← Chapters

ရှုပ်ထွေးသော ရန်ပွဲ

Vol. 07 Ch. 325

ရှုပ်ထွေးသော ရန်ပွဲ

Vol. 07 Ch. 325

ရယ်ရယ်မောမောဖြင့် အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြပြီး

“ငါတို့က အခုစပြီး ညီအစ်ကိုတွေပဲ။ ကံကြမ္မာက ဒီနေရာမှာ ဆုံတွေ့စေပြီး သူငယ်ချင်းတွေ ဖြစ်လာစေတယ်။ ငါက အရှေ့မြောက်ပိုင်းသား ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ မင်းတို့တွေ ငါ့အပေါ် စိတ်ရင်းနဲ့ ဆက်ဆံနေသရွေ့ ငါ မင်းတို့ကို အမှားလုပ်မှာ မဟုတ်ဘူး။”

“အရှေ့မြောက်ပိုင်းသားတွေရဲ့ဖြောင့်မတ်တာကို ငါ သိတယ်။ ငါ့သူငယ်ချင်းတွေထဲမှာလည်း အရှေ့မြောက်ပိုင်းဒေသက တစ်ယောက်ရှိတယ်။ သူလည်း ပွင့်ပွင့်လင်းလင်းသမားပဲ။”

ထန်ရှုက အပြုံးဖြင့် ပြောသည်။

နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ရင်း ဟူချင်းစုန့်က အပြုံးဖြင့်

“တက္ကသိုလ်မှာ တွဲဖက်ညီတဲ့ သူငယ်ချင်းမရှိမှာ၊ အခန်းဖော်မရှိမှာကို အစက ငါ စိတ်ပူနေခဲ့တာ။ ကြည့်ရတာ ငါ စိတ်ပူတာတွေက အလကားဖြစ်သွားပြီ။ မင်းတို့ကောင်တွေက ပျော်ပျော်နေတတ်ပြီး အပြင်လည်း ထွက်ကြတဲ့သူတွေပဲ။ လာ…ခွက်တိုက်ရအောင်။ ဒါနဲ့ ဒီနေ့ရဲ့ဒကာက ဘယ်သူတုန်း။ ငါတို့ သောက်စားဖို့လောက်ရဲ့လား။”

ယွဲ့ခိုင်သည်ပင် ဟူချင်းစုန့်၏တည့်တိုးနေတတ်မှုကို သဘောကျနေသည်။ သူ၏ရင်ဘတ်အား ပုတ်ပြရင်း

“သောက်ဖို့စားဖို့က လုံးဝလုံလောက်တယ်။ မင်းတို့သောက်နိုင်သရွေ့ ငါမှာနိုင်တယ်။ ငါ အိမ်ကနေ ခိုးလာတဲ့ ဝိုင်ပုလင်းတွေကတော့ ကုန်သွားပြီ။ ဒါပေမယ့် အခြားဝိုင်တွေ စားသောက်ဆိုင်မှာ ရှိပါတယ်။ မင်း လွတ်လွတ်လပ်လပ် သောက်နိုင်တယ်။”

သူ၏ဖန်ခွက်အား မြှောက်ပြရင်း ဟူချင်းစုန့်က ချီးကျူးလိုက်သည်။

“ညီအစ်ကို ယွဲ့ခိုင်က သဘောကောင်းတယ်။ လာ ဒီတစ်ခွက်ကို အပြတ်ရှင်းပြီး စကားပြောကြတာပေါ့။”

“ချီးယားစ်…”

နောက်ထပ်ဝိုင်တစ်ခွက်စီသည် သူတို့၏အစာအိမ်ထဲသို့ ရောက်သွားပြီဖြစ်သည်။

ဟူချင်းစုန့်၏မျက်နှာထက်မှ ခရမ်းရောင်သန်းနေသော ဒဏ်ရာများအား ကြည့်ရင်း ယွဲ့ခိုင်က

“ဟူ…ငါ့ကို ပြောပါဦး။ ဒီကိုလာတဲ့ လမ်းမှာ ဘယ်လိုပြသနာနဲ့ မင်းတွေ့ခဲ့တာလဲ။ ငါတို့ အတူတူ သောက်ကြတာမို့ ဘော်ဒါတွေဖြစ်သွားပြီပဲ။ ငါတို့ကို ဘယ်ကောင်တွေ  လာရှုပ်ရဲတာလဲ။ သူတို့ကို ပြန်ပေးရမယ်။”

ဟူချင်းစုန့်က ဂရုမစိုက်သောအမူအရာအား ပြရင်း

“အဲ့ဒါက ကိစ္စသေးသေးလေးပါကွာ။ ငါ ကျောင်းကနေ ထွက်လာတော့ ကျောင်းသူတစ်ယောက်ကို ခွေးမသားတစ်ဖွဲ့က အနှောင့်အယှက်ပေးတာနဲ့ ကြုံလို့ ကောင်မလေးအတွက် အဲ့ဒီပြသနာကို ရှင်းပေးလိုက်တာ - ၄ယောက်၁ယောက်ပေါ့ကွာ။ သူတို့ကို ငါ ကျွေးလိုက်နိုင်ပေမယ့် ငါလည်း ဒဏ်ရာအချို့ရလာတယ် ဟဲဟဲဟဲ။”

“မင်းတစ်ယောက်တည်းနဲ့ ၄ယောက်ကို ဆော်လွှတ်လိုက်တာလား။”

ယွဲ့ခိုင်က အံ့အားသင့်စွာ မေးလိုက်သည်။

“ဒါပေါ့။ အထက်တန်းကျောင်းတုန်းက ငါက အားကစားအဖွဲ့ဝင်တစ်ယောက်လေ။”

ဟူချင်းစုန့်က ရယ်မောကာ ပြောလိုက်သည်။

“ဒါနဲ့ ငါ မြောက်ပိုင်းဒေသအတွက် တက္ကသိုလ်ဝင်ခွင့်ရလဒ်တွေကို စောင့်နေတုန်း ငါ့အဖေက သမိုင်းကလွဲပြီး တခြားဘာသာ လျှောက်ခွင့်မပြုခဲ့ဘူး။ မင်းတို့တော့ သိနိုင်မှာမဟုတ်ဘူး။ ငါတို့ရှေးဘိုးဘေးရဲ့ဂူကို ငါတို့မိသားစု ရှာမတွေ့ကတည်းက ငါ့အဖေက အပြုစားခံထားရသလိုပဲ။ နည်းလမ်းအမျိုးမျိုး သူ ရှာတယ် တွေးတယ်။ ပေကျင်းက ရှေးဟောင်း

သုတေသနပညာရှင်အချို့တောင်မှ ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ရှာမတွေ့ကြဘူး။ အဲ့ဒါကြောင့် ငါ့အဖေ သေသွားရင် ငါတို့မိသားစုက သူ့ရဲ့အုတ်ဂူကို နောင်မျိုးဆက်တွေက ရှာမတွေ့မှာကို တွေးကြောက်ပြီး မိသားစုရဲ့မျိုးဆက်တိုင်းကို ၂ခု အမိန့်ထုတ်လိုက်တယ်။ သမိုင်းကျွမ်းကျင်သူ ပညာရှင်တစ်ယောက်နဲ့ ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက် ဖြစ်ရမယ်ဆိုပြီးတော့ပေါ့။”

“မင်းအဖိုးကြီးကလဲကွာ မဟုတ်တမ်းတရားတွေ။” ကျောက်လျန့်က ရယ်လိုက်သည်။

“သူမဟုတ်ဘူးလို့ ဘယ်သူပြောတာလဲ။” ဟူချင်းစုန့်က သူ၏ပေါင်အား တစ်ချက်ပုတ်လိုက်ကာ

“ဖုန်းရွှေဆရာတစ်ယောက်ကလည်း ပြောထားတယ်။ အဲ့ဒါက ငါတို့ဘိုးဘေးဘီဘင်တွေရဲ့ ဖုန်းရွှေ ပြောင်းလဲခြင်းနဲ့ဆိုင်တယ်တဲ့။ အုတ်ဂူရဲ့နေရာချထားမှုအတွင်းမှာ ပြောင်းလဲမှုတွေ ရှိနေတယ်လို့ သူက ပြောသေးတယ်။ စိတ်ပျက်စရာကွာ။ ငါ့အဖေကို ငါ မေးလုနီးပါးပဲ။ နတ်ဘုရားတစ်ပိုင်း မစ္စတာဖုန်းရွှေနောက်ကို မလိုက်ခိုင်းဘဲ ဘာကြောင့် တက္ကသိုလ်မှာ ကျောင်းသွားတက်ခိုင်းနေတာလဲဆိုပြီးပေါ့။”

(Charm Ming Nge - ဖုန်းရွှေဆိုသည်မှာ လေနှင့်ရေဟု အဓိပ္ပါယ် ထွက်သည်။တရုတ်ပညာရှင်များက သဘာဝဘေးအန္တရာယ်များဖြစ်သည့် လေနှင့်ရေ ဘေးမှ ကာကွယ်ရန် တီထွင်ခဲ့ခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်မူ ဖုန်းရွှေပညာရပ်ကို အိမ်တည်ဆောက်မှုအပိုင်းနှင့် အလုပ်အကိုင် ပိုမိုကောင်းမွန်စေရေးအတွက်အသုံးပြုလာကြသည်။ ဖုန်းရွှေဆိုသည်မှာ တရုတ်လူမျိုးများ မသုံးမဖြစ် သုံးကြသော နေရာချထားမှုအတတ်ပညာဟု ခေါ်သည်။ တရုတ်လူမျိုးတို့သည် ထိုပညာရပ်အား နှစ်ပေါင်းများစွာ စမ်းသပ်လုပ်ကိုင်ပြီးမှ လောကီရှေးဟောင်း သျှတ္တရပညာရပ်အနေဖြင့် အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူနှင့် မလေးရှားတို့တွင် အထူး အသုံးများလာသော ပညာရပ်ဖြစ်သည်။)

“ဟားဟားဟား”

“ဟဲဟဲဟဲ”

ယွဲ့ခိုင်နှင့် ကျောက်လျန့်တို့ ကျယ်လောင်စွာ ရယ်လိုက်ကြသည်။

ထန်ရှုပင်လျှင် ခပ်ဖွဖွ ပြုံးလိုက်မိသည်။ သို့သော် သူသည် ဟူချင်းစုန့်၏စကားထဲရှိ “အုတ်ဂူအတွင်းမှ ပြောင်းလဲမှုများ” ဆိုသည်အား စဉ်းစားနေမိသည်။

သူသည် နေရာချထားမှုနည်းစနစ်များအား သိသည့်အားလျော်စွာ သချိုင်းအုတ်ဂူ နေရာရွှေ့ပြောင်းခြင်းသဘာဝအား နားလည်သည်။ သဘာဝပတ်ဝန်းကျင်သည် ကုန်းမြေ၏ဖုန်းရွှေအား ပြောင်းလဲမှု ဖြစ်စေနိုင်သည်။ ထိုပြောင်းလဲမှုများသည် နမိတ်မကောင်းသော သို့မဟုတ် မင်္ဂလာရှိသော ရှေ့ပြေးနိမိတ်များ ဖြစ်နိုင်သည်။

တိတ်ဆိတ်သွားသည်ကို တစ်ခဏမျှ စောင့်နေပြီးမှ ထန်ရှု မေးလိုက်သည်။

“ချင်းစုန့်… ငါ တစ်ခုလောက် မေးလို့ရမလား။”

ဟူချင်းစုန့်က လက်ကို ဝှေ့ယမ်းလိုက်ပြီး

“မင်း ငါ့ကို လွတ်လွတ်လပ်လပ် မေးနိုင်တယ်။”

“မင်းတို့အဘိုးက ရှေးဘိုးဘေးတွေရဲ့ဂူသချိုင်း ပျောက်သွားတုန်းက မင်းတို့မိသားစုထဲမှာ ဘာအရေးကြီးတဲ့ အဖြစ်အပျက် ဖြစ်ခဲ့တာရှိလဲ။ ကံကောင်းတာလား ဒါမှမဟုတ် ကံဆိုးတာလား။”

တစ်ခဏမျှ တွေဝေနေပြီးမှ ဟူချင်းစုန့်က မျက်မှောင်ကြုပ်ကာ  စဉ်းစားနေရင်း

“ဆိုးတာတော့ ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် ကောင်းတာလေးတွေတော့ အိမ်မှာ ခဏခဏ ဖြစ်တယ်။ ငါ့အစ်ကိုက အရမ်းလှပတဲ့ ဇနီးလေးတစ်ယောက်ကို လက်ထပ်ယူနိုင်ပြီးတော့ သားအမြွာမွေးတယ်။ အဲ့ဒီကျားလေး၂ကောင်က သန်သန်မာမာ ကောင်းကောင်းမွန်မွန် ကြီးထွားလာကြတယ်။ တစ်ချိန်မှာ ငါံ့လိုပဲ ကျားကျားယားယားနဲ့ ယောကျာ်းပီသတဲ့သူတွေ ဖြစ်လာကြလိမ့်မယ်။ နောက်တစ်ချက်ကတော့ ငါ့အဖေရဲ့စီးပွားရေးက လတ်တလောမှာ အရင်ကထက် ပိုပြီး ကောင်းလာတယ်။ ဟီးဟီး…။ ငါက ဒီနေ့ ငါ့အခန်းဖော်တွေကို ဧည့်ခံတဲ့သူအဖြစ် လုပ်မယ်တွေးထားတာ။ ယွဲ့ခိုင်က အဲ့ဒါကို ယူသွားတယ်။”

ထန်ရှု၏စိတ်တွင်းတွင် ဂူသချိုင်းနေရာပြောင်းခြင်း၏ ရလဒ်မှာ မင်္ဂလာရှိသော ရှေ့ပြေးနိမိတ် ဖြစ်သည်ဟု သူ ရှင်းလင်းစွာ သိလိုက်ပြီဖြစ်သည်။

ဘန်း…

အခန်းတံခါးသည် အပြင်မှ ဆောင့်တွန်းဖွင့်လာပြီး ဒါဇင်ခန့်လောက်ရှိသော လူရွယ်များသည် နိုင်ငံခြားမှလာသော အဝတ်အစားများ ဝတ်ဆင်ကာ လက်ထဲတွင် သံမဏိပိုက်လုံးများနှင့် ဓားများကိုင်ကာ ရပ်နေကြသည်။ ထိုသူများသည် လမ်းအား ပိတ်ထားကြပြီး သွေးများစီးကျနေသော နှာခေါင်းများ၊ ဖူးယောင်နေသော မျက်နှာများ ရှိသော လူရွယ်များသည် သက်လတ်ပိုင်းလူတစ်ယောက်၏အနောက်မှ လိုက်ပါလာကြသည်။

“အစ်ကိုဟု…အဲ့ဒီအကောင်ပဲ။ မျက်နှာပေါ်မှာ ဒဏ်ရာတစ်ခုရှိနေတဲ့သူ။”

လူရွယ်တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သက်လတ်ပိုင်းလူက ဟူချင်းစုန့်အား ကြည့်ကာ ထီမထင်ဟန်ဖြင့်

“ကောင်စုတ်လေး…ငါ့ညီအစ်ကိုတွေကို ဒဏ်ရာရအောင် မင်း လုပ်ခဲ့တာလား။”

ဟူချင်းစုန့်က ထိုသူများအား ကြည့်လိုက်ပြီး သူ၏အကြည့်သည် ဒါဇင်ခန့်ရှိသော လူမိုက်များအပေါ်သို့ ရောက်သွားသည်။ ရုတ်တရက် သူက စားပွဲအား ဖြန်းကနဲ ပုတ်လိုက်ကာ ယွဲ့ခိုင်နှင့် တခြားသူများအား လက်ညိုးထိုးပြီး ဆဲဆိုတော့သည်။

“ယီးပဲ။ ဒီဖေဖေကို ဘယ်သူက ဒီနေရာကို ခေါ်တာလဲကွဟေ။ ငါ့ကို ခေါ်နေတဲ့ မင်းတို့ကောင်တွေကသာ လူဆိုးကောင်တွေ။ ဘာလဲ။ ငါက မင်းတို့ကောင်တွေကို မရိုက်လို့ အခု တခြားလူတွေက ငါ့ကိုလာရှာတာကို ကြည့်ပြီး ပျော်နေတယ်ပေါ့ဟုတ်လား။”

ယွဲ့ခိုင်နှင့် ကျောက်လျန့်တို့ အံ့သြသွားကြသည်။

ယွဲ့ခိုင်က လျင်မြန်စွာပင် သူ၏အရှေ့မှ ပုလင်းတစ်လုံးအား ကောက်ယူလိုက်ကာ ဒေါသတကြီး တုံ့ပြန်လိုက်သည်။

“သောက်ကျိုးနည်း ချင်းစုန့်… ဘာမှားနေတာလဲ အရူးကောင်ရ။ ငါတို့က ညီအစ်ကိုတွေပဲလို့ မင်းပဲ ပြောတာလေ။ အခု ငါတို့ကိုတောင် အသိအမှတ် မပြုတော့ဘူးလား။ ငါတို့က အခန်းဖော်တွေလို့ ငါ မင်းကို ပြောပြီးကတည်းက မင်းကို ပြသနာရှာရဲတဲ့ကောင်တွေကို ဒီဖေဖေကြီးက ဆုံးမပေးမယ်။”

ကြောက်ရွံ့မှုများ ရှိလင့်ကစား ကျောက်လျန့်သည် ယွဲ့ခိုင်၏အနောက်သို့ လျှောက်သွားကာ ပုလင်းတစ်လုံးအား ကောက်ကိုင်ထားသည်။

ဟူချင်းစုန့် စကားပြောရန် ကြိုးစားနေဆဲရှိသည်ကို ထန်ရှု ကြည့်ရင်း စိတ်တွင်းမှ သက်ပြင်းတစ်ချက် ကြိတ်ချလိုက်သည်။ သူက ဟူချင်းစုန့်၏ပခုံးအား ပုတ်ကာ

“ကောင်းပြီ။ ထပ်မကစားနဲ့တော့ဟုတ်ပြီလား။ ငါတို့ကို မထိခိုက်စေချင်လို့ မင်း ဒီလိုတွေ ပြောနေတာ ငါသိတယ်။ ဒါပေမယ့် ငါတို့တတွေက အတန်းဖော် အခန်းဖော်ဖြစ်နေကြပြီဆိုတော့ အတူတကွ ရှိဖို့ပဲလိုတယ်။ ငါတို့တွေက လူဆိုးကောင်တွေ မဟုတ်ပေမယ့် သူတို့ကို ကိုင်တွယ်ပြီး ဆုံးမလိုက်ကြစို့ရဲ့။”

ဖြောင်း…ဖြောင်း…ဖြောင်း…

သက်လတ်ပိုင်းလူက လက်ခုပ်တီးကာ အားပေးလိုက်ခြင်းဖြစ်သည်။

“မဆိုးဘူး…မဆိုးပါဘူး ကောင်လေးတို့။ ဒီခေတ်ကြီးထဲမှာ သစ္စာရှိတဲ့ ညီအစ်ကိုစိတ်ဓာတ်ဆိုတာ ရှားသွားပြီ။ သစ္စာရှိဖို့ဆိုရင် လူတစ်ယောက်က တန်ဖိုးပေးမှပဲ ရတော့တယ်။ မင်းတို့၄ယောက်ထဲနဲ့ ဒီအခန်းထဲက ထွက်သွားနိုင်မယ်လို့ ယုံကြည်လား။”

“ဟမ့်…” ဟူချင်းစုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း

“ကျွန်တော်တို့ ဒီအခန်းထဲက ထွက်မယ် မထွက်ဘူးဆိုတာ ခင်ဗျား ပြောစရာမလိုပါဘူး။ စတိုက်ချင်တဲ့ ဘယ်ငတုံးကောင်ကိုမဆို ကျွန်တော်က သတ်ပြီးသားပဲ။”

သက်လတ်ပိုင်းလူက သက်ပြင်းတစ်ချက် ချလိုက်ရင်း

“ငါက မင်းကို စကားပြောချင်သေးပေမယ့် မင်းက လက်မခံဘူးဆိုတာ မမျှော်လင့်ထားမိဘူး။ ချကြကွာ။ ဒီကောင်တွေကို အသေသာသတ်။”

လျှပ်တစ်ပြက်အတွင်း ၁၀ယောက်ထက်မနည်းသော လူရမ်းကားများသည် သူတို့၏သံမဏိပိုက်လုံးများနှင့် ဓားများအား ကိုင်ကာ အရှေ့တွင် ရပ်နေသော ဟူချင်းစုန့်နှင့် ထန်ရှုထံသို့ တိုက်ခိုက်လိုက်ကြသည်။ အခြား ၅ယောက်-၆ယောက်ခန့်သည် ယွဲ့ခိုင်နှင့် ကျောက်လျန့်အား တိုက်ခိုက်လိုက်သည်။

စိတ်တွင်းမှ သက်ပြင်းချလိုက်ပြီး ထန်ရှုက ချက်ချင်းပင် ဟူချင်းစုန့်၏ပခုံးအား ဆွဲကိုင်ကာ သူ၏အနောက်သို့ ပို့လိုက်သည်။ ထို့နောက် ရှေ့ဆုံးမှ လူတစ်ယောက်၏ ဗိုက်အား ခြေကန်ချက်တစ်ချက် လွှတ်လိုက်သည်။ ထိုလူမှာ မြောက်တက်သွားပြီး အခြား၂ယောက်ကိုပါ ထိမှန်ကာ ပြင်းထန်စွာ ပြိုလဲသွားတော့သည်။

ဘန်း…ဘန်း…

သံမဏိပိုက်လုံးတစ်ချောင်းအား ဆတ်ကနဲဆွဲလုကာ လူရမ်းကားတစ်ယောက်အား ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ထမင်းစားပွဲအား ပင့်မကာ ယွဲ့ခိုင်နှင့် ကျောက်လျန့်အား ဝိုင်းကာ တိုက်ခိုက်နေသော လူများထံသို့ ပစ်လွှတ်လိုက်ခြင်းဖြင့် ထိုသူများအား အထိနာစေသည်။

သက်လတ်ပိုင်းလူ၏မျက်နှာ ပျက်သွားသည်။ သူ၏ခါးမှ ဓားမြှောင်တစ်ချောင်းအား ဆွဲထုတ်ကာ ထန်ရှုဆီသို့ ပြေးလာသည်။

“သေစမ်း။”

ထန်ရှု ထိုသူ၏ရင်ဘတ်အား ပြင်းထန်စွာ လှမ်းကန်လိုက်ပြီး သူ၏လက်မောင်းအား ဆွဲလိမ်လိုက်သည်။ ထိုသက်လတ်ပိုင်းလူ၏လက်မှ ဓားမြှောင်သည် ကြမ်းပေါ်သို့ လွတ်ကျသွားပြီး ထန်ရှုသည် ထိုသူအား ရိုက်ကာ မြေပေါ်သို့ ကျစေသည်။

“မင်းတို့ကောင်တွေ ရပ်လိုက်ကြစမ်း။”

ထန်ရှု၏အော်သံကို ကြားရပြီးနောက် လူရမ်းကား ၅ယောက်-၆ယောက်ခန့်သည် ကြမ်းပြင်ပေါ်မှ ဖြည်းညှင်းစွာ ထလာကြသည်။

သက်လတ်ပိုင်းလူ၏မျက်နှာအား တက်နင်းထားပြီး ထန်ရှုသည် ခနဲ့သံဖြင့်

“မင်းတို့ သွားလို့မရဘူး။ ငါတို့ရဲ့ နေ့လည်စာစားတဲ့ အချိန်ကို မင်းတို့က ဖျက်စီးထားကြတော့ ငါတို့ကို လျော်ကြေးမပေးရင် မင်းတို့တွေရဲ့ ခြေထောက်တွေ ချိုးပစ်ပြီး ဒီကနေ တွားသွားခိုင်းပစ်မယ်။ ဒီနေ့ ငါတို့ရဲ့ဆုံးရှုံးမှုအတွက် လျော်ကြေးပေးရင်ပေး၊ မပေးရင် တောင်းပန်လိုက်စမ်း။”

ထိုလူရမ်းကား ၅ယောက်-၆ယောက်ခန့်သည် ထန်ရှု၏ခြေထောက်အောက်မှ သက်လတ်ပိုင်းလူအား တစ်လှည့်၊ ပြင်းထန်စွာ အရိုက်ခံထားရသော အပေါင်းအဖော်များအား တစ်လှည့်စီ ကြည့်ရင်း ရုတ်တရက် ကူကယ်ရာမဲ့သည့်နှယ် ခံစားလာရသည်။

ကျောက်လျန့်အား ကြည့်လိုက်ပြီး ထန်ရှုက လေးနက်သောလေသံဖြင့်

“စားသောက်ဆိုင် မန်နေဂျာကို သွားရှာပါ။ ငါတို့ ဒီဆိုင်မှာ နေ့လည်စာ စားတဲ့အချိန် လူစိမ်းတွေ အဝိုင်းခံရတာမို့ သူတို့မှာ တာဝန်ရှိတယ်။”

“အိုကေ ငါသွားလိုက်မယ်။”

သူတို့ ဒီနေ့ ဆိုးရွားစွာ အရိုက်ခံရပြီး ဆေးရုံပေါ်ရောက်တော့မည်ဟု ကျောက်လျန့်က ထင်ခဲ့သည်။ ထို့ကြောင့် ထိုကဲ့သို့ မနှိပ်ကွက်နိုင်လောက်အောင် ထန်ရှုပြသလိုက်မှုသည် သူ့အား အလွန်အမင်းကို ကျေနပ်ဝမ်းမြောက်စေသည်။ သူသည် အခန်းတွင်းမှ လျင်မြန်စွာ ထွက်သွားကာ မန်နေဂျာအား ရှာရန် ပြေးတော့သည်။

၂မိနစ်ကြာသော် ကျောက်လျန့်သည် သက်တော်စောင့်၄ယောက်နှင့်အတူ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်အား ခေါ်လာခဲ့သည်။

အခန်းတွင်းမှ အဖြစ်အပျက်များကို ကြည့်ပြီး သက်လတ်ပိုင်းအမျိုးသမီးသည် တစ်ခဏတွေဝေသွားကာ ထန်ရှုအား ကြည့်လိုက်ပြီးနောက်

“ဒီနေရာမှာ လူတစ်ချို့ ပြသနာလာရှာတယ်လို့ ငါ ကြားလို့။”

“ခင်ဗျားက အခုမှ ကြားတာလား။” ထန်ရှုက ခနဲ့လိုက်သည်။ “ရန်ပွဲအကြီးအကျယ်ဖြစ်ပြီး ဒီလောက်ဆူညံနေတာကို ခင်ဗျားတို့ စားသောက်ဆိုင်ကလူတွေ တစ်ယောက်မှ မကြားဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။”

သက်လတ်ပိုင်းအမျိုးသမီးက မချိပြုံး ပြုံးလိုက်ပြီး

“စိတ်မကောင်းပါဘူး လူကြီးမင်း။ အခန်းတွေက အသံလုံအောင် တည်ဆောက်ထားတာမို့ ငါတို့ တကယ်ကို မသိတာပါ။ သူတို့တွေ ဝင်လာတုန်းကတော့ မြင်လိုက်တယ်။ ဒီမှာ တစ်ခုခု လာစားတယ်ပဲ ထင်လိုက်မိတာ။ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ဒီဆိုင်ရဲ့မန်နေဂျာ မျိုးရိုးအမည် - ရှို့ပါ။”

“ခင်ဗျား မျိုးရိုးနာမည် ဘာဖြစ်ဖြစ် ကျွန်တော် စိတ်မဝင်စားဘူး။ ဒါပေမယ့် ကျွန်တော် မေးချင်တာရှိတယ်။ ကျွန်တော်တို့ ခင်ဗျားရဲ့ဆိုင်မှာ နေ့လည်စာ လာစားနေတယ်။ ဒေသခံလူမိုက်တွေက ကျွန်တော်တို့ကို ဝိုင်းပြီး တိုက်ခိုက်ကြတယ်။ အဲ့ဒီအတွက် ခင်ဗျား တာဝန်ယူမလား မယူမလား ကျွန်တော့်ကို ပြောပါ။” ထန်ရှုက ပြောသည်။

သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်လျက်

“သေချာတာပေါ့။ ငါတို့ တာဝန်ယူမှာပါ။ သူတို့ကို ငါတို့ရဲ့လုံခြုံရေးတွေလက်ထဲ အပ်လိုက်ပါ။ ငါ ရဲစခန်းကို ဖုန်းဆက်လိုက်မယ်။ သူတို့လာတဲ့အခါတော့ နင်တို့ကို မေးကောင်းမေးနိုင်တယ်။ ဒီနေ့ ဒီမှာစားသမျှကိုလည်း လျော်ကြေးအနေနဲ့ အခမဲ့စားခွင့်ပြုပါမယ်။”

“မဟုတ်ဘူး။” ထန်ရှုက ခေါင်းယမ်းပြရင်း “ဒီလိုလုပ်ဖို့ မလိုပါဘူး။”

ထိုသို့ပြောပြီး သက်လတ်ပိုင်းလူအား ဘေးသို့ကန်လိုက်ကာ ထိုသူ တွားသွားထနေသည်ကို အေးစက်စွာ ကြည့်လိုက်ပြီး မျက်နှာသေဖြင့်

“ခင်ဗျားတို့က ငါတို့ စားသောက်နေတာကို အနှောင့်အယှက်ပေးခဲ့တယ်။ အဲ့ဒါကြောင့် အစားအသောက်တန်ဖိုးအားလုံး ခင်ဗျားပဲ ပေးလိုက်။”

“အိုကေ။ ငါ ပေးပါမယ်။”

သက်လတ်ပိုင်းလူသည် ဆိုးဆိုးရွားရွား အဆော်ခံထားရပြီး သူ၏ရင်ညွှန့်မှတ်သည် ယခုတိုင် နာကျင်နေဆဲဖြစ်သည်။ အသက်ကိုပင် မနည်းရှူနေရသည်။ သည်ပိန်ပိန်ပါးပါး ချာတိတ်က အလွန်စွမ်းအားကြီးလိမ့်မည်ဟု သူ ထင်မထားမိပါချေ။ သူသည်လည်း ၄ယောက်၁ယောက် တိုက်ခိုက်ကာ အနိုင်ရတတ်သူတစ်ယောက်ဖြစ်သော်လည်း သူ၏အရှေ့မှ ကောင်လေးက သူ့ထက်ပင် ခွန်အားကြီးနေချေသေးတော့သည်။

သူ၏တွဲဘက်ညီငယ်များအား စိတ်တွင်းမှ ကျိန်ဆဲလိုက်သော်လည်း ထန်ရှုနှင့် အခြားသူများ၏အရှေ့တွင် မဖော်ပြဝံ့ပါချေ။

***

All Chapters