ပြင်းထန်စွာ ဒဏ်ရာရသွားသောကျန်းယီ၊ အင်မော်တယ်နှင့် မော်တယ် ခြာနားချက်
Vol. 20 Ch. 244
အခန်း (၂၄၄) ပြင်းထန်စွာ ဒဏ်ရာရသွားသောကျန်းယီ၊ အင်မော်တယ်နှင့် မော်တယ် ခြာနားချက်
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး လက်ရှိကျန်းယီနဲ့ တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ အထဲရောက်တယ်ဆိုရင်ပဲ တန်းအသတ်ခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဒီရလဒ်ကို နည်းနည်းစိတ်ပျက်သွားပါတယ် ‘အင်မော်တယ်ဧကရာဇ်က တော်တော်စွမ်းအားကြီးတာပဲ၊ မုရုံချီက အင်မော်တယ်ဧကရာဇ် အများကြီးကို တစ်ယောက်တည်း တိုက်ခဲ့တာ တော်တော် အထင်ကြီးဖို့ကောင်းတာပဲ’
အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ခေါင်းထဲကို အတွေးတွေကို ရှင်းထုတ်လိုက်ပြီး သေခြင်းရှင်ခြင်း မဟာတာအိုကို ဆက်သုံးသပ်ပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီကို ကျော်တက်ဖို့ဆိုတဲ့ ပန်းတိုင်ရှိသွားတာကြောင့် ကျင့်ကြံရာမှ အရင်ကထက် ပိုအားစိုက်လာပါတယ်။
နတ်ဘုရားခန်းမ။
ကောင်းကင်ဧကရာဇ်ဟာ ရာဇပလ္လင်ပေါ်မှာ ထိုင်နေပြီး ညွှန်ကြားလိုက်ပါတယ် “ရှန်စစ်သူကြီး... ဒီကျန်းယီကို ပညာနည်းနည်းသွားပေးလိုက်အုန်း၊ လက်ရည်စမ်းတယ်ပဲ သဘောထားပေါ့”
ရှန်စစ်သူကြီးဟာ ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်ကို နာခံပြီး ချက်ချင်း ထွက်ခွာသွားပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ နတ်ဘုရားခန်းမထဲက တစ်ခြားလူတစ်ယောက်ကို ကြည့်လိုက်ပါတယ်။ ဒီလူကတော့ ကောင်းကင်ရုံးတော်ရဲ့ အိမ်ရှေ့မင်းသားပဲ ဖြစ်ပါတယ်။
“မင်းနဲ့ကျန်းယီမှာ ဘယ်သူက အရည်အချင်း ပိုရှိလဲ” ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။
“ကျွန်တော်တို့နှစ်ယောက်က အတူတူပါပဲ၊ ဒါပေမဲ့ ကျွန်တော်က သူ့ထက် အင်မော်တယ်ဧကရာဇ် စောဖြစ်ခဲ့တယ်အတွက် အခုအချိန်မှာ သူက ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး”
ကောင်းကင်ဧကရာဇ်ဟာ အိမ်ရှေ့မင်းသားရဲ့အဖြေကြောင့် ကျေနပ်စွာ ပြုံးလိုက်ပါတယ် ‘ငါရဲ့ တန်ဖိုးအထားရဆုံး သားတော် ပီသပါပေတယ်’
အိမ်ရှေ့မင်းသားဟာ သိချင်စိတ်ကို မမြိုသိပ်နိုင်တာကြောင့် မေးလိုက်ပါတယ် “ခမည်းတော်... ဟန်ကျွယ်က ဘယ်ကနေ လာတာလဲ၊ သူပြောတဲ့ဇာတ်လမ်းက မှော်-နတ်ဆိုး ကပ်ဘေးပဲ၊ သူက အထဲကလူတွေပဲ ပြောင်းလိုက်တာ”
ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ငါမင်းကို သူ့နောက်ခံအကြောင်း မပြောနိုင်ဘူး၊ ဒါပေမဲ့ ကျိန်းသေတာတစ်ခုက အခုအချိန် သူ့နောက်မှာ ကောင်းကင်ရုံးတော်တစ်ခုပဲ ရှိတယ်”
အိမ်ရှေ့မင်းသားဟာ အတွေးနက်သွားပါတယ်။ အဲဒီနောက် ဆက်ပြောလိုက်ပါတယ် “ခမည်းတော်... သားတော်ကြားတာတော့ ကျန်းရှန်နတ်ဧကရာဇ်က ကောင်းကင်ရုံးတော်မှာဆို၊ သူ့ကို ကျွန်တော့်ဆီ ပေးလို့ရမလား၊ ကျွန်တော်သူ့ကို အရင်ဘဝဟောင်းက ကျင့်ကြံမှု မြန်မြန်ပြန်ရအောင် ကူညီချင်တယ်”
အိမ်ရှေ့မင်းသားဟာ ကျန်းရှန်နတ်ဧကရာဇ်အကြောင်း ပြောလိုက်တဲ့အခါမှာ မျက်လုံးတွေက အရောက်လက်သွားပါတယ်။
“သူ့ကို အခုတော့ မနှောင့်ယှက်ပါနဲ့အုန်း၊ သူ အခု ဂူအောင်းကျင့်ကြံနေတယ်” ကောင်းကင်ဧကရာဇ်က ဘာသိဘာသာ ပြန်ပြောလိုက်ပါတယ်။
အိမ်ရှေ့မင်းသားဟာ နောင်တရပုံ ပေါ်သွားပါတယ်။
ဒါကိုကြည့်ပြီး ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အိမ်ရှေ့မင်းသား ကောင်းကင်ရုံးတော်မှာ နေခဲပါတယ်။ အခုလို ကောင်းကင်ရုံးတော်မှာ ကပ်နေတာက ကျန်းရှန်နတ်ဧကရာဇ်ကြောင့်ပါပဲ။
‘ရှန်နန်းတော်... ငါ မကြာခင်မှာ မင်းတို့ကို ဝါးမြိုပစ်မယ်’ ကောင်းကင်ဧကရာဇ်ဟာ စိတ်ထဲမှာ ကြိမ်းဝါးလိုက်ပါတယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်ငါးဆယ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ပုံမှန်အတိုင်း ဆက်တိုးတက်နေပါတယ်။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျန်းယီနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါ ဝင်တယ်ဆို အသတ်မခံရတော့ပါဘူး။ ကျန်းယီရဲ့ တိုက်ကွက် သုံးကွက်ကို ခုခံနိုင်လာပါတယ်။
ဒီသုံးကွက်ကို အထင်သေးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ခံစားချက်မရှိတဲ့အတွက် ကျန်းယီက အားကုန်ထုတ်တိုက်တာပါ။
ဟန်ကျွယ်ဟာ သူ့ရလဒ်ကို တော်တော်လေး ကျေနပ်အားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းယီလို အရည်အချင်းရှိတဲ့ အင်မော်တယ်ဧကရာဇ်ကို ရွှေအင်မော်တယ်အဆင့်နဲ့သာ သတ်နိုင်ခဲ့မယ်ဆိုရင် ဘယ်အင်မော်တယ်ဧကရာဇ်ပဲ ဖြစ်ဖြစ် ဟန်ကျွယ်ဟာ စွမ်အားအကြီးဆုံး အင်မော်တယ်ဧကရာဇ် ဖြစ်လာမှာပါ။
ဟန်ကျွယ်ဟာ အောင်ပွဲခံတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး သူ့ရန်သူတော်တွေကို လက်ဆောင်နည်းနည်း ပေးပါတယ်။ အဲဒီနောက် သူ့မိတ်ဆွေတွေ ဘာလုပ်နေလဲ သိချင်တာကြောင့် စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့်စုချီသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သရဲနတ်ဖြစ်လာပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မြေးတပည့် မုရုံချီသည် ကောင်းကင်စစ်သားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၉၀၄၂၁
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်တာအိုနှင့် ကျင့်စဉ်တစ်မျိုးကို သိမြင်နားလည်သွား၏။]
[သင့်မိတ်ဆွေ ကျန်းယီသည် သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်ရန်သူ ကိုးမြီးနတ်ဆိုးဧကရီသည် သင့်ကျိန်စာကြောင့် သက်တမ်း ၁၀၀,၀၀၀ ဆုံးရှုံးသွားပြီး အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် မိစ္ဆာစစ်တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၉
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ကျန်းယီက ရှန်စစ်သူကြီးကြောင့် ဒဏ်ရာရသွားတယ်ဆိုတော့ ကောင်းကင်ဧကရာဇ်က ငါ့ကို ကူညီနေတာလား’ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်အပေါ် မျက်နှာသာပေးမှု ထပ်တိုးသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်တဲ့အခါ သူ့မိတ်ဆွေအများစုက အခြေအနေ ကောင်းနေတာကို တွေ့လိုက်ရပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါမှာ ပုံရိပ်တွေက အရင်ကထက် နည်းသွားတာကို တွေ့လိုက်ရပါတယ်။
ကျင့်ကြံမှုလမ်းမှာ သေဆုံးခြင်းဆိုတာ ထမင်းစားရေသောက်ပါပဲ။
ဟန်ကျွယ်ဟာ မျက်နှာနည်းနည်း ညှိုးသွားပေမဲ့ ဝမ်းနည်းခြင်းတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူအထူးဂရုစိုက်တဲ့လူတွေ အသက်ရှင်နေသေးတာကြောင့်ပါ။
ပြောစရာရှိတာဆိုလို့ ရန်ထျန်တုန်းရဲ့ပုံရိပ် မရှိတော့တာပါပဲ။ မှတ်ဉာဏ်မရှိဘဲ ပြန်လည်မွေးဖွားတာကြောင့် ဟန်ကျွယ်အပေါ် ထားရှိတဲ့ ရန်ထျန်တုန်းရဲ့ မျက်နှာသာပေးမှုဟာလည်း အလိုလို ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့လည်း လမ်းခြောက်သွယ် အမှတ်အသားကနေ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို အာရုံခံနိုင်ပါတယ်။
မုန့်ပေါ်ရဲ့ စီစဉ်မှုကြောင့် ရန်ထျန်တုန်းဟာ ထုန်ကျန့်ကမ္ဘာရဲ့ ကောင်းကင်အင်မော်တယ်စံအိမ်မှာ ပြန်လည်မွေးဖွားပါတယ်။ သေမျိုးကမ္ဘာရဲ့ ပါရမီရှင်ဆိုတာ စကားထဲထည့်ပြောစရာတောင် မလိုပါဘူး။
မုန့်ပေါ် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ ရန်ထျန်တုန်းဟာ သေမျိုးကမ္ဘာရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ဘုံပျံတက်သူ အများစုက အင်မော်တယ်ကမ္ဘာကိုရောက်ရင် သုံးစားမရတဲ့လူတွေ ဖြစ်သွားကြတာပါ။
သေမျိုးကမ္ဘာရဲ့ ပါရမီရှင်နဲ့ အင်မော်တယ်ကမ္ဘာရဲ့ ပါရမီရှင်ဆိုတာ ကမ္ဘာခြားနေပါတယ်။ ကမ္ဘာတစ်ခုတည်းတောင် မဟုတ်ပါဘူး။
ခုနစ်လရှစ်လအကြာမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပြီး မျက်နှာပြင်ကို စိုက်ကြည့်လိုက်ပါတယ်။ ဝီရိယတောင်ကို လီယောင် ရောက်လာကတည်းက ကောင်းကင်ကိုးလွှာရေစင်ဟာ လီယောင်ကို မပြတော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ နောက်ထပ် မိုးမြေသားတော် ပေါ်လာမှာကို စောင့်နေတာပါ။
“သခင်... ကျွန်မ ကောင်းကင်ဓားတာအို ဒုတိယအဆင့်ကို တက်မြောက်သွားပြီ၊ တတိယအဆင့်ကို ဆက်သင်ပေးပါလား” ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို ရုတ်တရက် မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို တစ်ချက်ကြည့်လိုက်တဲ့အခါမှာ ကောင်းကင်ဘုံဝင်အဆင့် ရောက်နေတာပြီး မြေလျှောက်အင်မော်တယ် ဖြစ်လာဖို့ ခြေတစ်လှမ်းသာ လိုတော့တာကို တွေ့လိုက်ရပါတယ်။
“မြေလျှောက်အင်မော်တယ်ဖြစ်အောင် အရင်လုပ်” ဟန်ကျွယ်က ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
အခုဆိုရင် တိတ်ဆိတ်ဂိုဏ်းရဲ့ အားအနည်းဆုံးတပည့်က ကောင်းကင်ဘုံဝင်အဆင့်မှာ ရှိနေပါတယ်။ ဒီအထဲမှာ ကျိုးမင်ယွဲ့နဲ့ ငရဲကြက်နက်လည်းပါပါတယ်။ ဝူတောက်ကျန့်ရဲ့ ကျင့်ကြံမှု နှေးကွေးနေရတာက ကောင်းကင်ဓားတာအိုကို ကျင့်ကြံအားထုတ်နေလို့ပါပဲ။
တိတ်ဆိတ်ဂိုဏ်းက တပည့်တွေ အခုလို ကျင့်ကြံမှုတိုးတက်လာတာက ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီ ကောင်းမှုကြောင့်ပါ။ ဂျိရှင်းရှန်သာ ဝီရိယတောင်မှာ မွေးဖွားလာခဲ့မယ်ဆိုရင် နှစ်ငါးရာအတွင်း ကောင်းကင်ဘုံဝင် ထိပ်ဆုံးအဆင့်ကို ရောက်နိုင်မှာပါ။
ချူရှီရန်ဟာ ကျိုးမင်ယွဲ့ရဲ့ ကျင့်ကြံမှုက သူ့ကိုမှီလာတိုင်း နောက်တစ်ဆင့်တက်အောင် ကျင့်ကြံပါတယ်။ ဒီအဖြစ်ကြောင့် ကျိုးမင်ယွဲ့ဟာ တော်တော်လေး စိတ်ဓာတ်ကျသွားပါတယ်။ မှီခါနီးမှ အဝေးကြီးဖြစ်သွားတဲ့ ခံစားချက်က တော်တော်လေး ခံရခက်ပါတယ်။ ဒီလိုဖြစ်တာက တစ်ခါမကဘူးဆိုတော့ ကျိုးမင်ယွဲ့အတွက် ပိုခံရခက်တာပေါ့။
ဘူးသီးညီနောင်ရှစ်ဖော်ကတော့ မြေအင်မော်တယ်အဆင့်ကို စတင် ထိုးဖောက်နေပါပြီ။
တိတ်ဆိတ်ဂိုဏ်းထဲမှာ စွမ်းအားကြီးဆုံးက လီယောင်ပါ။ လီယောင်ရဲ့ နောက်မှာတော့ မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ် အလယ်အဆင့်ရှိတဲ့ လုံဟောင် ရှိနေပါတယ်။
ဟန်ကျွယ်ဟာ သူ့ဂိုဏ်းသားတွေရဲ့ ကျင့်ကြံမှုကို အတော်လေး ကျေနပ်အားရသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်ရာထက်ပြန်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ တာအိုသခင်ကျိုးတိဟာ ဝီရိယတောင်ဆီကို ရောက်လာပါတယ်။ တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်နဲ့ တွေ့ချင်ပေမဲ့ အတားခံလိုက်ရပါတယ်။
“ဂိုဏ်းချုပ်... ကိစ္စတစ်ခုရှိရင် ကျွန်တော်တို့ကို ပြောပါ” ရွှင်ချန်အန်းက ပြောလိုက်ပါတယ်။
တာအိုသခင်ကျိုးတိဟာ ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှုကို မမြင်နိုင်တာကြောင့် စိတ်ထဲမှာ အံဩတကြီး ဖြစ်သွားပါတယ် ‘ဒီကောင်လေးက ငါ့ထက်တောင် သာနေပြီလား’
“ယွီဂျင်ဂိုဏ်းတော်ကြီးက တာအိုဆွေးနွေးပွဲ ကျင်းပမလို့၊ ဒီပွဲအတွက် ကိုးပြည်ထောင်နဲ့ ဆယ်ဒေသကို ဖိတ်ခေါ်ဖို့ စီစဉ်ထားတယ်၊ အဲဒီအတွက် အကြီးအကဲဟန် တက်ရောက်နိုင်မလား လာမေးတာပါ” တာအိုသခင်ကျိုးတိဟာ အရှက်မရှိတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။
ရွှင်ချန်အန်းဟာ ခေါင်းခါပြတာကြောင့် တာအိုသခင်ကျိုးတိဟာ နှလုံးခုန်သံ မြန်သွားပါတယ်။
ရွှင်ချန်အန်းဟာ အဓိပ္ပာယ်ရှိရှိ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... အခုအချိန်ကပြီး ကျွန်တော်တို့ ဆရာသခင်အကြောင်း မတွေးတော့နဲ့၊ ယွီဂျင်ဂိုဏ်းတော်ကြီး ပြဿနာတက်ရင် ကျွန်တော်တို့တွေ ကူညီမယ်၊ ဆရာသခင်က လှုပ်ရှားမှာ မဟုတ်တော့ဘူး၊ မော်တယ်နဲ့ အင်မော်တယ်ကြားမှာ ခြားနားချက်တွေ အများကြီးပဲ”
ရွှင်ချန်အန်းရဲ့စကားဟာ တာအိုသခင်ကျိုးတိကို မွန်းကြပ်သွားစေပါတယ်။ တာအိုသခင်ကျိုး ဒီကိစ္စကို အစောကြီးကတည်းက ခန့်မှန်းမိတာကြောင့် ဟန်ကျွယ်ကို မနှောင့်ယှက်ရဲတာပါ။ ဒီတစ်ခေါက် ဝီရိတောင်ဆီ လာတာကလည်း ဂိုဏ်းအကြီးအကဲတွေက မရမက ဝိုင်းတောင်းဆိုလွန်းလို့ပါ။ မဟုတ်ရင် တာအိုသခင်ကျိုးတိဟာ ဝီရိယတောင်ဘက်ကို ခြေဦးတောင်လှည့်မှာ မဟုတ်ပါဘး။
“ဟုတ်တယ်၊ သခင်ရဲ့ မျက်လုံးထဲမှာ သေမျိုးကမ္ဘာရဲ့ သက်ရှိအားလုံးက အတူတူပဲ၊ နောက်ကျရင် သခင်ကို လာမဖားတော့နဲ့” ငရဲကြက်နက်ဟာ မာနတစ်ခွဲသားနဲ့ ပြောလိုက်ပါတယ်။
တာအိုသခင်ကျိုးတိဟာ ရွှင်ချန်အန်းနဲ့ ငရဲကြက်နက်ရဲ့ စကားကြောင့် အနေရခက်သွားပြီး ပြဿနာတက်သွားပါတယ်။
ရွှင်ချန်အန်းဟာ ကျိုးမင်ယွဲ့ကိုကြည့်ပြီး ပြောလိုက်ပါတယ် “မင်ယွဲ့... မင်းငါတို့ တိတ်ဆိတ်ဂိုဏ်းကို ကိုယ်စားပြုပြီး တာအိုဆွေးနွေးပွဲကို သွားတက်ချည်”
ကျိုးမင်ယွဲ့ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ ရွှင်ချန်အန်းက အကြီးဖြစ်တာကြောင့် မငြင်းရဲပါဘူး။
‘တိတ်ဆိတ်ဂိုဏ်း’ တာအိုသခင်ကျိုးတိဟာ ဒီနာမည်ကို သေသေချာချာ ကြားသွားပါတယ် ‘အကြီးအကဲဟန်က ဂိုဏ်းထောင်လိုက်တာလား’
တာအိုသခင်ကျိုးတိဟာ စိတ်ထဲမှာ မသက်မသာ ဖြစ်သွားပါတယ် ‘အကြီးအကဲဟန်က သာမန်မဟုတ်တော့ သူထောင်လိုက်တဲ့ ဂိုဏ်းကလည်း သာမန်မော်တယ်ဂိုဏ်း မဖြစ်နိုင်ဘူး’ တာအိုသခင်ကျိုးတိရဲ့ ခံစားချက်တွေဟာ ရှုပ်ထွေးသွားပါတယ်။ သူ့ကိုယ်သူ ဘာခံစားရလို ခံစားရမှန်းတောင် မသိတော့ပါဘူး။
နောက်ဆုံးမှာတော့ တာအိုသခင်ကျိုးဟာ သက်ပြင်းချလိုက်ပါတယ်။
‘ဟင်း... ငါ အကြီးအကဲဟန်လို ကြိုးကုတ်ကြိုးခဲ ကျင့်ကြံအားထုတ်ခဲ့ရင် အခုအချိန်မှာ အင်မော်တယ် ဖြစ်နေမှာလား’ တာအိုသခင်ကျိုးတိဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။