ကြိုတင်မှာယူခြင်း
Vol. 07 Ch. 330
ကျင်းရှင်းကွေ့က ဈေးကို ဂရုမစိုက်ချေ။ သူ ဂရုစိုက်သည်က ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ရန်သာ ဖြစ်သည်။ ထန်ရှု မည်မျှ ကြောက်စရာကောင်းသည်ကို အခြားသူများ မသိသော်လည်း သူ ကောင်းစွာ သိသည့်အတွက် ထန်ရှုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းသည် သူ့အတွက် အကျိုးကျေးဇူး မရလျှင်တောင်မှ သူ့အား ထိခိုက်လိမ့်မည်မဟုတ်ချေ။
“အိုကေ။ သူဋ္ဌေးထန် ပြောသလိုပဲ လုပ်ကြတာပေါ့။”
“သူဋ္ဌေးကျင်းက တကယ်ကို ပွင့်လင်းတာပဲ။ ရှန်ဟိုင်းရောက်ရုံရှိသေးတဲ့အချိန် သည်လိုပွင့်ပွင့်လင်းလင်းလူတစ်ယောက်နဲ့ သိကျွမ်းရလိမ့်မယ်လို့ ထင်မထားမိဘူး။ ခင်ဗျား စိတ်မရှိရင် ကျွန်တော့်ကို ထန်ရှုလို့ပဲ ခေါ်ပါ။ ဒါမှမဟုတ် အစ်ကိုမြောင် ခေါ်သလို ခေါ်လည်းရတယ်။”
ထန်ရှုက ရယ်သည်။
ကျင်းရှင်းကွေ့ ပျော်သွားကာ လျင်မြန်စွာ ရပ်လိုက်သည်။ ဝိုင်တစ်ပုလင်းအား ကိုင်ကာ ထန်ရှု၏ဖန်ခွက်အား ဖြည့်ပေးလိုက်ရင်း ရယ်ရယ်မောမောဖြင့်
“ဒီလိုအမြင် ရှိပေးတဲ့အတွက် ကျေးဇူတင်ပါတယ် ညီအစ်ကိုထန်။ ငါတို့တွေ့ဆုံတာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် မင်းကို ပထမဆုံးမြင်ကတည်းက သူငယ်ချင်းဟောင်း တစ်ယောက်လို ခံစားမိတယ်။ ညီအစ်ကိုထန်…လာ တစ်ခွက်သောက်ကြစို့။”
ထန်ရှုကလည်း မငြင်းဘဲ ကျင်းရှင်းကွေ့နှင့် ခွက်ချင်းတိုက်လိုက်ပြီး သူ၏ဝိုင်အား သောက်လိုက်သည်။
ကျင်းရှင်းကွေ့၏မျက်နှာပြောင်ပြောင် မြှောက်ပင့်နေမှုကို ကြည့်ရင်း ကျန်းယွဲ့မင်နှင့် ဂူချန်းမင် တွေးရခက်နေသည်။ ကျန်းရှင်းကွေ့လို ရှန်ဟိုင်းတွင် အလွန်လွှမ်းမိုးနိုင်သောသူတစ်ယောက်က မည်သည့်အကြောင်းကြောင့် သူ့ကိုယ်သူ နှိမ့်ချကာ ထန်ရှုအား ထိုကဲ့သို့ကောင်းပြနေသည်ကို မစဉ်းစားတတ်လောက်အောင် ဖြစ်နေကြသည်။
သူ…တစ်ခုခုများ သိနေတာလား။
သူတို့၂ယောက်သည် သိမြင်သူများဖြစ်ကြသည်။ ထိုအကြောင်းအရာအား မှန်းဆရန် ခက်ခဲသော်လည်း စိတ်တွင်းတွင် ထန်ရှုအား ပိုမိုစုံစမ်းလေ့လာရန် ဆုံးဖြတ်ထားလိုက်သည်။
ကျန်းယွဲ့မင်က သူ၏ဖန်ခွက်အား ကိုင်လျက်
“သူဋ္ဌေးထန်…ညီအစ်ကိုကျင်းက အမြဲ တစ်စုံတစ်ယောက်အပေါ် အမြင်ရှိတတ်တယ်။ မင်းဆီက ဝိုင်အများကြီး သူမှာမှတော့ သူဋ္ဌေးထန်ရဲ့ အောင်မြင်မှုတွေကနေ အကျိုးအမြတ် ရရှိနိုင်လို့ဖြစ်မယ်။ ငါလည်း မင်းဆီက ၅၀မီလီယံဖိုးလောက် မှာချင်ပါတယ်။ အဆင်ပြေမလား။”
“ငါရောပဲ ၅၀မီလီယံဖိုးလောက် ကြိုမှာထားချင်တယ်။” ဂူချန်းမင်က ပြောသည်။
“ပြသနာမရှိပါဘူး။” ထန်ရှုက ရယ်မောရင်း “ခင်ဗျားတို့၃ယောက်စလုံး ခမ်းနားသော ထန်လုပ်ငန်းစုက အထွေထွေမန်နေဂျာ ခန်းရှကို ဆက်သွယ်နိုင်တယ်။ ကျွန်တော် သူမကို ဒီအကြောင်း ကြိုပြောထားလိုက်မယ်။”
“ခမ်းနားသော ထန်လုပ်ငန်းစု။”
“ခန်းရှလား။”
ကျန်းယွဲ့မင်နှင့် ဂူချန်းမင်တို့ အလန့်တကြား ရေရွတ်လိုက်ကြသည်။ ကျင်းရှင်းကွေ့ပင်လျှင် မယုံကြည်နိုင်ဟန်ဖြင့် အံ့သြသွားရသည်။
စီးပွားရေးလောကတွင် ကျော်ကြားသော ပါရမီရှင် ခန်းရှသည် ရွှမ်းချင်ဒေသရှိ ကြယ်တာရာမြို့သို့ ရုတ်တရက် သွားကာ စီးပွားရေးလုပ်ငန်းတစ်ခုအား တည်ထောင်သည်ကို သူတို့အားလုံး သိထားကြသည်။ ရင်းနှီးမြှုပ်နှံမှုပမာဏသည်လည်း မသေးငယ်ကြောင်းကိုလည်း သိရှိထားပေသည်။ သို့သော် အနှီခန်းရှသည် ထန်ရှုအတွက် အလုပ်လုပ်ပေးနေသည်ကိုမူ သူတို့ မမျှော်လင့်ထားမိကြချေ။ ထိုသတင်းသာ ပေါက်ကြားသွားပါက စီးပွားရေးနှင့်ဘဏ္ဍာရေး မီဒီယာလောက၏ မနက်ဖြန်ခေါင်းကြီးပိုင်းတွင် သည်လူငယ်၏အကြောင်းသာ သေချာပေါက် ဖုံးလွှမ်းသွားပေလိမ့်မည်ဖြစ်သည်။
“ကြည့်ရတာ မင်းတို့ ဒီအကြောင်းကို မသိသေးဘူးထင်တယ်။” မြောင်ဝမ်တန်က ရယ်မောကာ ပြောလိုက်သည်။
“ဒါမှန်တယ်။ ညီအစ်ကိုထန်က သူကိုယ်တိုင် ဘာမှ မလုပ်ပေမယ့် အလုပ်လုပ်ဖို့ တခြားသူတွေကို တောင်းဆိုထားတယ်။ ခမ်းနားသော ထန်ရဲ့ကိစ္စတွေကို ပုံမှန်အားဖြင့်တော့ သူ မစီမံဘူး။ ကြယ်တာရာက မြို့သစ်စီမံကိန်းမှာ ငါရင်းနှီးမြှုပ်နှံထားတာ မင်းတို့အားလုံး သိကြတယ်မဟုတ်လား။ တကယ်တော့ အဲ့ဒီစီမံကိန်းကို ကမကထလုပ်တဲ့သူက ညီအစ်ကိုထန်ဖြစ်ပြီးတော့ ကျန်တဲ့သူတွေက ရှယ်ယာရှင်တွေလေ။ စီးပွားရှာငွေရှာတာလုပ်ဖို့ မိသားစုလိုက် သူ့ကို အထောက်အပံ့ ပေးကြတာ။”
ပြင်းထန်သော သတင်းက တစ်ဖန် ရိုက်ခတ်လိုက်သောကြောင့် ကျန်းယွဲ့မင်၊ ဂူချန်းမင်နှင့် ကျင်းရှင်းကွေ့တို့မှာ ကြက်သေ သေသွားရပြန်သည်။ ကြယ်တာရာတွင် ဆန်းကြယ်သည့် ဗိသုကာဒီဇိုင်းနှင့် ကြီးမားသော ဆောက်လုပ်ရေးစီမံကိန်းရှိသည်ကို သူတို့အားလုံး သိကြသည်။ ထိုစီမံကိန်းအား ကြည့်စဉ်က သူတို့သည်ပင် အကျိုးအမြတ်အချို့ ရရှိရန်အတွက် သူတို့ပိုင်ဆိုင်သမျှအားလုံး ပါဝင်နိုင်သည်ဟု အတွေးရှိခဲ့ဖူးသည်။
သူတို့၏ပုံရိပ်များသည် မည်သူတွေဖြစ်ပါသနည်း။
သူတို့တွင် မည်သည့် ထိုးထွင်းသိမြင်မှုနှင့် အမြင်များ ရှိပါသနည်း။
သို့သော် သည်ကဲ့သို့ စီမံကိန်းကြီးတစ်ခုတွင် ပါဝင်သော အမြတ်အစွန်းများစွာအား မည်ကဲ့သို့ ကြိုတင်သိမြင်နိုင်ပါမည်နည်း။
သူတို့မပါဝင်နိုင်ခဲ့သည့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၁၀၀ဘီလီယံ ရှိသော သည်ကဲ့သို့ စီမံကိန်းကြီးတစ်ခုအား ကမကထပြုလုပ်သူသည် သူတို့၏အရှေ့တွင် ရှိနေသော လူရွယ်ဖြစ်လိမ့်မည်ဟု မည်သည့်အခါမျှ ထင်မထားမိကြပါချေ။
ကျန်းယွဲ့မင်၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်မျှ မဲ့ရွဲ့သွားရကာ သူ၏လက်မအား ထောင်ပြပြီး ချီးကျူးစကားဆိုလိုက်သည်။
“သူဋ္ဌေးထန်ကြောင့် ငါတို့ တကယ်ကို ရှက်မိပါတယ်။ ငါတို့တွေ ဆယ်စုနှစ်များစွာ အလုပ်ကြိုးကြိုးစားစား လုပ်ခဲ့ကြပြီး ပိုက်ဆံတွေ ပုံနေအောင် ရခဲ့တာတောင်မှ သည်လိုနည်းလမ်းကြီးထဲမှာ မင်းလို ကစားဖို့ မလုပ်ရဲဘူး။”
“လူကြီးမင်းတို့…စီးပွားရေးအကြောင်း မပြောကြရအောင်။ ကျွန်တော်က တကယ်တော့ ကျားတစ်ကောင်ကို မကြောက်တဲ့ နွားသိုးပေါက်စလေးတစ်ကောင်ပါပဲ။ ကျွန်တော် ကျရှုံးခဲ့ရင်တောင်မှ တစ်ဖန်ပြန်လည်စတင်နိုင်ပါတယ်။ ခင်ဗျားတို့ကို လေးစားတဲ့အနေနဲ့ တစ်ခွက်လောက် ဂုဏ်ပြုပါရစေ။” ထန်ရှုက အပြုံးဖြင့် ပြောသည်။
“လာ…”
“ချီးယားစ်…”
ငါးယောက်သား ဖန်ခွက်များ တိုက်ကာ သောက်လိုက်ကြသည်။
ထို့နောက် ထန်ရှုက မတ်တတ်ရပ်ကာ အပြုံးဖြင့်
“လူကြီးမင်းတို့…ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ ခင်ဗျားတို့ပါတီကို မနှောင့်ယှက်တော့ဘူး။ ဒီနေ့ ပါဝင်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ဆီကို အကောင်းဆုံးဝိုင်ပို့ဖို့ ချီနန်ကို ကျွန်တော် သေချာပြောထားလိုက်ပါမယ်။ အစ်ကိုကြီးမြောင်…ပါတီပွဲပြီးသွားရင် စားသောက်ဆိုင်ရုံးခန်းကို ကျေးဇူးပြုပြီး လာခဲ့ပါဦး။ ကျွန်တော် ခင်ဗျားနဲ့ တိုင်ပင်စရာလေးတစ်ခုရှိလို့။”
“ပြသနာမရှိဘူး။” မြောင်ဝမ်တန်က အပြုံးဖြင့် ပြောသည်။
ထို့နောက် ထန်ရှုနှင့် ချီနန်သည် အထူးအခန်းမှ ထွက်လာကြပြီး စားသောက်ဆိုင်၏ အထွေထွေမန်နေဂျာ ရုံးခန်းဆီသို့ လာခဲ့ကြသည်။ ထန်ရှု ဆိုဖာပေါ်တွင် ထိုင်နေစဉ် လက်ဘက်ရည်ကောင်းအား ကြည့်တတ်သောအမြင်ရှိသူ ချီနန်သည် ထန်ရှုအတွက် လက်ဘက်ရည်တစ်အိုးအား ကိုယ်တိုင်တည်ခင်းသည်။
လက်ဘက်ရည် သောက်ပြီးနောက် ထန်ရှုသည် သူမအား ထိုင်ရန် အချက်ပြပြီး
“ငါ မမေးမိသေးလို့။ မင်းနာမည်က ဘယ်လိုခေါ်လဲ။”
“ချီနန်ပါ သူဋ္ဌေး။ အရောက်နောက်ကျတယ်ဆိုတဲ့ ချီနဲ့ တရုတ်ထင်းရှူးပင်ဆိုတဲ့ နန်ပါ။” ချီနန်က လေးစားစွာ ဖြေသည်။
“ကြည့်ရတာ မင်းလည်း ထာဝရခန်းမရဲ့အဓိက အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်မယ်ထင်တယ်။ နို့မို့ဆိုရင် ငါ့ဓာတ်ပုံကို မြင်ဖူးမှာမဟုတ်ဘူး။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောသည်။
“ဟုတ်ပါတယ်။ ထျန်းလီနဲ့ ဟောင်လဲ့တို့ထက် ထာဝရခန်းမကို ရောက်တာ နှစ်အနည်းငယ် နောက်ကျပေမယ့်လည်း ဆရာသခင်သူဋ္ဌေးကပဲ မွေးစားခဲ့ပြီး သိုင်းပညာကို သင်ပေးခဲ့တာပါ။”
“မင်းကို ကြည့်ရတာ ငါ့ကို ကြောက်နေတဲ့ပုံပဲ။” ထန်ရှုက ရယ်သွမ်းသွေးကာ ပြောသည်။
“သူဋ္ဌေးက ငါတို့ရဲ့သူဋ္ဌေးပါ။ ငါတို့ရဲ့သစ္စာရှိမှုကို ပြရမယ့်သူတစ်ယောက်ပါ။” ချီနန်က ချီတုံချတုံနှင့် ပြောသည်။ “အဲ့ဒါ ငါ ကြောက်နေတဲ့အကြောင်းရင်း ဖြစ်ပါတယ်။”
“မကြောက်ပါနဲ့။ ငါက ကျားတစ်ကောင် မဟုတ်သလို သွေးဆာနေတဲ့ လူသတ်သမားတစ်ယောက်လည်း မဟုတ်ဘူး။” ထန်ရှုက ရယ်ရင်း ဆက်ပြောသည်။ “ဆိုတော့ မင်း ငါ့ကို မကြောက်ဖို့ မျှော်လင့်တယ် ဒါမှသာ ငါတို့က ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်လာလိမ့်မယ်။”
ချီနန် ခေါင်းကို ငုံ့ထားပြီး မည်သည့်စကားသံမျှ ထွက်မလာချေ။
ထန်ရှုက သူမအား ကြည့်လိုက်ပြီး
“မင်း ငါ့ရှေ့မှာ သည်လိုမျိုး သတိကြီးစွာထားပြီး နေရာခက်တဲ့ပုံစံမျိုး ဖြစ်ဖို့မလိုဘူး။ ငါက ငါ့လူတွေကို မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်ပဲ ဆက်ဆံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါက သူတို့ရဲ့ရင်းနှီးတဲ့ ရဲဘော်ရဲဘက်ဖြစ်ချင်တယ်လေ။ အဲ့ဒါကြောင့် မင်းတို့ ငါ့အပေါ်မှာ တူညီတဲ့ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် သဘောထား ရှိနေသရွေ့ ငါ့ရဲ့အရင်းနှီးဆုံး ရဲဘော်ရဲဘက်တွေလို့ ငါ သဘောထားတယ်။”
“ဒါအမှန်လား။” ချီနန်က မော့ကြည့်ကာ မေးလာသည်။
“အမှန်ပေါ့။” ထန်ရှုက ပြုံးလိုက်ရင်း “ငါ့ရဲ့ရန်သူတွေအတွက် ငါက အကြင်နာတရားမရှိတဲ့ ရက်စက်တဲ့လူတစ်ယောက် အမြဲတမ်း ဖြစ်နေပေမယ့် ငါ့လူတွေကိုတော့ အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံတာပါ။ ကမ္ဘာကြီးက အရမ်း ရှုပ်ထွေးတော့ ငါ့လူတွေရှိဖို့ဆိုတာကလည်း မလွယ်လှဘူး။ အဲ့ဒါကြောင့် အရည်အချင်းရှိတဲ့သူတွေကို ငါ အရမ်း သဘောကျတယ်။ ပြောရမယ်ဆိုရင် မင်းက အရမ်းစမတ်ကျပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက်လို့ ငါမြင်တယ်။”
ချီနန်၏စိတ်တွင်းမှ ပျော်ရွှင်သွားရပြီး ပြုံးလိုက်ကာ
“ငါ့ကို ဒီလိုချီးကျူးတာ ဂုဏ်ယူစရာကောင်းနေပါပြီ သူဋ္ဌေး။”
ထန်ရှုက ရယ်မောလိုက်ရင်း
“ဂုဏ်ယူဝင့်ကြွားတာ ကိစ္စမရှိပါဘူး ဒါပေမယ့် စိတ်ကြီးဝင် ဘဝင်မြင့်တာမျိုးတော့ မဖြစ်စေနဲ့။”
“စိတ်မပူပါနဲ့ သူဋ္ဌေး။ ငါ အဲ့ဒါကို ကောင်းကောင်းသိပါတယ်။” ချီနန်က ပြုံးကာ တုံ့ပြန်လိုက်သည်။
သူမ၏တုံ့ပြန်မှုအပေါ် ထန်ရှု ခေါင်းညိတ်လိုက်ရင်း လက်ဝှေ့ယမ်းပြကာ
“ကောင်းပြီ။ လုပ်စရာရှိတာ သွားလုပ်ပါ။ ငါ ဒီမှာ ခဏနေဦးမယ်။ မြောင်ဝမ်တန် သူ့ကိစ္စတွေပြီးသွားရင် သူ့ကို ဒီနေရာ လမ်းပြပေးလိုက်ပါဦး။”
“နားလည်ပါပြီ။” ချီနန်က ခေါင်းညိတ်ကာ ထရပ်ပြီး ရုံးခန်းအတွင်းမှ ထွက်သွားသည်။
လေးလွှာ အထူးအခန်းတွင်…
ထန်ရှု ထွက်သွားပြီးနောက် ကျန်းယွဲ့မင်သည် ကျင်းရှင်းကွေ့အား ကြည့်ကာ သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ညီအစ်ကိုကျင်း… မင်း ဘာကြောင့် ဒီလိုဆက်ဆံနေတာလဲ။ မင်း ထန်ရှုနဲ့ အသိအကျွမ်း ဖြစ်ချင်နေတာ ငါ သိပေမယ့် ဒီလိုမျိုး သိသာနေတာတော့ မဖြစ်သင့်ဘူးမဟုတ်လား။”
“မင်း နားမလည်ပါဘူး။” စိတ်ကောင်းဝင်နေသော ကျင်းရှင်းကွေ့က အပြုံးဖြင့် ပြောလိုက်သည်။
“ညီအစ်ကိုကျင်း…ငါတို့က သူစိမ်းတွေမှ မဟုတ်တာ။ ထန်ရှုက ဥပဓိရုပ်ကောင်းပြီး ပေါင်းသင်းရ လွယ်တယ်ဆိုတာ မင်းလည်း မြင်တာပဲ။ အဲ့ဒါကြောင့် ပြောပါ။ ထန်ရှုနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ အရမ်းစိတ်လှုပ်ရှားနေရတဲ့ အကြောင်းက ဘာလဲ။”
ချီတုံချတုံ ဖြစ်နေသော ကျင်းရှင်းကွေ့က မြောင်ဝမ်တန်အား ကြည့်လိုက်သည်။
မြောင်ဝမ်တန်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ညီအစ်ကိုကျင်း…ညီအစ်ကိုကျန်းက မေးမှတော့ သူ့ကို ပြောပြလိုက်ပါ။ ငါလည်း ထန်ရှုအကြောင်း တော်တော်များများ သိကောင်းသိနိုင်ပေမယ့် အများကြီးတော့ မသိဘူး။ မင်း ဒီနေ့ပြောတဲ့ အကြောင်းအရာကို တစ်လုံးမှ အပြင်ကို မပေါက်ကြားစေရဘူးလို့ ငါတို့ ကတိပေးတယ်။”
“ဒါအမှန်ပဲ။” ကျန်းယွဲ့မင်က လျင်မြန်စွာ ခေါင်းညိတ်ပြီး ပြောသည်။
“ငါတို့ ဒီအကြောင်းကို လျှို့ဝှက်ထားပေမယ်။ ငါတို့၄ယောက်ကလွဲပြီး ဘယ်သူမှ မသိစေရဘူး။”
အကြောင်းအရာတစ်ခုလုံးအား သိလိုစိတ် အားကြီးနေသော ဂူချန်းမင်ကလည်း
“စိတ်မပူနဲ့ ကိုယ့်လူ။ ငါကလည်း ပါးစပ်ဖွာတဲ့သူတစ်ယောက် မဟုတ်ပါဘူး။”
ကျင်းရှင်းကွေ့၏မျက်နှာထက်တွင် အားတင်းထားသောအပြုံးတစ်ချက် ပေါ်လာပြီး
“မင်းတို့အားလုံး ဒီလိုပြောနေမှတော့ ငါ ဒါကို ထပ်ပြီး မဖုံးကွယ်ထားတော့ဘူး။ ဒါပေမယ့် ဒီကိစ္စက အရမ်းကိုအရေးကြီးတဲ့ ကိစ္စဖြစ်နေတော့ ဒီအကြောင်းသာ သတင်းပြန့်သွားရင် ငါ မင်းတို့ကို နောက်ထပ် အယုံအကြည်ရှိတော့မှာ မဟုတ်ဘူး။”
“စိတ်ချပါ။” မြောင်ဝမ်တန်က ပြောသည်။
ကျင်းရှင်းကွေ့က တည်ကြည်သော မျက်နှာထားဖြင့်
“မင်းတို့အားလုံး ဟောင်ကောင်က ဝမ်ယွမ်အိမ်ခြံမြေရဲ့ သူဋ္ဌေး ချန်းကျန်းရီကို သိကြတယ်မဟုတ်လား။”
“ငါ သူ့ကို သိတယ်။” မြောင်ဝမ်တန်က ပြောသည်။ “သူက အတော်လွှမ်းမိုးနိုင်တဲ့ ပုံရိပ်ရှိတယ်။”
“ညီအစ်ကိုကျင်းက သူ့ရဲ့ဝမ်းကွဲလား။” ကျန်းယွဲ့မင်က အံ့အားသင့်စွာ မေးသည်။
“ဟုတ်တယ်။ သူက တကယ်တော့ ငါ့ရဲ့အဖေဘက် အဒေါ်ရဲ့သားပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဟောင်ကောင်မှာ သူ မတော်တဆတစ်ခု ဖြစ်ခဲ့တယ်။” ကျင်းရှင်းကွေ့က ခါးသီးစွာ ရယ်မောသည်။
“အဲ့ဒါက ထန်ရှုနဲ့ ပတ်သက်နေတာလား။” ကျန်းယွဲ့မင်က ဖျတ်ကနဲသိသွားသောအမူအရာဖြင့် မေးသည်။
“ဟုတ်တယ်။ အဲ့ဒါ ငါ့တူကြောင့် ဖြစ်တာပဲ။ သူက ထန်ရှုကို ပြစ်မှားမိတယ်လေ။ ရလဒ်က အရိုက်ခံလိုက်ရတာပဲ။ ထာဝရခန်းမကတောင် သူ့ကို ဖမ်းထားခဲ့တယ်။ ငါ့ရဲ့ခေါင်းမာတဲ့ ဝမ်းကွဲအစ်ကိုက ထာဝရခန်းမကလူတွေနဲ့ ပဋိပက္ခ ဖြစ်ကြတယ်။ အဲ့ဒီအချိန်မှာ ထန်ရှုလည်း အဲ့ဒီနေရာမှာ ရှိနေတယ်။ သူ ပြန်ဆုတ်လာရတဲ့အကြောင်းအရာက ငါ့ကို ကြောက်ရွံ့သွားစေတယ်။” ကျင်းရှင်းကွေ့က ဆက်ပြောသည်။
“ဘာတွေ ဖြစ်ခဲ့ကြလို့လဲ။” ကျန်းယွဲ့မင်က အလျင်စလို မေးလိုက်သည်။
“အလန့်တကြားတော့ မဖြစ်သွားကြနဲ့နော် ဟုတ်ပြီလား။” ကျင်းရှင်းကွေ့က လေသံကိုနှိမ့်ကာ
“နားထောင်… ငါ ဖြည်းဖြည်းချင်း ပြောပြမယ်။ ထန်ရှုကို ပြစ်မှားတဲ့သူတွေက တကယ်တမ်းတော့ လူရွယ်၄ယောက်ပဲ။ နာမည်တွေက…”
၄မိနစ်-၅မိနစ် ကြာသော် ကျင်းရှင်းကွေ့သည် အဖြစ်အပျက်တစ်ခုလုံးအား ပြောပြီးဖြစ်တော့သည်။ အဆုံးတွင် သူက ခါးသီးစွာ ပြုံးလိုက်ပြီး
“ဝမ်ယွင်အိမ်ခြံမြေရဲ့ရှယ်ယာ ၄၉%က နစ်နာကြေးအဖြစ် ပေးရမှာဖြစ်သလို အဲ့ဒီကို ခေါ်သွားတဲ့ ငါ့အစ်ကိုဝမ်းကွဲအောက်က လူတွေလည်း အသတ်ခံလိုက်ရတယ်။ အခြားလူတွေလည်း သူ့လို ဆိုးဆိုးရွားရွား ကြုံခဲ့ရတာပဲ။ မင်းတို့ ငါ့ကို ပြောစမ်းပါ။ ထန်ရှုက ကြောက်စရာကောင်းလား မကောင်းဘူးလား။”
“သူက ကြောက်စရာကောင်းလွန်းတယ်။”
ကျန်းယွဲ့မင်နှင့် ဂူချန်းမင်တို့ တံတွေးတစ်ချက် မျိုချလိုက်မိကြသည်။ ပြန်ဖြေသော သူတို့၏အသံသည် အတန်ငယ်ပင် တုန်ရီနေပေသည်။
ထာဝရခန်းမသည် ထိုမျှ စွမ်းအားကြီးလိမ့်မည်ဟု သူတို့၏အိပ်မက်ထဲတွင်ပင် ထည့်မမက်မိကြချေ။ ထိုနည်းတူစွာ ထန်ရှုသည်လည်း အလွန်ရက်စက်သောသူ ဖြစ်လိမ့်မည်ဟု မတွေးထားမိကြချေ။ သေဆုံးခဲ့သည်မှာ အသက်ရာများစွာ ဖြစ်သည်။ သူသည် အမိန့်ပေးခဲ့ခြင်းဖြင့် လူများစွာအား သတ်ခဲ့သည်။
“သည်အဖြစ်ကို ထာဝရခန်းမက အစောင့်တွေချည်းပဲ လုပ်တာဆိုရင် ငါ ဒီလောက်ကြောက်မှာမဟုတ်ဘူး။” ကျင်းရှင်းကွေ့က သက်ပြင်းချလိုက်ပြီး “ဒါပေမယ့် ငါ့ဝမ်းကွဲ ပြောပုံအရဆိုရင် ထန်ရှုလည်း သတ်ခဲ့တယ်။ သူကိုယ်တိုင် သတ်တာက လူ၂၀ထက်မနည်းဘူး။ လူတစ်ယောက်တည်းက လူ၂၀ကို သတ်တာနော်။”
“အရမ်း ကြောက်စရာကောင်းလိုက်တာ။”
ကျန်းယွဲ့မင်နှင့် ဂူချန်းမင်တို့သည် ထိုနေရာသို့အရောက်တွင် ပိုမိုကြေညက်ရန် ခက်ခဲသွားရကာ တုန်ရီသွားရသည်။
မြောင်ဝမ်တန်မှာမူ အတော်အံ့အားသင့်သွားရခြင်းသာ ဖြစ်ခဲ့သည်။ သူသည် ထန်ရှု၏ခွန်အားကို သိထားသည်။ ပြီးခဲ့သော ၂လ-၃လအတွင်းတွင် ထန်ရှု၏ခွန်အား မည်မျှတိုးတက်လာသည်ကို သူ မသိသော်လည်း ထန်ရှု၏လွန်ခဲ့သောစွမ်းရည်အား စဉ်းစားကြည့်ပါက သာမန်လူ၂၀အား သတ်ခြင်းသည် သူ့အတွက် အလွယ်လေး ဖြစ်ပေလိမ့်မည်။
***