သည်တစ်ကြိမ်လေးပါ
Vol. 07 Ch. 329
ရှန်ဟိုင်းထာဝရခန်းမမှ တစ်စုံတစ်ယောက်သည် သူ့အား သိရှိထားလိမ့်မည်ဟု သူ မမျှော်လင့်ထားမိသောကြောင့် ထန်ရှု အနည်းငယ် မျက်မှောင်ကြုပ်သွားသည်။ ကျင်းမန်ကျွန်းရုံးချုပ်မှ သူ၏ဓာတ်ပုံအား အဓိကအဖွဲ့ဝင်များအား ပေးပို့ထားမည်ကို သူ သိသော်လည်း သည်ဟာသည် အလွန်တိုက်ဆိုင်လွန်းသည် မဟုတ်ပါလား။
ဟန်ကျင်းဝူက ထန်ရှုနှင့် ချီနန်အား ကြည့်လိုက်ရင်း သူမ၏မျက်နှာလှလှလေးထက်တွင် ဝေခွဲရခက်သော အကြည့်တစ်ချက် ပေါ်လာကာ
“ရှင် သူ့ကို ဘယ်လိုခေါ်လိုက်တာ…သူဋ္ဌေးဟုတ်လား။”
“ဆရာမဟန်…စားသောက်ဆိုင်တွေရဲ့ဝန်ထမ်းတွေက သူတို့ရဲ့ဧည့်သည်တွေကို သူဋ္ဌေးလို့ခေါ်ကြပါတယ်။” ဟူချင်းစုန့်က ရှင်းပြသည်။ “ကျွန်တော်ဆို ဒီလိုခေါ်တာ ခဏခဏ ကြုံရတယ်။ ဒါနဲ့ မိန်းမလှလေးရေ… ကျွန်တော်တို့က ကျောင်းသားတွေပါ။ သူဋ္ဌေးတွေ မဟုတ်ပါဘူး။”
ချီနန် တစ်ခဏမျှ ကြက်သေသေသွားသည်။ လူမှုဆက်ဆံရေးအမျိုးမျိုးကို ဆက်ဆံနေရသော သူမ၏ ပြေပြစ်သွက်လက်သော ဗီဇအရ သူမသည် သူမတူအောင် သွက်လက်ချက်ချာကာ လိမ္မာပါးနပ်သောသူဖြစ်သည်။ ထန်ရှု၏အနည်းငယ် မျက်မှောင်ကြုပ်နေသော မျက်နှာအား အကဲခတ်ရင်း သူမ ခြေလှမ်းမှားသွားသည်ကို သိလိုက်သည်။
ကြည့်ရသည်မှာ သူဋ္ဌေးသည် ထို၂ယောက်အား သူ၏ပုံရိပ်အစစ်အမှန်အား သိစေချင်ဟန်မတူချေ။
ထို့ကြောင့် သူမက အပြုံးဖြင့် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
“ကျွန်မတို့တွေရဲ့အမြင်မှာတော့ ကျွန်မတို့ရဲ့ ထာဝရခန်းမကို လာရောက်တဲ့ ဧည့်သည်တော်တိုင်းက သူဋ္ဌေးတစ်ယောက်ပါပဲ။ ကျွန်မ ရှင်တို့ကို တားရတဲ့အကြောင်းက သတင်းတစ်ခု အကြောင်းကြားဖို့ပါ။ ကျွန်မတို့ဆီမှာ ဓလေ့ထုံးစံတစ်ခုရှိပါတယ်။ တစ်နေ့တာရဲ့ ၂၀၁ယောက်မြောက် ဧည့်သည်က လျှော့ဈေးတစ်ခုရပါတယ်။ ဂုဏ်ပြုပါတယ်ရှင်။ ရှင်တို့က ဒီနေ့အတွက် ကျွန်မတို့ဆိုင်ရဲ့ ၂၀၁ယောက်မြောက် ဧည့်သည်တော်တွေ ဖြစ်ပါတယ်။”
“ဒီလိုထုံးစံရှိတာလား။” ဟူချင်းစုန့်က အံ့သြသွားသည်။
“ဟုတ်ပါတယ်။”
ချီနန်က ထန်ရှုအား ခိုးကြည့်လိုက်ရာ မျက်မှောင်မကြုပ်တော့ဘဲ ချက်ချင်းပင် တစ်ချက်ပြုံးလိုက်သည်ကို တွေ့လိုက်ရသည်။
သူ၏ပိုက်ဆံအိတ်ကို ယူကာ ဘဏ်ကတ်တစ်ခုအား ထန်ရှု ထုတ်ယူရင်း ချီနန်အား အပြုံးဖြင့် ပေးလိုက်သည်။
“ကြည့်ရတာ ငါတို့ကံက အတော်လေး ကောင်းနေတယ်ထင်တယ်။ ကျသင့်ငွေအတွက် ဒီထဲက ဖြတ်လိုက်ပါ။”
“ကောင်းပါပြီ။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။”
ဘဏ်ကတ်ကို ယူရင်း ချီနန်က ကောင်တာဆီသို့ လှည့်ထွက်သွားသည်။
“အစ်ကိုကြီးထန်… မင်းနဲ့ အပြင်ထွက်ရတာ ကံအရမ်းကောင်းတာပဲ။ အထက်တန်း စားသောက်ဆိုင်ကနေ ဒီလိုကောင်းမွန်တဲ့ လျှော့ဈေးတောင်မှ ရလာတယ်။ နောက်ဆို ငါတို့ ပိုက်ဆံမလောက်ရင် ထာဝရခန်းမဆိုင်ရဲ့ဝင်ပေါက်ရှေ့ကို သွားပြီး ဧည့်သည်တော်တွေကို ဂရုတစိုက် ထိုင်ရေရမယ်။ ၂၀၀မြောက် ဧည့်သည် ပိုက်ဆံရှင်းပြီးသွားရင် ငါတို့ ကျသင့်ငွေပိုက်ဆံရှင်းပြီး ပြန်လိုက်ရုံပဲ။”
“ဟားဟားဟား။” ထန်ရှုက ရယ်မောလိုက်ရင်း “ဒီဟာက မင်းရဲ့အစာအိမ်ကို အလကား ဗိုက်ဖြည့်နေတာနဲ့ မတူဘူးလား။ ပန်ကိတ်၂ခုနဲ့ ဆီစိမ်တစ်ထုပ်ဝယ်တာထက်စာရင် ပိုပြီးဈေးကြီးဦးမှာပဲ။”
ဟူချင်းစုန့်က ရယ်လိုက်ရင်း “ဒါအမှန်ပဲ။”
ဟန်ကျင်းဝူကမူ ချီနန်၏နောက်ကျောအား ထူးဆန်းသော အမူအရာဖြင့် ကြည့်ရင်း သူမ၏အကြည့်များသည် ထန်ရှု၏တည်ငြိမ်သော မျက်နှာဆီသို့ ကျရောက်သွားသည်။ သူမ၏စိတ်တွင်းတွင် သူငယ်ချင်းဖြစ်သူ၏ မှတ်ချက်စကားအား ရုတ်တရက် သတိရသွားခဲ့သည်။
ထန်ရှု၏ပုံရိပ်သည် အမှန်တကယ်ပင် မရိုးရှင်းသည်မှာ…ဖြစ်နိုင်လေမလား။
သို့သော်လည်း ထန်ရှု၏မိသားစုအခြေအနေအား သူမ သိသည်။ အထူးသဖြင့် တစ်နှစ်ကျော်ခန့် သူမ စုံစမ်းထားပြီးဖြစ်ရာ ထန်ရှု၏မိသားစုသည် အတော်လေး ဆင်းရဲသည်ကို သူမ နားလည်ထားသည်။ ထို့ကြောင့် ကြယ်တာရာတွင် ရှိစဉ်က သူမနှင့် လုပ်ဖော်ကိုင်ဖက်များသည် ထန်ရှုတို့စားသောက်ဆိုင်သို့ သွားကာ အစားအသောက်များစွာ မှာယူစားသောက်ရင်းဖြင့် ထန်ရှုတို့၏စီးပွားရေးအား တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သည်။
သို့သော် ယခုအမျိုးသမီးသည် သာမန်ဆိုင်ဝန်ထမ်းတစ်ယောက်နှင့် မတူချေ။
ဟန်ကျင်းဝူ ထိုအကြောင်းအား စဉ်းစားရင်း တွေးရခက်ဆဲဖြစ်နေသေးသည်။ သူမ၏ခေါင်းအား ယမ်းလိုက်ကာ ဝင်လာသော အတွေးရိုင်းအချို့အား ဖယ်ထုတ်လိုက်သည်။
ဟန်ကျင်းဝူ၏စိတ်တွင်းမှ အတွေးများအား သတိမပြုမိသော ထန်ရှုက ချီနန်အား ကြည့်လိုက်ပြီး
“ဆရာမဟန်နဲ့ ဟူချင်းစုန့် အရင်ထွက်နှင့်လေ။ ကျွန်တော် ပိုက်ဆံရှင်းတမ်းမှာ လက်မှတ်ထိုးပေးပြီး လိုက်ခဲ့မယ်။”
“ငါ နင်နဲ့ရှိနေမယ်လေ။” ဟန်ကျင်းဝူက အလျင်အမြန် ပြောလိုက်သည်။
“မဟုတ်တာ။” ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။ “ကျွန်တော် လက်မှတ်ထိုးပြီး ထွက်လာတာနဲ့ အတူပြန်ကြမယ်လေ။”
တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးမှ “ကောင်းပြီ။” ဟန်ကျင်းဝူ ဖြေလိုက်သည်။
ထို့နောက် ထန်ရှုက ကောင်တာဆီသို့ သွားကာ ပင်နံပါတ်နှိပ်ပေးပြီး ငွေရှင်းဖြတ်ပိုင်းပေါ်တွင် လက်မှတ်ထိုးပေးသည်။ ထို့နောက် သူက အေးဆေးစွာဖြင့်
“မင်းက ဒီဆိုင်က မန်နေဂျာလား။”
“ဟုတ်ပါတယ်။” ချီနန်က သိမ်မွေ့စွာ ဖြေသည်။
“ငါနဲ့ညစာ အတူလာစားတဲ့ သူတို့တွေက ငါ့ရဲ့ဆရာမနဲ့ အတန်းဖော်တွေပါ။ ကံကောင်းလို့ မင်းတုံ့ပြန်တာ မြန်သွားလို့သာပေ့ါ နို့မို့ဆို ငါ့ရဲ့ပုံရိပ်ကို ဖော်ပြပြီး ဖြစ်နေတော့မှာ။”
ထန်ရှု၏ထိုစကားအား ကြားရသည့် ချီနန်မှာ စိတ်သက်သာရာရသွားသည်။ သူမသည် ဟန်ကျင်းဝူနှင့် ဟူချင်းစုန့်အား လျင်မြန်စွာ ကြည့်လိုက်ပြီး သူမက အနည်းငယ် လှုပ်ရှားလိုက်ကာ ထန်ရှုအား ဟန့်တားရင်း စကားဆိုလိုက်သည်။
“ညွှန်ကြားစရာများ ရှိပါသေးလား သူဋ္ဌေး။”
“မရှိပါဘူး။ မင်းလုပ်စရာရှိတာ လုပ်ပါ။”
“ဟုတ်ကဲ့ပါ။ ဒါနဲ့ သူဋ္ဌေးရဲ့သူငယ်ချင်းက ၄လွှာအထူးခန်းမှာ အခု စားသောက်နေပါတယ်။” ချီနန်က ပြောသည်။
“သူငယ်ချင်းဟုတ်လား။ ဘယ်သူများလဲ။” ထန်ရှု အံ့အားသင့်သွားသည်။
“မြောင်ဝမ်တန်ပါ။”
“သူတစ်ယောက်တည်းလား သူငယ်ချင်းတွေနဲ့လား။” ထန်ရှုက တစ်ခဏမျှ စဉ်းစားလိုက်ရင်း လေသံနှိမ့်ကာ မေးသည်။
“သူငယ်ချင်းတွေနဲ့ပါ။ ရှန်ဟိုင်းက အကောင်ကြီးကြီးတွေ။” ချီနန်က ပြောသည်။
“အဲ့လိုဆိုမှဖြင့် ဆရာမနဲ့ အတန်းဖော်တွေကို ပြန်ပို့လိုက်ဦးမယ်။ သူ့ရဲ့ပါတီပွဲပြီးရင် မြောင်ဝမ်တန်ကို သွားနှုတ်ဆက်ပြီး ငါ့ကိုစောင့်ပေးပါလို့ ပြောပေးပါ။ မကြာခင် မပြီးဘူးဆိုရင်လည်း သူ့ဆီကို နောက်ကျရင် ငါ လာလည်မယ်ဆိုတာလေး ပြောပေး။ သူနဲ့ဆွေးနွေးစရာလေး ရှိနေတယ်။” ထန်ရှုက ပြောသည်။
“အဲ့ဒီအကြောင်း ငါ သူ့ကို ပြောထားနှင့်ရမလား။” ချီနန်က မေးသည်။
“မလိုဘူး။” ထန်ရှု ဖြေသည်။
လျင်မြန်စွာပင် ထန်ရှုသည် သူ၏ဘဏ်ကတ်အား အိတ်ထဲသို့ ထည့်ကာ ဟန်ကျင်းဝူတို့ဆီ ပြန်လာခဲ့ပြီးနောက် အပြုံးဖြင့် “အစားအသောက်က တကယ်ကို တန်တာပဲ။ သွားကြစို့။”
ထိုခဏတွင် သူ၏ဖုန်းထဲသို့ သတင်းပေးစာတိုတစ်စောင် ဝင်လာသည်။ ချီနန်သည် သူ၏ဘဏ်ကတ်ထဲမှ ၁ယွမ်သာ ကျသင့်ငွေအဖြစ် ယူထားသည်။
ခဏအကြာတွင် သူတို့၃ယောက်သည် စားသောက်ဆိုင်ထဲမှ ထွက်လာကြပြီး
“ငါ ဒီကို ကားမောင်းလာခဲ့တယ်။ နင်တို့ကို ကျောင်းဝင်းထဲ ပြန်ပို့ပေးမယ်လေ။ ဟုတ်သားပဲ။ နင်တို့ ဒီနေ့မှ ရှန်ဟိုင်းကို ရောက်တာမဟုတ်လား။ ဟောင်ပုမြစ်ရဲ့ညရှုခင်းကို မြင်ဖူးလား။”
“ဟင့်အင်း။ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။”ဟူချင်းစုန့်က ပြန်ဖြေသည်။
“ငါတို့ပြန်ရင် အဲ့ဒီကို ဖြတ်ရမှာဆိုတော့ နင်တို့ကို အဲ့ဒါကြည့်ဖို့ ခေါ်သွားပေးမယ်။” ဟန်ကျင်းဝူက ပြုံးကာ ပြောသည်။
“ဆရာမဟန်…ကျွန်တော် မနေ့ညက အဲ့ဒီရှုခင်းကို ကြည့်ပြီးပြီမို့ ဒီနေ့ မသွားတော့ဘူး။ ရှန်ဟိုင်းမှာ အမျိုးထဲက လူကြီးတစ်ယောက် ရှိတော့ ဒီည သူ့ကို အဖော်လုပ်ပေးမယ်လို့ ကျွန်တော် ကတိပေးထားတယ်။ အဲ့ဒါကြောင့် ဟူချင်းစုန့်ကိုပဲ ကျောင်းပြန်ပို့ပေးပါဗျ။ ကျွန်တော် ကားငှားပြီး အမျိုးအိမ်ကို တစ်ခါတည်း သွားတော့မယ်။”
အမျိုးတစ်ယောက်လား။
ဟန်ကျင်းဝူတစ်ယောက် ထန်ရှုအား အံ့အားသင့်စွာ ကြည့်နေမိရင်း ခေါင်းညိတ်ကာ
“အဲ့ဒါဆိုလည်း ဂရုစိုက်ပါ။ ရှန်ဟိုင်းက လုံခြုံရေး ကောင်းမွန်တယ်ဆိုပေမယ့်လည်း တစ်ယောက်တည်း အပြင်သွားရင် အထူးသဖြင့် ညဆိုရင် မမျှော်လင့်တာတွေ ဖြစ်တတ်တယ်။”
“အိုကေ” ထန်ရှုက ရယ်လိုက်ရင်း “ကျွန်တော် ချာတိတ်တစ်ယောက် မဟုတ်တော့လို့ မစိုးရိမ်ပါနဲ့။”
ဟန်ကျင်းဝူနှင့် ဟူချင်းစုန့်တို့ ကားဖြင့် ထွက်ခွာသွားချိန်တွင် ထန်ရှုသည် တခြားဘက်သို့ လမ်းလျှောက်ထွက်သွားသည်။ ဟန်ကျင်းဝူလှည့်ပြန်လာခြင်းအား ရင်မဆိုင်ရစေရန် သူသည် သေချာချင့်ချိန်ကာ ထာဝရခန်းမတစ်ဝိုက်တွင် လှည့်လာသွားလာပြီးမှ ပြန်ရောက်လာခဲ့သည်။
“သူဋ္ဌေး…”
ထန်ရှု ပြန်ရောက်လာသည်ကို တွေ့သော် ချီနန်က လေးစားစွာဖြင့် ခေါ်လိုက်သည်။
သူမအား ခေါင်းညိတ်တုံ့ပြန်ကာ ထန်ရှုက
“ငါ့ကို ဝိုင်ကောင်းကောင်း၂လုံးလောက် ယူလာပေးပြီး လေးလွှာက အထူးအခန်းကို ခေါ်သွားပေးပါ။”
“ဟုတ်ကဲ့ ကျေးဇူးပြုပြီး စောင့်ပေးပါ။”
ချီနန်က ဓာတ်လှေကားဆီသို့ အပြေးသွားလိုက်သည်။ ၂မိနစ်ကြာသော် သူမသည် လှပစွာ ထုပ်ပိုးထားသည့် ဝိုင်ပုလင်း၂လုံးအား သယ်ဆောင်ကာ ပြန်ရောက်လာပြီး တစ်ချက်ပြုံးလိုက်ကာ
“ဒါ ငါ စုဆောင်းထားတဲ့အထဲက အကောင်းဆုံးဝိုင်၂လုံးပါ။ ၄လွှာကို အစောပိုင်းက ငါ ပို့ပေးထားတဲ့ ဝိုင်ထက် ပိုကောင်းတယ်။”
ထိုဝိုင်ပုလင်းများအား တစ်ချက် ကြည့်လိုက်ပြီး ထန်ရှုက ခေါင်းညိတ်ရယ်မောလိုက်ကာ
“အလုပ်ဖြစ်ပါတယ်။ သွားကြစို့။”
ဒေါက်…ဒေါက်…
၄လွှာရှိအထူးခန်း၏တံခါးအား ချီနန်မှ ခေါက်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူမက တံခါးအား ညင်သာစွာ ဖွင့်လိုက်သည်။ သူ၏သူငယ်ချင်း၃ယောက်နှင့် စကားပြောနေသော မြောင်ဝမ်တန်အား ကြည့်ရင်း သူမက အသံလွင်လွင်ဖြင့် ရယ်မောလိုက်ကာ
“လူကြီးမင်းတို့…ကျွန်မ အနှောင့်အယှက် ထပ်ပြီး ပေးရတဲ့အတွက် တောင်းပန်ပါတယ်ရှင်။”
မြောင်ဝမ်တန်က မတ်တတ်ရပ်လိုက်ကာ စကားပြောတော့မည့်ဆဲဆဲတွင် ချီနန်၏အနောက်မှ ထန်ရှုလာနေသည်ကို မြင်လိုက်ရသည်။ သူ၏မျက်နှာထက်တွင် အံ့သြပျော်ရွှင်သော အမူအရာ ဖြစ်ပေါ်လာကာ ပြုံးရွှင်စွာဖြင့်
“ညီအစ်ကိုထန်…အခုပဲ မင်းအကြောင်း ပြောနေကြတာ။ သည်နေရာကို မင်းရောက်လာမယ်လို့ မထင်ထားမိဘူး။ မြန်မြန် အထဲဝင်ပါ။”
“အနှောင့်အယှက်ဖြစ်သွားလား။” ထန်ရှုက အပြုံးဖြင့် မေးသည်။
“မဟုတ်တာ မဟုတ်တာ။” မြောင်ဝမ်တန်က ရယ်ကာ ပြောလိုက်သည်။
“သူတို့က ငါ့သူငယ်ချင်းဟောင်း၃ယောက်လေ။ သူတို့လည်း မင်းကို သိချင်နေကြတယ်။ မင်းလာတဲ့အတွက် သူတို့လည်း ပျော်မှာပါ။ လာ…ငါ သူတို့နဲ့ မိတ်ဆက်ပေးမယ်။ ဒါက ကျန်းယွဲ့မင်…ရှင်းရန်အုပ်စုရဲ့သူဋ္ဌေး။ သူက ဂူချန်းမင်…တင်းရှန်မီဒီယာရဲ့သူဋ္ဌေး။ ဒီတစ်ယောက်က ကျင်းရှင်းကွေ့…ကျင်းတအိမ်ခြံမြေရဲ့သူဋ္ဌေး။ ငါတို့တွေ ခင်မင်ခဲ့တာ နှစ်၂၀လောက်ရှိပြီပေါ့။”
မြောင်ဝမ်တန်၏နွေးထွေးသော နှုတ်ဆက်မှုအောက်တွင် ထန်ရှုက ထိုလူ၃ယောက်အား ပြုံးကာ လက်ဆွဲနှုတ်ဆက်ရင်း ထိုင်လိုက်သည်။ ဆန့်ကျင်ဘက်အားဖြင့် ချီနန်သည် စားပွဲထိုးမလေးသဖွယ် သူမကိုယ်တိုင် ဝိုင်ပုလင်းဖွင့်ကာ ထန်ရှု၏ဖန်ခွက်ထဲသို့ အပြည့်ဖြည့်ပေးနေသည်။
“ထာဝရခန်းမကို ဒီနေ့လာတဲ့အတွက် ကြိုဆိုပါတယ်ဗျ။ ဒီနေ့မှာ တွေ့ရတာ ကျွန်တော်တို့ကြားက ရေစက်လို့လည်း ဆိုနိုင်ပါတယ်။ ဒီညစာစားပွဲက ကျွန်တော့်တာဝန်ထားလိုက်ပါ။ ကျွန်တော်တို့ရဲ့ထာဝရခန်းမကို နောက်ပိုင်းမှာ အထောက်အပံံ့ပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။”
ထန်ရှုက ဖန်ခွက်ကို မြှောက်ကာ အပြုံးဖြင့် ပြောသည်။
“သူဋ္ဌေးထန်က ယဉ်ကျေးလွန်းနေပါပြီ။” ကျင်းရှင်းကွေ့က ပထမဆုံး စကားပြောလိုက်ခြင်း ဖြစ်သည်။
ထန်ရှုက သူ့အား ပြုံးကာ ခေါင်းညိတ်တုံ့ပြန်ရင်း မြောင်ဝမ်တန်အား ကြည့်လိုက်ကာ
“အစက ကျွန်တော် ဒီကို ညစာစားဖို့အတွက် လာခဲ့တာ။ မမျှော်လင့်ပဲ ခင်ဗျားလည်း ရှိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ရှန်ဟိုင်းကို ရုတ်တရက် ဘယ်လို ရောက်လာတာလဲ။”
“ညီအစ်ကိုထန်…ငါ့ကို မသိတဲ့အတိုင်းပဲ။ ဒီမှာ ဝိုင်မြည်းစမ်းပွဲကြီးလုပ်တာ နှစ်ပေါင်းများစွာ ကြာလှပြီ။ သည်လိုအရေးကြီးတဲ့ပွဲမျိုးအတွက် ကောင်းမွန်တဲ့ ဝိုင်အရသာသစ်တွေ မြည်းစမ်းဖို့ ငါ တက်ကိုတက်ရမှာပေါ့။ ဒါနဲ့ မင်းကရော စားသောက်ဆိုင်ရဲ့ပိုင်ရှင်အသစ် ဘယ်လိုဖြစ်လာတာလဲ။”
“ပြောရမယ်ဆိုရင် ဇာတ်လမ်းအရှည်ကြီးတစ်ပုဒ်မို့လို့ နောက်မှ ပြောကြတာပေါ့။ ဝိုင်မြည်းစမ်းပွဲနဲ့ ပတ်သက်ရင်တော့ ဒီနှစ် ခင်ဗျားတို့ ဝိုင်သစ်ကောင်းကောင်းတစ်ခုကို မြည်းဖို့ အခွင့်ရမယ်ဆိုတာ သေချာတယ်။”
မြောင်ဝမ်တန်က အံ့အားသင့်သွားရင်း
“မင်း ဘာကို ဆိုလိုတာလဲ။ ဒီနှစ်မှာ အဲ့ဒီမှာ ပေါ်လာမယ့် ပစ္စည်းအသစ်ကို မင်းသိနေတယ်လို့ ငါ့ကို မပြောနဲ့နော်။”
“ကျွန်တော် ဝိုင်လုပ်ငန်းတစ်ခု တည်ထောင်ထားတာ မကြာသေးဘူး။ အဲ့ဒီလုပ်ငန်းရဲ့စီမံခန့်ခွဲရေးကို တခြားတစ်ယောက်ကို လွှဲထားတယ်ဆိုပေမယ့်လည်း ဖောက်နည်းက ကျွန်တော်ကိုယ်တိုင် လုပ်ထားတာ။ ဝိုင်မြည်းစမ်းပွဲအထိပဲ စောင့်လိုက် အံ့သြကျေနပ်စေရမယ်လို့ ကျွန်တော် သေချာပြောနိုင်တယ်။”
မြောင်ဝမ်တန်က ထူးဆန်းသောလေသံဖြင့်
“မင်း ဝိုင်ဖောက်မယ်လို့ ပြောတာ ငါကြားပေမယ့် တကယ်ကို ဝိုင်လုပ်ငန်းတည်ထောင်လိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းရဲ့ဝိုင်လုပ်ငန်းက ထုတ်တဲ့ ဝိုင်က တကယ်ကို ကောင်းရင် ဝိုင်လက်ကားဖြန့်တဲ့သူတွေနဲ့ အဆက်အသွယ်ရဖို့ ငါ ကူညီပေးမယ်။ အဲ့ဒါဆို မင်း ဝိုင်ရောင်းဖို့အတွက် စိတ်မပူရတော့ဘူး။”
ထန်ရှုက ခေါင်းယမ်းပြရင်း
“ခင်ဗျားရဲ့ကမ်းလှမ်းမှုကို ကျွန်တော် ငြင်းတယ်။ ကျွန်တော်တို့ရဲ့ဝိုင်ကို နိုင်ငံက အဓိကမြို့ကြီးတွေမှာရှိတဲ့ ကိုယ်ပိုင်သီးခြားကိုယ်စားလှယ်တွေကနေပဲ ဖြန့်ချီမယ်။”
“မင်းကြည့်ရတာ အရမ်းယုံကြည်မှုရှိနေသလိုပဲ ညီအစ်ကိုထန်…” မြောင်ဝမ်တန်က ရယ်ကာ ပြောသည်။
ကျင်းရှင်းကွေ့က ရုတ်တရက် ကြားဖြတ် ပြောလိုက်သည်။
“ညီအစ်ကိုထန်… မင်းမှာ ဝိုင်စီးပွားရေးလုပ်ငန်းတစ်ခုရှိသလို ငါကိုယ်တိုင်ကလည်း ဝိုင်ကောင်းချစ်သူတစ်ယောက်ပါ။ မင်းဆီက ဝိုင်တစ်သုတ်လောက် မှာထားချင်တယ်။ ၅၀မီလီယံဖိုးလောက်ဆိုရင် ဘယ်လိုလဲ။”
ဘာ…
မြောင်ဝမ်တန် ကြက်သေ သေသွားသကဲ့သို့ ကျန်းယွဲ့မင်နှင့် ဂူချန်းမင်တို့သည်လည်း ကြောင်အသွားရသည်။
ဒါက ဘာကြီးလဲ။ ကျင်းရှင်းကွေ့က ဒီဝိုင်တွေကို ဘယ်နေရာမှာ ဘယ်လိုရောင်းမှာလဲ။ ဒါကြီးက ဗလိုင်းကြီးကို မျက်နှာသာရဖို့ ကြိုးစားနေတာ မသိသာလွန်းဘူးလား။”
ထန်ရှု တစ်ခဏမျှ တိတ်ဆိတ်သွားပြီး
“ကျွန်တော် အစကတော့ ဒီရည်ရွယ်ချက် မရှိဘူး။ ဒါပေမယ့် သူဋ္ဌေးကျင်းက ပြောလာမှတော့ ဒါကို ငြင်းရင် ကျွန်တော် ရိုင်းရာကျတော့မယ်။ ဝိုင်တစ်ပုလင်းကို ယွမ်တစ်သောင်း သတ်မှတ်ထားပေမယ့် ခြွင်းချက်အနေနဲ့ ခင်ဗျားကို ကျွန်တော် ၂၀% လျှော့ပေးပါမယ်။ ကျွန်တော်တို့ ပထမဆုံး သဘောတူညီမှုစာချုပ်တစ်ခု လုပ်ကြတာပေါ့။ သည်တစ်ကြိမ်ပါပဲ။”
***