← Chapters

ချစ်သူအပေါ်ထားရှိသော အမျိုးသမီးတစ်ယောက်၏ခံစားချက်များ

Vol. 07 Ch. 321

ချစ်သူအပေါ်ထားရှိသော အမျိုးသမီးတစ်ယောက်၏ခံစားချက်များ

Vol. 07 Ch. 321

ထန်ယွင်သဲ့ အတော်အံ့အားသင့်သွားသည်။ သားဖြစ်သူ၏တည်ငြိမ်သော အမူအရာအား ကြည့်ရင်း သူက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“၂.၅ဘီလီယံဆိုတာ နည်းတာပမာဏမဟုတ်ဘူး။ အဲ့လောက်များတဲ့ငွေတွေ သား ဘယ်ကရတာလဲ။ အဖေသိသလောက်ဆိုရင် ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုက တစ်ချိန်လုံး ထုတ်လုပ်မှုထဲမှာ ရင်းနှီးထားရပြီးတော့ အမြတ်မရသေးဘူးလေ။”

“စိတ်မပူပါနဲ့အဖေ။ ဒီငွေက သန့်ရှင်းပါတယ်။ နောက်ပြီး ကျွန်တော် အဖေ့ကို ပြောစရာရှိသေးတယ်။ ငွေအကြောင်းတော့ မဟုတ်ဘူး။”

“ဘာများလဲ။” ထန်ယွင်သဲ့ ဇဝေဇဝါ ဖြစ်သွားသည်။

“ကျွန်တော့်မှာ တပည့်တွေ ဘာကြောင့် ရှိနေတာလဲဆိုတာ အဖေ မသိချင်ဘူးလား။”

ထန်ရှုက မေးသည်။

ထန်ယွင်သဲ့ တစ်ခဏမျှ အံ့သြသွားရပြီး ချက်ချင်းပင် သူ၏အမူအရာသည် လေးနက်သွားသည်။ သူက ခေါင်းညိတ်ပြကာ

“အဖေ အဲ့ဒီဟာကို အမှန်တကယ်တော့ သိချင်ပါတယ်။ မိန်းကလေးရင်ရင်ရဲ့နှုတ်ကလည်း အရမ်းလုံပြီး အဖေ့ကို တစ်ချက်လေးတောင် မပြောပြဘူး။ သူမတစ်ယောက်တည်း သားရဲ့တပည့်ဆိုရင် ဒါလက်ခံနိုင်စရာအကြောင်း ရှိသေးတယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု ၁၀ဘီလီယံရှိတဲ့ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းရဲ့ ထင်ရှားကျော်ကြား ကြွယ်ဝလှသူ ချန်းကျီကျုံးကပါ သားကို ဆရာသခင်အဖြစ် လေးစားကြည်ညိုနေတာကျတော့ အဖေ့ကို အတွေးများစေတယ်။”

“ကျွန်တော့်မှာ ကျင့်ကြံမှုနည်းစနစ်တွေ ရှိတယ်။ အဖေ ကြားဖူးတဲ့ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေထဲက အင်မော်တယ်ဖြစ်လာဖို့ ကျင့်ကြံတဲ့နည်းတွေပေါ့။ သူတို့က အင်မော်တယ်ဖြစ်အောင် ကျင့်ကြံဖို့အတွက် ကျွန်တော့်ကို သူတို့ဆရာသခင်အဖြစ် လက်ခံကြတယ်။” ထန်ရှုက ရှင်းပြသည်။

ထန်ယွင်သဲ့က အူလှိုက်သည်းလှိုက် ရယ်မောလိုက်ရင်း

“ရှုအာ… သား အဖေ့ကို လှည့်စားနေတာ ရွှီးနေတာတော့ မဟုတ်ဘူးမလား။ ကမ္ဘာပေါ်မှာ အင်မော်တယ်ကျင့်ကြံခြင်းဆိုတာ ဘယ်နေရာမှာရှိလို့လဲ။”

ထန်ရှုက တည်ငြိမ်အေးဆေးသောအမူအရာဖြင့်

“အဖေ… ယုံချင်ယုံ မယုံချင်နေပါ။ ကမ္ဘာကြီးက ကြီးမားသလို အရမ်းထူးဆန်းတာတွေလည်း ရှိနိုင်တယ်။ သာမန်လူတွေအနေနဲ့ လက်လှမ်းမမီနိုင်တဲ့အရာတွေ အများကြီး ရှိတယ်။ နောက်ပြီး ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး။ နိုင်ငံအတွင်းမှာ ကျွန်တော့်လိုပဲ အခြားကျင့်ကြံသူတွေလည်း ရှိကြတယ်။ ကျွန်တော့်အသက်အရွယ်ကိုပဲ ကြည့်ပါဦး… နို့မို့ဆို ဒီလိုမကျင့်ကြံထားရင် အဖေ့ကို နှစ်ပေါင်းများစွာ မေ့မျောနေရာကနေ နိုးထလာအောင် ကျွန်တော် ဘယ်လိုစွမ်းဆောင်နိုင်မှာလဲ။”

“အဲ့ဒီကျင့်ကြံမှုဆိုတာ တကယ်လား။” ထန်ယွင်သဲ့၏မျက်နှာထက်မှ အပြုံးသည် အေးခဲသွားကာ အံ့အားသင့်စွာ မေးလိုက်သည်။

“တကယ်ပေါ့ အဖေ။ ဒါပေမယ့် အဖေက အသက်ကြီးပြီး နှစ်၂၀ကျော်လောက် အဖေ့ရဲ့စိတ်ဓာတ်ခွန်အားနဲ့ အဓိကအင်အားတွေ ဆုံးရှုံးထားတယ်။ ကျွန်တော် အဖေနဲ့အမေ နေ့တိုင်းစားဖို့ ဓာတ်စာအညွှန်းတစ်ခု ပေးခဲ့မယ်။ ၆လကြာပြီးရင် အင်မော်တယ်ကျင့်စဉ်ကို ဘယ်လိုလေ့ကျင့်ရလဲဆိုတာ အဖေ့ကို သင်ပေးမယ်။” ထန်ရှုက ပြောသည်။

“အင်မော်တယ် ကျင့်ကြံခြင်းဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘယ်လို အကျိုးသက်ရောက်မှုရှိတာလဲ။ အဖေက အမှန်တကယ်အင်မော်တယ်ဖြစ်နိုင်လား။” ထန်ယွင်သဲ့က မေးလိုက်သည်။

ထန်ရှု မျက်ခုံးပင့်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ထန်ယွင်သဲ့၏အရှေ့မှ ပျောက်ကွယ်သွားကာ တံခါးဝတွင် ပေါ်လာခဲ့သည်။

“အဖေ ဒီအမြန်နှုန်းကို ဘယ်လိုထင်လဲ။”

“အရမ်းမြန်လွန်းတယ်။”

ထန်ယွင်သဲ့ စိတ်တွင်းမှ တုန်လှုပ် ခြောက်ခြားသွားရသည်။ သူ၏အမြင်တွင် ရိပ်ကနဲသာ မြင်လိုက်ရသည်။ ထန်ရှုက သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ချိန်တွင် သူ၏ရင်တွင်းလှုပ်ခါမှုသည် အဆုံးအစမရှိသကဲ့သို့ ပြင်းထန်စွာ လှုပ်ရှားနေပြီး အချိန်အတန်ကြာသည်ထိ မတည်ငြိမ်နိုင်အောင်ပင် ဖြစ်ခဲ့သည်။

“ကျွန်တော့်အရှိန်နဲ့ခွန်အားက ပျမ်းမျှလူတွေထက် အဆတစ်ရာ မြန်တယ်။ ဒါပေမယ့် ဒီအခြေအနေမှာတောင် ကျွန်တော့်ရဲ့ကျင့်ကြံမှု အခြေခံက အရမ်းနိမ့်နေသေးတယ်လို့ ဆိုနိုင်တယ်။ ကျွန်တော် အကောင်းဆုံးအဆင့်ထိ အောင်မြင်နိုင်ခဲ့ရင် တောင်ထိပ်ဖျားတွေနဲ့ ပင်လယ်ကို ကျော်ဖြတ်တာတွေက ကျွန်တော့်အတွက် အလွယ်လေးပဲ။” ထန်ရှုက ပြောသည်။

ထန်ယွင်သဲ့၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ တုန်ရီသွားရသည်။ တောက်လောင်နေသောအကြည့်ဖြင့် ထန်ရှုအား ကြည့်ရင်း

“အဖေ အဲ့ဒါကို သင်ရမယ်။ နောက်၆လဆိုရင် သား အဖေ့ကို ဆက်ဆက်သင်ပေးပါ။”

ရန်သူတော်များသည် အလွန်အင်အားကြီးသောကြောင့် အစပိုင်းတွင် လက်စားချေရန်အတွက် သူ့တွင် မျှော်လင့်ချက်များစွာ မရှိလှချေ။ သူ၏စိတ်တွင်းတွင် အန္တရာယ်ကိုပင် စိုးကြောက်နေခဲ့မိသည်။ သို့သော် သူသည် အင်မော်တယ်ကျင့်စဉ်အား ကျင့်ကြံနိုင်ခဲ့ပြီး သူ၏ခွန်အားသည် အမှန်ပင် အကြီးအကျယ် တိုးတက်လာခဲ့ပါက သူ၏လက်တုံ့ပြန်မှုသည် ပိုမိုလွယ်ကူသွားမည်ဖြစ်ပေသည်။

စကားပြောပြီးသည်နှင့် သားအဖ၂ယောက်သား ဧည့်ခန်းထဲသို့ အတူသွားကြသည်။ သားအဖနှစ်ယောက် ပိုမိုရင်းနှီးလာသည်ကို ကြည့်ရင်း စုလင်းယွမ် ပိုမိုပျော်ရွှင်နေမိသည်။

“ရှုအာ…သား မနက်ဖြန် ရှန်ဟိုင်းကို သွားရမှာ လိုအပ်တာတွေ ပြင်ပြီးပြီလား။”

ထန်ရှုက ခေါင်းခါကာ ရယ်မောလိုက်ရင်း

“ဘာမှ မပြင်ဆင်ရသေးဘူး အမေ။ ကျွန်တော် အဝတ်အစားအချို့လောက်ပဲ သယ်ဖို့လိုတာပါ။ နောက်ပြီး လိုတာရှိရင် ကျွန်တော့်ဘာသာ ဝယ်လိုက်ပါမယ်။”

စုလင်းယွမ် ခေါင်းညိတ်လိုက်ကာ သူမ၏အိတ်ထဲမှ ဘဏ်ကတ်တစ်ခုအား ထုတ်ယူလိုက်ပြီး ထန်ရှုအား ပေးလိုက်သည်။

“ရှုအာ… ဒီဟာက သားအတွက် နေဖို့စရိတ်ပေးတာ။ အဲ့ဒီကတ်ထဲမှာ ယွမ်တစ်သိန်းပါတယ်။ သားလိုအပ်တာ သုံးဖို့အတွက်။ မလောက်ရင် အမေ့ကို ပြောနော်။”

ထန်ရှု ရယ်ရမလို ငိုရမလို ဖြစ်သွားကာ

“အမေ…ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်။ အမေ…”

စုလင်းယွမ်က စကားဖြတ်ပြောလိုက်သည်။

“သားမှာ ပိုက်ဆံရှိမှန်း အမေသိပါတယ်။ ဒါပေမယ့် ဒီဟာက အမေ သားအတွက် ပြင်ဆင်ပေးထားတာမို့ သားလက်ခံရမယ်။ ရှန်ဟိုင်းမှာ စာကြိုးစားသင်ပါ။ အသက်ငယ်တုန်း သင်ယူရမယ့်အရာတွေအများကြီး သင်ယူခဲ့ပါ။”

“ကျွန်တော် သိပါပြီ အမေ။” ထန်ရှု ခေါင်းညိတ်ပြသည်။

နောက်တစ်နေ့တွင် ထန်ရှုသည် မိခင်ဖြစ်သူမှ ဆွဲခေါ်သွားခြင်းကို ခံရပြီး သူမသည် သူ့အတွက် အဝတ်အစားများစွာကို ဝယ်ယူခဲ့ရာ တဖြည်းဖြည်းနှင့် လင်ရိုဗာကားနောက်ခန်းတွင် အပြည့်ဖြစ်လာခဲ့သည်။ ထန်ရှုသည် မိခင်ဖြစ်သူအား ရပ်တန့်ရန် ဖျောင်းဖြသော်လည်း စုလင်းယွမ်သည် မရပ်တန့်ခဲ့ပါချေ။

နေ့လည်ခင်းတွင်…

ထန်ရှုသည် ခမ်းနားသောထန်လုပ်ငန်းစု၏ရုံးချုပ်ဆီသို့ လာခဲ့ပြီး ဂိတ်လုံခြုံရေးများသည် သူ့အား သိနေသောကြောင့် တိုက်ရိုက်ပင် ကျော်ဖြတ်လာခဲ့သည်။ ခန်းရှ၏ရုံးခန်းသို့ သူ လာခဲ့ချိန်တွင် အတွင်းမှ လူတစ်ချို့ အငြင်းအခုံဖြစ်နေသောအသံအား သူ ကြားလိုက်ရသည်။

“အကြီးအကဲ ခန်း… ဒီအခွင့်အရေးကို ကျွန်တော့်ကို ပေးသင့်ပါတယ်။ ဒီဟာကို ချောမွေ့စွာ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်ဗျာ။”

“နင် အရာတိုင်းကို လုပ်နိုင်ပေမယ့် ဒီဟာတော့ မရဘူး။ ဝိုင်လုပ်ငန်းက နင့်ကို သည်မှာရှိဖို့ လိုအပ်တာမို့ ဒီမှာ နေသင့်တယ်။ ငါ စုချွမ်ကို ခေါ်သွားမယ်။ သူက အရမ်းထက်မြက်ပြီး ဘာမဆို ချောချောမွေ့မွေ့ လုပ်နိုင်တယ်။”

“အကြီးအကဲခန်းက ဒီမှာ ခမ်းနားသော ထန်လုပ်ငန်းစုအတွက် ဆောင်ရွက်ရမှာတွေ အများကြီးကို လုပ်ဆောင်ဖို့ လိုသေးတယ်လေ။ ဘာကြောင့် ရှန်ဟိုင်းကို ကိုယ်တိုင်သွားချင်နေရတာလဲ။ ဒီမှာကြည့် ကျွန်တာ် မိန့်ခွန်းပြောဖို့ ကျွန်တော့်လူတွေက ပြင်ဆင်ပေးထားလို့ ကျွန်တော် အလွတ်ရနေပြီးပြီ။”

“ငါ ရှန်ဟိုင်းကို သွားဖို့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိတယ်။”

ထန်ရှု ထိုနေရာအထိ ကြားပြီးသော် သူ ခပ်ဖွဖွ ပြုံးလိုက်သည်။ တံခါးခေါက်ကာ တွန်းဖွင့်ဝင်လိုက်ရာ ခန်းရှသည် သူမ၏စားပွဲတွင် ထိုင်နေပြီး သူမ၏အရှေ့တွင် ဓားအမာရွတ်ချန်သည် စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။

“သူဋ္ဌေးလား။”

ထန်ရှုအား တွေ့မြင်ရသည့်တစ်ခဏ ထိုင်ခုံတွင် မှီထိုင်နေသည့် ခန်းရှသည် မျက်ဝန်းများအရောင် ရုတ်တရက် တောက်ပလာကာ နူးညံ့ရိပ်များစွန်းထင်လျက် ထန်ရှုဆီ အပြေးလျှောက်လာသည်။

တစ်လကျော် ရှိသွားခဲ့ပြီ။ သူမ ထန်ရှုအား လွမ်းဆွတ်ရသောကြောင့် အစားပင် မစားနိုင်အောင် ဖြစ်ရသည်။ ခမ်းနားသောထန်လုပ်ငန်းစုက သူမအား လိုအပ်နေသောကြောင့်သာ မဟုတ်ပါက သူမသည် ထန်ရှုအား တွေ့ရန် နဂါးကိုးကောင်ကျွန်းသို့ အပြေးသွားမိပေလိမ့်မည်။

ထန်ရှု ရောက်လာသည်ကိုကြည့်ပြီး ဓားအမာရွတ်ချန် အတော် အံ့အားသင့်သွားသည်။ သို့သော်လည်း ခန်းရှ၏ဟန်ပန်သည် အချစ်တွင်ပျော်ဝင်နေသော မိန်းကလေးငယ်တစ်ဦးပမာ ထန်ရှုဆီ အပြေးသွားကာ လက်မောင်းအား တွဲမှီလိုက်သည်ကို ကြည့်ပြီး သူ၏အပြုံးသည် ချက်ချင်းပင် အေးခဲသွားတော့သည်။

“ဝိုင်မြည်းစမ်းတဲ့ ညီလာခံပွဲအတွက် မင်းကိုယ်တိုင် ရှန်ဟိုင်းကို သွားမလို့လား။” ထန်ရှုက ရယ်လိုက်သည်။

“နင် ကြယ်တာရာကို ပြန်မလာတော့ဘဲ နိုင်ငံခြားကနေ ရှန်ဟိုင်းကို တန်းသွားတယ်လို့ ငါ ထင်လိုက်တာလေ။ အဲ့ဒါကြောင့် နင့်ကို တွေ့ဖို့ ရှန်ဟိုင်းကို လာမလို့ပေါ့။” ခန်းရှက တစ်ချက်ရယ်လိုက်ရင်း ပြန်ဖြေသည်။

သူမ၏တုံ့ပြန်မှုကို ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်ရင်း ထန်ရှုက ဓားအမာရွတ်ချန်ကို  ကြည့်လိုက်ရင်း

“ကောင်းပြီ။ ရှန်ဟိုင်းဝိုင်ပွဲကို ခန်းရှသွားလိမ့်မယ်။ ငါတို့ ဝိုင်တွေဖောက်ပြီးပြီဆိုတော့ ပြည်တွင်းဈေးကွက်ထဲကို ထိုးဖောက်ရတော့မယ်။ ဝိုင်မြည်းတဲ့ညီလာခံပွဲက အဲ့လိုလုပ်ဖို့အတွက် အကောင်းဆုံးပွဲတစ်ခုပဲ။”

ဓားအမာရွတ်ချန်က သူ၏အကြည့်အား ထန်ရှုဆီသို့ ပြောင်းလိုက်ရင်း သူ၏ကြမ်းတမ်းသော မျက်နှာထက်တွင် မချိပြုံးတစ်ခု ပေါ်လာခဲ့သည်။ မည်သည့်အတွက်ကြောင့် သူ ရှန်ဟိုင်းသွားမည်ကို ခန်းရှသဘောမတူရသည့်အကြောင်းရင်းအား ယခုတော့ သူ နားလည်သွားပြီဖြစ်ပေသည်။ သူမသည် ဝိုင်မြည်းစမ်းသည့် ညီလာခံပွဲတက်ရောက်ရန် သွားခြင်းဖြစ်သော်လည်း သည့်ထက် ပိုမိုအရေးကြီးသည့်အချက်မှာ သူမ၏ချစ်သူအား တွေ့ရန် ရည်ရွယ်ချက်သာ ဖြစ်တော့သည်။

“ငါ သိပြီ သူဋ္ဌေး။”

ဓားအမာရွတ်ချန်သည် စိတ်တွင်းမှ စိတ်ဓာတ်ကျမိသော်လည်း ခန်းရှ၏ ရည်ရွယ်ချက်အမှန်အား သိလိုက်ရပြီဖြစ်သောကြောင့် ရှန်ဟိုင်းသို့သွားရန် သူ့အတွက် အခွင့်အရေးမရှိသည်ကို နားလည်လိုက်ပြီဖြစ်သည်။

“ဝိုင်လုပ်ငန်းက ဘယ်လိုလဲ။” ထန်ရှုက တစ်ချက်ပြုံးကာ မေးလိုက်သည်။

“သူဋ္ဌေး ပြောခဲ့တဲ့အတိုင်း အားလုံးလုပ်ထားပါတယ်။ ကျွန်တော်တို့ဝိုင်လုပ်ငန်းက အရေအတွက် ၂သောင်းထုတ်ထားပါတယ်။ အခုလောလောဆယ်မှာတော့ ထုတ်လုပ်ရေးလိုင်းက ၂လိုင်းပဲ ရှိသေးပေမယ့် ၂လအတွင်းမှာ ၅လိုင်းအထိ တိုးမြှင့်ဖို့ရှိပါတယ်။ အကြီးအကဲခန်း အမိန့်ပေးတာနဲ့ ဂိုဒေါင်က ထုတ်ပြီး နိုင်ငံအနှံ့က အဓိကဆိုင်ကြီးတွေဆီကို ပြင်ပအရောင်းအတွက် ချက်ချင်း တင်ပို့နိုင်ပါတယ်။” ဓားအမာရွတ်ချန်က တင်ပြသည်။

“သတိရပါ။ ငါတို့ဝိုင်လုပ်ငန်းက အရည်အသွေးကောင်းမွန်တဲ့ ဝိုင်တွေထုတ်လုပ်တာကြောင့် ဈေးကွက်ထဲကို အများကြီး ပစ်မထည့်ဘူး။ လတ်တလောမှာ ငါ ဈေးကွက်ထိုးဖောက်မှု(မားကက်တင်း)စာအုပ်တွေ အများကြီး ဖတ်ထားပြီးပြီမို့ တအားစိတ်ဝင်စားဖို့ကောင်းတဲ့ ဈေးကွက်ထိုးဖောက်မှုနည်းလမ်းတစ်ခုကို တွေ့ထားတယ်။” ထန်ရှုက ပြောလိုက်သည်။

“ဘယ်လို ဈေးကွက်ထိုးဖောက်မှုနည်းလမ်းလဲ။” ဓားအမာရွတ်ချန်က ဇဝေဇဝါဖြင့် မေးလာသည်။

“ဟန်းဂါးဈေးကွက်ထိုးဖောက်မှုနည်းလမ်း။” ထန်ရှုက ပြန်ဖြေလိုက်သည်။

ဘေးတွင် ရပ်နေသော ခန်းရှ၏ဟန်မှာ အံ့အားသင့်သွားသည့်ဟန်ရှိပြီး

“သူဋ္ဌေး… နင်ဆိုလိုတာက အက်ပဲလ်ရဲ့ဈေးကွက်ထိုးဖောက်မှုနည်းလမ်းဖြစ်တဲ့ “အကန့်အသတ်နဲ့ရောင်းချတာ”ကို ပြောတာလား။”

“အမှန်ပဲ။” ထန်ရှု ခေါင်းညိတ်ရင်း ဆက်ပြောသည်။

“ငါတို့နှစ်စဉ်ဝိုင်အရောင်းက ပုလင်းပေါင်း ၁သိန်းထက် မကျော်ရဘူး။ အရင်ဈေးနှုန်း သတ်မှတ်ထားတဲ့အတိုင်းဆိုရင် တစ်ပုလင်း-၁သောင်းနဲ့ တစ်နိုင်ငံလုံးကို ရောင်းမှာဆိုတော့ ၁ဘီလီယံရလိမ့်မယ်။”

ခန်းရှ မချိပြုံး ပြုံးလိုက်ရင်း

“သူဋ္ဌေး…ဒီပမာဏက များတယ်ဆိုပေမယ့်လည်း…”

“၁ဘီလီယံက ငါတို့အတွက် နည်းလွန်းတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ငါတို့ ရေရှည်အကျိုးစီးပွားကို ကြည့်ရမယ်။ ဘယ်လိုလုပ်သင့်တယ်၊ ဘာမလုပ်ရဘူးဆိုတာ မင်းလည်း နားလည်လိမ့်မယ်လို့ ထင်တယ်။ ငါတို့ အကန့်အသတ်နဲ့ ရောင်းချပြီဆိုရင် ဈေးကွက်မှာ ပစ္စည်းလုံလောက်မှာမဟုတ်တဲ့အတွက် ဈေးနှုန်း၂ဆဖြစ်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဝိုင်လုပ်ငန်းကနေ ပစ္စည်းတစ်ချို့ပိုထုတ်လိုက်ရုံပဲ။ အဲ့ဒီဟာက ငါတို့ရဲ့ရည်မှန်းချက်ပဲ။”

ခန်းရှ၏မျက်ဝန်းများ အရောင်တောက်ပလာကာ အပြုံးဖြင့် ပြောလိုက်သည်။

“ငါ သဘောပေါက်ပြီ။”

ထန်ရှုက ခေါင်းညိတ်ပြပြီး ဓားအမာရွတ်ချန်အား ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားမှာ တခြားကိစ္စရှိသေးလား။”

ဓားအမာရွတ်ချန် ခေါင်းခါလိုက်ပြီး

“မရှိတော့ဘူး။”

ထိုသို့ ပြန်ဖြေရင်း ထန်ရှုသည် သူ့အား ပြန်ရန် အချက်ပြနေသည်ဟု ရုတ်တရက် နားလည်လိုက်သည်။ သူ၏ရွက်ကြမ်းရေကျိုမျက်နှာထက်တွင် နားလည်သောအကြည့်တစ်ချက် ပေါ်လာပြီးနောက် အားပါးတရပြုံးကာ ပြန်သွားတော့သည်။

ထန်ရှုက ဆိုဖာတွင် ထိုင်လိုက်ပြီးနောက် သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ခန်းရှအား ကြည့်ကာ မေးသည်။

“ကုမ္ပဏီအခြေအနေကရော ဘယ်လိုလဲ။ အလှကုန်နဲ့ ကျန်းမာရေးအထောက်အကူပြုကုန်ပစည်းတွေကရော အခြေအနေ ဘယ်လိုရှိလဲ။”

“ငါတို့ ထုတ်ကုန်တွေကို စုဆောင်းပြီးပြီ။ ဒါပေမယ့် ငါတို့ကုမ္ပဏီက အခု အရင်းအနှီးနည်းနေတယ်။” ခန်းရှက ပြောပြသည်။

ထန်ရှုက သူ၏ဖုန်းအား ထုတ်လိုက်ပြီး ကုမဏီဘဏ်အကောင့်ထဲသို့ ၁ဘီလီယံလွှဲပေးလိုက်ကာ အပြုံးဖြင့်

“ပိုက်ဆံမရှိတော့ရင် ပြောပါလို့ ပြောထားရက်နဲ့။ ကိုယ့်မှာ တခြားအရည်အချင်းတွေ မရှိနိုင်ပေမယ့် ငွေတော့ နည်းနည်းပါးပါး ရှာနိုင်ပါသေးတယ်။ ကုမ္ပဏီအကောင့်ထဲကို ၁ဘီလီယံ လွှဲပေးလိုက်တယ်။ ဘယ်လိုသုံးမလဲဆိုတာတော့ မင်းအလှည့်ပဲ။”

၁ဘီလီယံလား။

ခန်းရှ၏မျက်ဝန်းများ အရောင်လက်သွားကာ ကျေနပ်အံ့သြသွားရပြီး

“၁ဘီလီယံနဲ့ဆိုရင် အလှကုန်နဲ့ ကျန်းမာရေးအထောက်အကူပြုကုန်ပစ္စည်းတွေကို အောက်တိုဘာ၁ရက်မတိုင်ခင် နိုင်ငံထဲက အဓိကဆိုင်ကြီးတွေဆီကို ပို့နိုင်လိမ့်မယ်ဆိုတာ သေချာပြောနိုင်တယ်။ တစ်နေ့တည်းမှာပဲ စတင်ရောင်းချကြလိမ့်မယ်။”

“လိုရင်းကို တိုက်ရိုက်ပဲ။ ကိုယ် တံခါးရှေ့မှာ ရှိနေတုန်းက စုချွမ်အကြောင်း ပြောတာ ကြားလိုက်တယ်။ သူ ကောင်းကောင်းလုပ်ရဲ့လား။” ထန်ရှုက ပြုံးကာ မေးလိုက်သည်။

ခန်းရှက ချီးကျူးသောလေသံဖြင့်

“သူက အရမ်းကို လိမာပါးနပ်တဲ့ ယောကျာ်းတစ်ယောက်ပဲ။ လူတွေရဲ့အမူအရာနဲ့ သူတို့ရဲ့စကားတွေအပေါ်လိုက်ပြီး ဘယ်လိုနားလည်ရမယ် ဘယ်လိုပြုမူရမယ်ဆိုတာ သူ သိတယ်။ သူ ဝိုင်လုပ်ငန်းမှာ လုံခြုံရေးလုပ်တုန်းက ပြသနာ၂ခုကို သူ့ဘာသာ ဖြေရှင်းခဲ့တယ်။ အဲ့ဒီနောက် သူ့ကို ဝိုင်လုပ်ငန်းရဲ့ဒုတိယဒါရိုက်တာအဖြစ် ငါ ရာထူးတိုးပေးလိုက်တော့ သူ့ရဲ့လုပ်နိုင်စွမ်းကို ကောင်းကောင်းပြနိုင်တယ်။ ဓားအမာရွတ်ချန်က အခုဆို သူ့အပေါ်တအား မှီခိုနေရတယ်လေ။ သူ့ကိုသာ ကောင်းကောင်းလေ့ကျင့်ပေးနိုင်ရင် တစ်ချိန်မှာ ငါတို့ ခမ်းနားသောထန်လုပ်ငန်းစုရဲ့ အလွန်အရေးပါတဲ့ စီနီယာစီမံခန့်ခွဲသူတစ်ယောက် ဖြစ်လာလိမ့်မယ်။”

“ဒီလူက ကလေးဘဝကတည်းက အမြဲတမ်း စမတ်ကျတဲ့သူတစ်ယောက်ပဲ။” ထန်ရှုက ပြုံးရင်းပြောလိုက်သည်။

ခန်းရှက အပြုံးဖြင့် တုံ့ပြန်လိုက်ရင်း

“တစ်ချို့လူတွေက ကလေးဘဝကတည်းက စီးပွားရေးအမြင်ရှိကြတယ်။ နင့်ကို အမှန်တိုင်းပြောရရင် သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အရင်းအနှီးသာ သူ့မှာ ရှိခဲ့ရင် အောင်မြင်မှုကြီးတွေ ရနိုင်တယ်။”

“မင်းက သူ့အပေါ် မြင့်မြင့်မားမား အကဲဖြတ်လိုက်တာပဲ။ သူက ကောင်းတယ်ဆိုမှတော့ သူ့ကို တာဝန်တွေ ထပ်ပေးပြီး ယုံကြည်မှုပြလိုက်ပါ။ ပြောရမယ်ဆိုရင် သူ့အကျင့်စရိုက်နဲ့သဘာဝကို ကိုယ် ကောင်းကောင်းသိတယ်။ သူက ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်ပါ။” ထန်ရှုက ပြောလိုက်သည်။

***

All Chapters