင်းသင်းရလွယ်တယ်လို့ ခံစားရလိမ့်မယ်။”
ထန်ရှု တစ်ခဏမျှ တွေတွေကြီးစိုက်ကြည့်နေရင်း အံ့သြမှုဖြင့် မေးလိုက်သည်။
“မင်း အခုပြောလိုက်တာက ငါ့ရဲ့ သတ်ဖြတ်လိုတဲ့စိတ်က ပြင်းထန်တယ်တဲ့လား။”
ရီလျန်ယန်က ထန်ရှုနှင့် ပထမဆုံးတွေ့သည့်အချိန်အား ပြန်တွေးလိုက်သည်။ သူ၏တစ်ကိုယ်လုံးတွင် သွေးများလွှမ်းနေကာ သူ၏မျက်နှာသည် အေးစက်မှုန်ကုပ်နေပေသည်။ သူမက ခေါင်းညိတ်လိုက်ပြီး
“ဓားပြတွေကို သတ်တာ ကောင်းတဲ့အလုပ်မှန်း ကျွန်မ သိပါတယ်။ ဒါပေမယ့် ရှင့်ရဲ့နှလုံးသားထဲမှာ အရိပ်တစ်ခု ရှိနေခဲ့မှာ ကျွန်မ စိုးတယ်လေ။ ကျွန်မပြောသလိုပဲ ဒီဟာလေးက အဲ့ဒီအတွက် ကျွန်မ လက်ဆောင်ပါ။ ရှင်မကြိုက်ရင် ပြန်ယူလိုက်မယ်။”
“ငါ သဘောကျပါတယ်။ ကျေးဇူးပါ။” ထန်ရှုက ရယ်လိုက်သည်။
ရီလျန်ယန်က ကျေနပ်သွားသောအမူအရာဖြင့် ခေါင်းညိတ်သည်။
နောက်တစ်နေ့တွင် လေဆိပ်ရှိ ထွက်ခွာအပေါက်အား ဝင်သွားသော ရီလျန်ယန်အား ထန်ရှု ငေးကြည့်နေမိသည်။ တစ်စုံတရာကို မယုံနိုင်သည့်အလား သူမ၏ဖုန်းအား လှုပ်ရမ်းလိုက်သည်ကို သူ မြင်နေရသည်။ နာရီဝက်ကြာသော် သူလည်း လေယာဉ်ပေါ် တက်ခဲ့သည်။ သူ၏ဦးတည်ရာခရီးသည် ကြယ်တာရာ မဟုတ်ဘဲ ကျင်းမန်ကျွန်းဆီသို့ ဖြစ်ပေသည်။
ကျင်းမန်ကျွန်းမှ ထာဝရခန်းမသို့ သူရောက်ချိန်တွင် မနက်၁၀နာရီရှိနေပြီဖြစ်သည်။
“ဆရာအဘိုး…ဆရာသခင်ကို အခု သွားကြည့်မလို့လား။” ထန်ရှုအား မြင်လိုက်သည့် ဂူရှောင်ရွှဲ့က မေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်။ ငါ သူမကို အခုကြည့်မှရမယ်။ ဟောင်ကောင်က ငါ ဝယ်လာတဲ့ ဂျင်စင်းရိုင်းလည်း ပေးပါဦး။ သူမကို ဆေးတိုက်ဖို့ လုပ်ရမယ်။” ထန်ရှုက ပြောသည်။
“အကြီးအကဲကျိက ဂျင်စင်းရိုင်းကို သယ်လာတယ်။ သူမ ပြန်လာပြီးကတည်းက ဆရာသခင်ကို ရောင်ဝါတောက်ပစေတီထဲမှာ အဖော်လုပ်ပေးနေရင်း ကျင့်ကြံမှုလည်း လုပ်နေတယ်ထင်တယ်။” ဂူရှောင်ရွှဲ့က ပြောပြသည်။
လျင်မြန်စွာဖြင့် ၂ယောက်သား ပင်လယ်ကြမ်းပြင်မှ ရောင်ဝါတောက်ပစေတီအတွင်းသို့ သွားလိုက်ကြသည်။ ကျိချွိမိန်အား မြင်သော် လေလံပွဲမှ ဝယ်ယူလာသော ဂျင်စင်းရိုင်းအား တောင်းလိုက်ပြီး ခုနှစ်လွှာ ကုတင်ထက်မှ အားနည်းစွာ မေ့မျောနေသော ဂူယန်အာဆီသို့ လာခဲ့သည်။
“ယန်အာ… နောက်ဆုံးအကြိမ် သတိရလာတာ ဘယ်လောက်ကြာသွားပြီလဲ။”
“၅လနဲ့ ၉ရက်ရှိသွားပါပြီ။”
“အရင်ကပုံမှန်နိုးထမှုစက်၀န်းတွေအရ သူ နိုးဖို့ ဘယ်လောက်လိုသေးလဲ။”
ထန်ရှုက ထပ်မေးလိုက်သည်။
“နောက်တစ်လလောက်…ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး နိုးလာလိမ့်မယ်။ ဒါပေမယ့် ဆရာသခင်က သန့်စင်ထားတဲ့ဆေးလုံး သောက်ပြီးကတည်းက စောစော နိုးလာနိုင်ချေရှိတယ်။”
ထန်ရှုက တစ်ခဏမျှ တွေးလိုက်ပြီး
“ငါ ဒီမှာ ခဏနေခဲ့မယ်။ အိုးရန်လူလူဆီက သူမရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ငှားပေးပါဦး။ စက်တင်ဘာလဆန်းမှာ ရှန်ဟိုင်းတက္ကသိုလ်မှာ ကိုယ်တိုင် ကျောင်းအပ်ဖို့ ကြယ်တာရာကို ပြန်ရဦးမယ်။ ယန်အာ နိုးလာတာနဲ့ ချက်ချင်း ငါ့ဆီ အကြောင်းကြားပေးပါ။ ငါ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့မယ်။”
“နားလည်ပါပြီ။”
ထန်ရှုက ကျိချွိမိန်ဆီမှ ဓားတစ်ချောင်းတောင်းပြီး ဂျင်စင်းအပိုင်းတစ်ပိုင်း ဖြတ်ကာ ဂူယန်အာအား ကျွေးလိုက်သည်။ ချက်ချင်းပင် သူ၏လက်အား သူမ၏ရင်ညွှန့်မှ သွေးကြောမှတ်များအား မိနစ်ဝက်မျှ ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“၇ရက်မြောက်တိုင်း ဂျင်စင်းတစ်ပိုင်းဖြတ်ပြီး ဂူယန်အာကို ကျွေးပေးပါ။ ပြီးရင် သူမ ဆေးကို စုပ်ယူနိုင်အောင် သူမရဲ့ရင်ညွှန့်က သွေးကြောမှတ်တွေကို မိနစ်ဝက်လောက် ညင်သာစွာ ပွတ်သပ်ပေးပါ။”
“ကောင်းပါပြီ။ ငါကိုယ်တိုင် လုပ်လိုက်မယ်။”ဂူရှောင်ရွှဲ့မှ ခေါင်းညိတ်လိုက်သည်။
“မင်းတို့ထွက်သွားတော့။” ထန်ရှုက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။ “ငါ ဒီမှာ ယန်အာကို အဖော်လုပ်ပေးလိုက်ဦးမယ်။”
ဂူရှောင်ရွှဲ့နှင့် ကျိချွိမိန်တို့ ထွက်သွားပြီးနောက်တွင် ထန်ရှုက ဂူယန်အာအား ညင်သာစွာ ပွေ့ဖက်ကာ သူ၏လက်မောင်းတွင် မှီစေလျက် နူးညံ့သောလေသံဖြင့်
“ယန်အာ… ငါ့မှာ လုပ်စရာတွေများလို့ မင်းရဲ့ဆရာအဖြစ် အနားမှာ အမြဲရှိမနေနိုင်ဘူး ဖြစ်နေတယ်။ အမေ့ဆန္ဒကို ဖြည့်ဆည်းဖို့ တက္ကသိုလ်သွားတက်ရဦးမယ့်အပြင် ကျင့်ကြံဖို့အတွက် များပြားလှတဲ့ အရင်းအမြစ်တွေကို ဝယ်ယူဖို့ ပိုက်ဆံလည်း ရှာရဦးမယ် ယန်အာ…။ ဒါပေမယ့် မင်း စိတ်မပူပါနဲ့။ ငါ ပြင်းပြင်းထန်ထန် ကြိုးကြိုးစားစား လေ့ကျင့်ပြီး လုံလောက်အောင် သန်မာလာတဲ့အထိ စောင့်ပေးပါ။ အဲ့ဒါဆို မင်းကို ကုသနိုင်ဖို့ နည်းလမ်း ငါ ရှာလို့ရနိုင်ပြီ။”
“နောက်ပြီး မင်းသိလား ယန်အာ… ငါတို့ အရင်က နေခဲ့ဖူးတဲ့ နဂါးကိုးကောင်ပုလဲအန်ထုတ် လျှို့ဝှက်နေရာနဲ့ ဆင်တူတဲ့ ကျွန်းတစ်ကျွန်းကို ငါ တွေ့ထားတယ်။ အဲ့ဒီမှာ ပြန်လည်တည်ဆောက်တာ ပြီးသွားရင် ရောင်ဝါတောက်ပစေတီကို ငါ အဲ့ဒီကို သယ်သွားမယ်။ အချိန်ရောက်လာတာနဲ့ မင်းကို ထားဖို့ နည်းလမ်းအမျိုးမျိုးကို ငါ စဉ်းစားပါ့မယ် ယန်အာ။”
“ကြီးမြတ်သော ဧကရာဇ်ရဲ့ခရမ်းချီကိုလည်း အဲ့ဒီမှာ တွေ့ထားသေးတယ်။ ယန်အာ့ကို အဲ့ဒီနေရာဆီ သယ်ပြီးတာနဲ့ ခရမ်းချီကို မင်းရဲ့ကိုယ်တွင်းထဲ ဝင်ရောက်နိုင်ဖို့ နည်းလမ်းလည်း ဆရာသခင်က ကြိုးစားရှာပါဦးမယ်။ အဲ့ဒါဆိုရင် ယန်အာ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက တိုးတက်လာပြီး မင်းအတွက် အရမ်းကောင်းသွားမှာ။”
“ကျေးဇူးပြုပြီး မြန်မြန် နိုးထလာပါတော့ ယန်အာ။ ဆရာသခင် မင်းရဲ့ပြုံးပျော်နေတဲ့ အမူအရာလေးတွေကို တွေ့မြင်ချင်လှပါပြီ။”
“…”
ထန်ရှု ညအထိတိုင် တတွတ်တွတ် စကားပြောဆိုနေပြီးမှ ရောင်ဝါတောက်ပစေတီအတွင်းမှ ထွက်လာခဲ့သည်။ စားသောက်ဆိုင်၏ စားသောက်ခန်းတွင် သူ ရှိနေစဉ် အိုးရန်လူလူ ရောက်လာသည်။
“ထန်ရှု… နင် ငါ့ရဲ့ဂျက်လေယာဉ်ကို ငှားချင်နေတယ်လို့ ကြားတယ်။”
သူမက ထန်ရှုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူမသည် စိုးစဉ်းမျှ ယဉ်ကျေးမှုမရှိဘဲ စားပွဲပေါ်မှ ပန်းကန်တစ်ခုအား ကောက်ကိုင်ကာ တခြားတစ်ဖက်သို့ ပစ်ရန်ကြိုးစားရင်း မေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်။” ထန်ရှုက အဖြေပေးသည်။
အိုးရန်လူလူက သူ့အား မျက်လုံးပြူးပြကာ လေသံခပ်ဆတ်ဆတ်ဖြင့် ပြောသည်။
“မငှားဘူး။ ငါ နင့်ကို မငှားဘူး။”
“အမ်…” ထန်ရှုက တစ်ချက်တွေကနဲ ဖြစ်သွားပြီး ချက်ချင်းပင် ရယ်မောကာ
“ငါတို့က သူငယ်ချင်းတွေ ဟုတ်တယ်မလား။”
“ဟွန့်…” အိုးရန်လူလူ နှာခေါင်းရှုံ့ပြလိုက်ပြီး
“သူငယ်ချင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ငါ့ကို မခြိမ်းခြောက်စမ်းပါနဲ့။ ငါ အချိန်အကြာကြီး နားပူနားဆာ လုပ်ထားတာတောင် နင့်ကတိကို ခုထိ မဖြည့်ပေးသေးဘူးနော်။”
“ငါက နင့်ကို ကတိပေးထားတာလား။” ထန်ရှု ပဟေဠိဖြစ်ကာ ပြန်မေးလိုက်သည်။
“ဘာကတိတွေများ ငါ ပေးမိတာလဲ။”
အိုးရန်လူလူ တူတစ်စုံအား ပြင်းထန်စွာ ထိုးချေလိုက်ပြီး စားပွဲပေါ်လက်ထောက်ကာ ခါးကိုင်းလျက် စိတ်ဆိုးမာန်ဆိုးလေသံဖြင့်
“ငါ့အိမ်ကိုလိုက်ပြီး ငါ့မိဘတွေကို တွေ့မယ်လို့ နင် ကတိပေးထားတာလေ မဟုတ်ဘူးလား။ အဲ့ဒီနောက် ဘာများဖြစ်လာလို့တုန်း။ ၂လတောင် ကြာသွားပြီ ဟုတ်တယ်မလား။ အခုချိန်ထိ ငါ့အိမ်ကို နင်မရောက်သေးဘူးလေ။”
“…” ထန်ရှု ပြောစရာစကားမဲ့ကာ ဆွံ့အသွားရသည်။
များပြားလှသည့်ကိစ္စရပ်များကြောင့် အိုးရန်လူလူအား သူပေးခဲ့သည့် ကတိအား မေ့လျော့သွားခဲ့ခြင်း ဖြစ်တော့သည်။ တုံ့ဆိုင်းနေပြီးမှ
“ဒီနေ့ညသွားရင်ရော ဘယ်လိုလဲ။”
အိုးရန်လူလူက ခေါင်းမော့ကာ မြည်တွန်တောက်တီးဟန်ဖြင့်
“ဒီနေ့ညတော့ မရဘူး။ ငါ့မိဘတွေ ကျွန်းပေါ်မှာ မရှိတော့ နင် အခုသွားလည်း အသုံးမဝင်ဘူး။ ဟူး…မေ့လိုက်တော့။ ငါ့အကျိုးအတွက် မိဘတွေကို နင် လိုက်တွေ့ချင်စိတ်ရှိသေးတာ ထောက်ပြီး နင့်ကို ငါ ရန်မတွေ့တော့ဘူး။ ငါ့လေယာဉ်က လေဆိပ်မှာပဲ ရပ်ထားလို့ နင် ဆန္ဒရှိသလို သုံးနိုင်တယ်။ လေယာဉ်မှူးနဲ့ လေယာဉ်မောင်တွေရဲ့ဖုန်းနံပါတ်ကို နင့်ဆီ ငါ ပို့ပေးလိုက်မယ်။ နင်လိုတဲ့အချိန် သူတို့ကို ခေါ်လိုက်လေ။”
“ကျေးဇူးတင်ပါတယ်။”
အိုးရန်လူလူ မျက်လုံးပြူးပြလိုက်သည်။ သူမက တူတစ်စုံအား ကောက်ကိုင်လိုက်ရင်း
“နင်နဲ့ သိရတာ တကယ်ကို ကံဆိုးတာပဲဆိုတာကို နင်သိလား။ နင်က နိုင်ငံခြားသွားပြီး ပျော်မြူးနေတာ ငါ့ကိုတောင် ခေါ်မသွားဘူး။ ငါလည်း ဂရုမစိုက်တော့ဘူး။ စကားကောင်းပဲ ပြောရအောင်။ နောင်ကို နင် အပြင်ကို သွားတိုင်း ငါ့ကို ခေါ်သွားတာ ပိုကောင်းမယ်။”
“ပြသနာ မရှိပါဘူး။” ထန်ရှုက ရယ်ရင်း ကတိပေးလိုက်သည်။
ညစာစားပြီးနောက် ထန်ရှု ထရပ်လိုက်ကာ
“ငါ အခု သွားတော့မယ်။ ပစ္စည်းတွေ သိမ်းပြီးရင် ဒီညပဲ ကြယ်တာရာကို ပြန်မလို့။ သဘက်ခါကျရင် ရှန်ဟိုင်းတက္ကသိုလ်မှာ စာရင်းသွင်းဖို့ သွားရဦးမယ်။”
“ငါ တစ်ခုခု ဆုံးဖြတ်ပြီးပြီ။” အိုးရန်လူလူက အလျင်အမြန် ပြောလိုက်သည်။
“ဟမ်…” ထန်ရှု ပဟေဠိဖြစ်သွားကာ ပြန်မေးမိသည်။ “မင်းက ဘာကို ဆုံးဖြတ်တာလဲ။”
“ဟွန့်… မပြောပြဘူး။ နောက်မှ ပြောပြမယ်။”
***