← Chapters

မောက်မာခြင်း

Vol. 07 Ch. 333

မောက်မာခြင်း

Vol. 07 Ch. 333

ထန်ရှု အတော် အံ့သြသွားရသည်။ ကျိမုသည် ချန်ရှီးမြို့တွင် လွှမ်းမိုးနိုင်သော သူတစ်ယောက်ဖြစ်သည်မှာ ဆိုဖွယ်မရှိချေ။ သို့သော် သူ၏ပြိုင်ပွဲတွင် တစ်စုံတစ်ယောက်သည် မည်သို့ ပြသနာရှာရဲနေပါသနည်း။ သူ မေးမြန်းကြည့်ပြီးနောက် အဖြစ်အပျက်တစ်ခုလုံးအား နားလည်သွားခဲ့ပြီး ရုတ်တရက်ရယ်မောလိုက်ကာ

“ပြိုင်ပွဲတစ်ခုရှိပြီဆိုရင် လောင်းကြေးငွေ နည်းနည်းကစားကြတာ ထုံးစံပါပဲ။ ငါတို့လည်း မင်းကို မရှုံးစေချင်ပါဘူး။ ငါတို့ရှုံးခဲ့ရင်လည်း အခြားသူတွေလို ၂၀မီလီယံ ထည့်ရမှာပေါ့။ ဒါပေမယ့် ငါတို့နိုင်ခဲ့ရင် လောင်းကြေးငွေက ငါတို့ဟာပဲ။”

ကျိမု အနည်းငယ် အံ့အားသင့်သွားသည်။

လောင်းကြေးငွေနည်းနည်းလေးဟုတ်လား။ ၂၀မီလီယံက လောင်းကြေးငွေနည်းနည်းလေးတဲ့လား။

ထိုကဲ့သို့ မှတ်ချက်စကားကြောင့် ထန်ရှု၏ပုံရိပ်အား ရုတ်တရက် သိလိုစိတ် ဖြစ်ပေါ်လာရသည်။ ချီနန်အား ထိုအကြောင်း စုံစမ်းရာ ချီနန်က ရယ်မောပြီး

“ငါ့မှာ ဘာမှပြောစရာမရှိပါဘူး။”

“ဒီလိုဆိုမှတော့ ဒီအတိုင်း ဆုံးဖြတ်ကြတာပေါ့။” ကျိမု ခေါင်းညိတ်ပြီး

“ညီအစ်ကိုထန်…ဒီကိုလာတာ ပထမဆုံးအကြိမ် ဖြစ်တော့ ပြိုင်ပွဲလမ်းကြောင်းနဲ့ မရင်းနှီးချင်ဘူးလား။ ပြိုင်ပွဲလမ်းကြောင်းနဲ့ အရင်ဆုံး ရင်းနှီးအောင် လုပ်ရင်ရော ဘယ်လိုလဲ။ ပြီးရင် ပြိုင်ပွဲစကြတာပေါ့။”

“ငါတို့ အချိန်လောက်သေးလား။” ထန်ရှုက မေးသည်။

“လောင်ရှန်အဝေးပြေးက ပြိုင်ပွဲလမ်းတစ်လျှောက် ပြည့်စုံအောင် ကြည့်မယ်ဆိုရင် ကားအရှိန်က လုံလောက်အောင်မြန်ရင် ၁၂မိနစ်လောက်ပဲ လိုမယ်။” ကျိမုကပြောသည်။

“ကောင်းပြီ။ ကျွန်တော် တစ်ချက်လောက် သွားကြည့်လိုက်မယ်။” ထန်ရှုက ခေါင်းညိတ်ကာ ပြောသည်။ “ချီနန် ငါ့ကို အဖော်လုပ်ပေးပါ။”

“အိုကေ…”ချီနန်က ခေါင်းညိတ်သည်။

“အခု ၁၁နာရီထိုးဖို့ ၁၅မိနစ်ပဲလိုတော့တယ်။ ဒီအချိန်အတွင်း မင်း ပြီးဆုံးအောင် ကြည့်နိုင်ရင် ငါ အံ့သြမိမှာပဲ။ ပြိုင်ပွဲကိုသာ မင်း သက်ရောက် လွှမ်းမိုးစေခဲ့ရင် တခြားလူတွေ မပျော်မှာကို ငါ ကြောက်မိသား။” လူတစ်အုပ် ဝန်းရံလျက် လီကျန်း ရောက်လာသည်။ သူ၏မျက်နှာထက်တွင် လှောင်ပြောင်လိုသောအကြည့်တစ်စုံရှိနေပြီး ထန်ရှုအား တစ်ခဏမျှ အကဲခတ်ပြီးနောက် သူ၏အကြည့်များသည် ချီနန်ဆီသို့ ရောက်သွားသည်။

“ချီနန်…မင်းက ဒီမှာ ပြိုင်ဖူးတယ်။ လောင်ရှန်အဝေးပြေးရဲ့အမြန်ဆုံးစံချိန်က ဘယ်လောက်လဲ။”

“၁၁မိနစ်နဲ့ ၄၅စက္ကန့်။”

“အတူတူလောက်ပါပဲ။ လောင်ရှန်အဝေးပြေး ပြိုင်လမ်းကြောင်းကို ၁၅မိနစ်အတွင်း ငါ မကြည့်နိုင်ဘူးဆိုရင် ဒီပြိုင်ပွဲကို ပြိုင်ဖို့ အဓိပ္ပာယ်မရှိမှာ ငါ စိုးရွံ့မိသား။ ကောင်းပြီ။ မင်းကို ကြည့်ရတာ ဒီကလူတွေကို ပစ်မှတ်ထားနေတဲ့သူပဲဖြစ်မယ်။ မင်းနာမည် ဘယ်လိုခေါ်လဲ။”

“လီကျန်း…”

“မင်းနာမည် မှတ်ထားလိုက်ပြီ။ ဒီနေ့ပြိုင်ပွဲမှာ ငါရှုံးခဲ့ရင် ငါ မင်းကို ၄၀မီလီယံပေးမယ်။ ဒါပေမယ့် မင်းရှုံးခဲ့ရင် ငါခိုင်းတဲ့အတိုင်း မင်းလုပ်ရဲမလား။” ထန်ရှုက ခေါင်းညိတ်ကာ ပြောသည်။

လီကျန်းက မျက်မှောင်ကြုပ်သွားပြီး “မင်း ဘာလိုချင်တာလဲ။”

“ငါ နိုင်လို့ရှိရင် နောက်ပိုင်း မင်း ငါ့ကိုတွေ့တဲ့အခါ ဝေးဝေးရှောင်ပါ။” ထန်ရှုက ပြောသည်။

လီကျန်းက သူ၏မျက်ခုံးအစုံအား ပင့်တင်မိရင်း ထန်ရှု၏စကားနောက်ကွယ်မှ အဓိပာယ်အား ခပ်ရေးရေး ခံစားမိသဖြင့် လီကျန်း၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက် ဖြတ်သန်းသွားခဲ့သည်။ ကြည့်ရသည်မှာ သူတို့အကြားတွင် ရန်ငြိုးတစ်ခုရှိဟန်တူပေသည်။

“ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလား။” လီကျန်းက မေးသည်။

“မသိဘူး။” ထန်ရှုက ခေါင်းယမ်းပြသည်။ “မင်းကို ဟိုးအရင်က တွေ့တောင် မတွေ့ဖူးဘူး။”

လီကျန်း မျက်မှောင်ကြုပ်သွားကာ “ဒါဖြင့် မင်းက ဘာကြောင့်များ…”

“ဘာမှမရှိဘူး။” ထန်ရှုက မျက်နှာသေဖြင့် ပြောသည်။ “ငါက ပြသနာတွေကို မကြိုက်တဲ့သူဖြစ်ပေမယ့် မင်းတို့လို သူဋ္ဌေးသားသခင်လေးတွေက ပြသနာရှာဖို့ အရမ်းလွယ်ကြတယ်။ အဲ့ဒါကြောင့် နောက်ပိုင်း ငါတို့ ပဋိပက္ခမဖြစ်အောင် မင်း ငါနဲ့ ဝေးဝေးနေတာ ပိုကောင်းတယ်။”

လှောင်ပြောင်ခနဲ့လိုမှုသည် လီကျန်း၏မျက်နှာထက်တွင် ပေါ်လာကာ

“မင်းက လူကြောက်တစ်ယောက်ပဲ။ အိုကေ… ငါသာ ရှုံးခဲ့ရင် နောင် မင်းကို တွေ့တဲ့အခါ ဝေးဝေးမှာ နေပေးမယ်။”

အသာခေါင်းညိတ်ပြရင်း ထန်ရှုသည် ချီနန်အား အချက်ပြကာ လန်ဘော်ဂနီကားဆီသို့ လျှောက်လာကြသည်။ ကား၏အစိတ်အပိုင်းများနှင့် အကျွမ်းတဝင်ဖြစ်အောင် လုပ်ပြီးသည်နှင့် ထန်ရှု စတင်မောင်းနှင်တော့သည်။ ထန်ရှုသည် ကားမောင်းလိုင်စင်အား လတ်တလောမှ ရထားပြီး အချိန်ပိုင်းတစ်ခုသာ မောင်းရသေးသော်လည်း သူသည် ကားမောင်းရာ၌ ကောင်းသည်ဟု ဆိုနိုင်ပေသည်။ လန်ဘော်ဂနီကားအား ထိန်းချုပ်ရာတွင် အကျွမ်းတဝင် ဖြစ်သွားသည်နှင့်အမျှ မြန်နှုန်းမြင့်အရှိန်တွင် မောင်းနှင်ရာ၌ လွယ်ကူသွားခဲ့သည်။ သူ၏အမြင်အာရုံနှင့် တုံ့ပြန်နှုန်းသည် သာမန်လူများထက် များစွာ သာလွန်လှသောကြောင့် လန်ဘော်ဂနီ၏အင်ဂျင်သည် တုန်ဟီးလာကာ ချက်ချင်းပင် လျှပ်စီးတန်းအလား ပေါ်ထွက်လာတော့သည်။

“ချီနန်… မင်းက ဒီလမ်းကို ကောင်းကောင်းသိတယ်ဆိုတော့ ဘာတွေ အာရုံစိုက်ထားရမယ်ဆိုတာ ငါ့ကို ပြောပါဦး။”

ယာဉ်မောင်းဘေးမှ ထိုင်ခုံတွင် ထိုင်လျက် ချီနန်က ခေါင်းညိတ်ကာ

“ပြသနာမရှိပါဘူး။ ရှေ့ထွက်ပေါက်က ထွက်လာပြီးတာနဲ့ လမ်းပေါ်ရောက်မယ်။ လောင်ရှန်အဝေးပြေးလမ်းမကို လှည့်မောင်းရမယ်။ အရှိန်ကို တိုက်ရိုက်မတင်သရွေ့ လမ်းဘေးက လက်ရန်းတွေကို သွားမတိုက်မိဘူး။ သူဋ္ဌေး…ရှင် အခုအရှိန်တင်ထားပေမယ့်လည်း ငါတို့ အကွေ့ကို ကွေ့တဲ့အခါ ဒါမှမဟုတ် ကုန်းဆင်းတွေကို ဆင်းတဲ့အခါ ငါ ကြိုပြောပါမယ်။”

“ရပြီ။”

လက်တစ်ဖက်က ကားလက်ကိုင်ကို ထိန်းထားပြီး ထန်ရှု၏အခြားလက်တစ်ဖက်သည် ဂီယာပြောင်းရန် လှုပ်ရှားသည်။ သူသည် ဂီယာပြောင်းတိုင်း အရှိန်တင်ခလုပ်အား ခပ်ပြင်းပြင်း ဖိသည်။ မီးရောင်မှိန်မှိန်အောက်တွင် လန်ဘော်ဂနီကားလေးသည် ၁နာရီ-ကီလိုမီတာ ၁၀၀သို့ မကြာမီ ရောက်လာသည်။ ၂မိနစ်ကြာ ထိုအရှိန်အား ထိန်းထားပြီးနောက် သူသည် အရှိန်အား တစ်ဖန်မြှင့်တင်လိုက်သည်။

“သူဋ္ဌေး…ရှေ့မှာ ဂငယ်ကွေ့တစ်ခု ရှိနေတယ်။” ချီနန်က လျင်မြန်စွာ သတိပေးလိုက်သည်။

ထန်ရှု ခေါင်းညိတ်သည်။ မီးရောင်များသည် မှိန်နေလင့်ကစား သူ၏မျက်ဝန်းအာရုံသည် လွန်စွာ ထက်မြက်စူးရှလှသည်။ သူသည် ကားထိန်းချုပ်မှုအား အကျွမ်းတဝင်ဖြစ်သွားသောကြောင့် တူညီသောအရှိန်အတိုင်း မောင်းနှင်လာရာ ကား၏အရှိန်သည် လျင်မြန်စွာပင် ၁နာရီ-ကီလိုမီတာ ၁၆၀သို့ ရောက်ရှိလာခဲ့သည်။

“တီဗွီထဲမှာ ကားတွေ drift ဆွဲတာ ငါ တွေ့ဖူးတယ်။ အဲ့ဒါကို ဘယ်လိုလုပ်ရတာလဲ။” ထန်ရှုက ရုတ်တရက် မေးလိုက်သည်။

ချီနန်က အံ့အားသင့်စွာဖြင့် တစ်ချက်တွေကနဲ ဖြစ်သွားကာ

“သူဋ္ဌေးက ဘယ်လို drift ဆွဲတာလဲဆိုတာကိုတောင် မသိတာလား။”

“ငါ တစ်ခါမှ ကားမောင်းမပြိုင်ဖူးဘူးလေ။ ဘယ်လို drift ဆွဲလဲဆိုတာ ငါ သိပါ့မလဲ။” ထန်ရှုက ရယ်လိုက်သည်။

“နောက်ပြီး ကားမောင်းလိုင်စင်ရထားတာ ၂လလောက်ပဲ ရှိဦးမယ်။ ကားအနည်းငယ်လောက်ပဲ အကျွမ်းတဝင်ရှိသေးတာ။ ဒီလိုပြိုင်ကားမျိုးက ဒါပထမဆုံးအကြိမ် မောင်းဖူးတာပဲ။”

ချီနန် ပြောစရာစကားမဲ့သွားရသည်။

သူမ ပဟေဠိဖြစ်နေပေသည်။ ထန်ရှုသည် ယခင်က ပြိုင်ကားတစ်စီးအား မမောင်းဖူးသော်လည်း မည်သည့်အကြောင်းကြောင့် လီကျန်းနှင့် လောင်းကြေးထပ်ခဲ့ပါသနည်း။ ၄၀မီလီယံသည် ငွေပမာဏအနည်းငယ်ဟုသာ ဆိုပါလျှင်လည်း ငွေမဆုံးသွားသည်က ပိုကောင်းသည် မဟုတ်ပါလော။

“သူဋ္ဌေး…drift ဆွဲတယ်ဆိုတာ ကားမောင်းတဲ့နည်းစနစ်တစ်ခုပါပဲ။ ကားမောင်းသူက ကားလက်ကိုင်ကို တအားလှည့်ပြီး ဟန်းဘရိတ်နှင့် ခြေနင်းဘရိတ်ကို တစ်ချိန်တည်းမှာ သုံးရတာ။ အဲ့ဒီအခါ ကားရဲ့လက်ကိုင်ဦးတည်ရာက သေချာကြီးကို ပြောင်းလဲသွားတာပေါ့။ ရှင် drift ဆွဲတော့မယ်ဆိုရင် ရှေ့ကလမ်းကို ထုံးစံအတိုင်း အကဲဖြတ်ရမယ်။ ရှင့်ခြေထောက်က…”

ကားမောင်းနေရင်းဖြင့် ထန်ရှုသည် ချီနန်၏ရှင်းပြချက်အား နားထောင်ခဲ့ပြီး မည်ကဲ့သို့ drift ဆွဲရသည်ကို သိသွားတော့သည်။ ဂငယ်ကွေ့အား သူ ကျော်ဖြတ်လာပြီးချိန်တွင် သူသည် အရှိန်အား ထပ်မံတင်လိုက်ကာ drift ဆွဲကြည့်ရန် အားထုတ်တော့သည်။

ကျွီ…

ကား၏နောက်ပိုင်းသည် ပေါ့ပေါ့ပါးပါး ရွေ့လျားသွားကာ ၎င်း၏ကားတာယာများသည် လမ်းနှင့်အလိုက်သင့် အရှိန်ကြီးစွာ drift ဆွဲသွားပြီး ကားသည် ဘေးတိုက်ရွေ့သွားတော့သည်။ ထန်ရှုသည် ပြည့်စုံသော drift ဆွဲခြင်းထက် အနည်းငယ်လျော့စွာ လုပ်နိုင်ခဲ့သော်လည်း ကားသည် တောင်နံဘေးအား တိုက်လုနီးပါးပင် ဖြစ်ခဲ့သည်။

“ဘုရားသခင်…”

ချီနန်၏အမူအရာသည် ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သက်ပြင်းချလိုက်မိရသည်။ သည်ဟာသည် ထန်ရှုအတွက် ပထမဆုံးအကြိမ် ပြိုင်ကားမောင်းနှင်ခြင်း ဖြစ်ပြီး drift ဆွဲလေ့ကျင့်ခြင်းအား ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ၎င်းသည် အန္တရာယ်ရှိသော တောင်ပေါ်လမ်းတွင် ပြုလုပ်ခြင်းဖြစ်လင့်ကစား မတော်တဆ မဖြစ်သွားခြင်းသည် အလွန်တရာမှ ယုံကြည်ရန်ခက်ခဲလှသောအရာဖြစ်တော့သည်။

ထန်ရှုကိုယ်တိုင် စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော် ကားသည် လုံးဝရပ်တန့်သွားသည့်အချိန်တွင် သူ၏စိတ်လှုပ်ရှားမှုသည် ပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း ချီနန်၏ချီးကျူးမှုအား ကြားရသည့်အခါတွင် အတော်ပင် ရှက်မိရသေးသည်။ ကားအား တစ်ဖန်ပြန်လည် မောင်းနှင်ပြီး သူသည် driftဆွဲခြင်းအား ၄ကြိမ် သို့မဟုတ် ၅ကြိမ် ကြိုးစားလေ့ကျင့်လိုက်သည်။

“အံ့သြစရာပဲ။”

ထန်ရှု၏နောက်ဆုံးကြိုးပမ်းမှုအပြီးတွင် ချီနန် အံံ့သြမှုအား မမျိုသိပ်နိုင်တော့ပေ။ သူမသည်လည်း အရှိန်အားနှင့်ပတ်သက်သည့် ရွေ့လျားမှုများအား ဖမ်းဆုပ်နိုင်သည့် ထက်မြက်သောအာရုံရှိသူ ဖြစ်သော်လည်း ထန်ရှု၏ကြိုးစားအားထုတ်မှုတိုင်းသည် တစ်ခေါက်ထက်တစ်ခေါက် ပိုမိုကောင်းမွန်လာခဲ့သည်။ သည်တစ်ကြိမ်တွင် ထန်ရှုသည် လုံးဝပြီးပြည့်စုံလုနီးပါးပင် drift ဆွဲနိုင်ခဲ့ပေသည်။

ထို့နောက် ထန်ရှုသည် ကားအား  ၁နာရီ- ကီလိုမီတာ ၂၀၀အထိ အရှိန်တင်လိုက်ကာ အပြုံးဖြင့်

“ငါ့အရည်အချင်းက မလုံလောက်သေးဘူး။ အနည်းငယ် ထပ်မောင်းပြီးသွားရင်တော့ အပြည့်အဝဆုပ်ကိုင်နိုင်မှာပါ။ ဒီdriftဆွဲတဲ့ နည်းစနစ်က အလွန်ရိုးရှင်းပါတယ်။ ကားလက်ကိုင်လည်တဲ့အရှိန်နဲ့ ဘရိတ်တွေ ပူးပေါင်းလုပ်ဆောင်တာကို သေချာတွက်ချက်ဖို့ပဲ လိုတာပါ။”

ချီနန်က တလေးတစား ချီးကျူးလိုက်သည်။

“သူဋ္ဌေးသာ အရင်တုန်းက တစ်ခါမှ ပြိုင်ကားမမောင်းဖူးတာ၊ drift မဆွဲဖူးတာကို ငါသာမသိထားရင် ရှင့်ရဲ့နောက်ဆုံးကြိုးပမ်းတာကို ကြည့်ပြီး ပြိုင်ကားမောင်းကျွမ်းကျင်သူတစ်ယောက်လို့ ငါ ထင်မိသွားမှာ။ သူဋ္ဌေးရဲ့သင်ယူနိုင်မှုအမြန်နှုန်းက အရမ်းစွမ်းအားကြီးတာပဲ။ ရှင့်လောက် တိုးတက်နှုန်းမြန်တယ်လူကို တစ်ခါမှ ငါ မတွေ့ဖူးဘူး။”

“ငါ့ကို မမြှောက်ပါနဲ့။” ထန်ရှုက အားရပါးရ ရယ်မောလိုက်သည်။ “အချိန်ဘယ်လောက်ကျန်သေးလဲ။”

ချီနန်၏မျက်နှာပေါ်မှ အပြုံးသည် ပိုမို သိပ်သည်းသွားခဲ့သည်။ သူမ၏လက်ပတ်နာရီလေးအား ကြည့်လိုက်ပြီး

“၁၀နာရီ ၅၇မိနစ်ရှိပြီ။ သဘောတူထားတဲ့အချိန် ရောက်ဖို့ ၃မိနစ်ပဲလိုတော့တယ်။ သူဋ္ဌေး…ကျန်တဲ့လမ်းကြောင်းကို ပြီးအောင်ကြည့်ဖို့ဆိုတာ ရှင့်ရဲ့လက်ရှိအမြန်နှုန်းနဲ့ဆို ၃မိနစ်အတွင်း မဖြစ်နိုင်တော့ဘူး။ မဟုတ်ရင်…”

“မဟုတ်ရင် ဘာလဲ။” ထန်ရှုက အင်ဂျင်ဆီသို့သွားသော ဓာတ်ဆီ/ဓာတ်ငွေ့ကို ထိန်းချုပ်သည့် ကိရိယာခလုပ်အား ပေါ့ပါးစွာ ဖိရင်း ချက်ချင်း မေးလိုက်သည်။

“အမြင့်ဆုံးထိ အရှိန်မတင်ရင်” ချီနန်က ပြောလိုက်သည်။

“သေချာထိုင်ပါ။”

ထန်ရှု လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး သူ၏ခြေထောက်သည် အင်ဂျင်ဆီသို့သွားသော ဓာတ်ဆီ/ဓာတ်ငွေ့ကို ထိန်းချုပ်သည့် ကိရိယာရှိ အမြင့်ဆုံးခလုပ်အား တွန်းလိုက်သည်။

ကား၏အရှိန်သည် ချက်ချင်း မြင့်တက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား မီတာ၂၀၀-မီတာ၃၀၀ အထိ ကြိုတင်ဖြန့်ကျက်ထားပြီး သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေအား မြင့်မားစွာ အာရုံစိုက်ထားခဲ့သည်။

ကားသည် အလင်းတန်းတစ်ခုအလား မြန်ဆန်နေပေတော့သည်။

မျက်တောင်တစ်ခတ်အတွင်း မီတာ၂၀၀-၃၀၀အကွာအဝေးထိ ကျော်ဖြတ်သွားနိုင်သော်လည်း ပြိုင်ပွဲအတွင်း လမ်းအား အာရုံ၅ပါးဖြင့် သိမှတ်နားလည်နိုင်ခြင်းသည် လုံးဝအကျိုးကျေးဇူး များပေမည်။

လောင်ရှန်မြေကွက်လပ်တွင် လူတိုင်းသည် စောင့်ဆိုင်းနေကြသည်။

“သူဋ္ဌေးကျိ… ထန်ရှုက သတ်မှတ်ချိန်အတွင်းမှာ ပြန်လာနိုင်ပါ့မလား။ ၁၁နာရီထိုးဖို့ အခု ၂မိနစ်ပဲ လိုတော့တယ်။” ပိန်ပိန်ပါးပါးနှင့် မျောက်မျက်နှာအလား ပုံစံရှိသော ဟောက်ဇီက လေသံတိုးတိုးဖြင့် စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“မင်းက ငါ့ကို မေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ။” ကျိမုက ဖြည်းညှင်းစွာ ဖြေလိုက်သည်။

“ထန်ရှုက အရင်တုန်းက ကားမောင်းမပြိုင်ဖူးတော့ သတ်မှတ်ထားတဲ့အချိန်မှာ ပြန်ရောက်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဖို့က များတယ်။ နောက်ပြီး ဒါက သူ့အတွက် လောင်ရှန်အဝေးပြေးလမ်းမထက်မှာ ပထမဆုံး ကားမောင်းပြိုင်တာဆိုတော့ ငါ အများကြီး မမျှော်လင့်ထားဘူး။”

ဟောက်ဇီက ပဟေဠိဖြစ်သောအမူအရာဖြင့်

“ကျွန်တော် တကယ်ကို သဘောမပေါက်ဘူး။ သူက ဘာကြောင့်များ လီကျန်းကို ဆန့်ကျင်ပြီး လောင်းတာလဲ။ အရင်တုန်းက သူတို့၂ယောက်ကြား ရန်ငြိုးရှိလို့များလား။”

“သူတို့ကြားမှာ ပြသနာမရှိတာတော့ ငါ ပြောနိုင်တယ်။” ကျိမုက ဟောက်ဇီအား ကြည့်လိုက်ပြီး မျက်နှာတည်ဖြင့်

“မင်း လီကျန်းရဲ့မေးခွန်းကို မကြားလိုက်ဘူးလား။ သူ လီကျန်းကို သဘောမကျတာပဲ နေလိမ့်မယ်။”

“သဘောမကျရုံလေးနဲ့ သူ့ပိုက်ဆံကိုတော့ အရှုံးမခံသင့်ဘူးမဟုတ်လား။” ဟောက်ဇီက တီးတိုးပြောသည်။

“သူ့ကြည့်ရတာ သူများကို ပိုက်ဆံပေးပြီး ပါးအရိုက်ခံတာနဲ့တူနေတယ်။ ဒါမိုက်မဲတာ မဟုတ်ဘူးလား။”

“ဒါက  ကမ္ဘာကြီးတစ်ခုပဲကွာ။ တစ်ချို့အရာတွေက ဒီလိုဖြစ်ပျက်မယ်ထင်ရတောင်မှ ထူးထူးဆန်းဆန်း မဖြစ်တာတွေ ရှိပါသေးတယ်။ တစ်ချို့ငယ်ရွယ်သူတွေကြားက လူပေါ်လူဇော်တွေက သာမန်ကြုံကြိုက်မှုတစ်ခုလောက်ပါပဲ။” ကျိမုကပြောသည်။

ဟောက်ဇီ ခြောက်ကပ်စွာ ရယ်မောလိုက်ရင်း မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

အခြားတစ်ဖက်တွင် လီကျန်းသည် ပြုံးခြင်းမမည်သော အပြုံးတစ်ခုအား ပြုံးထားပြီး လက်ကို မြှောက်ကာ သူ၏လက်ပတ်နာရီအား ကြည့်လိုက်သည်။ ထန်ရှုသည် သတ်မှတ်ထားသောအချိန်အတွင်း ပြန်ရောက်နိုင်မည်လားကို သူ သိချင်နေမိပေသည်။

“သခင်လေးလီ…ငါတို့ ထပ်စောင့်ဖို့ မလိုတော့ဘူးထင်တယ်။”

အေးစက်စက် မျက်နှာအမူအရာဖြင့် ဟွမ်ယုသည် ဘောင်းဘီအိတ်နှစ်ဖက်တွင် လက်ထည့်ထားကာ ပြောလာသည်။

“အိုး…ခင်ဗျား ဘာကြောင့် ဒီလိုပြောတာလဲ။” လီကျန်းက ရယ်မောကာ မေးလိုက်သည်။

“မင်း မမှတ်မိဘူးလား။ ငါ ဒီကို ပထမဆုံးအကြိမ်ရောက်တော့ ဒီပြိုင်ပွဲလမ်းကြောင်းကို လှည့်ပတ်ကြည့်ဖို့ ၁၄မိနစ်တိတိ အချိန်သုံးခဲ့ရတယ်လေ။ သည်ငတိသာ သတ်မှတ်ချိန်မှာ ပြန်ရောက်လာနိုင်ရင် သူ့ရဲ့ကားမောင်းစွမ်းရည်က ငါ့ကို ယှဉ်နိုင်တယ်လို့ ဆိုလိုတာပဲ။”

“မဟုတ်သေးဘူး။” လီကျန်း ခေါင်းကို ယမ်းကာ ပြောလိုက်သည်။ “တကယ်တော့ သတ်မှတ်ချိန်အတွင်း သူပြန်လာဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့…”

***

All Chapters