အရှေ့ဝူရှန်ကမ္ဘာ၊ စွန်းချွမ်း
Vol. 18 Ch. 228
အခန်း (၂၂၈) အရှေ့ဝူရှန်ကမ္ဘာ၊ စွန်းချွမ်း
ဝတ်ရုံဖြူဗုဒ္ဓဟာ ကြက်သွေးရောင်တိမ်ကမ္ဘာကို ရောက်လာပြီးနောက် ဝီရိယတောင်ကို ချက်ချင်းမသွားဘဲ သေမျိုးကမ္ဘာကို လျှောက်ကြည့်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓက အလျင်စလို မရှိတဲ့အတွက် ဟန်ကျွယ်ကလည်း အလျင်စလို မဖြစ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို တစ်ချက်တည်း သတ်နိုင်တာကြောင့် ကျင့်ကြံမှုကိုသာ အာရုံပြန်စိုက်ပါတယ်။
ဒီလိုနဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ သေမျိုးကမ္ဘာမှာ သူ့ကျင့်စဉ်တွေကို စတင်ဖြန့်ဝေပါတော့တယ်။
ဒါပေမဲ့...။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဗုဒ္ဓကျင့်စဉ်တွေကို မဖြန့်ဝေဘဲ တာအိုကျင့်စဉ်တွေကို ဖြန့်ဝေပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်းနဲ့ ဝတ်ရုံဖြူဗုဒ္ဓရဲ့ လုပ်ရပ်တွေကို ကောင်းကင်တာအိုတိုကင်ကနေတစ်ဆင့် မြင်တွေ့လိုက်ရတာကြောင့် ပြောစရာစကားမရှိ ဖြစ်သွားပါတယ်။
‘ဒီကောင်က သစ္စာဖောက်ပဲ’
ဟန်ကျွယ်ဟာ ပြုံးမိသွားပါတယ်။
‘ဒီဝတ်ရုံဖြူဗုဒ္ဓက မဟာအဂ္ဂဗုဒ္ဓကို တကယ်ရှာချင်တာမဟုတ်ဘဲ အချိန်ဆွဲချင်နေတာလား၊ ဒါ ဖြစ်နိုင်တယ်၊ နောက်ဆုံးကျတော့ သူက တာအိုဂိုဏ်း ချန်ကျောင်းတော်ရဲ့ သူလျှိုပဲဟာကို’
ဟန်ကျွယ်ဟာ အကြောင်းအရာတွေကို နားလည် သဘောပေါက်သွားပါတယ် ‘ဒီဝတ်ရုံဖြူဗုဒ္ဓက ကောင်းကင်တာအိုဗုဒ္ဓရဲ့ တွက်ချက်မှုကို ဘာလို့ မကြောက်ရတာလဲ’ ဟန်ကျွယ်ဟာ ဒီကိစ္စရဲ့ အဖြေကို စဉ်းစားမရတာကြောင့် ဆက်ပြီးမတွေးတော့ဘဲ ဆက်ပြီးသာ စောင့်ကြည့်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ချန်ကျောင်းတော်ရဲ့ တာအိုကျင့်စဉ်တွေဟာ ကြက်သွေးရောင်တိမ်ကမ္ဘာဟာ နေရာအနှံ့ ပျံ့နှံ့သွားပါတယ်။ ဒေသအသီးအသီးမှာ ချန်ကျောင်းတော် ကျင့်စဉ်ကို အခြေခံတဲ့ ဂိုဏ်းတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ ဒီဂိုဏ်းတွေဟာ ကျင့်ကြံခြင်းလောကကို ဝရုန်းသုန်းကား မဖြစ်စေပေမဲ့ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ အစီအစဉ်ကို ကောင်းကင်တာအိုတိုကင်ကနေ တစ်ဆင့် တွေ့မြင်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ လုပ်ရပ်တွေကို စိတ်မရှိပါဘူး။ ကျင့်ကြံခြင်းလောကမှာ ဂိုဏ်းမျိုးစုံရှိပါတယ်။ နောက်ထပ် ချန်ကျောင်းတော်တစ်ခု ထပ်ပေါင်းလိုက်လို့ ဘာမှထူးခြားမသွားပါဘူး။ ဟန်ကျွယ်အတွက်ကတော့ သူ့ကိုမသက်ရောက်သမျှ ကာလပတ်လုံး အရာအားလုံး အဆင်ပြေပါတယ်။
ဒီနေ့မှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ ဝီရိယတောင်ကို ရောက်လာပြီး မဟာအဂ္ဂဗုဒ္ဓနဲ့ တွေ့ဆုံဖို့ ကြိုးစားပါတယ်။ ကံဆိုးချင်တော့ ဝတ်ရုံဖြူဗုဒ္ဓက ဘယ်လောက်အော်အော် ဘယ်သူကမှ ပြန်မထူးပါဘူး။ ဒီအဖြစ်ကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ကျောက်ပြားရှေ့မှာ ဒူးထောက်နေတဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တစ်ဦးက ဝတ်ရုံဖြူဗုဒ္ဓကိုရဲ့ အပြုအမူကိုကြည့်ပြီး ပြောလိုက်ပါတယ် “အော်နေတော ရပ်တော့၊ ဒါက အင်မော်တယ်တောင်၊ မင်း ဆန္ဒရှိတိုင်းသွားလို့ရတဲ့ လမ်းမဟုတ်ဘူး”
တစ်ခြား ဒူးထောက်နေတဲ့ တပည့်တွေကလည်း ဝတ်ရုံဖြူဗုဒ္ဓကို လှောင်ရယ်လိုက်ကြပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ခေါင်းခါလိုက်ပြီး ရယ်မောလိုက်ပါတယ် “ဟားဟား...” ‘ဒီသေမျိုးတွေက တကယ်ကို အသိဉာဏ်မရှိတာပဲ’
အဲဒီနောက် ဝတ်ရုံဖြူဗုဒ္ဓဟာ ဝီရိယတောင်ပေါ်ကို ပျံတက်သွားပါတယ်။ ဖူစန်းသစ်ပင်အောက်က လူတိုင်းဟာ တစ်ချိန်တည်းမှာ မျက်လုံးဖွင့်လိုက်ကြပါတယ်။
လုံဟောင်က မတ်တတ်ရပ်ပြီး အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ခင်ဗျား ဘာလုပ်နေတာလဲ” ငရဲကြက်နက်၊ မြွေနဂါးဘုရင်၊ ထူလင်းအာ၊ ကျိုးမင်ယွဲ့၊ ရွှင်ချန်အန်း၊ ချူရှီရန်နဲ့ ရွှေကျီးကန်းနှစ်ကောင်ဟာလည်း ဝတ်ရုံဖြူဗုဒ္ဓကို စိုက်ကြည့်လိုက်ကြပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဖူစန်းသစ်ပင်အောက်က လူတွေကို တစ်ချက်ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘ရွှေကျီးကန်း... ရှေးဟောင်းစိတ်ဝိညာဉ်ဂျင်ဆင်း... မဟာအဂ္ဂဗုဒ္ဓ... ကောင်းကင်ဧကရာဇ် ရောင်ဝါ... နောက်ပြီး ဟိုနတ်ဆိုးသူတောင်စင်...’
ဝတ်ရုံဖြူဗုဒ္ဓဟာ တကယ်ကို ထိတ်လန့်သွားတာပါ။
‘ဒါက ဘယ်လိုနေရာမျိုးလဲ၊ ဘယ်လိုဖြစ်လို့ ဒီလောက်များတဲ့ ကံတရား အထောက်အပံ့ရှိတဲ့သူတွေ ရှိနေရတာလဲ’
ဝတ်ရုံဖြူဗုဒ္ဓဟာ ရှေးဟောင်းစိတ်ဝိညာဉ်ဂျင်ဆင်းနဲ့ အရင်က တွေ့ဖူးလို့ သိပါတယ်။ ကျန်တဲ့သူတွေကိုတော့ သိပ်မသိပါဘူး။
လုံဟောင်ရဲ့ ကောင်းကင်ဧကရာဇ်ရောင်ဝါက ပြင်းထန်လွန်းပါတယ်။ ကောင်းကင်ဧကရာဇ်လိုပါပဲ။
ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်ခုံးလှုပ်သွားပြီး ကောင်းကင်တာအိုဗုဒ္ဓက ရူလိုင်တောင်ဝှေးပေးလိုက်တာ အံဩစရာ မရှိတော့ဘူးလို့ တွေးလိုက်ပါတယ်။
“ဝတ်ရုံဖြူဗုဒ္ဓ... ဒီကို ဘာလုပ်လုပ်တာလဲ” ရွှင်ချန်အန်းက အသံလေးလေးနဲ့ မေးလိုက်ပါတယ်။ ဗုဒ္ဓဂိုဏ်းမှာတုန်းက ရွှင်ချန်အန်းဟာ အိမ်မွှေးအပင်တစ်ပင်သာြဖစ်ပြီး ကျေးကွန်လို့တောင် ပြောလို့ရပါတယ်။ အဲဒီအချိန်တုန်းက ရွှင်ချန်အန်းဟာ ဝတ်ရုံဖြူဗုဒ္ဓကို စကားပြောဖို့ မဆိုထားနဲ့ မော်တောင်မကြည့်ရဲပါဘူး။
ဝတ်ရုံဖြူဗုဒ္ဓက ပြုံးလိုက်ပါတယ် “ငါ ဗုဒ္ဓကို ပြန်လာပင့်တာ”
‘ဗုဒ္ဓ’ ရွှင်ချန်အန်းဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။ တစ်ခြားသူတွေလည်း ဝတ်ရုံဖြူဗုဒ္ဓရဲ့ စကားကြောင့် မှင်သက်သွားပါတယ်။
‘ဘယ်သူက ဗုဒ္ဓလဲ’
သူတို့ဟာ ဟန်ကျွယ်ကို ချက်ချင်းတွေးမိသွားပါတယ်။ ဟန်ကျွယ်ဟာ သူတို့အတွက် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေတာပါ။
“ဆရာသခင်က ဗုဒ္ဓလား၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
ရွှင်ချန်အန်းဟာ ထိတ်လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်သာ ဗုဒ္ဓဆိုရင် ရွှင်ချန်အန်းဟာ ဗုဒ္ဓဂိုဏ်းသားတွေလက်ထဲမှာ အရူးလုပ်ခံရလိုက်လို့ပါ။
ဒီအချိန်မှာပဲ ဝတ်ရုံဖြူဗုဒ္ဓဟာ ချူရှီရန်ကိုကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “ဗုဒ္ဓ... ကျွန်တော်နဲ့ ပြန်လိုက်မှာလား”
လူတိုင်းရဲ့အကြည့်ဟာ ချူရှီရန်ဆီ ကျရောက်သွားပါတယ်။ ကျိုးမင်ယွဲ့ကလည်း ကျေနပ်အံအားသင့်သွားပါတယ် ‘ငါဆ့ရာသခင်က ဗုဒ္ဓလား’
ချူရှီရန်ဟာ အံဩမှင်သက်သွားပါတယ် “ကျွန်တော်က ဘယ်လိုလုပ်ပြီး ဗုဒ္ဓဖြစ်နိုင်မှာလဲ၊ ကျွန်တော့်ကို မစွပ်စွဲစမ်းပါနဲ့”
‘ငါ့ အိပ်မက်ထဲမှာတွေ့ခဲ့တဲ့လူက ဗုဒ္ဓလား’
“သူ မင်းနဲ့လိုက်မှာ မဟုတ်ဘူး၊ ထွက်သွားပါ” ဟန်ကျွယ်ရဲ့အသံဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ အသံလာရာကို ကြည့်လိုက်ပြီး နတ်အာရုံနဲ့ စစ်ဆေးလိုက်ပေမဲ့ သူ့နတ်အာရုံက ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လို့မရတာတွေကို ရှာတွေ့သွားပါတယ်။
တာအိုစက်ကွင်းဟာ နတ်မင်းအဆင့်အောက်မှာရှိတဲ့ ကျင့်ကြံသူမှန်သမျှရဲ့ နတ်အာရုံကို ဟန့်တားနိုင်စွမ်း ရှိပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓ ဝီရိယတောင်ထဲကို ဝင်လာနိုင်တာကလည်း ဟန်ကျွယ်ဟာ သူ့တပည့်တွေ မကြာခဏ တောင်အောက်ဆင်းတဲ့အတွက် တောင်ကာအစီအရင်ကို ရုတ်သိမ်းထားလို့ပါပဲ။
“ခင်ဗျားက ဘယ်သူလဲ၊ ခင်ဗျားက သေမျိုးကမ္ဘာရဲ့ သာမန်အင်မော်တယ်လို့ မဟုတ်ဘူးမလား” ဝတ်ရုံဖြူဗုဒ္ဓက အပြုံးနဲ့ မေးလိုက်ပြီး ဟန်ကျွယ်အကြောင်းကို တော်တော်လေး သိချင်သွားပါတယ်။
“မင်းသာ ဗုဒ္ဓဂိုဏ်းဝင်စစ်စစ်ဆိုရင် ငါ မင်းကို သေမျိုးကမ္ဘာထဲ အဝင်ခံမှာမဟုတ်ဘူး၊ အစကတည်း သတ်ပစ်လိုက်မှာ”
ဟန်ကျွယ်ရဲ့စကားကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ် ‘သူ့စကားက ဘာကိုဆိုလိုတာလဲ’
ဝတ်ရုံဖြူဗုဒ္ဓဟာ တည်ငြိမ်ဟန်ဆောင်ပြီး ပြုံးလိုက်ပါတယ် “အော့မီတော်ဖော... ကျုပ်က ဘယ်လိုလုပ်ပြီး ဗုဒ္ဓဂိုဏ်းသား မဖြစ်ရမှာလဲ”
“မင်းက ငါ့ကို ဒီအကြောင်း ထုတ်ဖော်စေချင်တာလား၊ တစ်ယောက်ယောက် အမြဲတမ်း ခိုးနားထောင်နေတယ်ဆိုတာကို မင်းသိထားသင့်တယ်”
ဒီအချိန်မှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ ထပ်ပြီးတော့လည်း မမေးရဲတော့ပါဘူး။
“မင်းက ဘယ်သူလဲ”
“အရှေ့ဝူရှန်ကမ္ဘာက စွန်းချွမ်းပဲ”
ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘အရှေ့ဝူရှန်ကမ္ဘာက ဘယ်နားမှာရှိတာလဲ၊ ရှန်ကမ္ဘာလို့ ခေါ်မှတော့ သာမန်မဟုတ်တာ သေချာနေပြီ’
“မင်း အသက်ရှူကြိမ် သုံးကြိမ်အတွင်း ထွက်မသွားရင် ဒီနေရာမှာပဲ ထာဝရနေတော့” ဟန်ကျွယ်ရဲ့အသံက ထပ်မံထွက်ပေါ်လာပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ အန္တရာယ်အငွေ့အသက်ကို ခံစားမိတာကြောင့် ရုတ်ခြည်းပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ တပည့်တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပါတယ်။
ကျိုးမင်ယွဲ့က တတံတဩ ရေရွတ်လိုက်ပါတယ် “ငါ့ဆရာသခင်က တကယ်ကြီး...”
ငရဲကြက်နက်ဟာ ကျိုးမင်ယွဲ့ကို စိန်းစိန်းဝါးဝါးကြည့်ပြီး အော်ပြောလိုက်ပါတယ် “ပါးစပ်ပိတ်ထားစမ်း၊ မင်းဘာသိလို့လဲ၊ သခင်က မလိုလားအပ်တဲ့ ပြဿနာတွေ တက်မလာအောင် ဒီလိုလုပ်တာ”
ကျိုးမင်ယွဲ့ဟာ ရုတ်တရက်ဆိုသလိုပဲ နားလည် သဘောပေါက်သွားပါတယ်။
သေမျိုးကမ္ဘာရဲ့ အခြားတစ်ဖက်။
ဝတ်ရုံဖြူဗုဒ္ဓဟာ တောအုပ်တစ်အုပ်ထဲမှာ ရုတ်ခြည်းပေါ်လာပြီး အသက်မှန်အောင် ရှူလိုက်ပါတယ် ‘ခုနကခံစားလိုက်ရတဲ့ ခံစားချက်က... သူက အင်မော်တယ်ဧကရာဇ်လား’
ဝတ်ရုံဖြူဗုဒ္ဓဟာ တစ်ကိုယ်လုံး ချွေးတွေစိုရွှဲနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ ပြန်လည်မွေးဖွားခြင်းဓားငွေ့နဲ့ အချိန်ခံလိုက်ရတဲ့အခါမှာ ဝတ်ရုံဖြူဗုဒ္ဓဟာ မရဏတရားရဲ့ရောင်ဝါကို ခံစားခဲ့ရလို့ပါပဲ။
“အရှေ့ဝူရှန်ကမ္ဘာက စွန်းချွမ်းတဲ့လား... လောကမှာ ပုန်းအောင်းနေတဲ့နဂါးနဲ့ ဝပ်နေတဲ့ကျားတွေ အများကြီး ရှိနေသေးတာပဲ... ဟင်း....”
ဝတ်ရုံဖြူဗုဒ္ဓဟာ သက်ပြင်းချလိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ကို မမုန်းပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်လူကို သူ့ကို မတိုက်ခိုက်တဲ့အတွက် ပြဿနာမတက်ချင်ဘူးဆိုတာ သိသာလှပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ မဟာအဂ္ဂဗုဒ္ဓကို တကယ်တမ်း ပြန်ပင့်ချင်တာတော့ မဟုတ်ပါဘူး။ ဝတ်ကျေတမ်းကျေ လုပ်ပြရုံသက်သက်ပါ။ အခုတော့ ပိုတောင် အဆင်ပြေသွားပါတယ်။ မလုပ်ချင်တာ မဟုတ်ဘဲ မလုပ်နိုင်တာ ဖြစ်သွားပါပြီ။ ဒါကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ စွန်းချွမ်းကို တော်တော်လေး စိတ်ဝင်စားသွားပါတယ်။
‘ကောင်းကင်ရုံးတော်က အင်အားစု ဘယ်လောက်များများနဲ့ မိတ်ဖွဲ့ထားတာလဲ၊ ထားလိုက်ပါတော့၊ ငါဒီနေရာမှာ ပုန်းပြီး အင်မော်တယ်ဧကရာဇ်ဖြစ်လာအောင် ကျင့်ကြံရမယ်၊ ကောင်းကင်ဧကရာဇ်က ငါ့သရုပ်မှန်ကို သိပေလို့ပဲ... မဟုတ်ရင်...’
ဝတ်ရုံဖြူဗုဒ္ဓဟာ စိတ်ပိုင်းဖြတ်လိုက်ပြီး အရပ်မျက်နှာတစ်မျက်နှာကို ဦးတည် ထွက်ခွာသွားပါတယ်။
[ဝတ်ရုံဖြူဗုဒ္ဓသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကြောင့် ခေါင်းထဲမှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။
‘နေပါအုန်း... သူက မိတ်ဆွေလား၊ ဒါကြောင့် နတ်အရှင်ဝူသယ်က သူ့ကို မတားတာကိုး၊ ကောင်းကင်ရုံးတော်နဲ့ ချန်ကျောင်းတော်က ပူပေါင်းကြံစည်နေကြတာလား’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး မေးမြန်းချင်ပေမဲ့ သိတာအရမ်းများရင် ပြဿနာကို လက်ယပ်ခေါ်သလိုဖြစ်မှာစိုးတာကြောင့် မမေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ငါတို့နဲ့ ချန်ကျောင်းတော်က ဆက်ဆံရေး ကောင်းတယ်၊ ဝတ်ရုံဖြူဗုဒ္ဓရဲ့ သရုပ်မှန်ကို ငါသိတာ ကြာလှပြီ၊ ဒါပေမဲ့ ဒီကိစ္စကို လူသိရှင်ကြား လုပ်လို့မရဘူး၊ ထိုက်ပိုင်ကိုတောင် ဒီကိစ္စမပြောနဲ့၊ ဝတ်ရုံဖြူဗုဒ္ဓကိုတော့ ကြက်သွေးရောင်တိမ်ကမ္ဘာမှာ နေခွင့်ပြုလိုက်ပါ၊ သူက မင်းကို အကူအညီပေးနိုင်တယ်”
ကောင်းကင်ဧကရာဇ်ရဲ့အသံဟာ ဟန်ကျွယ်ဟာ နားထဲမှာ မြည်ဟိန်းလာပါတယ်။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ် ‘ဝိုး... ပွဲကတော့ ကြည့်ကောင်းပြီ၊ ကောင်းကင်ရုံးတော်မှာ တစ်ခြားအင်အားစုတွေရဲ့ သူလျှိုတွေ ရှိနေမှာတော့ ဗုဒ္ဓဂိုဏ်းမှာလည်း ကောင်းကင်ရုံးတော်ရဲ့ သူလျှိုတွေ ရှိမှာပဲ’
ဒီအချိန်မှာ ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... ချူရှီရန်က တကယ်ပဲ ဗုဒ္ဓလား”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ပြောခဲ့တဲ့ လုံဟောင်က နောက်ခံအကြီးဆုံး မဟုတ်ဘူးဆိုတာကို မမေ့သေးပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ပြောလိုက်ပါတယ် “မမေးသင့်တာကို မမေးနဲ့၊ အေးအေးဆေးဆေးသာ ကျင့်ကြံစမ်းပါ၊ တစ်နေ့ကျရင် ကျူးကျော်လာတဲ့ ရန်သူတွေကို ငါ့အစားဖြေရှင်းပေးစမ်းပါ”
ဝူတောက်ကျန့်ဟာ အရှက်ရသွားပြီး ဆက်မမေးတော့ပါဘူး။
အဲဒီအချိန်ကစပြီး ဝတ်ရုံဖြူဗုဒ္ဓဟာ သေမျိုးကမ္ဘာတစ်ခွင် ပြဲပြဲစင်အောင် လျှောက်သွားကာ တာအိုကျင့်စဉ်တွေ သင်ကြားပေးပါတယ်။ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓ ပြဿနာရှာမှာစိုးတဲ့အတွက် နည်းနည်းတော့ ဂရုစိုက်ပါသေးတယ်။
နှစ် ၃၀ ကြာပြီးနောက်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပါတယ်။ ကောင်းကင်တာအိုတိုကင်ဟာ ဟန်ကျွယ်လက်ထဲမှာ လှုပ်ခါပြီး ပူထူလာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။