ဂူအပ်များ
Vol. 07 Ch. 331
ထန်ရှုအကြောင်း အတန်ငယ်သိထားသော မြောင်ဝမ်တန်မှတစ်ပါး အထူးခန်းထဲရှိ ကျန်သောသူများသည် ထန်ရှုအကြောင်းအား တစ်ဆင့်စကားဖြင့်သာ ကြားဖူးခြင်းဖြစ်သည်။ ကျင်းရှင်းကွေ့ထံမှ အဖြစ်အပျက်အား ကြားပြီးနောက် သူတို့သည် တိတ်ဆိတ်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းခြင်း။
ရက်စက်ခြင်း။
သနားညှာတာမှုကင်းမဲ့ခြင်း။
ယခုမှစပြီး ထန်ရှုအပေါ်ထားသည့် သူတို့အမြင်သည် လုံး၀ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
အဟွတ်…အဟွတ်…
ချောင်း၂ကြိမ်ဆိုးပြီး မြောင်ဝမ်တန်က ပေါ့ပါးစွာ စကားစလိုက်သည်။
“ငါ ထန်ရှုနဲ့ လွန်ခဲ့တဲ့ကာလက ကိစ္စတစ်ခုကို လက်တွဲလုပ်ခဲ့တယ်။ အဲ့ဒါကြောင့် သူ့အကြောင်း တော်တော်များများ ငါသိတယ်လို့ ဆိုနိုင်တယ်။ သူ့ရန်သူတွေအတွက် သူက ရက်စက်တယ် အကြင်နာကင်းမဲ့တယ်လို့ဆိုရပေမယ့် သူ့မိတ်ဆွေသူငယ်ချင်းတွေအတွက်ဆိုရင် သူက အလွန်ကို မှန်ကန်ဖြောင့်မတ်ပါတယ်။ အဲ့ဒါကြောင့် မင်းတို့ သူ့ကို ဆန့်ကျင်တာ ဘာမှ မလုပ်သရွေ့ သူကလည်း မိတ်ဆွေသူငယ်ချင်းတွေကို ဘာမှ လုပ်မှာမဟုတ်ပါဘူး။ နောက်ပြီး ညီအစ်ကိုကျင်း…ဒီနေ့လုပ်သွားတာ ကောင်းတယ်။ ထန်ရှုက အဲ့ဒီအတွက် မင်းကို အသိအမှတ်ပြုသွားတာ သေချာတယ်။ အနာဂတ်မှာ သူနဲ့ ဆက်ဆံရေးကောင်းနေသရွေ့ မိတ်ဆွေသူငယ်ချင်းလုပ်ဖို့ဆိုတာ အလွယ်လေးပါ။”
လူတိုင်း၏အမူအရာသည် ချက်ချင်းပင် သက်သာရာ ရသွားခဲ့သည်။
ကျင်းရှင်းကွေ့၏မျက်နှာထက်တွင် အပြုံးတစ်ချက် ပေါ်လာကာ ခေါင်းညိတ်ရင်း
“အရင်က ထန်ရှုနဲ့ မဆက်ဆံဖူးတော့ စိုးရိမ်နေခဲ့မိတယ်။ ဒါပေမယ့် သူ့ကိုတွေ့ပြီးတဲ့နောက်မှာ ငါ စိတ်သက်သာသွားပါပြီ။ သူက ငါကြောက်နေခဲ့သလို မကောင်းဆိုးရွားဆန်တဲ့သူမျိုး မဟုတ်ဘူး။”
သို့သော် သူ၏မျက်နှာထက်မှ အပြုံးသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး တည်ငြိမ်သော အမူအရာဖြင့် အစားထိုးလာကာ
“ငါ အခုပြောတဲ့အကြောင်းတွေကို နှုတ်လုံမှဖြစ်မယ်နော်။ နို့မဟုတ်ရင် ထန်ရှု ရန်ငြိုးထားတာ ခံရရုံတင်မကဘူး ငါ့အစ်ကိုဝမ်းကွဲပါ အဆုံးသတ်မလှ ဖြစ်သွားရလိမ့်မယ်။”
“စိတ်ချပါ။”
“ငါတို့ သိပါတယ်။”
ကျန်သူများက ခေါင်းညိတ်ကာ သူတို့နာခံမှုုကို ဖော်ပြကြသည်။
နာရီဝက်ကြာပြီးနောက် မြောင်ဝမ်တန်သည် သူတို့အား ပြန်ပို့ပေးပြီး အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ သူသည် ချီနန်၏ဦးဆောင်မှုအောက်တွင် အထွေထွေမန်နေဂျာ၏ ရုံးခန်းဆီသို့ ရောက်လာခဲ့သည်။
ဒေါက်…ဒေါက်…
တံခါးခေါက်သံကြားရသဖြင့် ထန်ရှု အိပ်မောကျနေရာမှ နိုးထလာခဲ့သည်။
“အစ်ကိုမြောင် ဝင်လာခဲ့ပါ။”
ထန်ရှု ဆိုဖာပေါ်မှ မတ်တတ်ရပ်လိုက်ပြီး အပြုံးဖြင့် ခေါ်လိုက်သည်။
မြောင်ဝမ်တန်က အပြုံးဖြင့်
“ညီအစ်ကိုထန်…ငါနဲ့ အရေးတကြီး ဆွေးနွေးစရာကိစ္စတစ်ခု ရှိတာလား။ ကောင်းတဲ့အရာတစ်ခု ပြုလုပ်ဖို့ အရေးကြီးတဲ့ အစီအစဉ်တစ်ခု ဖြစ်နိုင်ပြီး ငါ့ကို ပါဝင်စေချင်တာလား။”
“ဟီးဟီးဟီး” ထန်ရှုက အားပါးတရ ရယ်လိုက်ပြီး “ဘယ်လိုလုပ်ပြီး သည်လိုကောင်းတဲ့အရာတစ်ခု ဖြစ်နိုင်မှာလဲ။ ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်တာက အကူအညီတောင်းချင်လို့ပါ။”
“ဘာများလဲ။ ငါ့ကို ပြောစမ်းပါဦး။” မြောင်ဝမ်တန်က ပြောသည်။
“ခင်ဗျားက ကျင့်ကြံသူတစ်ယောက်ဆိုတော့ အပူဓာတ်အားကြီးတဲ့၊ အပူဒဏ်ခံနိုင်တဲ့ ကျိုတဲ့မီးဖိုတွေအကြောင်း သိတယ်မဟုတ်လား။ ဆေးလုံးတွေ သန့်စင်တာမှာ သုံးတဲ့ဟာမျိုးမဟုတ်ဘူး။ လက်နက်တွေကို သန့်စင်ရာမှာ သုံးတဲ့ဟာမျိုး။ လက်နက်အသေးစားလေးတွေ ထုလုပ်ဖို့ ကျွန်တော် ပြင်ဆင်နေပေမယ့် သင့်တော်တဲ့ မီးဖိုတစ်ခု ကျွန်တော့်ဆီမှာ မရှိလို့။ အဲ့ဒါကြောင့် ဘယ်နေရာမှာ ရှာလို့ရမလဲလို့ အစ်ကိုမြောင်ကို မေးချင်တာ။”
မြောင်ဝမ်တန် မျက်မှောင်ကြုပ်သွားပြီး
“လက်နက်တွေလုပ်ရာမှာ သုံးတဲ့ မီးဖိုမျိုးလား။ တစ်ခုလောက် ရှာတွေ့ရင်တောင်မှ တစ်စုံတစ်ယောက်က ရောင်းရမယ် မဟုတ်လား။ အဲ့ဒီလိုမီးဖိုမျိုးရှိတဲ့သူ တစ်ယောက်ကိုတော့ ငါသိထားတယ်။ ဒါပေမယ့် သူရောင်းချင်လား မရောင်းချင်လားဆိုတာတော့ ငါ သေချာမသိဘူး။”
“ဘယ်သူများလဲ။” ထန်ရှု၏အမူအရာလှုပ်ရှားသွားကာ လျင်မြန်စွာ မေးလိုက်သည်။
“မင်းလည်း သူ့ကို သိပါတယ်။ တာအိုဘုန်းတော်ကြီး ဇီယီလေ။”
“တာအိုဘုန်းတော်ကြီး ဇီယီမှာ လက်နက်တွေလုပ်ရာမှာသုံးတဲ့ မီးဖိုတစ်လုံး ရှိတယ်ဟုတ်လား။” ထန်ရှုက အံ့အားသင့်သွားသည်။
“ကြည့်ရတာ ကျွန်တော် သူ့ဆီ ဖုန်းဆက်ရမယ်ထင်တယ်။ သူသာ ကျွန်တော့်ကို ရောင်းချင်တဲ့ဆန္ဒရှိရင် အဲ့ဒါအတွက် သင့်တင့်တဲ့ဈေးနှုန်းပေးမှာပါ။”
“ညီအစ်ကိုထန်…ငွေကြေးက ဘုန်းတော်ကြီးဇီယီအတွက် ဘာမှမဟုတ်ပေမယ့် အပ်လည်း မအပ်စပ်ဘူး။” မြောင်ဝမ်တန်က ခေါင်းယမ်းလိုက်ပြီး
“မင်း ဝယ်ချင်တယ်ဆိုရင် အငြင်းခံရမှာကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုတယ်။ ဒါနဲ့ သူ့ မှာ လိုအပ်နေတာကို ငါ သိတယ်။ ဒါပေမယ့် အဲ့ဒါက ဒီကမ္ဘာမှာ ရှားပြီး ရှာဖို့အတော်ခက်တယ်။”
“ဘာများလဲ။” ထန်ရှု အလျင်စလို မေးလိုက်သည်။
“ဂူအပ်တွေ။ အကောင်းဆုံးကတော့ ဂူအပ်၁၈ချောင်းပါတဲ့ တစ်စုံပဲ။”
အဲ့ဒါက ဘာရီးလဲ။
ထန်ရှု၏မျက်နှာထက်တွင် တွေးရခက်သော အကြည့်တစ်ချက် ပေါ်လာပြီး
“အစ်ကိုမြောင်…အဲ့ဒါမျိုး ကျွန်တော် မကြားဖူးဘူး။ ဘယ်လိုပုံစံမျိုးလဲ။ ဘယ်လိုအသုံးဝင်တာလဲ။”
“ဂူအပ်၁၈ချောင်းက တစ်ချောင်းနဲ့တစ်ချောင်း ပုံစံ၊ အရွယ်အစား၊ အတိုင်းအတာမတူသလို မျက်နှာပြင်ပေါ်က လိုင်းတွေ အတွန့်အကောက်တွေကလည်း လုံးဝကွဲပြားတယ်။ မင်း ဂူအဆိပ်ကိုတော့ ကြားဖူးတယ်မဟုတ်လား။ အဲ့ဒီဂူအပ်တွေက ဒီဂူအဆိပ်ကို ကုသရာမှာ သုံးတဲ့ ရတနာတစ်ပါးပဲ။”
ဂူအဆိပ်မိနေသောလူ
“ဂူအဆိပ်ကို ကျွန်တော် သိတယ်။ အဲ့ဒါက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွင်းမှာ တွယ်ငြိဆက်နွယ်သွားတဲ့ အားသန်တဲ့အဆိပ် ပြင်းပြင်းပါဝင်တဲ့ ဆက်နွယ်အဆိပ်တစ်မျိုးပဲ။ တာအိုဘုန်းတော်ကြီးဇီယီက ဘာကြောင့် ဂူအပ်တွေ လိုတာလဲ။”
“သူ့ရဲ့အမွေဆက်ခံသူ တပည့်အတွက်ပါ။” မြောင်ဝမ်တန်က သက်ပြင်းချကာ ပြောသည်။ “အဲ့ဒီလူငယ်လေးက ငယ်ငယ်ကတည်းက စမတ်ကျပြီး ဉာဏ်ရွှင်တဲ့ကလေးတစ်ယောက်ပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ဝက်ကျော်လောက်က သူ မြောင်လူမျိုးဒေသကို ခရီးသွားရင်း ဂူအဆိပ်ကျွမ်းကျင်သူတစ်ယောက်ကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိခဲ့တယ်။ အဲ့ဒါကြောင့် အဲ့ဒီကျွမ်းကျင်သူက အလွန်တရာရှားပါးပြီး အလွန်ပြင်းထန်တဲ့ ဂူအဆိပ်နဲ့ သူ့ကို ဒဏ်ခတ်ခဲ့တယ်လေ။ တာအိုဘုန်းတော်ကြီးဇီယီလည်း သူလုပ်နိုင်သမျှ အရာတိုင်း လိုက်လုပ်ပေမယ့် အဲ့ဒီလူငယ်လေးရဲ့ကိုယ်ထဲက ဂူအဆိပ်ကို မထုတ်နိုင်သေးဘူး။ ညီအစ်ကိုရှောင်နဲ့ ငါလည်း သွားပြီး ကြိုးစားကြည့်သေးပေမယ့် ငါတို့ ဘာမှလုပ်နိုင်တာ မရှိခဲ့ဘူး။”
“ကျွန်တော် သိပြီ။” ထန်ရှု၏မျက်လုံးများထဲတွင် အရောင်တစ်ချက်လက်သွားသည်။ တာအိုဘုန်းတော်ကြီး ဇီယီနှင့် မြောင်ဝမ်တန်တို့ ထိုအရာအား မည်သို့မျှ မလုပ်ဆောင်နိုင်ဆိုကတည်းက ထိုအဆိပ်အား သူ အောင်မြင်နိုင်မည့် အခွင့်အရေးသည်လည်း နည်းပါးပေလိမ့်မည်။ နည်းလမ်းများစွာသည် ကျင့်ကြံမှုအုတ်မြစ်၏ အထောက်အပံ့လိုပေရာ သူ၏ကျင့်ကြံမှုအုတ်မြစ်သည် လက်ရှိတွင် နိမ့်ကျနေသေးသည်။ ထိုသူများနှင့်ပင် မယှဉ်နိုင်သေးပါချေ။
ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသောကြောင့် သူ၏မျက်နှာသည် ဝင်းကနဲဖြစ်သွားရသည်။ ချက်ချင်းပင် မြောင်ဝမ်တန်အား ကြည့်ကာ
“အစ်ကိုမြောင်…ကျွန်တော် တာအိုဘုန်းတော်ကြီး ဇီယီရဲ့ဖုန်းနံပါတ်ကို မမှတ်ထားလိုက်ရဘူး။ အစ်ကိုမြောင် သူ့ကို ဆက်သွယ်ပေးနိုင်မလား။ သူ့တပည့်ရဲ့ကိုယ်ထဲက ဂူအဆိပ်ကို ထုတ်ပေးနိုင်သူ တစ်ယောက်ယောက် ရှိနိုင်တယ်။”
“ဘယ်သူများလဲ။” မြောင်ဝမ်တန်က အလျင်အမြန် မေးလိုက်သည်။
“ကျွန်တော့် မိတ်ဆွေဟောင်းတစ်ယောက်ပါ။” ထန်ရှုက ရယ်လိုက်သည်။
“ဒါပေမယ့် အဲ့ဒီဟာအတွက် ဘုန်းတော်ကြီး ဇီယီနဲ့ ဆက်သွယ်ဖို့ အစ်ကိုမြောင်ကို ဒုက္ခပေးရတော့မှာပဲ။ ဖြစ်နိုင်မယ်ဆိုရင် သူ့တပည့်ကို ရှန်ဟိုင်းကို ခေါ်လာဖို့ ပြောပေးပါဗျ။”
“တာအိုဘုန်းတော်ကြီးဇီယီမှာ ဖုန်းရှိပေမယ့် သူက သိပ်ပြီး အသုံးမပြုဘူး။” မြောင်ဝမ်တန်က ခေါင်းညိတ်ပြကာ ပြောသည်။ “သူနေတာကလည်း တောင်တန်းတွေအလယ်မှာဆိုတော့ ဘာလိုင်းမှ မိမှာမဟုတ်ဘူး။ အင်း… ငါ တစ်ယောက်ယောက်ကို သူ့ဆီလွှတ်ပြီး ရှန်ဟိုင်းကို ချက်ချင်း တပည့်ခေါ်လာဖို့ ပြောလိုက်မယ်။”
“မီးဖိုကိစ္စထည့်ပြောဖို့လည်း မမေ့ပါနဲ့ဗျာ။” ထန်ရှုက သတိပေးလိုက်သည်။
“စိတ်မပူပါနဲ့။” မြောင်ဝမ်တန်က ရယ်မောလိုက်ရင်း “မင်းရဲ့သူငယ်ချင်းက သူ့တပည့်ကို တကယ်ကုသပေးနိုင်ရင် အဲ့ဒီမီးဖို မပြောနဲ့ မင်းလိုချင်ရင် ဒီ့ထက်တန်ဖိုးရှိတာတွေကိုတောင် တာအိုဘုန်းတော်ကြီး ဇီယီက ပေးလိမ့်မယ်။”
ထန်ရှုနှင့် မြောင်ဝမ်တန်တို့သည် တစ်ခဏမျှ စကားပြောနေကြပြီးနောက် မြောင်ဝမ်တန်သည် နှုတ်ဆက်ကာ ပြန်သွားသည်။ ထန်ရှု၏အတွေးထဲတွင် ကျိချွိမိန် ပေါ်လာခဲ့သည်။ သူမသည် မာယာဂိုဏ်းမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး မာယာဂိုဏ်းသားများသည် ထိုကဲ့သို့မှော်အတတ်ပညာတွင် ကျွမ်းကျင်သောသူများ ဖြစ်သည့်အပြင် ဂူအဆိပ်ပညာရပ်တွင်လည်း ထူးချွန်သူများ ဖြစ်ကြသည်။ ကျိချွိမိန်အတွက် ကမ္ဘာမြေပေါ်မှ သည်ကဲ့သို့ မှော်အတတ်ပညာရပ်နှင့် ဂူအဆိပ်ပညာသည် အသေးအမွှားလေး ဖြစ်နိုင်ပေသည်။
သည်နေ့တွင် သူသည် လက်နက်ပြုလုပ်သည့်မီးဖို ရရန်အတွက် မြောင်ဝမ်တန်နှင့် သီးသန့်ဆွေးနွေးရသည့် အကြောင်းရင်းမှာ ပြင်ဆင်ထားသော သိုလှောင်လက်စွပ်အား သန့်စင်ရန် သတ္တုရိုင်း အမြုတေများ သူ့တွင် ရှိနေသောကြောင့် ဖြစ်ပြီး ထိုကိစ္စနှောင့်နှေးနေရသည်မှာလည်း သူ့တွင် သတ္တုများအား သန့်စင်နိုင်သည့် မီးဖိုမရှိသောကြောင့် ဖြစ်သည်။
“သူဋ္ဌေး…နောက်ထပ်…” ချီနန်က ထန်ရှုဘေးတွင် ရပ်ကာ နူးညံ့စွာ မေးလိုက်သည်။
“ငါ ဘာမှ မလိုတော့ဘူး။” ထန်ရှုက ဆက်ပြောသည်။ “စားသောက်ဆိုင်ကို ကြည့်ရတာ စီမံခန့်ခွဲမှုကောင်းပြီး စီးပွားရေးလည်း ကောင်းတဲ့ပုံပဲ။ ဒါနဲ့ သိပ်မနောက်ကျခင် ငါ ပြန်သင့်ပြီ။”
“ငါ ပြန်လိုက်ပို့ပေးရမလား သူဋ္ဌေး။” ချီနန်က အမြန် မေးလိုက်သည်။
ထန်ရှု တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ကာ
“အဲ့ဒါဆိုလည်း ငါ့ကို ပြန်ပို့ပေးပါ။ နောက်ရက်တွေမှာ ထွေထွေထူးထူးလုပ်စရာ မရှိပေမယ့်လည်း တက္ကသိုလ်ကျောင်းသားတစ်ယောက်ဘဝကို လက်ခံဖို့ ချိန်ညှိရဦးမယ်။”
ချီနန်၏မျက်နှာလေးတွင် အပြုံးရိပ်တစ်ချက် ဖြစ်ပေါ်လာပြီး
“သူဋ္ဌေး ဘာကြောင့် တက္ကသိုလ်ကို တက်ချင်ရတာလဲဆိုတာ ငါ နားမလည်ဘူး။ တကယ်ဆိုရင် သူဋ္ဌေးရဲ့ပုံရိပ်အရ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာဖို့ မပြောနဲ့ ကိုယ်ပိုင်တက္ကသိုလ် တည်ဆောက်နိုင်ပြီး အဆင့်အတန်းမြင့်မြင့်တစ်ယောက် ဖြစ်နိုင်တာပဲကို။”
ထန်ရှုက မချိပြုံး ပြုံးလိုက်ပြီး
“အမှန်တကယ်ဆိုရင် ငါက တက္ကသိုလ်ကျောင်းတက်ဖို့ စိတ်မဝင်စားဘူး။ ဒါပေမယ့် အမေ့ဆန္ဒက ငါ့ကို တက္ကသိုလ်မှာ ပညာသင်ယူစေချင်တာဆိုတော့ အမေ့ကို စိတ်မပျက်စေချင်ဘူးလေ။ နောက်ပြီး တက္ကသိုလ်တက်တာကလည်း မဆိုးပါဘူး။ ပိုမိုသင်ယူခြင်းကလည်း ငါ့အတွက် အကျိုးကျေးဇူးတွေ ရလာပါလိမ့်မယ်။”
ချီနန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး
“သူဋ္ဌေး…ရှင်က တကယ်ကို လူရွယ်တစ်ယောက်နဲ့ မတူဘဲ ကျောင်းတော်သားတစ်ယောက်နဲ့ ပိုတူနေတယ်။”
ထန်ရှု အားရပါးရ ရယ်မောလိုက်မိသည်။ ထို့နောက် သူတို့သည် စကားတပြောပြောဖြင့် လမ်းလျှောက်လာရာ ထာဝရခန်းမ၏အပြင်ဘက်သို့ ရောက်လာကြသည်။ ချီနန်၏ဦးဆောင်မှုဖြင့် သူတို့သည် အနက်ရောင် လန်ဘော်ဂနီကားရှေ့သို့ ရောက်လာကြသည်။
“ကားကောင်းပဲ။” ကား၏ပုံစံသည် ထန်ရှု၏စိတ်ဝင်စားမှုအား ဆွဲဆောင်သွားပြီး မချီးကျူးဘဲ မနေနိုင်ချေ။
“သူဋ္ဌေးကြိုက်ရင် အချိန်မရွေးမောင်းနိုင်ပါတယ်။” ချီနန်က နူးညံ့သောအပြုံးဖြင့် ပြောလိုက်သည်။
“ဒီဟာက သုံးပြီးသားဖြစ်နေလို့ သူဋ္ဌေးမကြိုက်ရင်လည်း ငါ ကားသစ်တစ်စီး ထပ်မှာပေးမယ်လေ။”
“ထားလိုက်တော့။” ထန်ရှုက လက်ကိုဝှေ့ယမ်းကာ “ငါက ကားတွေကို အတော်သဘောကျပေမယ့် ငါ့နေရာမှာ ကားအနည်းငယ်တော့ ရှိထားပြီးပါပြီ။ နောက်ပြီး ဒါက လူနေထူထပ် ကားတွေထူထပ်တဲ့ ရှန်ဟိုင်းမြို့တော်ကြီးလေ။ ဒီမြို့တော်မှာ ပြိုင်ကားတွေ အများကြီးရှိနေရင်တောင်မှ ယာဉ်စည်းကမ်းတွေ အမြန်နှုန်းကန့်သတ်ချက်တွေကို လိုက်နာရဦးမယ်မဟုတ်လား။ ဒီနေရာမှာ ပြိုင်ကားမောင်းတာက ဖြုန်းတီးမှုတစ်ခုပဲ။”
“သူဋ္ဌေး မသိသေးဘူးလား။” ချီနန်က သူမ၏နှုတ်ခမ်းလေးများအား လက်ဖြင့်အုပ်ကာ အသံလွင်လွင်ဖြင့် ရယ်လိုက်ပြီးမှ
“ရှန်ဟိုင်းမှာ ကားမောင်းပြိုင်ရတာကို နှစ်သက်ကြတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေ အများကြီးပဲ ရှိတယ်။ ဒီမှာကတော့ အမြန်နှုန်းကန့်သတ်ချက်ကို အရမ်းတင်းကျပ်ထားပေမယ့် ဒီကနေ လောင်ရှန်အဝေးပြေးလမ်းမကြီးတစ်လျှောက် တစ်နာရီလောက်ပဲ မောင်းရတဲ့ ချန်ရှီးမြို့ ရှိတယ်။ အဲ့ဒီမြို့လေးက ကားမောင်းပြိုင်ရတာကို စွဲလန်းတဲ့သူတွေအတွက် ကောင်းကင်ဘုံပဲ။ အဲ့ဒီမှာ ကားမောင်းပြိုင်တာက ပုံမှန်နီးပါး ရှိတယ်။ နောက်ပြီး ဒီနေ့ အဲ့ဒီမှာ ကားမောင်းပြိုင်ပွဲတစ်ခုရှိတယ်ထင်တယ်။ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်။”
“လောင်ရှန်အဝေးပြေးလမ်းမမှာ ကားမောင်းပြိုင်ရတာ အန္တရာယ်များတယ် မဟုတ်လား။” ထန်ရှုက အံ့သြသွားကာ မေးလိုက်သည်။ “လမ်းစည်းကမ်းထိန်းသိမ်းရေးက အဲ့ဒါကို အရေးမယူဘူးလား။”
“ယထာဘူတကျကျ ပြောရရင် အဲ့ဒီမှာ ကားမောင်းပြိုင်ပွဲကို ခွင့်မပြုထားဘူး။” ချီနန်က ရယ်မောလိုက်ရင်း “ဒါပေမယ့် အချို့လူတွေက အမြင့်ဆုံးလုပ်ပိုင်ခွင့်အာဏာကို ရရှိထားကြတော့ ယာဉ်စည်းကမ်းထိမ်းသိမ်းရေးတွေကလည်း မျက်စိစုံမှိတ်ပြီး မမြင်ချင်ယောင်ဆောင်နေရတာပေါ့။ အဲ့ဒီမှာ ပါဝင်တဲ့လူတွေအားလုံးနီးပါးက ချမ်းသာကြတဲ့သူတွေပဲ။ အဲ့ဒါကြောင့် မတော်တဆတစ်ခုခု ဖြစ်ခဲ့ရင်တောင် ရှင်းပေးသွားလိမ့်မယ်။”
ထန်ရှု ချီတုံချတုံဖြင့် မေးလိုက်သည်။ “အဲ့ဒီကားမောင်းပြိုင်ပွဲက တကယ် စိတ်လှုပ်ရှားဖို့ကောင်းလား။”
“တကယ်ကောင်းတယ်။ ငါတောင် အကြိမ်အနည်းငယ်လောက် ပါဖူးတယ်။ ပြိုင်ပွဲဘုရင် - မုဇီကိုတောင် နိုင်ဖူးတယ်။ ဒီပြိုင်ကားက အဲ့ဒီက နိုင်တဲ့ပိုက်ဆံနဲ့ဝယ်ထားတာလေ။ ပြိုင်ပွဲအချိန်က ပုံမှန်ဆို ၁၀နာရီ စတယ်။”
ထန်ရှုက သူ၏နာရီအား ကြည့်လိုက်ရာ ၁၀နာရီထိုးရန် နာရီဝက်သာလိုတော့သည်ကို တွေ့ရသဖြင့် ခေါင်းယမ်းလိုက်ပြီး အပြုံးဖြင့်
“ဒီပြိုင်ပွဲကို တကယ်ကို ငါ ကြည့်ချင်ပေမယ့်လည်း အချိန်ကြည့်ရတာနောက်ကျသွားပြီ။ ထားလိုက်ပါတော့။”
“သူဋ္ဌေး…ရှင်ပြိုင်ချင်ရင် ငါ မုဇီကို ဖုန်းဆက်လိုက်မယ်။” ချီနန်က အမြန်ပြောလိုက်သည်။ “ပြိုင်ပွဲက ထူးခြားတဲ့အခြေအနေမျိုးရှိရင်လည်း ခဏ ရပ်ဆိုင်းထားလေ့ရှိတယ်။ နောက်ပြီး မုဇီက ငါ့ဆီမှာ အကြွေးကြီးတစ်ခု တင်နေတာမို့ ငါ ဖုန်းဆက်ရင် သေချာပေါက် သူ လုပ်ပေးလိမ့်မယ်။”
“မုဇီရဲ့နောက်ခံက ဘာလဲ။”
“သူက ချန်ရှီးမြို့ရဲ့ဒေသခံပဲ။ သူ့မိသားစုတွေက အဲ့ဒီမှာ အတော်လွှမ်းမိုးနိုင်မှုရှိတယ်။ နိုင်ငံရေးမှာရော စီးပွားရေးမှာရော သူတို့မိသားစုထဲက အကြီးတွေ ရှိကြတယ်။ အဲ့ဒါကြောင့် လောင်ရှန်အဝေးပြေးလမ်းမမှာ ကားမောင်းပြိုင်တာကို သူ့ရဲ့စီမံမှုနဲ့အုပ်ချုပ်မှုအောက်မှာ အဆင်ပြေပြေ ကျင်းပလာတာ ၆နှစ်-၇နှစ် ရှိပြီ။
ထန်ရှုက တစ်ခဏမျှ အံ့အားသင့်သွားပြီးမှ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“သူ အဲ့ဒီလို လုပ်နိုင်တယ်ဆိုရင် သူ့ကို ဆက်လိုက်ပါ။”
“ပြသနာ မရှိဘူး။” ချီနန်က အပြုံးဖြင့် ပြောလိုက်သည်။ ထိုသို့ ပြောပြီး သူမ၏ဖုန်းအား လျင်မြန်စွာ ထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်သည်။
***