← Chapters

နတ်ဆိုးသူတော်စင် ယောင်းဟိုင်ရှောင်း၊ ဘူးသီးစိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း

Vol. 19 Ch. 234

နတ်ဆိုးသူတော်စင် ယောင်းဟိုင်ရှောင်း၊ ဘူးသီးစိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း

Vol. 19 Ch. 234

အခန်း (၂၃၄) နတ်ဆိုးသူတော်စင် ယောင်းဟိုင်ရှောင်း၊ ဘူးသီးစိတ်ဝိညာဉ် အသွင်ပြောင်းလဲခြင်း

သူတော်စင်ယောင်းဟိုင်ရှောင်းဟာ စိတ်ကောင်းဝင်နေပါတယ်။ အင်မော်တယ်ကမ္ဘာမှာ အဆင်း‌ရောအချင်းရောရှိပြီး နောက်ခံမရှိတဲ့ မိန်းမလှကို တွေ့ရဖို့ဆိုတာ အတော်ခက်ခဲတဲ့အရာပါ။

ယောင်းဟိုင်ရှောင်းဟာ နတ်ဆိုးရုံးတော်ရဲ့ မဟာသူတော်စင်ဖြစ်ပြီး ကြီးမားတဲ့စွမ်းအားရှိပါတယ်။ သူ့ရဲ့ ပုံစံအစစ်က ဆင်းရိုင်းဖြစ်ပြီး တစ်ခါတုန်းက သမုဒ္ဒရာကို နင်းချေဖျက်ဆီးခဲ့လို့ ယောင်းဟိုင်ရှောင်း (ပင်လယ်ဖျက်ဆီးသူဆင်ရိုင်း) ဆိုပြီး အမည်တွင်ခဲ့တာပါ။

ယောင်းဟိုင်ရှောင်းဟာ ဝဝတုတ်တုတ်ဖြစ်ပြီး သွားတွေကလည်း ဝါကျင့်နေပါတယ်။ မျက်နှာကလည်း ပြဲနေပြီး ကျားသစ်မျက်လုံးရှိတာကြောင့် ဘယ်အမျိုးသမီးကမှ မကြိုက်တာ မထူးဆန်းပါဘူး။ ယောင်းဟိုင်ရှောင်းဟာ ကျားသားရေဝတ်ရုံနဲ့ စပါးအုံးကြေးခွံ သံချပ်ကာကို ဝတ်ဆင်ပြီး တိမ်တွေပေါ်မှာ လျှောက်သွားပုံက မြင်တဲ့သူတိုင်းကို ရှိန်သွားစေပါတယ်။

ယောင်းဟိုင်းရှောင်းဟာ ဟန်ကျွယ်ကို ကြောက်လို့ ဘာစကားမှ ပြန်မပြောရဲတော့ဘူးလို့ တွေးမိပြီး နှာခေါင်းရှုံ့လိုက်ပါတယ် ‘သူ့လို မလောက်လေး မလောက်စားကများ သူ့မျက်နှာထောက်ဖို့ ပြောရဲတယ်၊ မင်း ငါရှေ့မှာ မရှိလို့ပေါ၊ မဟုတ်လို့ကတော့ မင်းကို အမှုန့်ဖြစ်သွားအောင် နင်းချေပစ်မယ်’

ဝူတောက်ကျန့်ဟာ ယမ်းပုံမီးကျ ဖြစ်သွားပါတယ် “သခင်... ဒီနတ်ဆိုးက အရမ်းက ထောင်လွှားလွန်းတယ်၊ ကျွန်မ တော်တော် ဒေါသထွက်နေပြီ”

ဝူတောက်ကျန့်ဟာ သူ့သခင်ကို အခုလိုမျိုးစော်ကားတဲ့လူကို ပထမဦးဆုံး တွေ့လိုက်ရတာကြောင့် ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဂရုမစိုက်ဘဲ လီယောင်ကိုသာ ဖိတ်ခေါ်ပညာရပ် ဆက်သင်ပေးပါတယ်။ လီယောင်ရဲ့ ကျင့်ကြံမှုက မြင့်မားပြီး အရည်အချင်းကလည်း ထက်မြက်တဲ့အတွက် ဖိတ်ခေါ်ပညာရပ်ကို သင်ယူတက်မြောက်ဖို့ မခက်လှပါဘူး။ ဒါ့အပြင် လီယောင်ဟာ ဖိတ်ခေါ်ခြင်း ပညာရပ်ထဲက ဆင့်ဆိုတဲ့အပိုင်းကိုပဲ လေ့ကျင့်ရတာပါ။

ဟန်ကျွယ်ဟာ လီယောင်ကို အပြည့်အစုံတစ်ခေါက်ပဲ ရှင်းပြလိုက်ပေမဲ့ လီယောင်ဟာ အလုံးစုံ နားလည်သွားပြီး စတင်လေ့ကျင့်ပါတော့တယ်။ ဒါကြောင့် ဟန်ကျွယ်လည်း နတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝူတောက်ကျန့်ဘက်လှည့်ကာ ပြောလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ မကြာခင် သူ နောင်တရလိမ့်မယ်”

ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... သူ့ကို ဘာဆန်းကြယ်စွမ်းအား သင်ပေးလိုက်တာလဲ၊ ဆန်းကြယ်စွမ်းအားတစ်ပါးတည်းနဲ့ အဲဒီသေချင်းဆိုးကို သတ်နိုင်မှာလား”

“အင်း၊ သတ်နိုင်တယ်”

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့အိပ်ရာထက်ပြန်ပြီး တရားထိုင်ပါတယ်။

ဝူတောက်ကျန့်ကတော့ ဟန်ကျွယ်အဖြေကြောင့် သိချင်စိတ်တွေ ပိုတိုးသွားပါတယ် ‘ဘယ်လို ဆန်းကြယ်စွမ်းအားမို့လို့ လီယောင်က တစ်ခဏအတွင်း စွမ်းအားကြီးလာပြီး အဲဒီသေချင်းဆိုးကို သတ်နိုင်မှာလဲ’ သိချင်စိတ် ပြင်းပြတဲ့ ဝူတောက်ကျန့်အတွက် တစ်စက္ကန့်က တစ်နှစ်လိုပါပဲ။

နောက်နေ့မှာတော့ လီယောင်ဟာ ဆယ့်လေးငါးကြိမ် ကြိုးစားပြီးနောက် အောင်မြင်သွားပါတယ်။ ဆင့်ဆိုခြင်း အောင်မြင်သွားတဲ့အတွက် လီယောင်နောက်မှာ အနက်ရောင် ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။

လီယောင်ဟာ ဝဲကတော့ကြီးကို လှည့်ကြည့်ပြီး အံဩတကြီး ဖြစ်သွားပါတယ် ‘ဒါက ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ’ လီယောင်ဟာ ဒီဆန်းကြယ်စွမ်းအားကနေ အင်အားကြီးတဲ့ ခံစားချက်မျိုးမရတာကြောင့် ပဟေဠိဖြစ်သွားပါတယ်။ လီယောင်ဟာ ဒီပညာရပ်ကို ချက်ချင်း လေ့ကျင့်လိုက်တာက တစ်ခြားရွေးချယ်စရာ လုံးဝမရှိလို့ပါ။

ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ တရားထိုင်နေတဲ့ ဟန်ကျွယ်ဟာ ဖိတ်ခေါ်ပညာရပ်ရဲ့ ဆင့်ဆိုခြင်းကို ခံစားလိုက်ရတာကြောင့် မျက်လုံးဖွင့်ပြီး ဝူတောက်ကျန့်ကို ပြောလိုက်ပါတယ် “မကြာခင် ငါ ပြန်လာခဲ့မယ်”

စကားအဆုံးမှာပဲ ဟန်ကျွယ်ဟာ အနက်ရောင်ဝဲကတော့ထဲ စုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွားပါတယ်။ ဝူတောက်ကျန့်ဟာ မှင်သက်သွားပြီး ကောင်းကင်ကိုးလွှာရေစင်ကို အလိုလို လှည့်ကြည့်မိလိုက်တဲ့အခါ သူ့သခင်က လီယောင်နောက်မှာရှိတဲ့ အနက်ရော ဝဲကတော့ကြီးထဲကနေ ထွက်လာတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဧကရာဇ်ဝတ်ရုံ၊ ကောင်းကင်ကိုးလွှာခြေနင်း၊ ဖီးနစ်တောင်ပံသရဖူ၊ စိတ်ဝိညာဉ် လက်ပတ်ကြီးတို့ကို ဆင်မြန်းထားတာကြောင့် အလွန်အားကောင်းတဲ့ ရောင်ဝါရှိပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်း ရုပ်ရည်ကိုပါ ထည့်ပေါင်းလိုက်တဲ့အခါမှာတော့ ကြည့်မဝရှုမဝ ဖြစ်သွားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပေါ့။

လီယောင်ဟာ ဟန်ကျွယ်ကိုကြည့်ပြီး လုံးဝကို အံဩမှင်သက်သွားပါတယ်။ လီယောင်ဟာ ဟန်ကျွယ်ရဲ့ ရုပ်ရည်ကို စိတ်ထဲမှာ အမျိုးမျိုး ပုံ‌ဖော်မှန်းဆထားခဲ့ပေမဲ့ အခုလောက်ထိ ချောလိမ့်မယ်လို့တောင် ထင်မထားခဲ့ပါဘူး။ ရိုးရိုးသားသားပြောရရင် လီယောင်က ဟန်ကျွယ်ကို သက်လတ်ပိုင်းအရွယ် ရှိလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထုတ်ယူလိုက်တဲ့အချိန်မှာပဲ ယောင်းဟိုင်ရှောင်းရဲ့ အသံ ထွက်ပေါ်လာပါတယ် “မင်း ဘယ်လိုလုပ်ပြီး ငါ့ဝိညာဉ်ရတနာထဲမှာ ပေါ်လာနိုင်တာလဲ”

ယောင်းဟိုင်ရှောင်းဟာ တကယ်ကို လန့်သွားတာပါ။ ဟန်ကျွယ်က ရုတ်တရက်ကြီး သူ့ဝိညာဉ်ရတနာထဲမှာ ပေါ်လာတာကြောင့် ဘယ်လိုမှာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ ဘေးဘီပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တဲ့အခါမှာ ယောင်းဟိုင်ရှောင်းက ခရီးလမ်းမှာပဲ ရှိသေးပြီး ဘေးနားမှာလည်း တစ်ခြားရန်သူတစ်ယောက်မှ မရှိတာကို တွေ့လိုက်ရပါတယ် ‘အချိန်ကောင်းပဲ’

ဟန်ကျွယ်ဟာ ဓားကိုဝှေ့ယမ်းပြီး တစ်ချက် ခုတ်ချလိုက်ပါတယ်။

“ဝှစ်... ဝုန်း”

ပြန်မွေးဖွားခြင်းဓားငွေ့ဟာ မီးတောက်ပေါက်ကွဲသလို ထွက်ပေါ်လာပြီး ယောင်းဟိုင်ရှောင်းရဲ့ ကျောက်စိမ်းပုလင်းကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်လိုက်ပါတယ်။ ဒီအတွက်ကြောင့် ဟန်ကျွယ်နဲ့ လီယောင်ဟာ လေထဲမှာ ပေါ်လာပါတယ်။

လီယောင်ဟာ မျက်လုံးပြူးသွားပါတယ် ‘စီနီယာက ရုပ်ချောရုံတင် မကဘူး၊ စွမ်းအားလည်း ကြီးလှချည်လား’

ယောင်းဟိုင်ရှောင်းကတော့ ပေါက်ကွဲမှုအရှိန်ကြောင့် လွှင့်စဉ်ထွက်သွားပါတယ်။ ယောင်းဟိုင်ရှောင်းဟာ တစ်ခဏကြာမှ သူ့ကိုယ်သူ ပြန်ထိန်းနိုင်သွားပြီး ဟန်ကျွယ်ကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ကာ အော်ဟစ်လိုက်ပါတယ် “မင်းလို မလောက်လေး မလောက်စားကောင်က ငါ့ဝိညာဉ်ရတနာကို ဖျက်ဆီးရဲတယ်”

ချက်ချင်းဆိုသလိုပဲ ယောင်းဟိုင်ရှောင်းရဲ့ နှာခေါင်းဟာ အလွန်ကြီးမားတဲ့ ဆင်နှာမောင်းအသွင် ပြောင်းလဲသွားပြီး ဟာရီကိန်းမုန်တိုင်းလိုမျိုး လေပြင်းတွေ ဖြစ်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ လီယောင်ရှေ့မှာ လျှပ်တပြက်ပေါ်လာပြီး ကောင်းကင်ဓားတာအို ပထမအဆင့်ကို ထုတ်သုံးလိုက်ပါတယ်။

ကောင်းကင်ထိုးဖောက်ခြင်း။

ဟန်ကျွယ်ရဲ့ ဓားချီဟာ ဆင်နှာမောင်းကို အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေတာကြောင့် ကောင်းကင်ပြင်မှာ သွေးမိုးရွာသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ယောင်းဟိုင်ရှောင်းရဲ့ ခန္ဓာကိုယ်ဟာ ဟန်ကျွယ်ဓားချီနဲ့ နှစ်ပိုင်း ဖြတ်ခံလိုက်ရပါတယ်။

ဟန်ကျွယ်ရဲ့ ဓားချက်ကို ဓားနတ်ဧကရာဇ်လိုမျိုး ပါရမီရှင်တောင် မခုခံနိုင်တာ ယောင်းဟိုင်ရှောင်းလိုမျိုး သာမန်ရွှေအင်မော်တယ်ကတော့ ဆိုဖွယ်ရာ မရှိပါဘူး။

“ခဏစောင့်...”

ယောင်းဟိုင်‌ရှောင်းဟာ အလန့်တကြား အော်ဟစ်လိုက်ပေမဲ့ ဟန်ကျွယ်က သုံးလောကသန့်ရှင်းကို ထုတ်သုံးလိုက်တဲ့အတွက် ကောင်းကင်ယံမှာ ဓားအရိပ်ဘီလီယံကျော် ထွက်ပေါ်လာပါတယ်။ ကောင်းကင်ယံမှာ ဓားဘီလံယံကျော် ရပ်တည်နေပုံက တကယ်ကို အံမခန်းမြင်ကွင်းတစ်ခုပါပဲ။ ဒီမြင်ကွင်းကြောင့် လီယောင်ရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေဟာ ပိုလို့တောင် ပြူးကျယ်သွားပါတယ်။

ယောင်းဟိုင်ရှောင်းကတော့ ဒီမြင်ကွင်းကို မြင်တာနဲ့ ခံစားဖို့နေနေသာသာ အလွန်တရာ တုန်လှုပ်ချောက်ချားသွားပြီး မိုးကုပ်စက်ဝိုင်းဆီကို ချက်ချင်း ထွက်ပြေးပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို တစ်ချက်ဝှေ့လိုက်တဲ့အခါမှာတော့ ဓားအရိပ်ဘီလီယံချီဟာ တားမရဆီးမရ အရှိန်အဟုန်နဲ့ ယောင်းဟိုင်ရှောင်းဆီကို တဟုန်ထိုး ပျံသန်းသွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဓားအရိပ်ဘီလီယံချီဟာ ယောင်းဟိုင်ရှောင်းရဲ့ ပဓာနဝိညာဉ်ကို မီသွားပြီး အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်ပါတယ်။

ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လီယောင်ဘက်လှည့်ပြီး ပြောလိုက်ပါတယ် “ဒီနေရာက မြန်မြန်ထွက်သွားချည်၊ ဒီကောင်ရဲ့ အဖော်တွေ ရောက်လာရင် မင်းဒုက္ခရောက်လိမ့်မယ်”

အဲဒီတော့မှ လီယောင်ဟာ သတိပြန်ဝင်လာပြီး တစ်ခြားအရပ်မျက်နှာကို ချက်ချင်းပျံသန်းသွားပါတယ်။ လီယောင်ဟာ အဝေးကို ပျံသန်းရင်း နောက်လှည့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်က သူ့နောက်မလိုက်ဘဲ အနက်ရောင်ဝဲကတော့ထဲ လျှောက်ဝင်သွားတာကို တွေ့လိုက်ရပါတယ်။

‘စီနီယာက ငါကို ဘာလို့ တစ်ပါးတည်း မခေါ်သွားတာလဲ၊ ငါ့ကို စမ်းသပ်ချင်တာလား၊ ဟုတ်တယ် ဒါ အဖြစ်နိုင်ဆုံးပဲ၊ ငါ ဒီလိုအခြေအနေ ရောက်တာကပဲ တော်တော် ရှက်ဖို့ကောင်းနေပြီ’ လီယောင်ရဲ့ မျက်နှာဟာ နီမြန်းသွားပါတယ်။ အဲဒီနောက် လီယောင်ဟာ သမင်လည်ပြန် မကြည့်တော့ဘဲ အရှိန်တင်ကာ ပျံသန်းလိုက်ပါတယ်။

တစ်ခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။

“ဟူး...”

‘ဒီကောင်မှာ စွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ အကူအညီ မရှိတာ တော်သေးတယ်’

ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်မှာကို စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဟန်ကျွယ်က သတိထားလွန်းနေတာပါ။ နတ်ဆိုးရုံးတော်မှာ နတ်ဆိုးတွေအများကြီး ရှိသလို နတ်ဆိုးသူတော်စင်တွေလည်း အများကြီးရှိပါတယ်။ သူတို့တစ်ယောက်ချင်းစီကို အင်မော်တယ်ဧကရာဇ်တွေက လိုက်ကြည့်နိုင်မှာ မဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ကိစ္စတွေ အသီးသီး ရှိကြပါတယ်။ ဘယ်လောက်ပဲ အသုံးမကျတဲ့ အင်မော်တယ်ဧကရာဇ်ပဲ ဖြစ်ပါစေ တစ်ချိန်လုံး ကလေးထိန်း လုပ်နေမှာတော့ မဟုတ်ပါဘူး။ သူတို့လည်း သူတို့မာနတော့ သူတို့ရှိကြပါတယ်။

“သခင်က အရမ်းစွမ်းတာပဲ”

ဝူတောက်ကျန့်ဟာ ရှက်သွေးဖြာတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဘာမှမခံစားရတဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ် “ဒါက နှစ်တွေအများကြီး ကြိုးစားအားထုတ်ခဲ့တာရဲ့ ရလဒ်ပဲ”

“ကျွန်မ နောက်ကျရင် ကျိန်းသေပေါက် ကြိုးကြိုးစားစား ကျင့်ကြံရမယ်” ဝူတောက်ကျန့်ဟာ ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်လိုက်ပါတယ်။

“ဒီသတင်းကို သူများတွေ လျှောက်မပြောနဲ့”

“ကျွန်မ နားလည်ပါတယ်”

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ လီယောင်ကို ဂရုမစိုက်တော့ပါဘူး။ တကယ်လို လီယောင်သာ နောက်တစ်ကြိမ် ထပ်အဖမ်းခံရရင် ဟန်ကျွယ်က လုံးဝသွားကယ်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ လီယောင်အတွက်နဲ့ အမြဲတမ်းစွန့်စားမှာ မဟုတ်ပါဘူး။

‘ငါ့ကို စိတ်မပျက်စေနဲ့’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

ဒီလိုနဲ့ ငါးနှစ်ကြာသွားပါတယ်။ ဒီအတောအတွင်း ဟန်ကျွယ်ဟာ မုန်းတီးမှု အသိပေးချက်ကို မရသလို လီယောင်ကလည်း ထပ်ပြီးတော့ အန္တရာယ်မတွေ့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။

‘ငါ့ရန်သူတိုင်းကိုတော့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ကာကွယ်နေကြတာ မဟုတ်ဘူးပဲ’

ဟန်ကျွယ်ဟာ လီယောင်ဆီကနေ အင်မော်တယ်ကမ္ဘာက သူထင်ထားတာထက် အများကြီး ပိုကြီးတယ်ဆိုတာကို သိလိုက်ရပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ နေရာအများစုက ကောင်းကင်ရုံးတော် လက်အောက်မှာ ရှိမနေပါဘူး။ ကောင်းကင်ရုံးတော်က ကောင်းကင်ဘုံကိုးလွှာအထက်မှာ ရှိနေပေမဲ့ ကောင်းကင်ဘုံကိုးလွှာလုံးကို မထိန်းချုပ်နိုင်ပါဘူး။

လီယောင်ရဲ့ အခုလက်ရှိ ကျင့်ကြံမှုနဲ့ဆိုရင် ကောင်းကင်ရုံးတော်ကို ရောက်ဖို့ မခက်ခဲတော့သလို ကောင်းကင်ရုံးတော်ထဲ ဝင်ဖို့လည်း မခက်ခဲပါဘူး။ တိထိုက်ပိုက်နဲ့ မျက်နှာချင်းဆိုင်‌ တွေ့ဖို့သာ အချိန်နည်းနည်း လိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်မှာ ဟန်ကျွယ်ကို သိတဲ့လူက လက်ချိုးရေလို့ရလို့ပါပဲ။

ဟန်ကျွယ်ဟာ အတွေးတွေကို ခေါင်းထဲကနေ ထုတ်လိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

ထုန်ကျန့်ကမ္ဘာကို ဝတ်ရုံဖြူဗုဒ္ဓက ဦးဆောင်ပြီး ဟင်းလင်းပြင်မှာတော့ နတ်အရှင်ဝူသယ် စောင့်ကြပ်နေတာကြောင့် ဟန်ကျွယ်ဟာ စိတ်ချက်လက်ချ ကျင့်ကြံအားထုတ်ပါတယ်။

ဒီလိုနဲ့ နောက်ထပ်ခြောက်နှစ် ကုန်ဆုံးသွားတဲ့အခါမှာတော့ ဘူးသီးစိတ်ဝိညာဉ်ရှစ်ဖော်ဟာ လူငယ်ရှစ်ယောက်အသွင် တစ်ခါတည်း ပြောင်းလဲသွားပါတယ်။ တာအိုစက်ကွင်းရှိနေတာကြောင့် ဘူးသီးစိတ်ဝိညာဉ်ရှစ်ဖော်ဟာ ကောင်းကင်စမ်းသပ်မှုကို ကျော်ဖြတ်စရာ မလိုပါဘူး။

ဟန်ကျွယ်ဟာ ဒီနေ့ကို စောင့်နေတာ ကြာပြီဖြစ်တဲ့အတွက် ချက်ချင်းပဲ ဂူအောင်းနေရာကနေ ထွက်လာပါတယ်။ ဘူးသီးစိတ်ဝိညာဉ်ရှစ်ဖော်ဟာ အမြွှာပူးတွေလိုပါပဲ။ သူတို့ဟာ လူသားဘာသာစကားကို ပြောဆိုနိုင်နေပြီဖြစ်တဲ့အတွက် ဆက်သွယ်ရာမှာ ဘာအခက်အခဲမှ မရှိပါဘူး။

ဟန်ကျွယ်ကို မြင်တာနဲ့ ညီအစ်ကိုရှစ်ဦးဟာ ဟန်ကျွယ်ကို ချက်ချင်းဝန်းရံလိုက်ကြပြီး ဟန်ကျွယ်ရှေ့မှာ စိတ်လှုပ်တရှား ဒူး‌ထောက်လိုက်ကြပါတယ်။

ဒီနှစ်တွေမှာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေရဲ့ သင်ကြားမှုကြောင့် သူတို့ကို ဖန်တီးခဲ့တဲ့သူက ဟန်ကျွယ်မှန်း သူတို့တွေ သိနေကြပါပြီ။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ဒီဘူးသီးတွေက ဝိညာဉ်ရတနာတွေ ဖြစ်ကုန်မှာပါ။

ဟန်ကျွယ်ဟာ ဘူးသီးညီနောင်ရှစ်ဖော်ကို တစ်ချက်အကဲခတ်လိုက်တဲ့အခါမှာ ညီအစ်ကိုရှစ်ဖော်လည်း မြေလျှောက်အင်မော်တယ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

‘မဆိုးဘူးပဲ’

မြန်ပြည် ငြိမ်းချမ်းပါစေ။

All Chapters