ရုပ်ခန္ဓာအား ကျင့်ကြံခြင်း၊ ဘိုးဘေးနိုးထခြင်း အစီအရင်
Vol. 19 Ch. 239
အခန်း (၂၃၉) ရုပ်ခန္ဓာအား ကျင့်ကြံခြင်း၊ ဘိုးဘေးနိုးထခြင်း အစီအရင်
ရန်ထျန်တုန်းရဲ့စကားကြောင့် ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒေါသထွက်သွားတယ် ဆိုပေမဲ့ ပိုပြီးတော့တောင် ပြောစရာစကားမရှိ ဖြစ်သွားပါတယ်။
ရန်ထျန်တုန်းက မတရားခံရတယ်လို့ မပြောသလို ဒေါသလည်း မထွက်တာကြောင့် သူ့ဘက်က မှားတယ်ဆိုတာ သိနိုင်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက ဘာလို့ တစ်ဖက်လူနဲ့ လက်ရည်စမ်းတာလဲ”
ရန်ထျန်တုန်းက မျက်နှာပူပူနဲ့ ပြောလိုက်ပါတယ် “ကျွန်တော့် လက်အောက်ငယ်သားတစ်ယောက် နတ်ဆိုးတွေထဲ စွမ်းအားအကြီးဆုံးလို့ ပြောတယ်၊ ဒါပေမဲ့ ကျွန်တော်က မယုံခဲ့ဘူး...”
“ဒါဆို ဘယ်လိုလက်ရည်စမ်းရင်းနဲ့ သတ်လိုက်တာလဲ”
“သူက လက်ရည်မစမ်းတက်ဘူး ရန်သူကိုပဲ သတ်တယ်လို့ ပြောခဲ့ပါတယ်၊ အဲဒါနဲ့ ကျွန်တော်လည်း ရန်သူတွေလို တိုက်ကြမယ်ဆိုပြီး...”
ဟန်ကျွယ်ဟာ ဒေါသပြေသွားပါတယ်။ ဘာြဖစ်လို့လဲဆိုတာ ဒီကိစ္စမှာ တစ်ဖက်လူမှားတာ မဟုတ်ဘဲ ရန်ထျန်တုန်းက ကိုယ်ဒုက္ခကိုယ်ရှာတာမို့လို့ပါပဲ။
ရန်ထျန်တုန်းဟာ ငရဲပြည်မှာတောင် တွင်းတူးပြီး ဝင်ပုန်းချင်တဲ့အထိ ရှက်နေပါတယ်။ ဟန်ကျွယ်မျက်နှာကိုလည်း မကြည့်ရဲပါဘူး။
“ဒီလိုဆိုမှတော့ ပြန်မွေးဖွားပြီး နောက်ဘဝကျရင် ကောင်းကောင်းမွန်မွန် ကျင့်ကြံချည်”
စကားအဆုံးမှာပဲ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို မနှစ်သိမ့်ပေးခဲ့ပါဘူး။ ဒါပေမဲ့ ငရဲပြည်ကနေ မထွက်ခွာခင်မှာ ရန်ထျန်တုန်းကို ဘဝကောင်းကောင်းတစ်ခုပေးဖို့ မုန့်ပေါ်ကို သတင်းစကား ပါးခဲ့ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ရန်ထျန်တုန်းက ဟန်ကျွယ်ရဲ့ ပထမတပည့်တစ်ယောက် ဖြစ်နေတုန်းပါပဲ။
ရန်ထျန်တုန်း လူတန်းစီ ကြောင်တောင်တောင်နဲ့ ပြန်ရောက်သွားပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ ရန်ထျန်တုန်းဟာ အရင်နေရာကို ပြန်မရောက်ဘဲ နောက်ဆုံးကနေ တန်းစီရတာပါ။ ရန်ထျန်တုန်းဟာ မရေမတွက်နိုင်တဲ့ သရဲတွေ တန်းစီနေကြတာကိုကြည့်ပြီး ရုတ်တရက် နောင်တရသွားပါတယ်။
‘ငါ ဝီရိယတောင်မှာပဲ နေပြီး ကျင့်ကြံအားထုတ်ရင် အကောင်းသား....’
ဒါပေမဲ့ ဒီလောကမှာ နောင်တတရားကို ကုသနိုင်တဲ့ဆေးမရှိပါဘူး။ ဒီလိုထပ်မဖြစ်အောင်ပဲ ကြိုးစားလို့ ရပါတယ်။
‘နောက်ဘဝကျလို့ ငါသာ သာမန်သေမျိုးတစ်ယောက် ဖြစ်ခဲ့ရင် ကျင့်ကြံအားထုတ်နိုင်မှာ မဟုတ်ဘူး’
ရန်ထျန်တုန်းဟာ တွေးလေလေ နှလုံးသားထဲမှာ နာကျင်လေလေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ရန်ထျန်တုန်းဟာ ဒီကိစ္စအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ သူ့ကိုယ်သူပဲ အပြစ်တင်ပါတယ်။ သူညံလို့ သူခံရတာပဲ မဟုတ်ပါလား။
.....
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို သတ်သွားတဲ့ နတ်ဆိုးကို တွက်ချက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်ခါနီးပြီမို့ ကံအကြောင်းတရားအပေါ်မှာ နည်းနည်းတော့ နားလည်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို တစ်ဆင့်ခံပြီး တွက်ချက်တဲ့အခါမှာတော့ ရန်ထျန်တုန်းကို သတ်သွားတဲ့ နတ်ဆိုးကို ခပ်မြန်မြန်ပဲ တွေ့သွားပါတယ်။
ဒီနတ်ဆိုးဟာ အတိဒုက္ခဖြတ်ကျော်အဆင့်ရှိပြီး တောတောင်ထဲမှာ ပုန်းအောင်းကာ ကျင့်ကြံအားထုတ်နေပါတယ်။ သူ့ဘေးပတ်လည်က မိုင်တစ်ရာအတွင်းမှာလည်း နောက်ထပ်နတ်ဆိုးတစ်ကောင် မရှိပါဘူး။ ကြည့်ရတာ ဧကစာရီ ကျင့်သုံးပုံပါပဲ။ ဒါကို ထောက်ရှုခြင်းအားဖြင့် ဒီနတ်ဆိုးက ဟန်ကျွယ်လိုမျိုး ပြဿနာမတက်ချင်ဘူးဆိုတာ ထင်ရှားလှပါတယ်။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းအတွက် လက်စားမချေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ထျန်တုန်းက အသတ်ခံရဖို့ ထိုက်တန်လို့ပါပဲ။ သူ့ဘာသာနေတဲ့သူကို သွားရန်စတာ မနိုင်တော့ ခံပေါ့။ နောက်ပြီး ရန်ထျန်တုန်း ပြန်မွေးဖွားတာကလည်း မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သူ့အရည်အချင်းကို ပြန်ပြီးတော့ ရွေးချယ်ရာ ရောက်ပါတယ်။
ဟန်ကျွယ်ဆီမှာ သေမျိုးကမ္ဘာက နတ်ဆိုးသူတော်စင်ရဲ့ ကံတရားအထောက်အပံ့က ဘာဆိုဘာမှ မဟုတ်တဲ့အဆင့်ပါ။ တော်တော်လေးကို နောက်ကောက်ကျန်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ တကယ်လို့ နောက်ဘဝမှာလည်း အရည်အချင်း မကောင်းဘူးဆိုရင် ဟန်ကျွယ်က ဆက်ပြီးတော့ မွေးဖွားခိုင်းမှာပါ။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းအကြောင်း တွေးနေတာ ရပ်လိုက်ပြီး သေခြင်းရှင်ခြင်း မဟာတာအိုကို စတင်သုံးသပ်ပါတယ်။
ဖူစန်းသစ်ပင်အောက်မှာ လူတိုင်းဟာ ကြိုးကုတ်ကြိုးခဲ ကျင့်ကြံအားထုတ်နေကြပြီး စကားပြောခဲပါတယ်။ ဟန်ကျွယ်ကလည်း ရန်ထျန်တုန်း သေဆုံးသွားတဲ့သတင်းကို မပြောပါဘူး။ ဒါကြောင့် ရန်ထျန်တုန်း သေသွားတဲ့သူကို တိတ်ဆိတ်ဂိုဏ်းက ဘယ်သူမှ မသိသေးပါဘူး။
သေခြင်းရှင်ခြင်း မဟာတာအိုကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာတဲ့ အခါမှာတော့ ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ဟာ စပြီးတော့ အစွမ်းပြလာပါတယ်။
ဟန်ကျွယ်ဝိညာဉ်ရဲ့ နက်ရှိုင်းလှတဲ့ တစ်နေရာမှာ ကြယ်ပင်လယ်တစ်စင်း ပေါ်လာပြီး မရေမတွက်နိုင်တဲ့ ကြယ်တွေ တောက်ပလာပါတယ်။ ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ ဒီကြယ်တွေကို ဆက်သွယ်ပေးလိုက်တဲ့အခါမှာတော့ သေခြင်းရှင်ခြင်း မဟာတာအိုကလည်း ပိုပြီးတော့ အားကောင်းလာပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အလွန်ကျယ်ပြန့်တဲ့ စကြဝဠာတစ်ခုကို ရောက်ရှိသွားပါတယ်။ တောက်ပလွန်းတဲ့ ကြယ်တွေကိုကြည့်ပြီး ဟန်ကျွယ်ဟာ ကြောင်သွားပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ လောကဦးကြယ်တာရာခန္ဓာကိုယ်ကို လုံးလုံးကြီး နားမလည်သေးဘူးဆိုတာ သဘောပေါက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေတယ်ဆိုပေမဲ့ ရုပ်ခန္ဓာကို ကျင့်ကြံဖို့ မေ့လျော့နေခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ လောကဦး ကြယ်တာရာခန္ဓာကိုယ် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်စိတ်ထဲကို အတွေးကြီးတစ်ခု ဝင်လာပါတယ်။
‘အကယ်၍ ငါသာ ဒီစကြဝဠာကို အခုလက်ရှိ အနန္တကမ္ဘာတွေလိုမျိုး ဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် ကံတရားအထောက်အပံ့တွေက အကုန်လုံးက ငါ့ဆီ စုစည်းလာမှာပဲ’
‘အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာတွေရဲ့ ကံတရားအထောက်အပံ့ကို စုစည်းနိုင်ရင် ငါက ကောင်းကင်တာအို ဖြစ်မသွားဘူးလား’
ဟန်ကျွယ်ဟာ ဒီကိစ္စကို တော်တော်လေး လုပ်ချင်သွားပါတယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလိုပဲ ဟန်ကျွယ်ဟာ ပန်ကူးကို သတိရသွားပါတယ် ‘ပန်းကူက မိုးမြေကိုခွဲပြီး သေသွားတာ မဟုတ်ဘဲ သူ့ကိုယ်သူ ကောင်းကင်တာအိုအဖြစ် အသွင်ပြောင်းပြီး အင်မော်တယ်တွေ မမျှော်မှန်းရဲတဲ့ တည်ရှိမှုတစ်ခု ဖြစ်သွားတာလား’
ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပါတယ်။ ဒီအစီအစဉ်ကို ဟန်ကျွယ် လုပ်ဆောင်မယ်ဆိုရင်တောင် နှစ်အများကြီးကြာမှာပါ။ အင်မော်တယ်ကမ္ဘာ တည်ရှိခဲ့တာက နှစ်ရေလို့ မရတော့ပါဘူး။ အချိန်ဆိုတဲ့ တည်ရှိမှုထက်တောင် စောချင်စောနိုင်ပါတယ်။
ကြီးမားတဲ့ အကျဉ်းထောင်တစ်ခုမှာ ကျိုးဖန်နဲ့ မော့ဖူချိုဟာ တရားထိုင်နေပါတယ်။ အကျဉ်းထောင်ထဲမှာ မော့ဖူချိုနဲ့ ကျိုးဖန် နှစ်ယောက်တည်း မဟုတ်ပါဘူး။ ဖန်းလျန်ကို ရှုံးနိမ့်ထားတဲ့သူတိုင်း ဒီအကျဉ်းထောင်ထဲမှာ အဖမ်းခံထားရတာပါ။
ကျင့်ကြံသူ ဆယ့်သုံးလေးယောက်က နက်မှောင်တဲ့ အကျဉ်းထောင်တံခါးကို ကင်းလှည့်ပြီး စောင့်ကြပ်နေကြပါတယ်။ တစ်ခြားအကျဉ်းထောင်တွေမှာလည်း ကျင့်ကြံသူတွေ အများကြီး ရှိပါတယ်။ သူတို့တွေဟာ သူတို့ဒဏ်ရာကို ကုသနေကြပါတယ်။
မော့ဖူချိုဟာ မျက်လုံးဖွင့်ပြီး အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ထူးဆန်းတယ်၊ အရာအားလုံးက အရမ်းထူးဆန်းတယ်လို့ မထင်ဘူးလား”
ကျိုးဖန်က မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ဘာထူးဆန်းတာလဲ”
“ကူမိသားစုက ငါတို့တွေ အကုန်လုံးကို အသက်ရှင်လျက် ဖမ်းထားတယ်လေ၊ သူတို့တွေ မတော်တဆဖြစ်မှာကို ဘာလို့ မကြောက်ကြတာလဲ”
“ငါတို့က သူတို့အတွက် သုံးစရာရှိလို့ နေမှာပေါ့”
“ဒါဖြစ်နိုင်တယ်”
မော့ဖူချိုဟာ မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ကူမိသားစုက ငါတို့ကို ဘယ်လိုအသုံးချချင်တာလဲ... ဒီလောက် လူအများကြီးကို’ ရုတ်တရက်ဆိုသလို မော့ဖူချိုဟာ ခံစားချက်မကောင်းတော့ပါဘူး။
မော့ဖူချိုဘေးနားက လူတစ်ယောက်ဟာ သက်ပြင်းချလိုက်ပါတယ် “ကျုပ်တို့လို အင်အားစုအသီးသီးက လူတွေကို အသက်ရှင်လျင် ဖမ်းထားတာ ယဇ်ပူဇော်ဖို့ပဲ နေမှာပေါ့၊ ကူမိသားစုမှာ အင်မော်တယ်ဧကရာဇ် ဖြစ်ခါနီးသွားတဲ့ ဘိုးဘေးတစ်ယောက် ရှိခဲ့ဖူးတယ်၊ ဖန်းလျန် ဒီလောက်စွမ်းနေတာကလည်း အဲဒီဘိုးဘေးကြောင့်ပဲ”
တစ်ခြားသူတွေကလည်း တစ်ယောက်တစ်ပေါက် ထပြောကြပါတယ်။
“ဟုတ်တယ်၊ ကူမိသားစုက သူတို့ဘိုးဘေးကို ပြန်နိုးထစေချင်တာ”
“ဒီလိုဆိုရင် ဖန်းလျန်က နယ်ရုပ်ပေါ့”
“အဲဒီလိုမဟုတ်ဘူးဆိုရင် အခုလိုမျိုး သိစိတ်ကင်းမဲ့နေပါ့မလား၊ သူကို အားကျဖို့ကောင်းတယ်လို့ မတွေးနဲ့၊ သူ့အခြေအနေက သေတာထက် ပိုဆိုးတယ်”
“ကူမိသားစုခေါင်းဆောင်က သူ့သမီးကို ဖန်းလျန်နဲ့ လက်ထပ်ဖို့ ကမ်းလှမ်းခဲ့တယ်၊ ဒါပေမဲ့ ဖန်းလျန်က ငြင်းဆန်ခဲ့လို့ အခုလို အခြေအနေမျိုး ရောက်သွားတာ”
“ဖန်းလျန်က ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်စစ်သူကြီး မဟုတ်လား၊ ဘာလို့ ကောင်းကင်ရုံးတော်က လာမကယ်တာလဲ”
“ကောင်းကင်ရုံးတော်နဲ့ ရှန်နန်းတော်က ဆက်ဆံရေးကောင်းနေတော့ ကောင်းကင်စစ်သူကြီးတစ်ယောက်အတွက်နဲ့ ကောင်းကင်ရုံးတော်က ရှန်နန်းတော်ကို ရန်စမှာ မဟုတ်ဘူး”
“ဟင်း... သက်ရှိအားလုံက ကစားတဲ့လက်မဟုတ်ရင် ပုရွက်ဆိတ်တွေပဲ”
ကျိုးဖန်နဲ့ မော့ဖူချိုဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်။
ကျိုးဖန်က အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ဟန်ကျွယ်လာမယ်လို့ ထင်လား”
မော့ဖူချိုဟာ မျက်လုံးပင့်တက်သွားပါတယ် “အစ်ကိုဟန်က သေမျိုးကမ္ဘာမှာပဲ ရှိနေသေးတာ၊ ဘယ်လိုလုပ်ပြီး ရောက်လာနိုင်မှာလဲ”
ကျိုးဖန်ဟာ မော့ဖူချိုစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
“သူလာရင် ကူမိသားစု မျိုးတုံးပြီပဲ” ကျိုးဖန်က ရယ်သံစွက်ပြီး ပြောလိုက်ပါတယ်။ အခုအချိန်မှာ ကျိုးဖန်ဟာ ဟန်ကျွယ်ရဲ့စွမ်းအားကို သံသယမရှိတော့ပါဘူး။ မျှော်မှန်းရုံပဲ တက်နိုင်ပါတော့တယ်။
ကျိုးဖန်ဟာ ဟန်ကျွယ်ကို နားလည်ထားတာ တစ်ခုရှိပါတယ်။ အဲဒါက ဟန်ကျွယ်ဟာ သတိကြီးပြီး ပြဿနာကို ကြောက်တယ်ဆိုပေမဲ့ လာတိုက်ခိုက်ရင်လည်း လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။
မော့ဖူချိုက ပြုံးပြီး ပြောလိုက်ပါတယ် “မင်းပြောတာ ဖြစ်နိုင်တယ်” မော့ဖူချိုဟာ ကူမိသားစုဘိုးဘေးတော့ ဒုက္ခရောက်ပြီလို့ ခံစားလိုက်ရပါတယ်။
သုံးနှစ်ကြာတဲ့အခါမှာတော့ ကူမိသားစုက ကျိုးဖန်၊ မော့ဖူချိုနဲ့ တစ်ခြားအကျဉ်းသားတွေကို အဆိပ်တစ်မျိုးတိုက်ပြီး ဝိညာဉ်စွမ်းအား သုံးမရအောင် လုပ်ပစ်ပါတယ်။ အဲဒီလိုလုပ်ပြီးမှ သူတို့ကို အကျဉ်းထောင်အပြင်ဘက် သယ်ဆောင်သွားပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ကူမိသားစုဟာ အကျဉ်းသားတွေကို တောင်ထိပ်တစ်ခုပေါ် ပို့လိုက်ပါတယ်။ ဒီနေရာက ဖန်းလျန်က အသိဉာဏ်လင်းလက်ခဲ့တဲ့ နေရာပါ။
လူတိုင်းဟာ ရင်ထိတ်နေကြပါတယ်။
ကူမိသားစုခေါင်းဆောင်ဟာ ဇရပ်ပေါ်မှာထိုင်နေပြီး သူ့ဘေးနားမှာတော့ ဖန်းလျန် ရပ်နေပါတယ်။ ဖန်းလျန်ဟာ သင်္ကေတမျိုးစုံပါတဲ့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ခံစားချက်ကင်းမဲ့နေပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ မူမမှန်း သိနိုင်ပါတယ်။
ကူမိသားစုခေါင်းဆောင်က လက်ဝှေ့ယမ်းပြီး အချက်ပြလိုက်တဲ့အခါမှာတော့ ကူမိသားစု ကျင့်ကြံသူတွေဟာ ယဇ်ပလ္လင်ပတ်လည်ကို လျှောက်သွားပြီး မန္တန်တွေ စတင်ရွတ်ဖတ်ပါတယ်။
ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “စတော့မှာလား”
မော့ဖူချိုဟာ ကျိုးဖန်စကားကို ပြန်မဖြေဘဲ ဝိညာဉ်စွမ်းအားကိုသာ အားကုန်လှည့်ပတ်လိုက်ပါတယ်။ ဒါပေမဲ့ မော့ဖူချို ဘယ်လောက်ပဲ ကြိုးစားပါစေ ဝိညာဉ်စွမ်းအားက ထွက်မလာပါဘူး။ တစ်ခြားအကျဉ်းသားတွေဟာလည်း အလန့်တကြား ဖြစ်ကုန်ပြီး ကူမိသားစုကို ကျိန်ဆဲကုန်ကြပါတယ်။
ကူမိသားစုခေါင်းဆောင်ရဲ့ ဘေးနားမှာ မိန်းကလေးတစ်ယောက် ပေါ်လာပါတယ်။ သူ့ကတော့ ကူမိသားစုခေါင်းဆောင်ရဲ့သမီး ကူရှင်းပါ။ ကူရှင်းဟာ ဖန်းလျန်ကိုကြည့်ပြီး မေးလိုက်ပါတယ် “ဖေဖေ၊ ဒီလိုလုပ်တာက ဖန်းလျန်ကို ကတယ်ပဲ ကယ်နိုင်မှာလား”
“အင်း ဟုတ်တယ်၊ သူ အခုလို ကြောင်တောင်တောင် ဖြစ်နေတာက ဘိုးဘေးရဲ့ကျင့်ကြံမှုကို တောင့်မခံနိုင်လို့ပဲ၊ ကျင့်ကြံမှုသာ ပြန်ရမယ်ဆိုရင် သူ ပြန်ကောင်းလာလိမ့်မယ်” ကူမိသားစုခေါင်းဆောင်ဟာ ယဇ်ပလ္လင်အောက်က အစီအရင်ကိုစိုက်ကြည့်ပြီး ပြန်ဖြေလိုက်ပါတယ်။
ဒီအချိန်မှာပဲ ကူမိသားစုရဲ့ ဘိုးဘေးနိုးထတဲ့ အစီအရင်ဟာ အသက်ဝင်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။