မဟာတာအိုအား သုံးသပ်ခြင်း၊ ရန်ထျန်တုန်း သေဆုံးခြင်း၏
Vol. 19 Ch. 238
အခန်း (၂၃၈) မဟာတာအိုအား သုံးသပ်ခြင်း၊ ရန်ထျန်တုန်း သေဆုံးခြင်း၏
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဓားတာအိုဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိရောက်အောင် မြှင့်တင်ပြီး ဖြစ်သွားပါတယ်။ အသွင်တူလက်ရည်စမ်းပွဲထဲမှာလည်း ကောင်းကင်ဧကရာဇ်ကလွဲရင် ကျန်တဲ့သူတွေကို တစ်ချက်တည်းနဲ့ သတ်နိုင်လာပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ကန့်သတ်စည်းကို ရောက်နေပြီး ဆက်ပြီးတော့ မတိုးတော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်းကို မဟာတာအိုကို စတင်သုံးသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြန်လည်မွေးဖွားပြီး ကံတရားအထောက်အပံ့နဲ့ ပေါင်းစည်းဖို့ကတော့ ဟန်ကျွယ်ဟာ နည်းနည်း တုံ့ဆိုင်းနေတုန်းပါပဲ။ ဟန်ကျွယ်ဟာ သူပြန်လည်မွေးဖွားချိန်မှာ သူ့ရန်သူတွေက အခွင့်ကောင်းယူပြီး ပြဿနာရှာမှာကို စိုးရိမ်နေတာပါ။
ဟန်ကျွယ်ဆိုရင်လည်း သူ့ပြိုင်ဘက်ကင်းရန်သူသာ ပြန်မွေးဖွားမှန်းသိရင် နောင်ပြဿနာမတက်အောင် ကျိန်းသေပေါက် နည်းလမ်းရှာပြီး မရမက သတ်ပစ်မှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားမဲ့ အစီအစဉ်ကို နောက်ဆုံးမှာထားပါတယ်။
ဟန်ကျွယ်ဟာ နည်းလမ်းရှိမဲ့ဆိုရင် ဘယ်တော့မှ ပြန်မွေးဖွားမှာ မဟုတ်ပါဘူး။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မဟာတာအိုကို သိမြင်နားလည်အောင် ကြိုးစားသုံးသပ်တာက ကျင့်ကြံမှုကို ဆက်တိုးတက်စေတယ်ဆိုတာ အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။
‘တော်တော် အထင်ကြီးဖို့ ကောင်းတာပဲ၊ ဒါက မဟာတာအိုလား’
ဟန်ကျွယ်ဟာ အလွန်တရာ စိတ်လှုပ်ရှားသွားပြီး သေခြင်းရှင်ခြင်း မဟာတာအိုကိုကို ဆက်ပြီးတော့ သုံးသပ်ပါတယ်။
သေခြင်းရှင်ခြင်း မဟာတာအိုဟာ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကို ထိန်းချုပ်ထားပါတယ်။ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကလည်း သေခြင်းရှင်ခြင်း မဟာတာအိုကို အခြေတည်ပြီး ဖန်တီးခဲ့တာပါ။ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းသာ မရှိဘူးဆိုရင် ပြန်လည်မွေးဖွားခြင်းဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။
မဟာတာအိုကို သိမြင်နားလည်အောင် သုံးသပ်နေစဉ်အတွင်းမှာ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်က သေခြင်းရှင်ခြင်း မဟာတာအိုထဲ ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ မရေမတွက်နိုင်တဲ့ သက်ရှိတွေရဲ့ ရှင်သန်ခြင်း သေဆုံးခြင်း စက်ဝန်းကို မြင်တွေ့ခဲ့ရပါတယ်။ ဟန်ကျွယ်ဟာ ပထမတော့ စိတ်မတည်မငြိမ် ဖြစ်ပေမဲ့ ကြည့်ရမြင်ရတာ များလာတဲ့အခါမှာတော့ ဟန်ကျွယ်နှလုံးသားဟာ ထုံသွားပါတယ်။
ဒီလိုထုံသွားတာက အန္တိမအောင်မြင်မှု မဟုတ်သေးပါဘူး။ ဟန်ကျွယ်ဟာ ဒီထုံနေတဲ့အဆင့်ကို ကျော်ဖြတ်ပြီး သေခြင်းရှင်ခြင်းကို နားလည်ရပါမယ်၊ သေခြင်းရှင်ခြင်းကို ယုံကြည်ရပါမယ်၊ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ရပါမယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ဝူတောက်ကျန့်ဟာ မျက်တောင်ခတ်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ပတ်လည်မှာ မျက်စိနဲ့မြင်နိုင်တဲ့ ရောင်ဝါနှစ်ခု ထွက်ပေါ်လာလို့ပါပဲ။ ဒီရောင်ဝါနှစ်ခုမှာ တစ်ခုက အနက်ရောင်ဖြစ်ပြီး ကျန်တစ်ခုက အဖြူရောင်ပါ။ ဟန်ကျွယ်ရဲ့ ဆံပင်တွေကလည်း ဖြူလိုက်မည်းလိုက် ဖြစ်နေတာကြောင့် တော်တော်လေး ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုပါ။
ဝူတောက်ကျန့်ဟာ ဘာတွေဖြစ်နေမှန်း မသိပေမဲ့ ဟန်ကျွယ်ကို မနှောင့်ယှက်ရဲတာကြောင့် ဒီအတိုင်းပဲ ကြည့်နေပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ တိထိုက်ပိုင်ရောက်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုကို သိမြင်နားလည်အောင် သုံးသပ်နေတာမို့ တိထိုက်ပိုင်ခေါ်သံကို မကြားပါဘူး။ ဒါကြောင့် ဝူတောက်ကျန့်ဟာ ရွေးချယ်စရာမရှိဘဲ တိထိုက်ပိုင်ကို ထွက်တွေ့ရပါတယ်။
တိထိုက်ပိုင်ဟာ ချောက်ကမ်းပါးစွန်းမှာ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့အတူ ရပ်နေပါတယ်။ ဒီအဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးက တစ်ခြားသူ မဟုတ်ပါဘူး။ လီယောင်ပဲ ဖြစ်ပါတယ်။
တစ်ခြားသူတွေဟာ တိထိုက်ပိုင်ကို မြင်ဖူးကြတဲ့အတွက် သိပ်ပြီးတော့ အထူးအဆန်း မဖြစ်ပါဘူး။ ဒါပေမဲ့ ဘေးနားက အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးကိုတော့ စိတ်ဝင်တစား ကြည့်ရှုနေကြပါတယ်။
‘တော်တော်လှတဲ့ အမျိုးသမီးပဲ’
လီယောင်ဟာ ထူလင်းအာ၊ ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာတို့ထက် ပိုလှပါတယ်။ လီယောင်ကို ယှဉ်နိုင်တဲ့လူက ဝူတောက်ကျန့်ပဲ ရှိပါတယ်။
လီယောင်ရဲ့ မျက်နှာဟာ ဘာခံစားချက်မှမရှိတာကြောင့် တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ သူတို့ဆရာသခင်ကို တွေးမိလိုက်ကြပါတယ်။ အထူးသဖြင့် လီယောင်ရဲ့အကြည့်က သူတို့ဆရာသခင်နဲ့ တစ်ပုံစံတည်းပါပဲ။
လီယောင်ဟာ အပြင်ပန်းမှာ ဘာမှမဖြစ်ပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး လှုပ်ရှားနေပါတယ်။ ဟန်ကျွယ် ကယ်တာကို ခံရပြီးကတည်းက လီယောင်ဟာ ဟန်ကျွယ်အပေါ်မှာ စကားနဲ့ဖော်ပြလို့မရတဲ့ ခံစားချက်တစ်မျိုးကို ခံစားနေရပါတယ်။
အသက်ရှင်တာ အတော်ကြာပြီဆိုပေမဲ့ လီယောင်ဟာ ကျင့်ကြံဖို့ပဲသိပြီး တစ်ခါမှာ ချစ်ကျွမ်းမဝင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ အဲဒီနေ့တုန်းက ဟန်ကျွယ်မျက်နှာကို လီယောင်တစ်သက် မေ့နိုင်မှာ မဟုတ်ပါဘူး။
လီယောင်ဟာ ကမ္ဘာအများကြီးကို ရောက်ခဲ့ဖူးပြီး အင်မော်တယ်ကမ္ဘာနဲ့ ကောင်းကင်ရုံးတော်မှာတောင် သွားလာခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ထက်ချောတဲ့ ယောက်ျားကို လီယောင် တစ်ခါမှာ မတွေ့ခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ရုပ်ရောချောမောပြီး စွမ်းအားကြီးတဲ့အပြင် သူ့ကိုပါ ကယ်တင်ခဲ့တာကြောင့် လီယောင်နှလုံးသားက ကျောက်တုံးနဲ့ လုပ်ထားတယ်ဆိုရင်တောင် အရည်မပျော်ဘဲ မနေနိုင်ပါဘူး။
ဒါပေမဲ့ ဝီရိယတောင်ကို ရောက်တဲ့အခါမှာတော့ လီယောင်ဟာ အလိုလို သတိကြီးလာပါတယ် ‘ဒီတောင်ပေါ်မှာရှိတဲ့လူက ငါသိတဲ့စီနီယာ မဟုတ်ရင် ဘယ်လိုလုပ်မလဲ၊ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်များ ရှိနေမလား’
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဝူတောက်ကျန့် ထွက်လာတာ တွေ့လိုက်ရတဲ့အခါမှာတော့ လီယောင်ဟာ ပိုပြီးတော့ ရင်ထိတ်သွားပါတယ်။
‘သူက ဒီလိုမိန်းမလှတွေကို...’
ဝူတောက်ကျန့်ဟာ လီယောင်ကိုတွေ့တဲ့အခါမှာ မျက်လုံးအရောင် တောက်သွားပြီး လီယောင်နားကို ချက်ချင်းလျှောက်သွားကာ သေချာကြည့်လိုက်ပါတယ်။
လီယောင်ဟာ ဝူတောက်ကျန့်ရဲ့ အပြုအမူကြောင့် နောက်ကို ခြေတစ်လှမ်း ဆုတ်မိလိုက်ပါတယ်။ နောက်တစ်လှမ်းသာ ထပ်ဆုတ်မိရင် ချောက်ကမ်းပါးက ပြုတ်ကျမှာပါ။ ဒါပေမဲ့ လီယောင်လို အင်မော်တယ်တစ်ပါးက ချောက်ကမ်းပါးက ပြုတ်ကျလို့ သေမှာတော့ မဟုတ်ပါဘူး။
ဝူတောက်ကျန့်ဟာ တိထိုက်ပိုင်ကိုကြည့်ပြီး ပြောလိုက်ပါတယ် “သခင်က တာအိုသုံးသပ်နေတယ်၊ အဲဒါကြောင့် လောလောဆယ်မှာ ထွက်မတွေ့နိုင်သေးဘူး”
“ဒီအမျိုးသမီးက ဟန်ကျွယ်ကို သိတယ်လို့ပြောတယ်၊ ဟန်ကျွယ်က သူ့ကို ဝီရိယတောင်ဆီ လာခိုင်းတာ အမှန်ပဲလား” တိထိုက်ပိုင်က မေးလိုက်ပါတယ်။
တိထိုက်ပိုင်ဟာ လီယောင်ရဲ့ အင်မော်တယ်ရာထူးကို ခေါင်းထဲမထည့်ပါဘူး။ ဒါပေမဲ့ လီယောင်က ဟန်ကျွယ်နာမည်ကို ပြောနိုင်တဲ့အတွက် တိထိုက်ပိုင်ဟာ လီယောင်ကို အလေးထားသွားပါတယ်။ နောက်ပြီး လီယောင်ဟာ အရမ်းလျှို့ဝှက်ပြီး ရည်မှန်းချက် ကြီးမားလွန်းပါတယ်။ တိထိုက်ပိုင်သာ လီယောင်က သေမျိုးကမ္ဘာကနေ ဘုံပျံတက်လာမှန်း မသိဘူးဆိုရင် ကျိန်းသေပေါက် ဖမ်းဆီးပြီး စစ်ဆေးမှာပါ။
“ဟုတ်ပါတယ်၊ သခင်ကိုယ်စား အင်မော်တယ်ကို ကျေးဇူးတင်ပါတယ်”
တိထိုက်ပိုင်ဟာ ဝူတောက်ကျန့်စကားကြောင့် ခေါင်းညိတ်ပြုံးလိုက်ပြီး ပျောက်ကွယ်သွားပါတယ်။
ဝူတောက်ကျန့်ဟာ လီယောင်ကိုကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်မက ရှင့်အကြောင်းကို သခင်နဲ့အတူတူ ကြည့်ခဲ့တာ၊ ရှင်ရဲ့အတွေ့အကြုံ့တွေ အကုန်လုံးကို ကျွန်မမြင်ပြီးပြီ၊ ရှင်က တကယ်ကို အထင်ကြီးဖို့ကောင်းတယ်...”
ဝူတောက်ကျန့်ရဲ့ မရပ်မနား စကားပြောဆိုမှုကြောင့် လီယောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ လီယောင်ဟာ ဝူတောက်ကျန့်စကားကြောင့် ဂုဏ်ယူမှုမဖြစ်ဘဲ မလုံခြုံသလို ခံစားလိုက်ရပါတယ်။ ဘယ်သူမဆို စုံစမ်းထောက်လှမ်းခံရမယ်ဆိုရင် မသက်မသာဖြစ်ကြမှာ အမှန်ပါပဲ။
လီယောင်နေရာမှာ ဟန်ကျွယ်သာဆိုရင်ဆိုရင် ဝူတောက်ကျန့်ကို သတ်ပစ်ချင်စိတ် ပေါက်လာမှာပါ။ ဝူတောက်ကျန့်မှာ လီယောင်ရဲ့ စိတ်အခြေအနေ မကောင်းတာကို သတိထားမိသွားတာကြောင့် ဖူစန်းသစ်ပင်အောက်မှာရှေ့ပြီး ကျင့်ကြံအားထုတ်ဖို့ စီစဉ်ပေးလိုက်ပါတယ်။
ငရဲကြက်နက်က စပ်စုလိုက်ပါတယ် “သူနဲ့သခင်က ဘယ်လိုဆက်ဆံရေးလဲ”
ဟန်ကျွယ်ဟာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေပြီး အပြင်ထွက်တဲ့ အကြိမ်အရေအတွက်က လက်ချိုးရေလို့ရပါတယ်။ ဒီလိုထွက်တိုင်းလည်း ကိစ္စရှိလို့ချည်းပါပဲ။ တစ်ခါမှာ လျှောက်လည်တာ မရှိပါဘူး။
ဝူတောက်ကျန့်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “အဲဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ၊ ရှင်က အခုထိ မြေလျှောက်အင်မော်တယ် မဖြစ်သေးဘဲနဲ့”
ငရဲကြက်နက်ဟာ ဝူတောက်ကျန့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပေမဲ့ ဘာမှပြန်မပြောရဲပါဘူး။
တစ်ခြားသူတွေဟာ လီယောင်အကြောင်းကို သိချင်ကြပေမဲ့ လီယောင်အနား မကပ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီယောင်ရဲ့ မျက်နှာက ရေခဲတုံးလို့ အေးစက်နေတဲ့အတွက် ဘယ်သူမှာ အနားမကပ်ရဲကြပါဘူး။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ အရည်အချင်းရှိသူတွေ ဖြစ်တာကြောင့် လီယောင်နဲ့စကားပြောဖို့အတွက် ကိုယ့်ကိုကိုယ် မနှိမ့်ချကြပါဘူး။
ဒီလိုနဲ့ မျက်စိတ်တစ်မှိတ်အတွင်း နောက်ထပ် ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ် တာအိုသုံးသပ်ရာကနေ နိုးထလာပါတယ်။ သေခြင်းရှင်ခြင်း မဟာတာအိုက ဟန်ကျွယ်ကို အရမ်းပဲ ဆွဲဆောင်ထားနိုင်ပါတယ်။ ပြီးတော့ အိပ်မက်တစ်ခုလို ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ လေးငါးဆယ်ရက်ပဲ ကုန်ဆုံးသေးတယ်လို့ ခံစားနေရပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း တော်တော်လေးကို တိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ရလဒ်ကိုကြည့်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် တာဝန်ဝတ္တရားမပျက် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။
ဒီအချိန်မှာ ဝူတောက်ကျန့်က ရုတ်တရက် ပြောလိုက်ပါတယ် “လီယောင် ရောက်လာပြီ”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်နေတဲ့ လီယောင်ကို တွေ့သွားပါတယ်။
“အင်း... သူ ဆက်ကျင့်ကြံပါစေ”
လီယောင်ရဲ့ ကျင့်ကြံမှုက မဟာညီညွတ်မှု အင်မော်တယ်စစ် ကနဦးအဆင့်ကို ရောက်ရှိနေပါပြီ။ ဟန်ကျွယ် လီယောင်ကို စတွေ့တုန်းက သေမျိုးပဲ ရှိပါသေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လီယောင်ရဲ့ အရည်အချင်းကို ခန့်မှန်းလို့ရပါတယ်။
ဝူတောက်ကျန့်က တအံတဩ မေးလိုက်ပါတယ် “သခင်က သူ့ကို မတွေ့ချင်ဘူးလား”
“သူလိုချင်တာက အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်မဲ့ နေရာတစ်ခု၊ သူ့ကို မနှောင့်ယှက်ဘူးဆိုရင် အကုန်လုံး အဆင်ပြေတယ်၊ နောက်ပြီးတော့ ငါ့မှာလည်း သူ့ကို ခိုင်းစရာ မရှိသေးဘူး”
ဟန်ကျွယ်ဟာ လီယောင်က ဝီရိယတောင်ကို အိမ်လိုမျိုး သဘောထားဖို့ မျှော်လင့်နေတာပါ။ ဒါမှသာ နောင်တစ်ချိန်ကျလို့ ဝီရိယတောင် ပြဿနာတက်ရင် လီယောင်က အစွမ်းကုန် ကာကွယ်မှာပါ။ ဒါပေမဲ့ လီယောင်ရဲ့ စရိုက်က ဟန်ကျွယ်နဲ့ အတူတူပဲမို့လို့ ပြဿနာတက်ရင် ပထမဆုံးတွေးမိတာက ထွက်ပြေးဖို့ပါ။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၀၉၄၃
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ညွှန်ပြမှုကို ရရှိပြီး ဆန်းကြယ်စွမ်းအားတစ်ပါး တတ်မြောက်သွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၂၈၀၀
[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်မြေးတပည့် ဖန်းလျန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် သင့်မြေးတပည့် ဖန်းလျန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွာသည်။]
[သင့်တပည့် ရန်ထျန်တုန်းသည် ပါရမီရှင်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် သေဆုံးပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ကျဆင်းသွား၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ကျိန်စာတိုက်ခံရ၏။]
ဟန်ကျွယ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်က မုရုံချီနဲ့ ကျိုးဖန်ကို တိုက်ခိုက်ပြီး ရန်ထျန်တုန်းက သေဆုံးသွားလို့ပါပဲ။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းရဲ့ ဝိညာဉ်ကို ချက်ချင်းရှာဖွေလိုက်တဲ့အခါမှာ ငရဲပြည်ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ငရဲပြည်ဆင်းပြီး ရန်ထျန်တုန်းကို ရှာဖွေပါတယ်။
ဒီအချိန်မှာ ရန်ထျန်တုန်းက မေ့လျော့ခြင်းတံတားရှေ့မှာ တန်းစီနေပါတယ်။ သူဟာ တစ်ခြားသရဲတွေလိုပဲ ကြောင်တောင်တောင် ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းရဲ့ ဝိညာဉ်ကို သူ့ဆီ ဆွဲယူလိုက်ပါတယ်။
“ဘာဖြစ်တာလဲ” ဟန်ကျွယ်က အသံတိုးတိုးနဲ့ မေးလိုက်ပါတယ်။
ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို မြင်တယ်ဆိုရင်ပဲ ရှက်ရွံ့စွာ ခေါင်းငုံ့သွားပါတယ် “ဆရာသခင်.... ကျွန်တော် ဆရာသခင်ကို စိတ်ပျက်စေမိပြီ”
ရန်ထျန်တုန်းဟာ ရုတ်တရက် ဒူးထောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘယ်လိုဖြစ်တာလဲ”
ရန်ထျန်တုန်းဟာ တုန်ယင်တဲ့အသံနဲ့ ဖြေလိုက်ပါတယ် “ကျွန်... ကျွန်တော် လူတစ်ယောက်နဲ့ လက်ရည်စမ်းတာ ကျွန်တော် ညံဖျင်းလွန်းတဲ့အတွက် ခုလို သေဆုံးခဲ့ရတာပါ၊ ကျွန်တော် ဆရာသခင်ကို အရှက်ရစေမိပြီ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။