← Chapters

အခြေအနေများအရ သရုပ်ဆောင်ခြင်း

Vol. 07 Ch. 328

အခြေအနေများအရ သရုပ်ဆောင်ခြင်း

Vol. 07 Ch. 328

ထာဝရခန်းမ၏ပထမထပ်တွင် ထန်ရှုနှင့် ဟူချင်းစုန့်သည် ညစာအား ပျော်ရွှင်စွာ စားသောက်လျက်ရှိကြသည်။ သိပ်မကြာမီ ဟန်ကျင်းဝူသည် လွယ်အိတ်တစ်လုံးအား လွယ်ကာ ရောက်လာသည်။ သူမသည် ပန်းပွင့်များပါသော ဂါဝန်အား ဝတ်ဆင်ကာ ဒေါက်ဖိနပ်စီးထားသည်။ မိတ်ကပ်ခပ်ပါးပါးသာ လိမ်းခြယ်ထားသော သူမသည် အလှကြီး လှနေတော့သည်။

“ထင်မထားမိဘူး…နင်က ဟင်းကောင်းတွေ ရွေးထားတာပဲ။” ဟန်ကျင်းဝူက ပြုံးကာ ထန်ရှု ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ကျွန်တော်တို့လည်း ခုနကမှ ရောက်တာ။ ဆရာမ ရောက်မယ့်အချိန်နဲ့မှန်းပြီး ဟင်းပွဲတွေ မှာထားတာ။” ထန်ရှုက ပြောသည်။

“ဆရာမဟန်…ကျွန်တော့်ကို မပြောရသေးဘူးနော်။ ရှန်ဟိုင်းတက္ကသိုလ်ကို ဆရာမ ရုတ်တရက်ကြီး ဘယ်လိုပြောင်းဖြစ်သွားတာလဲ။”

“ငါ့အဖေက ရှန်ဟိုင်းမှာ တာဝန်ကျတာ ၂လရှိသွားပြီ။ အဲ့ဒါကြောင့် ငါတို့မိသားစုတွေ အဖေ့နောက်လိုက်ပြီး ရှန်ဟိုင်းကို ပြောင်းနေကြတယ်။”

ဟန်ကျင်းဝူက ရယ်လိုက်ရင်း

“ကြယ်တာရာမှာ ငါတစ်ယောက်တည်း နေရတာလည်း ပျင်းဖို့ကောင်းတယ်လေ။ အဲ့ဒါကြောင့် အဖေ့ကို သူ့အဆက်အသွယ်တွေကို သုံးပေးဖို့ ငါ တောင်းဆိုခဲ့တယ်။ ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်သီးအမှတ်ရအောင်ထိ ထူးချွန်စွာ သင်ပေးနိုင်တဲ့ ငါ့အရည်အချင်းကိုပါကြည့်ပြီး ရှန်ဟိုင်းတက္ကသိုလ်ကို ငါ ပြောင်းတာ အရမ်းအဆင်ပြေသွားတာပေါ့။ အဲ့ဒါကြောင့် နင့်ရဲ့အောင်မြင်မှုကနေ ငါလည်း အနည်းနဲ့အများ ဆိုသလို အကျိုးခံစားခွင့် ရတယ်လို့ဆိုရမယ်။”

သူမ ပြောနေသည်များသည် အကြောင်းပြချက် သက်သက်မှန်း သူသိနေသောကြောင့် ထန်ရှု ဘာမျှ မပြောတော့ချေ။ ရှန်ဟိုင်းတက္ကသိုလ်တွင် သူမ အလုပ်ဝင်နိုင်ခြင်းမှာ သူမသည် အလွန်ထူးချွန်သောကြောင့်ဖြစ်ပြီး သူမမိသားစု၏အဆက်အသွယ်အား အသုံးပြုရလိမ့်မည် မဟုတ်ချေ။

“သောက်ကျိုးနည်း…အစ်ကိုကြီးထန်က သိပ်ကံကောင်းတာပဲ။ မင်းရဲ့ဆရာမကို ရှန်ဟိုင်းတက္ကသိုလ်မှာ အတန်းပိုင်ဆရာမအဖြစ်နဲ့ ပြန်ဆုံခွင့်ရတယ်။”

ဟူချင်းစုန့်က မနာလိုဖြစ်သွားဟန်ဖြင့် “ဒီလိုကောင်းမှုကုသိုလ်ဆိုတာကို အတန်းက သိဖို့ သိပ်ကြာမှာမဟုတ်ဘူးဆိုတာ ငါ ပြောနိုင်တယ်။”

“မင်း ပေါက်ကရတွေ လျှောက်မပြော လျှောက်မတွေးသရွေ့ ဒါက အဆင်ပြေပါတယ်။” ထန်ရှုက ရယ်ပြပြဖြင့် ပြောသည်။

“အဲ့ဒါမှန်တယ်။” ဟန်ကျင်းဝူက အပြုံးဖြင့် ပြောသည်။ “ထန်ရှုနဲ့ ငါ့ကြားက ရင်းနှီးမှုဆက်ဆံရေးက ဖြူစင်တဲ့ ဆရာ-တပည့်ဆက်ဆံရေးတစ်ခုပဲ။ ပေါက်ကရတွေ တွေးပြီး ပေါက်ကရတွေ လျှောက်ပြောနေကြတဲ့သူတွေက သူတို့ဆီမှာ မဖြူစင်တဲ့ အတွေးများစွာ ရှိနေကြတဲ့သူတွေပဲ။ နောက်ပြီး ငါက မင်းတို့တွေထက် အသက်ကြီးတယ်။”

“အဲ့ဒီလိုပြောဖို့ မလိုပါဘူး ဆရာမဟန်။ ဆရာမတို့၂ယောက်ကြားက ရင်းနှီးမှုက အရမ်းထူးခြားနေတော့ အခြားလူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်တာ မဆန်းပါဘူး။”

ဟူချင်းစုန့်က ရီဝေဝေဖြင့် ပြောသည်။

“နောက်ပြီး ကိုယ့်ထက်အသက်ကြီးတဲ့ အမျိုးသမီးကို လက်ထပ်ရတာ ရွှေတုံးတစ်တုံးကို ကိုင်ဆောင်ထားတာနဲ့သဏ္ဍာန်တူတယ်။ နောက်ပြီး ဆရာမရဲ့ရုပ်ရည်အဆင်းက ဘယ်မှာအသက်ကြီးလို့လဲ။ ကျွန်တော်တို့နဲ့တောင် အသက် သိပ်မကွာလှဘူး ဟုတ်တယ်မလား။ အဲ့ဒါကြောင့် ကျောင်းသားတစ်ယောက်က ဆရာမကို လက်ထပ်ရင် သင့်တော်ပါတယ်။ ဆရာမ ဒါကို မသိလောက်သေးဘူး။ ဒါပေမယ့် ယွဲ့ခိုင်က ဆရာမကို ပထမဆုံးတွေ့ကတည်းက ပိုးပန်းဖို့တောင် ဆုံးဖြတ်ထားတာ။”

“ဟဟဟ…” ဟန်ကျင်းဝူ သဘောကျစွာ ရယ်လိုက်ရင်း

“နင်တို့တွေ တက္ကသိုလ်မှာ စာကြိုးစားရမယ်နော်။ အတွေးရိုင်းတွေထဲမှာ မနစ်မွန်းသွားစေနဲ့။”

“ဆရာမဟန်…တက္ကသိုလ်တက်ခြင်းက လူ့လောက လူ့ဘောင်အဖွဲ့အစည်းထဲကို ခြေလှမ်းလှမ်းတာနဲ့ အတူတူပဲ။” ဟူချင်းစုန့်က အလေးအနက် တုံ့ပြန်သည်။

“တက္ကသိုလ်ဆိုတာ ဘဝသစ်စတင်ဖို့ လူ့ဘောင်အဖွဲ့အစည်းအသေးစားလေးဆိုတာကို  ဆရာမ ကြားဖူးတယ်မဟုတ်လား။ ကျောင်းပြီးသွားရင် ပညာရေးအတွေ့အကြုံတွေ၊  လူမှုဆက်ဆံရေး အတွေ့အကြုံတွေ ရသွားရုံတင်မကဘူး တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက လက်ထပ်ဖို့အတွက်ပါ သင့်တော်သွားသလိုပဲဆိုတာ မှန်လား။”

“သက်မွေးဝမ်းကျောင်းအလုပ်အကိုင်တစ်ခု မရှိဘဲနဲ့ ကိုယ့်ရဲ့ဇနီးမယားကို လုပ်ကျွေးဖို့ မိဘတွေကို မင်းက မှီခိုချင်တာလား။” ဟန်ကျင်းဝူက အပြုံးဖြင့် ပြန်လည်ချေပလိုက်သည်။

“အာ…” ဟူချင်းစုန့်၏အမူအရာ အေးခဲသွားကာ စိတ်ညစ်သွားဟန်ဖြင့် မည်သည့်စကားမျှ မဆိုတော့ချေ။

“ကောင်းပြီ။ ဒီအကြောင်း ရပ်လိုက်ကြရအောင်။” ထန်ရှုက ပြုံးရင်း ပြောသည်။ “စားသောက်ရင်း စကားပြောကြတာပေါ့။”

ညစာ စားနေစဉ်အတွင်း ၁၀မိနစ် ကြာပြီးနောက် ဟန်ကျင်းဝူသည် ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် သူမ၏တူအစုံအား အသာချကာ ပခုံးများအား ပွတ်သပ်လိုက်ရင်း

“အစကတော့ တက္ကသိုလ်ဆရာမတစ်ယောက်က အရမ်းသက်တောင့်သက်သာရှိတယ်လို့ ခံစားမိတယ်။ တစ်ပတ်ကို ဝင်ရတဲ့အတန်းချိန်က အရမ်းနည်းပြီး အချိန်အများစုက အားနေတယ်ဆိုပြီးပေါ့။ ဒါပေမယ့် ငါ ရုံးကို ရောက်တဲ့အချိန်မှာ ဒါ လုံးဝမဟုတ်ဘူးဆိုတာ ငါ နားလည်လာတယ်။ တက္ကသိုလ်အတန်းတွေအတွက် သင်ရိုးပြင်ဆင်ရတာက အထက်တန်းကျောင်းမှာ ပြင်ဆင်ရတာထက် ပိုပြီးခက်ခဲတာပဲ။ နောက်ပြီး ရှန်ဟိုင်းပတ်လည်မှာ အိမ်တစ်လုံးရှာဖို့ နေ့တိုင်း အလုပ်ရှုပ်နေရသေးတယ်။ တစ်လကျော်တောင် ရှိရော့မယ်။ ရှန်ဟိုင်းရဲ့အထက်တန်းစားသောက်ဆိုင်မှာ စားသောက်တာ ဒါ ပထမဆုံးအကြိမ်ပဲ။”

“ဆရာမက အိမ်တစ်လုံးရှာနေတာလား။”

ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

“ဆရာမရဲ့မိသားစုက ရှန်ဟိုင်းကို ပြောင်းလာတယ်မဟုတ်လား။ သူတို့နဲ့အတူမနေဘူးလား။”

“မနေဘူး။ ငါက အရွယ်ရောက်ပြီလေ။” ဟန်ကျင်းဝူက ခေါင်းခါလျက်

“ငါ့မိဘတွေနဲ့ မနေချင်တော့ဘူး။”

ထိုစကား ကြားသည့်ထန်ရှုက ခေါင်းညိတ်လျက် “ခုထိ အိမ်တစ်လုံး ရှာမတွေ့သေးဘူးပေါ့”

“ဒါ ဘယ်လွယ်ပါ့မလဲ။” ဟန်ကျင်းဝူက မချိပြုံး ပြုံးကာ ပြောသည်။

“ရှန်ဟိုင်းရဲ့အိမ်ဈေးနှုန်းက အရမ်းမြင့်လွန်းတယ်။ သာမန်တိုက်ခန်းတစ်ခန်း ဒါမှမဟုတ် အိမ်တစ်လုံးတောင် လစဉ် ယွမ်ထောင်ပေါင်းများစွာ ပေးရတယ်။ ဈေးသက်သာတာ ရွေးမယ်ဆိုပြန်တော့လည်း ရှန်ဟိုင်းတက္ကသိုလ်နဲ့ ဝေးသွားတော့ အလုပ်အတွက် အဆင်မပြေပြန်ဘူး။ နောက်ပြီး ငါတို့က ရေဖိုး၊ မီတာခ၊ ဓာတ်ငွေ့ဖိုးနှင့် လစဉ်ဖုန်းဘေလ်…အဲ့ဒါတွေပါ ပေါင်းလိုက်ရင် ငါ့လစာက သိပ်အများကြီး မကျန်တော့ဘူးလေ။”

“ဒါပေမယ့် ရှန်ဟိုင်းတက္ကသိုလ်က ဆရာမတစ်ယောက်ရဲ့လစာက မနည်းဘူးမဟုတ်လား။” ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

ဟန်ကျင်းဝူက အနေရခက်သောအပြုံးဖြင့်

“မနည်းဘူးဟုတ်လား။ အဲ့ဒါက လစဉ် ယွမ်တစ်သောင်းလောက်ပဲလေ။ ဒီနေရာမှာ မရပ်တည်နိုင်မှာတောင် ငါ စိုးမိတယ်။”

တွက်ချက်မှုအချို့ ပြုလုပ်ပြီးနောက် သည်ဟာသည် အမှန်တကယ်ဖြစ်ကြောင်း ထန်ရှု ပြောနိုင်သည်။ နေအိမ်ငှားခအတွက် ယွမ်ထောင်ပေါင်းများစွာနှင့်အတူ အခြားအသေးအဖွဲ ကုန်ကျစရိတ်များပါ ထပ်ပေါင်းလိုက်ပါက ရှန်ဟိုင်းတွင် နေထိုင်ရန် ငွေကြေးများစွာ လိုအပ်ပေသည်။ အမျိုးသမီးများ အဝတ်အစားဝယ်ခြင်းနှင့် အခြားဗာဟီရများအတွက်ပင် ထည့်မတွက်ရသေးချေ။ အမှန်တကယ်ပင် ယွမ်တစ်သောင်းမှာ များစွာကျန်ရှိမည်မဟုတ်ပါချေ။

ထိုနေရာသို့ အတွေးအရောက်တွင် ရှန်ဟိုင်း၌ သူ၏အိမ်များ ရှိသေးသည်ကို ထန်ရှု သတိရသွားသည်။ ကြယ်ပြာအိမ်ရာမှ အိမ်ကို ထည့်မတွက်လျှင်ပင် ရှန်ဟိုင်းတက္ကသိုလ်နှင့် သိပ်မဝေးလှသောအရပ် ကီလိုမီတာ၂၀အကွာလောက်တွင် အခြားအိမ်တစ်လုံး ရှိသေးပေသည်။

တစ်ခဏမျှ စဉ်းစားပြီးနောက် ထန်ရှုက

“ဆရာမဟန်…ဆရာမကို ကျွန်တော် ကူညီမယ်ဆိုရင်ရော ဘယ်လိုလဲ။ ရှန်ဟိုင်းမှာ အိမ်ဝယ်ထားတဲ့ သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားထွက်ရတော့မှာဆိုတော့ သူ့အိမ်က လက်ရှိမှာ လွတ်နေတယ်။ သူကလည်း အနာဂတ်မှာ အိမ်ဈေးမြင့်တက်လာမှာကို တွေးပြီး သူ့ရဲ့အိမ်ကို မရောင်းချင်ဘူး။ ဆရာမ အဲ့ဒီမှာ နေချင်လား။”

ဟန်ကျင်းဝူ အံံ့သြသွားပြီး

“အဲ့ဒီအိမ်က ရှန်ဟိုင်းတက္ကသိုလ်နဲ့ နီးလား။ ငှားခ ဘယ်လောက်ပေးရမှာလဲ။”

“တက္ကသိုလ်နဲ့ဆို ကီလိုမီတာ၂၀လောက် ဝေးလိမ့်မယ်။ ဒါပေမယ့် ရှန်ဟိုင်းလိုမြို့ကြီးမှာ ဒီလောက်အကွာအဝေးကတော့ ဝေးတယ်မဆိုသာပါဘူး။ ငှားခကတော့ သူနဲ့ကျွန်တော်က ဆက်ဆံရေးကောင်းတစ်ခု ရှိထားတော့ ကျွန်တော့်သဘောအတိုင်း လုပ်လို့ရတယ်။”

“အတော်နီးပါတယ်။” ဟန်ကျင်းဝူကလည်း ထောက်ခံသည်။        “ဒါပေမယ့် ငှားခက ယွမ်၃ထောင်ပဲ ငါ ပေးနိုင်တယ်။ အဲ့ဒီထက် မတတ်နိုင်တော့ဘူး။”

“ပြသနာမရှိပါဘူး။” ထန်ရှုက ရယ်လိုက်သည်။ “သူကလည်း သူ့အိမ်ကို ကြည့်ရှုစောင့်ရှောက်ပေးမယ့်လူတစ်ယောက် လိုချင်နေတာဆိုတော့ ဆရာမ ပေးနိုင်သလောက် ပေးတာ သူ့အတွက် အဆင်ပြေပါတယ်။ ဆရာမ အဲ့ဒါကို ယူမယ်ဆုံးဖြတ်ပြီးပြီဆိုရင် မနက်ဖြန် သူ့ဆီက ကျွန်တော် သော့တောင်းပေးထားမယ်။ မနက်ဖြန်နေ့လည်လောက် ဆရာမဆီ ယူလာပေးမယ်လေ။ ဆရာမ နေရာကို သဘောကျရင် အဲ့ဒီမှာ နေလို့ရတာပဲ။”

“ထန်ရှု…နင်က တကယ့်ကို ငါ့ရဲ့ကံကောင်းတဲ့ကြယ်ပွင့်လေးပဲ။” ဟန်ကျင်းဝူက သူမ၏ပေါင်တံသွယ်သွယ်အား အသာပုတ်ကာ ရွှင်မြူးစွာ ဆိုလိုက်သည်။

“အာ ဟုတ်သားပဲ။ အိမ်ကရော ဘယ်လိုလဲ။ ဘယ်လောက်ကြီးလဲ အခန်းဘယ်လောက်ပါလဲ။”

“ကျွန်တော် အသေးစိတ်တော့ မသိဘူး။ မနက်ဖြန် ကျွန်တော်တို့ သွားကြည့်ရင် သိမှာပဲလေ။”ထန်ရှုက ရယ်မောလိုက်သည်။

“ကောင်းပြီ။” ဟန်ကျင်းဝူက လျင်မြန်စွာ ပြောလိုက်သည်။

ထာဝရခန်းမရှန်ဟိုင်းဆိုင်ခွဲ၏စီးပွားရေးသည် အရှိန်အဟုန်မြင့်မားလှသည်။ ချီနန်သည် ရုံးခန်းထဲတွင် ခဏသာ နေနိုင်ပြီး ထိုင်ပင် မထိုင်ရသေးချေ။ သူမသည် အလွန်ဖျတ်လတ်တက်ကြွသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ရှန်ဟိုင်း၏ထာဝရခန်းမတွင် နေနေရခြင်းသည် သူမအား အလွန်မသက်မသာ ဖြစ်စေပြီး ရုံးခန်းထဲတွင် နေရခြင်းသည် နှိပ်စက်မှုတစ်ခုအလားဖြစ်သည်ဟု သူမ ခံစားနေရသည်။

ပထမထပ်သို့ ပြန်မလာမီ သူမသည် ဆိုင်တစ်ခုလုံးအား ၂ကြိမ်မျှ လှည့်ပတ်ကြည့်ရှုလိုက်သည်။

သူမသည် ဘားကောင်တာရှေ့တွင် ခေါင်းယမ်းလိုက်ပြီး အလုပ်များနေသော ဝန်ထမ်းများအား ကြည့်နေရင်း သူမ၏ဖုန်းအား ထုတ်ကာ အထက်လူကြီးဆီ ချက်ချင်း ဆက်သွယ်လိုက်သည်။

“အစ်မလီ… အလုပ်များနေလား။”

“မများပါဘူး။ ပြောလို့ရတယ်။” ထျန်းလီ၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။

ဘားကောင်တာအား မှီကာ ချီနန်သည် သမ်းဝေလိုက်ပြီး

“အစ်မလီ…အလုပ်မများဘူးဆိုရင် ဘာဖြစ်လို့ ရှန်ဟိုင်းကို ပြန်မလာတာလဲ။ ကျွန်မ ဒီမှာနေရတာ ပျင်းလှပြီ။”

“နင် ရှန်ဟိုင်းမှာ မနေချင်ရင် နင့်အလုပ်ကို လွှဲယူဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။” ထျန်းလီက ပြောသည်။ “ငါတို့ ကျင်းမန်ရုံးချုပ်၊ ဟောင်ကောင်နဲ့ ပေကျင်းက တစ်ချို့လူတွေက ရှန်ဟိုင်းကို ပြောင်းချင်လို့ ငါ့ကို တိတ်တဆိတ် ဆက်သွယ်နေကြတယ်။”

ချီနန် တစ်ချက်တွေကနဲ ဖြစ်သွားကာ စိတ်ရှုပ်သွားဟန်ဖြင့်

“သူတို့က ရှန်ဟိုင်းကို ပြောင်းချင်နေကြတာလား။ သူတို့မှာ ပြသနာရှိလို့လား။ ကျွန်မ ရှန်ဟိုင်းမှာ ၃နှစ်နေပြီးပြီ။ ကျွန်မကိုယ်နဲ့ အရိုးတွေလည်း သံချေးတက်လုနီးပါးဖြစ်နေပြီ။ ဒီလိုသာ ဆက်ပြီးနေသွားရရင် ကျွန်မ ဒီနေရာမှာ စိတ်ဓာတ်ကျပြီး လဲသွားတော့မယ်လို့ ပြောရဲတယ်။”

“နင် အဲ့လိုခံစားနေရတယ်ဆိုရင် ဆုံးဖြတ်တဲ့အတိုင်းပဲပေါ့။ ငါ နင့်ကို ရက်အနည်းငယ်အတွင်း ပြောင်းပေးပြီး ရှန်ဟိုင်းက အခွင့်အရေးကောင်းကို တခြားလူတွေဆီ ပေးရတော့မှာပေါ့။” ထျန်းလီက ပေါ့ပါးစွာ ရယ်ရင်း ပြောလိုက်သည်။

“နေ…နေပါဦး အစ်မလီ။ အစ်မ ပြောနေတဲ့ အခွင့်အရေးကောင်းဆိုတာ ဘာများလဲ။” ချီနန်က လျင်မြန်စွာ မေးလိုက်သည်။

“ဘာမှတော့ မဟုတ်ပါဘူး။” ထျန်းလီက  ရယ်ရင်း “သူဋ္ဌေးက ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်ဖို့ သွားနေပြီ။ မကြာခင် ရှန်ဟိုင်းကို ရောက်ပြီး ငါတို့ထာဝရခန်းမကိုလည်း လာကြည့်လိမ့်မယ်။ ငါတို့၄ယောက်ကတော့ ငါတို့အခွင့်အရေးကို ရပြီးသွားပြီ။ အခုဆို ငါ့ခွန်အားက တိုးတက်လာခဲ့ပြီလေ။ အစက ငါတွေးထားတာက နင်သာ သူဋ္ဌေးကို လုပ်ဆောင်ပေးနိုင်ရင် နင်လည်း အခွင့်အရေးတစ်ခု ရကောင်းရနိုင်တယ်ဆိုပြီးပေါ့။ ဒါပေမယ့် နင်က ပြောင်းချင်တယ်ဆိုမှတော့ ဒီအခွင့်အရေးကို ငါ တခြားသူတွေကိုပဲ ပေးရတော့မယ်။”

“အာ…ကျွန်မမှာ တကယ်ကို ဝက်ဦးနှောက်ရှိတာပဲ။ မဟုတ်ဘူး…မဟုတ်ဘူး…အစ်မလီ… ကျွန်မကို မပြောင်းပါနဲ့။ ဒီနေရာက ပျင်းစရာကောင်းပြီး ကျွန်မကို ရူးသွပ်လုမတတ်ဖြစ်စေလည်း ကျွန်မ ဒီမှာပဲ နေပါ့မယ်။ ပြသနာမရှိပါဘူး။ ကျွန်မ သေချာပေါက် ထာဝရခန်းမရဲ့ကိစ္စတွေကို စီမံပြီး ကောင်းကောင်းစီစဉ်ပါ့မယ်။ ဒါနဲ့ အစ်မလီ…ကျွန်မ ဟာမီစ်အိတ်အသစ်လေး တွေ့ထားတယ်။ အစ်မနဲ့လိုက်မယ်လို့ ကျွန်မ ခံစားမိတယ်လေ။ ကျွန်မ ဝယ်ပြီး အစ်မဆီ ပို့ပေးလိုက်မယ်။” ချီနန်က ခယလိုက်လျောသောအသံဖြင့် ပြောလိုက်သည်။

“အာ…ငါ ဟာမီစ်အိတ်တွေကို ကြိုက်တယ်။” ထျန်းလီက ရယ်လိုက်သည်။

“ကျွန်မ သေချာပေါက် အစ်မအတွက် ဝယ်…”ချီနန် အလျင်အမြန် စကားဆိုလိုက်ရင်း သူမ၏စကားမဆုံးမီ လူရွယ်၂ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် သူမ၏မြင်ကွင်းနှင့် ပိုမိုနီးကပ်လာခဲ့ရာ သူမ၏အကြည့်များသည်  ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်ဆီတွင် ကျရောက်သွားခဲ့သည်။

လျှပ်တစ်ပြက်အတွင်း သူမ၏လက်ကလေးအား မြှောက်ကာ မျက်လုံးပွတ်ကြည့်ရင်း လေသံတိုးတိုးဖြင့်

“အစ်မလီ…ကျွန်မ သူဋ္ဌေးကို ပထမဆုံး တွေ့ရတော့မယ်။”

“နင် ဘာပြောလိုက်တယ်။ သူဋ္ဌေးက စားသောက်ဆိုင်ထဲမှာ ရှိနေတာလား။” ထျန်းလီက လျင်မြန်စွာ မေးလိုက်သည်။

“ကျွန်မ သေတော့ မသေချာဘူး။ ဖုန်းအရင်ချလိုက်တော့မယ်။ နောက်မှ အစ်မကို ပြန်ဆက်မယ်။”

ထိုသို့ ပြောပြီးနောက် သူမက လျင်မြန်စွာ ဖုန်းချလိုက်ပြီး ဖုန်းထဲမှ ဓာတ်ပုံပြခန်းအား ဖွင့်ကြည့်စစ်ဆေးလိုက်ရာ ထိုလူငယ်သည် သူမ၏သူဋ္ဌေးဖြစ်မှန်း ချက်ချင်း ကောက်ချက်ချလိုက်သည်။

ကော်ရစ်ဒါတွင်…

ဟန်ကျင်းဝူသည် ပြုံးလျက်ဖြင့်

“ဒီနေ့အတွက် ကျသင့်ငွေကို နင်တို့၂ယောက် လုမရှင်းရဘူးနော်။ နင်တို့ ငါ့ကို ကျွေးချင်ရင် နောက်မှ တက္ကသိုလ်စားသောက်ဆိုင်မှာ စားကြတာပေါ့။”

“မဟုတ်တာ ဆရာမဟန်ကလဲ။” ဟူချင်းစုန့်က ခေါင်းယမ်းကာ “ဆရာမက အဲ့လိုပြောဖို့ မသင့်တော်ပါဘူး။ ကျွန်တော်တို့က ဆင်းရဲတဲ့ကျောင်းသားတွေ ဆိုပေမယ့်လည်း ဒီဟာပေးဖို့ တတ်နိုင်ပါသေးတယ်။ နောက်ပြီး ကျွန်တော်တို့က ယောကျာ်းတွေပါဗျ။ အမျိုးသမီးတစ်ယောက်ရဲ့ပိုက်ဆံကို သုံးဖို့ ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။”

“နင်တို့ရဲ့အမျိုးသားကြီးမြတ်မှုဆိုတာကို ခေါက်ထားလို့ရမလား။” ဟန်ကျင်းဝူက ရယ်ရင်း ဆက်ပြောသည်။

“ငါက နင်တို့ကို ညစာဖိတ်ကျွေးတဲ့သူမို့ ကိစ္စမရှိဘူး။ နင်တို့ အဲ့လိုရှိုးပြချင်သပဆိုရင် အလုပ်လုပ်ပြီး ငွေရှာနိုင်တဲ့အထိ စောင့်ပါ။ ပြီးရင် နင်တို့ရွေးတဲ့ဆိုင်မှာ ငါ့ကို လိုက်ကျွေးပေါ့။”

“အိုကေ…ဆရာမတို့၂ယောက် ဘာမှ ထပ်မပြောနဲ့တော့။” ထန်ရှုက တစ်ချက်ပြုံးကာ ဝင်ပြောလိုက်သည်။

“ဒီနေရာကို ကျွန်တော် ရွေးတာမို့ ကျွန်တော်ပဲ ရှင်းရမယ့်သူပဲ။ ကျွန်တော်က ဆင်းရဲပေမယ့်လည်း ဒီလောက်တော့ တတ်နိုင်ပါသေးတယ်။”

“ဟိုင်း သူဋ္ဌေး…”

သင်းပျံ့နေသော ရေမွှေးနံ့နှင့်အတူ ချီနန်သည် တောက်ပသောအပြုံးဖြင့် ပေါ်လာခဲ့သည်။

***

All Chapters