ကောင်းခြင်း ဆိုးခြင်း
Vol. 07 Ch. 336
အခြားသူတွေကို ကောင်းမွန်ဆက်ဆံရမယ်ဟုတ်လား။
အခြားသူတွေကို နတ်ဆိုးတွေလို ဆက်ဆံရမယ်ဟုတ်လား။
သည်အတွေးအခေါ်သည် ချီနန်အား ကြည်လင်သွားစေသော်လည်း ထိုအကြောင်းအား ဂရုမစိုက်မိချေ။
သူမ၏ကမ္ဘာတွင် ထာဝရခန်းမနှင့် သူမအား ခြိမ်းခြောက်မှုတိုင်းသည် အခြားမဟုတ်ဘဲ ရန်သူများသာ ဖြစ်သည်။ ထို့ကြောင့် သူမသည် သူရဲဘောကြောင်သူမဟုတ်ဘဲ မည်သည့်ရန်သူကိုမျှ တုံ့ဆိုင်းမနေဘဲ ရှင်းလင်းမည်သာဖြစ်သည်။ ရန်သူများဖြစ်စေ သူမ၏လူများဖြစ်စေ ထိုသူများ၏သေခြင်းရှင်ခြင်းသည် သူမနှင့် နည်းနည်းမျှ သက်ဆိုင်ခြင်းမရှိခဲ့ပေ။
သူမသည် ထန်ရှုအကြောင်း အချို့အရာများအား သိရှိလာသည်။ ထန်ရှုသည် အလေးအနက် ဖြောင့်မတ်စွာဖြင့် ပြောဆိုနေသည်မှာ သူ၏ကိုယ်ပိုင်အလုပ်လုပ်သည့်ဟန်နှင့် ကွဲလွဲနေသည်ဟု သူမ ခံစားနေရသည်။
“သူဋ္ဌေး… ငါ တစ်ခုလောက် မေးလို့ရမလား။” တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် ချီနန် မနေနိုင်တော့စွာ မေးလိုက်သည်။
“မေးပါ။”
“သူဋ္ဌေး…ကောင်းခြင်းနဲ့ ဆိုးခြင်းက ဟိုးအရင်ကတည်းက ဒွန်တွဲမနေတာ သူဋ္ဌေးလည်း သိသားနဲ့။ ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက ဆိုးတယ်ဆိုတာ ငါ့ကို တိတိကျကျ ပြောပြနိုင်မလား။”
“ကောင်းတာနဲ့ ဆိုးတာကြားက နူးညံ့တဲ့ ကွာခြားမှုအလွှာပါးလေးဆိုတာက လူတစ်ယောက်ရဲ့ နှလုံးသားအတွင်းမှာ ဘာရှိသလဲဆိုတာပဲ။ သူ့ရဲ့နှလုံးသားထဲမှာ ကောင်းတာပဲလုပ်ချင်လိုမှုနဲ့ ကောင်းတဲ့စိတ်တွေပဲ ပြည့်နေရင် သူက ကောင်းတဲ့ကုသိုလ်အလုပ်တွေပဲ လုပ်လိမ့်မယ်။ သူ့ရဲ့နှလုံးသားထဲမှာ မကောင်းတာလုပ်ချင်လိုမှုနဲ့ မကောင်းတဲ့အတွေးတွေပဲ ပြည့်နေရင် မကောင်းတဲ့ အကုသိုလ်အလုပ်တွေပဲ လုပ်လိမ့်မယ်။ လူဆိုတာမျိုးက အမြဲလိုလို ဆန့်ကျင်ဖီလာနေတတ်တဲ့ သက်ရှိတွေဖြစ်ကြတော့ သူတို့အတွင်းစိတ်ထဲမှာ ကောင်းတာဆိုးတာနှစ်ခုစလုံး ရှိကြတယ်။ ဒါပေမယ့် အထူးကတော့ နှလုံးသားဆိုတာက ကောင်းခြင်းနဲ့ ဆိုးခြင်းကြားကို ပိုင်းခြားသိဖို့ အခြေအနေအတွက် အမြဲလိုလို စီမံခန့်ခွဲမှုနဲ့ စွမ်းဆောင်နိုင်မှုရဲ့ အရင်းခံ ဖြစ်တယ်။” ထန်ရှုက ခပ်ဖွဖွ ပြောသည်။
“ဒါပေမယ့် သူဋ္ဌေး ငါ တစ်ခု သိချင်သေးတယ်။ ရှင်က ကောင်းတဲ့လူလား နတ်ဆိုးလား။” ချီနန်က မေးသည်။
ထန်ရှုက သူမအား အေးဆေးစွာ ကြည့်လိုက်ပြီး
“ငါ့ရန်သူတွေနဲ့ဆက်ဆံရင် ငါက နတ်ဆိုးတစ်ပါး ဖြစ်ပေမယ့် ငါ့လူတွေနဲ့ဆက်ဆံရင် ငါက လူကောင်းတစ်ယောက်ပဲ။ ငါ မင်းကို ဆင်တူတဲ့ဟာ ပြောပြမယ်။ ငါ ဟောင်ကောင်မှာ လူတွေအများကြီး သတ်ဖူးတယ် ဒါပေမယ့် အဲ့ဒီလူတွေက မကောင်းတဲ့သူတွေ။ ငါက သူတို့ရဲ့ကိစ္စတွေမှာ ဝင်ရှုပ်မှာမဟုတ်ပေမယ့် ငါ့ကို လာရှုပ်ရင် ဆွဲချချင်ရင် ငါ သူတို့ကို ပြန်တိုက်ရမယ် သူတို့ကို သတ်ရင်တောင် သတ်ရမယ်။ ဒါပေမယ့် ငါ့ကို မကောင်းတဲ့စိတ်မပါဘဲ ဆက်ဆံသူတွေနဲ့ ငါ့ကို နာကျင်အောင် မလုပ်တဲ့သူတွေကို ငါ အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံရလိမ့်မယ်။ ကောင်းတဲ့သူတွေဆို ငါ လုပ်နိုင်တဲ့စွမ်းအားအတွင်းက ကူညီပေးမယ်။ ဥပမာအားဖြင့် ငါ့ရဲ့အခြားပုံရိပ်က ရွှမ်းချင်ဒေသရဲ့ ကြယ်တာရာတိုင်းရင်းဆေးရုံကြီးက သမားတော် တစ်ယောက်ပဲ။”
ထန်ရှုအား တစ်ချက်အား ငေးကြည့်ရင်း ချီနန်သည် ထန်ရှုကဲ့သို့ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသားတစ်ယောက်သည် တရုတ်တိုင်းရင်း ဆေးရုံတစ်ခုမှ သမားတစ်ယောက်ဖြစ်လိမ့်မည်ဟု တစ်ခါမျှပင် စိတ်ကူးမကြည့်ခဲ့ဖူးချေ။
“ငါ သိပြီ သူဋ္ဌေး။”
ထန်ရှု၏လုပ်ရပ်များအား နက်နက်ရှိုင်းရှိုင်း ဆန်းစစ်သုံးသပ်ပြီးနောက် သူမ၏သူဋ္ဌေးမှာ လူကောင်းတစ်ယောက်ဖြစ်သည်ဟု နောက်ဆုံးတွင် ချီနန် ကောက်ချက်ချလိုက်သည်။
“မင်း နားလည်သွားတာ ကောင်းတယ်။” ထန်ရှုက ခေါင်းညိတ်ကာ ပြောသည်။
“ငါတို့က အနာဂတ်မှာ အလွန်စွမ်းအား ကြီးလာလိမ့်မယ်။ အဲ့ဒါက ရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် သာမန်လူတွေကို ပုရွက်ဆိတ်တွေလိုမျိုး ဘယ်တော့မှ သဘောမထားရဘူး။ အမှန်တကယ်ဆိုရင် သိုင်းပညာနယ်မြေတွေမှာတောင် လေးစားစရာကောင်းတဲ့၊ မြင့်မြတ်တဲ့ အစစ်အမှန်သိုင်းပညာရှင်တွေဆိုတာ သူတို့ရဲ့သိုင်းပညာကို ကျင့်ကြံလေ့ကျင့်ရုံတင်မကဘူး ကိုယ့်ရဲ့အကောင်းအဆိုးပိုင်းခြားသိတဲ့စိတ်ကိုလည်း နှိုးဆွပေးရတယ်။ အဲ့ဒါကို အကောင်းဆုံး ဖော်ပြရမယ်ဆိုရင် သိုင်းပညာအထူး ကောင်းမြတ်တဲ့အကျင့် (ဝူသဲ)လို့ ခေါ်တယ်။
ဝူသဲဆိုတာ ဘာလဲလို့ မင်းမေးရင် ဝူဆိုတာက တိုက်ပွဲကို သက်ရောက်ကာကွယ်နိုင်တဲ့၊ စစ်ပွဲတွေနဲ့ ရန်လိုမှုတွေကို ရပ်တန့်နိုင်တဲ့ ခွန်အားနဲ့ ရဲစွမ်းသတ္တိ ဖြစ်သလို တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သန်မာစေတဲ့ အရင်းခံအကြောင်းတရားတွေလည်း ဖြစ်တယ်။ သဲဆိုတာက ကောင်းမြတ်တဲ့အကျင့် ဆိုလိုတာက တရားမျှတမှု ဖြောင့်မှန်မှုရဲ့ ပင်မအတွေးအခေါ်ယူဆချက်ဖြစ်တဲ့ ကောင်းတာလုပ်တာပေါ့။ လူတစ်ယောက်ရဲ့စကား၊ ပြုမူပုံနဲ့ အသွင်အပြင်အမူအရာတစ်ခုစီအတွက် ရိုးသားမှုနဲ့ ဖြောင့်မတ်မှုဆိုတာ ဒွန်တွဲတည်ရှိနေရမယ်။ အတိုချုပ်ရမယ်ဆိုရင် သိုင်းပညာအထူး ကောင်းမြတ်တဲ့အကျင့်ဆိုတာ သိုင်းပညာလေ့ကျင့်သူတွေက ကောင်းတာလုပ်ဖို့နဲ့ ရိုးသားဖြောင့်မတ်ဖို့အတွက် လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်ပဲ။”
“တရုတ်နိုင်ငံတော်ကြီးက နှစ်ပေါင်း၅ထောင်သမိုင်း ရှိပြီး သိုင်းပညာအမွေအနှစ်ကလည်း ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ခုပဲ။ သိုင်းပညာကျင့်သူတွေက မိမိတို့ရဲ့စိတ်ကို တည်ငြိမ်တဲ့စိတ်ဖြစ်အောင် လေ့ကျင့်ရမယ်။ အဲ့ဒါဆိုရင် မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ဖို့ ယုံကြည်ချက် ရှိလာရုံတင်မကဘူး။ ဆရာကြီးအဆင့်ထိတောင် ရောက်နိုင်တယ်။ ကျင့်စဉ်ကို မှန်မှန်နဲ့ အဆက်မပြတ် ပြုလုပ်လာရင် သာမန်လူတွေကို ဘောင်ခတ်ထားတဲ့အကန့်အသတ်ကို ချိုးဖျက်နိုင်လာမယ်။”
ထန်ရှုက ရှင်းပြပြီး တရိပ်ရိပ်သွားနေသောကား၏ ပြတင်းပေါက်မှတဆင့် အပြင်သို့ ငေးကြည့်ရင်း
“သက်ရှိတိုင်းက သူတို့ရဲ့ကွဲပြားတဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကြောင့် တူညီမှုတော့ ရှိမှာမဟုတ်ဘူး။ အားသာချက်ကို အသုံးပြုပေမယ့် အားနည်းချက်ကို မမြင်ရင် ငါတို့ကိုယ်တိုင် ဒုက္ခတွေကို သယ်ဆောင်လာသလိုဖြစ်မှာပဲ။ ကောင်းတာကို လုပ်ခြင်းဖြင့် လူတွေဟာ သူတို့ရဲ့ အကောင်းအဆိုးပိုင်းခြား သိမြင်တဲ့စိတ်ကို ထိန်းသိမ်းနိုင်မှာဖြစ်သလို သူတို့ရဲ့လမ်းကိုလည်း အကွာအဝေးတစ်ခုထိ လျှောက်လှမ်းနိုင်မှာဖြစ်တယ်။ ဒီလိုနဲ့ပဲ ကျင့်ကြံမှုခရီးလမ်းက ပြသနာအခက်အခဲတွေကို လျှော့ချနိုင်လိမ့်မယ်။”
ချီနန်က ပြောလိုက်သည်။
“ရှင်ပြောတာတွေက အလွန်ကျိုးကြောင်း ဆီလျော်ပါတယ် သူဋ္ဌေး။ မိတ်ဆွေသူငယ်ချင်းတွေ ရှိတာက ရန်သူအများကြီးရှိတာထက် ပိုကောင်းတယ်ဆိုတဲ့ စကားက နားလည်လွယ်တယ်။ ငါ ရှင်ပြောတာတွေကို စိတ်ထဲ စွဲနေအောင် မှတ်ထားပါ့မယ်။ ငါတို့ရဲ့ထာဝရခန်းမနဲ့ ငါ ဂရုစိုက်တဲ့လူတွေကို မထိခိုက်သရွေ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ငါ မသတ်တော့ပါဘူး။”
“မင်း နားလည်နိုင်တာ ကောင်းတယ်။” ထန်ရှုက ခေါင်းညိတ်သည်။
ချီနန်၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ဖြတ်သွားပြီး
“ဒါနဲ့ သူဋ္ဌေး…ဒီညရဲ့လောင်းကြေးငွေတွေကို တကယ် မယူချင်ဘူးလား။”
“မင်း နိုင်တာလေ။ ငါ နိုင်တာမှ မဟုတ်တာ။” ထန်ရှက ရယ်မောလိုက်ပြီး
“မင်း ငါ့ကို ပေးမယ်ဆိုရင် ငါက မင်းကို ပြန်ပေးမှာပဲ။ ထူးချွန်တဲ့ ငါ့လူတစ်ယောက်ကို လက်ဆောင်ပေးတယ်လို့ တွေးပါ။”
“သူဋ္ဌေးက သဘောအရမ်းကောင်းတယ်။ ရှင့်အတွက် အလုပ်လုပ်ပေးရတာ ငါ့အတွက် ကံကောင်းတာပဲ။” ချီနန်က နူးညံ့စွာပြုံးရင်း ပြောလိုက်သည်။
“မြှောက်တာ တော်ပြီ။ ကားမောင်းတာပဲ အာရုံစိုက်ပါ။” ထန်ရှုက အားပါးတရ ရယ်လိုက်ရင်း
“မင်း ပြန်ရောက်ရင် ထျန်းလီဆီ ဆက်သွယ်ပေးပါ။ သူ ကျင်းမန်ကျွန်းက ထွက်လာရင် ရှန်ဟိုင်းကို လာခဲ့ပေးပါလို့ ပြောပေး။”
“ငါ ဆက်သွယ်လိုက်ပါမယ်။”
ကြယ်ပြာအိမ်ရာဝင်း…
လုံခြုံရေးအစောင့်များသည် ဝင်ပေါက်တွင် သတိနှင့် စောင့်ကြပ်နေကြသည်။ အိမ်ရာဝင်းသို့ အဝင်အထွက်လုပ်သော ကားတိုင်းသည် ၄င်းတို့၏ဖြတ်သန်းသွားလာခွင့်ကတ်အား ဖြတ်ရသည်။ ကတ်မရှိသောသူများသည် စာရင်းအရင်သွင်းခြင်း ပြုလုပ်ရပေသည်။
ကျွီ…
အနက်ရောင် လန်ဘော်ဂနီကားသည် ပင်မဝင်ပေါက်တွင် ရပ်တန့်သွားသည်။
“ဟယ်လို… မင်းတို့မှာ ဖြတ်သန်းသွားလာခွင့်ကတ်မပါရင် ဝင်ဖို့အတွက် စာရင်းသွင်းဖို့လိုပါတယ်။”
လုံခြုံရေးအစောင့်တစ်ယောက်က အရိုအသေပေးကာ လေးစားစွာ ပြောလာသည်။ သည်လိုအထက်တန်းစား အိမ်ရာတွင် လုံခြုံရေးအစောင့်တစ်ယောက် ဖြစ်လာသော မည်သူမဆိုသည် သည်အိမ်ရာဝင်းထဲ၌ ချမ်းသာသော လူ့မလိုင်များသာ နေကြသည်ကို ကောင်းစွာ သိထားကြသည်။ အချို့သည် မီလီယံများစွာ တန်သော ပြိုင်ကားများဖြင့် အဝင်အထွက် လုပ်ကြသည်။
“ငါ့ကို ဖြတ်သန်းသွားလာခွင့်ကတ်တစ်ခု ပေးပါ။” ထန်ရှုက ကားတံခါး ဖွင့်ကာ ဆင်းလာရင်း ပြောလိုက်သည်။
လုံခြုံရေးအစောင့်သည် တစ်ခဏမျှ တွေဝေသွားသည်။ သူသည် ထန်ရှုအား မနေ့က မြင်ဖူးထားပြီး နံပါတ်၉အိမ်၏ ပိုင်ရှင်မှန်းလည်း သိထားသည်။ သို့သော် သူ မမျှော်လင့်ထားသည်မှာ ထန်ရှုသည် မနက်ခင်းက ကားမပါဘဲ ထွက်သွားပြီး ပြန်ရောက်လာသည့်အခါ မိန်းမလှလေးတစ်ဦးက လန်ဘော်ဂနီကားဖြင့် မောင်းပို့ခြင်းဖြစ်တော့သည်။
“ဟယ်လို မစ္စတာထန်…သည်ကားရဲ့လိုင်စင်ပြားကို မင်းရဲ့ ဖြတ်သန်းသွားလာခွင့်ကတ်အတွက် ထားချင်ပါသလား။”
ထန်ရှု အံ့အားသင့်သွားသည်။ သူက ခေါင်းခါပြပြီး
“ဒါ င့ါသူငယ်ချင်းရဲ့ကားပါ။ ငါ့ကားတွေက အိမ်ထဲမှာ။ ဒါပေမယ့် အဲ့ဒီကားတွေရဲ့လိုင်စင်ပြားတွေကို ငါ မမှတ်မိဘူး။”
လုံခြုံရေးအစောင့်၏မျက်နှာထက်တွင် ထူးဆန်းသော အကြည့်ဖြစ်ပေါ်လာပြီး
“မစ္စတာထန်…ငါတို့က ဖြတ်သန်းသွားလာခွင့်ကတ်အတွက် ကားလိုင်စင်ပြားကို စာရင်းသွင်းဖို့လိုပါတယ်။”
“အိုကေ..ဒီလို လုပ်ကြရအောင်။” ထန်ရှုက မချိပြုံး ပြုံးလိုက်ပြီး “ခင်ဗျား ငါနဲ့ လိုက်ပေးနိုင်မလား။ ငါ့ကားဂိုဒေါင်ထဲမှာ ကားအချို့ရှိပါတယ်။ သူတို့အတွက် ငါ့ကို ကူညီပြီး ကတ်တွေ လုပ်ပေးပါ။”
“ဒါ…ကောင်းပါပြီ။”
လုံခြုံရေးအစောင့်က လိုက်လျောသည်။ အခြားလုံခြုံရေးအစောင့်များနှင့် စကားပြောဆိုလိုက်ပြီးနောက် ထန်ရှုဘက်လှည့်ကာ
“မစ္စတာထန်… အမျိုးသမီးလေးကို စာရင်းအရင်သွင်းဖို့ ကျေးဇူးပြုပြီး ပြောပေးပါ။ ပြီးရင် မင်း ဆက်သွားနိုင်ပါပြီ။ ငါ လုံခြုံရေးကားနဲ့ နောက်က လိုက်ခဲ့မယ်။”
ထန်ရှုက ချီတုံချတုံဖြစ်သွားသည်။ သူက ချီနန်ဘက်သို့ လှည့်ကာ
“မင်း အခု ပြန်လို့ရပါပြီ။ ငါ လုံခြုံရေးကားနဲ့ တစ်ခါတည်း သွားလိုက်တော့မယ်။”
“ကောင်းပြီ။”
ချီနန် တုံ့ပြန်လိုက်ပြီး ထန်ရှု၏ စောင့်ကြည့်နေမှုအောက်တွင် သူမ၏ကားအား ပြန်လှည့်လိုက်သည်။ သူမသည် ဂငယ်ကွေ့ ကွေ့ပြီးနောက် အနီးရှိ လမ်းမဆီသို့ မောင်းနှင်သွားတော့သည်။
“ ခင်ဗျားကို ဒုက္ခ ထပ်ပေးသလို ဖြစ်နေပြီ။” ထန်ရှုက ရယ်မောလိုက်သည်။
“ခင်ဗျားလိုအပ်တဲ့ သတင်းအချက်အလက်အတွက် ငါ ပူးပေါင်းဆောင်ရွက်ပေးပါမယ်။”
“အိုကေ။”
လုံခြုံရေးအစောင့်မှာ ထန်ရှုအား အလွယ်တကူ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မထင်ထားမိသဖြင့် ထိုစကားကြားသည့်အခါ သူ၏အပြုံးမှာ ပိုမိုတောက်ပလာသည်။
ထန်ရှု၏နေအိမ်နံပါတ်၉သို့ ရောက်သောအခါ ထန်ရှုသည် တံခါးကတ်ဖြင့် တံခါးအား ဖွင့်လိုက်ပြီး လုံခြုံရေးအစောင့်အား ကားဂိုဒေါင်ဆီသို့ ခေါ်သွားခဲ့သည်။ လျှပ်စစ်တံခါး ဖြည်းညှင်းစွာ ပွင့်လာပြီး မီးအလင်းရောင်များ တောက်ပလာချိန်တွင် ကား၄စီးသည် လုံခြုံရေးအစောင့်၏အရှေ့တွင် ပေါ်လာခဲ့ပြီဖြစ်သည်။
ရှီး…
လုံခြုံရေးအစောင့်သည် ဗဟုသုတနှင့် ပြည့်စုံသောသူတစ်ယောက် ဖြစ်သည်။ သူသည် အိမ်ရာအတွင်းသို့ အဝင်အထွက် ပြုလုပ်ကြသော တန်ဖိုးကြီးကားများအား မကြာခဏဆိုသလိုပင် မြင်ဖူးပေသည်။ သို့သော် ကားဂိုဒေါင်ထဲမှ ကား၄စီးအား တွေ့လိုက်သောအခါ လေအေးများပင် ရှိုက်သွင်းလိုက်ရသည်။
အံ့သြတုန်လှုပ်စရာ…
သူ၏အိပ်မက်ရိုင်းများထဲတွင်ပင် ထန်ရှ၌ တန်ဖိုးကြီးကားများစွာ ရှိလိမ့်မည်ဟု ထည့်ပင်မမက်ဖူးချေ။ ကားဂိုဒေါင်ထဲတွင် ကား၄စီးမျှသာ ဆန့်သော်လည်း သည်အိမ်တွင် တန်ဖိုးကြီးကားများ အနည်းငယ်မျှသာ ရှိလိမ့်မည်ဟု မတွေးရဲချေ။
အော်ဒီ အေ၈ တစ်စီး၊ ဘီအမ်ဒဗလျူ ၇စီးရီး တစ်စီး၊ ဖာရီယာ စူပါကား တစ်စီးနှင့် ဘန့်တ်လေ ဘန်တေဂါကား တစ်စီး စုစုပေါင်း ၄စီး ရှိနေသည်။
ထိုကား၄စီး၏ တစ်စီးချင်းစီတန်ဖိုးသည် မီလီယံများစွာ တန်ကြေးရှိလှသည်။
လုံခြုံရေးအစောင့်သည် ထန်ရှုအား လှည့်ကြည့်လိုက်ပြီး အားကျသောအပြုံးဖြင့်
“မစ္စတာထန်…မင်းမှာ ကားအများကြီး ရှိရဲ့သားနဲ့ ဘာကြောင့် ပထမဆုံးအကြိမ်ကလည်း အငှားကားနဲ့လာပြီး မနက်ကျတော့လည်း ဒီအတိုင်းထွက်သွားရတာလဲ။”
“ငါက ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်လေ။ ကျောင်းကလည်း ဒီအနီးနားမှာပဲ ရှိတာ။ အဲ့ဒါကြောင့် ဒီကားတွေကို မောင်းရတာ ငါ့ကိုယ်ငါ အရမ်းပေါ်လွင် ထင်ရှားစေနေမယ်။”
ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
ကျောင်းသားတစ်ယောက်လား။
လုံခြုံရေးအစောင့်၏နှုတ်ခမ်းများ တုန်ရီသွားရပြီး အံ့သြရလွန်းသဖြင့် မည်သည့်စကားမျှပင် မတုံ့ပြန်နိုင်ချေ။
မိနစ်အနည်းငယ်ကြာပြီးနော် လုံခြုံရေးအစောင့်သည် ထန်ရှု၏နိုင်ငံသားကတ်နှင့် ကား၄စီး၏ လိုင်စင်ပြားနံပါတ်များအား စာရင်းသွင်းပြီးခဲ့ပြီ ဖြစ်သည်။
သို့သော် သူ မထွက်မီ သူ၏မျက်နှာထက်မှ အံ့သြတုန်လှုပ်မှုသည် ပျောက်ကွယ်မသွားသေးပါချေ။
ထန်ရှုသည် ကားဂိုဒေါင်တံခါးအား ခလုပ်နှိပ်ကာ ပိတ်လိုက်သည်။ ထို့နောက် သူသည် ဒုတိယထပ်သို့ တန်းတက်သွားကာ ရေမိုးချိုးအဝတ်စားလဲပြီး မုချင်းဖျင်အား ဖုန်းဆက်လိုက်သည်။
“ထန်ရှုလား။” မုချင်းဖျင်၏ရယ်သံသည် ဖုန်းထဲမှ ထွက်လာသည်။
“အစ်မကြီးမု အထုပ်အပိုး ထည့်ပြီးပြီလား။” ထန်ရှုက မေးသည်။ “နဂါးကိုးကောင်ကျွန်းကို ဘယ်တော့သွားမလဲ။”
“ငါ လိုအပ်တာမှန်သမျှ ထည့်ပြီးသွားပြီ။” မုချင်းဖျင်က အပြုံးဖြင့် ပြောနေသည်။ “ငါ မနက်စောစော ထွက်လိုက်မယ်။ ဟောင်ကောင်ကို ရင်ရင်နဲ့ သွားပြီး ဟောင်ကောင်ကနေ ဆိုင်ပန်ကို သွားလိုက်မယ်။”
“အဲ့လိုဆိုမှဖြင့် ကျွန်တော် ဖုန်းနံပါတ်တစ်ခု ပို့လိုက်မယ်။ လေယာဉ်မစီးခင် ဆက်သွယ်ပါ။ သူ့ကို အစ်မကြီးဆီ လာတွေ့ဖို့ ပြောပါ။ အစ်မကြီးကို လူအချို့ ဆိုင်ပန်မှာ လာရောက်ခေါ်ပြီး နဂါးကိုးကောင်ကျွန်းကို တစ်ခါတည်း ပို့ပေးလိမ့်မယ်။ လက်ရှိမှာ ကျွန်းက ပြန်လည်တည်ဆောက်ရေးလုပ်ငန်း လုပ်နေတယ်။ အစ်မကြီးဆီမှာ အဲ့ဒီကျွန်းကို စီမံခန့်ခွဲဖို့ လုပ်ပိုင်ခွင့်အပြည့် ရှိတယ်။”
“စိတ်ချပါ။ ငါ လုပ်ပါမယ်။”
မုချင်းဖျင်က အလေးအနက် ပြောလိုက်သည်။
“ဒါနဲ့ ကျွန်တော့်မိဘတွေ တောင်တံခါးမှာပဲလား။” ထန်ရှုက ပြုံးနေရင်း မေးလိုက်သည်။
“မရှိဘူး။” မုချင်းဖျင်က ဖြေသည်။ “သူတို့ ဒီမှာ ညစာလာစားကြတယ်။ ဒါပေမယ့် စားလို့မပြီးသေးခင်မှာပဲ အလျင်စလို ထွက်သွားကြတယ်။ ကြည့်ရတာ မတော်တဆမှု ဒါမှမဟုတ် တစ်ခုခု ဖြစ်လို့နဲ့တူတယ်။”
မတော်တဆ ဖြစ်တာလား။
ထန်ရှု မျက်နှာပျက်သွားသည်။ “အဲ့လိုဆို ကျွန်တော် သူတို့ဆီ အခြေအနေကို ဖုန်းဆက်မေးလိုက်မယ်။”
ပြောပြီးသည်နှင့် ထန်ရှု ဖုန်းချလိုက်ပြီး သူ့အမေ၏ဖုန်းအား ဆက်လိုက်သည်။
မိနစ်ဝက်ကြာပြီးနောက် မိခင်ဖြစ်သူ စုလင်းယွမ်နှင့် အဆက်အသွယ်ရပြီး
“ရှုအာ…ဒီလောက်နောက်ကျနေပြီ မနားသေးဘူးလား သား။”
“အမေ…အစ်မကြီး မုချင်းဖျင် ပြောလို့ အိမ်မှာ တစ်ခုခု ဖြစ်နေတယ်ဆို။ ဘာဖြစ်လို့လဲ။”
ထန်ရှုက မေးလိုက်သည်။
စုလင်းယွမ်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး အားယူပြုံးလိုက်ကာ
“ဒီကိစ္စကို သားအဖေနဲ့ စကားပြောလိုက်ပါ။ သားအဖေက အမေ့ထက် ပိုသိတယ်။”
“ဟယ်လို ရှုအာ…” ထန်ယွင်သဲ့၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“အဖေ…ဘာတွေ ဖြစ်ခဲ့တာလဲ။” ထန်ရှုက မေးသည်။
“တောင်ပိုင်းမှာရှိတဲ့ အဖေတို့ထန်မိသားစုရဲ့ စီးပွားရေးကို ရန်သူမိသားစုက တိုက်ခိုက်ခဲ့တယ်။ ဒီဖြစ်ရပ်က သက်ရောက်မှုအား အရမ်းကြီးလွန်းတော့ သားရဲ့အဘိုးလေး လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းလိုင်းက သူတို့ကြောင့် ဖြတ်တောက်ခံလိုက်ရတယ်။ အဖေတို့မိသားစုက လေ့ကျင့်ပေးထားတဲ့ လူ၃ယောက် ဒီပြသနာကြားထဲမှာ သေသွားရသလို ၁၀ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရထားကြတယ်။ အခု သားရဲ့ဦးလေးအကြီးက အဲ့ဒီကို အမြန်သွားနေတယ်။” ထန်ယွင်သဲ့ အားတင်းထားရသောအပြုံးဖြင့် ထန်ရှုအား ဖုန်းထဲမှ ရှင်းပြလိုက်သည်။
“အဖေနဲ့အမေက အခုဘယ်မှာလဲ။”
“အဖေတို့ ခုပဲ ပေကျင်းကို လေယာဉ်နဲ့ ရောက်တယ်။ ဒါပေမယ့် သားအဖိုးကို ခုထိ မတွေ့ရသေးဘူး။”
***