ဗုဒ္ဓဂိုဏ်းမှ နတ်ဆိုးနှလုံးသား၊ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုး
Vol. 20 Ch. 247
အခန်း (၂၄၇) ဗုဒ္ဓဂိုဏ်းမှ နတ်ဆိုးနှလုံးသား၊ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုး
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်နဲ့အတူ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက် ထွက်လိုက်ပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားတဲ့အခါမှာ ဖူစန်းသစ်ပင်ရဲ့ အကိုင်းအခက်တွေက ပြင်းထန်စွာ လှုပ်ခါနေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုလှုပ်ခါတာကလည်း တစ်ကိုင်းတည်း မဟုတ်ပါဘူး။ ကိုင်းအများကြီးပါ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို လှုပ်ခါစေတဲ့ အကြောင်းအရင်းကို တွက်ချက်ကြည့်လိုက်တဲ့အခါမှာ ရက်စက်ကြမ်းတမ်းတဲ့ နဂါးတစ်ကောင်ရဲ့ ဦးခေါင်းကို တွေ့လိုက်ရပြီး အဲဒီနဂါးခေါင်း ဟိန်းဟောက်မှုကြောင့် တွက်ချက်မှု ပျက်သွားပါတယ်။
‘နဂါးလား... နဂါးနဲ့တူတယ်၊ ဒါပေမဲ့ နဂါးမဟုတ်ဘူး’
‘ဒီတစ်ခေါက် ဖူစန်းသစ်ပင်က ဘယ်သူ့ကို ဆွဲဆောင်နေတာလဲ’
ဟန်ကျွယ်ဟာ ဆက်တွက်ချက်ကြည့်တဲ့အခါ စောစောကနဂါးခေါင်းပေါ်လာပြီး ဝင့်နှောင်ယှက်တဲ့အတွက် တွက်ချက်မှု ပျက်သွား ပြန်ပါတယ်။
‘ဒီလောက်တောင် ဖြစ်နေမှတော့ လာပလေ့စေ၊ လာမှ ရှင်းကြတာပေါ့’
ဟန်ကျွယ်ဟာ နှစ်ခါလုံး နှောင့်ယှက်ခံရတာကြောင့် အားကုန်ခံပြီး ဆက်မတွက်ချက်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်သူပဲလာလာ ဟန်ကျွယ်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါတယ်။ အင်မော်တယ်ဧကရာဇ် ရောက်လာရင်တောင် ကောင်းကင်ဧကရာဇ်က ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ အင်မော်တယ်ဧကရာဇ် မဟုတ်ဘူးဆိုရင်တော့ ဟန်ကျွယ်က တစ်ယောက်မှကို မကြောက်ပါဘူး။
ဒီအချိန်မှာ ဟန်ရှစ်ဟာ ဟန်ကျွယ်ရှေ့ကို ရောက်လာပြီး တလေးတစား ဦးညွှတ်လိုက်ပါတယ် “ဆရာသခင်... ကျွန်တော် ဖူစန်းသစ်ပင်က အထိတ်တလန့် ဖြစ်နေတာကို ခံစားမိတယ်”
“မင်းက ဖူစန်းသစ်ပင်ရဲ့ ခံစားချက်ကို အာရုံခံနိုင်တာလား” ဟန်ကျွယ်ဟာ အံအားသင့်တဲ့မျက်နှာနဲ့ မေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖူစန်းသစ်ပင်က အမြဲတမ်းကြီးထွားနေတယ်ဆိုပေမဲ့ အသိဉာဏ်မပွင့်လင်းသေးလို့ပါပဲ။
ဟန်ရှစ်က ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ဒါဆိုရင် နည်းလမ်းရှာပြီး သူ့ကို နှစ်သိမ့်ပေးလိုက်၊ ဘယ်သူပဲလာလာ သူ့ကို ဒုက္ခမပေးနိုင်စေရဘူး”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဖူစန်းသစ်ပင်ဟာ ဘူးသီးညီနောင်ရှစ်ဖော်အတွက် မိခင်တစ်ယောက်လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘူးသီးညီနောင်ရှစ်ဖော်ဟာ ဖူးစန်းသစ်ပင်ကို အမှီပြုပြီး မွေးဖွားလာလို့ပါပဲ။
တစ်ခြားသူတွေလည်း ဒီကိစ္စကို ဆွေးနွေးကြပါတယ်။ ဒီကိစ္စက အရင်တုန်းကလည်း တစ်ခါမက ဖြစ်ဖူးပါတယ်။ ဖူစန်းသစ်ပင်လှုပ်ခါတိုင်း ကျိန်းသေပေါက် ရန်သူတစ်ယောက် ရောက်လာမှာပါ။
ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံပါတယ်။
ဒီလိုနဲ့ နှစ်အချို့ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသက် ၂၅၀၀ ပြည့်သွားပါတယ်။ ဟန်ကျွယ်ဟာ မွေးနေ့ပွဲ ကျင်းပတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို တစ်ယောက်ခြောက်ရက်ဆီ လက်ဆောင်ပေးပါတယ်။
ဒီအချိန်မှာ ဖူစန်းသစ်ပင်ဟာ အရင်ကလောက် ပြင်းပြင်းထန်ထန် မလှုပ်ခါတော့ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ နည်းနည်းပါးပါး လှုပ်ခါနေတုန်းပါ။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ ထုန်ကျန့်ကမ္ဘာနားမှာရှိတဲ့ စွမ်းအားကြီး ကျင့်ကြံသူတွေကို စစ်ဆေးလိုက်တဲ့အခါမှာ နတ်အရှင်ဝူသယ် မရှိတော့တာကို တွေ့လိုက်ရပါတယ်။ ဒါကလွဲရင် ထုန်ကျန့်ကမ္ဘာထဲကို ဘယ်ရန်သူမှ ထိုးဖောက်စိမ့်ဝင်ခြင်း မရှိပါဘူး။
ဟန်ကျွယ်ဟာ ရန်သူအကုန်လုံးကို ကျိန်စာတိုက်ပြီးတဲ့ အခါမှာတော့ ဆက်ကျင့်ကြံပါတယ်။
.....
ဘုံကျောင်းတစ်ကျောင်းထဲမှာ ဝတ်ရုံဖြူဗုဒ္ဓဟာ တရားထိုင်ပြီး ကျမ်းစာရွတ်နေပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓရဲ့ မျက်နှာဟာ ဘီလူးသဘက်လို ကြမ်းတမ်းခက်ထန်သွားလိုက် နတ်သားတစ်ပါးလို နူးညံသွားလိုက်နဲ့ တစ်လှည့်စီ ဖြစ်နေပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်စိဖွင့်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။ အဲဒီနောက် မျက်မှောင်ကြုတ်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “သေစမ်း... နတ်ဆိုးနှလုံးသားက ရှင်းထုတ်လို့ကို မရဘူးပဲ၊ ဗုဒ္ဓက ငါ့ကို သံသယ ထပ်ဝင်နေတာလား” ဝတ်ရုံဖြူဗုဒ္ဓဟာ စိတ်လေးသွားပါတယ်။
အဲဒီနောက် ဝတ်ရုံဖြူဗုဒ္ဓဟာ သူ့ခံစားချက်တွေကို ရှင်းထုတ်လိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဒါပေမဲ့ ဝတ်ရုံဖြူဗုဒ္ဓ သတိမထားမိလိုက်တာက မမြင်နိုင်တဲ့ အနက်ရောင်ချီလုံးတစ်လုံးဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး သူ့ခေါင်းထဲ ဝင်သွားတာကိုပါ။
…
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နောက်ထပ် နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ် ကောင်းမှုနဲ့ တစ်နေ့တစ်ခြား ပိုပိုပြီး စွမ်းအားကြီးမားလာပါတယ်။ ဒီလိုစွမ်းအားကြီးမားလာတာ ရုပ်ခန္ဓာတစ်ခုတည်း မဟုတ်ပါဘူး။ ဝိညာဉ်စွမ်းအားကလည်း ဆတိုးတိုးတက်လာတာပါ။
အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ဟာ ကျန်းယီနဲ့ နှစ်နာရီကျော် တိုက်ခိုက်ပြီး နောက်ဆုံးမှာတော့ ကျန်းယီကို သတ်နိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီရလဒ်ကြောင့် အရမ်းစိတ်လှုပ်ရှားသွားပါတယ်။
အခုအချိန်မှာ ကျန်းယီကို ထပ်တွေ့ရရင် ဟန်ကျွယ်ဟာ အရင်တစ်ခေါက်ကလိုမျိုး အရမ်းတရော နှိမ့်ချနေမှာ မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ ဒီရလဒ်ကို အရမ်းကျေနပ်အားရတဲ့အပြင် ဧကရာဇ်အဆင့် တက်လှမ်းနိုင်မဲ့အချိန်ကိုလည်း မျှော်ကြည့်မိသွားပါတယ်။
‘ငါက အခုအချိန်မှာတောင် အင်မော်တယ်ဧကရာဇ်ကို သတ်နိုင်တယ်ဆိုတော့ ဧကရာဇ်အဆင့်ကိုရောက်ရင် ဘယ်လောက်တောင် စွမ်းလိုက်မလဲ’
ဟန်ကျွယ်ဟာ ထုံးစံအတိုင်း စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ မုန်းတီးမှု အသိပေးချက်ကို ရုတ်တရက် တွေ့လိုက်ရပါတယ်။
[လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုး: ကျင့်ကြံမှုမသိ၊ ပဋိပက္ခစွမ်းအားမှ ဖြစ်သည်။]
‘ကျင့်ကြံမှုမသိ... အင်မော်တယ်ဧကရာဇ်လား’
ဟန်ကျွယ်ဟာ ထိတ်လန့်သွာပြီး အသွင်တူလက်ရည်စမ်းပွဲကို ချက်ချင်း အသုံးပြုလိုက်ပါတယ်။ တစ်စက္ကန့်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးပြန်ဖွင့်လိုက်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးက ဝိညာဉ်အပိုင်းအစတစ်ခုပဲ ဖြစ်နေလို့ပါ။
ဝိညာဉ်အပိုင်းအစ ဖြစ်နေတဲ့ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးဟာ ဟန်ကျွယ်ရဲ့ တိုက်ချက်တစ်ချက်ကိုတောင် မခုခံနိုင်ရှာပါဘူး။
‘ဘာဖြစ်တာလဲ... သူက ဘယ်လိုလုပ်ပြီ ထုန်ကျန့်ကမ္ဘာထဲ ခိုးဝင်ရဲတာလဲ’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးရဲ့ တည်နေရာကို စစ်ဆေးလိုက်တဲ့အခါမှာ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးက ဝတ်ရုံဖြူဗုဒ္ဓရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာကို တွေ့လိုက်ရပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဂူအောင်းကျင့်ကြံနေပြီး မျက်နှာတစ်ခုလုံး မည်းမှောင်ကာ မျက်ခုံးမွေးနှစ်ခု အကြားမှာလည်း သတ်ဖြတ်ငွေ့ လွှမ်းနေပါတယ်။
‘တစ်ခုခုတော့ မှားနေပြီ၊ ခန္ဓာကိုယ် အပိုင်သိမ်းခံရတာလား’
ဟန်ကျွယ်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ဝတ်ရုံဖြူဘုံကျောင်းဆီကို ချက်ချင်းရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဘုံကျောင်းအရံအတားကို တစ်ချက်တည်း ထိုးဖောက်ပြီး ဝတ်ရုံဖြူဗုဒ္ဓရှေ့ကို ရောက်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စုပ်ယူခြင်းကို အသုံးပြုပြီး လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးကို စုပ်ယူလိုက်ပါတယ်။
“မင်း ဘာလုပ်နေတာလဲ” ကြောက်ရွံ့မှုအပြည့်နဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ဒီအသံကို လျစ်လျူရှုပြီး လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးကို အားကုန်စုပ်ယူလိုက်ပါတယ်။ မကြာခင်မှာပဲ အနက်ရောင်ချီလုံးဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာပြီး အနက်ရောင် အခိုးအငွေ့အဖြစ် ပြောင်းလဲကာ ဘုံကျောင်းတစ်ကျောင်းလုံး ပြည့်နှက်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာတဲ့ သတ်ဖြတ်ငွေ့ကို ခံစားမိတာကြောင့် ညာလက်နဲ့ ပြန်လည်မွေးဖွားခြင်းဓားငွေ့ကို ထုတ်ဖော်ကာ ဖယ်ရှားပစ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စုပ်ယူခြင်းကို နောက်တစ်ခါထပ်သုံးပြီး လောကဦးပဋိပက္ခ ကောင်ကင်းနတ်ဆိုးကို သူ့ပဓာနဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးဆီ စုပ်ယူပစ်လိုက်ပါတယ်။
လောကဦးကြယ်တာရာခန္ဓာကိုယ်ရဲ့ မရေမတွက်နိုင်တဲ့ ကြယ်တွေကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားဟာ ချိန်းကြိုးတွေအသွင် ပြောင်းလဲသွားပြီး လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးကို တစ်ချက်ကလေးတောင် မလှုပ်နိုင်အောင် ချည်နှောင်ထားလိုက်ပါတယ်။
“မင်းက ဘယ်သူလဲ”
“မင်း ဘာလုပ်နေတာလဲ”
“ငါ့ကို လွှတ်ပေးစမ်း”
ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးရဲ့ အော်ဟစ်သံကို ဂရုမစိုက်ဘဲ ဝတ်ရုံဖြူဗုဒ္ဓကို ကြည့်လိုက်ပါတယ်။ အနက်ရောင် ရောင်ဝါ ပျောက်ကွယ်သွားတာကြောင့် ဝတ်ရုံဖြူဗုဒ္ဓရဲ့ မျက်နှာဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လိုက်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်လုံးဖွင့်ဖွင့်ချင်း ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် တအံတဩ ဖြစ်သွားပါတယ်။
“တာအိုရောင်းရင်း စွန်းချွမ်း... ဘာကိစ္စရှိလို့လဲ”
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးကို ခင်ဗျားသိလား”
ဝတ်ရုံဖြူဗုဒ္ဓဟာ ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် ဝတ်ရုံဖြူဗုဒ္ဓဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားတာကြောင့် မျက်နှာအကြီးအကျယ် ပျက်သွားပါတယ် “တာအိုရောင်းရင်း ခုနက ဘာမြင်လိုက်တာလဲ” ဝတ်ရုံဖြူဗုဒ္ဓက ရင်ထိတ်စွာ မေးလိုက်ပါတယ်။
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြန်ဖြေလိုက်ပါတယ် “ကျုပ်သာ ရောက်မလာခဲ့ရင် ခင်ဗျားခန္ဓာကိုယ်ကို လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးက အပိုင်သိမ်းသွာပြီ”
ဟန်ကျွယ်စကားကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ နဖူးချွေးစို့သွားပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ တွေးလေ ကြောက်လေ ဖြစ်လာပါတယ်။
“ခင်ဗျား မပြောရင်လည်း နေတော့၊ ကျုပ်သွားတော့မယ်” ဟန်ကျွယ်ဟာ လှည့်ထွက်ဖို့ ပြင်လိုက်ပါတယ်။
“နေပါအုန်း၊ ကျုပ်ပြောပါ့မယ်” ဝတ်ရုံဖြူဗုဒ္ဓဟာ ချက်ချင်းပဲ အော်ပြောလိုက်ပါတယ်။
ဟန်ကျွယ်က သူ့ကို ကယ်တင်ထားတဲ့အတွက် သူ့ကို ဒုက္ခမပေးနိုင်လောက်ဘူးလို့ ဝတ်ရုံဖြူဗုဒ္ဓက ယုံကြည်လိုက်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က ကံတရား အထောက်အပံ့ချင်း ချိတ်ဆက်နေတာကြောင့်လည်း ဒီကိစ္စကို ဖုံးကွယ်ထားဖို့ မလိုဘူးလို့လည်း ခံစားလိုက်ရပါတယ်။ ဒါကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ကို အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးကိုတော့ ကျုပ် မသိဘူး၊ ဒါပေမဲ့ ဗုဒ္ဓဂိုဏ်းမှာတော့ တပည့်တိုင်း ပြုစုပြိုးထောင်ရတဲ့ နတ်ဆိုးနှလုံးသားရှိတယ်၊ ဒါက တပည့်တွေ သစ္စာမဖောက်အောင် ကာကွယ်တဲ့ ဗုဒ္ဓဂိုဏ်းရဲ့ နည်းလမ်းတစ်ခုပဲ၊ တာအိုရောင်းရင်းပြောတဲ့ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုး ဆိုတာက ကောင်းကင်တာအိုဗုဒ္ဓ ကျုပ်ကို ပေးလိုက်တဲ့ နတ်ဆိုးနှလုံးသားပဲ ဖြစ်လိမ့်မယ်” ဝတ်ရုံဖြူဗုဒ္ဓဟာ သက်ပြင်းချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့စကားကြောင့် ပိုပြီးတော့ အံအားသင့်သွားပါတယ် ‘ဗုဒ္ဓဂိုဏ်းက နတ်ဆိုးနှလုံးသားက ပြိုးထောင်နေတာလား၊ ဒါက ဘယ်လိုအခြေအနေကြီးလဲဟ’
ဝတ်ရုံဖြူဗုဒ္ဓက ဆက်ပြောပါတယ် “ကျုပ်လည်း နတ်ဆိုးနှလုံးသားရဲ့ ဇာစ်မြစ်ကို မသိဘူး၊ တပည့်တိုင်းမှာ မတူညီတဲ့ နတ်ဆိုးနှလုံးသားကိုယ်စီ ရှိကြတယ်၊ သူတို့ရဲ့ ကျင့်ကြံမှု သန်မာလာတာနဲ့ ဒီနတ်ဆိုးနှလုံးသားကလည်း အားကောင်းလာတာပဲ၊ စွမ်းအားကြီးတဲ့ဗုဒ္ဓတွေဆို ဒီနတ်ဆိုးနှလုံးသားကို တိုက်ခိုက်တဲ့နေရာမှာတောင် သုံးနိုင်ကြတယ်၊ ဒါပေမဲ့ ကျုပ် နောက်ခံကို တာအိုရောင်းရင်းလည်း သိပါတယ်၊ ကျုပ်ကတော့ ဒီနတ်ဆိုးနှလုံးသားကို မကြိုက်ဘူး” ဝတ်ရုံဖြူဗုဒ္ဓဟာ နောက်တစ်ခါ သက်ပြင်း ထပ်ချလိုက်ပါတယ်။
“ခင်ဗျားရဲ့ နတ်ဆိုးနှလုံးသားကို ကျုပ် သိမ်းလိုက်ပြီ”
ဝတ်ရုံဖြူဗုဒ္ဓဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကို ချက်ချင်းပဲ စစ်ဆေးလိုက်တဲ့အခါမှာ နတ်ဆိုးနှလုံးသား မရှိတော့တာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။
‘သူက တကယ်ကြီး နတ်ဆိုးနှလုံးသားကို သိမ်းလိုက်တာလား၊ မဖြစ်နိုင်တာ၊ နတ်ဆိုးနှလုံးသားက ဖယ်ရှားဖို့က ဒီလောက်ထိခက်တာ၊ သူက ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ’
ဟန်ကျွယ်ဟာ တစ်ဖက်လှည့်ပြီး ပြန်ဖို့ပြင်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ဝတ်ရုံဖြူဗုဒ္ဓဟာ အံကြိတ်ပြီး ဟန်ကျွယ်နောက်မှာ ဒူးထောက်လိုက်ပါတယ်။ ပြီးတဲ့အခါမှာ ဟန်ကျွယ်ကို အလေးအနက် ရှိခိုးပြီး ပြောလိုက်ပါတယ် “စီနီယာရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် စီနီယာကို အသက်တစ်ချောင်း အကြွေးတင်သွားပြီ”
နတ်ဆိုးနှလုံးသားကို ဖယ်ရှားလိုက်တာက ဝတ်ရုံဖြူဗုဒ္ဓကို ဘဝသစ်တစ်ခု ပြန်လည်မွေးဖွားပေးလိုက်သလိုပါပဲ။
[ဝတ်ရုံဖြူဗုဒ္ဓသည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်ပြီး နောက်ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို အမြန်ပြန်ပြီး အိပ်ရာထက်မှာ တင်ပလ္လင်ခွေထိုင်ကာ လောကဦးပဋိပက္ခကောင်းကင်နတ်ဆိုးကို စစ်ဆေးလိုက်ပါတယ်။
“မင်းနောက်ခံကို ပြောစမ်း”
ရုတ်တရက် ပေါ်လာတဲ့ ဟန်ကျွယ်အသံကြောင့် လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးက ထိတ်လန့်သွားပါတယ်။ လောကဦးပဋိပက္ခ ကောင်းကင်နတ်ဆိုးဟာ သရဲတစ်ကောင်လို တစ်ကိုယ်လုံး မည်းနက်နေတဲ့အတွက် ပုံစံအစစ်အမှန်ကို ပြောပြဖို့ ခက်လှပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။