ကောင်မလေးတွေကို ပိုးပန်းရန်အတွက် လျှို့ဝှက်သောနည်းလမ်းများ
Vol. 07 Ch. 324
ကျောင်းဆောင်မှ ထွက်လာကြပြီး ၃ယောက်သား အဆောင်ဘက်သို့ ပြန်လာကာ အောက်ထပ်သို့ ဆင်းလာကြသည်။ ယွဲ့ခိုင်က သူ၏ ဘီအမ်ဒဗလျူကားသော့အား ယူကာ အပေါ်မှ ခလုပ်တစ်ခုအား ဖိလိုက်သည်။ ကျောက်လျန့်က အနီးနားတစ်ဝိုက်အား မျက်လုံးကစားလိုက်ရာ ဘီအမ်ဒဗလျူ ၅၂၅ ဆီဒင်ကားတစ်စင်းသည် မီးများလင်းလာသည်ကို တွေ့လိုက်ရသည်။
“ကောင်းလိုက်တဲ့ ကားလေး။ မင်းက ဒေသခံတစ်ယောက်လို သူဋ္ဌေးလေးတစ်ယောက်ပဲ။”
ယွဲ့ခိုင်၏မျက်နှာထက်တွင် ဝင့်ကြွားသော အမူအရာများ ဖြစ်ပေါ်လာပြီး အပြုံးဖြင့်
“သူဋ္ဌေးလေး တကယ်တော့ မဟုတ်ပါဘူးကွာ။ ဒါပေမယ့် ငါတို့က ရှန်ဟိုင်းတက္ကသိုလ်မှာ ပညာသင်ယူနေကြမယ့်သူတွေဆိုတော့ ခြေကျင်သွားတာထက်စာရင် ကားလေးနဲ့ လိမ့်တာ ပိုကောင်းတယ်မဟုတ်လား။ ဒီ့ထက်ကောင်းတဲ့ကား ငါ့ဆီမှာ ရှိပေမယ့် အိမ်မှာ ထားခဲ့တာ။ ဒီလိုဂုဏ်ဆာရတာ ငါ့စတိုင်တော့မဟုတ်ဘူးပေါ့ကွာ။ ဒီကားက နွေရာသီအားလပ်ရက်မှာဝယ်ခဲ့တာ။ ဘယ်လိုလဲ။ မဆိုးဘူးမဟုတ်လား။”
ကျောက်လျန့်က လက်မထောင်ပြရင်း
“မဆိုးပါဘူး ဟုတ်လား။ ဒီကားက ကောင်မလေးတွေကို ပိုးပန်းရန်အတွက် လျှို့ဝှက်တဲ့ နည်းလမ်းတစ်ခုပဲ။ မိန်းမလှလေးတွေက ဘီအမ်ဒဗလျူကားနဲ့ မာစီးဒီးဘင့်ကားပေါ်မှာ စီးရရင် ပျော်ရွှင်မယ်ဆိုတာ သေချာပေါက်ပဲ။ ငါက ကားဝယ်ဖို့ ယွမ်၂သိန်းလောက်သုံးပြီး စတိုင်ထုတ်မယ်လို့ စီစဉ်ထားတာ။ အခုတော့ မင်းရဲ့ကားကို ကြည့်ပြီးနောက်ပိုင်း အဲ့လောက်တန်ကားဝယ်ဖို့ စိတ်ပျက်စရာဖြစ်သွားပြီ ကိုယ့်လူရေ။”
“ဟုတ်ပါပြီကွာ။” ယွဲ့ခိုင်က ရယ်လိုက်ရင်း
“ငါတို့က ဘော်ဒါတွေပဲ။ ငါ့ကားက မင်းကားပဲပေါ့ကွာ။ ကောင်မလေးတွေကို ပိုးဖို့ ငါ့ကားကို မောင်းချင်တယ်ဆိုရင် မင်း င့ါကို ပြောလို့ရတယ်။ ဒီကားပေါ်မှာ လိင်ဆက်ဆံမှုမပြုသရွေ့ ကောင်မလေးတွေကို ကြိုတာပဲလုပ်လုပ် ဒါမှမဟုတ် ကားပဲလျှောက်စီးစီး မင်း ကြိုက်သလို သုံးနိုင်တယ်။”
ကားပေါ်မှာ လိင်မှုကိစ္စပြုလုပ်တာလား။
ကျောက်လျန့် အံ့အားသင့်သွားပြီး ချက်ချက်း ပြန်မေးလိုက်သည်။
“ယွဲ့ခိုင်… ငါ အဲ့ဒီအကြောင်းကို ကြားပဲ ကြားဖူးတာ။ တစ်ခါမှ မစမ်းကြည့်ဖူးဘူး။ မင်း အဲ့ဒါကို အရင်က မလုပ်ဖူးဘူးလို့ ငါ့ကို မပြောနဲ့နော်။ မင်း လုပ်ဖူးတယ်ဆိုရင် မင်းက ငါ့ရဲ့အစ်ကိုအကြီးဆုံးပဲ။”
ယွဲ့ခိုင်က သီးကာ ချောင်းခြောက်ဆိုးလိုက်ရင်း
“ဟင့်အင်း။ တကယ်တော့ ငါလည်း မလုပ်ဖူးပါဘူး။ ကောင်မလေးတွေကို ကားပတ်မောင်းပြီး ဟိုတယ်ကိုပဲ ခေါ်သွားတာ။ ကားပေါ်မှာ လိင်ဆက်ဆံတာကတော့ ငါလည်း မစမ်းကြည့်ဖူးဘူး။”
ချက်ချင်းပင် ယွဲ့ခိုင်က ပြုံးရင်းနားထောင်နေသော ထန်ရှုအား ကြည့်ကာ သူ၏မျက်လုံးများအား ကစားလိုက်ရင်း
“ဒါပေမယ့် အစ်ကိုကြီးထန်ကတော့ လုပ်ဖူးလောက်တယ်။ သူ့ရဲ့မြူးပြီး လန်းဆန်းနေတဲ့ ပုံကို ကြည့်စမ်း။ အဝေးကြီးကနေ သူ့ကို ဆွဲဆောင်ဖို့ လာရတဲ့ ဆရာမဟန်ရဲ့သဘောထားကို ပြန်တွေးလိုက်ရင် ဒီနေရာမှာ ထန်ရှုက တကယ့်ကို ကျွမ်းကျင်သူတစ်ယောက်ပဲ။ အစ်ကိုကြီးထန်… မင်းရဲ့ကိုယ်လုံးက မပိန်လွန်း မဝလွန်းဆိုတော့ ကားပေါ်မှာ လိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်နိုင်တဲ့ ကိုယ်ဟန်ပဲ ဟုတ်တယ်မလား။”
စောဒကတက်သောလေသံဖြင့် ထန်ရှုက
“တစ်ခါမှ မစမ်းကြည့်ဖူးဘူး။”
ထန်ရှုအား အထင်သေးစွာ တစ်ချက် ကြည့်လိုက်ပြီး ယွဲ့ခိုင်က ညည်းညူလိုက်သည်။
“အစ်ကိုကြီးထန်… မင်းဟာက မဟုတ်သေးပါဘူး။ ငါတို့က ညီအစ်ကိုတွေပါ။ ဘာကြောင့် ဖုံးကွယ်ချင်နေရတာလဲ။ ငါ မင်းကို အစ်ကိုကြီးလို့ ခေါ်တယ်မဟုတ်ဘူးလား။ ပြောပါဟ။ ကားပေါ်မှာ လိင်ဆက်ဆံရတဲ့အရသာက ဘယ်လိုနေလဲ။”
“ငါ အဲ့ဒါကို တကယ် မစမ်းကြည့်ဖူးဘူး။”
ထန်ရှုက စိတ်မပါစွာ ဖြေလိုက်သည်။
ယွဲ့ခိုင်က ထန်ရှုအား စိတ်ပျက်ဟန်ကြည့်ကာ လက်ဝှေ့ယမ်းပြပြီး
“ကားပေါ်တက်ပြီး ဈေးသွားဝယ်ကြစို့။ ဈေးဝယ်ပြီးရင် စားသောက်ဆိုင်ကို သွားကြမယ်။”
ကားထဲဝင်ပြီးနောက် ကျောက်လျန့်သည် ကားမောင်းသူ၏ဘေးထိုင်ခုံတွင် ထိုင်သည်ကို ကြည့်ပြီး ပြုံးလိုက်ကာ
“ယွဲ့ခိုင်…မင်းက ဒေသခံမဟုတ်လား။ မင်းမိဘတွေရဲ့စကားကို နားထောင်ရတာ ရှန်ဟိုင်းဒေသခံတွေရဲ့ လေသံအသုံးအနှုန်းတွေ တွေ့ရတယ်။”
“ဟုတ်တယ်။ ငါက ဒေသခံတစ်ယောက်ပဲ။” ယွဲ့ခိုင်က အပြုံးဖြင့် ပြောသည်။
“ရှန်ဟိုင်းနဲ့ မင်း အကျွမ်းတဝင်ဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ မင်းက ဒေသခံဖြစ်မှတော့ ငါတို့ကို ဦးဆောင်လမ်းပြပါ။” ထန်ရှုက ပြုံးသည်။
“သွားကြစို့။”
ထူးဆန်းသော အသံတစ်ခုအား အော်လိုက်ပြီး ယွဲ့ခိုင်က ကားကို စတင်မောင်းတော့သည်။ ဝင့်ကြွားသော အမူအရာဖြင့် စတိုင်ထုတ်ကာ အရှိန်တင် မောင်းနှင်နေသည်ကို ကြည့်ရင်း ထန်ရှု မျက်မှောင်ကြုပ်သွားသည်။
သည်တက္ကသိုလ်ဝင်းတစ်ခုလုံးတွင် ကျောင်းသားသစ်စာရင်းသွင်းရန်အတွက် ရောက်လာကြသည့် ကြီးမားသော အိတ်များကို သယ်ဆောင်ကာ လမ်းလျှောက်သွားလာနေကြသော ကျောင်းသားသစ်များစွာ ရှိသည်။
“ဟေး…ဖြည်းဖြည်းမောင်းပါကွ။ ကားမတိုက်မိအောင် ဂရုစိုက်ဦး။”
ထန်ရှုက စေတနာဖြင့် သတိပေးလိုက်သည်။
ယွဲ့ခိုင်က မျက်လုံးပြူးပြလိုက်ပြီး
“စိတ်အေးအေးထားစမ်းပါ ကိုယ့်လူရာ။ ဒါ ငါ့ရဲ့ကားမောင်းကျွမ်းကျင်မှုပဲ…အတည်ပြောတာ။ အနီးနားက ချန်ရှီးမြို့မှာ နှစ်များစွာ ကားမောင်းပြိုင်ခဲ့တဲ့လူပါကွ။ မင်းမှာ ကားမောင်းလိုင်စင် မရှိသေးဘူးနဲ့တူတယ်။”
ထန်ရှု စိတ်တွင်းမှ သက်ပြင်းချလိုက်မိသည်။ ယွဲ့ခိုင်၏လူငယ်ဆန်သော ပေါ့ပျက်ပျက်အမူအရာအား သဘောမကျသော်လည်း ထန်ရှုမှာ ယွဲ့ခိုင်၏အဖေ မဟုတ်သောကြောင့် သူ့အား ထိန်းချုပ်မရသည်မှာ သဘာဝပင် ဖြစ်သည်။ လူငယ်လူရွယ်များသည် မျက်နှာသာရမှုကို သဘောကျကြသကဲ့သို့ အရွဲ့တိုက်လိုသောစိတ်လည်း ရှိကြသည်ကို ထန်ရှု ကောင်းစွာ သိရှိသည်။ ထိူသူတို့အား ထိန်းချုပ်ရန် မဆိုထားဘိ ထန်ရှုက ဆက်ပြီးဖျောင်းဖျရင်တောင်မှ ယွဲ့ခိုင်မှာ ပိုပြီးလုပ်ဆောင်မည့်သဘောပင်ရှိနိုင်သည်။
ထိုကဲ့သို့ ကျေးဇူးမတင်ခံရသည့်အလုပ်မျိုးအား ကြိုးစားရန် ထန်ရှု စိတ်မတွေ့လှပေ။
ဘီအိမ်ဒဗလျူကားလေးသည် တက္ကသိုလ်ဂိတ်ပေါက်မှ ဖြတ်သောအခါ ကားမှန်မှတဆင့် ထန်ရှု ယခင်က တွေ့ထားခဲ့သော ပြိုင်ကားများသည် တန်းစီရပ်ထားဆဲ ရှိသေးသည်ကို တွေ့ရပြီး လူရွယ် ၆ယောက်-၇ယောက်ခန့်အား ကောင်မလေးများ ဝိုင်းရံလျက်ရှိနေသည်ကိုပါ မြင်လိုက်ရသည်။
ထိုဘက်သို့ ညွှန်ပြကာ ထန်ရှု မေးလိုက်သည်။
“မင်း အဲ့ဒီကောင်တွေကို သိလား ယွဲ့ခိုင်။”
ထန်ရှုညွှန်ပြရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရင်း ယွဲ့ခိုင်၏အမူအရာသည် ချက်ချင်းပင် အကျည်းတန်သွားရသည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ခါးသီးသော ခံစားချက်များဖြင့်
“သိတယ်။ ဒီကောင်တွေကို ငါသိတာပေါ့။ အမှိုက်အဖွဲ့တစ်ဖွဲ့ပါ။ ငါ့အစ်ကို ထောင်မကျခင်တုန်းက သူ့ရှေ့မှာဆို အဲ့ဒီကောင်တွေက သူငယ်နှပ်စားလေးတွေလိုပဲ။ အခုမှ သူတို့က ဇောင်းကြွနေကြတာ။ ဒါပေမယ့် ငါ့အစ်ကို ထောင်ကလွတ်ရင် ဒီကောင်တွေကို အနှေးနဲ့ အမြန်ဆိုသလို ရှင်းပစ်မယ်။”
ထန်ရှု ခေါင်းယမ်းလျက် သက်ပြင်းကြိတ်ချမိသည်။ ယွဲ့ခိုင်နှင့် အပြင်ထွက်လာသည်မှာ မှားယွင်းသော ရွေးချယ်မှုတစ်ခုဖြစ်သည်ဟု ရုတ်တရက် သူ ခံစားလာရသည်။ သည်အကောင်သည် အလွယ်တကူ ဆက်ဆံလို့ရသော လူမဟုတ်ချေ။ သူ၏မိဘများက ထန်ရှုအား ယွဲ့ခိုင်အား ထိန်းချုပ်ရန်နှင် ဂရုစိုက်ရန် မှာခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။
လျင်မြန်စွာဖြင့် ဘီအိမ်ဒဗလျူကားလေးသည် ကီလိုမီတာအနည်းငယ်ဝေးသော ဈေးဝယ်စင်တာကြီး၏ မြေအောက်ကားရပ်နားရာတွင် ဝင်ရပ်လိုက်သည်။ ထိုနေရာတွင် သုံးယောက်သား လိုအပ်သော အသုံးအဆောင်များအား ဝယ်ယူကြသည်။ နာရီဝက်ကြာပြီးနောက် ယွဲ့ခိုင်သည် ယွမ်သောင်းကျော် သုံးလိုက်ပြီဖြစ်ပြီး ကျောက်လျန့်သည်လည်း ယွမ်တစ်သောင်းကျော်ခန့် သုံးလိုက်ပြီဖြစ်သည်။
ထန်ရှုသည် ထိုသူများ၏လက်ဖွာမှုအပေါ် မည်သို့မျှ မပြောချေ။ သူသည် တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်အချို့သာ ဝယ်လိုက်သည်။
“ထန်ရှု… မင်းမှာ ပိုက်ဆံမရှိရင် ငါတို့ကို ပြောလိုက်။ မင်း သဘောကျတာတွေ ငါတို့ ဝယ်ပေးမယ်။ ငါတို့က အခန်းဖော်တွေပဲကွာ။ သူစိမ်းတွေလို မနေစမ်းပါနဲ့။” ယွဲ့ခိုင်က ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
“ငါ ဘာမှ မလိုပါဘူး။ ငါ လိုအပ်တာက အခု ဝယ်လိုက်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်တွေပါ။” ထန်ရှုက ရယ်ကာ ပြောလိုက်သည်။
ယွဲ့ခိုင် ဆက်မပြောတော့ချေ။ သူ့အနေဖြင့် ငွေရေးကြေးရေးအား ဂရုစိုက်လှသည် မဟုတ်သောကြောင့် ထန်ရှု ဘာပဲဝယ်ချင်ဝယ်ချင် သူ့အား ပိုက်ဆံပြန်မပေးချင်ဖြစ်ခဲ့သည့်တိုင်အောင် ထိုအတွက် သူက စိတ်အရှုပ်ခံမည် မဟုတ်ပေ။
လိုအပ်သည်များအား ဝယ်ယူပြီးနောက် ယွဲ့ခိုင်က ပြုံးပြီး
“ကောင်းပြီ။ သွားကြစို့။ သစ်တောမြစ်ကလေး စားသောက်ဆိုင်မှာ အခန်းတစ်ခန်း ကြိုတင်မှာထားပြီးပြီ။ နေ့လည်ကို အဲ့ဒီမှာ ဝိုင်သောက်ကြတာပေါ့။ အိုက်ယား…ငါ အခုမှ သတိရတယ်။ ငါတို့အခန်းဖော်၂ယောက် ရောက်ပြီလားတော့ မသိတော့ဘူး။ ရောက်ရင်တော့ လိုက်လာမယ်ထင်တာပဲ။”
“သူတို့ရောက်ရင်တော့ ငါတို့နောက်ကို လိုက်လာမယ် ထင်ပါတယ်။ မင်း ချန်ထားခဲ့တဲ့ စာရွက်လေးကို ဖတ်ပြီးရင်ပေါ့။” ထန်ရှုက ပြောသည်။
နေ့လည်၁၁နာရီ…
သစ်တောမြစ်ကလေးစားသောက်ဆိုင်သည် နာမည်ကြီးသောဆိုင်တစ်ဆိုင် ဖြစ်သောကြောင့် ပထမထပ်တွင် လူပြည့်လုနီးပါးပင်ဖြစ်နေသည်။ သူတို့၃ယောက် ထိုနေရာသို့ ရောက်သောအခါ လူများသည် ဝင်နေကြဆဲဖြစ်သည်ကို တွေ့ရသည်။
ကျောက်လျန့်က သက်ပြင်းချလိုက်ရင်း
“အထက်တန်းစားသောက်ဆိုင်တစ်ဆိုင်က ဈေးအတော်ကြီးမယ်ဟုတ်လား။”
“ဟုတ်တယ်။ ငါ့မှာ ပိုက်ဆံအချို့ရှိရင်တောင် ဒီနေရာမှာ တန်ဖိုးကြီးအစားအသောက်ကို ရက်သတ္တပတ်အနည်းငယ်လောက်ပဲ စားနိုင်မယ်။ ဒီစားသောက်ဆိုင်က အစစ်အမှန် အထက်တန်းစားသောက်ဆိုင်တွေဖြစ်တဲ့ ယွဲ့ယန်အဆောက်အဦး၊ တိုင်ဟီစားသောက်ဆိုင်နဲ့ ထာဝရခန်းမကို မယှဉ်နိုင်ပေမယ့်လည်း အနည်းဆုံးတော့ သူလည်း အထက်တန်း စားသောက်ဆိုင်တစ်ခုအနေနဲ့ စာရင်းဝင်တယ်။” ယွဲ့ကိုင်က ပြောပြသည်။
“ရှန်ဟိုင်းမှာလည်း ထာဝရခန်းမတစ်ခု ရှိတယ်ဟုတ်လား။”
ကျောက်လျန့်က အံ့အားသင့်စွာ မေးလိုက်သည်။
“မင်းပြောတဲ့ “လည်း” ဆိုတာ ဘာလဲ။ ကျင်းမန်ကျွန်းမှာလည်း ထာဝရခန်းမတစ်ခု ရှိနေတာလား။”
ယွဲ့ခိုင်ကလည်း အံ့အားသင့်စွာ ပြန်မေးလိုက်သည်။
“ရှိတယ်။ အဲ့ဒီဆိုင်က အတော်လေးကို အဆင့်အတန်းမြင့်တယ်။ ငါ့အဖေနဲ့ အဲဒီကို ငါ လိုက် လိုက်သွားဖြစ်တယ်လေ။ သနားစရာကောင်းတာက ငါ့အဖေက အဲ့ဒီမှာ အထူးဧည့်သည်တစ်ယောက် မဟုတ်ဘူး။ နို့မို့ဆိုရင် ဘုရင်တစ်ပါးလို ဆက်ဆံခံရမှာကွာ။”
ကျောက်လျန့်က ညည်းညည်းညူညူ ပြောလိုက်သည်။
ယွဲ့ခိုင်က အားရပါးရ ရယ်လိုက်ရင်း
“ငါလည်း ထာဝရခန်းမကို ၂ခေါက်လားပဲ ရောက်ဖူးသေးတယ်။ ဒီနေရာနဲ့ တော်တော်လှမ်းတာတစ်ခုပဲ စိတ်ပျက်ရပေမယ့် ဆိုင်ကတော့ တကယ် အထက်တန်းစားပဲ။ အဆောင်အခန်းဖော်တွေ လိုက်လာမှာကို မစဉ်းစားရင် ငါတို့ အဲ့ဒီကို သွားလို့ရတယ်။”
ထာဝရခန်းမလား။
ထန်ရှု၏နှုတ်ခမ်းထောင့်သည် ကွေးညွတ်သွားကာ ခပ်ဖွဖွ အပြုံးတစ်ခုသည် သူ၏ချောမောသော မျက်နှာထက်တွင် ချိတ်ဆွဲလာခဲ့သည်။ ရှန်ဟိုင်းကို ရောက်ရုံရှိသေးသည့်အချိန်တွင် အတန်းဖော်များ၏နှုတ်ဖျားမှ သည်အမည်အား ကြားရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ရှန်ဟိုင်း၏ထာဝရခန်းမအား တစ်ချက်သွားကြည့်ရန် သူလည်း ကြံရွယ်ထားသည်။
၁၀မိနစ်ကြာပြီးနောက် ထန်ရှုတို့၃ယောက်သည် အခန်းတွင်းရှိ ထိုင်ခုံပေါ်တွင် နေရာယူပြီးကြပြီ ဖြစ်သည်။ အစားအသောက်နှင့် ဝိုင်များလည်း ရောက်ရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် ယွဲ့ခိုင်၏ဖုန်းသည် မြည်လာခဲ့သည်။
“ယွဲ့ခိုင် ပြောနေပါတယ်။”
“ဟိုင်း…ဟူချင်းစုန့်ပါ။ ရှန်ဟိုင်းတက္ကသိုလ် ကျောင်းသားများအဆောင်က အခန်းနံပါတ် #၄၂၈မှာ နေပါတယ်။ အဲ့ဒီမှာ ချန်ထားခဲ့တဲ့ မင်းရဲ့စာကို မြင်လို့ပါ။”
အရှေ့မြောက်ပိုင်းလေသံဖြင့် အသံတစ်သံအား ဖုန်းထဲတွင် ကြားလိုက်ရသည်။
ယွဲ့ခိုင်၏နဖူးမြင့်တက်သွားပြီး ပြုံးလိုက်ကာ
“ငါတို့ သစ်တောမြစ်ကလေးစားသောက်ဆိုင်မှာ ရှိနေတယ်။ မင်း အဆောင်က ထွက်လာရင် ကားတစ်စီးငှားလိုက်။ ဒီကိုလာဖို့ သိပ်မကြာဘူး။”
“ငါ့ကို အဲ့ဒီမှာ စောင့်နေပါ။”
ဖုန်းချသွားပြီဖြစ်သည်။
ဖုန်းအား တစ်နေရာတွင် တင်လိုက်ပြီး ယွဲ့ခိုင်က ပြောပြလိုက်သည်။
“ငါတို့ အခန်းဖော် ဟူချင်းစုန့် ရောက်နေပြီ။ ငါတို့ကို ဒီမှာ လာတွေ့မယ်ပြောတယ်။ သူ့လေသံကို နားထောင်ရတာ အရှေ့မြောက်ပိုင်းသားတစ်ယောက်ပဲ။ ကောင်းပြီ…ဝိုင်ပုလင်း ဖွင့်ကြစို့။ လူသန်းပေါင်းများစွာ ရှိတဲ့အထဲက ငါတို့တတွေ ဘော်ဒါဖြစ်လာကြတာကို ဂုဏ်ပြုတဲ့အနေနဲ့ ပထမခွက်ကို ကုန်အောင် သောက်ပြီး စလိုက်ကြရအောင်။”
ကျောက်လျန့်က သူ၏ဖန်ခွက်အား မြှောက်ကာ ရယ်သံဖြင့်
“မင်းနဲ့ငါက တစ်ဆောင်တည်း မဟုတ်ပေမယ့် မျက်နှာချင်းဆိုင်ဝင်ပေါက်မှာ ငါတို့တွေရဲ့အဆောင်က ကော်ရစ်ဒါတစ်ခုတည်းသာ ခြားပါတယ်ကွ။ ဒါကြောင့် ငါတို့တွေက ညီအစ်ကိုတွေလိုပါပဲ။ ယွဲ့ခိုင်က ဒီတစ်ကြိမ် ငါတို့ကို ပြုစုတယ်။ ငါက ဒီအခွင့်အရေးကို သူ့ဆီက လုမယူပါဘူး။ ဒီညနေဆိုရင် ငါတို့အခန်းဖော်တွေအားလုံး ရောက်ကြလိမ့်မယ်။ မင်းတို့ရဲ့အခန်းဖော်တွေရောပေါ့။ ငါတို့အတူစုဝေးပြီး ပါတီတစ်ခု ငါ လုပ်ပေးမယ်လေ။”
“ချီးယားစ်။”ယွဲ့ခိုင်က အပြုံးဖြင့် အော်လိုက်သည်။
ထန်ရှုက တစ်ခွန်းမျှ မပြောဘဲ သူ၏ဖန်ခွက်အား မြှောက်ကာ ဖန်ခွက်ချင်း တိုက်လိုက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။
“ဝိုင်က ကောင်းရဲ့လား။ ငါ ဒီကို လာတဲ့အချိန် ငါ့အဖိုးကြီးဆီက ခိုးလာပြီး ကားနောက်ခန်းထဲမှာ ဖွက်ထားရတာ။ ဒီလိုကောင်းတဲ့အရသာကို မင်းတို့မြည်းစမ်းခွင့်ရတာ ကံကောင်းတယ်မှတ်။”
“ခဏစောင့်ပါ။ ငါ မင်းတို့ကို ဒီ့ထက်ကောင်းတဲ့ ဝိုင်၂ပုလင်း ပေးပါမယ်။”
ထန်ရှုက ရယ်သံဖြင့် ဝင်ပြောလိုက်သည်။
တစ်ခဏမျှ တွေဝေသွားပြီး ယွဲ့ခိုင်က ချက်ချင်း ပြုံးလိုက်သည်။ ဈေးဝယ်စင်တာကြီးတွင် ထန်ရှုသည် သိပ်မဝယ်သောကြောင့် သူ့အား ချမ်းသာသော မိသားစုတစ်ခုမှ မျိုးဆက်မဟုတ်ဟု သူ ထင်ထားသည်။ ထို့ကြောင့် ထန်ရှု၏စကားအား မလှောင်ရုံသာ သဘောထားပြီး စိတ်ထဲ မထည့်ထားချေ။
နာရီဝက်ကြာပြီးနောက် ဟင်းပွဲများ စုံလုနီးပါး ဖြစ်သောအခါ ယွဲ့ခိုင်က အချိန်အား ကြည့်ရင်း ပဟေဠိဖြစ်နေသော အမူအရာဖြင့်
“ဟူချင်းစုန့် ဘယ်လိုဖြစ်ပြီး ရောက်မလာသေးပါလိမ့်။ သူ ခြေကျင်လာရင်တောင်မှ အခုလောက်ဆို ရောက်သင့်နေပြီ။”
“ဒေါက်…ဒေါက်…”
သူ့စကားဆုံးသည်နှင့် အခန်းတံခါးခေါက်သံ ကြားရပြီး ညိုသောအသားအရေ၊ သန်မာသော ခန္ဓာကိုယ်တို့ဖြင့် လူရွယ်တစ်ယောက်သည် လျင်မြန်စွာဖြင့် အခန်းတံခါးအား ဖွင့်ကာ ဝင်လာပြီး အခန်းအတွင်းရှိ သူတို့၃ယောက်အား ကြည့်ကာ
“ယို…ငါက ဟူချင်းစုန့်ပါ။ ငါလာတာ နောက်များကျသွားလား။”
ယွဲ့ခိုင်နှင့် ကျောက်လျန့် ထရပ်မိလိုက်ပြီး သူတို့၏မျက်ဝန်းများထဲတွင် အံ့သြသွားသည့်ဟန်ရှိသကဲ့သို့ ထန်ရှုသည်လည်း စိတ်ရှုပ်သွားဟန်ဖြင့် မျက်မှောင်ကြုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဟူချင်းစုန့်၏မျက်နှာထက်တွင် ခရမ်းစိမ်းရောင် ဒဏ်ရာတစ်ခု ရှိနေသည်ကို တွေ့ရသောကြောင့်ဖြစ်သည်။ သူ၏အဝတ်အစားများသည်လည်း ခြေကန်ချက်များဖြင့် ညစ်ပတ်နေသည်။ သိသာစွာပင် သည်လူသည် လူတစ်ချို့နှင့် တိုက်ခိုက်လာခြင်းဖြစ်ပေမည်။
“ငါက ယွဲ့ခိုင်ပါ။ ဟေးဘော်ဒါ… ဘယ်သူတွေနဲ့ မင်း ကြုံလာတာလဲ။” ယွဲ့ခိုင်က လက်ဝှေ့ယမ်းကာ ဟူချင်းစုန့်၏မျက်နှာအား ညွှန်ပြလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။” ဟူချင်းစုန့်က ရယ်ကာ ဖြေလိုက်သည်။
“ငါ လမ်းမှာ ပြသနာအသေးလေးတစ်ခုနဲ့ တွေ့လာလို့ပါ။ ဖြေရှင်းပြီးသွားပါပြီ။”
ကျောက်လျန့်က လက်ဆန့်ထုတ်ကာ အပြုံးဖြင့်
“ငါက ကျောက်လျန့် ကျင်းမန်ကျွန်းကပါ။ ငါက မျက်နှာချင်းဆိုင်အဆောင်မှာ နေတယ်။ မင်းရဲ့ အတန်းဖော်ပါ။”
“ထန်ရှု… ကြယ်တာရာမြို့က။”
ထန်ရှုက အပြုံးဖြင့် ပြောသည်။
***