← Chapters

အထူးဧည့်သည်များကြားမှ အထူးဧည့်သည်

Vol. 07 Ch. 327

အထူးဧည့်သည်များကြားမှ အထူးဧည့်သည်

Vol. 07 Ch. 327

ချီနန် ပထမထပ်မှ ထွက်သွားချိန်တွင် ထန်ရှုနှင့် ဟူချင်းစုန့်သည် ထာဝရခန်းမ၏ဝင်ပေါက်တွင် ပေါ်လာသည်။ ဟူချင်းစုန့်၏မျက်နှာမှ ဒဏ်ရာများနှင့် ဖူးယောင်နေသော မျက်နှာကြောင့် ထာဝရခန်းမ၏ လုံခြုံရေး၄ယောက်အကြည့်များသည် သူတို့၂ယောက်အပေါ်တွင် အထူးကျရောက်လာခဲ့သည်။

“ကြိုဆိုပါတယ် လူကြီးမင်း။ လူဘယ်နှစ်ယောက် လာမလဲလို့ သိပါရစေ။”

စားပွဲထိုးအမျိုးသမီးလေးမှ ပြုံးကာ နှုတ်ဆက်သည်။

ထန်ရှု၏အကြည့်သည် အတွင်းအပြင်အဆင်ဆီသို့ ဖြည်းညှင်းစွာ တစ်ချက်ကြည့်လိုက်ပြီး စိတ်တွင်းမှ ခေါင်းညိတ်လိုက်သည်။ ပတ်ဝန်းကျင်သည် ခမ်းနားသော အတွင်းအပြင်အဆင်ဒီဇိုင်းများဖြင့် ကောင်းမွန်လှသည်။ သစ်တောမြစ်ကလေးဆိုင်ထက် ၂ဆင့် မြင့်မားသည့်ဟန်ရှိသည်။

“၃ယောက်ပါ။”

“အခန်းတွေက ပြည့်လုနီးပါး ဖြစ်နေပြီ။ ပထမထပ်မှာ ထိုင်ချင်ပါသလားရှင့်။”

စားပွဲထိုးအမျိုးသမီးက အပြုံးဖြင့် ပြောသည်။

“ပြသနာမရှိပါဘူး။” ထန်ရှုက ပြောလိုက်သည်။

စားပွဲထိုးအမျိုးသမီး၏ညွှန်ပြမှုအောက်တွင် တိတ်ဆိတ်သောနေရာရှိ စားပွဲသို့ နှစ်ယောက်သား လျင်မြန်စွာ ရောက်လာကြသည်။ သီးသန့်ခန်းများထဲတွင် ဧည့်သည်များစွာ ညစာစားနေကြသော်လည်း အတော်ပင် တိတ်ဆိတ်မှုရှိသည်။ ဂုဏ်ပြုခွက်တိုက်သံများနှင့် ကောင်းချီးပေးသံများကိုသာ လှုပ်ရှားနေသော စားသောက်ပွဲများမှ ခပ်ဖွဖွ ကြားနေရသည်။

“လူကြီးမင်း အခုဟင်းပွဲမှာဖို့ ဟင်းပွဲစာရင်း ကြည့်တော့မလားရှင့်။”

“မလိုတော့ဘူး။ ဒီဆိုင်ရဲ့အကောင်းဆုံးဟင်းပွဲတွေ ချပေးပါ။ အသားဟင်း၄ပွဲ၊ အသီးအရွက်၂ပွဲနဲ့ ဟင်းချို၁ပွဲဆိုရင် အဆင်ပြေပြီ။” ထန်ရှုက ပြောသည်။

“အစားအသောက်ရှောင်တာမျိုးရှိသေးလား။” စားပွဲထိုးအမျိုးသမီးက အပြုံးဖြင့် မေးသည်။

“မရှိပါဘူး။” ထန်ရှု ပြန်ဖြေလိုက်သည်။

စားပွဲထိုးအမျိုးသမီးသည် အနည်းငယ် ခါးညွတ်ပြီး

“ကောင်းပါပြီ။ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ။”

စားပွဲထိုးအမျိုးသမီး ထွက်သွားသည်နှင့် ဟူချင်းစုန့်က ထန်ရှုအား လက်မထောင်ပြကာ ချီးကျူးလိုက်သည်။

“အစ်ကိုကြီးထန်က တကယ်ကို အထင်ကြီးစရာပဲ။ ဒီစားသောက်ဆိုင်ရဲ့အဆင့်က အရမ်းမြင့်ပေမယ့် ဟင်းပွဲစာရင်းတောင် တောင်းမကြည့်ဘဲ အထူးဟင်းပွဲတွေကို တစ်ခါတည်းမှာချလိုက်တယ်။ ကြည့်ရတာ ဆရာမဟန်ကို ကျွေးမွေးဖို့ အိတ်ဖောင်းနေပုံပဲ။”

ထန်ရှုက ရယ်လိုက်ရင်း

“ငါ့မှာ အိတ်ဖောင်းနေတယ်လို့ ဘယ်သူပြောလဲ။ ငါတို့အားလုံးက ဆင်းရဲတဲ့ကျောင်းသားတွေပါကွာ။ အဝစားပြီးသွားရင် ပိုက်ဆံရှင်းရမယ့်သူက ဆရာမဟန်ပဲဖြစ်လိမ့်မယ်မဟုတ်လား။”

“ဘာ…”

ဟူချင်းစုန့် မယုံနိုင်ဟန်အမူအရာရှိနေဆဲဖြစ်ပြီး

“အမျိုးသမီးတစ်ယောက်က ကျွေးတာကို ငါတို့က ဘယ်မျက်နှာကြီးနဲ့စားသောက်ရမှာလဲ။ သူမက ဆရာမတစ်ယောက်ဖြစ်ပြီး ငါတို့က သူမရဲ့ကျောင်းသားတွေဖြစ်ပါစေဦး ငါတို့က နှစ်အနည်းငယ်လောက်ပဲ ကွာတာလေကွာ။ အစ်ကိုကြီးထန် မင်းမှာ ပိုက်ဆံအလုံအလောက်မရှိရင် ဒီညအစားအသောက်ပွဲကို ငါ ဒကာခံမယ်။”

အမျိုးသားများ၏ကြီးမြတ်မှုလား။

ထန်ရှု တိတ်တဆိတ် မချိပြုံးပြုံးလိုက်မိသည်။ သူ၏ပုံစံသည် ပိုက်ဆံမရှိသောလူတစ်ယောက်၏ ဟန်ပန်ဖြစ်နေလား သူပင် မသိတော့ချေ။ ထိုအရာသည် သူ့အား ပြောစရာစကားမဲ့စေသည်။ ယွဲ့ခိုင်ရော ဟူချင်းစုန့်ပါ သူ့အား ဆင်းရဲသည်ဟု အားလုံးထင်နေကြပေသည်။

သူသည် ချမ်းသာသောသူပုံစံဖြင့်နေရခြင်းအား မနှစ်သက်သောကြောင့် သူ့အား ဟူချင်းစုန့်၏ အမြင်မှားနေမှုအပေါ် ဖြေရှင်းခြင်း မပြုချေ။ ထိုအစား သူက ပြုံးလိုက်ပြီး

“ငါ မင်းကို စနေတာပါကွ။ ဆရာမဟန်ကို ငါတို့ကို ကျွေးမွေးဖို့ ဘယ်လိုခွင့်ပြုနိုင်ရမှာလဲ။ နောက်ပြီး မင်းပေးဖို့ မလိုပါဘူးကွာ။ စိတ်ကျေနပ်တဲ့အထိသာ စားပါ။”

“အိုကေ။ တစ်ခုခုဆို ပိုက်ဆံလိုရင် ငါ့ကိုသာ ပြောလိုက်။” ဟူချင်းစုန့်က တည့်တိုးတုံ့ပြန်လိုက်ပြီး ထိုအကြောင်းအား နောက်ထပ်စကားမဟတော့ချေ။

သူ၏မိသားစုမှာ ယခင်ကထက် ကြွယ်ဝလာသော်လည်း သည်ကဲ့သို့ အထက်တန်းကျသော စားသောက်ဆိုင်တွင် စားဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူသည် စကားကို ကျယ်လောင်စွာ မပြောရုံသာမက သူ၏ခပ်ကြမ်းကြမ်းပုံစံကိုပင် ဟူချင်းစုန့်ခမျာ ထိန်းချုပ်ထားလေသည်။

လေးထပ်ရှိ အထူးခန်းတစ်ခုထဲတွင်…

မြောင်ဝမ်တန်သည် သူ၏စီးပွားရေးလောကမှ လုပ်ဖော်ကိုင်ဖက်အချို့နှင့် ဝိုင် သောက်နေသည်။ မည်သူကိုမျှ မကြောက်ရွံ့တတ်သော ဟန်ပန်အမူအရာများရှိသော ထိုသူတို့သည် ရွှင်မြူးသောစိတ်များဖြင့် စီးပွားရေးလောက

သတင်းများအား ဖလှယ်နေကြသည်။

ဒေါက်…ဒေါက်…

တံခါးခေါက်သံ ကြားရပြီး ထိုသူတို့၏စကားဝိုင်းအား အနှောင့်အယှက်ဖြစ်သွားစေသည်။ ထို့နောက် တံခါးပွင့်လာကာ ချီနန်သည် ဝိုင်ပုလင်း၂လုံးအား သယ်ဆောင်လျက် တောက်ပသောအပြုံးဖြင့် အထဲသို့ ဝင်လာသည်။

“ကျွန်မ လာတာ အနှောင့်အယှက်မဖြစ်ပါဘူးနော်။” ချီနန်က အပြုံးဖြင့် စကားဆိုလိုက်သည်။

သူမအား မြင်ရသည့် ရှန်ဟိုင်းဒေသခံ စီးပွားရေးသမားများသည် မယုံကြည်နိုင်ဟန် အကြည့်များ ဖြစ်သွားကြကာ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။ မြောင်ဝမ်တန်သည်လည်း မယုံကြည်နိုင်ဟန် အမူအရာဖြင့်

“မင်းက…”

“ကျွန်မက ချီနန်ပါ။ ရှန်ဟိုင်းထာဝရခန်းမရဲ့ တာဝန်ခံမန်နေဂျာပါ။ ကျွန်မတို့ထာဝရခန်းမရဲ့ ဓလေ့ထုံးတမ်းအရ စားသောက်ဆိုင်မှာ လာရောက်စားသောက်တဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တိုင်းကို ဆိုင်တာဝန်ခံက ဂုဏ်ပြုပေးရပါတယ်။ သူဋ္ဌေးမြောင်ကတော့ အထူးဧည့်သည်တွေကြားထဲက အထူးအထူးဧည့်သည်လို့ ဆိုရမှာပဲ။”

ချီနန်က အပြုံးဖြင့် ပြောသည်။

မြောင်ဝမ်တန်သည် ဂုဏ်ပြုသည့်ထုံးစံအား သိပေသည်။

သို့သော်လည်း…

သူက မတ်တတ်ရပ်လိုက်ပြီး ချီနန်အား လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ဇဝေဇဝါဟန်ဖြင့်

“အကြီးအကဲချီ…အထူးဧည့်သည်တွေကြားထဲက အထူးအထူးဧည့်သည်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဂုဏ်ထူးဆောင်ဧည့်သည်တွေကို လုပ်တဲ့ထုံးစံကို ငါ သိတယ်။ ဒါပေမယ့် အထူးဧည့်သည်တွေကြားထဲက အထူးအထူးဧည့်သည်ဆိုတာကို ငါ နားမလည်ဘူး။”

“ကျွန်မတို့ရဲ့ ကျင်းမန်ကျွန်းရုံးချုပ်က ကျွန်မတို့ ရုံးခွဲတွေကို သတင်းဖြန့်ထားပါတယ်။ ရှင်နဲ့ သူဋ္ဌေးရှောင်မင်ကျန်းက ကျွန်မတို့သူဋ္ဌေးရဲ့မိတ်ဆွေတွေ ဖြစ်ကတည်းက ထာဝရခန်းမရဲ့အထူးဂုဏ်ထူးဆောင် ဧည့်သည်တွေဖြစ်သွားပါပြီ။”

ချီနန်က အပြုံးဖြင့် ပြောသည်။

“မင်းတို့ရဲ့သူဋ္ဌေးဟုတ်လား။ ဂူရှောင်ရွှဲ့လား။” မြောင်ဝမ်တန်က အံ့အားသင့်စွာ မေးလိုက်သည်။

“မဟုတ်ပါဘူး။” ချီနန်က ခေါင်းယမ်းလိုက်ပြီး “ကျွန်မတို့ရဲ့သူဋ္ဌေးအသစ်က ထန်ရှုပါရှင်။”

“ထန်ရှုလား။”

သူ၏အသံသည် အနည်းငယ် ကျယ်သွားပြီး မျက်ဝန်းများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များအား ထွက်ပေါ်လာသည်။ ထာဝရခန်းမ၏တည်ရှိမှုအား သူ ကောင်းစွာ သိထားသည်။ ဂူရှောင်ရွှဲ့၏ခွန်အားသည် သူ မသိနိုင်လောက်သည့်အထိ နက်ရှိုင်းလှသည်။ ထန်ရှုသည် ထာဝရခန်းမ၏ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်အား ချိုးဖြတ်ခဲ့သည်။ သို့သော် မယုံကြည်နိုင်လောက်စွာ သူသည် ထာဝရခန်းမ၏ပိုင်ရှင် မည်သို့ဖြစ်လာပါသနည်း။

ထန်ရှုအကြောင်း သူသိထားသည်မှာ အတော်နည်းလှသည်ဟု မြောင်ဝမ်တန် ရုတ်တရက် နားလည်သွားသည်။ သို့သော်လည်း အနည်းဆုံးတော့ သူသည် ထာဝရခန်းမ၏ အထူးဧည့်သည်များကြားမှ အထူးဂုဏ်ထူးဆောင်ဧည့်သည် မည်သည့်အကြောင်းကြောင့် ဖြစ်လာသည်ကို သူ နားလည်သွားခဲ့ရပြီဖြစ်သည်။

ဝိုင်တစ်ပုလင်းအား ဖွင့်ပြီးနောက် ချီနန်က ဖန်ခွက်များအတွင်းသို့ ထည့်ပေးကာ အပြုံးဖြင့်

“သူဋ္ဌေးမြောင်နဲ့ အခြားသူဋ္ဌေးတို့… ရှင်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၃ခွက် ဂုဏ်ပြုပါမယ်။ ကျွန်မတို့ရဲ့ ထာဝရခန်းမမှာ ပျော်ရွှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

“ချီးယားစ်…”

“လာ တိုက်ကြစို့။”

ဝိုင်၃ခွက်သောက်ပြီး မြောင်ဝမ်တန်က မချိပြုံး ပြုံးလိုက်ကာ

“ညီအစ်ကိုထန်ကို ထာဝရခန်းမရဲ့ သူဋ္ဌေးဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ အရင်ဆုံးသိတာက သူက အလွန်စွမ်းအားရှိပြီး ဆန်းကြယ်တဲ့သူဆိုတာပဲ သိထားတာ။ ဒါပေမယ့် ကြည့်ရတာ ငါ သူ့ကို လျှော့တွက်မိပုံပဲ။ အနာဂတ်မှာ ဘယ်လိုကြီးမားတဲ့အောင်မြင်မှုတွေ သူ သယ်ဆောင်လာမလဲဆိုတာ တွေးတောင်မတွေးဝံ့ဘူး။”

“ကျွန်မတို့သူဋ္ဌေးက လူတွေကြားက နဂါးတစ်ကောင်ပါပဲ။ အနာဂတ်မှာ မြင့်မားတဲ့ အောင်မြင်မှုတွေ သူ ရရှိမှာ သေချာပါတယ်ရှင်။” ချီနန်က အပြုံးဖြင့် ပြောလိုက်သည်။

ကျန်းယွဲ့မင်သည် စုစုပေါင်းပိုင်ဆိုင်မှု ၁၀ဘီလီယံရှိသော ရှန်ဟိုင်းရှင်းရန်အုပ်စုမှ သူဋ္ဌေးဖြစ်ပြီး ရှန်ဟိုင်းကုန်သည်ကြီးများအသင်း၏ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။ သူသည် အလွန်မြင့်မားသော အခြေအနေရှိသူတစ်ယောက်ဖြစ်သည်။ သည်အကြိမ်တွင် သူသည် အံ့အားသင့်စွာဖြင့် စူးစမ်းလိုက်သည်။

“အကြီးအကဲချီ…ငါတို့ ရှန်ဟိုင်းမှာ နေခဲ့တာ အချိန်အကြာကြီးရှိနေပြီ။ ထာဝရခန်းမဆိုတာကို သိသိသာသာ သတိမပြုမိခဲ့ဘူး။ ထာဝရခန်းမရဲ့ အထူးဧည့်သည်များကြားမှ အထူးဂုဏ်ထူးဆောင် ဧည့်သည်ဆိုတာလေးကို ကျေးဇူးပြုပြီး ရှင်းပြလို့ရမလား။”

“ဒီအကြောင်းကတော့ သူဋ္ဌေးမြောင်ကိုယ်တိုင် ရှင်တို့ကို ပြောတာပိုကောင်းပါလိမ့်မယ်ရှင်။ ကျွန်မမှာလည်း လုပ်လက်စလေးတွေ ရှိနေလို့ ရှင်တို့ညစာစားတာကို မနှောင့်ယှက်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်ပြုကြပါဦး။”

ထိုသို့ ပြောရင်း ချီနန်က ပြုံးပြကာ ထွက်ခွာသွားတော့သည်။

“သူဋ္ဌေးမြောင်…ငါ့ကို အဲ့ဒီအကြောင်းလေး ပြောပြလို့ရမလား။” ကျန်းယွဲ့မင်က မြောင်ဝမ်တန်အား ကြည့်ကာ မေးလိုက်သည်။

“မင်းတို့အားလုံး ငါ့ကို စီးပွားရေးသမား တစ်ယောက်လို့ပဲ သိထားကြပြီး သိုင်းပညာ ကျွမ်းကျင်သူတစ်ယောက်အဖြစ် မသိကြဘူးမလား။ ထာဝရခန်းမရဲ့ရုံးချုပ်က ကျင်းမန်ကျွန်းမှာ ရှိတယ်။ အဲ့ဒီလုပ်ငန်းစုက များသောအားဖြင့် သိုသိုသိပ်သိပ်ပဲ နေပေမယ့် သူ့မှာ ခိုင်မာတဲ့အုတ်မြစ်ရှိပြီးတော့ မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းတယ်။ သူတို့ရုံးချုပ်မှာ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုဆိုတဲ့ အစီအရင် ဝင်္ကပါတစ်ခု ခင်းကျင်းထားတယ်။ အဲ့ဒီဝင်္ကပါက…”

မိနစ်အနည်းငယ် ကြာသော် အခြားလူ၃ယောက်သည် မြောင်ဝမ်တန်ဆီမှ ဇာတ်လမ်းတစ်ပုဒ်လုံးအား နားလည်သွားခဲ့ပြီဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ထာဝရခန်းမအကြောင်းအား စိတ်ဝင်စားမှုနှင့် အံံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်လျက်ရှိကုန်သည်။

ထို၃ယောက်၏အမူအရာအား ကြည့်ရင်း မြောင်ဝမ်တန်က ရယ်မောလိုက်ကာ

“မင်းတို့ ဒါကို သိတာ အဆင်ပြေပေမယ့် ကျေးဇူပြုပြီး သတင်းမပြန့်ပါစေနဲ့။ ဒါက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်လည်းကွာ သိုင်းပညာရှင်အများအပြားနဲ့ ဆရာကြီးအဆင့် မဟုတ်တဲ့သူတွေ သွားပြီး အဲ့ဒီဝင်္ကပါကို ကြိုးစားကြည့်ကြရင် သူတို့ရဲ့အသက်တွေ အလွယ်ပျက်စီးကုန်လိမ့်မယ်။”

“စိတ်ချပါ။ ငါတို့ နားလည်ပါတယ်။ ဒါပေမယ့် ထန်ရှု - ထာဝရခန်းမရဲ့ပိုင်ရှင်ဟုတ်တယ်နော်။ အကြီးအကဲချီနဲ့ မင်းရဲ့စကားပြောတာကို နားထောင်ရတာ မင်းနဲ့သူရဲ့ဆက်ဆံရေးက သာမန်မဟုတ်ဘူးမလား။” ကျန်းယွဲ့မင်က မေးလိုက်သည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ မြောင်ဝမ်တန်က အလေးအနက် ပြောလိုက်သည်။

“လူကြီးမင်းတို့…ထန်ရှုက တကယ်တော့ ငါ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်ပါ။ ငါတို့ ကျင်းမန်ကျွန်းမှာ တွေ့ခဲ့ကြတယ်။ များပြားလှတဲ့ ကိစ္စရပ်တွေကို အတူတကွ ဖြတ်ကျော်လာခဲ့တဲ့အတွက် အရမ်းကိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့ကြပြီးဖြစ်တယ်။ ဒါပေမယ့် စကားအနည်းငယ် ထပ်ပြောရရင် သူက ငါ့ရဲ့အသက်ကို ကယ်တယ်။ ငါတို့သိကျွမ်းခဲ့ကြတာ နှစ်၂၀လောက် ရှိပြီဆိုတော့ ငါ မင်းတို့ကို နားလည်လွယ်အောင် ဖြစ်ရပ်မှန်တစ်ပုဒ် ပြောပြမယ်။”

“ကျေးဇူးပြုပြီး ပြောပါ။” ကျန်းယွဲ့မင်က တောင်းဆိုလိုက်သည်။

“ထန်ရှုက အရမ်းလွှမ်းမိုးနိုင်တဲ့သူတစ်ယောက်ပဲ။ သူ ဘယ်လောက်တောင် လွှမ်းမိုးနိုင်သလဲဆိုရင် ငါတောင်မှ သူ့ကို လေးစားရတယ်။ သူက အတော် လျှို့ဝှက်ဆန်းကြယ်ပြီး သူ့ရဲ့အဆက်အသွယ်တိုင်းက အမြဲ ငါ့ကို အံ့သြတုန်လှုပ်မှုဖြစ်စေတယ်။ ငါ သိသလောက်ဆိုရင် ဒီနှစ်ထဲ သူ ရှန်ဟိုင်းမှာ တက္ကသိုလ်လာတက်ဖို့ရှိတယ်ဆိုတော့ အခုဆို ရှန်ဟိုင်းမှာ ရောက်နေလောက်ပြီ။ မင်းတို့ ရှန်ဟိုင်းဒေသခံသူဋ္ဌေးတွေ သူ့ကို အထင်မသေးဖို့ ငါ မျှော်လင့်တယ်။ နို့မဟုတ်ရင် မင်းတို့တွေ ဆိုးရွားတဲ့ကံကြမ္မာနဲ့ ကြုံရမှာ ငါစိုးမိတယ်။” မြောင်ဝမ်တန်က ပြောသည်။

ကျန်းယွဲ့မင်က ကြောင်သွားပြီးမှ အားပါးတရ ရယ်လိုက်ရင်း

“အဖိုးကြီးမြောင်… မင်း ငါ့ကို နောက်နေတာလား။ မင်း ငါ့ကို အခုပြောပြနေတဲ့ ထန်ရှုက တက္ကသိုလ် ကျောင်းသားသစ်တစ်ယောက်သာသာလား။”

တင်းရှန်မီဒီယာ၏သူဋ္ဌေးဖြစ်သူ ဂူချန်မင်ကလည်း ရယ်မောလိုက်ရင်း

“ဒါအမှန်ပဲ အဖိုးကြီးမြောင်။ မင်း ဟာသတွေ ပြောနေတာမဟုတ်လား။ အထက်တန်း ကျောင်းသားလေးတစ်ယောက်က ဘယ်လောက်လွှမ်းမိုးနိုင်မှာမို့လို့လဲ။ လွှမ်းမိုးနိုင်တဲ့သူတွေက သူ့မိသားစုက လူကြီးတွေပဲ နေမှာပေါ့ ဟုတ်တယ်မလား။”

သူတို့၂ယောက်အား ကြည့်ရင်း မြောင်ဝမ်တန် ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားရသည်။ သူတို့၂ယောက်၏ မယုံကြည်ဟန်အမူအရာအား ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုပ်သွားရသည်။ သို့သော်လည်း သူ၏အခြားသူငယ်ချင်း တစ်ယောက်ဖြစ်သော ကျင်းတအိမ်ခြံမြေ၏ သူဋ္ဌေးဖြစ်သူ ကျင်းရှင်းကွေ့အား ကြည့်လိုက်ရာ သူ အတော်အံ့သြသွားရသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းရှင်းကွေ့သည် စဉ်းစားတွေဝေနေဟန် မျက်မှောင်ကြုပ်ထားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ရုတ်တရက် ကျင်းရှင်းကွေ့က ပြောလိုက်သည်။

“ညီအစ်ကိုမြောင်…မစ္စတာထန်နဲ့ သူငယ်ချင်းဆိုမှတော့ ငါတို့ကို မိတ်ဆက်ပေးလို့ရမလား။ မစိုးရိမ်ပါနဲ့။ မင်း စိတ်ပျက်ရအောင် ငါ မလုပ်ပါဘူး။ ငါ့ဆီကို မင်းအလည်လာတဲ့အခါကျရင် ငါ့ရဲ့ချီလင် ကျောက်စိမ်းပေးပါမယ်။”

မြောင်ဝမ်တန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး

“ငါ မင်းရဲ့ချီလင်ကျောက်စိမ်းကို သဘောကျပေမယ့် ဒီကိစ္စအတွက်နဲ့တော့ လက်မခံပါရစေနဲ့။ ငါတို့ သူငယ်ချင်းတွေဖြစ်လာတာ ကြာပြီပဲကွာ။ သူနဲ့ဆုံဖို့ အခွင့်အရေးရှိလာရင် ငါ မင်းကို မိတ်ဆက်ပေးပါမယ်။”

“ကျေးဇူးပါကွာ။”

ကျင်းရှင်းကွေ့က အလေးအနက် ပြောလိုက်သည်။

ကျန်းယွဲ့မင် ကြက်သေသေသွားသကဲ့သို့ ဂူချန်မင်သည်လည်း ပဟေဠိဖြစ်သွားသော အမူအရာဖြစ်သွားကာ

“ညီအစ်ကိုကျင်း… မင်း…”

“ကျေးဇူးပြုပြီး မမေးပါနဲ့။ နောက်ပြီး အဲ့ဒီအကြောင်းကို ငါ မင်းတို့ကို မပြောရဲဘူး။ မင်းတို့၂ယောက်က ညီအစ်ကိုမြောင်ရဲ့ဇာတ်လမ်းကို မယုံကြဘူး။ ဒါပေမယ့် တစ်နေ့မှာ မင်း ဒါမှမဟုတ် မင်းရဲ့မိသားစုဝင်တစ်ယောက်ယောက်က ထန်ရှုကို ပြစ်မှားမိရင် အလွန်ဆိုးရွားတဲ့ ကံကြမ္မာဆိုးနဲ့ ကြုံရလိမ့်မယ်ဆိုတာ ငါ တကယ်ကို ကြောက်မိတယ်။”

ကျန်းယွဲ့မင်နှင့် ဂူချန်မင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့သြသွားသည့်အမူအရာများ တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာကြသည်။ မြောင်ဝမ်တန် ပြောစဉ်အချိန်တုန်းက သူတို့ မယုံကြည်ကြသေးသော်လည်း ကျင်းရှင်းကွေ့ပါ ပြောလာသောအခါတွင် အနည်းငယ် ယုံကြည်လာကြသည်။

ပြောနေသည့်အတိုင်း ထိုလူရွယ်သည် အမှန်တကယ်ပင် ကြောက်ရွံ့စရာကောင်းလှပေသည်လော။

ထို၂ယောက်သည် အချိန်တစ်ခုမျှ တိတ်ဆိတ်သွားပြီးမှ အနာဂတ်တွင် ထိုကိစ္စအား အလေးထားမည့်အကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။

မြောင်ဝမ်တန်အဖို့မှာမူ ကျင်းရှင်းကွေ့တစ်ယောက် ထန်ရှုအား သိနေရသည့်အကြောင်းအား လွန်စွာ သိချင်နေမိသည်။ ညစာစားပြီးသွားပါက ကျင်းရှင်းကွေ့အား မေးရန် အခွင့်အရေးရှာရမည်ဟု တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်သည်။

“ကောင်းပြီ။ လာ…လာ သောက်ကြစို့။”

မြောင်ဝမ်တန်က သူ၏ထိုအတွေးအား နောက်သို့ ပို့ကာ ပြုံးလျက် ဖန်ခွက်မြှောက်လိုက်သည်။

***

All Chapters