← Chapters

မေးရိုးများ ပြုတ်ကျရလောက်သည်အထိ အံ့အားသင့်ရခြင်း

Vol. 07 Ch. 323

မေးရိုးများ ပြုတ်ကျရလောက်သည်အထိ အံ့အားသင့်ရခြင်း

Vol. 07 Ch. 323

အဆောင်ထဲသို့ ဝင်လိုက်ချိန်တွင် ကြည့်ကောင်းသော သက်လတ်ပိုင်းစုံတွဲတစ်တွဲအား တွေ့လိုက်ရသည်။

“ဟယ်လို မင်္ဂလာပါ။”

ထန်ရှုက ထိုသူတို့အား အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

လူရွယ်တစ်ယောက်က ကုလားထိုင်ပေါ်မှ ခုန်ထလာကာ ထန်ရှု၏အရှေ့သို့ ရောက်လာပြီး ပြုံးလျက်

“မင်းက ငါ့ရဲ့အဆောင်အခန်းဖော်လား။ စကားမစပ် ငါ့နာမည်က ယွဲ့ခိုင်ပါ။”

“ငါက ထန်ရှုပါ။”

ထန်ရှုက တစ်ချက်ပြုံးပြကာ ပြောလိုက်သည်။

“တွေ့ရတာ ဝမ်းသာတယ်ကွာ။ ငါတို့တွေက ကျောင်းသားသစ်တွေ ဖြစ်သလို နောက်ဆိုရင် သူငယ်ချင်းကောင်းတွေ ဖြစ်လာကြမှာပါ။ အမေ…အဖေ တွေ့လား။ ကျွန်တော့်အခန်းဖော်က ကြည့်ကောင်းပြီး ရိုးသားမယ့်ပုံပါ။ ကျွန်တော့်ကို သေချာပေါက် မကောင်းတာတွေ ဖြစ်မှာ မဟုတ်ပါဘူး။ အဖေတို့ အခု ပြန်လို့ရပြီဟုတ်ပြီလား။”

သက်လတ်ပိုင်းစုံတွဲက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သက်လတ်ပိုင်းအမျိုးသားက တစ်ချက်ပြုံးလိုက်ကာ

“ထန်လေး ဟုတ်တယ်နော်။ ငါ့သား ယွဲ့ခိုင်က ဆိုးတယ်။ ထန်လေးက သူနဲ့နှစ်အနည်းငယ်လောက် အတန်းတူကျောင်းသား ဖြစ်ရဦးမှာဆိုတော့ သူ့ကို ဂရုစိုက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျောင်းဝင်းထဲမှာ သူ တစ်ခုခု ပြသနာရှာရင် ဦးကို တိုက်ရိုက်သာ ဖုန်းဆက်လိုက်ပါ။”

ထိုသို့ ပြောပြီး သူ၏အိတ်ကပ်ထဲမှ အမည်ကတ်ပြားတစ်ခုအား ထုတ်ကာ ထန်ရှုအား ပေးလိုက်သည်။

အမည်ကတ်ပြားအား ဖတ်ရင်း ကတ်ပြားပေါ်တွင် ထိုသူ၏အမည်နှင့် ဖုန်းနံပါတ်မှတပါး မည်သည့်အရာမှ မပါသည်ကို ထန်ရှု တွေ့ရသည်။ ထန်ရှုက ကတ်ပြားအား သူ၏အိတ်ကပ်အတွင်းသို့ ချက်ချင်းထည့်လိုက်ပြီး တစ်ချက်ပြုံးလိုက်ကာ

“စိတ်ချပါ ဦး။ သူ့ရဲ့မျက်နှာသွင်ပြင် လက္ခဏာကောင်းကို ကြည့်ရတာ ယွဲ့ခိုင်က လူဆိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်ပါတယ်။”

ယွဲ့ချန်းချင်က အံ့အားသင့်စွာ မေးလိုက်သည်။

“ထန်လေးက မျက်နှာပုံပန်းကို အကဲခတ်ပြီး စိတ်နေစိတ်သဘောထား သိနိုင်ခြင်းအတတ်ကို သိတာလား။”

ထန်ရှုက တိတ်ဆိတ်နေရင်း ပြုံးရုံ ပြုံးလိုက်သည်။

သက်လတ်ပိုင်းအမျိုးသမီးက ယွဲ့ချန်းချင်၏လက်အား ဆွဲလိုက်ပြီး ပြုံးကာ

“ခိုင်လေး…အမေတို့ သားကို ကျောင်းပို့တာ စာကြိုးစားရမယ်နော်။ မကောင်းတဲ့သူငယ်ချင်းတွေနဲ့ မပေါင်းနဲ့။ သား အတန်းလစ်တယ် ဒါမှမဟုတ် ကျောင်းဝင်းထဲမှာ ဆိုးသွမ်းနေတယ်လို့ အမေ ကြားရရင် သတိထားသာနေတော့။ နို့မဟုတ်ရင် သားရဲ့ဘဏ်ကတ်တွေကို အမေ ပိတ်ပစ်မယ်။”

“ကျွန်တော် သိတယ်၊ ကျွန်တော် သိပါတယ် အမေ။”

စိတ်ပျက်လက်ပျက်ဟန်၊ စိတ်ဆိုးသွားဟန်ရှိသော ယွဲ့ခိုင်က ထန်ရှုအား တစ်ချက်လှမ်းကြည့်လိုက်သည်။

သိပ်မကြာမီ ယွဲ့ချန်းချင်တို့လင်မယား ထွက်ခွာသွားကြသည်။

ယွဲ့ခိုင်၏မျက်နှာထက်မှ အပြုံးသည် ကွယ်ပျောက်သွားကာ ပျင်းရိသောအမူအရာက အစားထိုးဖြစ်ပေါ်လာသည်။ ထို့နောက် သူသည် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး ခြေချိတ်လျက် ထန်ရှုအား ညည်းညည်းညူညူ ပြောလိုက်သည်။

“မင်းနာမည်က ဘာတဲ့။ ထန်…အာ…ထန်ရှု။ စိုးရိမ်စရာမလိုပါဘူး ကိုယ့်လူ။ ငါတို့က မကြာခဏဆိုသလို အတူတူရှိကြရမှာဆိုတော့ ငါတို့ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသင့်တယ်။ ငါ မင်းကို ကျောင်းမှာ ကာကွယ်ပေးပါမယ်။”

ထန်ရှုက အိပ်ရာခင်းနေစဉ် အပြုံးဖြင့် လှမ်းမေးလိုက်သည်။

“မင်း ကျောင်းကို အကြောင်းကြားပြီးပြီလား။ မင်း အချိန်ရှိတုန်း ရုံးခန်းကို သွားပြီး ပစ္စည်းတွေ သွားထုတ်သင့်တယ်။ အဲ့ဒီနေရာမှာ အခု လူတွေ အများကြီးပဲ။ ပစ္စည်းကောင်းတွေအားလုံး တခြားလူတွေ ယူသွားတာမဖြစ်စေချင်ရင် တတ်နိုင်သမျှ မြန်မြန်သွားဖို့ ကောင်းတယ်။”

သူ၏လက်ကို ဝှေ့ယမ်းကာ ယွဲ့ခိုင်က ပြောလိုက်သည်။

“မသွားတော့ဘူး။ ငါ အဲ့ဒါတွေကို မသုံးဘူး။ ကျောင်းကပေးတဲ့ ပစ္စည်းတွေက အမှိုက်တွေလိုပဲ။ ဒါနဲ့ ငါတို့ အတန်းပိုင်ဆရာကို တွေ့ပြီးသွားရင် မင်းမှာ အချိန်ရှိလား။ အပြင်မှာ တစ်ခုခု သွားဝယ်ဖို့ အဖော်လိုက်ပေးမလား။ ငါ မင်းကို နေ့လည်စာ ကျွေးပါမယ်။”

တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် ထန်ရှုက အပြုံးဖြင့် ပြောသည်။

“အိုကေ…ငါလည်း တစ်ခု ဝယ်စရာရှိတယ်။”

ယွဲ့ခိုင် မတ်တတ်ရပ်လိုက်ကာ ရေချိုးခန်းထဲ ဝင်သွားသည်။ ပြန်ထွက်လာသောအခါ ထန်ရှုသည် သင့်တော်သော ပြင်ဆင်မှုလုပ်ပြီးနေပြီကို တွေ့ရသဖြင့် ချက်ချင်း မေးလိုက်သည်။

“ငါတို့ သွားကြတော့မလား။ တခြားအခန်းဖော် ၂ယောက် ဘယ်အချိန်လာမလဲဆိုတာ ငါမသိဘူးဆိုတော့ ငါတို့ သူတို့ကို မစောင့်တော့ဘူး။ ဟုတ်ပြီ။ သူတို့အတွက် စာတစ်စောင် ချန်ထားခဲ့မယ်။ အဲ့လိုဆို သူတို့ စားသောက်ဆိုင်ကို တန်းလာပြီး ငါတို့ကို ရှာနိုင်တယ်။”

“မင်းက သူတို့ကို သိလို့လား။”

ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

“မသိဘူး။” ယွဲ့ခိုင်က ခေါင်းယမ်းကာ ဖြေသည်။

“မင်းမှ သူတို့ကို မသိဘဲ ငါတို့ စာတစ်စောင်ချန်ထားရုံနဲ့ သူတို့က ငါတို့ဆီ လိုက်လာပါ့မလားကွာ။”

ထန်ရှုက ကသိကအောက်ဖြစ်သွားသော အပြုံးဖြင့် ပြောလိုက်သည်။

ယွဲ့ခိုင်က ပခုံးတွန့်ပြပြီး ခပ်ပေါ့ပေါ့ပင် ဖြေသည်။

“သူတို့လာမလား မလာမလားဆိုတာကတော့ သူတို့အပေါ်မူတည်တယ်။ လာကွာ … မင်းက စကားများတဲ့ ကြက်ကလေးတော့မဟုတ်ဘူးမလား။ စာသင်ခန်းအရင် သွားကြတာပေါ့။”

ထန်ရှု ရယ်ချင်သွားရသည်။ ယွဲ့ခိုင်သည် ပျက်စီးရုံသာ ဖြစ်သော ကောင်ဆိုးလေးတစ်ယောက်သာ ဖြစ်သည်ကို ထန်ရှု သဘောပေါက်သွားပေသည်။ သူ၏မိဘများရှေ့တွင် ထန်ရှုနှင့် ရင်းရင်းနှီးနှီး ဆက်ဆံပြခဲ့ပြီး သိသာစွာပင် ထိုအပြုအမူသည် မိဘများသို့ ပြသော အမူအရာသာ ဖြစ်ပေသည်။

သမိုင်းဋ္ဌာန၏စာသင်ခန်းသည် လေးထပ်ရှိ အဆောင်ဘီတွင် ရှိသည်။

ထန်ရှုနှင့် ယွဲ့ခိုင်တို့ ထိုနေရာသို့ ရောက်သွားသောအခါ ကျောင်းသူကျောင်းသား ၄ယောက်-၅ယောက်ခန့်သည် စာသင်ခန်းထဲတွင် စကားပြောနေသည်ကို တွေ့ရသည်။ သူတို့၂ယောက်အား တွေ့သောအခါ အရပ်ရှည်ပြီး လူကြီးလူကောင်းဟန်ဆန်သော ကျောင်းသားတစ်ယောက်က ချက်ချင်း ပြုံးပြပြီး

“အာ…ဒီမှာ နောက်ထပ်ကျောင်းသားသစ် ၂ယောက်ဟေ့။ ဟိုင်း… ကျင်းမန်ကျွန်းက ကျောက်လျန့်ပါ။”

“ထန်ရှု”

“ယွဲ့ခိုင်”

နှစ်ယောက်သား သူတို့နာမည်များအား ပြောလိုက်သည်။

ကျောက်လျန့်က အားပါးတရ ရယ်လိုက်ပြီး

“ညီအစ်ကိုတို့ မင်းတို့ မသိကြသေးဘူးမလား။ ငါတို့ရဲ့အတန်းပိုင်ဆရာမက ငယ်ရွယ်ပြီး အရမ်းလှပတဲ့ မိန်းမလှလေးတစ်ယောက်ပဲ။ မိန်းကလေးများစွာကို ငါ မြင်ဖူးပေမယ့် သူမထက်လှတဲ့သူ အတော်နည်းနည်းပဲ ရှိလိမ့်မယ်။ အခု သူမ အပြင်ခဏထွက်သွားတယ်။ မကြာခင် ပြန်လာလိမ့်မယ်။”

အလှတရားနှင့်ပတ်သက်ပြီး ထန်ရှုတွင် သန်မာသော စိတ်ဓာတ်ခိုင်မာမှုရှိသဖြင့် မည်သည့်အမူအရာမျှ မဖြစ်ဘဲ ပုံမှန်အတိုင်းပဲ ရှိနေသည်။ ယွဲ့ခိုင်ကမူ ထိုစကားကြားရပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ သူသည် ကျောက်လျန့်ဆီသို့ သွားကာ ခုံပေါ်တွင် ထိုင်လိုက်ပြီး သိလိုစိတ်ဖြင့် စူးစမ်းလိုက်သည်။

“သူမက တကယ်လှတာလား။ အရမ်းငယ်လား။ ဓာတ်ပုံရော မင်းဆီမှာ ရှိလား။”

သူနှင့် တွဲဘက်အား ရှာတွေ့သွားသည့်အလား ကျောက်လျန့်၏မျက်လုံးများ အရောင်လက်သွားသည်။ သူ၏လက်အား ယွဲ့ခိုင်၏ပခုံးပေါ်သို့ တင်လိုက်ပြီး သူ၏ဖုန်းအား ထုတ်လိုက်ကာ ဓာတ်ပုံများအား ဖွင့်နေရင်း

“ဒါပေါ့ ငါ့မှာ သူမရဲ့ဓာတ်ပုံတွေ ရှိတာပေါ့။ ဒီဓာတ်ပုံတွေကို တစ်ချက်ကြည့်…အုပ်စုပုံ ရိုက်ဖို့အတွက် ဆရာမဟန်ကို တော်တော် တောင်းယူထားရတာ။ ဘယ်လိုနေလဲ။ သူမက မလှဘူးလား။”

ထိုဓာတ်ပုံအား ကြည့်ရင်း ယွဲ့ခိုင်က ခေါင်းညိတ်ရင်း အပြုံးဖြင့်

“လှတယ်။ တအားကို လှတယ်။ ဆရာမက ငါတွေ့ဖူးတဲ့ မိန်းမလှလေးတွေထက်ကို အဆများစွာ လှပပါတယ်။ အဲ့ဒီလို မိန်းမလှလေးတွေနဲ့ နှိုင်းယှဉ်ဖို့တောင် မလျော်လှဘူး။ ဆုံးဖြတ်လိုက်ပြီ။ တက္ကသိုလ်မှာ ငါ့ရဲ့ပထမဆုံးပစ်မှတ်က ဆရာမဟန်ပဲ။”

ကျောက်လျန့်က တစ်ခဏမျှ ကြောင်အသွားပြီးမှ လက်မထောင်ကာ ချက်ချင်း ချီးကျူးလိုက်သည်။

“မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲ ဘဒို။ ငါလည်း တက္ကသိုလ်မှာ ချစ်သူမိန်းကလေးရှာဖို့ ရည်မှန်းထားပေမယ့် မင်းရဲ့ရည်မှန်းချက်က ငါ့ထက်ကို ပိုကြီးမားနေတာပဲ။ ဒီနေ့လည် ငါတို့ တစ်ခုခု သွားသောက်ကြရအောင် ချိဖ။”

ယွဲ့ခိုင်က ပြုံးလိုက်ရင်း

“ပြသနာမရှိဘူး။ မင်း အားလား။ ငါနဲ့ထန်ရှု ဆရာမဟန်ဆီ အကြောင်းကြားပြီးရင် ငါတို့ တစ်ခုခု ထွက်ဝယ်ဖို့ ရှိတယ်။ စားသောက်ဆိုင်တစ်ခု သွားပြီး အဲ့ဒီမှာ သောက်ကြတာပေါ့။ ဒီနေ့ ငါ ကျွေးပါမယ်။”

“ငါ့ကို ထည့်တွက်ထားလိုက်။ ရှန်ဟိုင်းကို ဒီမနက်မှ ရောက်တာ။ ရှန်ဟိုင်းရဲ့စတိုင်နဲ့ အငွေ့အသက်ကို အတွေ့အကြုံမရှိသေးဘူး။ မင်းတို့မှာ အချိန်ရှိရင် ငါနဲ့ ကားတစ်စီးလောက် သွားဝယ်ဖို့ အဖော်လိုက်ပေးပါဦး။ ကားမရှိတာ တကယ်ကို စိတ်ဓာတ်ကျစရာကောင်းပြီး အတော် အဆင်မပြေဘူး။”

ဘေးတွင် ရှိသော ထန်ရှုက ကျောက်လျန့်၏စကားအား နားထောင်ရင်း စိတ်တွင်းမှ မသက်မသာပြုံးမိသည်။

သူ၏အကြည့်များအား ရွှေ့လိုက်ရာတွင် တစ်စုံတစ်ယောက်သည် ချဉ်းကပ်လာသည်ကို ရုတ်တရက် အာရုံခံစားမိသည်။ သူ မော့ကြည့်လိုက်ပြီး ထိုလူအား မြင်သောအခါ သူ၏အမူအရာသည် အနည်းငယ် အေးခဲသွားပြီး လွှတ်ကနဲ အသံထွက်သွားသည်။

“ဆရာမ…ဘယ်လိုဖြစ်ပြီး ဒီမှာ ရှိနေတာလဲ။”

စာရွက်စာတမ်းတစ်ထပ်အား လက်မှကိုင်ထားပြီး ဟန်ကျင်းဝူက တောက်ပသောအပြုံးဖြင့်

“ငါက ဘာကြောင့် မရှိရမှာလဲ။”

“အလှနတ်ဘုရားမလေးဟန်” ထန်ရှုက မချိပြုံး ပြုံးကာ

“ကျွန်တော် အိပ်မက်မက်နေတာလား တကယ်လားဆိုတာ သိရအောင် ကျွန်တော့်ကို ဆိတ်ကြည့်ပေးပါလား။”

“ခွိ…”

ဟန်ကျင်းဝူ တခိခိ ရယ်လိုက်ရင်း

“ထန်ရှု… ငါ ရှန်ဟိုင်းတက္ကသိုလ်မှာ အလုပ်လာလုပ်လိမ့်မယ်လို့ နင် မမျှော်လင့်ထားဘူးမလား။ ၄နှစ်လုံး နင့်ရဲ့အတန်းပိုင်ဆရာမအဖြစ် ရှိနေဦးမယ်ဆိုတာကိုလည်း စိတ်မကူးထားမိဘူးမလား။”

“ဆ…ဆ…ဆရာမက ရှန်ဟိုင်းတက္ကသိုလ်မှာ စာသင်ဖို့လာတာလား။”

ထန်ရှု တွေတွေကြီးစိုက်ကြည့်နေရင်း သူ၏မျက်လုံးများသည် ချက်ချင်းပင် ပန်းကန်ပြားတစ်ချပ်လို ပြူးကျယ်လာကာ အလန့်တကြား အော်မိသည်။

“နောက်၄နှစ်လည်း ကျွန်တော့်ရဲ့အတန်းပိုင်ဆရာမ ဖြစ်ဦးမှာလား။ ဆရာမ ကျွန်တော့်ကို နောက်နေတာလား။”

“မဟုတ်ဘူး။ ငါ နင့်ကို မနောက်ပါဘူး။” ဟန်ကျင်းဝူက ဆက်ပြောသည်။

“ငါ ရှန်ဟိုင်းကို နွေရာသီကျောင်းပိတ်ရက်မှာ သွားတာ နင်မှတ်မိသေးလား။ နိုင်ငံခြားက ပြန်လာတဲ့ ငါ့သူငယ်ချင်းတစ်ယောက်ကိုတောင် ကြည့်ရှုဧည့်ခံပေးဖို့ နင့်ကို အကူအညီတောင်းသေးတယ်လေ။ အဲ့ဒီအချိန်တုန်းက ငါ အလုပ်ပြောင်းဖို့အတွက် ရှန်ဟိုင်းကို သွားတာ။ ဒါပေမယ့် သမိုင်းဋ္ဌာနမှာ စာသင်ဖို့ကတော့ ကျောင်းရဲ့အစီအစဉ်ပါ။”

ယွဲ့ခိုင်၊ ကျောက်လျန့်နှင့် အခြားကျောင်းသူကျောင်းသား၄ယောက်သည် ထန်ရှုနှင့် ဟန်ကျင်းဝူအား သိရခက်သောအမူအရာများဖြင့် ကြည့်နေကြသည်။ သည်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြပါချေ။

ကျောက်လျန့်က ထန်ရှုအား အသာတို့လိုက်ပြီး စပ်စုလိုက်သည်။

“မင်း သူမကို သိတာလား။ မင်းကို ကြည့်ရတာ ဆရာမနဲ့ အတော်ရင်းနှီးတဲ့ပုံပဲ။”

ထန်ရှုက မချိပြုံး ပြုံးလိုက်ရင်း

“ရင်းနှီးရုံတင်ဘယ်ကမလဲ။ အထက်တန်းကျောင်းတုန်းက ငါ့ရဲ့အတန်းပိုင်ဆရာမလေ။”

“ဘာ…”

စာသင်ခန်းအတွင်းရှိ လူတိုင်း ချက်ချင်း ကျောက်ရုပ်သဖွယ် ဖြစ်သွားကြသည်။

ဟန်ကျင်းဝူက ရယ်လိုက်ရင်း

“ဟုတ်တယ်။ ထန်ရှုက အထက်တန်းကျောင်းမှာကတည်းက ဆရာမရဲ့တပည့်ဖြစ်သလို တက္ကသိုလ်မှာလည်း တပည့်ထပ်ဖြစ်လာရသေးတယ်။ ဒါက ငါတို့မှာ ရေစက်ရှိတယ်လို့ ပြောနေတာပဲမဟုတ်လား။ စိတ်အေးအေးထားပါ။ နောက်၄နှစ်ထိ နင့်ရဲ့အတန်းပိုင်ဆရာမအဖြစ် ငါ ရှိနေတာ အလွန်ကံကောင်းတယ်လို့ နင် ခံစားရပါလိမ့်မယ်။ နောက်ပြီး နင်က ငါ့ရဲ့တပည့်ဖြစ်သလို ရွှမ်းချင်ဒေသရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်သီးကျောင်းသားတစ်ယောက်ဆိုလည်းဟုတ်တယ်။ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ရှိနေခြင်းက ငါ့အတွက်လည်း အံ့သြဖို့ကောင်းတဲ့ ဆရာမတစ်ယောက်ဖြစ်တယ်ဆိုတဲ့သက်သေပဲပေါ့ မဟုတ်ဘူးလား။”

ရွှမ်းချင်ဒေသရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက ထိပ်သီးကျောင်းသားတဲ့လား။

ထန်ရှုအကြောင်း သိရှိရမှုတစ်ခုနှင့်အတူ ယွဲ့ခိုင်က လက်မထောင်ကာ ချီးကျူးလိုက်သည်။

“ကျောင်းသားဘုရင်…တော်တယ်ကွာ။ ငါ့စကားတွေကို ပြန်ရုတ်သိမ်းရမယ်။”

“ဟမ်…ပြန်ရုတ်သိမ်းမယ်ဟုတ်လား။ ဘာကိုလဲ။” ကျောက်လျန့်က ပဟေဠိဖြစ်သွားသည်။

“ဘာဖြစ်ရမှာလဲ။ မင်း သူမပြောတာ မကြားလိုက်ဘူးလား။ သူတို့၂ယောက်ကြားမှာ နက်ရှိုင်းတဲ့ကံကြမ္မာတစ်ခု ရှိနေတယ်ဆိုတာ မင်း မတွေ့ဘူးလား။ ငါ စွမ်းနိုင်သမျှ လုပ်ရင်တောင်မှ ငါ သူမကို ဘယ်တော့မှ မရယူနိုင်မှာစိုးတယ်။ နောက်ပြီး ငါနဲ့ထန်ရှုက အခန်းဖော်တွေအဖြစ် လေးနှစ်တောင် အတူရှိကြမှာ။ ကိုယ့်ညီအစ်ကိုရဲ့ဇနီးမယားကို ငါက လုယူစရာအကြောင်းမရှိဘူး။”

ကျောက်လျန့် ရယ်မိတော့သည်။

ထို၂ယောက်၏စကားပြောဆိုမှုကို ကြားနေရသော ထန်ရှုက ချက်ချင်း မချိပြုံး ပြုံးလိုက်ကာ

“ယွဲ့ခိုင်…ပေါက်ကရတွေ မပြောလို့ မရဘူးလား။ ငါနဲ့ ဆရာမဟန်ကြားက ဆက်ဆံရေးက ဆရာမတစ်ယောက်နဲ့ ကျောင်းသားတစ်ယောက်ကြားက သန့်စင်တဲ့ ဆက်ဆံရေးပါကွ။ မင်းမှာ အရည်အချင်းရှိရင် လွတ်လွတ်လပ်လပ် ဆရာမကို ပိုးပန်းနိုင်တယ်။”

ဟန်ကျင်းဝူခမျာ သူတို့တတွေအား ကြည့်ရင်း ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်နေရသည်။ သူမက ချစ်စဖွယ် မျက်စောင်းထိုးလိုက်ရင်း လေသံခပ်ဆတ်ဆတ်ဖြင့်

“ဟေး…ပေါက်ကရတွေ ပြောမနေနဲ့။ ငါက နင်တို့တွေရဲ့ဆရာမနော်။ ပြသနာရှာတာတွေ့လို့ကတော့ နင်တို့ကို ခက်ခဲအောင် လုပ်ပစ်လိုက်မယ်။”

အားတက်လာရမည့်အစား ယွဲ့ခိုင် လည်ပင်းအစ်သွားသည့်နှယ် ခံစားလိုက်ရသည်။

မိနစ်အနည်းငယ် ကြာပြီးသော် ထန်ရှုနှင့် ယွဲ့ခိုင်သည် နာမည်စာရင်းသွင်းသည့်စာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

“ဆရာမဟန်… ကျွန်တော်တို့ ဝယ်စရာလေးတွေ ရှိနေလို့။ ဆရာမ တစ်ခုခု ပြောစရာလုပ်စရာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ ပြန်နှင့်တော့မယ်ခင်ဗျ။”

ယွဲ့ခိုင်က ဟန်ကျင်းဝူအား ဘောပင်ပြန်ပေးရင်း ခွင့်ပန်လိုက်သည်။

“နင်တို့ သွားလို့ရတယ်။” ဟန်ကျင်းဝူ ခေါင်းညိတ်ရင်း တုံ့ပြန်လိုက်သည်။

“ပြီးတော့ ထန်ရှု နင့်ရဲ့ဖုန်းနံပါတ်က မပြောင်းထားဘူး မဟုတ်လား။ နေ့လည်ကျရင် ငါ နင့်ဆီ ဖုန်းဆက်လိုက်မယ်။ ညကျရင် ညစာအတူ စားကြတာပေါ့။”

“ဟုတ် ဆရာမ။” ထန်ရှု ပြန်ဖြေလိုက်ကာ ယွဲ့ခိုင်နောက်သို့ လိုက်ရန် အခန်းတွင်းမှ ထွက်သွားတော့သည်။

ကော်ရစ်ဒါတွင်…

ကျောက်လျန့်က ခံစားချက်ပျောက်သွားသော အမူအရာဖြင့်

“ယွဲ့ခိုင်… ဆရာမဟန်က ထန်ရှုကို လုံးဝသဘောကျနေတာ ငါ သေချာပြောရဲတယ်။ စဉ်းစားကြည့်လေ…အထက်တန်းကျောင်းကနေ ရှန်ဟိုင်းတက္ကသိုလ်ကိုတောင် အပြောင်းအရွှေ့ လုပ်လာတယ်။ သောက်ကျိုးနည်း…ဒီညီအစ်ကို ထန်ရဲ့ ပီယကောင်းတာကိုတော့ ငါတောင် သူ့ကို ဒူးထောက်ချင်လာပြီ။”

ယွဲ့ခိုင်ကလည်း ခေါင်းညိတ်ရင်း

“ဒါအမှန်ပဲ။ နို့မဟုတ်ရင် အထက်တန်းကျောင်း တစ်ကျောင်းကနေ မိုင်ထောင်ပေါင်းများစွာ ဝေးကွာတဲ့ ရှန်ဟိုင်းတက္ကသိုလ်ကို ဘယ်လိုအပြောင်းအရွှေ့ လုပ်နိုင်မှာလဲ။ နောက်ပြီး ဆရာမဟန်ရဲ့မိသားစုကလည်း ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးနဲ့အဆက်အသွယ်တွေ ရှိရမယ်လို့ ငါ ပြောရဲတယ်။ ဒီရာထူးအတွက် အားထုတ်မှုကြီးကြီးမားမား လုပ်ခဲ့ရမှာပဲ။ နို့မဟုတ်ရင် ရှန်ဟိုင်းတက္ကသိုလ်ကို ရာထူးတိုးနဲ့ ပြောင်းနိုင်မှာမဟုတ်ဘူး။”

“မင်းတို့ကောင်တွေ ပေါက်ကရ ပြောလို့ ပြီးပြီလား။ ဆရာမဟန်နဲ့ ငါက ဆရာတပည့်အကြားက ဖြူဖြူစင်စင် သံယောဇဉ်လေးပါကွ။”

ထန်ရှုက အားတင်းထားရသောအပြုံးဖြင့် ဝင်ပြောလိုက်ခြင်းဖြစ်သည်။

“သရဲမှပဲ အဲ့ဒါကို ယုံလိမ့်မယ် ကိုယ့်လူ။”

ဟိုလူ၂ယောက်က စိတ်တက်ကြွစွာဖြင့် ပြန်အော်ပြောကြတော့သည်။

ချက်ချင်းပင် ယွဲ့ခိုင်က ပြောလိုက်ပြန်သည်။

“ထန်ရှု…မင်းက ငါတို့ထဲမှာ အစ်ကိုအကြီးဆုံးပဲ။ ကောင်မလေးတွေကို လိုက်ပုံလိုက်နည်း ပိုးပုံပိုးနည်းလေးတွေ ငါတို့ကို သင်ပေးနေသရွေ့ ငါတို့ မင်းကို လက်ဘက်ရည်နဲ့ အလုပ်အကျွေးပြုပြီး ဆရာအဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိပါတယ်။”

“သေလိုက်လေ…”

***

All Chapters