ထန်မိသားစုအပေါ် ကျရောက်လာသော ပြသနာများ
Vol. 07 Ch. 337
“ကျွန်တော့်ကို အသေးစိတ် ပြောပေးပါ။ ကျွန်တော် တစ်ခုခု လုပ်နိုင်မလားလို့။” ထန်ရှုက ပြောသည်။
“ရှုအာ…ထန်မိသားစုက လက်ရှိမှာ မတည်ငြိမ်ပေမယ့် အဖေတို့ ဒါကို ဖြေရှင်းနိုင်ပါသေးတယ်။ ရန်သူတွေက အဆုံးစွန်ထိ မတိုက်ခိုက်ရဲသေးတော့ အဖေတို့ ဆုံးရှုံးမှုအချို့ပဲ ခံစားရမှာပါ။ ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက်တော့ ပိုကြီးပါသေးတယ် သားရေ။ ထန်တွေကို သူတို့ရန်စချင်ရင် ကြီးမားတဲ့ဆုံးရှုံးမှုကို သူတို့ခံစားရလိမ့်မယ်။”
ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက် ပိုကြီးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
ထန်ရှု မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
“အဖေ…ဘာပြောချင်လဲဆိုတာ ကျွန်တော် သဘောမပေါက်သေးဘူး။ ကုလားအုတ်တစ်ကောင်က မြင်းတစ်ကောင်ထက် ကြီးပါသေးတယ်ဆိုတာ ဘာကို ပြောတာလဲ အဖေ။ ကျွန်တော် သိသလောက်ဆိုရင် ထန်တွေက ပေကျင်းရဲ့ အဓိကမိသားစုတစ်ခုအဖြစ် ရှိပါသေးတယ်။ နံပါတ်တစ်နေရာမဟုတ်တောင် ထိပ်ဆုံး၃နေရာထဲတော့ စဉ်းစားလို့ရတယ်မဟုတ်လား။
“လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဆိုရင်တော့ ထန်တွေက ထိပ်ပိုင်း၃နေရာမှာ ရှိတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် သားအဖိုးရဲ့အဆုတ်ရောဂါက အကြိမ်ရေစိတ် ခံစားလာရပြီး ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ ဖြစ်သွားတာပါ ထပ်ပေါင်းလိုက်ရင် ထန်မိသားစုက အားနည်းသွားရပြီ။ ပေကျင်းမှာ ပြသနာက ရှုပ်ထွေးနေတယ်။ အဖေတို့ ရဲ့ရန်သူတွေက သားအဖိုး ကျန်းမာရေး မကောင်းတာကို အခွင့်ကောင်းယူပြီး ထန်မိသားစုကို ခက်ခဲသည်ထက် ခက်ခဲအောင် ပြသနာအမျိုးမျိုးနဲ့ ဖိအားပေးနေကြလေရဲ့။ အခုဆို ထန်မိသားစုက ပေကျင်းရဲ့ အဓိကမိသားစုကြီး ၁၀ခုထဲမှာ ပါပေမယ့် ထိပ်ဆုံး၃နေရာနဲ့တော့ အလှမ်းဝေးသွားပြီလို့ ဆိုရမှာပဲ။”
“အဖေ ဆိုလိုတာက လက်ရှိမှာ ရန်သူတွေက အင်အားကြီးပြီး ကျွန်တော်တို့က အားနည်းနေတာပေါ့။” ထန်ရှုက မျက်မှောင်ကြုပ်ထားရင်း မေးလိုက်သည်။
“ဟုတ်တယ်။ အဲ့ဒီ အခြေအနေပဲ။” ထန်ယွင်သဲ့က အခံရခက်သောအပြုံးဖြင့် ပြန်ဖြေရင်း
“ငါတို့တွေ ဘေးကင်းလုံခြုံတုန်းက ငါတို့မိသားစုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် လက်ရှိမှာ ရန်လိုနေတဲ့ မိသားစုတစ်စုက အင်အားအလယ်အလတ်ရှိတဲ့အဖွဲ့ကနေ ရုတ်တရက် ထောက်ပံ့မှုတွေ ရသွားတော့ သူတို့ရဲ့အင်အားစုက များစွာ တိုးတက်သွားတာပေါ့။ ငါတို့ရဲ့ပစ္စည်းတွေအကုန်လုံး ဆုံးရှုံးသွားအောင် သူတို့မလုပ်ရဲပေမယ့် ပဋိပက္ခလေးတွေအများကြီး ဖြစ်ပွားအောင်လုပ်နေတာကိုတော့ အဲ့ဒီကောင်တွေ ရပ်မှာမဟုတ်ဘူး။”
“ဘယ်မိသားစုလဲ။” ထန်ရှုက မေးသည်။
“ယောင်မိသားစု။”
ထိုမိသားစုနာမည်အား ထန်ရှု မှတ်ထားလိုက်ပြီး
“အဖေ…ကျွန်တော် လောလောဆယ်တော့ မိသားစုကိစ္စမှာ ကိုယ်တိုင်မပါနိုင်သေးပေမယ့် မိသားစုက လိုအပ်လာရင်တော့ ကျွန်တော့်ကို ချက်ချင်း ပြောပါ။ ကျွန်တော်အသုံးပြုနိုင်တဲ့ အင်အား ဒါမှမဟုတ် ငွေကြေးက အဖေသိထားတာထက် ပိုများတယ်။”
“ဘာအင်အားလဲ။ အဖေ့ကို ပြောထားတာ အကုန်မဟုတ်ဘူးလား။”
ထန်ယွင်သဲ့ စိတ်ရှုပ်ထွေးသွားသည်။
“မမေးနဲ့ဦးအဖေ။ အတိုချုပ်အားဖြင့် ကျွန်တော်နဲ့ အဆက်အသွယ် မပြတ်စေနဲ့။ ပြသနာဖြစ်တာနဲ့ ကျွန်တော့်ဆီ ချက်ချင်း ဖုန်းဆက်ပါ။ အဖေ့ကို မေးရဦးမယ်။ ကျွန်တော်တို့ ထန်မိသားစုနဲ့ ယောင်မိသားစုက ဘယ်မြို့မှာ ပြသနာဖြစ်တာလဲ။”
“ကွမ်းယန်နဲ့ ဖူခန်းမြို့။”
“ဟုတ်ကဲ့ အဖေ။ ဒါပေမယ့် အဖေနဲ့ အမေက ကိုယ့်ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ဂရုစိုက်ရမယ်နော်။”
“စိတ်ချ သားရေ။”
ဖုန်းချပြီးသည်နှင့် ထန်ရှု၏မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရိပ်တစ်ချက် ဖြတ်သန်းသွားသည်။ ထန်များအပေါ်တွင် သံယောဇဉ်အနည်းငယ်မျှ ရှိသည်သာ ဖြစ်နိုင်သော်လည်း ထိုသူများသည် သူ၏သွေးရင်းများ ဖြစ်ကြသည်။ ထန်မိသားစုဝင်များ သူ့အပေါ် မည်မျှ ခံစားချက် ရှိကြသည်ကို သူ ကောင်းစွာ သိထားသောကြောင့် သူသည်ပင် ထိုသူများအား အသိအမှတ်ပြုကာ လက်ခံစပြုလာပြီဖြစ်သည်။ ရန်သူများ အမှန်တကယ် သန်မာနေပါက ထာဝရခန်းမ၏အင်အားကို အသုံးပြုရန် သူ နှောင့်နှေးနေမည်မဟုတ်ပေ။ ထို့ပြင် ထာဝရခန်းမ၏အင်အားကို သူ အသုံးပြုသောအခါ ပြစ်ဒဏ်စီရင်သည့် မြင်ကွင်းသည် သွေးလွှမ်းသည့် မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ညအိပ်ဝတ်စုံ ဝတ်ထားသော ထန်ရှုသည် အိပ်ရာထက်မှ ထကာ ဝိုင်ပုလင်းများထည့်ထားသော ဗီရိုဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ဗီရိုကို ဖွင့်ကာ ဝိုင်ပုလင်းတစ်လုံးအား ဆွဲထုတ်လိုက်သည်။ သူသည် ဝိုင်နီအား မကြိုက်သော်လည်း မမူးယစ်သောအရသာအား နှစ်သက်သည်။ ဖန်ခွက်ထဲသို့ ဝိုင်အား လောင်းထည့်လိုက်ပြီး ဝိုင်ခွက်အား သယ်ကာ ဝရန်တာဆီသို့ ထွက်လာခဲ့သည်။
အိမ်အပြင်ဘက်ရှိ သစ်ပင်များ၏ယိမ်းနွဲ့နေသော အရိပ်များအား ကြည့်ရင်း သက်ပြင်းချမိသည်။ သူ၏အင်အားသည် သေးငယ်ဆဲရှိသေးသည်။ နှစ်အနည်းငယ်သာ အချိန်ရပါက ယောင်မိသားစု မဆိုထားဘိ နိုင်ငံတဝှမ်းရှိ မိသားစုအားလုံးကို သူ့အနေဖြင့် ဆန့်ကျင်ပြိုင်ဆိုင်ရပါလျှင် သူ၏အနေအထားသည် ထိုမိသားစုများမှ နှိပ်ကွပ်ခြင်းငှာမစွမ်းသာသော နေရာတစ်ခုတွင် ရှိနေပေလိမ့်မည်။
အရည်အချင်းရှိသူများနှင့် ကျွမ်းကျင်သူများ…
ထိုအကြောင်းအရာအား နက်နက်နဲနဲ တွေးရင်း ထန်ရှု၏မျက်ဝန်းများထဲမှ အေးစက်သော အလင်းရိပ်တစ်ခု ဖြတ်သန်းသွားသည်။
အရည်အချင်းရှိသူအဖွဲ့တစ်ဖွဲ့အား မည်သည့်နေရာမှ သူ ရှာရပါမည်နည်း။ မိနစ်အနည်းငယ်ကြာသော် ဝိုင်အား မော့သောက်လိုက်ပြီးနောက် ချောမောပြေပြစ်သော ထန်ရှု၏မျက်နှာထက်တွင် မပီပြင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အင်မော်တယ်ကမ္ဘာသည် ကြီးမားသော ကမ္ဘာတစ်ခုဖြစ်သည်။ နှိုင်းယှဉ်ရမည်ဆိုပါက ကမ္ဘာမြေသည် ကမ္ဘာငယ်လေးသာ ဖြစ်သည်။ သို့သော် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ တူညီသော လက္ခဏာရှိပေသည်။
အင်မော်တယ်ကမ္ဘာတွင် ကြီးမားသော တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် တိုက်ပွဲများအား ဖြတ်သန်းကာ သာမန်ထက် သာလွန်သော ပိုင်နက်နယ်မြေအား အုပ်ချုပ်ပြီး လက်အောက်ခံငယ်သားများ ဖြည့်သွင်းထားရှိခဲ့သည်။ သူ၏ခွန်အားသည် ကြီးမြတ်သောအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် နယ်မြေစီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုများအား လက်အောက်ခံငယ်သားများအား တာဝန်များ ခွဲဝေပေးခဲ့သည်။ ပြောရမည်ဆိုပါက ထိုအရာနှင့် ပတ်သက်ပြီး သူကိုယ်တိုင် အတွေ့အကြုံရှိပြီးဖြစ်သည်။
ထို့ကြောင့် သူ၏စိတ်နှလုံးထဲတွင် အကျဉ်းထောင်များ နှင့် မှောင်ခိုဈေးများအား အာရုံစိုက်ထားပြီးဖြစ်သည်။ ထိုနေရာများတွင် စွမ်းဆောင်နိုင်ရည်ရှိသော တစ်ကိုယ်တော်သမားများစွာ ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။
သူ အင်မော်တယ်ကမ္ဘာတွင် ရှိစဥ်က သူ့အတွက် အထောက်အကူပြုရန်နှင့် သတင်းအချက်အလက်များ စုစည်းရန် နယ်မြေအနှံ့မှ အရည်အချင်းရှိသူများအား သူ လေ့ကျင့်ပေးခဲ့ပြီး နိုင်ငံများ၏အကျဉ်းထောင်ကြီးများမှ လူတစ်စုအား တိတ်တဆိတ်ရွေးချယ်သည်။
ထိုလူများသည် ရက်စက်ပြီး တစ်ယောက်ချင်းစီသည် ကိုယ်ပိုင်အရည်အချင်းရှိကြသူများ ဖြစ်သည်။ ထိုသူတို့တွင် ပြသနာရှာတတ်သော အကျင့်စရိုက်နှင့် စိတ်ပိုင်းဆိုင်ရာ ရှိသော်ငြား သူ၏လျှို့ဝှက်စွမ်းအားဖြင့် ထိုသူများ၏ သေခြင်းရှင်ခြင်းအား ထိန်းချုပ်ပဲ့ကိုင် ထားနိုင်ခဲ့သည်။
ထို့ကြောင့် အင်မော်တယ်ကမ္ဘာတွင် သူ၏ ထိုသတင်းကွန်ယက်အဖွဲ့အစည်းဖြင့် လွှမ်းမိုးထားနိုင်ခဲ့သည်။ သူ၏လေ့ကျင့်မှုအောက်တွင် ထိုအဖွဲ့ဝင်အများအပြားသည် လွှမ်းမိုးနိုင်သော တည်ရှိမှုများပင် ဖြစ်လာကြသည်။ ထိုသူများသည် အကြီးမြင့်ဆုံးအဆင့်ထိ မရောက်သော်လည်း ထိုသူများအနက် လူအချို့ပြသခဲ့သော အရည်အချင်း နှင့်ခွန်အားသည် အင်မော်တယ်ကမ္ဘာမှ သိုင်းပညာရှင်များအား ခြိမ်းခြောက်နိုင်ပေသည်။
အင်မော်တယ်ကမ္ဘာတွင် မှောင်ခိုဈေးများ ရှိသောကြောင့် ကမ္ဘာမြေတွင်လည်း ရှိလိမ့်မည်ဟု သူ ယုံသည်။ ကမ္ဘာမြေပေါ်မှ မှောင်ခိုဈေးများသည် လူကောင်းလူဆိုးများ ရောနှောရှိနေသော အင်မော်တယ်ကမ္ဘာရှိ ဈေးများကဲ့သို့ ရူးသွပ်မက်မောလောက်စရာမကောင်းသော်လည်း မြေအောက်မှောင်ခိုဈေးများ၏ တိုက်ပွဲကြိုးဝိုင်းများမှ သိုင်းပညာကောင်းမွန်သည့် စွမ်းဆောင်နိုင်စွမ်းရှိသော လူအချို့အား သူ ရွေးချယ်ခေါ်ယူနိုင်ပေမည်။
နာရီဝက်ကြာပြီးနောက် ထန်ရှုသည် စိတ်ပိုင်းဖြတ်လိုက်သော်လည်း ထိုအတွေးအား နောက်မှလုပ်ရန် တေးထားလိုက်သည်။ သူ့အနေဖြင့် ရှန်ဟိုင်းတက္ကသိုလ်တွင် စာရင်းသွင်းပြီးရုံသာ ရှိသေးသကဲ့သို့ ဂူယန်အာသည်လည်း အချိန်မရွေး နိုးထလာနိုင်ပေသည်။
ပေကျင်း…
ထန်မိသားစု၏ဘိုးဘေးအဆောက်အဦးထဲတွင် ထန်ကောရှန့်သည် မျက်မှောင်ကြီး ကြုပ်ကာ သူ၏လက်ထဲရှိ စာရွက်များအား ဖတ်နေသကဲ့သို့ ထန်ကောရှို့သည် သူနှင့် မျက်စောင်းထိုးနေရာတွင် ဒေါသမျက်နှာဖြင့် ထိုင်လျက်ရှိသည်။
“အဖေ…ယောင်မိသားစုက ကွမ်းယန်နဲ့ ဖူခန်းမှာရှိတဲ့ ကျွန်မတို့ ကြယ်စင်အလင်းအုပ်စု စီးပွားရေး လမ်းကြောင်းရဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေကို ဖြတ်တောက်လိုက်ပြီ။ ကျွန်မတို့ထန်မိသားစုနဲ့ ချိတ်ဆက်ထားတဲ့ ပိုင်မိသားစုကိုလည်း အလစ်ချောင်းပြီး တိုက်ခိုက်ထားတယ်။ ပိုင်မိသားစုခေါင်းဆောင် ပိုင်ယန်က စုံစမ်းမှုကို ရပ်ထားလိုက်တယ်။ ကျွန်မတို့ ချက်ချင်း ပြန်မတိုက်ရင် ပိုင်ယန် ဒီဟာကို ဆုပ်ကိုင်ထားနိုင်စွမ်းရှိမှာမဟုတ်ဘူး။”
ထို၂ယောက်အနားတွင် ရပ်နေသော ထန်မင်းက ဒေါသမီးတောက်လောင်စွာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရင်း ထန်ကောရှန့်က
“ယောင်မိသားစုက ကွမ်းယန်နဲ့ ဖူခန်းမှာ သူတို့ရဲ့လျှို့ဝှက်အကြံအစည်တွေကို တိတ်တဆိတ် ကြံစည်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကြားနေပုံစံကို ထိန်းသိမ်းထားတဲ့ မိသားစုကြီး၂ခုကလွဲပြီး ကျန်တဲ့အဓိကအင်အားစုတွေက ယောင်မိသားစုနဲ့ မကောင်းတာကို လျှို့ဝှက်ကြံစည်နေကြတယ်။ အဲ့ဒါကြောင့် အဲ့ဒီဒေသ၂ခုက အကြီးဆုံး မိသားစုကြီးတွေက ငါတို့ကို ကူညီဖို့ မရပ်တည်ရင် ဒီအခြေအနေက ငါ့တို့အတွက် ပြန်တိုက်ဖို့ဆိုတာ တော်တော် မလွယ်ကူတဲ့ကိစ္စပဲ။”
“ပွင့်ပွင့်လင်းလင်း လှုပ်ရှားရင် မေးခွန်းမေးစရာ မရှိပေမယ့် ကျွန်မတို့ တိတ်တဆိတ် အကြမ်းဖက်နည်းကို ပြန်သုံးလို့ရနိုင်တယ်။” ထန်မင်းက သုန်မှုန်စွာ ပြောလိုက်သည်။
“ကျွန်မ ဒီနှစ်တွေထဲမှာ လူအများအပြားကို လေ့ကျင့်ပေးခဲ့ပြီးပြီ။ တစ်ယောက်ချင်းစီက သူတို့ရဲ့ပုံရိပ်တွေနဲ့ ရုပ်သွင်တွေကို ပြောင်းလဲပြီးပြီ။ အဲ့ဒါကြောင့် သူတို့လှုပ်ရှားရင်တောင် ကျွန်မတို့ထန်မိသားစုနဲ့ ပတ်သက်နေတယ်ဆိုတာကို မသိနိုင်ဖို့ များတယ်။”
“ကွမ်းယန်နဲ့ ဖူခန်းမှာရှိတဲ့ ယောင်မိသားစုက ငတုံးတွေ မဟုတ်ဘူး သမီး။” ထန်ကောရှန့်က ခေါင်းယမ်းကာ တုံ့ပြန်လိုက်သည်။
“သူတို့မှာ တိုက်ရိုက်သက်သေပြစရာမရှိရင်တောင်မှ သူတို့ကို တိုက်ခိုက်တာ ငါတို့ထန်မိသားစုမှန်း မှန်ကန်စွာ ခန့်မှန်းနိုင်စွမ်းရှိသေးတယ်။ သူတို့ရဲ့သတင်းထောက်လှမ်းရေးကွန်ယက်ကို သုံးလိုက်တာနဲ့ သမီးနဲ့ သမီးရဲ့လူတွေကြားက ပတ်သက်မှုကို သိဖို့ဆိုတော့ သိပ်မခက်ဘူး။”
“ဟမ့်။ သူတို့ စုံစမ်းနိုင်တော့ရော ဘာဖြစ်လဲ။” ထန်မင်းက အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ကျွန်မတို့ ထန်မိသားစုက သူတို့လာရှုပ်ဖို့ မလွယ်ဘူးဆိုတာ သူတို့သိအောင်တော့ ပြရမယ်။ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးချင်နေတယ်ဆိုရင် ကျွန်မတို့ကလည်း သူတို့ကို အဖော်ပြု တိုက်ခိုက်ပေးကြတာပေါ့။”
ဘေးတွင် ရှိသည့် ထန်ကောရှို့သည် အတော်ဒေါသထွက်နေသော်လည်း သူသည် ခေါင်းအေးအေးထားကာ စဉ်းစားနိုင်သေးသည်။
“ထန်မင်း…ကိစ္စသေးလေးတွေမှာ သည်းခံနိုင်မှုနည်းတာက အစီအစဉ်အကြီးတွေကို ပျက်စီးသွားလိမ့်မယ်။ ငါတို့နဲ့ ယောင်မိသားစုက အခု သေသေကြေကြေ တိုက်ခိုက်ကြတော့မယ်ဆိုရင် ငါတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုကို ကိုင်ထားနိုင်လိမ့်မှာမဟုတ်ဘူး။ နောက်ပြီး အခြားမိသားစုတွေက ငါတို့ကို မျက်လုံးဒေါက်ထောက် ကြည့်နေကြတာ။ အဲ့ဒီအချိန်မှာ ယောင်မိသားစုက ငါတို့ထန်မိသားစုကို လုံးဝဖျက်ဆီးသုတ်သင်ဖို့ မလုပ်နိုင်ရင်တောင် အခြားမိသားစုတွေက ငါတို့ကို လုယက်ကြရင် ထန်မိသားစုက လုံးဝ ပြိုလဲသွားလိမ့်မယ်။”
“ဒါအမှန်ပဲ။ အခု ငါတို့လုပ်ရမှာက ငါတို့ကိုယ်ပိုင် အင်အားတွေကို တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုး တိုးတက်လာဖို့ သန်မာစေဖို့အတွက် လုပ်ရတော့မယ်။”
ထန်ကောရှန့် ခေါင်းညိတ်ရင်း ဆက်ပြောသည်။
“ငါ မကျန်းမမာ ဖြစ်ကတည်းက ကိစ္စအများကြီးကို စီမံဖို့ အချိန်မရှိခဲ့ဘူး။ ငါတို့ရန်သူတွေအားလုံးက ငါ အသက်ရှင်သန်ဖို့ အချိန်မရှိတော့ဘူးလို့ ယုံကြည်ထားကြပြီး ငါတို့ကို ဒုက္ခပေးဖို့ စိတ်အားထက်သန်နေကြတယ်။ ဒါပေမယ့် အခု ငါ့ရောဂါကို ကုသပြီးသွားပြီဆိုတော့ နောက်ထပ်ဆယ်စုနှစ်တစ်ခုစာလောက် ငါ ရှင်သန်နိုင်သေးတယ်။ ငါ့ရောဂါ ကုသပြီးသွားပြီဆိုတာကို ဘာကြောင့် ဖုံးကွယ်ထားခိုင်းတာလဲလို့ မင်းတို့ ထင်လဲ။ ငါတို့ထန်မိသားစုအတွက် ပိုပြီး ရပ်တည်နိုင်မယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ချင်တယ်။ ငါတို့ရဲ့လျှို့ဝှက်အစီအစဉ်က ပြီးခဲ့တဲ့လကတည်းက စနေပြီ။ ဒီအခြေအနေတွေအောက်က သည်လိုကြီးမားတဲ့ အရင်းအမြစ်တွေကို နေရာချပြီးတာနဲ့ ယောင်တွေကို ချေမှုန်းနိုင်ပြီဆိုတာ သေချာတယ်။”
“ဒါပေမယ့် အဲ့ဒီဒေသနှစ်ခုမှာရှိတဲ့ ယောင်မိသားစုရဲ့အင်အားက အရမ်းခိုင်မာလွန်းနေတယ်။”
ထန်မင်းက မချိပြုံး ပြုံးကာ ပြောသည်။
“ဒီလိုသာ ဆက်သွားနေရင် အဲ့ဒီဒေသမှာရှိတဲ့ ကျွန်မတို့ရဲ့အင်အားတွေက အပြီးတိုင် ဖယ်ရှားသွားလိမ့်မယ်။”
“ငါ ဒုတိယအစ်ကိုကို ဆက်သွယ်လိုက်မယ်။ ကျင်းမန်ကျွန်းမှာ သူ ပျော်ရွှင်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ သူ နည်းနည်း လူလုံးပြသင့်နေပြီ။ အဲ့ဒီဒေသ၂ခုမှာရှိတဲ့ ငါတို့ရဲ့အင်အားစုတွေကို လုံးဝဖယ်ရှားခံလိုက်ရရင်တောင်မှ ယောင်နဲ့ အဲ့ဒီမိသားစုလေးတွေကို ခံစားချက်မကောင်းအောင် လုပ်နိုင်ဖို့တော့ သေချာတယ်။”
ထန်ကောရှန့်က ပြောသည်။
“အဖေ ကျွန်မကို သွားစေချင်လား။”
ထန်မင်းက အမြန်မေးသည်။
“အခုချိန်တော့ မသွားနဲ့ဦး။”
ထန်ကောရှန့်က ခေါင်းယမ်းသည်။ “သမီးရဲ့အစ်ကိုကြီးဆုံးက အဲ့ဒီကို ကိုယ်တိုင်သွားနေတယ်။ သူ အဲ့ဒီမှာ အချိန်တစ်ခု ယူလိမ့်မယ်။ မိသားစုအခြေအနေကို ယွမ်သဲ့ကိုလည်း ငါ ပြောထားတယ်။ အတိတ်တုန်းက သူ့ဆီမှာ ဖုံးကွယ်ထားတဲ့ နယ်ရုပ်လေးတွေရှိနေတာကို ငါ မမျှော်လင့်ထားမိဘူး။ အခြေအနေ ဆိုးရွားလာရင် သူ့ရဲ့ဖုံးကွယ်ထားတဲ့ အင်အားစုတွေကို ငါတို့ သုံးလို့ရနိုင်တယ်။”
“ဒုတိယအစ်ကို ဟုတ်လား… သူက…” ထန်မင်း အံ့အားသင့်စွာဖြင့် အဖေဖြစ်သူ ထန်ကောရှန့်အား တွေဝေစွာ ကြည့်နေမိသည်။
“သမီး မသိထားသေးတဲ့ အကြောင်းအရာအချို့ပါ။ သမီးရဲ့ဒုတိယအစ်ကိုကြီးနဲ့ ဇနီးတောင် ပေကျင်းကို ရောက်နေပြီလားမသိဘူး။ သူတို့နဲ့တွေ့ရင် သမီး ရှင်းလင်းသွားလိမ့်မယ်။”
သူမ၏ဒုတိယအစ်ကို အတိတ်က သတိလစ် မေ့မျောသွားရသည့်အကြောင်းနှင့် ဖုံးကွယ်ထားသည့် လှုပ်ရှားမှုများအား လျှို့ဝှက်စွာ စီစဉ်ထားနိုင်သည့်အကြောင်းကို ထန်မင်း သိလိုလှပေသည်။
ဖုန်းမြည်သံ…
စားပွဲပေါ်မှ ထန်ကောရှန့်၏ဖုန်းသည် ရုတ်တရက် မြည်လာသည်။
ထန်ကောရှန့်၏မျက်ခုံးများ တွန့်သွားရကာ သူ၏ဖုန်းအား ကိုင်လိုက်ရင်း
“ဘာဖြစ်လို့လဲ။”
“အဖေ…ကွမ်းယန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ကြယ်စင်အလင်းအုပ်စုရုံးချုပ်ကို လူတစ်စုက မီးရှို့သွားတယ်။ မီးက ပြင်းလွန်းတော့ အထဲမှာ လုံခြုံရေးအစောင့်တော်တော်များများ ပိတ်မိနေကြတယ်။ အဲ့ဒီမှာရှိတဲ့ တာဝန်ခံက မီးသတ်ဋ္ဌာနကို အကြောင်းကြားထားပြီးဖြစ်ပေမယ့် မီးသတ်သမားတွေက ခုထိမလာကြသေးဘူး။ မီးလောင်နေတာကဖြင့် မိနစ်၂၀လောက်ရှိရော့မယ်။” ထန်ယွင်ဖန်းက ဒေါသသံဖြင့် အကြောင်းကြားလာခြင်း ဖြစ်သည်။
***