← Chapters

တစ်စုံတစ်ယောက်၏အသက်အား ကယ်တင်ခြင်း

Vol. 07 Ch. 334

တစ်စုံတစ်ယောက်၏အသက်အား ကယ်တင်ခြင်း

Vol. 07 Ch. 334

လီကျန်းက သူ၏ခန့်မှန်းချက်အား ထိန်းသိမ်းလိုက်သောကြောင့် ဟွမ်ယု အနည်းငယ် မျက်မှောင်ကြုပ်သွားသည်။ အမှန်တကယ်အားဖြင့် သူသည် လီကျန်းအား သဘောမကျသော်လည်း လီကျန်းက သူ့အား ရှာတွေ့သွားကာ ပမာဏများသော ငွေပမာဏတစ်ခုအား ပေးရန် ကတိပေးခဲ့သည်။ ထို့ကြောင့် သူသည် ချန်ရှီးမြို့သို့လာကာ ပြိုင်ပွဲတွင် သူ့အား ကူညီရန် သဘောတူညီခဲ့သည်။  လူကို မနှစ်သက်နိုင်ပေမယ့် ငွေကိုတော့ သူ နှစ်သက်ပေသည်။

ထို့နောက် သူက မေးလိုက်သည်။

“ဘာကြောင့်လဲ။”

“မင်း ငါ့ကို မူးနေတယ်လို့ မပြောနဲ့နော်။” လီကျန်းက ရယ်လိုက်သည်။ “သူ လမ်းကြောင်းကိုသာ သိချင်တယ်ဆိုရင် ဘာကြောင့် ချီနန်ကို အဖော်လုပ်ပေးဖို့ ခေါ်သွားမှာလဲ။ သူ ကီလိုမီတာနည်းနည်းလောက်ပဲ မောင်းပြီး ချီနန်ကို အစားထိုးမောင်းခိုင်းမယ်။ ပြန်မလာခင်မှာ အမြန်နေရာလဲလိုက်မယ်ဆိုရင် သူ ဒီကို အချိန်မီ ရောက်နိုင်တယ်မလား။”

ဟွမ်ယုက ခဏကြာအောင် တွေဝေနေပြီးမှ

“မင်းဆိုလိုတာက သူတို့က လိမ်နေကြတာလား။ ဒါပေမယ့် သူတို့ အဲ့ဒီလိုလုပ်ရင် ပြိုင်ပွဲလမ်းကြောင်းကို သူ ရင်းနှီးအောင်လုပ်တဲ့အချက်က ဘာအတွက်လဲ။”

“အချို့လူတွေက ဒီလိုမျိုးတွေ လုပ်တာ မင်း မသိဘူးလား။” လီကျန်းက ရယ်လိုက်ပြီး “လူတွေက သူတို့မျက်နှာရဖို့ကလွဲပြီး အများကြီး ဂရုမစိုက်ကြဘူး။ သူသာ သတ်မှတ်ချိန်အတွင်း ပြန်လာခဲ့ရင် သူက ကားမောင်းကျွမ်းကျင်သူတစ်ယောက်ဆိုတာ လူတိုင်းကို သက်သေပြနိုင်ပြီလေ။ အဲ့ဒါဆို လူတွေရဲ့ အထင်ကြီးလေးစားမှုကို ရယူနိုင်ပြီပေါ့။ ဒါပေမယ့် သူ မရောက်လာနိုင်ခဲ့ရင် ဆင်ခြေတစ်ခု အလွယ်ပေးလို့ ရတာပဲ…နေမကောင်းဘူး။ ကားက ပြသနာနည်းနည်း ရှိနေတယ်…စသည်ဖြင့်ပေါ့။ အတိုပြောရမယ်ဆိုရင်ကွာ လမ်းကြောင်းကို ရင်းနှီးချင်တယ်ဆိုပြီး သူပြောတာက သူ့ခွန်အားကို သက်သေပြချင်နေတာ။ ရှုံးတာ နိုင်တာက သူ့အတွက် အရေးမကြီးတာလည်း ဖြစ်နိုင်တယ်။”

“သူသာ ဒီလိုလုပ်မယ်ဆိုရင် အရမ်းနှောင့်နှေးစေမှာပဲ။” ဟွမ်ယု ပြန်လည်ချေပလိုက်သည်။

“ဒါပေမယ့် ဒီလိုမိုက်မဲတာကြောင့်ပဲ ဒီငတိကို ငါ သဘောကျနေတာ။ သူက ငါတို့ကို ငွေအများကြီးပေးရုံတင်မကဘူး သူ့ကိုနင်းပြီး အာရုံပိုစိုက်ခံရအောင် အခွင့်အရေးတွေ ပေးနေတယ်။ ဒီလိုကောင်းတဲ့အခွင့်အရေးမျိုးကို ဘယ်နေရာမှာ သွားရှာရမလဲ။ တစ်ချက်တည်းနဲ့ အကျိုးကျေးဇူး၂ဆတောင် ရမှာလေ။”

“ဒါအမှန်ပဲ။”ဟွမ်ယုက အသာခေါင်းညိတ်သည်။

အချိန်များ ကုန်ဆုံးလာပြီး ၁၁နာရီထိုးရန် မိနစ်ဝက်မျှသာ လိုတော့သည်။ သို့သော် လောင်ရှန်ကားလမ်းမထက် ခပ်ဝေးဝေးဆီမှ မီးရောင်များ ထွက်ပေါ်နေသည်။

“သူ အချိန်မီ မပြန်လာဘူး။”

တူညီသောအတွေးသည် လူတိုင်း၏စိတ်ထဲတွင် လက်ရှိဖြစ်ပေါ်နေပေသည်။

သို့သော်လည်း ခပ်ဝေးဝေးရှိ ဂငယ်ကွေ့အဆုံးမှ မီးလုံး၂လုံးပေါ်လာပြီး အလင်းတန်းအလား လျင်မြန်စွာ ချဉ်းကပ်လာသည်။

“မဟုတ်သေးပါဘူး။ သူ အချိန်မီ ပြန်လာတာလား။”

“အိုး…သူပြန်လာတယ်။ သူ့အရှိန်က အရမ်းမြန်တာပဲ။”

“ဒီထန်ကောင်လေးက အတော်ကောင်းတာပဲ ဟုတ်တယ်မလား။ ဒီနေရာကနေ ပြိုင်လမ်းကြောင်းကို သွားကြည့်ပြီး ၁၅မိနစ်အတွင်းပြန်လာနိုင်တဲ့သူက လူ၂၀ထက်မပိုဘူး။”

“သူ မလိမ်ဘူးပေါ့ မှန်လား။”

“…”

အချို့လူများက အံ့အားသင့်နေကြသကဲ့သို့ အချို့သူများက မေးခွန်းထုတ်နေကြသည်။

၁၁နာရီထိုးရန် ၈စက္ကန့်အလိုတွင် အနက်ရောင် လန်ဘော်ဂနီကားလေးသည် မြေကွက်လပ်အတွင်းသို့ အလင်း၏အလျင်နှုန်းအလား ဝင်ရောက်လာပြီး လှပသော drift ဆွဲမှုတစ်ခု၊ မြန်ဆန်လှသော ဘရိတ်အုပ်မှုနှင့်အတူ ရပ်တန့်သွားသည်။

ထန်ရှုသည် ကားတံခါးဖွင့်ကာဆင်းလာပြီး ရောက်လာကြသော ကျိမု၊ လီကျန်းနှင့် အခြားသူများအား ကြည့်ကာ ရယ်သံဖြင့် အသံကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်တော်နောက်မကျဘူးမဟုတ်လား။”

“ဟမ့်…” လီကျန်းက အေးစက်စွာ နှာရှုံ့လိုက်ပြီး

“နောက်မကျပါဘူး။ ဒါပေမယ့် မင်းက ပြိုင်ပွဲကို နှောင့်နှေးအောင် လုပ်နေတုန်းပဲ။ အခု ၁၁နာရီအတိ ရှိနေပြီ။ ငါတို့ ပြိုင်ပွဲကို တစ်နာရီနဲ့ပြီးဖို့ အာမခံချင်ရင် နောက်၁၀မိနစ်မှာ စဖို့ အကြံပေးချင်တယ်။”

“ပြသနာမရှိပါဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။” ထန်ရှု ခေါင်းညိတ်သည်။

သူ၏လက်မအား ထောင်ပြကာ ကျိမုက ချီးကျူးလိုက်သည်။

“မင်းက တကယ်တော်တာပဲ ညီအစ်ကိုထန်။ မင်းရဲ့လောင်ရှန်အဝေးပြေးလမ်းမထက်က ပြိုင်ပွဲလမ်းကြောင်းကို ပထမဆုံးအကြိမ်မှာပဲ ၁၅မိနစ်အတွင်း ပြီးအောင် ကြည့်နိုင်ခဲ့တယ်။ ငါတောင်မှ ပထမဆုံးအကြိမ်က မင်းလောက်မတော်ဘူး။”

“ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ။” ထန်ရှုရယ်လိုက်သည်။

“ကောင်းပြီ။ ခဏနားပြီး ပြိုင်ပွဲအတွက် အသင့်ပြင်ပါ။” ကျိမုက ပြောသည်။

ဒီညကားပြိုင်ပွဲတွင် စုစုပေါင်း ၇ယောက် ပြိုင်ပွဲဝင်သည်။ ထန်ရှု၊ချီနန်၊ လီကျန်း၊ ဟန်ယုတို့နှင့် အခြား၃ယောက်မှာ ထန်ရှုမသိသောသူများ ဖြစ်သည်။ ကျိမုသည် မူလက ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်သော်လည်း သူ၏ကားအား ချီနန်သို့ ငှားလိုက်ရသောကြောင့် ဒိုင်လူကြီးတစ်ယောက်အဖြစ် ဆောင်ရွက်သည်။

တန်ဖိုးကြီးကား၇စီးသည် စီတန်းရပ်ထားပြီး တစ်စီးချင်းသည် မီလီယံများစွာ ထိုက်တန်သည်။ ကားများစီတန်းထားသည်မှာ ပြပွဲတွင် ခင်းကျင်းထားသည့်အလား ဖြစ်သည်။

“အသင့်ပြင်”

ရောင်စုံအလံတစ်ခုအား ကိုင်လျက် ကျိမုသည် ခရာမှုတ်လိုက်ပြီး လက်ထဲရှိ ရောင်စုံအလံအား ဝှေ့ယမ်းလိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာပင် ကားကောင်း၇စီးသည် အသံကျယ်လောင်စွာဖြင့် လေးမှ ပစ်လွှတ်လိုက်သော မြားများသဖွယ် ကွက်လပ်၏ထွက်ပေါက်ဆီသို့ ဦးတည်သွားကြသည်။

အနက်ရောင် လန်ဘော်ဂနီကားအား မောင်းနေသော ထန်ရှု၏တာထွက်အရှိန်သည် သိပ်မမြန်ဘဲ ထွက်ပေါက်၏၇စီးမြောက်အဖြစ် ထွက်လာနေသည်။ သို့သော်လည်း လောင်ရှန်အဝေးပြေးလမ်း၏ လမ်းများအား သူ မှတ်မိနေသောကြောင့် ချီနန့်ပြိုင်ကား၏ကောင်းမွန်သော စွမ်းဆောင်နိုင်ရည်နှင့်အတူ သူသည် တစ်ခါတည်း အရှိန်မြင့်လိုက်ပြီး လောင်ရှန်ကားလမ်းမဆီသို့ ဝင်ရန် အရှိန်တင်လိုက်သည်။

“ပထမဆုံး ဂငယ်ကွေ့ကို ငါ အနည်းဆုံး ၃စီးမြောက်အနေနဲ့တော့ ရောက်ရမယ်။”

သူ၏မျက်ဝန်းအစုံအား မှေးထားရင်း သူသည် ကားလက်ကိုင်ကို ထိန်းကာ သေချာသော တိကျမှုဖြင့် ဂီယာပြောင်းလိုက်သည်။ သူသည် အမြင့်ဆုံးဂီယာအား တွန်းတင်လိုက်သောကြောင့် အရှိန်ခလုပ်အား လုံလောက်စွာ ဖိလိုက်သည်။

မိနစ်ဝက်ကြာပြီးနောက် သူ၏အရှေ့မှ ပေါ်ရှေးကားအား ကျော်တက်ခဲ့ပြီး နောက်၂မိနစ်အကြာတွင် အခြားကားတစ်စီးအား ထပ်မံကျော်ဖြတ်ခဲ့သည်။

“ချီနန်ရဲ့ကားမောင်းစွမ်းရည်က တကယ်ကောင်းတာပဲ။”

သူ၏အရှေ့မှ မောင်းနေသော ကား၄စီးအား ကြည့်ပြီး ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်စ ပေါ်ထွက်လာသည်။ သူသည် လျင်မြန်စွာ အရှိန်တင်လိုက်ပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ကျောက်ဆောင်များရှိနေသော နေရာအား နောက်တွင် ချန်ထားခဲ့သည်။ လျင်မြန်စွာပင် သူသည် ဂငယ်ကွေ့အား ဖြတ်ကျော်မည့်ဆဲဆဲတွင် သူသည် ကားလက်ကိုင်အား ခပ်တင်းတင်း ထိန်းချုပ်ထားပြီး ဟန်းဘရိတ်အား ဆွဲရန် ဂီယာအပေါ်မှ လက်အား ဖြေလျော့လျက် သူ၏ခြေထောက်ဖြင့် ဘရိတ်အား ဖိနင်းလိုက်သည်။ လှပသော drift ဆွဲပြီးနောက် သူသည် ကားလက်ကိုင်အား ကွေ့လိုက်ပြီး သူ၏ခြေထောက်သည် အရှိန်တိုးကိရိယာအား ဖိနင်းလျက် တခြားကားနှင့်ကမ်းပါးစောက်အကြားရှိ နေရာသို့ လျှောဝင်လိုက်သည်။

သူ၏အရှေ့တွင် ဖာရီယာကားအနီလေးကို မောင်းနေသော လီကျန်းသည် အရှေ့မှ ကား၂စီးအား လိုက်ရန် အားကုန်ထုတ်မောင်းလျက်ရှိသည်။ သူ၏အရှေ့မှ ပြိုင်မောင်းနေသော ကား၂စီးသည် ဟွမ်ယုနှင့် ချီနန်မှန်း လီကျန်းသိသည်။ ထိုအချိန်တွင် ဟွမ်ယုသည် ရှေ့ဆုံးမှဖြစ်ပြီး ချီနန်သည် ဒုတိယလိုက်သည်။

“ငါ သူတို့ကို အမှီလိုက်ရမယ်။ ဟွမ်ယုကို မနိုင်ရင်တောင်မှ ချီနန်ကို ကျော်တက်ရမယ်။”

လီကျန်းသည် အံကို တင်းတင်းကြိတ်လိုက်ပြီး အရှိန်မြှင့်ခလုပ်အား ဖိကာ ကားလက်ကိုင်အား လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူသည် ချီနန်အား ကျော်တက်တော့မည့်အချိန်တွင် အနက်ရောင်လန်ဘော်ဂနီကားသည် လှပစွာ ကွေ့ဝိုက်ကာ သူ၏အနောက်တွင် ပေါ်လာသည်။

ထို့ပြင် သူ့အား ကားမောင်းနေရာမှ အနည်းငယ် အာရုံစိုက်မှုလျော့နည်းသွားစေရခြင်းမှာ ဂငယ်ကွေ့ပေါ်မှ ထိုအနက်ရောင်ကား၏အရှိန်သည် သူ၏ကားထက်ပင် ပိုမြန်နေခြင်းကြောင့်ဖြစ်သည်။ ၂စက္ကန့်အတွင်း သူ၏ကားသည် အမီလိုက်ခြင်း ခံလိုက်ရသည်။

“ချီးပဲ။ အဲ့ဒီကားကို မောင်းတဲ့သူက ထန်ရှုပဲ။”

လီကျန်း စိတ်တွင်းမှ ဒေါသထွက်သွားကာ အရှိန်မြင့်ခလုပ်အား အမြင့်ဆုံးထိ တင်လိုက်သည်။

အချိန်များ ကုန်ဆုံးလာသည်။

သူ၏ကျွမ်းကျင်လှသော ကားမောင်းအရည်အချင်းအပေါ် အမှီပြုကာ သာမန်လူတစ်ယောက်ထက် သာလွန်သော အကဲဖြတ်နိုင်မှုနှင့် တုံ့ပြန်မှုနှုန်းတို့ဖြင့် ထန်ရှုသည် လီကျန်းအား ၅မိနစ်အတွင်း ကျော်တက်လာခဲ့ပြီဖြစ်သည်။ သူမောင်းလာသော လန်ဘော်ဂနီသည် ချီနန်၏ကားမြီးအား စတင်မီလာပြီဖြစ်သည်။

“ဒီရှေ့မှာ အက်စ်ပုံသဏ္ဍာန်တစ်ခု ရှိတယ်။ သူမကို ကျော်တက်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။ အက်စ်ပုံသဏ္ဍာန်ရဲ့အဆုံးမှာ ဂငယ်ကွေ့အသေးလေး၂ခု ရှိတယ်။ ဆိုလိုတာက ငါ ရှေ့ကား၂စီးကို ကျော်တက်ဖို့ အခွင့်အရေး၃ခုပဲရှိတယ်လို့ ဆိုလိုတာပဲ။”

ထန်ရှုသည် အရှိန်တိုးခလုပ်အား နှိပ်ရင်း အားနှင့် ဖိနင်းလိုက်သည်။ ချီနန်နှင့် ဟွမ်ယုတို့၏ကားများသည် တစ်စီးနှင့်တစ်စီးနောက်သို့လိုက်ကာ အပြိုင်မောင်းလိုက် ပိတ်ဆို့လိုက် မောင်းနေကြစဉ်တွင် ထန်ရှုသည် ထိုကားများ၏ဦးတည်ရာနှင့် လမ်းကြောင်းအား တွက်ချက်လျက်ရှိသည်။

“ဝေါ…”

အရှိန်မြင့်ခလုပ်အား ဖိနင်းလျက် ထန်ရှုသည် ချက်ချင်းပင် ကား၂စီးအကြားရှိ နေရာလွတ်ဆီသို့ လျှောတိုက်ဝင်သွားပြီး သူ၏ကားသည် ရှေ့တွင် ရှိသော ဟွမ်ယု၏ကားနှင့် မျဉ်းဖြောင့်တစ်ကြောင်းတည်း ကျသွားသည်။ ထို့ပြင် သူ၏လန်ဘော်ဂနီကားနက်လေးသည် တောင်နံရံ၏ဘေးတစ်ဖက်ပေါ်တွင် ရှိနေပြီး ဟွမ်ယု၏ကားသည် ကမ်းပါးစောက်တစ်ဖက်နားတွင် နီးကပ်လျက်ရှိသည်။

“နောက်ဆုံးဂငယ်ကွေ့ကလွဲပြီး အက်စ်ပုံသဏ္ဍာန်အကွေ့ရှိရင်တောင်မှ ဖြည်းဖြည်းချင်းဆင်းဖို့ မလိုဘူး။”

ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်သည်။ မိနစ်ဝက်ကြာမျှ ဟွမ်ယုနှင့်အပြိုင်မောင်းပြီးနောက် အက်စ်ပုံသဏ္ဍာန်အကွေ့တွင် သူ့အား ကျော်တက်ခဲ့သည်။ သို့သော်လည်း ရှေ့မှ ဂငယ်ကွေ့အသေးတစ်ခုတွင် ဟွမ်ယုသည် သူ၏သာလွန်လှသော ကားမောင်းစွမ်းရည်ဖြင့် ထန်ရှုအား ကျော်တက်သွားသဖြင့် သူ့မှာ အတော်ပင် ကူကယ်ရာမဲ့ခဲ့ရသည်။

“ငါ့မှာ အခွင့်အရေးတစ်ခုပဲ ကျန်တော့တယ်။”

ထန်ရှုသည် မျက်ဝန်းအစုံအား အနည်းငယ် ကျဉ်းမြောင်းလိုက်သောခဏတွင် ချီနန်၏ပြိုင်ကားသည် လျင်မြန်စွာ မီလာခဲ့ပြီး လန်ဘော်ဂနီကားနှင့် ဘေးချင်းယှဉ်ကာ ထိန်းမောင်းနေသည်။

ပြိုင်ကားအတွင်းတွင် ချီနန်၏မျက်နှာထက်၌ စိုးရိမ်သောအကြည့်တို့ရှိနေသည်။ ထန်ရှု၏အရှိန်သည် အလွန်မြန်နေပြီး သူမ လက်ရှိမောင်းနေသောကားသည် လန်ဘော်ဂနီကားထက် ပိုမိုကောင်းမွန်သော်လည်း သူမ အားကုန်ထုတ်မောင်းသည့်တိုင် အမှီလိုက်နိုင်ရုံသာ ရှိသည်။

တစ်ခု သိရမည်မှာ ထန်ရှုသည် ထာဝရခန်းမ၏ပိုင်ရှင်-သူမ၏သူဋ္ဌေးကြီးဖြစ်သည်။ ပြောရမည်ဆိုပါက မတော်တဆတစ်ခုခု ဖြစ်သွားသည်ထက်စာရင် ထန်ရှု ရှုံးနိမ့်သွားသည်က သူမအတွက် ဖြေသာပေလိမ့်မည်။ လက်ရှိထန်ရှု၏အမြန်နှုန်းဖြင့်ဆိုပါက သူသည် မတော်တဆမှုတစ်ခုဖြစ်ရန် အလွယ်လေးဖြစ်သည်။

သူမသည် ထန်ရှုအား မည်သည့်အခါမျှ မတော်တဆ အဖြစ်ခံမည်မဟုတ်ချေ။ ထိုသို့ဖြစ်ခဲ့ပါက သူမ၏အခွင့်အရေးအား သူမ ဖျက်စီးလိုက်သကဲ့သို့ ဖြစ်မည်သာမက ထာဝရခန်းမမှ အကြီးအကဲများ၏ ပြင်းထန်သော အပြစ်ပေးမှုကို ခံရပေလိမ့်မည်။ သူမ၏အသက်လေးပင် ဆုံးရှုံးသွားနိုင်သည်။

ဖြေရှင်းရန်နည်းလမ်း စဉ်းစားရမည်။ ရှေ့ဆုံးတွင်ရှိသောကား ကမ်းပါးစောက်ပေါ်မှ လွင့်စဉ်သွားရင်တောင်မှ သူဋ္ဌေးအား မတော်တဆဖြစ်ခွင့် မပြုနိုင်ပေ။

အတွေးများ ထိုနေရာသို့ အရောက်တွင် ချီနန်၏ နှလုံးသားသည် မာကျောကြံံ့ခိုင်လာသည်။ အရှိန်မြှင့်ခလုပ်အား အဆုံးထိ နင်းလိုက်သည်။ သူမသည် ထန်ရှုအား ကျော်တက်ပြီးနောက် ဟွမ်ယု၏ကားနှင့် စတင်နီးကပ်လာပြီဖြစ်သည်။

အရှေ့တွင် အကြီးဆုံး ဂငယ်ကွေ့တစ်ခုရှိပြီး မတော်တဆမှုဖြစ်ပွားရန် ပိုမိုလွယ်ကူသော နေရာလည်းဖြစ်သည်။ သို့သော် ချီနန်သည် ထန်ရှုမှာ သူ၏အရှိန်အား နည်းနည်းလေးမှ မလျှော့သည်ကို သိလိုက်ရသဖြင့် အေးစက်သောအလင်းတစ်ချက်သည် သူမ၏မျက်ဝန်းမှ ထွက်ပေါ်လာသည်။

ကျွိ…

ဟွမ်ယု၏ကားသည် ပွတ်တိုက်ပြီး ကမ်းပါးစောက်လက်ရန်းအား ဖိညှစ်မိသွားသည်။

သူ၏အရှေ့မှ ပြိုင်ကား၂စီး၏အခြေအနေအား ရှင်းလင်းစွာ မြင်ရသဖြင့် ထန်ရှု၏မျက်လုံးများသည် ရုတ်တရက် တွန့်သွားသည်။ ချီနန် သူ့အား ကျော်တက်စဉ်အခိုက်အတန့်တွင် ချီနန်၏ ရည်ရွယ်ချက်အား ခပ်ရေးရေး သူ ခန့်မှန်းနိုင်ခဲ့ရာ ဟွမ်ယုသည် အခု အန္တရာယ်ရှိသောအခြေအနေသို့ ကျရောက်နေပြီဖြစ်သည်။

“အာ…”

စိတ်တွင်းမှ သက်ပြင်းချရင်း ထန်ရှုသည် အရှိန်မြှင့်ခလုပ်အား တစ်ဖန်နင်းလိုက်ရပြန်သည်။ ဟွမ်ယု၏ကားသည် ဘရိတ်နင်းရင်းဖြင့် လမ်းကြောင်းမှ သွေဖယ်ကာ ကမ်းပါးစောက်လက်ရန်းများဖြင့် လျင်မြန်စွာ တိုက်မိတော့မည့်ဆဲဆဲတွင် ထန်ရှု၏ကားသည် ပြင်းထန်သောအရှိန်ဖြင့် ဟွမ်ယု၏ကားညာဘက်ခြမ်းအား တိုက်မိပြီး ဟွမ်ယု၏ကားအား တစ်ပတ်လည်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား ဖြန့်ကျက်ပြီး သူ၏လန်ဘော်ဂနီကားအား ရစ်ပတ်ကာ ချက်ချင်းပင် လမ်းတစ်ဖက်သို့ ကျစေသည်။ သည်နည်းလမ်းသည် သူ၏လန်ဘော်ဂနီကား လမ်းကြောင်းတစ်လျှောက် ပွတ်တိုက်သွားမှုမှ ပြောင်းလဲရန် နည်းတစ်ခုသာလျှင် ဖြစ်သော်လည်း သူသည် လျင်မြန်စွာပင် ထိုအခိုက်အတန့်အား ဆုပ်ကိုင်ကာ လမ်းကြောင်းလွတ်ဟမှုမှ လျှောထွက်လိုက်သည်။

ကားတာယာများသည် မြေပြင်ပေါ် ပွတ်တိုက်ဆွဲသွားသည်။

ဟွမ်ယုသည် ဘရိတ်ပေါ်တွင် နင်းလိုက်သည့်အခိုက်အတန့်တွင် သူ၏ကားသည် ၁၀မီတာကျော် လျှောသွားပြီးမှ နောက်ဆုံးတွင် တောင်နံရံအား မှီကာ ရပ်တန့်သွားသည်။ သူ၏အမူအရာသည် ဖြူလျော့နေသည်။ သည်အဖြစ်အပျက်သည် အရေးကြီးဆုံးအချိန်ဖြစ်ခဲ့ပြီး သေခြင်းတရားနှင့် နီးကပ်စွာ ရင်ဆိုင်လိုက်ရသောကြောင့် ချွေးစီးအေးများပင် ကျလာခဲ့သည်။

သူသည် ပညာရှင်အဆင့် ကားမောင်းပြိုင်သူတစ်ယောက်ဖြစ်သောကြောင့် ကား၏အမြန်နှုန်းနှင့် သူ ဖြတ်သန်းလာသော မြေပြင်အနေအထားအား ကောင်းစွာ သတိပြုမိသည်။ သူ့အား ကျော်ဖြတ်ရန် အစွမ်းကုန်ညှစ်ထုတ် မောင်းနှင်လာသော ချီနန်သည် သူ့အား လက်ရန်းအပြင်ဘက်ရောက်အောင် လုပ်ကာ ကမ်းပါးစောက်ထဲသို့ ကျအောင်လုပ်ခြင်းသည် မဖြစ်လာတော့ဘဲ ထန်ရှု မောင်းနှင်လာသော ပြိုင်ကားသည် မတော်တဆ သူ၏ကားအားတိုက်မိကာ တစ်ပတ်လည်စေပြီး လမ်းဘက်သို့ ပြန်ကျလာစေခဲ့သည်။

ချီနန်က သူ့အား သတ်လိုဟန်ရှိနေခဲ့ပြီး ထန်ရှုက သူ့အား ကယ်တင်လိုခဲ့သည်။

သူသည် ကားမောင်းရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် ဟွမ်ယုသည် ခါးသီးသောအပြုံးတစ်ခုအား အားတင်းပြုံးလိုက်သည်။ သူသည် ငွေကြေးအတွက် ပြိုင်ပွဲတွင် ပါဝင်နေခဲ့သော်လည်း သေခြင်းတရားဘေးဆိုးသည် သူ့အပေါ်ကျရောက်လုနီးပါး ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့မိချေ။ ပြိုင်ပွဲတွင် ပါဝင်ရန် လီကျန်းအား ကတိပေးခဲ့သည်ကို သူ ရုတ်တရက် နောင်တရလာမိလေသည်။

***

All Chapters