ကားမောင်းပြိုင်ပွဲ
Vol. 07 Ch. 332
ချန်ရှီးမြို့…
လောင်ရှန်အဝေးပြေးကားလမ်းမရှိ တောင်ပတ်လမ်းတစ်ဝက်တွင် ကြီးမားကျယ်ပြန့်ကာ ကောင်းစွာ ပြုပြင်ထားသည့် မြေကွက်လပ်ကြီးတစ်ခုရှိပြီး ဒါဇင်မျှသော မီးမောင်းများဖြင့် ကွက်လပ်တစ်ခုလုံးအား လင်းထိန်နေစေသည်။
မြေကွက်လပ်ပေါ်တွင် ရာကျော်ခန့်ရှိသော တောက်ပစွာ ဝတ်စားထားသည့် ငယ်ရွယ်သော အမျိုးသားများနှင့် အမျိုးသမီးများသည် စီတန်းကာ ချထားသော စားပွဲရှည်များပတ်လည်တွင် လှည့်လည်သွားလာလျက် ရှိသည်။ စားပွဲရှည်ပေါ်တွင် အရက်များနှင့် အစားသောက်များဖြင့် ပြည့်နှက်နေသည်။ ငယ်ရွယ်သော အမျိုးသားများနှင့် အမျိုးသမီးများသည် ဟိုတစ်စု ဒီတစ်စုဖြင့် စကားပြောဆိုပျော်ရွှင်နေကြရာ လွန်စွာသက်ဝင်လှုပ်ရှားနေပေတော့သည်။
မြေကွက်လပ်ထဲတွင် ဒီဇိုင်းအမျိုးမျိုးဖြင့် ကားများမှတစ်ပါး အနည်းငယ်ဝေးသောနေရာတွင် အလွန်ကောင်းမွန်သော ဇိမ်ခံကားများ ရပ်ထားပြီး ထိုနေရာတွင် လူတစ်ချို့သည် ဝိုင်ခွက်များအား ကိုင်ကာ ထိုင်နေလျက်၊ အချို့မှာ ခေတ်ဆန်စွာ ဝတ်စားထားသော မိန်းကလေးများအား ပွေ့ဖက်ကာ ကားတံခါးများအား မှီလျက် ရှိနေကြသည်။
စားပွဲရှည်တစ်လုံး၏အရှေ့တွင် အသက်၃၀အရွယ် ယောကျာ်းတစ်ယောက်သည် ခပ်ဟော့ဟော့ မိန်းကလေးတစ်ယောက်အား ဖက်ထားရင်း အခြားလူရွယ်များနှင့် ရွှင်မြူးစွာ ရယ်မောကာ စကားလက်ဆုံကျနေသည်။ ထိုသူ၏အမည်မှာ ကျိမုဖြစ်ပြီး နာမည်ပြောင်မှာ မုဇီဖြစ်သည်။
ဖုန်းမြည်သံ…
ကျိမု၏ဖုန်း မြည်နေသော်လည်း ပတ်ဝန်းကျင်တွင် ဆူညံနေသောကြောင့် သူ မကြားပါချေ။ သို့သော် ဖုန်း၏တုန်ခါလာမှုကြောင့် သူ သိရှိသွားသည်။ ဖုန်းအား ထုတ်ယူကာ ခေါ်ဆိုသူအား ကြည့်လိုက်ရာ သူ အတန်ငယ် အံ့အားသင့်သွားရသည်။ ထို့နောက် သူ ပွေ့ဖက်ထားသော မိန်းကလေးအား လွှတ်လိုက်ပြီး အခြားလူရွယ်များအား တိတ်တိတ်နေရန် အချက်ပြကာ စကားပြောလိုက်သည်။
“ဟယ်လို အစ်မကြီးနန်…အစ်မကြီးလို အလုပ်များတဲ့သူတစ်ယောက်က ငါ့ကို ဖုန်းဆက်ဖို့ ဘယ်လို သတိရနေလဲ။”
“လောင်ရှန်အဝေးပြေးလမ်းမှာ ဒီည ကားပြိုင်ပွဲ ရှိလား။” ချီနန်၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ရှိတာပေါ့။” ကျိမုက ရယ်ကာ ပြောလိုက်သည်။ “ပြိုင်ပွဲစဖို့ နာရီဝက်ပဲ လိုတော့တယ်။ ဒါနဲ့ ဒီည ပြိုင်ပွဲမှာ ပါမလို့လား အစ်မကြီးနန်။”
“ပြိုင်ပွဲကို ခဏဆိုင်းထားပြီး နောက်၁နာရီလောက်မှ စပေးပါ။ ငါ အဲ့ဒီကို အရမ်းအရေးကြီးတဲ့ လူတစ်ယောက်နဲ့ ပြိုင်ပွဲမှာ ပါဖို့ လာနေပြီ။ ၁၁နာရီလောက်ဆို ငါတို့ ရောက်လိမ့်မယ်။”
အရမ်းအရေးကြီးတဲ့ လူတစ်ယောက်ဟုတ်လား။
ကျိမုတွေဝေသွားပြီးမှ ရယ်လိုက်ရင်း
“ငါ အဲ့ဒီလို လုပ်ထားပေးလိုက်မယ် အစ်မကြီးနန်။ ပြိုင်ပွဲမှာ အစ်မကြီး ဝင်ပြိုင်ပြီး အနိုင်ရဖို့ မျှော်လင့်ပါတယ်။ မစိုးရိမ်ပါနဲ့။ ဒီညပြိုင်ပွဲကို တစ်နာရီနောက်ဆုတ်တဲ့အကြောင်း ငါ တခြားသူတွေကို ပြောလိုက်ပါမယ်။ ဟုတ်ပြီ…အစ်မကြီးနဲ့အတူ ပါလာမယ့် အထူးဧည့်သည်က ဘယ်သူများလဲဆိုတာ မေးလို့ရမလား။”
“မေးဖို့ မလိုဘူး။ ဒါပေမယ့် ငါ့ကို ဂရုစိုက်တာထက် ပိုပြီး သူ့ကို နင် ဂရုစိုက်သင့်တယ်။”
“…”
ဖုန်းချသွားသံကို ကြားလိုက်ရသောကြောင့် ကျိမု၏ချောမောသော မျက်နှာမှာ အကြိမ်အနည်းငယ်မျှ ရှုံ့မဲ့သွားရသည်။ ချီနန်သည် ရှန်ဟိုင်း၏ ထာဝရခန်းမစားသောက်ဆိုင်မှ အထွေထွေမန်နေဂျာမှန်း သူ သိသည်။ သူမသည် စွမ်းဆောင်ရည်ရှိသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အထူးသဖြင့် သူမ၏ကားမောင်းစွမ်းရည်မှာ သူသည်ပင် ချုပ်ကိုင်နိုင်သော အရာမဟုတ်ချေ။
ဟောင်ကောင်မှ ကားမောင်းပြိုင်ကျွမ်းကျင်သူများ ရောက်လာစဉ်အခါက အနီးနားရှိ မြို့များစွာမှ ဝါသနာရှင် အပျော်တမ်းကားမောင်းပြိုင်သူများအား ဖိနှိပ်ထားခဲ့သည်။ ပြန်ပြောရမည်ဆိုပါက ထိုသူများသည် ဆိုးဆိုးရွားရွား ဖိနှိပ်ထားခြင်းဖြစ်သည်။ ပြိုင်ပွဲဘုရင်ဟု သိကြသည့် သူသည်ပင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ သူတို့သည် အရှက်တကွဲ အကျိုးနည်းရသောကြောင့် ချီနန်အား အကူအညီတောင်းခဲ့ရသည်။ အားထုတ်မှုအချို့အပြီးတွင် ချီနန်သည် ဟောင်ကောင်မှ ကျွမ်းကျင်ကားပြိုင်မောင်းသူများအား နောက်ဆုံးတွင် အနိုင်ရရှိကာ သူတို့အား အဖတ်ဆည်ပေးခဲ့သည်။
ထိုအရာကြောင့် သူသည် ချီနန်အပေါ်တွင် ကြီးမားသော အကြွေးတစ်ခု တင်ရှိနေသည်ဟု ဆိုနိုင်ပေသည်။
“ဟောက်ဇီ…ဒီညပြိုင်ပွဲ တစ်နာရီ နောက်ကျမယ်လို့ အခြားသူတွေကို ပြောလိုက်။” စီးကရက်တစ်လိပ်အား ထုတ်ကာ မီးညှိဖွာရှိုက်လိုက်ရင်း ကျိမုက ပြောသည်။
မျောက်ကလေးဟု အခေါ်ခံလိုက်ရသည့်သူသည် ပိန်ပါးသော လူရွယ်တစ်ယောက်ဖြစ်သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“သူဋ္ဌေးကျိ…အခုဖုန်းဆက်တာ အစ်မကြီးနန်လား။ ဒီနေ့ သူမ ပြိုင်ပွဲ ပါမယ်တဲ့လား။”
“ဟုတ်တယ်။ သူမ လာနေပြီ။” ကျိမုက ခေါင်းညိတ်ကာ ပြောသည်။
“သူမက အထူးဧည့်သည်တစ်ယောက်ကို ပြိုင်ပွဲမှာပါဖို့ ခေါ်လာတယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် ည၁၁နာရီမှာ ပြိုင်ပွဲစမယ်လို့ အခြားသူတွေကို ပြောပေးပါ။”
“သူဋ္ဌေးကျိ…လီကျန်းက ဒါအတွက်တော့ ဒေါသမထွက်ဘူးမဟုတ်လား။” ဟောက်ဇီက မချိပြုံးဖြင့် ပြောလိုက်သည်။
“သူ ဒီနေ့ ဘာကြောင့်လာတာလဲဆိုတာ သူဋ္ဌေးလည်း သိလိမ့်မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့တစ်လကျော်က သူ့ရဲ့အရှုံးကို ပြန်ချေပချင်တယ်လေ။ ကျွန်တော် ကြားတာတော့ အာရှကားမောင်းပြိုင်ပွဲမှာ အနိုင်ရထားတဲ့ ကားမောင်းပြိုင် ပညာရှင်တစ်ယောက်ကိုတောင် ဖိတ်ထားတယ်လို့ ကြားတယ်။”
အေးဆေးသောအမူအရာဖြင့် ကျိမုက ပြောလိုက်သည်။
“လီကျန်း ဖိတ်ထားတဲ့လူအကြောင်း ငါလည်း ကြားပါတယ်။ အဲ့ဒီသူက ဟောင်ကောင်မှာဆိုရင် အငယ်တန်းကားမောင်းပြိုင်နတ်ဘုရားလို့ လူသိများတယ်။ သူ့ရဲ့အမှတ်တွေက ကမ္ဘာ့ကားမောင်းပြိုင်ပွဲမှာ ခုနှစ်ကြိမ်ချန်ပီယံ ရထားတဲ့သူထက် အနည်းငယ်ပဲ ညံ့တယ်။ အစကတော့ ငါ ရှုံးပြီလို့တွေးထားတာ။ မထင်မှတ်ပဲ အစ်မကြီးနန် ရုတ်တရက် လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ အစ်မကြီးနန်သာ ပြိုင်မယ်ဆိုရင် ငါတို့နိုင်ဖို့ ၅၀% နိုင်ချေရှိတယ်။”
“ဟုတ်တယ်။ သူမ နိုင်ပါစေလို့ မျှော်လင့်တယ်။” ဟောက်ဇီက ပြောသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အရောင်ချွတ်ထားသော ဆံပင်နှင့် တောက်ပစွာ ဖီးသင်ထားသည့် လူရွယ်တစ်ဦးအား ဝန်းရံလျက် ငယ်ရွယ်သော အမျိုးသားနှင့်အမျိုးသမီးတစ်ဖွဲ့သည် ကျိမုနှင့် အခြားသူများ၏ အရှေ့သို့ ရောက်လာသည်။
“ကျိဘော်ဒါ…ပြိုင်ပွဲကို ၁နာရီနောက်ဆုတ်တယ်လို့ ငါကြားတယ်။ မင်း ဆိုးဆိုးရွားရွား ရှုံးမှာကို ကြောက်ပြီး ပြင်ပက အကူအညီရှာဖို့ ကြိုးစားနေတာလား။ ဟားဟားဟား ငါ မင်းကို တစ်ခုတော့ ပြောလိုက်ဦးမယ်။ မင်းအတွက် ရလဒ်က အရှုံးဆိုတဲ့ တစ်ခုပဲရှိမှာ ငါစိုးမိတယ်။ မင်း ဒီနေ့ အရှက်တကွဲနဲ့ ဆိုးဆိုးရွားရွား ရှုံးရမှာပဲ။”
လူရွယ်က ကျိမုအား လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်ကာ စိတ်ကြီးဝင်သော၊ မောက်မာသောလေသံဖြင့် ပြောလိုက်သည်။
အေးစက်တင်းမာသော အမူအရာဖြင့် ကျိမုက ချေပလိုက်သည်။
“မင်း အချို့ပွဲတွေ နိုင်မယ်။ အချို့ပွဲတွေ ရှုံးမယ်။ ဒါက ငါ့အတွက်တော့ ပုံမှန်ဖြစ်ပျက်မှုတစ်ခုပါပဲ။ ငါတို့ ဒီနေ့ရှုံးတယ်ဆိုရင်တောင် ငါတို့ရဲ့ ပထမဆုံးအရှုံးသာ ဖြစ်တယ်။ ဒါပေမယ့် မင်းသာ ဒီနေ့ ထပ်ရှုံးရင်တော့ မင်းအတွက် နောက်ထပ်အရှက်ရမှုတစ်ခုပဲ။ လီကျန်း ငါသာ မင်းနေရာမှာဆိုရင် ပြိုင်ပွဲကို ရိုးရိုးသားသား စောင့်တာ ပိုကောင်းလိမ့်မယ်။ အရမ်းစိတ်ကြီးဝင်ပြီး မောက်မာနေတာက ပြိုင်ပွဲမှာ ရှုံးတဲ့အခါ ပိုပြီး အရှက်တကွဲ ဖြစ်သွားရလိမ့်မယ်။”
“ဟမ့်…”လီကျန်းက မျက်ဖြူလှန်ကာ ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
“ငါံ့ရဲ့ရည်ရွယ်ချက်က ထပ်ပြီး ရှုံးဖို့မဟုတ်ဘူး။ ဒီတစ်ကြိမ် မင်းထပ်နိုင်ခဲ့ရင် ဒီနေရာကို ဘယ်တော့မှ ငါ ခြေဦးမလှည့်တော့ဘူး။”
“ငါ ၂၀မီလီယံ ပြင်ထားတယ်။” ကျိမု ခေါင်းညိတ်ကာ ပြောသည်။ “မင်းနိုင်ရင် အဲ့ဒါကို ယူသွားနိုင်တယ်။”
“ကျိမု… မင်းအချိန်ပြောင်းလိုက်ကတည်းက ငါ့မှာ အခြေအနေတစ်ခု ရှိတယ်။” လီကျန်းက မျက်လုံးပြူးကာ ပြောလိုက်သည်။
“လောင်းကြေးက ၂ဆ”
ကျိမုက အသံထွက်အောင် ရယ်လိုက်ရင်း “၂ဆက ၄၀မီလီယံလေးပါပဲကွာ။ အေးဆေးပါ။”
“ဒီလိုဆိုမှတော့ မင်း ငွေထုပ်ပြင်ထားတာ ပိုကောင်းမယ်။ ပြီးရင် ငါ့ကို လိမ်လိမ်မာမာနဲ့သာ ပေးလိုက်တော့။” လီကျန်းက ဝင့်ကြွားစွာ ပြောလိုက်သည်။
“တခြားပြိုင်ပွဲဝင်တွေကိုလည်း ငါ ပြောရလိမ့်မယ်။ သူတို့ လောင်းချင်တယ်ဆိုရင် ၂၀မီလီယံ လောင်းရမယ်။ သူတို့နိုင်ခဲ့ရင် ငါတို့၂ယောက်ဆီက ၈၀မီလီယံ ရလိမ့်မယ်။”
ငွေကြေးသည် ကျိမုအတွက် ရှားပါးသော အရာမဟုတ်ချေ။ ကားမောင်းပြိုင်ပွဲများမှ နှစ်စဉ် ၁ဘီလီယံ သူရသည်။ အချိန်နှင့်အမျှ လောင်းခြင်း၊ ပြိုင်ပွဲဝင်ခြင်းစသည်တို့ပါ ထပ်ပေါင်းလိုက်ပါက သူ ရသော ငွေကြေးသည် မနည်းလှချေ။ ၄၀မီလီယံသည် သူ့အတွက် ပမာဏအသေးလေးသာ ဖြစ်သည်။ ၂၀မီလီယံ သို့မဟုတ် ၄၀မီလီယံသည် များစွာ ကွာခြားမှုမရှိလှချေ။ သူ့အတွက် ငွေရေးကြေးရေးသည် ခြေသလုံးမွှေးသာသာပင် ဖြစ်တော့သည်။
သို့သော် ကြီးမားသော နောက်ခံနှင့် အခြေအနေရှိသော သူတို့ကဲ့သို့ လူများအတွက် မကြာခဏဆိုသလို ပိုက်ဆံသည် မျက်နှာပျက်ရမှုထက် အရေးပါခြင်းနည်းပေသည်။ အထူးသဖြင့် ငယ်ရွယ်သော သခင်လေးများ၏အသိုင်းအဝိုင်းတွင် သူတို့၏မျက်နှာသည် အားလုံးထက် အရေးကြီးဆုံးဖြစ်သည်။
အချိန်များ ကုန်လွန်လာခဲ့သည်။
၁၀နာရီ၄၅မိနစ်တွင် အနက်ရောင် လန်ဘော်ဂနီပြိုင်ကားသည် မြေကွက်လပ်အတွင်းသို့ အသံကျယ်လောင်စွာ ဝင်လာပြီး လှပသော driftဆွဲခြင်းအား ပြုလုပ်ကာ လူတိုင်း၏အာရုံအား ဆွဲဆောင်လုနီးပါးဖြစ်ခဲ့သည်။
(Charm Ming Nge - Car Drifting သည် ကားအား ထိန်းချုပ်မောင်းနှင်ရသော အားကစားတစ်ခုဖြစ်သည်။ ဘရိတ်၊ အင်ဂျင်ဆီသို့သွားသော ဓာတ်ဆီ/ဓာတ်ငွေ့ကို ထိန်းချုပ်သည့် ကိရိယာနှင့် ကားလက်ကိုင် စတီယာရင်တို့အား အသုံးပြုထိန်းချုပ်လျက် ကား၏အလေးချိန်အား ထောင့်အချိုးအကွေ့များအကြား ရွေ့လျားစေသည်။)
Drifting Car
ငယ်ရွယ်သော အမျိုးသားနှင့် အမျိုးသမီးများပါဝင်သော အုပ်စုအား ဝန်းရံလျက် ကျိမုသည် ထိုကားဆီသို့ လျှောက်သွားလိုက်သည်။ ချီနန်အား ကားမောင်းသူနေရာတွင် ထိုင်နေသည်ကို သူတို့ မြင်ကြရပြီး သူမသည် ကားပေါ်မှ လျင်မြန်စွာ ဆင်းလာခဲ့သည်။ ထို့နောက် သူမသည် ကားဘေးထိုင်ခုံဘက်သို့ အသာပြေးသွားကာ တံခါးအား ကိုယ်တိုင်ဖွင့်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် အပြုံးတစ်ပွင့်အား ဆင်မြန်းထားသော လူရွယ်တစ်ယောက်သည် ကားပေါ်မှ ဆင်းလာသည်ကို လူတိုင်းတွေ့မြင်ကြရသည်။
“သူက ဘယ်သူများလဲ။”
လက်ရှိလူရာကျော်ခန့်တွင် ၇၀%-၈၀%သည် ချီနန်အား သိကြသကဲ့သို့ သူမသည် ရှန်ဟိုင်းထာဝရခန်းမ၏ အထွေထွေမန်နေဂျာဖြစ်သည်ကိုလည်း သိထားကြသည်။ သို့သော် သူတို့အတွက် မယုံကြည်နိုင်စရာအကောင်းဆုံးမှာ ပုံမှန်အားဖြင့် ကျက်သရေရှိတင့်တယ်ကာ ဝင့်ဝင့်ကြွားကြွားရှိလှသော ချီနန်သည် မယုံကြည်နိုင်စရာ အခြားတစ်ယောက်၏ ကားမောင်းသူ ဖြစ်နေပေသည်။ လူတိုင်း၏အကြည့်အောက်တွင် လက်ထောက်တစ်ယောက်အလား သူမကိုယ်တိုင်ပင် ထိုလူရွယ်အတွက် ကားတံခါး ဖွင့်ပေးလိုက်သေးသည်။
အခြားတစ်ဖက်တွင် လီကျန်းသည်လည်း ချီနန်အား သိပေသည်။ ချီနန်သည် ကားမောင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖူးပြီး ဟောင်ကောင်မှ လာသော ကျွမ်းကျင်သူ ကားမောင်းပြိုင်သမားများအား အနိုင်ယူခဲ့သောသူမှန်း သူသိထားသည်။ သို့သော် အငယ်တန်းကားမောင်းပြိုင်နတ်ဘုရားအား သူ ဖိတ်ခေါ်ထားသောကြောင့် လီကျန်းသည် ယုံကြည်မှုလွန်ကဲနေပြီး ချီနန်အား သိပ်အာရုံမထားချေ။
“သူတို့က ဘယ်သူတွေလဲ။”
လီကျန်း၏ဘေးတွင် ရပ်နေသော လူရွယ်က လေသံအေးစက်စက်ဖြင့် မေးသည်။
“သူမက ငါ မင်းကို ပြောပြထားဖူးတဲ့တစ်ယောက်ပဲ ဟွမ်ယု။ ဟောင်ကောင်က ကျွမ်းကျင်ပညာရှင်အဆင့် ပြိုင်ပွဲသမားတွေကို အနိုင်ယူထားတဲ့တစ်ယောက်လေ။ သူမဘေးနားကလူကိုတော့ ငါ တစ်ခါမှ မမြင်ဖူးဘူး။” လီကျန်းက ဖြေလိုက်သည်။
“ချီနန်နဲ့ ပြိုင်ဖူးတဲ့လူတွေနဲ့လည်း ငါ တစ်ခါ ပြိုင်ဖူးသေးတယ်။ သူတို့က အမှန်တကယ်ကို ကောင်းကြတယ်။ ငါတောင်မှ သူတို့ကို အနိုင်ရဖို့ အသားကုန် မောင်းခဲ့ရတာ။ ချီနန်က သူတို့ကို အနိုင်ယူနိုင်တယ်ဆိုရင် သူမရဲ့အရည်အချင်းက ငါ့ထက် ညံ့မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း စိတ်မပူပါနဲ့။ မင်းဆီက ပိုက်ဆံ ငါယူထားမှတော့ ဒီည မင်းအနိုင်ရအောင် ငါ ကူညီပါ့မယ်။” ဟွမ်ယုက ခေါင်းညိတ်ကာ ပြောသည်။
“မင်းက အငယ်တန်းကားမောင်းပြိုင်ပွဲမှာ လွှမ်းမိုးနိုင်တဲ့သူတစ်ယောက်ပဲ။” လီကျန်းက အပြုံးဖြင့် ပြောသည်။
“မင်း ဒီပွဲမှာ နိုင်မယ်လို့ ငါ ယုံကြည်ထားတယ်။ လာ… ပြိုင်ပွဲပြီးသွားရင် ငါ မင်းကို တစ်ဝိုင်းလိုက်တိုက်မယ်။”
“ပြသနာမရှိဘူး။” ဟွမ်ယုက အေးစက်သောအသံဖြင့် ပြောသည်။
ငယ်ရွယ်သော အမျိုးသားနှင့် အမျိုးသမီးအုပ်စုအား ဦးဆောင်လျက် ကျိမုသည် ချီနန်နှင့် ထန်ရှုတို့၏အရှေ့သို့ ရောက်လာသည်။
နှစ်လိုနွေးထွေးဖွယ် အပြုံးတစ်ခုနှင့်အတူ ကျိမုက
“အစ်မကြီးနန်…ဘယ်လိုရောက်လာတာလဲ။ ဒီတစ်ယောက်က…”
ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ထန်ရှုက သူ၏လက်အား ဆန့်ပေးလိုက်ပြီး အပြုံးဖြင့်
“ဟိုင်း…ငါ့နာမည်က ထန်ရှုပါ။ ဒီနေရာမှာ ငါ့ကို ပရိသတ်တစ်ယောက်အဖြစ် သဘောထားနိုင်ပါတယ်။ ငါ မင်းကို အနှောင့်အယှက်ပေးရာမကျပါဘူးနော် ဟုတ်တယ်မလား။”
လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ကျိမုက ရယ်မောလျက်
“မကျပါဘူးကွာ။ မင်းက အစ်မကြီးနန်ရဲ့ သူငယ်ချင်းဆိုတော့ ငါကျိမုရဲ့သူငယ်ချင်းပဲပေါ့။ ဒီနေ့ မင်းလာတဲ့အတွက် ငါ အရမ်း ဝမ်းသာပါတယ်။”
“အရိုးသားဆုံးပြောရရင် ကားမောင်းပြိုင်တာကို တီဗွီမှာပဲ အရင်တုန်းက ကြည့်ဖူးတာ။ တကယ်ပြိုင်တာကို ကြည့်တာက ဒါ ပထမဆုံးအကြိမ်ပဲ။ ပြိုင်ပွဲမှာရော ငါ ဝင်ပါလို့ရနိုင်မလား။”
ထန်ရှုက အပြုံးဖြင့် မေးသည်။
“ကားမောင်းပြိုင်တာကို အပြင်မှာ တစ်ခါမှ မကြည့်ဖူးဘူးဟုတ်လား။”
ကျိမု တစ်ခဏမျှ ကြောင်သွားပြီး သူ၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာသည်။
မူလက သူမျှော်လင့်ထားသည်မှာ ချီနန်သည် ကျွမ်းကျင်သော ကားမောင်းပြိုင်သူတစ်ယောက်အား ခေါ်ဆောင်လာလိမ့်မည်ဟုပင်။ သူ၏မျက်နှာအရေထူသည်ပင်ဖြစ်စေ သို့မဟုတ် တန်ဖိုးတစ်ခု ပေးရသည်ဖြစ်စေ ဒီည၏လောင်းကစားပွဲတွင် တစ်ဖက်လူအား အနိုင်ယူဖို့ တောင်းဆိုရန် ရည်ရွယ်ထားသေးသည်။ သို့သော် တစ်ဖက်လူသည် ကစားသမားတစ်ယောက်ပင် မဟုတ်ဟု သူ မထင်မထားမိပါချေ။
“ဒါအမှန်ပဲ။” ထန်ရှုက အပြုံးဖြင့် ပြောသည်။
ကျိမုက အသက်မပါစွာ ရယ်လိုက်ပြီး
“ကိစမရှိပါဘူး။ ကစားဖို့ကို အာရုံစိုက်ကြစို့။”
ထိုသို့ပြောပြီးသည်နှင့် သူက ချီနန်ဘက်သို့ လှည့်ကာ အပြုံးဖြင့်
“အစ်မကြီးနန်…ဒီညပွဲမှာ ပါမယ်မဟုတ်လား။ တစ်စုံတစ်ယောက်ကတော့ ငါတို့ရဲ့စုဝေးရာ ကွင်းလေးကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လာနေလေရဲ့။ အစ်မကြီးသာ မပါရင်တော့ ငါတို့ ရှုံးသွားမှာကို ကြောက်မိတယ်။”
ချီနန်သည် ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီးမှ
“ငါ ဒီနေ့လာတာ ဧည့်သည်တစ်ယောက်အဖြစ်နဲ့ပါ။ လောင်းဖို့ မဟုတ်ပါဘူး။”
“ဒါ…”
စိတ်ပျက်သွားသော အမူအရာဖြင့် ကျိမုအား ထန်ရှုအား ကြည့်လိုက်မိသည်။ ချီနန်သည် ထန်ရှုအား အလွန်ဂရုစိုက်ပြုမူဟန်ရှိသည်ကို သူတွေ့ရသဖြင့် ဒီညအလောင်းအစားအတွက် ချီနန်အား ပါဝင်စေလိုပါက ထန်ရှုအား တောင်းဆိုရန်သာ ရှိတော့သည်။
“သူက မင်းကို တောင်းဆိုနေမှတော့ ကစားလိုက်ပါ။” ထန်ရှုက ရယ်ရင်း ပြောသည်။ “ဒါပေမယ့် ပြိုင်ပွဲမှာပါဝင်ဖို့ ကားအလုံအလောက်မရှိဘူးနဲ့တူတယ်။”
“အစ်မကြီးနန်…ငါ့ကားကို ယူပြိုင်ပါ။” ကျိမုက အမြန်ပြောသည်။
“ကောင်းပြီ။ ငါ ကစားမယ်။” ချီနန်က ခေါင်းညိတ်ကာ ပြောသည်။ “ဒါပေမယ့် အနိုင်အရှုံးကို ငါ ဂရုမစိုက်ဘူး။ ငါ အကောင်းဆုံးဖြစ်အောင်ပဲ လုပ်မယ်။”
ကျိမုက ရယ်လိုက်ရင်း
“အစ်မကြီးနန် အကောင်းဆုံးလုပ်မယ်ဆိုရင် ငါ စိတ်သက်သာသွားပြီ။ မစိုးရိမ်ပါနဲ့။ မင်းနိုင်ရင် လောင်းကြေးငွေတွေ ငါ ပေးမယ်။ မင်းရှုံးရင်လည်း ငါ တာဝန်အပြည့် ယူပေးမှာပါ။”
“လောင်းကြေးရှိတာလား။ ဘယ်လောက်လဲ။” ထန်ရှု အံ့သြသွားသည်။
ကျိမုက ပြုံးလိုက်ပြီး
“လောင်းကြေးငွေသတ်မှတ်ထားတာက ပြိုင်ပွဲဝင်တစ်ယောက်ကို ၂၀မီလီယံပါ။ ဒါပေမယ့် လီကျန်းက ငါ့ကို တိုက်ခိုက်ဖို့ ငါတို့၂ယောက်ရဲ့ လောင်းကြေးငွေကို ၄၀မီလီယံထိ မြှင့်လိုက်တယ်။ ကျန်တဲ့ပြိုင်ပွဲဝင်တွေကိုတော့ ၂၀မီလီယံပဲ ထား ထားပါတယ်။”
***