← Chapters

ထူးကဲသာလွန်သော

Vol. 07 Ch. 318

ထူးကဲသာလွန်သော

Vol. 07 Ch. 318

ကြယ်တာရာမြို့၏ညလေးသည် စိတ်ကူးယဉ်ပန်းချီကားပုံနှယ် ထွန်းလင်းတောက်ပနေခဲ့သည်။ ကောင်းကင်ယံမှ ကြယ်အလင်းများသည် ပန်းချီကားတစ်ချပ်မှ ဖြာထွက်နေသည့်သဖွယ်ဖြစ်ပြီး ရံဖန်ရံခါ ကြွေကျလာသော ကြယ်များကြောင့်လည်း သည်ညပန်းချီကားအား အလှပိုစေသည်။

တောင်တံခါးအိမ်ရာ လုံခြုံရေးနေရာ၏ အဓိကဝင်ပေါက်တွင်…

အသစ်ခန့်အပ်လိုက်သော လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဟုစီချန်းသည် ယူနီဖောင်းအသစ်အား ဝတ်ဆင်ထားပြီး လုံခြုံရေးအဖွဲ့၏ဒုခေါင်းဆောင်နှင့် စကားလက်ဆုံကျလျက်ရှိသည်။

“အဖိုးကြီးရန်… ငါ ရုံးချုပ်တွေမှာ လုံခြုံရေးခေါင်းဆောင်အဖြစ် လုပ်ဖူးပါတယ်။ နေ့တိုင်း နေ့ရောညရော အလုပ်မများတဲ့နေ့ကို မရှိဘူးကွာ။ ဒီမှာလုပ်ရတာ တကယ်ကို အနားရပြီး လှုပ်လှုပ်ရှားရှား မလုပ်ရဘူး။ ငါးတစ်ကောင် ရေထဲကနေ ရုတ်တရက် ထွက်လာရသလိုပဲ။” ဟုစီချန်းက တစ်ချက်ပြုံးကာ လက်ရှိအခြေအနေအား ကျေနပ်စွာဖြင့် ပြောလိုက်သည်။

ဒုခေါင်းဆောင်ရန်ဘင်က ပြုံးလိုက်ပြီး

“ဒီမှာ နေကြတဲ့ အိမ်အားလုံးနီးပါးက ချမ်းသာပြီး သြဇာရှိကြတဲ့သူတွေ များတယ်။ သူတို့က ထင်ရှားတဲ့အခြေအနေရှိသလို အကျင့်ကောင်းလဲရှိကြတော့ ငါတို့ကို ပြသနာပေးတာ ရှားပါတယ်။ နောက်ပြီး ငါတို့ရဲ့လုံခြုံရေးအဖွဲ့က လူများပြီး တင်းတင်းကျပ်ကျပ်ကို စောင့်ကြပ်နေတာဆိုတော့ ပုံမှန်အားဖြင့် ပြသနာမဖြစ်တာ တစ်နှစ်ကျော်ရှိရော့မယ်။”

ဟုစီချန်းက အိမ်ခြံဝင်းများဘက်သို့ ကြည့်လိုက်ပြီး အားကျစွာ သက်ပြင်းချလိုက်ကာ

“ဒါအမှန်ပဲ။ ဒီမှာ နေနိုင်တဲ့သူတွေက သေချာပေါက် ငွေပြတ်နေတဲ့သူတွေ မဟုတ်ကြဘူး။ ငါလည်း ဘယ်တော့များမှ ဒီလိုအိမ်ခြံမျိုးနဲ့ နေနိုင်ပါ့မလဲ မသိဘူး။”

ရန်ဘင်က ပြုံးလိုက်ပြီး မည်သို့မျှ ပြန်မပြောချေ။ သို့သော် စိတ်ထဲတွင် သူက ဟုစီချန်းက ပြက်ရယ်ပြုနေသည်။ သည်နေရာတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခြင်းခံရသော လုံအုပ်စု၏လုံခြုံရေးခေါင်းဆောင် ဖြစ်သော်လည်း သူ၏အများဆုံး လစာသည် ထိုဉာဏလုပ်သားများအဆင့်တွင် အမြင့်ဆုံး ဖြစ်ပေလိမ့်မည်။ ထိုလစာအဆင့်ဖြင့် သည်နေရာတွင် အိမ်ခြံတစ်ခု ဝယ်လိုခြင်းသည် အညံ့ဆုံး အိမ်ခြံကိုပင်လျှင် သူ ဝယ်နိုင်ရန် နှစ်၁၀၀ သို့မဟုတ် ၂၀၀ ကုန်ဆုံးမည်ဖြစ်ရာ အိပ်မက်မျှသာ ဖြစ်ပေလိမ့်မည်။

“ကျွီ…”

တက္ကစီတစ်စီးသည် အိမ်ရာဝင်းကြီး၏ ဝင်ပေါက်ရှေ့တွင် ထိုးဆိုက်လာသည်။

ထန်ရှုသည် ခရီးဆောင်အိတ်ကို လွယ်ကာ ဆင်းလာပြီး ကားမောင်းသမား၏ပြန်အမ်းငွေအား ယူလိုက်သည်။ ထို့နောက် သူသည် ဝင်ပေါက်မှ လုံခြုံရေးနေရာသို့ တည့်မတ်စွာ လျှောက်လာခဲ့သည်။ အိမ်မပြန်သည်မှာ တစ်လကျော် ၂လခန့် ရှိပြီဖြစ်သောကြောင့် အိမ်သို့ပြန်လာရခြင်းသည် ထန်ရှုအား ပျော်ရွှင်စေသည်။

“ရပ်လိုက်။ မင်း ဘယ်သူ့ကို လာရှာတာလဲ။”

ဟုစီချန်းသည် ရုံးချုပ်များတွင် အလုပ်လုပ်ဖူးသောကြောင့် တင်းမာသောလေသံနှင့် ပြတ်သားသော သဘောထားအား အသုံးပြုနေဆဲ ဖြစ်သည်။ လူတိုင်းအား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် သူ၏အကျင့် ဖြစ်လာခဲ့သည်။

ထန်ရှုက မျက်မှောင်ကြုပ်သွားရင်း “ကျွန်တော်က ဒီမှာ နေတာလေ။”

“မင်း…”

ဟုစီချန်း စကားပြောလိုသော်လည်း အနောက်မှ ရန်ဘင်၏လျင်မြန်စွာဆွဲထားခြင်းအား ခံလိုက်ရသည်။ ချိုသာသောအပြုံးဖြင့် ရန်ဘင်က လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။

“အာ… ပြန်လာပြီပေါ့ မစ္စတာထန်။ မမြင်ရတာတောင် အတော်ကြာသွားပြီ။”

ထန်ရှုက သူ့အား ပြုံးပြရင်း ခေါင်းညိတ်လိုက်ကာ

“ကျွန်တော် အပြင်မှာ လုပ်စရာလေးတွေ ရှိနေလို့ပါ။ အခုမှ ပြန်လာဖြစ်တယ်။”

ထိုသို့ ပြောပြီးနောက် သူက ဟုစီချန်းအား တစ်ချက်ကြည့်လိုက်က အိမ်ရာဝင်းကြီးအတွင်းသို့ လမ်းလျှောက်သွားတော့သည်။

ထန်ရှု ပျောက်ကွယ်သွားသည်အထိ အတွင်းထောင့်တွင် စောင့်ကြည့်နေရင်း ရန်ဘင်က သူ၏မျက်နှာထက်မှ ချွေးစီးအေးများအား တိတ်တဆိတ် သုတ်လိုက်ရသည်။ ထို့နောက် သူက မချိပြုံး ပြုံးလိုက်ရင်း

“ခေါင်းဆောင်…ခေါင်းဆောင်ရဲ့သဘောထားကို ပြောင်းသင့်နေပြီ။ သည်နေရာက ကြယ်တာရာက တန်ဖိုးကြီး အိမ်ရာဝင်းကြီးပါ။ ကျွန်တော်တို့ လုံအုပ်စုရဲ့ရုံးချုပ်တွေ မဟုတ်ဘူးလေ။ သည်နေရာမှာ နေတဲ့သူတွေက ကျွန်တော်တို့ ပြစ်မှားလို့မရနိုင်တဲ့ ကြီးမြတ်တဲ့ ပုံရိပ်တွေ ရှိကြတယ်။”

ဟုစီချန်းက မျက်မှောင်ကြုပ်လိုက်ရင်း တုံ့ပြန်လိုက်သည်။

“မင်း ဘာကို ဆိုလိုတာလဲ။ သည်ချာတိတ်က သူ ဒီမှာနေတယ်လို့ ပြောလိုက်တယ်မဟုတ်လား။ အရင်တုန်းက မင်း သူ့ကို မြင်ဖူးလား။”

စိတ်မပါသော်လည်း ရန်ဘင်က တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ခေါင်းဆောင်…ကျွန်တော်တင် မဟုတ်ဘူး။ ဒီမှာရှိတဲ့ လုံခြုံရေးတစ်ဖွဲ့လုံး သူ့ကို မြင်ဖူးကြတယ်။ သူ့နေရာမှာ တခြားသူသာဆိုရင် ကျွန်တော် ဒီလိုမျိုး ပြုံးပြီး စကားပြောဖြစ်မှာမဟုတ်ဘူးရယ်။ သူက ထန်ရှု…သည်အိမ်ရာဝင်းထဲက အကောင်းဆုံး အိမ်ခြံဝင်းထဲမှာ နေတယ်။”

“မင်း ဘာပြောလိုက်တာ။ သူက အကောင်းဆုံး အိမ်ခြံဝင်းထဲမှာ နေတာဟုတ်လား။”

ဟုစီချန်းက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ဘေးပတ်လည်အား ကြည့်ပြီး ဘယ်သူမှ မရှိမှန်းသေချာတော့မှ ရန်ဘင်က ခေါင်းညိတ်ပြရင်း လေသံတိုးတိုးဖြင့်

“ဟုတ်တယ်။ အဲ့ဒီအိမ်က သူ့ဟာ။ နောက်ပြီး အယုံကြည်ရဆုံးသတင်းတစ်ခု ကျွန်တော် ကြားထားသေးတယ်။ သူက အဲ့ဒီအိမ်ကို ဝယ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ကျော်ကြားတဲ့ သခင်လေးလုံက သူ့ကို လက်ဆောင်ပေးထားတာတဲ့။ ခင်ဗျား သိဦးမှာမဟုတ်ဘူး။ ထန်ရှုနဲ့ သခင်လေးလုံက အရမ်း…အရမ်းကို ရင်းနှီးတဲ့ဆက်ဆံရေးရှိကြတယ်။”

အံ့သြတုန်လှုပ်ရင်း ဟုစီချန်းက အလျင်စလို မေးလိုက်သည်။

“မင်း ပြောနေတာ အကြီးအကဲလုံ… လုံကျန့်ယုလား။”

ရန်ဘင်က ခေါင်းညိတ်ပြရင်း

“ဟုတ်တယ် အကြီးအကဲလုံ…လုံကျန့်ယု သူပဲ။ နောက်ပြီး ခေါင်းဆောင်က ခုမှ ဒီနေရာကို ရောက်တာမို့လို့ မသိသေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိသေးတယ်။ ထန်ရှုက သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အတော်သြဇာကြီးတဲ့လူတစ်ယောက်ပဲ။ တောင်တံခါးအိမ်ရာမှာ သူ့ကို လာရှာတဲ့ သြဇာအာဏာရှိသူတွေက ငါးယောက်ထက် မနည်းဘူး။”

“သူတို့က ဘယ်သူတွေလဲ။” ဟုစီချန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

ရန်ဘင်က လေသံတိုးတိုးဖြင့်

“ကျွန်တော်တို့ရဲ့ သူဋ္ဌေးကြီး လုံဟန်ဝမ်၊ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းက သူဋ္ဌေးကြီး ချန်းကျီကျုံး၊ ခမ်းနားသောထန် လုပ်ငန်းစုကြီးက အထွေထွေမန်နေဂျာ ခန်းရှ၊ နောက်ပြီး သက်တော်စောင့်တွေနဲ့ လာတဲ့ အခြေအနေမသေးတဲ့ လူတွေအများကြီးရှိသေးတယ်။ ထန်ရှုကို တွေ့ဖို့လာကြတာ။”

“ရှီး…” ထိုစကားကို ကြားသည်နှင့် ဟုစီချန်း ရုတ်တရက် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။ ဟုစီချန်း အစောပိုင်းက သူ၏သဘောထားအတွက် ထန်ရှုမှာ စိတ်သဘောထားသေးသိမ်ပြီး ရန်ငြိုးထားတတ်သောသူ ဖြစ်နေမည်ကို တွေးကြောက်ကာ ကြိတ်ပြီး စိုးရိမ်စိတ်များ ဝင်လာသည်။ သူဋ္ဌေးကြီး သို့မဟုတ် အကြီးအကဲလုံကျန့်ယုတို့နှင့် ထိုအကြောင်းအတွက်သာ ပြောရမည်ဆိုပါက သူ၏တောင်တံခါးအိမ်ရာ လုံခြုံရေးခေါင်းဆောင်ဟူသော ရာထူးလေးပင် ဆုံးရှုံးသွားပေတော့မည်။

“ဒုက္ခပါပဲ။” ဟုစီချန်း ခါးသီးစွာ ရေရွတ်လိုက်မိသည်။

“ခေါင်းဆောင် ခင်ဗျားရဲ့ဝမ်းကွဲကို ရှာထားဖို့ လိုတယ်။ ကျွန်တော် သိသလောက်ဆိုရင် မန်နေဂျာလုံနဲ့ ထန်ရှုကလည်း ဆက်ဆံရေးကောင်းတစ်ခုရှိကြတယ်။” ရန်ဘင်က တီးတိုးပြောလိုက်သည်။

ဟုစီချန်း တစ်ခဏမျှ တွေဝေသွားပြီး အံ့အားသင့်စွာဖြင့်

“မင်း ဆိုလိုတာက…”

“ဟုတ်တယ်။” ရန်ဘင်က တည့်တိုးအဖြေပေးလိုက်သည်။

“ငါ သဘောပေါက်ပြီ။” ဟုစီချန်းက ခေါင်းတစ်ချက်ညိတ်ရုံသာ တတ်နိုင်တော့သည်။

တောင်တံခါးအိမ်ရာ၏အကောင်းဆုံးခြံဝင်းထဲတွင် မုချင်းဖျင်သည် ဂူရင်အား ပွေ့ဖက်လျက် စာအုပ်တစ်အုပ်အား ဖတ်နေသည်။ ဂူရင်သည် နားကြပ်တပ်ဆင်ထားပြီး သူမ၏ဟန်ပန်သည် ငြိမ်သက်နေသော ကြောင်ပေါက်စလေး တစ်ကောင်သဖွယ် ဖြစ်သည်။

ထိုအချိန်တွင် မုချင်းဖျင်သည် ပုံမှန်အတိုင်း ထိုင်နေသော်လည်း သူမ၏ကိုယ်ဟန်အမူအရာမှာ ထူးခြားသောအော်ရာအား ထုတ်လွှတ်လျက်ရှိသည်။ သူမ၏လှုပ်ရှားမှု သို့မဟုတ် အမူအရာသည် “မြင့်မြတ်သောအော်ရာ”အား ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေပေသည်။

“အစ်မကြီးမု…”

ခန်းမအတွင်းမှ သားအမိ၂ယောက်အား ကြည့်ရင်း ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်မိသည်။ မုချင်းဖျင် အသံလာရာဆီသို့ လှမ်းကြည့်ရင်း အံ့အားသင့်သွားသည့်ဟန်ရှိသည်။ ထန်ရှုအား မြင်သောအခါ သူမ၏မျက်နှာထက်တွင် ပျော်ရွှင်သောအမူအရာ ပေါ်လာသည်။ သမီးဖြစ်သူအား ညင်သာစွာ တွန်းဖယ်လိုက်ပြီး ထရပ်လိုက်ကာ ခါးအနည်းငယ်ကွေးညွှတ်လျက် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“ထန်ရှု ပြန်လာပြီ။ ညိုသွားတယ်ထင်ရပေမယ့် ပိုမိုကျန်းမာပြီး စိုပြည်လာသလိုပဲ။”

“နေရောင်က အပြည့်ရတော့ အသားညိုတာက ရှောင်လွှဲလို့မရဘူး။” ထန်ရှုက ပြုံးကာ ပြောသည်။

“ဒါနဲ့ ပြင်ပလေ့ကျင့်မှုက ဘယ်လိုလဲ။ နည်းပြ၄ယောက်လုံး ပြန်သွားကြပြီလား။”

“သူတို့ပြန်သွားကြပြီ။” မုချင်းဖျင် ခေါင်းညိတ်သည်။

“သူတို့က တကယ်ကောင်းတဲ့ နည်းပြတွေပါ။ အစ်မကြီးကိုလည်း ဒီကာလအတွင်းမှာ အများကြီး သင်ကြားပေးခဲ့ကြတယ်။ ပြန်ပြောရမယ်ဆိုရင် မိသားစုရဲ့အဓိကကျတဲ့ နေ့စဉ်လိုအပ်ချက်တွေနဲ့ အခြားအရာလေးတွေကို စီစဉ်ပေးရတာက အလုပ်ရဲ့လိုအပ်ချက်လို့ အမြဲတွေးနေခဲ့မိတယ်။ ဒါပေမယ့် ကမ္ဘာ့ထိပ်တန်း အိမ်တော်ထိန်းတွေကလည်း အစုံသုပ်လုပ်ရတဲ့သူတစ်ယောက်ဆိုတာ  အစ်မကြီး နည်းနည်း သိလာတယ်။ ဟုတ်တယ်…ဒီဟာက ပုဂ္ဂလိကခေါင်းစဉ်ကနေ ကမ္ဘာ့ထိပ်တန်း အိမ်တော်ထိန်းအဖြစ်သို့ ရွေ့သွားတာပါပဲ။”

ထန်ရှု ရယ်လိုက်မိသည်။ သူက ခေါင်းယမ်းလျက်

“အစ်မကြီးမု… ကျွန်တော် နဂါးကိုးကောင်ကျွန်းက ပြန်လာတာ။ အဲ့ဒီမှာ ပြန်လည်တည်ဆောက်ရေးတော့ စနေပြီ။ ဧရိယာက အတော်ကြီးမားပြီး စီမံရမယ့်အရာတွေအများကြီး ရှိတယ်။ အဲ့ဒါကြောင့် အစ်မကြီး အသေးအဖွဲအလုပ်လေးတွေထက် အခြေအနေတစ်ခုလုံးကို ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တစ်ခု လိုတယ်။ အစ်မကြီးအတွက် ယုံကြည်ရမယ့်လက်ထောက်တွေကိုလည်း ရှာနေပါတယ်။ အစ်မကြီး အုပ်ချုပ်ဖို့ မလွှတ်ခင် သူတို့ကို ပြည်ပမှာ အချိန်ကာလတစ်ခုလောက်တော့ လေ့ကျင့်ပေးရဦးမယ်။”

“နားလည်ပြီ။” မုချင်းဖျင်က အပြုံးဖြင့် ခေါင်းညိတ်ပြသည်။

သည်အချိန်တွင် ဂူရင်က သူမ၏နားကြပ်အား ဖယ်ရှားကာ တောက်ပသောအပြုံးဖြင့် ထန်ရှုအား ပွေ့ဖက်လာပြီး

“ဆရာသခင် နောက်ဆုံးတော့ ပြန်လာပြီ။ အဖွားက နေ့တိုင်း ဆရာသခင့်အကြောင်း ပြောနေခဲ့တာ။ ဆရာသခင်သာ ပြန်မလာရင် သူမ လိုက်ရှာမှာ သေချာတယ်။”

“ငါ သိတယ်။” ထန်ရှုက ရယ်လိုက်သည်။

“ရင်ရင့်အဖွားက ငါ့ဆီ ဖုန်းအများကြီး ခေါ်ထားတယ်လေ။”

ချက်ချင်းပင် ထန်ရှုက မုချင်းဖျင်အား ကြည့်ကာ

“အမေ ပြန်လာသေးလား။”

“ပြန်မလာဘူး။” မုချင်းဖျင်က ပြုံးရင်း ပြန်ဖြေသည်။

“သူတို့ စားသောက်ဆိုင်မှာ အလုပ်တွေရှုပ်နေကြတော့ ဒီမှာ နေတာ ရှားတယ်။ တစ်ပတ်မှာ အများဆုံးမှ ၂ရက်လောက်ပဲ နေတယ်။”

ထန်ရှု တစ်ချက်စဉ်းစားလိုက်ရင်း ခေါင်းညိတ်သည်။

“ကျွန်တော် သိပြီ။ ရင်ရင် အမေနဲ့ ခဏကစားလိုက်ဦး။ ငါ ရေမိုးချိုး အဝတ်အစားအရင်လဲံလိုက်ဦးမယ်။ ပြီးရင် ဆိုင်ဘက်သွားကြတာပေါ့။”

“ကောင်းတယ်။” ဂူရင်က ချက်ချင်းပင် ပျော်ရွှင်သွားဟန်ဖြင့် တုံ့ပြန်သည်။

“နေပါဦး။ အစ်မကြီး နင့်ကို သတင်းပို့စရာတစ်ခုရှိသေးတယ်။” မုချင်းဖျင်က အလျင်အမြန် ပြောလိုက်သည်။

“ဘာများလဲ။” ထန်ရှုက ပဟေဠိဖြစ်စွာ မေးလိုက်သည်။

“ကြယ်တာရာတိုင်းရင်းဆေးရုံက အကြီးအကဲပါ။ သူ ဒီကို နေ့တိုင်းနီးပါး လာတယ်။ သူ့ကြည့်ရတာ အလျင်လိုနေတဲ့ပုံပဲ။ နင် ပြန်လာတာနဲ့ သူ့ကို ချက်ချင်းဆက်သွယ်ဖို့ မှာထားတယ်။”

လီဟွန်ဂျီလား။

လီဟွန်ဂျီအား သူ ကတိပေးခဲ့သည်ကို ပြန်လည်တွေးတောရင်း ထန်ရှု စိတ်တွင်းမှ မချိပြုံး ပြုံးလိုက်မိသည်။ သဘက်ခါသည် စက်တင်ဘာလ၁ရက်နေ့ဖြစ်ပြီး သူသည် ရှန်ဟိုင်းတွင် ကျောင်းစာရင်းသွားအပ်ရန် မနက်ဖြန်ညနေတွင် ကြယ်တာရာမှ ထွက်ခွာတော့မည်ဖြစ်သည်။ ဆေးရုံသို့သွားရန် မည်သို့ အချိန်ရှိပါမည်နည်း။

တစ်ခဏမျှ တွေးတောရင်း ထန်ရှုက လီဟွန်ဂျီဆီ ဖုန်းဆက်လိုက်သည်။

“ထန်ရှုလား။” လီဟွန်ဂျီ၏အံ့အားသင့်နေသောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ဟုတ်ကဲ့ ထန်ရှုပါ ဆေးရုံအုပ်လီ။ အခြေအနေအရပ်ရပ်ကြောင့် ကျွန်တော် ပြန်လာတာ နောက်ကျသွားတယ်။ ဆေးရုံမှာ ကျွန်တော့်ကို ဆေးကုစေချင်တာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သဘက်ခါကျရင် ရှန်ဟိုင်းတက္ကသိုလ်မှာ စာရင်းသွားသွင်းဖို့ ကြယ်တာရာ ကျွန်တော် ထွက်ခွာရဦးမယ်။ ကျွန်တော် ရှန်ဟိုင်းမှာ စာရင်းသွင်းပြီး အောက်တိုဘာအားလပ်ရက်မှာ ပြန်လာပြီး ဆေးကုပေးရင်ရော ဘယ်လိုလဲ။”

“ဒါ…”

လီဟွန်ဂျီ အချိန်အတော်ကြာမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ ကသိကအောက်ဖြစ်သောအပြုံးဖြင့်

“ဒီလိုဆိုမှတော့ ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ထန်ရှု… ချိန်းထားတာကို ထပ်ပြီး မဖျက်နဲ့တော့ကွာ။ ငါ မင်းကို အောက်တိုဘာ၁ရက်နေ့ ကြယ်တာရာဆေးရုံမှာ စောင့်နေမယ်။”

“အဆင်ပြေတယ်။” ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

ဖုန်းချပြီးသည်နှင့် သူက ဒုတိယထပ်သို့ သွားကာ ရေမိုးချိုး အဝတ်အစားလဲလှယ်ပြီး ဂူရင်နှင့်အတူ မိသားစုစားသောက်ဆိုင်ရှိရာ ထွက်လာခဲ့သည်။ သူ၏မိခင်ဖြစ်သူအား အံ့အားသင့်စေလိုသောကြောင့် သူမအား အကြောင်းမကြားထားပါချေ။

“အာ… ငါ အတော်ကြီးကို ပျင်းနေပြီကွာ။”

စားသောက်ဆိုင်ဝင်ပေါက်တွင် ဘန်ရှိုသည် အနက်ရောင်ဝတ်စုံဖြင့် တောက်ပြောင်သော ဆံကေသာအား ပွတ်သပ်ကာ ပျင်းရိနေဟန်ရှိသည်။ သူ၏အရှေ့တွင် တူညီစွာ ပျင်းရိနေဟန်ရှိသော ဒင်ကျီက သွားကြားထိုးတံအား နှုတ်ခမ်းတွင် ကိုက်လျက် ရှိနေသည်။

“မင်းတို့၂ယောက် ပျင်းနေတယ်ဆိုရင် ငါက ပျော်စရာလေးတွေ ရှာပေးရမလား။”

ဂူရင်အား လက်ဆွဲလျက် ထန်ရှုက သူတို့အရှေ့တွင် ပေါ်လာသည်။

ဘန်ရှိုနှင့် ဒင်ကျီတို့ တခဏမျှ တွေတွေကြီး စိုက်ကြည့်နေမိရင်း ထန်ရှုအား တွေ့သော် မျက်လုံးများ အရောင်လက်သွားကာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

“သူဋ္ဌေး…ပြန်လာပြီ။”

“ငါ အခုလေးတင် ပြန်ရောက်တာ။” ထန်ရှုက ရယ်လိုက်ရင်း “အမေရော…”

“သူဋ္ဌေးရဲ့မိဘတွေက ဒီမှာပဲ။ ကျွန်တော် အခုပဲ သွားခေါ်လိုက်မယ်။” ဘန်ရှိုက လျင်မြန်စွာ ပြောသည်။

“နေ နေ…ငါတို့ဘာသာပဲ သွားလိုက်မယ်။” ထန်ရှုက လက်ဝှေ့ပြကာ ပြောလိုက်သည်။

“အာ..ဟုတ်သားပဲ။ မင်းတို့ စားသောက်ဆိုင်မှာ ပျင်းနေရင် ငါ မင်းတို့ကို အလုပ်သစ်ပေးမယ်။ မင်းတို့၂ယောက် ကောင်းကောင်းလုပ်နိုင်ရင် လစာ၂ဆရမယ်။”

“သူဋ္ဌေး ငါတို့ကို ဘာလုပ်ခိုင်းစေချင်တာလဲ။” ဘန်ရှိုနှင့် ဒင်ကျီတို့၏မျက်လုံးများ အရောင်လက်သွားကာ လျင်မြန်စွာ မေးလိုက်သည်။

“ငါ အမေ့ကို အရင်သွားတွေ့လိုက်ဦးမယ်။ ပြီးမှ မင်းတို့ကို အသေးစိတ်ပြောပြမယ်။” ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

All Chapters