သိုင်းပညာကျွမ်းကျင်သူ
Vol. 07 Ch. 326
“ကောင်းတယ်။ အဲ့ဒါဆို ငါလည်း ရဲမခေါ်တော့ဘူး။ သူတို့တွေ ငါတို့ကို ထပ်ပြီး နှောင့်ယှက်ရဲသေးရင် ငါ့ဘာသာ ရှင်းပစ်မယ်။ အခု ငါတို့ကို တခြားအခန်းတစ်ခု ပြင်ဆင်ပေးပြီး ဝိုင်နဲ့အစားအသောက်တွေ ဖြည့်ပေးပါ။ အဲ့ဒါတွေကို သူတို့တွေ ပေးပါစေ။”
“ကောင်းပြီ။”
သက်လတ်ပိုင်း အမျိုးသမီးအနေဖြင့် ထန်ရှုသည် ထိုကဲ့သို့ ပြောဆိုရလွယ်လိမ့်မည် ထင်မထားသောကြောင့် ချက်ချင်းပင် ကျေးဇူးတင်သော အမူအရာများ ဖြစ်ပေါ်လာသည်။ တစ်ခုသိရမည်မှာ သည်ဖြစ်ရပ်အား ရဲသို့ အကြောင်းကြားပါက သူတို့ဆိုင်၏ဂုဏ်သတင်းပေါ်တွင် သက်ရောက်မှုရှိနိုင်သည်။ တစ်ဖက်က ကြည့်မည်ဆိုပါက သူမက ရဲကို ခေါ်ပြီး ထန်ရှုနှင့်သူငယ်ချင်းများအား နစ်နာကြေးပေးမည်ဟု သူမ ပြောခဲ့သည်။ အခြားတစ်ဖက်တွင်လည်း သူမသည် သည်ပြသနာကြီးအား ကိစ္စသေးအဖြစ် လျှော့ချရန် လုပ်နိုင်မည်လားကို ထန်ရှုနှင့် နှစ်ဦးတည်း တွေ့ဆုံစကားပြောရန်အတွက် ဖိတ်ကြားရန် ရည်ရွယ်ထားသည်။
ခဏအကြာတွင် ဆိုးဆိုးရွားရွား အရိုက်ခံထားရသော သက်လတ်ပိုင်းလူသည် သူ၏လက်အောက်ခံလူများနှင့် ပြန်ထွက်သွားပြီး ထန်ရှုနှင့်သူငယ်ချင်းများသည် ကျယ်ဝန်းခမ်းနားသော အခြားအခန်းတစ်ခုသို့ ရွှေ့ပြောင်းပြီးဖြစ်သည်။ နေရာတွင် ထိုင်လိုက်ကြပြီးနောက် ကျောက်လျန့်က လက်မထောင်ပြပြီး စိတ်လှုပ်ရှားသော အမူအရာဖြင့်
“အစ်ကိုအကြီးဆုံး ထန်… မင်းက တကယ်ကောင်းတာပဲ။ ငါ ဒီကောင်တွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ စဉ်းစားမရတဲ့အချိန် မင်း သူတို့ကို ဘယ်လိုအလဲထိုးလိုက်မှန်းတောင် မသိလိုက်ဘူး။”
ယွဲ့ခိုင်၏မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားသော အမူအရာပြည့်နေပြီး သူ၏လက်မောင်းအား သံမဏိပိုက်လုံးဖြင့် ပွတ်ကာ စကားပြောနေသည်။
“အမှန်ပဲ။ ငါလည်း ဟိုလူတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားပေမယ့် မင်းရဲ့လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်းလင်း မမြင်လိုက်ရဘူး။ အစ်ကိုကြီးထန်…မင်းဘယ်လိုများ လုပ်လိုက်တာလဲ။ ဝူရှဝတ္ထုတွေထဲကလို သိုင်းပညာကျွမ်းကျင်သူ တစ်ယောက်များ မင်း ဖြစ်နေသလား။”
“မဟုတ်ပါဘူး။ ငါက သိုင်းပညာကျွမ်းကျင်သူ တစ်ယောက် မဟုတ်ဘူး။ ဖလားဝါးဘောက်ဆင် ပညာရပ်အချို့ကို လေ့ကျင့်ထားလို့ပါ။ အစစ်အမှန်ကျွမ်းကျင်သူတွေနဲ့ဆိုရင် ငါက သူတို့ရဲ့ပြိုင်ဖက်မဖြစ်နိုင်ဘူး။ ဒါပေမယ့် လူရမ်းကားတစ်ချို့ကို ရိုက်ဖို့ဆိုရင်တော့ ပြသနာမရှိဘူး အေးဆေးပဲ။ သူတို့က ငါတို့ကို ရိုက်ချင်တယ် အဲ့ဒါကြောင့် ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်နိုင်တာမှန်သမျှ လုပ်ရမယ်။”
ဟူချင်းစုန့်၏မျက်နှာမှာ အရောင်တဖျတ်ဖျတ် လက်နေသည်။ ထန်ရှု၏ပခုံးအား ပုတ်လိုက်ပြီး
“သူတို့က မင်းကို အစ်ကိုကြီးလို့ ခေါ်မှတော့ ငါလည်း အဲ့လိုပဲ ခေါ်တော့မယ်။ ဒီကြီးမားတဲ့ မျက်နှာသာပေးမှုအတွက် ငါ ကျေးဇူးတင်စကား မပြောဘူး။ ဒါပေမယ့် အစ်ကိုကြီး ဒီနေ့ ငါ့အတွက် ရပ်တည်ပေးတာကို ငါ ဟူချင်းစုန့် စိတ်ထဲမှာ မှတ်ထားပါမယ်။ နောင်တစ်ချိန် မင်းမှာ ပြသနာဖြစ်ခဲ့ရင် ငါ့ကို ရှာပါ။ ငါ အကောင်းဆုံး ကူညီမယ်။”
“အသေးအဖွဲလေးတွေပါ။ စိတ်ထဲမထားပါနဲ့။” ထန်ရှုက ရယ်သည်။
“မဟုတ်သေးဘူး။” ဟူချင်းစုန့်က ခေါင်းယမ်းရင်း “မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီနေ့ ဆိုးဆိုးရွားရွားကို အဆုံးသတ်သွားလိမ့်မယ်။ ဒါငါ့ရဲ့ပေါ့လျော့မှုပါ။ ငါ သူတို့ကို ရိုက်ခဲ့အပြီး ငါ့အနောက်ကနေ တိတ်တဆိတ် လိုက်လာလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားမိဘူး။ လာစမ်းပါ။ ငါ ကျေးဇူးတင်စကား မပြောဘူး။ အစားအစာတွေ အကုန်မရောက်သေးခင် ဝိုင်၂လုံးကို အရင်ဖောက်ပြီး မင်းကို တစ်ခွက်ကျေးဇူးတင်ပါရစေ။”
“လာ…”
“ချီးယားစ်…”
ယွဲ့ခိုင်နှင့် ကျောက်လျန့်တို့လည်း မတ်တတ်ရပ်လိုက်ကြသည်။
မမျှော်လင့်ထားသော ရန်ပွဲ၊ ထိုရန်ပွဲအတွင်းမှ ခက်ခဲမှုတို့သည် သူတို့၄ယောက်အား ပိုမို ရင်းနှီးလာစေသည်။ ထို့ပြင် လူငယ်လူရွယ်များ အတူတကွ အပြင်ထွက်ခြင်းအတွက် ကြုံရာခေါင်းစဉ်များသည်လည်း အဆုံးသတ်သွားခဲ့သည်။
စားသောက်ကြပြီးနောက် ရီဝေဝဖြေစ်နေကြသော ထန်ရှုတို့၄ယောက်သည် တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ စားသောက်ဆိုင်မှ ထွက်လာခဲ့ကြသည်။
တိတ်ဆိတ်သော အသောက်သမားတစ်ယောက်ဖြစ်သူ ဟူချင်းစုန့်သည် ပုလင်းတစ်လုံး ဖြိုထားသော်လည်း ယွဲ့ခိုင်နှင့် ကျောက်လျန့်တို့ထက် ပိုမိုခံနိုင်ရည် ရှိပေသည်။ ထိုနှစ်ယောက် ယိုင်ထိုးနေသည်ကို ကြည့်ရင်း ဟူချင်းစုန့်က ထန်ရှုအား ကြည့်ကာ
“အစ်ကိုကြီးထန်…ငါတို့ အခု ဘယ်ကိုသွားကြမှာလဲ။”
“သူတို့ အိပ်လို့ရအောင် ကျောင်းကို ပြန်ပြီး အဆောင်ကို ပို့လိုက်မယ်။” ထန်ရှုက ပြောသည်။
“ချန်ထားခဲ့ဖို့ရည်ရွယ်ချက်လား။” ဟူချင်းစုန့်က ခေါင်းညိတ်ကာ
“ယွဲ့ခိုင်ကို အဲ့လောက်သောက်နိုင်လိမ့်မယ်လို့ ထင်မထားဘူး။ ကျောက်လျန့်ကတော့ ပုလင်းဝက်ပဲ သောက်နိုင်ပြီးတော့ ဒီလိုပုံဖြစ်နေပြီ။”
“လူတွေက ပြောကြတယ် အရှေ့မြောက်ပိုင်းသားတွေက သောက်နိုင်ကြတယ်တဲ့။ ဒီနေ့ အဲ့ဒါကို ငါ ဗဟုသုတ ရသွားပါပြီကွာ။” ထန်ရှုက အသံထွက်အောင် ရယ်ရင်း ပြောသည်။
“အစ်ကိုကြီး ငါ့ကို မမြှောက်စမ်းပါနဲ့။ ငါက တစ်ပုလင်းကျော်လောက် သောက်နိုင်ပြီး မတ်တတ်ရပ်နိုင်သေးပေမယ့် မင်းနဲ့ယှဉ်လိုက်ရင် အတော်ကြီး ဆိုးပါတယ်ကွ။ ငါတို့တွေ သောက်ကြတုန်းက အစ်ကိုကြီးက ငါ့ထက်ပိုသောက်တာ ငါ သတိထားမိတယ်။ ဒါပေမယ့် အစ်ကိုကြီးကို ကြည့်ရတာ အေးဆေးပဲ ဘာမှမဖြစ်သလိုပဲ။ တစ်ပုလင်းကျော် သောက်ရင်တောင်မှ အစ်ကိုကြီး မူးပါ့မလားလို့ ငါ သံသယဖြစ်မိတယ်။”
ထန်ရှု ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ပဲ
“ငါသာ နောက်တစ်ပုလင်း ထပ်သောက်ရင် မင်း တွဲပို့ရမှာ ၂ယောက်မဟုတ်ဘူး ၃ယောက်ဖြစ်သွားမှာ ငါ စိုးမိပါ့။”
“ငါတို့ နောက်တစ်ရက် ထွက်ဖြစ်ရင် ပြိုင်သောက်ကြရအောင်။”
ဟူချင်းစုန့်က ရယ်တော့သည်။
ထန်ရှုက ခေါင်းသာ ယမ်းပြရင်း ယွဲ့ခိုင်၏အိတ်ကပ်ထဲမှ ကားသော့အား ယူလိုက်သည်။ ကားတံခါးဖွင့်ကာ ထိုမူးနေသော၂ယောက်အား နောက်ခန်းတွင် အားသုံးထည့်ပြီးမှ ရှေ့ခန်းတွင် ထိုင်ကာ အပြုံးဖြင့်
“ဟေး…ဘာတွေ ငေးနေတာလဲ။ ကားပေါ်တက်လေ။”
“ဒါ မင်းရဲ့ကားလား။” ဟူချင်းစုန့် ကျယ်လောင်စွာ မေးရင်း အံ့အားသင့်စွာ ဝင်ထိုင်လိုက်သည်။
“မဟုတ်ပါဘူး။ ယွဲ့ခိုင်ရဲ့ကားပါ။ သူက ချမ်းသာတဲ့မိသားစုက ဒုတိယမျိုးဆက် တစ်ယောက်လေ။”
“ကြည့်ရတာ ငါတို့ညီအစ်ကိုတွေ ကောင်မလေးတွေနဲ့ နေရာတိုင်းကို ချောချောမွေ့မွေ့ သွားနိုင်ပြီထင်တယ်။ ဒါ ဘီအမ်ဒဗလျူကားတစ်စီးနော် ကိုယ့်လူ။ ကျောင်းသားတစ်ယောက်က ဘီအမ်ဒဗလျူကားကို စီးနိုင်တယ်…ဟူး…ဟူး…”
ထန်ရှုက ပြုံးလိုက်ပြီး ကားကို စက်နှိုးကာ လျင်မြန်စွာ ထွက်ခွာလာသည်။
ထိုငမူး၂ယောက်အား အဆောင်သို့ ပြန်ပို့ပေးချိန်ထိ ထန်ရှု၏အခန်းဖော် နောက်တစ်ယောက်မှာ မရောက်ရှိသေးချေ။ သို့သော်လည်း အခြားမျက်နှာချင်းဆိုင်မှ ကျောင်းသားများမှာ စုံညီစွာ ရောက်နေပြီဖြစ်သောကြောင့် ထန်ရှုနှင့်အပြန်အလှန် နှုတ်ဆက်ကြ ခပ်တိုတို မိတ်ဆက်ကြပြီးနောက် ကိုယ့်အဆောင်သို့ ကိုယ်ပြန်သွားကြသည်။
“အစ်ကိုကြီးထန်… နေ့လည်ခင်း မင်း ဘာလုပ်မှာလဲ။” ဟူချင်းစုန့်က သိလိုစွာ မေးလိုက်သည်။
“ငါ လျှောက်သွားမလို့။ ရှန်ဟိုင်းကို ပထမဆုံးရောက်ဖူးတာဆိုတော့ ငါ လိုက်လျှောက်ကြည့်ဦးမယ်။ ကျောင်းဖွင့်ရင် လျှောက်သွားဖို့ အချိန်အများကြီး ရှိမှာမဟုတ်ဘူးလေ။” ထန်ရှုက ပြုံးကာ ပြောသည်။
“အစ်ကိုကြီးထန်… ရွှမ်းချင်ဒေသမှာ အစ်ကိုကြီးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအမှတ်အများဆုံး ရခဲ့တာလို့ ငါ ကြားတယ်။ ထိပ်သီးအဆင့်ကျောင်းသားပဲ။ ကြည့်ရတာ စစ်ရေးပြလေ့ကျင့်မှုကို မီဖို့ အစ်ကိုကြီး အချိန်ကြိုတင် စောပြီး ရှန်ဟိုင်းကို ပြောင်းလာတဲ့ပုံပဲ။ ပြီးရင် အစ်ကိုကြီး ကျောင်းဝင်းထဲမှာပဲ နေမှာမဟုတ်လား။”
“မတော်တဆ တစ်ခုခုမဖြစ်ရင် အဲ့ဒီလိုလုပ်မှာပါ။” ထန်ရှုက ပြောသည်။
“ငါ မင်း လျှောက်သွားတာကို အဖော်လုပ်ပေးမယ်။ နေ့လည်ခင်းမှာ ဘာမှလုပ်စရာ ထွေထွေထူးထူး မရှိဘူး။” ဟူချင်းစုန့်က ပြောသည်။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ထန်ရှုက ဖြည်းညှင်းစွာဖြင့်
“ဒီညနေမှာ ယွဲ့ခိုင်နဲ့ကျောက်လျန့်က အဆောင်မှာ ပါတီပွဲလုပ်မယ် ပြောတယ်။ အဲ့ဒီအချိန် ငါက တခြားလုပ်စရာရှိနေတော့ သူတို့ပွဲမှာ ဆင်နွှဲနိုင်မှာ မဟုတ်ဘူး။ မင်း ငါနဲ့လိုက်ရင် အဲ့ဒီပွဲကို တက်နိုင်မယ်မထင်ဘူး။”
ဟူချင်းစုန့်က တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက်
“ငါ အဲ့ဒီပွဲကို မတက်တော့ဘူး။ အခုက အချိန်တွေ အများကြီးကျန်သေးသလို စောလည်းစောသေးတယ်။ နေ့တိုင်း အတူသောက်စားလို့ အဆင်ပြေဦးမှာပါ။ အရင် အပြင်မှာ လျှောက်လည်ပြီး လေကောင်းလေသန့် သွားရှူကြစို့။ အစ်ကိုကြီးထန် မင်း ဘာသိလဲ။ ငါ ရထားနဲ့ ရှန်ဟိုင်းကို လာကတည်းက ကောင်းကင်မှာ အမြင့်ပျံသန်းနေရသလို၊ ပင်လယ်သမုဒ္ဒရာထဲမှာ ရေကူးနေရတဲ့ ငါးတစ်ကောင်လို ငါ့အဖေရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ လွတ်လပ်ပေါ့ပါးလိုက်ပုံများကွာ။”
ထန်ရှုက သူ့အား ကြည့်ပြီး အေးချမ်းစွာ ပြောလိုက်သည်။
“ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ လူတစ်ယောက်ရှိတာက မင်းကို အမြဲတမ်း စိုးရိမ်ပေးနေတဲ့သူ၊ ပိုကောင်းအောင် တွန်းအားပေးမယ့်သူ မရှိတာထက်စာရင် ပိုကောင်းပါတယ်။ ကျေနပ်လိုက်စမ်းပါ ကိုယ့်လူ။”
ဟူချင်းစုန့်က တစ်ခဏမျှ တွေဝေသွားပြီး ထန်ရှုအား ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေသည်။ ရုတ်တရက် သူက ယွဲ့ခိုင်၏ကားအား ညွှန်ပြလိုက်ပြီး
“ငါတို့ ကားမယူဘူးလား။”
“မယူဘူး။ ဒီဟာက ယွဲ့ခိုင်ရဲ့ကားလေ။ သူ နေ့လည်ဘက် နိုးလာရင် သွားစရာရှိရင်ရှိနိုင်တယ်။ ညနေခင်း အပြင်ထွက်ဖို့လည်း လိုရင်လိုနိုင်တယ်။ ကားငှားသွားကြတာပေါ့။”
“အိုကေ…”ဟူချင်းစုန့် ခေါင်းညိတ်သည်။
ထန်ရှုနှင့် ဟုချင်းစုန့်တို့သည် တစ်နေ့လည်လုံး ရှန်ဟိုင်းမြို့တွင် လျှောက်သွားကြသည်။ သူတို့၂ယောက်သည် “ဘန်း (The Bund)” ရှိရာ ဟောင်ပုမြစ်သို့ အလည်သွားကြပြီး အရှေ့တိုင်းပုလဲမျှော်စင်ကိုပါ တက်ခဲ့ကြသည်။
(Charm Ming Nge - The Bund သည်တရုတ်နိုင်ငံ၊ ရှန်ဟိုင်းရှိ ဟောင်ပုမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည့် ဒဏ္ဍာရီကမ်းခြေတစ်ခုဖြစ်သည်။ The Bund သည် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတို့တွင် တည်ဆောက်ခဲ့သည့် အနောက်တိုင်းပုံစံ အဆောက်အ ဦးများကြောင့် ကျော်ကြားသည်။)
The Bund ကမ်းခြေနှင့် ဟောင်ပုမြစ်
အရှေ့ပိုင်းပုလဲမျှော်စင်
ထန်ရှုတို့၂ယောက်သည် နာမည်ကျော်နန်ကျင်းလမ်းတွင် ကော်ဖီသောက်ကြပြီး အမွှေးတိုင်ပူဇော်ရန်အတွက် မြို့တော်ဘုရားကျောင်းသို့လည်း သွားခဲ့ကြသည်။ မင်မင်းဆက်တွင် ထင်ရှားခဲ့သော “ယု”ဥယျာဉ်တွင် လည်ပတ်ကြပြီးနောက် ရှန်ဟိုင်း သိပ္ပံနှင့် နည်းပညာပြတိုက်သို့ ဆက်လက် သွားရောက်ခဲ့ကြသည်။
နာမည်ကျော် နန်ကျင်းလမ်း
သမိုင်းဝင် ယုဥယျာဉ်
ရှန်ဟိုင်း သိပ္ပံနှင့်နည်းပညာပြတိုက်
ညနေခင်းတွင် ထန်ရှုသည် ဟန်ကျင်းဝူဆီမှ ဖုန်းဆက်လာသည်ကို လက်ခံရရှိခဲ့သည်။
“ထန်ရှု နင်ဘယ်မှာလဲ။” ဟန်ကျင်းဝူ၏အသံသည် ဖုန်းထဲမှ ရွှင်မြူးစွာ ထွက်ပေါ်လာသည်။
“ကျွန်တော် အတန်းဖော်လည်းဖြစ် အဆောင်အခန်းဖော်လည်း ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ရှန်ဟိုင်း သိပ္ပံနှင့်နည်းပညာပြတိုက်ရဲ့ဝင်ပေါက်မှာ ရှိနေတယ်။ ကျွန်တော်တို့ ရှန်ဟိုင်းတစ်မြို့လုံးကို လျှောက်လည်ပြီး အချိန်ဖြုန်းနေကြတာ။” ထန်ရှုက ဖြေသည်။
“ရှန်ဟိုင်း သိပ္ပံနှင့်နည်းပညာပြတိုက်လား။ ငါ အဲ့ဒီနေရာကို သိတယ်။ နင် ငါ့ကို အဲ့ဒီမှာ စောင့်မလား။ ဒါမှမဟုတ် ဒီည ညစာစားဖို့ တခြားနေရာမှာ ဆုံကြမလား။”
“ရှန်ဟိုင်းက ထာဝရခန်းမစားသောက်ဆိုင်ကို သွားပါ။ ကျွန်တော်တို့ အဲ့ဒီမှာ ဆရာမနဲ့ဆုံဖို့ ကားငှားလာခဲ့မယ်။”
“ကောင်းပြီ။” ဟန်ကျင်းဝူက ပြန်ပြောလိုက်သည်။
ထန်ရှုက ဖုန်းချသွားသည်နှင့် ဟူချင်းစုန့်အား ပြောလိုက်သည်။
“ဆရာမဟန်နဲ့ ငါ ဒီည ညစာစားဖို့ ချိန်းထားကြတယ်။ နေရာရွေးထားပြီးပြီဖြစ်လို့ အခု အဲ့ဒီကို သွားရအောင်။”
“ဆရာမဟန်က ဘယ်သူလဲ။”
ဟူချင်းစုန့် ဇဝေဇဝါ ဖြစ်သွားသည်။
“ငါတို့ရဲ့အတန်းပိုင်ဆရာမ ဟန်ကျင်းဝူ။”
ဟူချင်းစုန့်က ကြက်သေ သေသွားကာ ထန်ရှုအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လာသည်။
“အတန်းပိုင်ဆရာမ ဟန်ကျင်းဝူက ငါတို့နဲ့ ညစာစားမယ် ဟုတ်လား။ မင်း ငါ့ကို နောက်နေတာလား။”
“ဒီဟာ ဘာနောက်စရာအကြောင်းရှိလဲ။ ညစာ စားတာလေးပဲကို ဘာတွေများ ဆန်းနေလဲ။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောသည်။
“ဘာ…။ ဒါက ဘာလို့ အဆန်းမဟုတ်ရမှာလဲ။ ပထမဆုံးနေ့ပဲရှိသေးတယ် မင်းရဲ့လှုပ်ရှားမှုက တအားမြန်ချက်ကွာ။ မင်းရည်ရွယ်ထားတာက မမျှော်လင့်ပဲ ဆရာမဟန်တဲ့လား။ ကိုယ့်လူ ဆရာမက တအားချောတာနော်။ ဆရာမကို ပထမဆုံး ငါတွေ့တုန်းက ရဲရဲတောင် မကြည့်ဝံ့ဘူး။” ဟူချင်းစုန့်က ပြောသည်။
ထန်ရှုက ရယ်လိုက်ရင်း
“ဆရာမဟန်ကျင်းဝူက တကယ်တော့ ငါ့ရဲ့အထက်တန်းကျောင်းတုန်းက အတန်းပိုင်ဆရာမပါ။ သူမလည်း ရှန်ဟိုင်းတက္ကသိုလ်ကို ရုတ်တရက် ပြောင်းလာရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ငါတို့ရဲ့အတန်းပိုင်ဆရာမတောင် ဖြစ်လာသေးတယ်။ အဲ့ဒါနဲ့ပဲ ငါတို့ ညစာ စားဖြစ်သွားတာ။”
မယုံကြည်နိုင်လောက်သော အမူအရာဖြင့် ဟူချင်းစုန့်က
“ယွဲ့ခိုင်နဲ့ ကျောက်လျန့်တို့က မင်းကို ဘာကြောင့် အစ်ကိုကြီးထန်လို့ ခေါ်တာလဲဆိုတာ ငါ နောက်ဆုံးတော့ သိသွားပြီ။ မင်းရဲ့မိန်းမပိုးတဲ့ အရည်အချင်းက တကယ်ကို အံ့သြဖို့ ကောင်းနေတာကိုး။ ကိုယ့်လူရေ…ဆရာမဟန်လို အလှပဂေးလေးက မင်းရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘူးဆိုတာ ငါဖြင့် တွေးတောင်မတွေးမိဘူး။ ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲ။ အိုး… အစ်ကိုကြီးထန်…”
“သေလိုက်လေ။” ထန်ရှုက တစ်ချက်ဆဲလိုက်သည်။
ရှန်ဟိုင်း၏ထာဝရခန်းမစားသောက်ဆိုင်တွင်…
ရှစ်မြှောင့်ပုံသဏ္ဍာန်တည်ဆောက်ထားသော ငါးထပ်စားသောက်ဆိုင်ကြီး၏အရှေ့တွင် ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းထားသော ကားရပ်နားနေရာကြီး ရှိသည်။ ထာဝရခန်းမ၏ဝင်ပေါက်တွင် သန်မာသောလူ၄ယောက်က စောင့်ကြပ်နေသည်။ လူ၄ယောက်၏အရှေ့တွင် ချုံဆမ်ရိုးရာဝတ်စုံဝတ်ဆင်ထားသော ကြိုဆိုရေးမိန်းကလေးတစ်ဦးသည် ရောက်လာသော ဧည့်သည်တော်များအား နွေးထွေးပျူငှာစွာ နှုတ်ခွန်းဆက်လျက်ရှိသည်။
ချုံဆမ်ဝတ်စုံ ဝတ်ဆင်ထားသော ကြိုဆိုရေးမိန်းကလေးတစ်ဦး
စားသောက်ဆိုင်အတွင်းတွင်…
ပထမထပ်သည် ခမ်းနားကာ စိတ်ဝင်စားစရာ ကောင်းသော အပြင်အဆင်ဖြင့် ဖွဲ့စည်းထားပြီး နေရာတိုင်းသည် ထွင်းထုထားသော သစ်သားအကာများဖြင့် ကာထားသည်။ အကာတစ်ခုစီအတွင်းထဲတွင် စားပွဲတစ်ခုစီ ပါရှိသည်။ ဘေးဘက်နံရံများတွင် ခုနှစ်ရောင်ခြယ်အလင်းများဖြင့် အလှဆင်ထားသည့် ရေပန်းများ ဖြာထွက်နေသည်မှာ မျက်စိပသာဒဖြစ်ဖွယ်မြင်ကွင်းပင် ဖြစ်တော့သည်။
ရှန်ဟိုင်း၏ထာဝရခန်းမသည် ထျန်းလီ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသည်။ သို့သော် သူမသည် ကျင်းမန်ကျွန်း၊ ဟောင်ကောင်၊ ရှန်ဟိုင်းနှင့် ပေကျင်းအကြားတွင် လူးလာခေါက်တုံ့ သွားလာရန်လိုအပ်သောကြောင့် ရှန်ဟိုင်းနှင့် ပေကျင်းတွင် တာဝန်ခံမန်နေဂျာတစ်ယောက်စီအား သူမကိုယ်စား စီမံခန့်ခွဲရန် ခန့်အပ်ထားသည်။
တာဝန်ခံမန်နေဂျာသည်လည်း ထာဝရခန်းမ၏ အဓိကအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူမ၏နာမည်မှာ ချီနန်ဖြစ်သည်။
လက်ရှိတွင် ချီနန်သည် အပြင်ဘက်က ပြန်ရောက်လာခါစဖြစ်ပြီး စားသောက်ဆိုင်အတွင်းမှ လှုပ်ရှားနေသော မြင်ကွင်းအား ကြည့်ရင်း စိတ်တွင်းမှ ကူကယ်ရာမဲ့စွာ ခံစားနေရသည်။ ကျင်းမန်ကျွန်းတွင် နေသော သူမ၏အဖော်များအား အားကျနေမိသည်။ ထိုသူများသည် သက်တောင့်သက်သာ နေပြီး ကျင့်ကြံနေနိုင်ကြပြီး ပြည်ပစစ်ဆင်ရေးအား ဆောင်ရွက်ရန် အခါအားလျော်စွာ အခွင့်အရေးများလည်း ရရှိကြသည်။
“အကြီးအကဲ ချီ…လေးထပ်က အထူးဧည့်သည်အခန်း ဖွင့်လိုက်ပြီ။ ဟိုက်ချင်းက မြောင်ဝမ်တန်က သူ့သူငယ်ချင်းတစ်ချို့နဲ့ ရောက်လာတယ်။ ကောင်းမွန်တဲ့ စားစရာနဲ့ ဝိုင်ကောင်းတွေကို သူ့ဆီ ပို့ပေးဖို့ မှာထားတယ်။”
ခန်းမမန်နေဂျာက လေးစားစွာ ပြောလိုက်သည်။
အထူးဧည့်သည်… မြောင်ဝမ်တန်လား။
ချီနန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ကာ
“သိပြီ။ ကိုယ့်အလုပ်ကို လုပ်တော့။ မကြာခင် သူ့ဆီသွားပြီး တစ်ခွက်လောက် ဂုဏ်ပြုလိုက်မယ်။”
“ကောင်းပါပြီ။”
***