← Chapters

အဖြစ်အပျက် အသေးစိတ်

Vol. 07 Ch. 320

အဖြစ်အပျက် အသေးစိတ်

Vol. 07 Ch. 320

ထန်ယွင်သဲ့၏စိတ်တွင်းတွင် အတိတ်က အဖြစ်အပျက်များသည် ရုပ်ရှင်ကားသဖွယ် တဖျတ်ဖျတ် ရွေ့လျားလျက်ရှိပြီး သူ၏မျက်ဝန်းအစုံသည် ရီဝေမှိုင်းညို့လျက်ရှိပေသည်။ သူရဲကောင်းဆန်သော လူများ၊ စစ်ပွဲအတွင်းမှ တစ်လူလူတက်နေသော ကျည်ဆံယမ်းငွေ့များ၊ ဇွဲသတ္တိနှင့် ပူနွေးနေသော သွေးများ၊ အတွေ့အကြုံများတွင် သစ္စာရှိသော စိတ်ဓာတ်ပြယုဂ်များသည် အရေးပါလှသောအရာများ ဖြစ်ခဲ့သည်။

အချိန်အတန်ငယ် ကြာသွားပြီးမှ ထန်ယွင်သဲ့သည် သူ၏အတိတ်မှ ပြန်လည်သတိဝင်လာသည်။ အားတင်းယူထားရသော အပြုံးတစ်ခုသည် သူ၏နှုတ်ခမ်းထောင့်တွင် တွဲလွဲခိုလာပြီး

“ဟုတ်တယ်။ အဖေက တရုတ်နိုင်ငံအထူးတပ်ဖွဲ့မှာရှိတဲ့ အဲ့ဒီနှစ်တွေတုန်းက နဂါးဝိညာဉ်အထူးတပ်ဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ပဲ။ အမိမြေကို ကာကွယ်ဖို့၊ ရန်သူတွေကို တွန်းလှန်တိုက်ခိုက်ဖို့ တာဝန်ကို ပခုံးထမ်းထားရတဲ့သူတစ်ယောက်ပေါ့။ အဖေတို့နဂါးဝိညာဉ်တပ်ဖွဲ့ဝင်တွေက နိုင်ငံအတွင်းက အထူးတပ်ဖွဲ့တွေကနေပြီးတော့ အထူးချွန်ဆုံးတွေကို ရွေးချယ်ဖွဲ့စည်းထားတဲ့ အထူးချွန်ဆုံး၊ အတော်ဆုံးအသင်းဝင်တွေလို့လည်း ဆိုနိုင်တယ်။ ဒီအဖွဲ့ထဲကို ဝင်ဖို့ဆိုရင် တစ်ယောက်ချင်းစီတိုင်းက သန်မာတဲ့ တိုက်ပွဲဝင်စွမ်းရည်ရှိရမှာ ဖြစ်သလို အဖွဲ့အစည်းစိတ်ဓာတ်ကိုလည်း လက်ကိုင်ထားရတဲ့သူတွေ ဖြစ်ဖို့လိုတယ် သား။ အဖေတို့က နိုင်ငံထဲမှာ နေတာရှားတယ်။ အများစုက ကမ္ဘာအနှံ့သွားပြီး အလွန်အမင်း အန္တရာယ်ရှိတဲ့ စစ်ဆင်ရေးတွေကို ဆောင်ရွက်ဖို့ စစ်ပွဲဇုန်တစ်ခုပြီးတစ်ခုထဲမှာ ရှိနေရတာများတယ်။”

“လွန်ခဲ့တဲ့ ၂၂နှစ်လောက်က နဂါးဝိညာဉ်အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် အဖေ တာဝန်ယူထားတဲ့ တတိယနှစ်လောက်မှာ အဖေနဲ့ အဖွဲ့ဝင်တွေဟာ မထင်မှတ်တဲ့အမှားတစ်ခုကြောင့် မျှော်လင့်ချက်မဲ့နေတဲ့၊ စိတ်ပျက်အားလျော့စရာကောင်းတဲ့ အခြေအနေတစ်ခုမှာ ပိတ်မိနေခဲ့တယ်။ နောက်ဆုံးမှာ တပ်ဖွဲ့က ညီအစ်ကို၆ယောက် သေဆုံးပြီး အဖေနဲ့ တခြား၂ယောက်က ဝန်းရံထားတဲ့ကြားက ထိုးဖောက်ထွက်လာနိုင်ခဲ့တယ်။ အဲ့ဒီနောက်တော့ အဖေတို့၃ယောက်လုံး ပုန်းအောင်းနေခဲ့ရတာပေါ့။”

“စစ်ဆင်ရေးကို ဆက်လုပ်ဖို့နဲ့ သေဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက် လက်တုံ့ပြန်နိုင်ဖို့ အဖေတို့ ဆက်လုပ်မှရမယ်။ ထပ်လှုပ်ရှားရင်းနဲ့ပဲ ပိတ်မိတယ်။ အဖေတို့ လွတ်မြောက်ရင်း ထပ်လှုပ်ရှားတော့ နောက်တစ်ခါ ထပ်ပိတ်မိတာနဲ့ ကြုံရတယ်။ ဒီတစ်ခါတော့ အဖေတို့ ကံကောင်းသွားတယ်။ မြစ်ထဲကို ခုန်ချလိုက်လို့ လွတ်မြောက်သွားပေမယ့် တစ်ယောက်က ခြေထောက်ကို သေနတ်မှန်သွားတဲ့အတွက် အသား၊အရိုး ပုပ်လာပြီး မသန်မစွမ်း ဖြစ်သွားခဲ့ရတယ်။”

ထိုနေရာသို့ အရောက်တွင် ထန်ယွင်သဲ့ ရပ်တန့်သွားပြီးနောက် ထန်ရှုအား ကြည့်ကာ မေးလိုက်သည်။

“ဒီဟာကို သား မှန်ကန်အောင် ခန့်မှန်းနိုင်တယ်မဟုတ်လား။”

ထန်ရှု ခေါင်းညိတ်သည်။

“ကျွန်တော် တစ်ချို့အရာတွေကို ရိပ်စားမိပါတယ်။ အဖေတို့ထဲက တစ်ယောက်က တိုင်းပြည်သစ္စာဖောက် ဖြစ်နေတယ်။ ဒါမှမဟုတ် တစ်စုံတစ်ယောက် သို့မဟုတ် လူတစ်ချို့က အဖေ့ကို နိုင်ငံရဲ့ပြင်ပမှာ သေစေလိုတဲ့ ရည်ရွယ်ချက်ရှိနေတယ်။”

သတ်ဖြတ်လိုရိပ်သည် ထန်ယွင်သဲ့၏မျက်ဝန်းအစုံတွင် တစ်ချက်ပေါ်လာကာ သူက တီးတိုးပြောလိုက်သည်။

“အတိအကျပဲ။ သူတို့ကို တိုင်းပြည်သစ္စာဖောက်လို့ ပြောလို့မရပေမယ့် လူတစ်ချို့က အဖေ့ကို ပြည်ပမှာနေတာကောင်းတယ်လို့ ထင်တယ်။ ထန်မိသားစုမှာ အဲ့ဒီအချိန်မှာ နိုင်ငံရေးရန်သူ၂မျိုး ရှိတယ်။ တစ်မျိုးက သြဇာအာဏာရှိတဲ့သူတွေပေါ့။ အဖေတို့ လွတ်လာတာနဲ့ ကျန်တဲ့ တိုက်ပွဲဝင် ညီအစ်ကို၂ယောက်ကို အဖေနဲ့အတူ နိုင်ငံကို မပြန်ခိုင်းတော့ဘူး။ တစ်ခုခု မှားနေတယ်လို့ အဖေ သံသယရှိလာပြီလေ။ အဖေ နိုင်ငံကို ပြန်ရောက်တာနဲ့ စစ်တပ်က အဖေ့ကို ချက်ချင်း ဖမ်းတော့တာပဲ။”

ရှင်းပြနေစဉ်အတွင်းမှာပင် ထန်ယွင်သဲ့၏ သတ်ဖြတ်လိုစိတ်မှာ သိသာစွာ ပေါ်လွင်နေခဲ့သည်။

ထန်ယွင်သဲ့၏စကားများအား ငြိမ်သက်စွာ နားထောင်နေရင်း ဇာတ်လမ်းတစ်ပုဒ်လုံးအား ထန်ရှု နောက်ဆုံးတွင် သဘောပေါက်လာရပြီဖြစ်သည်။

အတိတ်ကာလတွင် တရုတ်နိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ထန်ယွင်သဲ့အား စစ်တပ်ဋ္ဌာနချုပ်မှ ချက်ချင်း ဖမ်းဆီးကာ စစ်ခုံရုံးသို့ လွှဲပြောင်းပေးလိုက်သည်။ မသင့်လျော်သော ခေါင်းဆောင်မှုနှင့် ညွှန်ကြားမှုတို့ဖြင့် နိုင်ငံ၏ထိပ်တန်းအထူးတပ်ဖွဲ့အား မွှေနှောက်ဖျက်ဆီးသည်ဟု စွပ်စွဲခံရသည်။ ထို့ကြောင့် ထန်ယွင်သဲ့သည် အခြားအသက်ရှင်ကျန်သော အဖွဲ့ဝင်၂ဦး၏သတင်းအား ဖုံးကွယ်ထားခဲ့သည်။

နောက်ပိုင်းတွင် ထန်မိသားစုသည် အတော်များသော တန်ဖိုးအား ပေးအပ်သောကြောင့် စစ်ခုံရုံးမှ ထန်ယွင်သဲ့အား လွှတ်ပေးခဲ့သည်။ သို့သော် အဆုံးသတ်တွင် ထိုသူများသည် သူ့အား တာဝန်မထမ်းဆောင်တော့ရန် နှင်ထုတ်ပစ်လိုက်ခြင်း ဖြစ်တော့သည်။ သို့သော်လည်း ထန်ယွင်သဲ့အား မိသားစုမှ နှင်ထုတ်ရန် ထန်မိသားစု၏ နိုင်ငံရေးရန်သူများသည် ထန်မိသားစုခေါင်းဆောင် ထန်ကောရှန့်အား ဖိအားပေးလာသည်။ သို့မဟုတ်ပါက နိုင်ငံတွင်းရှိ နိုင်ငံရေးလောကတွင် ထန်မိသားစု၏ လွှမ်းမိုးနိုင်မှုနှင့် တည်ရှိမှုသည် ပြည်သူလူထု မတရားပြုသည့်ဆီသို့ ဦးတည်သွားကာ အရောင်စွန်းထင်သွားလိမ့်မည်ဖြစ်သည်။

ဖိအားများကို ရင်ဆိုင်နေရသော ထန်ကောရှန့်သည် သားဖြစ်သူ ထန်ယွင်သဲ့နှင့် တစ်ညလုံး ဆွေးနွေးခဲ့ပြီး ဒေါသများနှင့် ဒုက္ခတရားအား ရင်ဝယ်ပိုက်ကာ ထန်ယွင်သဲ့သည် ထန်မိသားစုမှ သူကိုယ်တိုင် ထွက်လာခဲ့ကာ သူ၏တပ်ဖွဲ့ဝင်တစ်ယောက်၏ ဇာတိမြေဖြစ်ဖြစ်သော ကြယ်တာရာမြို့ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်တော့သည်။

“အဲ့ဒါကြောင့် အဖေ ကြယ်တာရာမြို့ကို အဲ့ဒီနှစ်က ရောက်လာခဲ့တာပေါ့။” ထန်ရှုက မျက်မှောင်တစ်ချက် ကြုပ်သွားရင်း မေးလိုက်သည်။

“ဟုတ်တယ်။” ထန်ယွင်သဲ့က ခေါင်းညိတ်ပြသည်။ “အဖေ့တပ်ဖွဲ့ဝင်တစ်ယောက်က နိုင်ငံခြားတိုင်းပြည်မှာ သေဆုံးခဲ့ပြီး သူ့မှာ အမေတစ်ယောက်တည်းကျန်ခဲ့တာ အဖေသိထားတယ်။ အဲ့ဒါကြောင့် သူမကို ဂရုစိုက်ဖို့ ကြယ်တာရာမှာ နေခဲ့တာပေါ့။ ၃လမြောက်ကျတော့ ကြယ်တာရာမှာ အဖေ အခြေတကျဖြစ်လာတဲ့အချိန်မှာ အဲ့ဒီအမျိုးသမီးကြီး ကွယ်လွန်သွားတယ်။ နာကျင်ခံစားရမှုနဲ့ ဝမ်းနည်းမှုတွေပြည့်နေတဲ့ အဖေက စိတ်ဓာတ်ကျသွားပြီး အဲ့ဒီအချိန်မှာ အရာအားလုံးကို မေ့နိုင်ဖို့ အရက်သမားတစ်ယောက်ဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံရောက်သွားတယ်။ အဲ့ဒီအချိန် ဆေးရုံမှာ သူနာပြုလုပ်နေတဲ့ သားရဲ့အမေနဲ့ ဆုံတွေ့ခဲ့တာပါပဲ။”

“အဖေ ဘယ်လိုဖြစ်ပြီး သတိလစ်မေ့မျောသွားတာလဲ။” ထန်ရှုက ဆက်မေးလိုက်သည်။

ထန်ယွင်သဲ့က သက်ပြင်းချလိုက်ပြီး

“ပြည်ပမှာ စစ်ဆင်ရေး ဆောင်ရွက်နေတုန်းက မရဏနတ်ဘုရားလို့ ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ အဖေတို့ ကြုံဖူးတယ်။ ကြောက်စရာကောင်းတဲ့ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပဲ။ အဲ့ဒီနေ့တွေတုန်းက အဖေတို့က ဓားစာခံတစ်ယောက်ကို ကယ်တင်ဖို့ သူတို့ရဲ့ဒုခေါင်းဆောင်ကို သတ်လိုက်တာက သူတို့တွေရဲ့ရူးသွပ်တဲ့ တုံ့ပြန်မှုကို လှုံ့ဆော်သလို ဖြစ်သွားခဲ့တယ်။ အဲ့ဒီအချိန် အဖေတို့တွေက တိုက်ပွဲ၂ပွဲအတွင်း ရှုပ်ထွေးနေပြီး ပိတ်မိနေခဲ့တာပေါ့။ အဲ့ဒီတိုက်ပွဲ၂ခုစလုံးက ထန်မိသားစုရဲ့ နိုင်ငံရေးရန်သူတွေနဲ့ အဲ့ဒီအဖွဲ့အစည်းရဲ့လက်ချက်လေ။ အကျိုးခံစားခွင့်ကို မျှဝေယူဖို့အတွက် သူတို့တတွေ ပူးပေါင်းလုပ်ဆောင်ကြတာလို့ အဖေ ယူဆတယ်။”

မရဏနတ်ဘုရားဟုတ်လား။

ထန်ရှု ထိုနာမည်အား တိတ်တဆိတ် စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

ထန်ယွင်သဲ့က ဆက်ပြောပြသည်။

“အဖေက ကျန်တဲ့အဖွဲ့ဝင်၂ယောက်ကို အဖေနဲ့အတူ တရုတ်ပြည်ကို ပြန်လိုက်ခွင့်မပြုလိုက်တဲ့အကြောင်းက စစ်တပ်ရဲ့ကောင်းမွန်လှတဲ့စနစ်မှာ သစ္စာဖောက်တွေ ဘာကြောင့် ပေါ်လာတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ဖို့လိုတယ်။ တစ်ဖက်က ကြည့်ရင်လည်း မရဏနတ်ဘုရားအဖွဲ့က သူတို့နောက်ကို မလိုက်အောင် ကာကွယ်ဖို့ သူတို့ကို သေဆုံးသွားတယ်လို့ မြင်စေချင်တယ်။ ဒါပေမယ့်လည်း မရဏနတ်ဘုရားအဖွဲ့က လမ်းကြောင်းအမျိုးမျိုးကို အသုံးပြုလိုက်တာ နောက်ဆုံးတော့ အဖေ ကြယ်တာရာမှာရှိနေတာ သူတို့ သိသွားတယ်လေ။ အဲ့ဒီနေ့မှာ လူ၅ယောက် ပေါ်လာတယ်။ တစ်ယောက်က ရွှေဝတ်ရုံ လုပ်ကြံသူဖြစ်ပြီးတော့ ကျန်တဲ့၄ယောက်က ငွေဝတ်ရုံလုပ်ကြံတဲ့သူတွေ။ အဖေ သိသလောက် မရဏနတ်ဘုရားအဖွဲ့အစည်းက ရာထူးအဆင့်နဲ့ ဖွဲ့စည်းထားတာ။ အနိမ့်ဆုံး ဝတ်ရုံမည်းကစပြီး ငွေဝတ်ရုံ၊ ရွှေဝတ်ရုံနဲ့ ခရမ်းဝတ်ရုံ လုပ်ကြံသူဆိုပြီး ရှိတယ်။”

“ရှုအာ… တစ်ချိန်မှာ မရဏနတ်မင်းအဖွဲ့နဲ့ သား ကြုံလာခဲ့ရင် ပြေးသင့်တယ်။ အဲ့ဒီလူတွေရဲ့ နည်းလမ်းတွေက အလွန်အကျူးကို ရက်စက်လွန်းလှတယ်။ အဖေ့ရဲ့ခွန်အားနဲ့ သိုင်းပညာက နိုင်ငံအတွင်းမှာဆိုရင် အလွန်ကြောက်မက်ဖွယ် ကောင်းတယ်လို့ ဆိုနိုင်ပေမယ့် ရွှေဝတ်ရုံနဲ့ ငွေဝတ်ရုံ၄ယောက်ကို သတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ သတ်နိုင်ခဲ့တယ်။ နောက်ဆုံးတော့ အဖေလည်း ဒဏ်ရာဒဏ်ချက်များစွာနဲ့ သတိလစ်မေ့မျောသွားတဲ့အခြေအနေထိ ရောက်သွားခဲ့တာပဲ။”

“အဲ့ဒီအဖွဲ့အစည်းရဲ့သဘောသဘာဝက ဘယ်လိုရှိလဲ။” ထန်ရှုက မေးလိုက်သည်။

“အဖေ မသိဘူး။ အတိတ်တုန်းက စစ်တပ်ရဲ့ အလွန်မြင့်မားတဲ့ လျှို့ဝှက်ချက်တွေကို အဖေ ရှာကြည့်ပေမယ့်လည်း ဘယ်လိုအဖွဲ့အစည်းလဲဆိုတာနဲ့ သူ့ရဲ့တည်ရှိမှုအမျိုးအစားကို အဖေ မရှာနိုင်သေးဘူး။ ဒါမှမဟုတ် နိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်က မရဏနတ်ဘုရားအဖွဲ့အစည်း တည်ရှိမှုနဲ့ သူ့သဘာဝကို သေချာမသိတာလည်း ဖြစ်နိုင်တယ်။”

ထန်ရှု မျက်စိမှေးလိုက်ကာ ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။ ထိုအရာကို သူ နားလည်နိုင်သည်။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့သော အထူးတည်ရှိမှုများ အများအပြား ရှိနိုင်ပေသည်။ ပြင်ပလူများအတွက် ထိုသူများသည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အား၊ ပညာရပ်များတတ်မြောက်ထားကြသည့် ပုဂ္ဂိုလ်ကျော်များ၊ ထူးကဲသောသူများ သေချာပေါက် ဖြစ်နေကြလိမ့်မည်။

ဥပမာပြရသော် ထာဝရခန်းမ၏ တည်ရှိမှုပင်ဖြစ်တော့သည်။

ထန်ယွင်သဲ့က ပြောလိုက်သည်။

“အဖေ စစ်တပ်ကထွက်ပြီး ကြယ်တာရာကို လာနေတုန်းက အဲ့ဒီကျန်တဲ့ တပ်ဖွဲ့ဝင်၂ယောက်နဲ့ တိတ်တဆိတ် အဆက်အသွယ်ရှိတယ်။ အဖေတို့၃ယောက်ပေါင်းပြီး လုပ်ငန်းစုတစ်ခုကို တည်ထောင်ခဲ့တယ်။ သူတို့ကတော့ ဦးစီးပြီး လုပ်ပေးတာပေါ့။ အဖေက ၄၀%ရှယ်ယာ ရှိတယ်။ အခုဆို ဟောင်ကောင်မှာ ဒေါ်လာ၁၀ဘီလီယံ ပိုင်ဆိုင်မှု ရှိတဲ့ အုပ်စုကြီးဖြစ်နေပြီပေါ့။ အထွေထွေရုံးချုပ်က မကာအိုမှာရှိတယ်။ အဲ့ဒါကို မီးတောက်ဝိညာဉ်အုပ်စုလို့ ခေါ်တယ်။”

ထိုကြီးမားသော အုပ်စုကြီးများအကြောင်းအား ထန်ရှု မသိသည့်အပြင် မကာအိုမှ မည်သည့်လုပ်ငန်းစုကိုမှ သူ မသိချေ။

သို့သော်လည်း အမေရိကန်ဒေါ်လာ၁၀ဘီလီယံ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းစုအတွက် ထိုအရာသည် သိသာထင်ရှားစွာ ကုမ္ပဏီ၏သန်မာသော ပိုင်ဆိုင်မှုပြယုဂ်ဖြစ်ချေသည်။ သူ၏ဖခင်သည် ၄၀%ရှယ်ယာ ပိုင်ဆိုင်သည်ဟု ဆိုခြင်းသည် စုစုပေါင်းပိုင်ဆိုင်မှုတွင် ဘီလီယံများစွာလည်းရှိသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။

ထန်ယွင်သဲ့က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည်။

“အမှန်တကယ်တော့ အဖေက မရဏနတ်ဘုရားအဖွဲ့က တစ်ယောက်ယောက် လာမရှာခင်ထိ စိတ်မအေးခဲ့ရ ရတက်မအေးခဲ့ရဘူး။ အဲ့ဒါကြောင့် သားအမေနဲ့ လက်ထပ်ပွဲ မလုပ်ခဲ့ရတဲ့အပြင် လက်ထပ်စာချုပ် စာရင်းသွင်းဖို့ကိုတောင် ကြောက်နေခဲ့မိတယ်။ အဖေသာ မတော်တဆတစ်ခုခု ဖြစ်ခဲ့ရင် သားအမေကို စောင့်ရှောက်မယ့်သူမရှိမှာကို တွေးပြီးတော့ပေါ့။ အဲ့ဒါကြောင့် စုရှန်းဝမ်ကို ရှန်းဝမ်အုပ်စု တည်ထောင်နိုင်အောင် ယွမ်၂မီလီယံ တိတ်တဆိတ် ကူညီပေးခဲ့တယ်။ ဒါပေမယ့် အဖေ တွေးမထားခဲ့မိတာက အဖေ မတော်တဆ ဖြစ်သွားတဲ့အချိန်မှာ စုရှန်းဝမ်က သားအမေကို စောင့်ရှောက်ပြီး သက်တောင့်သက်သာ ချမ်းသာတဲ့ဘဝမှာ နေနိုင်အောင် ထောက်ပံ့ပေးဖို့ဆိုတဲ့ အဖေတို့ရဲ့ သဘောတူညီထားမှုကို မလုပ်ပေးရုံတင်မကဘူး သားတို့၂ယောက်စလုံးကို အခက်အခဲအမျိုးမျိုး ကြုံတွေ့အောင် ဖန်တီးခဲ့တာကိုပဲ။”

“အဖေ ဆိုလိုတာ…” ထန်ရှု ရုတ်တရက် လန့်သွားသည်။ “အဖေက သူ့ကို လုပ်ငန်းထူထောင်ဖို့ အရင်းအနှီးထုတ်ပေးပြီး သဘောတူညီမှု လုပ်ထားခဲ့တာလား။”

“ဟုတ်တယ်။” ထန်ယွင်သဲ့က ခေါင်းညိတ်ကာ ဆက်ပြောသည်။

“စဉ်းစားကြည့်လေ။ ကြယ်တာရာမြို့ကို အလုပ်လုပ်ဖို့ လာတဲ့ ရွာသားလူငယ်တစ်ယောက်က ငွေပမာဏအများကြီးနဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ သူ့ရဲ့ပထမဆုံးစီမံကိန်းအသေးစားလေးတွေကိုတောင် အဖေ ကူညီပေးခဲ့သေးတယ်။”

ရင်တွင်းအနက်ရှိုင်းဆုံးနေရာမှ ဒေါသများစွာ ထွက်လာသောကြောင့် ထန်ယွင်သဲ့ မရိပ်မိစေရန် ထန်ရှုသည် ဖြည်းညှင်းစွာ မျက်လုံးများ မှိတ်လိုက်သည်။

“အဲ့ဒါဆို အဖေ သူနဲ့ရော တွေ့ပြီးပြီလား။”

“တွေ့ပြီးပြီ။ အဖေ ထောင်ထဲကို သွားတွေ့လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက သားအမေရဲ့သွေးရင်းအစ်ကို ဖြစ်နေတော့ သွေးက ရေထက် ပိုပျစ်တယ်လေ။ အဖေ သူ့ကို မုန်းတီးပေမယ့်လည်း…”

“အဖေ ပြောတဲ့အရာတိုင်းက ကျွန်တော် သိချင်နေခဲ့တာတွေချည်းပါပဲ။” ထန်ရှုက တိတ်ဆိတ်စွာ ခေါင်းညိတ်ရင်း

“အခု ကျွန်တော် အဖေ့ကို တစ်ခုပဲ ပြောချင်တာပါ။ အမေက နှစ်၂၀လောက် ဒုက္ခခံခဲ့ရပြီး ဘဝသက်တမ်းတစ်ဝက်က အဖေ့အတွက် ပေးအပ်ခဲ့တာပါ။ အဖေ အမေ့ကို ပျော်အောင် ထားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”

ထန်ယွင်သဲ့ ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ ရယ်လိုက်မိရင်း

“ယွမ်လေးက အဖေ့ဇနီးမယားပါ သားရဲ့။ အဖေ ပျော်အောင်ထားမယ်ဆိုတာ သေချာတာပေါ့။ သားအမေတင်မကဘူး သားကိုလည်း အဖေက ပျော်ရွှင်အောင် ထားမှာပါ။ အဖေ တတ်နိုင်သမျှ သားလိုအပ်တာကို ဖြည့်ဆည်းပေးမယ်။ သား ဘာပဲလုပ်ချင်ချင် သားကို အထောက်အပံ့လုပ်ပေးမှာပါ။”

ထန်ရှု၏ချောမောပြေပြစ်သော မျက်နှာထက်တွင် အပြုံးရိပ်များ စွန်းထင်သွားရင်း

“မိဘနဲ့ ကောင်းကင်ဘုံကို မှီခိုနေတာ ယောကျာ်းကောင်းမဟုတ်ဘူးလေ အဖေရ။ သားရဲ့ကိုယ်ပိုင်လက်နဲ့ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို အောင်မြင်အောင် လုပ်မှာပါ။ အဖေတူသားပါဗျ။ နောက်ပြီး သူရဲကောင်းတစ်ယောက်ရဲ့သားက သန်မာတဲ့လူတစ်ယောက်ပဲ ဖြစ်ရမယ်။ အဖေ သားပြောတာ သဘောပေါက်တယ်မဟုတ်လား။”

“ဒါပေါ့ကွာ။” ထန်ယွင်သဲ့ တစ်ချက်ရယ်ကာ အဖြေပေးလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ရင်း ရုတ်တရက် မေးလိုက်သည်။

“အဖေ့ရဲ့ အနာဂတ်အစီအစဉ်က ဘာများလဲ။”

“အရေးကြီးဆုံးကတော့ သားအမေကို အဖော်ပြုပေးဖို့ပဲ။ အဖေ ပိုင်ဆိုင်သမျှလည်း ယွမ်လေးကို လွှဲပေးပြီးပြီဆိုတော့ အနာဂတ်မှာ သူမနောက်ပဲ လိုက်ရမှာပေါ့။”

“အဖေ လက်တုံ့ပြန်ဖို့ကရော…” ထန်ရှုက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ထန်ယွင်သဲ့ တစ်ခဏမျှ တိတ်ဆိတ်သွားကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“အဲ့ဒီရန်ငြိုးကို သေချာပေါက် လက်စားချေမှာပါ။ ဒါပေမယ့် ခုတော့ မဟုတ်သေးဘူး။ နှစ်၂၀လောက် အဖေ စောင့်ခဲ့ပြီးပြီဆိုတော့ နောက်ထပ်နည်းနည်း စောင့်ရလည်း ကိစ္စမရှိပါဘူး။”

ထန်ရှုက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အေးစက်သောလေသံဖြင့်

“အဖေ လက်တုံ့ပြန်မယ့်အချိန်ရောက်ရင် ကျွန်တော်လည်း သိပါရစေ။”

ထန်ယွင်သဲ့က ခပ်ဖွဖွ ပြုံးလိုက်ရင်း

“ကောင်းပြီ။ အဖေ့အကြောင်း သားကို အကုန်ပြောပြပြီးပြီ။ အခု သားရဲ့အလှည့်။ သား တစ်ချိန်လုံး ဘာတွေ လုပ်နေခဲ့တာလဲ။”

စိတ်တွင်းမှ စကားလုံးများအား စီလိုက်ပြီးနောက် ထန်ရှုက အဖြေပေးသည်။

“ကျွန်တော် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကို တည်ထောင်ခဲ့တယ်။ ကုမ္ပဏီအသေးလေးတစ်ခုပါ။ နောက်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်း ဝယ်ထားပြီး အခု ပြန်လည်တည်ဆောက်ဖို့ လူတစ်ချို့လွှတ်ထားတယ်။ အဲ့ဒီနေရာက အနာဂတ်မှာ ကျွန်တော်တို့မိသားစုရဲ့ကောင်းမွန်တဲ့ အုတ်မြစ် ဖြစ်လာလိမ့်မယ်။ နောက်ပြီး ကျွန်တော့်မှာ အခြားပုံရိပ်တစ်ခုရှိသေးတယ်။ အမေတောင် အဲ့ဒီအကြောင်းကို မသိသေးဘူး။ ကျွန်တော်က ကျင်းမန်ကျွန်းမှာရှိတဲ့ ထာဝရခန်းမရဲ့သူဋ္ဌေးလည်း ဖြစ်တယ်။”

ထာဝရခန်းမလား။

ထန်ယွင်သဲ့ ပဟေဠိဖြစ်သွားရသည်။

“သားက ကျင်းမန်ကျွန်းမှာ စီးပွားရေးတစ်ခု ဘယ်လိုလုပ်တာလဲ။”

“ဒီဟာနဲ့ပတ်သက်ပြီး အဖေ့ကို အကြောင်းစုံ ပြောလို့မရသေးဘူး။ အချိန်ကျရင် ကျွန်တော် ပြောပြပါမယ်။ ထာဝရခန်းမက လူတွေက ကျွန်တော်တို့လူတွေပဲဆိုတာ အဖေ သိဖို့ပဲလိုတယ်။”

ထန်ယွင်သဲ့က ခေါင်းညိတ်ပြီး

“အဖေ နားလည်ပါတယ်။”

သူက စီးကရက်အား ဆေးလိပ်ပြာခွက်ထဲ ထိုးချေထည့်လိုက်ပြီးနောက် မေးလိုက်သည်။

“ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်း ဝယ်တာ အတော်ဈေးကြီးမှာပဲ ဟုတ်တယ်မလား။”

“ဟုတ်ကဲ့ ဈေးကြီးပါတယ်။ ၂.၅ဘီလီယံ ပေးရတယ်။ အဲ့ဒီတုန်းက ချန်းကျီကျုံးဆီက ပိုက်ဆံချေးရသေးတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ပြန်ဆပ်ပြီးသွားပါပြီ။”

***

All Chapters