← Chapters

နတ်ဆိုးသူတော်စင် တိုက်ခိုက်မှု၊ ကောင်းကင်ဧကရာဇ်၏ ရည်မှန်းချက်

Vol. 18 Ch. 224

နတ်ဆိုးသူတော်စင် တိုက်ခိုက်မှု၊ ကောင်းကင်ဧကရာဇ်၏ ရည်မှန်းချက်

Vol. 18 Ch. 224

အခန်း (၂၂၄) နတ်ဆိုးသူတော်စင် တိုက်ခိုက်မှု၊ ကောင်းကင်ဧကရာဇ်၏ ရည်မှန်းချက်

“မင်း ပြန်လည်မွေးဖွားတာ ဒီလောက်ကြာနေပြီ၊ သူတို့က မင်းကို အသိအမှတ်ပြုအုန်းပါ့မလား” ဟန်ကျွယ်က စပ်စုလိုက်ပါတယ်။

ရှန်နန်ဧကရာဇ် ပြန်မွေးဖွားတာ နှစ်အတော်ကြာခဲ့ပါပြီ။ နှစ်ထောင်ချီကြာပြီဖြစ်တဲ့အတွက် မုရုံချီရဲ့ လက်အောက်ငယ်သားတွေက အရင်အတိုင်းပဲ ရှိနေအုန်းမလားဆိုတာ ပြောရခက်ပါတယ်။

“ကျွန်တော်က သူတို့နဲ အရမ်းရင်းနှီးတယ်၊ ကျွန်တော်တို့က အနန္တကပ်ဘးကို အတူတူ ဖြတ်ကျော်ခဲ့ကြတာ၊ လောကကြီး ဇောက်ထိုးမိုးမျှော် ဖြစ်ရင်တောင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပြောင်းလဲမှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ တစ်ခဏတွေးပြီး ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိဘူး၊ ငါ မင်းဆီက ဘာမှမမျှော်လင့်ထားဘူး၊ မင်း အသက်ဆက်ရှင်နေရင်ရပြီ”

မုရုံချီဟာ ပြုံးလိုက်ပါတယ်။ မုရုံချီဟာ ဟန်ကျွယ်ရဲ့ ဒီလို အကျိုးအမြတ်အတွက် မတိုက်ခိုက်တဲ့ စိတ်ထားကို အလေးစားဆုံးပါ။ ရှန်နန်းတော်မှာတုန်းကတောင် မုရုံချီဟာ သူ့ဆရာသခင်ကို လုပ်ကျွေးပြုစုခဲ့ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်လက်အောက်မှာတော့ ဘာမှလုပ်ပေးစရာ မလိုဘဲ ဝီရိယတောင်ပေါ်မှာ ကြိုးကုတ်ကြိုးခဲ ကျင့်ကြံအားထုတ်ဖို့ပဲ လိုပါတယ်။ ဒီလိုဆရာမျိုးက အင်မော်တယ်ကမ္ဘာမှာ လက်ချိုးရေလို့ ရပါတယ်။

ဆရာတပည့်နှစ်ယောက်သား အတန်ကြာ စကားပြောပြီးမှ ဟန်ကျွယ်ဟာ မုရုံချီကို ထွက်ခွာခွင့် ပြုလိုက်ပါတယ်။

ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ တိုးတက်လာတာ နှစ်ကြာပြီဖြစ်တဲ့အတွက် ကန့်သတ်စည်းဟာ ကောင်းကင်ဘုံဝင် ကျင့်ကြံသူ မဟုတ်တော့ဘဲ မြေလျှောက်အင်မော်တယ် ဖြစ်လာပါတယ်။ ဒါပေမဲ့ အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်တာနဲ့ ကောင်းကင်စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရင် ဘုံပျံတက်လို့ရပါသေးတယ်။

မုရုံချီရဲ့စွမ်းရည်နဲ့ ဘုံပျံတက်ဖို့ဆိုတာ ကလေးကစားစရာအဆင့်တောင် မရှိပါဘူး။ နှစ်ဝက်အတွင်းမှာပဲ မုရုံချီဟာ ဘုံပျံတက်သွားပါတယ်။

မုရုံချီ ထွက်သွားတာဟာ တိတ်ဆိတ်ဂိုဏ်းက တစ်ခြားတပည့်တွေကို ကြီးကြီးမားမား မသက်ရောက်စေပါဘူး။ ဘာလို့လဲဆိုတော့ ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီက အင်မော်တယ်ကမ္ဘာနဲ့ သိပ်မကွာလို့ပါပဲ။ နောက်ပြီး ဝီရိယတောင်မှာ အင်မော်တယ်ချီလည်း ရှိနေပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံပါတယ်။ မကြာမကြာဆိုသလိုလည်း ရန်သူတွေကို ကျိန်စာတိုက်ပြီး စာအိတ်တွေကို စစ်ဆေးပါတယ်။ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ အခြေအနေကို မပြတ်စစ်ဆေးသလို တပည့်တွေကိုလည်း ပညာသင်ကြားပေးပါတယ်။

နေ့ရက်တွေက ပုံမှန်အတိုင်း ဆက်သွားရင်း တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားလိုက်တာ နှစ် ၂၀ ကြာသွားပါတယ်။

ဟန်ကျွယ်ဟာ ရန်သူကို ကျိန်စာတိုက်နေတုန်းမှာပဲ အလှမ်းဝေးတဲ့ ဟင်းလင်းပြင်မှာရှိတဲ့ ကောင်းကင်ရုပ်သေးရုပ်ဟာ လျင်မြန်စွာကြီးထွားလာတဲ့ မီးလုံးတစ်လုံးကို တွေ့လိုက်ရပါတယ်။ တိတိကျကျ ပြောရရင် ကောင်းကင်ရုပ်သေးရုပ်ဆီကို တည့်တည့်မတ်မတ် လာနေတာပါ။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ကြက်သွေးရောင် တိမ်ကမ္ဘာပတ်လည်က စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ကို စစ်ဆေးလိုက်ပါတယ်။

[မဟာပညာရှိ ကောင်းကင်မြေခွေး: မဟာညီညွှတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်။ နတ်ဆိုးရုံးတော်၏ နတ်ဆိုးသူတော်စင် ဖြစ်သည်။]

[အိပ်မက်နတ်ဆိုး: မဟာညီညွှတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်။ နတ်ဆိုးရုံးတော်၏ နတ်ဆိုးသူတော်စင်မ ဖြစ်သည်။]

‘နတ်ဆိုးသူတော်စင် နှစ်ပါးတောင်လား’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပြီး နတ်ဆိုးသူတော်စင်နှစ်ပါးနဲ့ နှစ်ယောက်တစ်ယောက် တိုက်ခိုက်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် နတ်အရှင်ဝူသယ်ရှိနေတဲ့အတွက် ဒီနတ်ဆိုးသူတော်စင်နှစ်ပါးကို တစ်ခဏတော့ ဟန့်တားနိုင်မှာပါ။

အသက်ရှူကြိမ် သုံးကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးသူတော်စင်နှစ်ပါးကို တစ်ချက်တည်း မသတ်နိုင်လို့ပါပဲ။

ဟန်ကျွယ်ဟာ နောက်ထပ်နည်းလမ်းသုံးပြီး တိုက်ပြန်ပါတယ်။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဆက်လက်တိုက်ခိုက်ပြီး နတ်ဆိုးသူတော်စင်နှစ်ပါးကို တစ်ချက်တည်းနဲ့ သတ်နိုင်မဲ့ နည်းလမ်းကို ရှာဖွေပါတယ်။

ဟင်းလင်းပြင်မှာတော့ နတ်ဆိုးသူတောင်စင်နှစ်ပါးဟာ ကြီးမားတဲ့မီးတောက်ကို ယာဉ်အဖြစ် အသုံးပြုပြီး ပျံသန်းလာကြပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ဓားချက်တစ်ချက်က နတ်ဆိုးသူတော်စင်နှစ်ပါးကို ဟန့်တားလိုက်ပါတယ်။

“မင်းတို့နတ်ဆိုးတွေက ကောင်းကင်ရုံးတော်ရဲ့ သေမျိုးကမ္ဘာကို ဘယ်လိုလုပ်ပြီး ခိုးဝင်ရဲတာလဲ”

အော်ဟစ်သံအဆုံးမှာပဲ နတ်အရှင်ဝူသယ် ပေါ်လာပါတယ်။ နတ်အရှင်ဝူသယ်ဟာ ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ကျားခေါင်းနဲ့ မျက်လုံးလေးလုံးရှိပါတယ်။ နတ်အရှင်ဝူသယ်ဟာ နောက်ထပ်စကားတစ်ခွန်း မဆိုဘဲ ဓားကိုဝှေ့ယမ်းပြီး တိုက်ခိုက်လိုက်ပါတယ်။

မီတောက်ဟာ ပေါက်ကွဲထွက်သွားပြီး နတ်ဆိုးသူတော်စင်နှစ်ပါး ပေါ်လာပါတယ်။

မဟာပညာရှိ ကောင်းကင်မြေခွေးဟာ လူခေါင်းရှိပြီး အနက်‌ရောင်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။ သူ့နောက်မှာတော့ ကြီးမားတဲ့ အမြီးကိုးချောင်း ရှိနေပါတယ်။

အိပ်မက်နတ်ဆိုးဟာ မိန်းမခန္ဓာကိုယ်ရှိပြီး ကိုယ်ဟန့်ကြော့ရှင်းပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ သစ်ရွက်တွေနဲ့ ပြည့်နှက်နေတာကြောင့် တော်တော်လေး ကြောက်ဖို့ကောင်းတဲ့ပုံစံပါ။

“ဟမ်... နတ်အရှင်ဝူသယ်ကိုး၊ ဒီလောက်ထိ ဘဝင်မြင့်နေတာ မထူဆန်းတော့ပါဘူး”

အိပ်မက်နတ်ဆိုးဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မန္တန်တစ်ပုဒ်ကို လက်နှစ်ဖက်နဲ့ အမြန်ဆုံး ထုတ်ဖော်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အိပ်မက်နတ်ဆိုးရဲ့ ဝိညာဉ်စွမ်းအားဟာ တောင်တန်းတွေထက် ကြီးမားတဲ့ နွယ်ပင်အသွင် ပြောင်လဲသွားပြီး နတ်အရှင်ဝူသယ်ကို ရိုက်ချလိုက်ပါတယ်။

မဟာမပညာရှိ ကောင်းကင်မြေခွေးကလည်း လက်မြှောက်လိုက်တဲ့အခါ ဆူးချွန်တွေ ပြည့်နှက်နေတဲ့ ကြာပွတ်တစ်ချောင်း လေထဲကနေ ပေါ်လာပါတယ်။ ကောင်းကင်မြေခွေးဟာ ဆူးကြာပွတ်ကို ဆုပ်ကိုင်ပြီး နတ်အရှင်ဝူသယ်ကို ရိုက်ချလိုက်ပါတယ်။

ဒီလိုနဲ့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်လာပါတယ်။

ဖူစန်းသစ်ပင်အောက်က ရွှေကျီးကန်းနှစ်ကောင်နဲ့ မြွေနဂါးဘုရင်ဟာ ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။ သူတို့တွေဟာ ကောင်းကင်ဘုံဝင်အဆင့်ကို ကျော်တက်သွားပြီမို့ ကောင်းကင်ပေါ်က ကြောက်ဖက်ဖွယ်ဖိအားကို ခံစားနိုင်ကြပါတယ်။ သူတို့တွေဟာ ချက်ချင်းပဲ ရင်ထိတ်သွားကြပါတယ်။

‘ဘာဖြစ်တာလဲ’

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ဟန်ကျွယ်ဟာ နောက်ဆုံးမှာတော့ နတ်ဆိုးသူတော်စင်နှစ်ပါးကို တစ်ချက်တည်း သတ်နိုင်မဲ့နည်းလမ်းကို ရှာတွေ့သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဟင်းလင်းပြင်ဆီ ဦးတည်လိုက်ပါတယ်။

ဒီနတ်ဆိုးသူတော်စင်နှစ်ပါးက ကြက်သွေးရောင်တိမ်ကမ္ဘာကို ရည်ရွယ်ချက်နဲ့ လာတာ သိသာလှပါတယ်။ သူတို့က လမ်းကြုံလို့ ဝင်လာတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့က ဟန်ကျွယ်ကို လက်စားချေဖို့ ကိုးမြီးနတ်ဆိုးဧကရီက လွှတ်လိုက်တာ မဟုတ်ရင် ထူလင်းအာကို သတ်ဖို့‌ ရောက်လာတဲ့လူတွေပါ။ ဘာပဲဖြစ်ဖြစ် နတ်ဆိုးသူတော်စင်နှစ်ပါးကို သတ်ပစ်ရမယ်လို့ ဟန်ကျွယ် ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟင်းလင်းပြင်မှာ ပေါ်လာပြီး နတ်အရှင်ဝူသယ် အတိုက်ခံနေရတာကို ကြည့်လိုက်ပါတယ်။ နတ်ဆိုးသူတော်စင်နှစ်ပါးက တော်တော်ကို စွမ်းအားကြီးတာကြောင့် နတ်အရှင်ဝူသယ်ဟာ အရေးနိမ့်နေပါတယ်။

နတ်အရှင်ဝူသယ်ဟာ ငြီးတွားလိုက်ပါတယ် ‘အရှင်မင်းကြီးက ငါ့ကို ဒီနေရာ စေလွှတ်လိုက်တာ အံဩစရာ မရှိတော့ပါဘူး၊ တစ်ခြားသူသာဆို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး’ နတ်အရှင်ဝူသယ်ဟာ နတ်ဆိုးသူတော်စင်နှစ်ပါးကို စိတ်ထဲမှာ ကျိန်ဆဲပြီး ဆက်တိုက်ခိုက်ပါတယ်။

နတ်အရှင်ဝူသယ်ရဲ့ ခန္ဓာကိုယ်ဟာ လှုပ်ခါသွားပြီး အလွန်လျင်မြန်စွာ ကြီးထွားသွားလိုက်တာ ဟင်းလင်းပြင်ကနေ တိုင်တန်တစ်ကောင် မွေးဖွားလာသလိုပါပဲ။ နတ်အရှင်ဝူသယ်ဟာ ဓားကို လက်နှစ်ဖက်နဲ့ကိုင်မြှောက်ပြီး ဒေါသတကြီး ခုတ်ချလိုက်ပါတယ်။ ဟင်းလင်းပြင်မှာ အက်ကြောင်းတစ်ကြောင်း ပေါ်လာပြီး လျှပ်စီးတွေ ယှက်ဖြာသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ကြောက်ဖွယ်ကောင်းတဲ့ ဓားချီဟာ အရပ်ဆယ်မျက်နှာကို ပျံ့နှံ့သွားပါတယ်။ နတ်ဆိုးသူတော်စင်နှစ်ပါးဟာ ဒီဓားချီကြောင့် မတတ်နိုင်ဘဲ နောက်ပြန်ဆုတ်သွားရပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းမတိုက်ခိုက်ဘဲ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုပါတယ်။ ဟန်ကျွယ်ဟာ နတ်အရှင်ဝူသယ်ကို ရေကုန်ရေခမ်း တိုက်ခိုက်စေပြီး နတ်ဆိုးသူတော်စင်နှစ်ပါး အားအင်ကုန်ခမ်းလာမှ တစ်ချက်တည်း အပြတ်ရှင်းဖို့ ကြံစည်နေတာပါ။

နတ်အရှင်ဝူသယ်ဟာ ဟန်ကျွယ်ကို သတိထားမိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ဆန်းကြယ်အင်မော်တယ်အဆင့်ပဲ ရှိတာကြောင့် ဂရုမစိုက်ပါဘူး။

ဟန်ကျွယ်ဟာ တိုက်ပွဲကို ကြည့်နေရင်းက ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ နတ်အာရုံချင်း ချိတ်ဆက်မိသွားပါတယ်။

“ဟေး... နတ်ဆိုးသူတော်စင်နှစ်ပါးက ဘယ်လိုဖြစ်ပြီး ကြက်သွေးရောင်တိမ်ကမ္ဘာနားကို ရောက်လာရတာလဲ၊ နတ်အရှင်ဝူသယ်က ကြာကြာမခုခံနိုင်တော့ဘူး” ဟန်ကျွယ်က အရင်ဆုံး ပြောလိုက်ပါတယ်။

တိထိုက်ပိုင်က မတက်နိုင်တဲ့လေသံနဲ့ ပြန်ဖြေပါတယ် “ကောင်းကင်ရုံးတော်က အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်ကိုးဘုံအထက်မှာ၊ သေမျိုးကမ္ဘာက အင်မော်တယ်ကမ္ဘာရဲ့အောက်မှာ၊ စကြာဝဠာမှာ ဒီလောက်ကမ္ဘာတွေများတာ ဘယ်လိုလုပ်ပြီး ငါတို့ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတိုင်းကို ကာကွယ်နိုင်မှာလဲ၊ နတ်အရှင်ဝူသယ်ကို မင်းပဲ ကူညီရလိမ့်မယ်”

“နတ်ဆိုးသူတော်စင်နှစ်ပါးက မဟာပညာရှိ ကောင်းကင်မြေခွေးနဲ့ အိပ်မက်နတ်ဆိုး၊ သူတို့ကိုသတ်လိုက်ရင် ပြဿနာ ပိုမတက်လာနိုင်ဘူးလား”

“တကယ်ပဲ သူတို့လား၊ အဲဒါဆိုရင် သတ်လိုက်လို့ ဘာမှမဖြစ်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့နဲ့ နတ်ဆိုးရုံးတော်က ကမ္ဘာမကြေရန်သူတွေပဲ”

“အင်း”

ဟန်ကျွယ်ဟာ ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ပါတယ်။

စိတ်ဝိညာဉ်နန်းတော်အတွင်း။

တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ကို မော့ကြည့်ပြီး ပြောလိုက်ပါတယ် “မဟာပညာရှိ ကောင်းကင်မြေခွေးနဲ့ အိပ်မက်နတ်ဆိုးက ကြက်သွေးရောင်တိမ်ကမ္ဘာကို ရောက်လာတယ်”

ကောင်းကင်ဧကရာဇ်က ဘာမှမဖြစ်တဲ့ပုံစံနဲ့ ပြောလိုက်ပါတယ် “ငါသိတယ်၊ ဒီကောင်လေးက တိုက်ခိုက်ရဲမှတော့ မကြောက်ဘူးဆိုတာ အထင်ရှားကြီး၊ မစိုးရိမ်စမ်းပါနဲ့”

“ဒီနတ်ဆိုးသူတော်စင်နှစ်ပါးက တော်ရုံတန်ရုံ မလှုပ်ရှားကြပါဘူး၊ သူတို့ကို ကိုးမြီးနတ်ဆိုးဧကရီက လွှတ်လိုက်တာလား၊ ဒါပေမဲ့ ကျွန်တော်သိသလောက် သူတို့က ကိုးမြီးနတ်ဆိုးဧကရီရဲ့ လူတွေ မဟုတ်ပါဘူး”

“သူတို့က နတ်ဆိုးဧကရာဇ်ရဲ့လူတွေ၊ မှော်မျိုးနွယ်စုအတွက် ရောက်လာကြတာ”

တိထိုက်ပိုင်ဟာ မျက်နှာပျက်သွားပါတယ်။ မှော်မျိုးနွယ်စုဟာ ရှေးဟောင်းလူမျိုးစုတစ်စု ဖြစ်ပြီး ရှေးကျလွန်းလို့ မေ့တောင်မေ့နေကြတဲ့ မျိုးနွယ်စုတစ်စုပါ။

တိထိုက်ပိုင်က ဂရုတစိုက် မေးလိုက်ပါတယ် “ဟန်ကျွယ်က မှော်မျိုးနွယ်စုကနေ ဆင်းသက်လာတာလား” တိထိုက်ပိုင်ဟာ ဟန်ကျွယ်ရဲ့ နောက်ခံကို အမြဲတမ်း သိချင်နေခဲ့တာကြောင့် အခွင့်အရေးယူပြီး မေးလိုက်ခြင်း ဖြစ်ပါတယ်။

ကောင်းကင်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ မှော်မျိုးနွယ်စုမှာ သူလိုကြောက်တက်တဲ့သူ တစ်ယောက်မှ မရှိဘူး”

“အဲဒါလည်း ဟုတ်တယ်”

“ဒါက ငရဲပြည်မှာရှိတဲ့ အဲဒီလူရဲ့လက်ချက်ပဲ၊ ကောင်းကင်ရုံးတော်လိုပဲ သူ့က ဟန်ကျွယ်ကို စည်းရုံးသိမ်းသွင်းချင်နေတာ၊ ငါ ဒီကိစ္စကို မျက်ကွယ်ပြုထားတာ ကြာပြီ”

“မှော်မျိုးနွယ်စု ပြန်လာရင် ကောင်းကင်ရုံးတော်ကို သက်ရောက်နိုင်လား”

“ဒါက ကောင်းတဲ့ကိစ္စပဲ၊ ငါ ဟန်ကျွယ်ကို အသုံးချပြီး မှော်မျိုးနွယ်စုကို စည်းရုံးသိမ်းသွင်းနိုင်တယ်”

တိထိုက်ပိုင်ဟာ သဘောပေါက်သွားပြီး ကောင်းကင်ဧကရာဇ်ကို တလေးတစား ကြည့်လိုက်ပါတယ် ‘အရှင်မင်းကြီးက အဝေးကြီးကို ကြိုတွေးထားတာပဲ၊ အခုလက်ရှိ ကောင်းကင်ရုံးတော်က အင်အားအများကြီး လိုနေသေးတယ်’

တစ်ခြားတစ်ဖက်မှာ‌တော့...။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထုတ်ယူလိုက်ပြီး နတ်ဆိုးသူတော်စင်နှစ်ပါးဆီ လျှောက်သွားပါတယ်။

ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတဲ့ နတ်ဆိုးသူတောင်စင်နှစ်ပါးဟာ ဟန်ကျွယ်ကို ဂရုမစိုက်ဘဲ နတ်အရှင်ဝူသယ်ကိုသာ သဲကြီးမဲကြီး တိုက်ခိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ကျဉ်းသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားချီကိုးလွှာကို ထုတ်ဖော်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဓားအရိပ်ဘီလီယံကျော် ဖြစ်ပေါ်လာပါတယ်။

သုံးလောကသန့်ရှင်းခြင်း။

ဓားအရိပ်သန်းချီဟာ ကမ္ဘာပျက်မတက် အရှိန်အဟုန်နဲ့ အရာအားလုံးကို ဖျက်ဆီးလာပါတယ်။

ကြောက်မက်ဖွယ် အရှိန်အဟုန်ကို ခံစားမိတာကြောင့် နတ်အရှင်ဝူသယ်၊ မဟာပညာရှိ ကောင်းကင်မြေခွေးနဲ့ အိပ်မက်နတ်ဆိုးတို့ဟာ ခေါင်းလှည့်ပြီး ကြောက်လန့်တကြား ကြည့်လိုက်ကြပါတယ်။

‘ဒါက...’

“အို... မကောင်းတော့ဘူး... လွတ်အောင်‌ရှောင်”

မဟာပညာရှိ ကောင်းကင်မြေခွေးဟာ စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်ပြီး အဝေးကို ခုန်ထွက်လိုက်ပါတယ်။ အိပ်မက်နက်ဆိုးကတော့ လှုပ်ရှားမှု နှေးကွေးသွာတဲ့အတွက် ဓားအရိပ်ဘီလီယံကျော်ဟာ သူ့ရှေ့ကို ရောက်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters