← Chapters

အတိတ်ကဖြစ်ရပ်များအား ပြန်ပြောင်းသတိရခြင်း

Vol. 07 Ch. 319

အတိတ်ကဖြစ်ရပ်များအား ပြန်ပြောင်းသတိရခြင်း

Vol. 07 Ch. 319

စားသောက်ဆိုင်သည် လုပ်ငန်းကောင်းမွန်လှပြီး ဧည့်သည်များနှင့် ပြည့်ကျပ်နေသည်။ အစားအစာများသည် အရသာကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သောကြောင့် ပုံမှန်စားသုံးသူများအား နောက်ထပ်အကြိမ်များ ပြန်လာစေသည်။ စားသုံးသူများ၏ တစ်ယောက်စကား တစ်ယောက်နား တစ်ဆင့်စကားပါးမှုဖြင့် ထိုကြားရသော ကောင်းသတင်းများသည် စားသုံးသူအသစ်များကိုပါ တိုးပွားစေခဲ့သည်။

သည်အချိန်သည် စုလင်းယွမ်အား အပျော်တစ်ဝက် သောကတစ်ဝက်ဖြစ်နေသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စားသောက်ဆိုင် ချဲ့ထွင်ခြင်းအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်တိုင် ရောက်လာကြသော ဧည့်သည်များအား နေရာလောက်ငအောင် မပေးနိုင်သေးသောကြောင့် ဖြစ်ပေသည်။ စားသုံးသူများသည် နေ့တိုင်း စားပွဲများအား ကြိုတင်မှာကြားထားကြပြီး ဆိုင်ဖွင့်ပြီး ၂နာရီအတွင်း နေ့လည်နှင့် ညနေခင်းအတွက်ပါ စားပွဲများနှင့်သီးသန့်ခန်းများအား  ကြိုတင်မှာကြားထားခဲ့ကြသည်။

“ယွင်သဲ့… ကျွန်မတို့ အနီးနားက ဆိုင်တွေယူရင်ရော ဘယ်လိုလဲ။” ရုံးခန်းအတွင်းရှိ စုလင်းယွမ်က မျက်မှောင်တွန့်ထားရင်း မေးသည်။

တစ်လကျော် အနားယူလိုက်သောကြောင့် ထန်ယွင်သဲ့သည် ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး လက်ရှိတွင် သာမန်လူကောင်းတစ်ယောက်နီးပါး ဖြစ်နေပြီဖြစ်သည်။ ဇနီးဖြစ်သူ၏စကားအား ကြားသော် သူက ပြုံးလိုက်ပြီး

“မင်း လုပ်ချင်ရင် လုပ်ကြတာပေါ့။ စားသောက်ဆိုင်စီးပွားရေးကလည်း ကောင်းနေတယ်ဆိုတော့ ပိုက်ဆံများများရှာခြင်းက အမြဲကောင်းပါတယ်။”

“ခွိ…”

စုလင်းယွမ် ရယ်မောလိုက်ပြီး ယောကျာ်းဖြစ်သူအား ချစ်မျက်စောင်းတစ်ချက် ထိုးကာ အပြုံးဖြင့်

“ရှင် ချမ်းသာတာ ကျွန်မ သိပါတယ်။ နောက်ပြီး ရှင်တို့နဲ့ စားသောက်ဆိုင်စီးပွားရေးဆိုတာကလည်း အပ်စပ်မှု မရှိနိုင်ဘူးလေ။ ဒါပေမယ့် ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဘဝကို ကျွန်မ ဘယ်တော့မှ ကျင့်သားရမှာမဟုတ်ဘူး။ အောက်ခြေကစပြီး ငွေကြိုးစားရှာဖွေရတာ ပိုပြီး လုံခြုံစိတ်ချရမှုရှိတယ်လို့ ကျွန်မ ခံစားရတယ်။”

“ယွမ်လေး… မင်းနဲ့အစ်ကိုက ကမ္ဘာပေါ်မှာ အနီးစပ်ဆုံးရှိတဲ့ ဇနီးမောင်နှံတွေပါ။ အစ်ကို့ရဲ့ဘဏ်ကတ်တွေရော ပိုင်ဆိုင်သမျှတွေရော မင်းကို ပေးထားပြီးပြီလေ။ ဘယ်အရာကများ မင်းကို မလုံခြုံစိတ်မချဖြစ်စေရတာလဲ။ နောက်ပြီး မင်းကို ထပ်ပြီးခွဲမသွားတော့ဘူးလို့လည်း ကတိပြုပြီးထားပြီမို့ စိတ်သက်တောင့်သက်သာ ထားနိုင်ပါတယ် မိန်းမရ။ တည်ငြိမ်လုံခြုံတဲ့ ဘဝလေးရှိပြီမို့ ပျော်ပျော်ရွှင်ရွှင် နေစမ်းပါ။ ယွမ်လေး လုပ်ချင်သမျှ အရာတိုင်း အစ်ကိုက အပြည့်အ၀ အထောက်အပံ့ လုပ်မှာပါ ဟုတ်ပြီလား။”

ထန်ယွမ်သဲ့၏ထိုစကားအား ကြားရသည့် စုလင်းယွမ်၏နှလုံးသားသည် နွေးထွေးလာရပြီး သူမ၏မျက်ဝန်းအစုံသည်လည်း ခံစားမှုများ ပြည့်နှက်လာခဲ့သည်။

ရုတ်တရက် သူမက မေးလိုက်သည်။

“ကျွန်မ ဆံပင်တွေဘာတွေပြင်လိုက်ရင် ပိုနုသွားမလား ပြောပါဦး။”

ထန်ယွမ်သဲ့ အံ့အားသင့်သွားရင်း ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားကာ

“မင်း အဲ့ဒါတွေ မလုပ်ရင်တောင်မှ အစ်ကို့မျက်လုံးထဲမှာ အမြဲတမ်း အလှဆုံးမိန်းကလေးပါပဲ။ ဒါပေမယ့် ယွမ်လေး လုပ်ချင်သပဆိုရင်လည်း အစ်ကို အဖော်လိုက်ပေးမယ်။”

“အာ…အဖော်လိုက်ပေးဖို့ မလိုပါဘူး အစ်ကိုရယ်။”

ထိုကဲ့သို့သာ သူမ ပြောလိုက်ရသော်လည်း သူမ၏နှလုံးသားလေး လှုပ်ခါသွားခဲ့ရသည်။ သို့သော်လည်း ထိုကဲ့သို့မျိုး သူမ တစ်ခါမှ မလုပ်ဖူးသကဲ့သို့ ထိုအရာများ ပြုလုပ်ခြင်းသည် ဈေးကြီးမှန်းသိသောကြောင့် မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

သူမအနေဖြင့် ပင်ပန်းခက်ခဲခြင်းနှင့် ဆင်းရဲခြင်းတို့အား မြည်းစမ်းကြည့်ပြီးပြီဖြစ်သည်။

သူမ ငွေမည်မျှ ပိုရှာနိုင်စေကာမူ ထိုအရာမျိုးအတွက် တစ်ပြားမျှ ငွေကုန်မခံချင်ပါပေ။

“ဒေါက်…ဒေါက်…ဒေါက်…”

ရုံးခန်းတံခါးခေါက်သံနှင့်အတူ အပြင်မှ တံခါးဖွင့်လာသည်။ ဂူရင်အား လက်ဆွဲကာ ဝင်လာသော ထန်ရှုသည် စုလင်းယွမ်နှင့် ထန်ယွင်သဲ့တို့နှစ်ယောက် ဆိုဖာပေါ်တွင်ထိုင်ကာ စကားပြောနေသည်ကို မြင်သည်။

“အဖိုး…အဖွား…”

ဂူရင်က ထန်ရှ၏လက်အား ဖြုတ်ကာ ရွှင်မြူးစွာ ပြေးဝင်သွားသည်။

စုလင်းယွမ်သည် ထန်ရှုအား တွေ့လိုက်သော် အံ့သြဝမ်းသာသွားရသည်။ ပြေးဝင်လာသော ဂူရင်အား ပွေ့ဖက်ကာ သူမ၏နူးညံ့ကာ ချစ်စရာကောင်းသော မျက်နှာလေးအား ညင်သာစွာ နမ်းလိုက်ပြီးနောက် ထန်ရှုအား ကြည့်လိုက်ရင်း

“ကောင်စုတ်လေး… အမေကို ကြိုအသိမပေးဘဲ ဗြုန်းဒိုင်းကြီး ပြန်လာတယ်ပေါ့လေ။ ဟယ်… သားရဲ့အသားအရေကိုလည်း ကြည့်စမ်းပါဦး။ အသားတွေမည်းပြီး ပိန်သွားလိုက်တာ။ အပြင်မှာ ပင်ပင်ပန်းပန်းတွေ လုပ်ခဲ့တာဖြစ်ရမယ် ဟုတ်တယ်မလား။”

“ကျွန်တော် ပင်ပင်ပန်းပန်း လုပ်ရတာမရှိပါဘူးအမေ။ နေရောင်ကြောင့် အသားညိုသွားတာပါ။” ထန်ရှုက ဖွဖွပြုံးကာ ပြန်ဖြေသည်။

ထိုသို့ ပြောပြီးနောက် သူသည် ထန်ယွမ်သဲ့ဘက်သို့ လှည့်ကာ

“အဖေ…”

ထန်ရှု၏နောက်ကျောအား ကြည့်နေသော ထန်ယွင်သဲ့မှာ စိတ်လှုပ်ရှားနေသည်။ အထူးသဖြင့် ထန်ရှုမှ သူ့အား “အဖေ…”ဟု ခေါ်လိုက်သောအခါ ထိုခေါ်သံသည် သူ့အား ရင်တွင်းထဲမှပင် လှုပ်ရှားစေခဲ့သည်။ သူက အပြုံးဖြင့်

“ပြန်လာတာ ကောင်းတယ်။ သားအမေက သားအကြောင်း နေ့တိုင်းပြောနေတာ။ အပြင်မှာ သား ပင်ပင်ပန်းပန်း ခံစားနေရမှာကို သားအမေက ကြောက်နေတယ်လေ။”

ထန်ရှုက သူ့အခြေအနေကောင်းမွန်ပါကြောင်းအား ဖော်ပြရင်း

“အမေ…အိမ်ပြန်ကြရအောင်။ အစ်မကြီးမုကို စားသောက်စရာတွေ ပြင်ခိုင်းထားတယ်။ ဆိုင်ကို တခြားလူတွေနဲ့ လွှဲထားခဲ့လိုက်ပါ။”

“အိုကေ… အမေ့သားပြန်လာတာကို အလုပ်ရှုပ်နေရင်တောင်မှ အမေ အချိန်ပေးရမှာပေါ့။” စုလင်းယွမ်က ခေါင်းညိတ်ကာ ပြုံးပြုံးကြီး ပြောလိုက်သည်။

“အာ…သားရေ။ သားရဲ့ကျောင်းဝင်ခွင့်အကြောင်းကြားစာကို အိပ်ခန်းထဲက အံဆွဲထဲမှာ ထည့်ထားတယ်။”

“ကျွန်တော် မနက်ဖြန်ည ရှန်ဟိုင်းသွားပြီး နောက်၂ရက်နေရင် ကျောင်းအပ်လိုက်မယ်။” ထန်ရှုက ပြောသည်။

“ရှုအာ… သားဒေါ်လေးက လွန်ခဲ့တဲ့ရက်က တစ်ခုခု ပို့ထားတယ်။ အဲ့ဒါလည်းပဲ သားအံဆွဲထဲမှာပဲ။ ရှန်ဟိုင်းက တက္ကသိုလ်ကျောင်းအဆောင်တွေမှာ သားမနေချင်ဘူးဆိုရင် အပြင်အိမ်ခြံမှာ နေလို့ရတယ်။ အဖေ ရှန်ဟိုင်းမှာ အိမ်တစ်ချို့ဝယ်ထားတယ်။ သားရဲ့အံဆွဲထဲမှာ လိုအပ်မယ့်အရာတွေနဲ့ သော့တွေ ထည့်ထားတာမို့ သားကြိုက်တဲ့အိမ်ကို ရွေးပြီး နေလို့ရတယ်။”

ထန်ယွင်သဲ့က ပြောလိုက်ခြင်းဖြစ်သည်။

ရှန်ဟိုင်းမှာ အိမ်တွေ ဝယ်ထားတာလား။

ထန်ရှုပင် အတော် အံ့အားသင့်သွားရသည်။ ရှန်ဟိုင်းတွင် အိမ်ဈေးမည်မျှ ကြီးသည်ကို လူတိုင်းသိပြီး လူအများအပြားမှာ ဝယ်ယူနိုင်ခြင်းမရှိပါချေ။ ချီတုံချတုံ ဖြစ်သွားပြီးနောက် ထန်ရှုက မေးလိုက်သည်။

“အဖေ… အဖေပြောတာ နားထောင်ကြည့်တာ အဖေက အတော်ချမ်းသာတာပဲ မဟုတ်လား။”

ထန်ယွင်သဲ့ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြရင်း

“အဖေက တစ်စုံတစ်ယောက်ကြောင့် ထိခိုက်နာကျင်ခဲ့ရပြီး သတိလစ်မေ့မျောတဲ့ဘဝကို ရုတ်တရက် ရောက်သွားခဲ့တယ်။ သားရဲ့အမေအပေါ် တာဝန်မကျေခဲ့သလို သားတို့သားအမိနှစ်ယောက်လုံးကို နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲစေခဲ့ရတယ်။ အဖေတို့ စားသောက်ရင်း စကားပြောကြရအောင်။”

ထန်ယွင်သဲ့တွင် ပြောစရာဇာတ်လမ်းတစ်ပုဒ်ရှိသည်ကို ထန်ရှု သိလိုက်သည်။ သတိလစ်နေရာမှ နိုးထလာသည့်တိုင်အောင် ထိုအကြောင်းအား သူလည်း ရှင်းလင်းစွာ မသိသေးပေ။

“အမေ သိမ်းစရာရှိတာ အရင်သိမ်းလိုက်ပါဦး။ ကျွန်တော် ဘန်ရှိုနဲ့ ဒင်ကျီတို့ကို ပြောစရာရှိနေလို့ တွေ့လိုက်ဦးမယ်။”

“သွားလေ။”

ထန်ရှုက ဂူရင်အား စုလင်းယွမ်တို့နှင့် ထားခဲ့လိုက်ပြီး ရုံးခန်းထဲမှ ထွက်လာသည်။ ဘန်ရှိုနှင့် ဒင်ကျီတို့အား ရှာပြီးနောက် စားသောက်ဆိုင်ခေါင်မိုးပေါ်သို့ တက်လာကြသည်။

“သူဋ္ဌေး… အခု ငါတို့ကို ပြောင်းမယ့် အလုပ်အကြောင်း ပြောတော့မှာလား။” ဘန်ရှိုက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းတို့၂ယောက်က ငါ့လက်အောက်ရောက်လာတဲ့ အစောဆုံး၂ယောက်ပဲ။ အချိန်အကြာကြီး စောင့်ကြည့်ခဲ့ပြီး အရင်တုန်းကအခြေအနေနဲ့ နှိုင်းယဉ်ကြည့်တော့ အခု အတော်လေးကို ရင့်ကျက်လာတာပဲ။ အဲ့ဒါကြောင့် အရမ်းအရေးကြီးပြီး စိန်ခေါ်မှုတွေပြည့်နေတဲ့ အလုပ်တစ်ခုကို ပေးဖို့ ပြင်ဆင်ထားတယ်။” ထန်ရှုက စကားဆိုလိုက်သည်။

ဘန်ရှိုနှင့် ဒင်ကျီတို့၏မျက်လုံးများတွင် အပျော်ရိပ်များ ပြောင်းလဲသွားသည်။ ထန်ရှု၏အသိအမှတ်ပြုမှုက သူတို့အား စိတ်လှုပ်ရှားစေသည်။

“ငါက မိဘမဲ့ကလေးတွေကို မွေးစားဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့် ငါကိုယ်တိုင်ရှာဖို့က သိသာစွာကို လက်တွေ့မကျလှဘူး။ အဲ့ဒါကြောင့် အဖွဲ့၂ဖွဲ့ခွဲပြီး နေရာအနှံ့က အကျင့်စရိုက်ကောင်းတဲ့ ကလေးတွေကို ငါ့အတွက် ရှာစေချင်တယ်။ သူတို့အသက်က ၂နှစ်က ၈နှစ်အတွင်းက အကောင်းဆုံးပဲ။” ထန်ရှုက ပြောသည်။

“ဘာကြောင့် ကလေးအများကြီး မွေးစားချင်တာလဲ သူဋ္ဌေး။” ဘန်ရှိုက ဇဝေဇဝါ ဖြစ်သွားသည်။

“မမေးနဲ့ဦး။ ငါက လမ်းဘေးကလေးတွေကိုပဲ ရှာစေချင်တယ်။ အဲ့ဒီကလေးတွေက အကျင့်စရိုက်ကောင်းရမယ်။ သူတို့ကို စစ်ဆေးဖို့ လူတစ်ချို့ကို နောက်ပိုင်းကျ လွှတ်ပေးမယ်။ မင်းတို့ ဒီဟာကို ကောင်းကောင်းလုပ်နိုင်ရင် လစာ ၂ဆရမယ်။ ၁၀ဆပေးရမယ်ဆိုရင်တောင် ပြသနာမရှိလှဘူး။” ထန်ရှုက ပေါ့ပါးစွာ ပြောလိုက်သည်။

“တကယ်လား။” ဒင်ကျီ၏မျက်လုံးများ ပြူးကျယ်သွားကာ စိတ်လှုပ်ရှားနေသည့်ဟန်ရှိသည်။

“တကယ်ပေါ့။ မင်းတို့ အသင်းမဖွဲ့ခင် တစ်ယောက်ဆီကို ငါ ပိုက်ဆံအချို့ ပေးလိုက်မယ်။ ကောင်းကောင်းလုပ်နိုင်ရင် အပိုဆုရဦးမယ်။ အဲ့ဒီအပိုဆုက ပိုက်ဆံထက်တောင် ပိုကောင်းလိမ့်မယ်လို့ ငါ ပြောရဲတယ်။” ထန်ရှုက ရယ်ရင်း ပြောသည်။

“သူဋ္ဌေး…မင်း လိုအပ်တဲ့အဖွဲ့က ဘယ်လောက်ကြီးရှိရမှာလဲ” ဘန်ရှိုက လျင်မြန်စွာ မေးလိုက်သည်။

“ငါ လူအများကြီး မလိုဘူး။ တစ်ယောက်ကို ၆ယောက်စီ ရှာနိုင်တယ်။ ကမ္ဘာပေါ်မှာ လမ်းဘေးရောက်နေတဲ့ ကလေးတွေက မီလီယံများစွာ ရှိတယ်။ ဒါပေမယ့် ကလေးတိုင်းကို မရွေးချယ်နဲ့။ ငါလိုချင်တဲ့ ကလေးမျိုးက စမတ်ကျရမယ်၊ အသိဉာဏ်ရှိရမယ်၊ အကျင့်စရိုက်ကောင်းရမယ်။ မှတ်ထားရမှာက ငါက အကောင်းဆုံးကို လိုချင်တာနော်။ အရေအတွက်များတာကို လိုချင်တာမဟုတ်ဘူး။”

ဘန်ရှိုနှင့် ဒင်ကျီတို့သည် ချက်ချင်းပင် ထန်ရှု၏ဆိုလိုရင်းအား နားလည်သွားကြသည်။ နှစ်ယောက်သား ခေါင်းတဆတ်ဆတ်ညိတ်ကာ သူတို့ ရှင်းလင်းစွာ နားလည်ကြောင်းကို ပြသကြသည်။

“ငါ မင်းတို့ရဲ့ဘဏ်အကောင့်တွေထဲ ၅မီလီယံစီ လွှဲပေးလိုက်မယ်။ ဒါပေမယ့် အဲ့ဒါကို သုံးဖို့က မင်းတိုအလှည့်ဖြစ်သွားပြီ။ ၂လအတွင်း လမ်းဘေးကလေး အယောက်၂၀စီကို ရှာဖို့ မှတ်ထားပါ။”

၂လလား။

ဘန်ရှိုနှင့် ဒင်ကျီတို့၏တိုက်ပွဲဝင်လိုစိတ်သည် သန်မာစွာ နိုးထလာသည်။

ထန်ရှုက ဆက်ပြောသည်။

“၂လပြီးသွားရင် လူတစ်ချို့က မင်းတို့ကို ဆက်သွယ်လိမ့်မယ်။ သူတို့ကို အဲ့ဒီကလေး ၄၀ကို လွှဲပေးလိုက်ပါ။ သူတို့ ကလေးတွေကို ခေါ်သွားပြီး စမ်းသပ်မှုတွေ ပြုလုပ်ရွေးချယ်တဲ့အထိ စောင့်ပါ။ မင်းတို့ရှာလာတဲ့ကလေးတွေအထဲမှာ စစ်ဆေးပြီး တင်ကျန်တဲ့အရေအတွက်များတဲ့သူက ပိုကောင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်ဆိုတာ သက်သေဖြစ်လာမှာပဲ။”

“သူဋ္ဌေး… စစ်ဆေးတင်ကျန်တဲ့ လမ်းဘေးကလေးတွေကို သူဋ္ဌေး ဘာလုပ်မှာလဲ။”

“မင်းတို့ ရှာလာတဲ့ကလေးတွေက ကံကြမ္မာတစ်ခု ရှိလာလိမ့်မယ်။ သူတို့ကို တစ်ယောက်တည်း ထားတာ၊ စွန့်လွှတ်တာ၊ အရွယ်မတိုင်ခင် ကြီးထွားစေတာမျိုး ခွင့်မပြုဘူး။ ငါ့အစီအစဉ်တွေအတွက် မင်း စဉ်းစားမနေနဲ့။”

ထန်ရှုက ခပ်ဖွဖွ ပြောသည်။

“နားလည်ပြီ။” နှစ်ယောက်စလုံး တစ်ချိန်တည်း ပြောလိုက်ကြသည်။

မိနစ်များစွာ ကြာပြီးနောက်…

ဂူရင်၏လက်ကိုဆွဲကာ ထန်ရှုသည် သူ၏မိဘများနှင့်အတူ စားသောက်ဆိုင်မှ ပြန်လာခဲ့သည်။ တောင်တံခါးအိမ်ရာသို့ ပြန်ရောက်သောအခါ ၉နာရီ ရှိနေပြီဖြစ်သည်။

စားပွဲပေါ်တွင် မုချင်းဖျင်ကိုယ်တိုင် ပြင်ဆင်ထားသော ကောင်းမွန်သော ဟင်းပွဲများ ရှိနေပြီး စုလင်းယွမ်၏တောင်းဆိုမှုကြောင့် သူမပါ စားသောက်ဝိုင်းတွင် ဝင်ရောက် စားသောက်လိုက်ရသည်။ ထို့နောက် စုလင်းယွမ်သည် မုချင်းဖျင်အား ပန်းကန်များ သိမ်းဆည်းရာတွင် ကူညီနေခဲ့ပြီး ထန်ရှုနှင့် ထန်ယွင်သဲ့တို့သည် ဒုတိယထပ်ရှိ စာကြည့်ခန်းအတွင်းသို့ သွားလိုက်သည်။

“ရှုအာ… အဖေ ဒီစာကြည့်ခန်းထဲကို လာခဲ့ပေမယ့် အထဲက ပစ္စည်းတွေ ဘာမှ မထိထားဘူး။”

အိမ်အကူများမှတဆင့် ထန်ရှုသည် သူ၏စာကြည့်ခန်းထဲသို့ မည်သူ့ကိုမျှ ဝင်ခွင့်မပြုကြောင်း ထန်ယွင်သဲ့ သိထားသည်။ သူ သတိပြန်လည်ရလာချိန်တွင် ရတနာတစ်ပါးသဖွယ် တန်ဖိုးရှိသော အရွယ်ရောက်သားတစ်ယောက် ရှိနေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထန်ရှု စိတ်မကြည်မလင်ဖြစ်သွားမည်ကိုစိုးသဖြင့် ထန်ယွင်သဲ့က ရှင်းပြနေခြင်းဖြစ်ပေသည်။

“အဆင်ပြေပါတယ်အဖေ။ အဲ့ဒီဟာက အလုပ်သမားတွေအတွက်ပါ။” ထန်ရှုက ဆက်ပြောသည်။

“ဒါနဲ့ အဖေ့အကြောင်း ပြောပါဦး။ အဖေ သတိပြန်ရကတည်းက သားအဖတွေ စကားပြောဖို့ကို အခွင့်အရေး မရကြဘူး။”

ထန်ယွင်သဲ့က အားယူပြုံးလိုက်ရင်း

“သားရဲ့လေသံကို နားထောင်ရတာ သားက အဖေဖြစ်ပြီး အဖေက သားဖြစ်တဲ့ခံစားမှုမျိုးကို ရနေတယ်။”

ထန်ရှု လှမ်းကြည့်လိုက်ရင်း မည်သို့ ပြောရမည်ကို မသိသောကြောင့် တစ်ခဏမျှ တွေဝေသွားသည်။ အဖေ မရှိဘဲ နေလာရာမှ ရုတ်တရက် အဖေရှိလာသည်ဟု သိရခြင်းမှာ တစ်လမျှသာ ရှိသေးသည်။ ရုတ်တရက် ဖခင်တစ်ယောက် ရလိုက်သောကြောင့် သူ ကျင့်သားမရသေးပါချေ။

“စကားပြောကြစို့ အဖေ။”

ထန်ရှုက ဆိုဖာပေါ်တွင် ထိုင်ကာ အိတ်ကပ်ထဲမှ စီးကရက်တစ်ဗူးအား ထုတ်လိုက်သည်။

“အဖေ့ကိုလည်း တစ်လိပ်။”

စီးကရက်အား လက်ကြားညှပ်ကာ မီးညှိလိုက်ပြီး ထန်ယွင်သဲ့ အနည်းငယ် ဖွာရှိုက်လိုက်ပြီးနောက်

“တကယ်တော့ အဖေ မမေ့မျောခင်ကတည်းက ချမ်းသာပြီးသားပါ။ အခုဆို အနှစ်၂၀ရှိသွားပြီ။ အဖေ့ရဲ့ ပုံရိပ်နဲ့ အခြေအနေကို သိတဲ့သူလည်း အတော်လေးကို လျော့နေလောက်ပြီ။ ထန်တွေတောင်မှ အဖေ့ရဲ့အခြားပုံရိပ်ကို သိတဲ့သူ နည်းပါတယ်။ ရေတွက်ကြည့်မယ်ဆိုရင် ၁၀ယောက်ထက် မပိုလောက်ဘူး။”

“အဖေ့ရဲ့အခြားပုံရိပ်က ဘာလဲ။ စစ်သားတစ်ယောက်လား။”

***

All Chapters