ဘီကီနီနှင့်မိန်းမလှလေးများ
Vol. 07 Ch. 322
ထန်ရှုတွင် အကြွင်းမဲ့ယုံကြည်မှုရှိနေသည့် စကားအား ကြားရသော ခန်းရှက ရယ်မောလိုက်ရင်း
“စိတ်ချပါ။ စုချွမ်က အလုပ်ကို ကြိုးစားနေသရွေ့ ငါ သူ့ကို အရေးကြီးတဲ့နေရာ ပေးမှာပါ။ ဒါပေမယ့် ရှန်ဟိုင်းမှာ ပညာသွားသင်မယ့်နင်က ရှန်ဟိုင်းရဲ့ရုပ်ဝါဒကြီးစိုးတဲ့၊ အပျော်ရှာဖွေကြတဲ့၊ အကျင့်စာရိတ္တပျက်စီးလွယ်တဲ့ လူမှုဝန်းကျင်မှာ မဖောက်ပြန် မပျက်စီးတာ ပိုကောင်းမယ်။”
ထိုစကားအား ကြားသည့် ထန်ရှုမှာ အားရပါးရ ရယ်မောလိုက်ရင်း ခေါင်းကိုယမ်းလျက်
“ဒီကမ္ဘာမှာ ကိုယ့်ကို ဖျက်ဆီးနိုင်တဲ့နေရာ မရှိသေးပါဘူး။ အဲ့ဒါကိုတော့ ယုံကြည်စိတ်ချနိုင်တယ်။ ကိုယ် လေဆိပ်ဆင်းတော့မှာမို့ ဒီမှာ ကြာကြာ မနေနိုင်တော့ဘူး။ တစ်ခုခုရှိရင် ဖုန်းဆက်လိုက်ပါ။”
ထန်ရှုကို တွေ့ပြီး ထမင်းအတူမစားရသည်ကို ခန်းရှမှာ မယုံနိုင်အောင် ဖြစ်နေရသည်။ သို့သော်လည်း
နောက်၅ရက် ၆ရက်နေပါက သူမလည်း ရှန်ဟိုင်းသွားရမည်ကို သတိရပြီး ဆုံးရှုံးသွားလေသည်ဟူသောခံစားမှုသည် ချက်ချင်းပျောက်ကွယ်သွားသည်။
သူမနှင့်ထန်ရှုသည် အတွင်းကျကျ ရင်းနှီးသောဆက်ဆံရေးတစ်ခု တည်ဆောက်ပြီးဖြစ်သည်။ ထန်ရှုမှ သူမတို့၏အခြေအနေအား အတည်မပြုသေးသော်လည်း သူမအနေဖြင့် ထန်ရှုနှင့်သူမသည် တရားဝင်ချစ်သူများ မဖြစ်လျှင်တောင်မှ သူမကိုယ်သူမ ထန်ရှု၏မိန်းကလေးအဖြစ် သတ်မှတ်ထားပြီးဖြစ်တော့သည်။
ရုံးခန်းပြတင်းပေါက်ရှေ့တွင် ရပ်ရင်း ခန်းရှသည် ထန်ရှု ခရီးဆောင်အိတ်ကိုလွယ်ကာ တက္ကစီကားပေါ် တက်သွားသည်ကို ကြည့်နေမိရင်း သူမ၏နူးညံ့လှပသော နှင်းဆီရောင်နှုတ်ခမ်းလွှာတွင် နှစ်လိုဖွယ်အပြုံးလေးတစ်ခု ဖြစ်တည်လာခဲ့သည်။
“အမြဲတမ်း သိုသိုသိပ်သိပ်နေတာပဲ။ ခမ်းနားကြီးကျယ်တဲ့ သူဋ္ဌေးကြီးတစ်ယောက် ဖြစ်နေတာကို တက္ကစီ ခဏခဏ စီးနေတုန်း။ ကားမောင်းသူတစ်ယောက်ကိုတောင် မရှာချင်ဘူး။”
ည၁၀နာရီ…
အိုးရန်လူလူဆီမှ ငှားထားသော ဂျက်လေယာဉ်ဖြင့် ထန်ရှုသည် ရှန်ဟိုင်းကို တန်းသွားလိုက်သည်။ ရှန်ဟိုင်းတွင် ထာဝရခန်းမနှင့် သက်ဆိုင်ရာမန်နေဂျာရှိသော်လည်း သူ့အား မည်သူတစ်ဦးတစ်ယောက်မျှ သတိမပြုစေချင်သောကြောင့် အငှားကားဖြင့်သာ ရှန်ဟိုင်းတက္ကသိုလ်အနီးရှိ အိမ်ရာဝင်းထဲသို့ သွားလိုက်သည်။
ကြယ်ပြာအိမ်ရာဝင်း…
ဟုန်ပုနယ်မြေတွင် အထက်တန်းအကျဆုံးအိမ်ရာဝင်း ဖြစ်ပြီး ရှန်ဟိုင်းတက္ကသိုလ်မှ ၅ကီလိုမီတာသာ ကွာဝေးသည်။ အနီးတွင် စီးပွားရေးလုပ်ဆောင်သော လမ်းများ၊ ဆေးရုံ၊ ဟိုတယ်များ၊ ဖျော်ဖြေရေးနေရာများ၊ မုန့်ဆိုင်များနှင့် အခြားနေရာများ တည်ရှိသောကြောင့် လူစည်ကားလှသည်။
တက္ကစီပေါ်မှ ဆင်းပြီးနောက် ထန်ရှုသည် သူ၏ခရီးဆောင်အိတ်ကို လွယ်ကာ တောင်ဘက်ဂိတ်ပေါက်သို့ တည့်တည့်လျှောက်လာခဲ့သည်။
“ဟယ်လို လူကြီးမင်း… လူကြီးမင်းရဲ့ဝင်ခွင့်ကတ်လေး ပြပါ။”
လုံခြုံရေးအစောင့်တစ်ယောက်က ထန်ရှု၏လမ်းအား ပိတ်ကာ မေးလိုက်သည်။
ထန်ရှုက သူ၏အိမ်တံခါးကတ်အား ထုတ်ယူလိုက်ပြီး ခေါင်းယမ်းပြလျက်
“ငါ့မှာ ဝင်ခွင့်ကတ်မရှိဘူး။ ဒါပေမယ့် ဒီမှာ ငါ့ရဲ့အိမ်တံခါးကတ်ပါ။”
လုံခြုံရေးအစောင့်တစ်ယောက်က ထန်ရှုဆီမှ တံခါးကတ်အား ယူလိုက်ပြီး သူ၏အကြည့်များသည် ကတ်ပေါ်မှ နံပါတ်၉အပေါ်သို့ ကျရောက်သွားလေသည်။ သူ၏အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး တလေးတစား မေးလိုက်သည်။
“လူကြီးမင်း…ဒီကို ပထမဆုံးအကြိမ် လာတာလား။”
“အမှန်ပါပဲ။ ဒီနေ့က ငါ့ရဲ့ဒီကိုလာတဲ့ ပထမဆုံးနေ့ပါ။ နောင်ကို ဒီမှာ မကြာခဏနေဖြစ်လိမ့်မယ်။” ထန်ရှုက ပြောသည်။
လုံခြုံရေးအစောင့်သည် အိမ်ရာတွင်းစနစ်အား ဖွင့်ရန် သူ၏ဖုန်းအား ထုတ်ယူလိုက်သည်။ သတင်းအချက်အလက်အချို့ကို ကြည့်ပြီး သူက လျင်မြန်စွာ ပြုံးလိုက်သည်။
“လူကြီးမင်းက နံပါတ်၉မှာ နေမယ့် မစ္စတာထန်လားခင်ဗျာ။ ငါတို့ အိမ်ရာစီမံအုပ်ချုပ်ရေးရုံးက လူကြီးမင်းအတွက် အိမ်အကူတွေကို ထောက်ခံပေးထားပါတယ်။ ဒီအိမ်ကို ဝယ်တဲ့သူက မှာထားခဲ့ပါတယ်။ လူကြီးမင်းရဲ့နေ့စဉ်ဘဝကို ဂရုစိုက်ပေးဖို့ လူကြီးမင်း သဘောကျတဲ့ အိမ်အကူတစ်ယောက်ကို ရွေးပါလိမ့်မယ်တဲ့။”
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းယမ်းလိုက်ပြီး
“အိမ်အကူတစ်ယောက် မလိုအပ်ပါဘူး။ ကျွန်တော် လိုတဲ့အခါကျရင် ကိုယ့်ဘာသာပဲ ငှားလိုက်ပါမယ်။ ဒါနဲ့ ကျွန်တော် အခု သွားလို့ရပြီလား။”
လုံခြုံရေးအစောင့် ခေါင်းညိတ်လိုက်ပြီး
“ကျေးဇူးပြုပြီး ဝင်ပါ မစ္စတာထန်။ အာ ဟုတ်သားပဲ။ နံပါတ်၉က ဒီနေရာနဲ့အတော်လှမ်းတော့ ငါတို့ ကားမောင်းပြီး လိုက်ပို့ပေးရမလား။”
“ဟုတ်ကဲ့ဗျ။ ခင်ဗျားတို့ကို ဒုက္ခပေးမိပါပြီ။” ချီတုံချတုံ ဖြစ်ပြီးနောက် ထန်ရှု ခေါင်းညိတ်ကာ အဖြေပေးလိုက်သည်။
လုံခြုံရေးအစောင့်၏ကားအားစီးရင်း မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် အိမ်နံပါတ်၉၏အရှေ့သို့ ရောက်သောအခါ အံ့အားသင့်သွားရသည်။ သူ ဖြတ်သန်းလာသော အိမ်ဒါဇင်များအနက် သည်အိမ်နံပါတ်၉သည် အခမ်းနားဆုံးနှင့် အတွင်းကျဆုံးနေရာတွင် တည်ရှိနေသောကြောင့် ဖြစ်သည်။ သည်နေရာတွင် ရှိသော လုံခြုံရေးကားများသည်လည်း အခြားနေရာများထက် ပိုများနေပေသည်။
“ကျေးဇူးတင်ပါတယ်။”
“ကိစ္စမရှိပါဘူး လူကြီးမင်း။ ဒါ ငါတို့အလုပ်ပါ။”
လုံခြုံရေးကား ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ထန်ရှုသည် တံခါးဖွင့်ရန် ခြံဝင်းဆီသို့လာခဲ့သည်။ သူသည် ခြံတွင်းသို့ ဝင်ပြီး အိမ်ထဲသို့ ဝင်ရန် တံခါးကတ် ပြလိုက်သည်။ အိမ်မီးများအား ဖွင့်လိုက်ချိန်တွင် တောင်တံခါးအိမ်ထက်စာပါက သည်အိမ်သည် အနည်းငယ်ညံ့သည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ရှန်ဟိုင်းတွင် သည်ကဲ့သို့သော ခမ်းနားကြီးကျယ်သည့် အိမ်မျိုးသည် ပိုမိုမြင့်မားသော တန်ဖိုးရှိပေလိမ့်မည်။
အိမ်ထဲတွင် ချက်ချင်း လိုက်လံကြည့်ရှုလိုက်ရာ ထိုသုံးထပ်အဆောက်အဦးတွင် အိပ်ခန်း၆ခန်းပါရုံသာမက စာကြည့်ခန်းတစ်ခန်း၊ အားကစားလေ့ကျင့်ခန်းတစ်ခန်း၊ စစ်တုရင်ကစားသည့် အခန်းတစ်ခန်း၊ အစည်းအဝေးခန်းတစ်ခန်းနှင့် ကိုယ်ပိုင်ရုပ်ရှင်ရုံလေးတစ်ခုပင် ရှိနေသည်ကို အံ့သြဖွယ်ရာတွေ့ရှိရသည်။ အိမ်၏သန့်ရှင်းနေမှုအား ကြည့်ရင်း သည်အိမ်သည် နေ့တိုင်း သန့်ရှင်းရေးလုပ်ဟန်ရှိပေသည်ဟု ထန်ရှု တွေးမိသည်။
ဒုတိယထပ်ရှိ အခမ်းနားဆုံးမာစတာအိပ်ခန်းအား ထန်ရှု ရွေးလိုက်သည်။ ထို့နောက် သူ ရေမိုးချိုးကာ ဗီရိုထဲမှ ညအိပ်ဝတ်စုံအသစ်အား ထုတ်ကာ ဝတ်ဆင်လိုက်ပြီး အနားယူရန် ဟန်ပြင်လိုက်သည်။
အဒေါ်ဖြစ်သူထန်မင်းသည် အရာရာ ပြည့်စုံမှု ရှိစေရန် ပြင်ဆင်ပေးထားခဲ့သည်။ အဝတ်အစားအမျိုးမျိုးသည် အနည်းဆုံး တစ်ဒါဇင်ခန့်စီရှိပေမည်။ ဝတ်စုံပြည့်များသည် အတန်ပင် ဈေးကြီးသောအရာများဖြစ်ပြီး အတွင်းခံအဝတ်များ၊ ခြေအိတ်များသာမက ရှူးဖိနပ်အမျိုးမျိုးပါ အဆင်သင့်ရှိပေသည်။
“ငါ အိပ်မှပဲ။”
ထန်ရှုသည် သည်နေ့ညအဖို့ မကျင့်ကြံတော့ဘဲ တန်းအိပ်စက်လိုက်သည်။
နောက်တစ်နေ့မနက်တွင်…
ထန်ရှုသည် မျက်နှာသစ် သွားတိုက်ပြီး ပထမထပ်သို့ ဆင်းလာပြီးနောက် ကားဂိုဒေါင်အား ဖွင့်ကြည့်လိုက်ရာ အတွင်းတွင် ကား၄စီးရပ်ထားသည်ကို တွေ့လိုက်ရသဖြင့် ကြက်သေ သေသွားတော့သည်။
အော်ဒီ အေ၈ တစ်စီး၊ ဘီအမ်ဒဗလျူ ၇စီးရီး တစ်စီး၊ ဖာရီယာ စူပါကား တစ်စီးနှင့် ဘန့်တ်လေ ဘန်တေဂါကား တစ်စီး - စုစုပေါင်း ၄စီးသည် ထန်ရှုအား ဆီးကြိုနေသည်။
နောက်ဆုံးတွင် ထန်ရှု ပြန်လည်အသိဝင်လာပြီး ကသိကအောက်ဖြစ်စွာ ပြုံးလိုက်မိသည်။ ၁မီလီယံကျော် တန်ဖိုးရှိသော သူ၏လင်ရိုဗာစီးရီးကားသည် ထိုကားများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် စုတ်ပြတ်နေသည်ဟုပင် ခံစားမိရသည်။
“အာ…မေ့လိုက်တော့။ ငါ ဘတ်စ်ကား စီးသွားတော့မယ်။”
အရမ်းမြင့်မားသော သွင်ပြင်ပုံရိပ်အား ယူရန် ထန်ရှု တွန့်ဆုတ်နေသောကြောင့် ဂိုဒေါင်တံခါးအား ပိတ်ကာ လိုအပ်သည်များကို ယူပြီး အိမ်ဝင်းထဲမှ ထွက်လာခဲ့သည်။
ရှန်ဟိုင်းတက္ကသိုလ်ဝင်း၏ရှေ့ပေါက်တွင်…
ထန်ရှု ထိုနေရာသို့ ရောက်သောအခါ သူ မည်သို့အမှားလုပ်လိုက်မိပြီကို သိလိုက်ရပြီဖြစ်သည်။ ကျောင်းသားကျောင်းသူအများအပြားသည် တန်ဖိုးကြီးကားများကို မောင်းနှင်ကာ လာကြသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင်တည်း။
မျက်စိမတွေ့ဆုံးမြင်ကွင်းတစ်ခုသည် ကျောင်းဝင်ပေါက်၏အရှေ့ဘက်ခြမ်းတွင် ဘေးချင်းယှဉ်ရပ်ထားသော ပြိုင်ကား ၇စီး-၈စီးနှင့် တောက်ပစွာ ဝတ်စားထားသော လူရွယ် ၇ယောက်-၈ယောက်ခန့်သာ ဖြစ်ပေသည်။ ထိုသူများသည် စီးကရက်ဖွာရှိုက်ရင်း ကျောင်းသို့ စာရင်းသွင်းရန်လာသော မိန်းကလေးများအား လက်ညှိုးတထိုးထိုးဖြင့် မှတ်ချက်ပေးနေကြသည်။
“ဒီကောင်တွေက ရှန်ဟိုင်းရဲ့လူဘော်ကြော့တွေပဲ ဖြစ်ရမယ်မလား။”
ထန်ရှုသည် ထိုကဲ့သို့သော လူဘော်ကြော့သခင်လေးများအား မကြိုက်ဆုံးဖြစ်သည်။ သို့သော်လည်း ထိုသူများသည် သူ့အား ပြစ်မှားစော်ကားခြင်းမရှိသောကြောင့် သူသည် ထိုလူရွယ်များအား လစ်လျူရှုလိုက်ကာ ကျောင်းဝင်းအတွင်း တန်းဝင်လိုက်သည်။
တက္ကသိုလ်ဝင်းသည် လွန်စွာ သက်ဝင်လှုပ်ရှားလျက်ရှိပြီး ငယ်ရွယ်နုပျိုမှု အငွေ့အသက်များဖြင့် ပြည့်နှက်လျက်ရှိသည်။ နှစ်ယောက်တစ်တွဲ သို့မဟုတ် သုံးယောက်တစ်တွဲ လမ်းလျှောက်နေကြပြီး လူတိုင်း၏မျက်နှာထက်တွင် ပျော်ရွှင်သောအပြုံးများ ပွင့်လန်းနေကြသည်။ သို့သော် သူတို့၏အုပ်ထိန်းသူများလည်း ပါလာကြသော ကျောင်းသားကျောင်းသူအများအပြားလည်း ရှိပေသည်။
စုံစမ်းမေးမြန်းပြီးနောက် ထန်ရှုသည် လျင်မြန်စွာပင် ကျောင်းသားကျောင်းသူအသစ်များ စာရင်းသွင်းရာရုံးခန်းသို့ ရောက်လာသည်။
သမိုင်းဋ္ဌာန၏စာရင်းသွင်းရာ ရုံးခန်းတွင်…
ပျင်းနေဟန်ရှိသော ဝမ်ဟိုက်ကျဲ့သည် အခြားဋ္ဌာနများရှိ စာရင်းသွင်းနေကြသော သက်ဝင်လှုပ်ရှားမြင်ကွင်းအား ကြည့်နေသည်။ စိတ်တွင်း ခါးသီးမှုကို ခံစားနေရုံမှတစ်ပါး သူမ အောင့်သက်သက် ပြုံးလိုက်မိသည်။ ရှန်ဟိုင်းတက္ကသိုလ်၏သမိုင်းဋ္ဌာနအား စာရင်းလာသွင်းမှုသည် အလွန်သေးငယ်ပြီး စုစုပေါင်းမှ လူအယောက်၄၀ကျော်သာရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည်သာ ကျောင်းသားသစ်များအား လက်ခံခြင်းနှင့် အခြားကိစ္စရပ်များအတွက် တာဝန်ရှိသောသူဖြစ်ပေသည်။ ယခုထိလည်း သမိုင်းဋ္ဌာနသို့ စာရင်းလာသွင်းသော ကျောင်းသားသစ်မှာ ၄ယောက်သာလျှင် ရှိသေးသည်။
“ဟယ်လို…ဒီဟာက သမိုင်းဋ္ဌာနရဲ့ကျောင်းသားသစ်စာရင်းသွင်းတဲ့နေရာလားခင်ဗျ။”
ထန်ရှုက ဝမ်ဟိုက်ကျဲ့၏အရှေ့သို့သွားကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
ဝမ်ဟိုက်ကျဲ့ တွေဝေငေးမောနေရာမှ သတိပြန်ဝင်လာကာ အလျင်အမြန် ပြုံးလိုက်ပြီး
“ဟုတ်ပါတယ်။ ဒီဟာက သမိုင်းဋ္ဌာနရဲ့ကျောင်းသားသစ်စာရင်းသွင်းတဲ့နေရာပါ။ နင်က ဒီနှစ်ရဲ့ကျောင်းသားသစ်လား။”
“ဟုတ်ပါတယ်ဗျ။” ထန်ရှုက သူ၏တက္ကသိုလ်ဝင်ခွင့်အကြောင်းကြားစာအား ထုတ်ကာ ပေးလိုက်သည်။
ထိုစာအား အပြုံးဖြင့် လှမ်းယူရင်း ဝမ်ဟိုက်ကျဲ့ဖွင့်ကြည့်လိုက်ရာ သူမ၏မျက်နှာထက်တွင် အလွန်အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာတော့သည်။
သူမက မော့ကြည့်ကာ ထန်ရှုအား သေချာစွာ အကဲခတ်လိုက်ရင်း သိလိုစိတ်ဖြင့် မေးလိုက်သည်။
“နင်က ထန်ရှုလား။”
ထန်ရှု တစ်ခဏမျှ အံ့အားသင့်သွားရင်း ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။
“ကျွန်တော့်ကို သိလို့လား။”
“ဟင့်အင်း… နင့်ကို မသိပါဘူး။” ဝမ်ဟိုက်ကျဲ့က ရယ်မောလိုက်သည်။ “ဒါပေမယ့် နင့်နာမည်က လူတိုင်းရဲ့နားထဲမှာ မိုးကြိုးသွားလိုပဲ ရှိနှင့်ပြီးသားပါ။ ရွှမ်းချင်ဒေသမှာ အမှတ်အများဆုံးရတဲ့ ထိပ်တန်းကျောင်းသား၊ စာမေးပွဲရဲ့ ဘာသာရပ်အားလုံးကို အမှတ်ပြည့်ရလုနီးပါး ဖြေဆိုခဲ့တဲ့ ကျောင်းသားတစ်ယောက်ရဲ့အမည်ကို မသိသူ ဘယ်သူရှိပါ့မလဲ။ အရေးကြီးဆုံးအချက်က နင်က ပေကျင်းတက္ကသိုလ်ကို မရွေးဘဲ ငါတို့ရဲ့ရှန်ဟိုင်းတက္ကသိုလ်ကို ရွေးလိုက်တာလေ။ ဒါပေမယ့် လူတွေကို ပဟေဠိဖြစ်စေတာက လူနည်းနည်းပဲရှိတဲ့ သမိုင်းဋ္ဌာနကို နင့်ရဲ့အဓိကမေဂျာအဖြစ် ရွေးလိုက်တာကိုပေါ့။ ပြီးတော့…”
သူမ စကားရပ်သွားသည်ကို ကြည့်ရင်း ထန်ရှုက ရယ်မောကာ
“ပြီးတော့ ဘာဖြစ်သလဲ။”
“ငါတို့ရဲ့ဒုဋ္ဌာနမှူးကလည်း နင်လာရင် သူ့ဆီ ချက်ချင်း အကြောင်းကြားပေးဖို့ ခဏခဏ သတိပေးထားတယ်။” ဝမ်ဟိုက်ကျီက ဆက်ပြောသည်။
တစ်ခဏမျှ တွေးတောလိုက်ရင်း ထန်ရှုက ဖြည်းညှင်းစွာ မေးလိုက်သည်။
“ခင်ဗျား လီပိုင်ယီအကြောင်း ပြောနေတာလား။”
“ဘာလီပိုင်ယီလဲ။ ဒုဋ္ဌာနမှူးလီ ဒါမှမဟုတ် ပါမောက္ခလီ လို့ ခေါ်သင့်တာ။” ဝမ်ဟိုက်ကျီက ရယ်ရင်း ပြောလိုက်သည်။
“ကောင်းပါပြီ။ ကျောင်းစာရင်းသွင်းဖို့ လုပ်ရိုးလုပ်စဉ်တွေမှာ ကူညီဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောသည်။
“ပြသနာမရှိပါဘူး။ နင့်ရဲ့မှတ်ပုံတင် ငါ့ကို ပေးပါ။ ငါတို့တက္ကသိုလ်ရဲ့ကျောင်းအပ်လက်ခံတဲ့ကာလက ဒီလ၁ရက်နေ့ကနေ ၇ရက်နေ့အထိ ရှိလိမ့်မယ်။ တက္ကသိုလ်စစ်ရေးအဖွဲ့လေ့ကျင့်တာက ၈ရက်နေ့မှာ စပြီး ၂ပတ်ကြာလိမ့်မယ်။ လေ့ကျင့်တာ ပြီးသွားရင်တော့ ကျောင်း တရားဝင် စဖွင့်ပြီပေါ့။ နောက်ပြီး နင်က ကျောင်းလခနဲ့ အခြားလခတွေကိုလည်း ကင်းလွတ်ခွင့်ရထားတယ်။ ဒုဋ္ဌာနမှူးလီက အဲ့ဒီဟာအတွက် နင့်ကို ကူညီပေးထားတယ်။” ဝမ်ဟိုက်ကျီက ပြောလိုက်သည်။
“အမ်… ဒုဋ္ဌာနမှူးက ကျွန်တော့်အတွက် ပေးထားတာလား။ ဘာကြောင့်များလဲ။” ထန်ရှု အံ့အားသင့်သွားရင်း မေးမိသည်။
“နင်က ငါ့ကို မေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ။” ဝမ်ဟိုက်ကျီက ခေါင်းယမ်းကာ ပြောသည်။ “နင် သူ့ကို မသိဘူးလား။”
“သိပါတယ်။” ထန်ရှုက ဖြေသည်။
“နင် သူ့ကို သိမှတော့ ဒါကိစ္စမရှိပါဘူး။” ဝမ်ဟိုက်ကျီက ပြောသည်။
မိနစ်အနည်းငယ် ကြာပြီးသော်…
ထန်ရှုအတွက် ကျောင်းတွင် စာရင်းသွင်းခြင်းလုပ်ရိုးလုပ်စဉ်များ ပြီးသွားခဲ့ပြီး ဝမ်ဟိုက်ကျီက ထန်ရှုအား လက်ခံမိတ္တူတစ်စောင်နှင့် သော့တစ်ချောင်းပေးရင်း
“ဒီသော့က နင့်ရဲ့အိပ်ဆောင်အခန်းသော့ပဲ။ ဒါပေမယ့် အတူနေမယ့် အခန်းဖော်တော့ ခုထိ မရောက်သေးဘူး။”
ထန်ရှုက သော့အား လှမ်းယူလိုက်ရင်း မေးမြန်းလိုက်သည်။
“ခင်ဗျားက သမိုင်းဋ္ဌာနရဲ့ဆရာမတစ်ယောက်လား။”
“ဟုတ်တယ်။” ဝမ်ဟိုက်ကျီက အပြုံးဖြင့် ပြောသည်။
“နင် ငါ့ကို ဆရာမဝမ် ဒါမှမဟုတ် အစ်မကြီးဝမ်လို့ ခေါ်နိုင်တယ်။ ဒီမှာ ငါ စာသင်နေတာ ၂နှစ်ရှိသွားပြီ။”
“ဒါဆို ကျွန်တော် အစ်မကြီးဝမ်လို့ ခေါ်ပါမယ်။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။
“ပြသနာမရှိဘူး။” ဝမ်ဟိုက်ကျီက ရယ်မောလိုက်ရင်း
“နင့်ရဲ့ပစ္စည်းပစ္စယာတွေကို အဆောင်အိပ်ခန်းမှာ အရင်သွားထည့်လိုက်ပါ။ ပြီးရင် အတန်းပိုင်ဆရာကို ရောက်ရှိကြောင်း သတင်းပို့လိုက်ဦး။ သမိုင်းဋ္ဌာနရဲ့စာသင်ခန်းက ၄ထပ်က အဆောင်ဘီမှာ ရှိတယ်။”
“ကောင်းပါပြီဗျ။ နောက်မှ တွေ့ကြတာပေါ့။”
သူ၏ခရီးဆောင်အိတ်ကို သယ်လာရင်း ထန်ရှုသည် ကျောင်းစာရင်းသွင်းဋ္ဌာနမှ ထွက်လာကာ အိပ်ခန်းဆောင်ဆီသို့ လာခဲ့သည်။ ကျောင်းပြင်ပတွင် နေရန်အိမ်တစ်လုံး ရှိသော်လည်း တက္ကသိုလ်ပြင်ပတွင် နေခွင့်ရ၊ မရ မသိသောကြောင့် တက္ကသိုလ်အဆောင်တွင် အရင်နေကြည့်ရန် သူ အစီအစဉ် ပြုလုပ်ထားပြီး နောက်ပိုင်းတွင် အတန်းပိုင်ဆရာအား ထိုအကြောင်းကို မေးရန် ရှာရမည်ဖြစ်သည်။
ကျောင်းသားအိပ်ခန်းဆောင်တွင်…
ထန်ရှုသည် သူ၏အိပ်ခန်းတံခါးအား သော့ဖွင့်ကာ ဝင်လိုက်သည်။ အခန်းတွင်းသို့ ဝင်သွားပြီး အတွင်းသည် ကောင်းမွန်သည်ကို တွေ့ရသည်။ အောက်တွင် စာအုပ်စင်တစ်ခုစီပါရှိသော အိပ်ရာ၄ခုသည် စာအုပ်စင်အပေါ်တွင် ရှိနေသည်။
သိသာစွာပင် အစောင့်များသည် ထိုအိပ်ရာများနှင့် စာအုပ်စင်များအား ကြိုတင်ရှင်းလင်းထားသောကြောင့် ဖုန်နှင့် အမှိုက်များစွာ မရှိလှပေ။ သို့သော်လည်း ထန်ရှုအနေဖြင့် ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်ရသည်မှာ နံရံထက်တွင် ဘီကီနီဝတ်စုံနှင့် မိန်းမလှလေးများ၏ရုပ်ပုံလွှာပိုစတာများသည် အရွယ်အစားအမျိုးမျိုးဖြင့် ကျန်ရှိနေခြင်းပင် ဖြစ်တော့သည်။
အိပ်ရာနံပါတ်များအား ကြည့်ရင်း ထန်ရှုသည် သူ၏အိပ်ရာနံပါတ်မှာ ဘယ်ဘက်တွင် ရေးထားသည်ကို တွေ့ရသဖြင့် ခရီးဆောင်အိတ်အား ဗီရိုထဲတွင် ထည့်လိုက်သည်။ ဝန်းကျင်တစ်ဝိုက် မေးမြန်းရင်းဖြင့် သူသည် ကျောင်းရုံးခန်းမှ အိပ်ရာခင်း၊ အဝတ်ခြင်းနှင့် ဖျာအား ရရှိလာခဲ့သည်။
“ဟင်…”
ထိုပစ္စည်းများအား သယ်ဆောင်ရင်း အိပ်ခန်းဆီသို့ ပြန်လာသော ထန်ရှုသည် သူ ပိတ်ထားခဲ့သော အခန်းတံခါး ပွင့်နေသည်ကို တွေ့လိုက်ရတော့သည်။
***